မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ပရဒိသုမှာ ပြန်တွေ့မယ်”

“ပရဒိသုမှာ ပြန်တွေ့မယ်”

“ခင်ဗျားဟာ ကျွန်တော်​နဲ့​အတူ ပရဒိသုမှာ ရှိ​လိမ့်မယ်။”—လု. ၂၃:၄၃

သီချင်း– ၁၄၅၊ ၁၃၉

၁၊ ၂။ ပရဒိသု​နဲ့​ပတ်သက်ပြီး ဘယ်လို အမျိုးမျိုး ယူဆ​ကြသလဲ။

တကယ်​စိတ်လှုပ်ရှားစရာ မြင်ကွင်း​ပါပဲ။ ကိုရီးယား​နိုင်ငံ၊ ဆိုးလ်​မြို့ အားကစားရုံ​ကြီး​မှာ အစည်းအဝေးကြီး​ပြီး​လို့ နိုင်ငံ​ခြား ကိုယ်စားလှယ်​တွေ ပြန်ထွက်​ခွာ​တဲ့အခါ ဒေသခံ​ ညီအစ်​ကို/မ​တွေ​က လက်ပြ​နှုတ်ဆက်​ရင်း “ပရဒိသုမှာ ပြန်တွေ့​မယ်” လို့ ပြော​ကြတယ်။ ဘယ်​ပရဒိသုကို ဆိုလို​တာလဲ။

“ပရဒိသု” ကို အဓိပ္ပာယ် အမျိုးမျိုး ဖွင့်​ကြတယ်။ တချို့က စိတ်ကူး​သက်သက်ပဲလို့ ဆိုကြတယ်။ တချို့ကတော့ ပျော်ရွှင်​ကျေနပ်မှု​ပေးတဲ့​အရာ မှန်သမျှဟာ ပရဒိသု​ပဲ​လို့ ဆိုကြတယ်။ တချို့က “ပရဒိသု” ဆိုတဲ့ စကားလုံးကို ကြားလိုက်​တာ​နဲ့ သစ်ပင်​ပန်း​မန်၊ တိရစ္ဆာန်တွေ ရှိနေတဲ့ သိပ်​လှတဲ့ ဥယျာဉ်​ကို မြင်ယောင်​မိတယ်​လို့ ဆိုကြတယ်။ ပရဒိသု​ဆိုတာ သင့်အတွက် ဘာကို ဆိုလိုသလဲ။ ပရဒိသုကို သင် မျှော်လင့်​နေ​သလား။

၃။ ကျမ်းစာရဲ့ ဘယ်​အပိုင်းမှာ ပရဒိသု​အကြောင်း ဦးဆုံး ဖော်ပြ​ထားသလဲ။

တစ်ချိန်က ရှိခဲ့တဲ့ ပရဒိသု​နဲ့ အနာဂတ်မှာ ရှိ​လာမယ့် ပရဒိသု​အကြောင်း ကျမ်းစာ​မှာ ပြော​ထားတယ်။ ကျမ်းစာရဲ့ အစပိုင်းမှာ​ကတည်းက ပရဒိသု​အကြောင်း ဖော်ပြ​ထားတယ်။ လက်တင်​ကနေ ဘာသာပြန်​ထားတဲ့ ကက်သလစ် ဒူးဝေး​ဘာသာပြန်ကျမ်းရဲ့ ကမ္ဘာဦး ၂:၈ မှာ “အစအဦးမှာ ဘုရားသခင်က သာယာတဲ့ ပရဒိသုကို စိုက်ပျိုး​ပြီး သူ​ဖန်ဆင်းတဲ့ အာဒံ​ကို အဲဒီမှာ နေရာချ​ပေးတယ်” လို့ ဖော်ပြ​ထားတယ်။ ဟီဘရူး​စကားမှာ ‘ဧဒင်ဥယျာဉ်’ လို့ ပြော​ထားတယ်။ ဧဒင်​ဆိုတာ ‘သာယာခြင်း’ လို့ အဓိပ္ပာယ်​ရှိတယ်။ တကယ်လည်း သာယာ​ပါတယ်။ အစားအစာ အလျှံပယ် ရှိတယ်။ ရှုခင်း​တွေ လှတယ်။ တိရစ္ဆာန်တွေနဲ့လည်း သင့်သင့်မြတ်မြတ်​ရှိကြတယ်။—က. ၁:၂၉-၃၁

၄။ ဧဒင်ဥယျာဉ်​ကို ပရဒိသု​လို့ ပြောတာ ဘာကြောင့် သင့်လျော်​ သလဲ။

“ဥယျာဉ်” ဆိုတဲ့ ဟီဘရူး​စကားလုံးကို ဂရိ​လို ပ​ရာ​ဒေ​စော့စ် (ပရဒိသု) လို့ ဘာသာပြန်​ထားတယ်။ စွယ်စုံကျမ်း တစ်အုပ်​မှာ ပရာဒေစော့စ်နဲ့​ပတ်သက်ပြီး ဒီလို​ပြောတယ်– “ဂရိ​လူတွေရဲ့ စိတ်ထဲ ပေါ်လာတဲ့ မြင်ကွင်းကတော့ ကျယ်ဝန်း​ပြီး ဘေးအန္တရာယ် မရှိတဲ့ ပန်းခြံ​ဖြစ်တယ်။ သဘာဝ​အလှ မပျက်စီး​သေး​ဘူး။ ထူထပ်​တဲ့ သစ်တော​တွေ ရှိတယ်။ ကြည်လင်​တဲ့ စမ်း​ချောင်း​တွေ​ကနေ ရေ​ရလို့ အပင်​တွေ သီးပွင့်​ဖြစ်ထွန်းတယ်။ စမ်း​ချောင်း​တွေ​ဘေးမှာ သမင်​အုပ်၊ သိုးအုပ်​တွေ ကျက်စား​နေတယ်။” ဒီ​ဖော်ပြချက်​က ဧဒင်​ဥယျာဉ်ဟာ ပရဒိသု ဖြစ်ကြောင်း သိမြင်​စေတယ်။—ကမ္ဘာဦး ၂:၁၅၊ ၁၆ နဲ့ နှိုင်းယှဉ်ပါ။

၅၊ ၆။ ပရဒိသု ဘယ်လို ဆုံးရှုံး​ခဲ့သလဲ။ ဘယ်​မေးခွန်းတွေ​ ပေါ်​လာ​သလဲ။

ဘုရားသခင်က အာဒံနဲ့ ဧဝကို အဲဒီလို​ပရဒိသုမှာ ထားပေမဲ့ ကြာကြာ​မနေ​လိုက်ရ​ဘူး။ ဘာကြောင့်လဲ။ ဘု​ရား​သခင်ကို မနာခံ​ကြလို့ပဲ။ ဒါကြောင့် သူတို့နဲ့ သားမြေး​တွေ ပရဒိသုမှာ နေထိုင်ခွင့် ဆုံးရှုံး​ခဲ့​ရတယ်။ (က. ၃:၂၃၊ ၂၄) လူ​မနေ​တော့​တဲ့ အဲဒီ​ဥယျာဉ်ဟာ နောဧ​ခေတ် ရေလွှမ်းမိုး​ဘေး​အထိ ရှိခဲ့​ပုံ​ရတယ်။

‘မြေကြီး ပရဒိသုမှာ လူတွေ နေထိုင်ခွင့်​ရ​ပါဦးမလား’ လို့ တချို့ တွေးမိ​နိုင်တယ်။ အထောက်အထား​တွေ​က ဘာဖော်ပြ​နေသလဲ။ ပရဒိသုမှာ ချစ်ရ​သူတွေနဲ့​အတူ နေထိုင်ဖို့ မျှော်လင့်တယ်​ဆိုရင် ခိုင်လုံတဲ့ အကြောင်းရင်း ရှိသလား။ ပရဒိသု​ဖြစ်လာမှာ သေချာ​ကြောင်း သင် ရှင်းပြ​နိုင်သလား။

ပရဒိသု​ဖြစ်​လာမယ့် အထောက်အထား​များ

၇၊ ၈။ (က) အာဗြဟံ​ကို ဘုရားသခင် ဘာက​တိ​ပေး​သလဲ။ (ခ) ဘုရား​ကတိ​က အာဗြဟံ​ကို ဘာ​အကြောင်း စဉ်းစားမိ​စေနိုင်သလဲ။

မူလ​ပရဒိသုကို ဖန်ဆင်းတဲ့​အရှင်ရဲ့ လမ်းညွှန်မှုနဲ့ ရေးထားတဲ့ စာအုပ်မှာ အဖြေရှာ​တွေ့နိုင်တယ်။ မိတ်ဆွေ အာဗြဟံ​ကို ဘုရားသခင် ဘာ​ပြောခဲ့​ကြောင်း စဉ်းစားကြည့်ပါ။ အာဗြဟံရဲ့ မျိုးနွယ်​ကို “ပင်လယ်​သဲ​ပွင့်​တွေ​လို တိုးပွား​များပြား​စေမယ်” လို့ ပြောတယ်။ “ငါ့​စကားကို မင်း​နားထောင်တဲ့​အတွက် ကမ္ဘာပေါ်မှာ​ရှိတဲ့ လူမျိုး​အားလုံးဟာ မင်းရဲ့​မျိုးနွယ်​ကြောင့် ကောင်းချီး​ရလိမ့်မယ်” လို့​လည်း ကတိ​ပေးတယ်။ (က. ၂၂:၁၇၊ ၁၈) အာဗြဟံရဲ့ သားနဲ့ မြေး​ကိုလည်း အဲဒီ​ကတိ ထပ်​ပေးခဲ့တယ်။ကမ္ဘာဦး ၂၆:၄။ ၂၈:၁၄ ကိုဖတ်ပါ။

နောက်ဆုံး​ဆုလာဘ်​ကို ကောင်းကင် ပရဒိသုမှာ လူသား​တွေ ရမယ်လို့ အာဗြဟံ ယူဆခဲ့တယ်​ဆိုတဲ့ အထောက်အထား ကျမ်းစာမှာ မရှိဘူး။ “ကမ္ဘာပေါ်မှာ​ရှိတဲ့ လူမျိုး​အားလုံး” ကောင်းချီး​ရမယ်လို့ ဘုရား​ပြောတဲ့အခါ မြေကြီး​ပေါ်မှာ​ရမယ့် ကောင်းချီးတွေကို အာဗြဟံ စဉ်းစားခဲ့​မှာ​ပဲ။ ဘုရားပေး​ကတိ ဖြစ်လို့ “ကမ္ဘာပေါ်မှာ​ရှိတဲ့ လူမျိုး​အားလုံး” အတွက် အခြေအနေ ပို​ကောင်း​လာ​မှာ ဖြစ်တယ်။ မြေကြီး​ပေါ်မှာ ပရဒိသု​ဖြစ်လာမယ်​ဆိုတဲ့ ကျမ်းစာ​အထောက်အထား​က ဒီ​တစ်ခုပဲလား။

၉၊ ၁၀။ အနာဂတ်​ကောင်းချီးတွေကို မျှော်လင့်​ဖို့ နောက်ပိုင်း ဘယ်က​တိ​တွေကို ပေးခဲ့သလဲ။

အာဗြဟံရဲ့ သားမြေး​တစ်ဦး​ဖြစ်တဲ့ ဒါဝိဒ်​က “လူ​ယုတ်မာ​တွေ၊” “အပြစ်​လုပ်​သူတွေ” မရှိတော့မယ့် အနာဂတ်​အကြောင်း ပြောခဲ့တယ်။ အဲဒီအချိန်မှာ “လူဆိုးတွေ လုံးဝ ရှိတော့မှာ မဟုတ်ဘူး။” (ဆာ. ၃၇:၁၊ ၂၊ ၁၀) “စိတ်နူးညံ့​သူတွေကတော့ ကမ္ဘာမြေကို ပိုင်ဆိုင်​ရလိမ့်မယ်။ များပြား​လှတဲ့ ငြိမ်သက်ခြင်း​ကြောင့် ပျော်ရွှင်​ကြည်နူး​ရလိမ့်မယ်။” “ဖြောင့်မတ်​သူတွေဟာ ကမ္ဘာမြေကို ပိုင်ဆိုင်​ပြီး ထာဝစဉ် နေထိုင်​ရလိမ့်မယ်” လို့​လည်း ဒါဝိဒ် ကြို​ပြောတယ်။ (ဆာ. ၃၇:၁၁၊ ၂၉။ ၂ ရှ. ၂၃:၂) အဲဒီ​ကတိ​တွေ​က ဘုရားအလိုတော် ထမ်းဆောင်​ချင်​သူတွေ​အပေါ် ဘယ်လို အကျိုး​သက်ရောက်​သလဲ။ ကမ္ဘာပေါ်မှာ ဖြောင့်မတ်သူတွေ​ပဲ ရှိတဲ့​အခါ တဖြည်းဖြည်း ဧဒင်ဥယျာဉ်​လို ပရဒိသု ဖြစ်လာမယ်လို့ မျှော်လင့်​စရာ​အကြောင်း ရှိပါတယ်။

၁၀ ယေဟောဝါကို ဝတ်ပြုပါတယ်လို့ ပြောတဲ့ အစ္စရေး​အများစုက ဘုရားသခင်နဲ့ စစ်မှန်တဲ့ ဝတ်ပြုရေး​ကို ကျောခိုင်း​ခဲ့​ကြတယ်။ ဒါကြောင့် မိမိ​လူမျိုးကို တိုက်ခိုက်​ပြီး သုံ့ပန်း​အဖြစ် ခေါ်သွားဖို့၊ ပြည်​ကို ဖျက်ဆီးဖို့ ဗာဗုလုန်တွေကို ဘုရား ခွင့်ပြုခဲ့တယ်။ (၂ ရာ. ၃၆:၁၅-၂၁။ ယေ. ၄:၂၂-၂၇) ဒါပေမဲ့ နှစ်ပေါင်း ၇၀ ကြာပြီးနောက် သူတို့ ပြည်တော်​ပြန်လာမယ်လို့ ဘုရားသခင့် ပရောဖက်​တွေ ကြို​ဟောတယ်။ အဲဒီ​ပရောဖက်ပြုချက်​တွေ ပြည့်စုံခဲ့​တယ်။ အဲဒါတွေက ကျွန်တော်တို့​အတွက်လည်း အဓိပ္ပာယ်​ရှိပါတယ်။ ပရောဖက်ပြုချက်​တချို့ကို သုံးသပ်​ရင်း ရောက်လာတော့မယ့် မြေကြီး​ပရဒိသုကို အာရုံစိုက်​ကြပါစို့။

၁၁။ ဟေရှာယ ၁၁:၆-၉ ဘယ်လို ပြည့်စုံခဲ့​သလဲ။ ဘယ်​မေးခွန်း ပေါ်လာ​သလဲ။

၁၁ ဟေရှာယ ၁၁:၆-၉ ကိုဖတ်ပါ။ မိမိ​လူမျိုး ပြည်တော်​ပြန်လာပြီး​နောက် ကြမ်းတမ်းတဲ့ ဘေးဆိုးတွေ ကြုံ​မှာ၊ တိရစ္ဆာန်တွေ၊ သားရဲ​လို လူတွေ တိုက်ခိုက်​မှာ ကြောက်ဖို့ မလိုဘူးလို့ ဟေရှာယ​က​တစ်ဆင့် ဘုရားသခင် ကြို​ဟောတယ်။ လူကြီးလူငယ်​အားလုံး ဘေးကင်းလုံခြုံ​ပါလိမ့်မယ်။ ဒါက ဧဒင်​ဥယျာဉ်မှာ ဘုရား​ပြင်ဆင်​ပေးတဲ့ အခြေအနေကို ပြန်​အမှတ်ရ​စေတယ် မဟုတ်လား။ (ဟေရှာ. ၅၁:၃) ဟေရှာယ​ရဲ့ အဲဒီ​ပရောဖက်ပြုချက်မှာ အစ္စရေး တစ်နိုင်ငံ​တည်း မဟုတ်ဘဲ ကမ္ဘာမြေ​တစ်ခုလုံး “ယေဟောဝါကို​ သိကျွမ်းခြင်းနဲ့ ပြည့်နေ” မယ်လို့လည်း ကြို​ဟောတယ်။ ဘယ်​အချိန်မှာ ဖြစ်လာမလဲ။

၁၂။ (က) ဗာဗုလုန် သုံ့ပန်း​ဘဝကနေ ပြန်လာ​သူတွေ ဘယ်​ကောင်းချီးတွေ ရရှိခဲ့သလဲ။ (ခ) ဟေရှာယ ၃၅:၅-၁၀ ပြည့်စုံဖို့ ရှိသေးတယ်​ဆိုတာ ဘာက ဖော်ပြသလဲ။

၁၂ ဟေရှာယ ၃၅:၅-၁၀ ကိုဖတ်ပါ။ ပြည်တော်ပြန်​တွေဟာ တိရစ္ဆာန်တွေ၊ လူတွေကို ကြောက်စရာ လို​မှာ​မဟုတ်​ကြောင်း ဟေရှာယ ထပ်​အလေးပေး ပြောခဲ့တယ်။ ပြည်ဟာ သီးနှံ​တွေ အလျှံပယ်​ဖြစ်ထွန်း​မယ်။ ဧဒင်ဥယျာဉ်​လို ရေ​ပေါများ​မယ်။ (က. ၂:၁၀-၁၄။ ယေ. ၃၁:၁၂) အဲဒီ​ပရောဖက်ပြုချက်​က အစ္စရေး​ခေတ်မှာ​ပဲ ပြည့်စုံတာလား။ ပြည်တော်ပြန်​တွေ အံ့ဖွယ်​နည်းနဲ့ ကုသခံရတယ်​ဆိုတဲ့ အထောက်အထား မရှိဘူး။ ဥပမာ၊ မျက်စိ​မမြင်​သူတွေ ပြန်မြင်​လာတာ​မျိုး မရှိခဲ့ဘူး။ ဒါကြောင့် ပကတိ​ကုသမှု ရှိဦးမယ်​ဆိုတာ ဖော်ပြတယ်။

၁၃၊ ၁၄။ ဟေရှာယ ၆၅:၂၁-၂၃ ပြည့်စုံမှု​ကို သုံ့ပန်း​တွေ ဘယ်လို မြင်ခဲ့​ရသလဲ။ ပရောဖက်ပြုချက်ရဲ့ ဘယ်​အပိုင်း ပြည့်စုံဖို့ ကျန်​သေး​သလဲ။ (ဆောင်းပါး​အစမှာ​ပါတဲ့ ပုံကို ကြည့်ပါ။)

၁၃ ဟေရှာယ ၆၅:၂၁-၂၃ ကိုဖတ်ပါ။ ဂျူးတွေဟာ ဇိမ်ခံအိမ်​တွေ၊ ထွန်ယက်​စိုက်ပျိုး​ပြီးသား လယ်​တွေ၊ စပျစ်ခြံ​တွေ အဆင်သင့်​ရှိနေတဲ့​ပြည်​ကို ပြန်လာတာ မဟုတ်ဘူး။ ဒါပေမဲ့ ဘုရား ကောင်းချီး​ပေးတဲ့​အခါ အဲဒီလို ပြောင်းလဲ​လာပါလိမ့်မယ်။ အိမ်တွေ ဆောက်​ပြီး ကိုယ်တိုင် နေရတဲ့​အခါ၊ ကောက်ပဲသီးနှံ​တွေ စိုက်​ပြီး စားသုံး​ရတဲ့အခါ ဘယ်လောက်​ ပျော်လိုက်မလဲ။

၁၄ ပရောဖက်ပြုချက်ရဲ့ အသေးစိတ်​အချက်တွေကို သတိပြုပါ။ ကျွန်တော်တို့ရဲ့ သက်တမ်းဟာ “သစ်ပင်ရဲ့ သက်တမ်း​လို ဖြစ်” မယ့်​အချိန် ရောက်လာ​မလား။ သစ်ပင်​တချို့ဟာ နှစ်ထောင်ပေါင်း​များစွာ ရှင်သန်​ကြတယ်။ လူတွေ အဲဒီလောက် အသက်ရှည်​ဖို့ ကျန်းမာ​ရမယ်။ ဟေရှာယ​ ကြိုဟောတဲ့ အခြေအနေတွေမှာ အသက်ရှင်​နိုင်မယ်​ဆိုရင် သိပ်​ကောင်းမှာ​ပဲ။ အဲဒီ​ပရောဖက်ပြုချက်​ ပြည့်စုံ​လာပါလိမ့်မယ်။

ပရဒိသုနဲ့ပတ်သက်ပြီး ယေရှုပေးခဲ့တဲ့ ကတိ ဘယ်လို ပြည့်စုံလာမလဲ (အပိုဒ် ၁၅၊ ၁၆ မှာကြည့်ပါ)

၁၅။ ဟေရှာယ ပရောဖက်ပြုချက်​တွေ​မှာပါတဲ့ ကောင်းချီး​တချို့ကို အကျဉ်းချုပ်​ဖော်ပြပါ။

၁၅ ဆွေးနွေးခဲ့​တဲ့ ကတိ​တွေ​က အနာဂတ် ပရဒိသု​နဲ့​​ပတ်သက်ပြီး ဘာ​ဖော်ပြသလဲ။ တစ်​ကမ္ဘာလုံး​မှာ​ရှိတဲ့ လူတွေကို ဘုရားသခင် ကောင်းချီး​ပေးမယ်။ တိရစ္ဆာန်တွေ၊ သားရဲ​လို လူတွေရဲ့ အန္တရာယ်ကို ကြောက်စရာ မလို​တော့​ဘူး။ မျက်စိ​မမြင်​သူ၊ နားမကြားသူ၊ ခြေဆွံ့​သူတွေ ပြန်ကောင်း​လာမယ်။ ကိုယ့်​အိမ် ကိုယ်​ဆောက်​ပြီး အာဟာရ​ရှိတဲ့ အစားအစာ​တွေ စားသုံး​ရမယ်။ သစ်ပင်​တွေ​ထက် အသက်ရှည်​ကြမယ်။ အနာဂတ်မှာ အဲဒီလို ဖြစ်လာမယ်လို့ ကျမ်းစာမှာ ဖော်ပြ​ထားတယ်။ အဲဒီ​ပရောဖက်ပြုချက်​တွေ​က မြေကြီး​ပရဒိသုကို ဆိုလိုတာ မဟုတ်ဘူးလို့ တချို့​ပြောကြမယ်။ သင် ဘယ်လို ပြန်​ဖြေမလဲ။ မြေကြီးပေါ် ပရဒိသု တကယ်​ဖြစ်လာမယ်လို့ စောင့်မျှော်​ဖို့ ခိုင်လုံတဲ့ အကြောင်းရင်း ရှိသလား။ အသက်​ရှင်ခဲ့သမျှမှာ အကြီးမြတ်ဆုံး​ လူသားက ခိုင်လုံတဲ့ အကြောင်းရင်းကို ပေးခဲ့တယ်။

ပရဒိသုမှာ ရှိ​လိမ့်မယ်

၁၆၊ ၁၇။ ဘယ်​အခြေအနေ​မှာ ပရဒိသု​အကြောင်း ယေရှု ပြော​နေတာလဲ။

၁၆ ယေရှုဟာ အပြစ်ကင်း​သူ​ဖြစ်ပေမဲ့ ဂျူးလူမျိုး ရာဇဝတ်သား နှစ်ယောက်ရဲ့ အလယ်မှာ သစ်တိုင်တင် အသတ်​ခံခဲ့ရတယ်။ မသေဆုံးခင်​မှာ ရာဇဝတ်သား​တစ်ယောက်က ယေရှုကို ဘုရင်အဖြစ် အသိအမှတ်ပြု​ပြီး “သခင်​ယေရှု၊ ဘုရင်​ဖြစ်တဲ့အခါ ကျွန်တော့်ကို သတိရပါ” လို့ တောင်းဆိုတယ်။ (လု. ၂၃:၃၉-၄၂) သင့်​အနာဂတ်ဟာ လုကာ ၂၃:၄၃ မှာ ပါတဲ့ ယေရှုရဲ့ အဖြေနဲ့ ပတ်သက်​နေတယ်။ အဲဒီ​ကျမ်းချက်ကို ခေတ်​သစ် ကျမ်းပညာရှင်​တချို့က “ကျွန်တော် မှန်တာကို ပြောမယ်။ ဒီနေ့မှာ ခင်ဗျားဟာ ကျွန်တော်​နဲ့​အတူ ပရဒိသုမှာ ရှိ​လိမ့်မယ်” လို့ တိုက်ရိုက် ပြန်ဆို​ကြတယ်။ ယေရှု ပြောတဲ့ “ဒီနေ့” ဆိုတဲ့ စကားက ဘာကို ဆိုလို​တာလဲ။ အမြင်​အမျိုးမျိုး ရှိကြတယ်။

၁၇ ခေတ်​သစ် ဘာသာစကား​များစွာမှာ ဝါကျ အဓိပ္ပာယ် ရှင်းလင်း​အောင် ပုဒ်ဖြတ်​ပုဒ်​ရပ် သင်္ကေတ​တွေ သုံး​ကြတယ်။ မူရင်း ဂရိ​လက်ရေး​စာမူတွေမှာ​တော့ ပုဒ်ဖြတ်​ပုဒ်​ရပ် သင်္ကေတ​တွေ မ​သုံး​ဘူး။ ဒါဆို ယေရှုရဲ့​စကားက “ကျွန်တော် ပြောမယ်။ ဒီနေ့မှာ ခင်ဗျားဟာ ကျွန်တော်​နဲ့​အတူ ပရဒိသုမှာ ရှိ​လိမ့်မယ်” လို့ ဆိုလိုတာလား။ ဒါမှမဟုတ် “ဒီနေ့ ကျွန်တော် ပြောမယ်။ ခင်ဗျားဟာ ကျွန်တော်​နဲ့​အတူ ပရဒိသုမှာ ရှိ​လိမ့်မယ်” လို့ ဆိုလိုတာလား။ ဘာသာပြန်​တွေ​က ပုဒ်ဖြတ်​ပုဒ်​ရပ် သင်္ကေတ​တွေကို ကိုယ်​ထင်သလို သုံးပြီး ဘာသာ​ပြန်ဆို​ကြတယ်။ အဲဒီလို ပြန်ဆို​ထားတာကို ခေတ်သုံး​ကျမ်းတွေမှာ တွေ့နိုင်တယ်။

၁၈၊ ၁၉။ ယေရှု ဆိုလိုတာ​ကို နားလည်ဖို့ ဘယ်အချက်တွေ​က ကူညီပေး​သလဲ။

၁၈ ဒါပေမဲ့ ‘လူသားက မြေကြီး​ထဲမှာ သုံးရက်​နေရ​လိမ့်မယ်’ လို့ နောက်လိုက်​တွေကို ယေရှု ပြောခဲ့ဖူး​တယ်။ “လူသားကို သစ္စာဖောက်​ပြီး လူတွေ​လက်ထဲ အပ်​ကြ​လိမ့်မယ်။ အသေသတ်​ကြ​လိမ့်မယ်။ သုံးရက်​မြောက်​နေ့မှာ အသက်ပြန်ရှင်​လာမယ်” လို့​လည်း ပြောခဲ့တယ်။ (မ. ၁၂:၄၀။ ၁၆:၂၁။ ၁၇:၂၂၊ ၂၃။ မာ. ၁၀:၃၄) အဲဒီအတိုင်း ဖြစ်ခဲ့တယ်​လို့ တမန်တော် ပေတရု ပြောတယ်။ (တ. ၁၀:၃၉၊ ၄၀) ဒါကြောင့် ယေရှုဟာ ရာဇဝတ်သား​နဲ့​အတူ သေဆုံး​တဲ့​နေ့မှာ ဘယ်​ပရဒိသုကို​မှ မ​ရောက်​သွား​ဘူး။ ဘုရားသခင် ထမြောက်​ပေးမယ့်​အချိန်အထိ “သင်္ချိုင်း​မှာ” နေခဲ့​ရတယ်။—တ. ၂:၃၁၊ ၃၂ *

၁၉ ဒါကြောင့် ရာဇဝတ်သား​ကို ယေရှု ကတိ​ပေးတဲ့​အခါ “ဒီနေ့ ကျွန်တော် မှန်တာကို​ပြောမယ်” လို့ အစပြု​တာ​ဖြစ်တယ်။ မောရှေ​ခေတ်​တုန်း​က​လည်း အဲဒီလို သုံးနှုန်း​လေ့​ရှိတယ်။ “ခင်ဗျားတို့​သာ ယေဟောဝါ​ဘုရားကို မေ့လျော့​ပြီး တခြား​ဘုရားတွေ​နောက် လိုက်မယ်၊ ဦးချ​ဝတ်ပြုမယ်​ဆိုရင် ကျိန်းသေ ပျက်စီး​ရမယ်ဆိုတာ ကျွန်တော် ဒီနေ့ သတိ​ပေးတယ်” လို့ မောရှေ ပြောတယ်။—တရား. ၈:၁၉

၂၀။ ယေရှုရဲ့ စကားကို နားလည်ဖို့ ဘာက ထောက်ကူ​ပေး​သလဲ။

၂၀ အရှေ့​အလယ်ပိုင်းဒေသက ကျမ်းစာ ဘာသာပြန်သူ​တစ်ယောက် ဒီလို​ပြောတယ်– “ဒီ​ကျမ်းချက်မှာ ‘ဒီနေ့’ ဆိုတဲ့ စကားလုံးကို အလေး​ပေးထားတဲ့​အတွက် ‘ဒီနေ့ ကျွန်တော် မှန်တာကို​ပြောမယ်။ ခင်ဗျားဟာ ကျွန်တော်​နဲ့​အတူ ပရဒိသုမှာ ရှိ​လိမ့်မယ်’ လို့ ဖြစ်သင့်တယ်။ အဲဒီ​နေ့မှာ ကတိ​ပေးတယ်၊ နောက်ပိုင်းမှာ ပြည့်စုံ​လာမယ်။ ဒါဟာ အရှေ့တိုင်းရဲ့ ပြောဆိုပုံ​ဖြစ်ပြီး ပေးတဲ့​ကတိ​ကို ကျိန်းသေပြည့်စုံ​စေမယ်လို့ ဆိုလိုတယ်။” ငါးရာစု​က ဆီးရီးယား ဘာသာပြန်​ကျမ်းမှာ ယေရှုရဲ့​စကားကို “အာမင်၊ ဒီနေ့ ငါ​ပြောမယ်။ မင်းဟာ ဧဒင်​ဥယျာဉ်မှာ ငါ​နဲ့​အတူ​ရှိမယ်” လို့ ပြန်ဆို​ထားတယ်။ ဒီ​ကတိ​က ကျွန်တော်တို့​အားလုံးကို အားပေးမှု ဖြစ်စေ​သင့်တယ်။

၂၁။ ရာဇဝတ်သားဟာ ကောင်းကင်​တက်ဖို့ ဘာကြောင့် ရွေးချယ်ခံ​ရမှာ မဟုတ်​သလဲ။

၂၁ ယေရှုဟာ ကောင်းကင်​နိုင်ငံမှာ အတူ​အုပ်ချုပ်​ဖို့ သစ္စာရှိ တမန်တော်တွေ​နဲ့ ပဋိညာဉ်ဖွဲ့​ထားကြောင်း ရာဇဝတ်သား မသိ​ဘူး။ (လု. ၂၂:၂၉) ဒီ့အပြင် ရာဇဝတ်သားဟာ​ နှစ်ခြင်း​လည်း မခံရ​သေး​ဘူး။ (ယော. ၃:၃-၆၊ ၁၂) ဒါကြောင့် ကောင်းကင်​သွားဖို့ ရွေးချယ်​မခံရ​တာ သေချာတယ်။ မြေကြီး​ပရဒိသုမှာ အသက်ရှင်ဖို့ ယေရှု ကတိပေး​နေတာ​ဖြစ်တယ်။ နှစ်တွေ​ကြာပြီးနောက် တမန်တော် ပေါလုက လူတစ်ယောက် “ပရဒိသု​ဆီ ချီဆောင်​ခံခဲ့ရ” တဲ့ စိတ်အာရုံ​အကြောင်း ပြောခဲ့တယ်။ (၂ ကော. ၁၂:၁-၄) ရာဇဝတ်သား​နဲ့​မတူဘဲ ပေါလုနဲ့ သစ္စာရှိ တမန်တော်​တွေဟာ ကောင်းကင်​နိုင်ငံမှာ ယေရှုနဲ့အတူ အုပ်ချုပ်​ဖို့ ရွေးချယ်​ခံရသူတွေ ဖြစ်တယ်။ အနာဂတ်မှာ ဖြစ်​လာမယ့် “ပရဒိသု” အကြောင်း ပေါလု ပြော​နေတာ​ဖြစ်တယ်။ * အဲဒီ​ထဲမှာ ကမ္ဘာမြေ​ကော ပါသလား။ သင်​ကော အဲဒီမှာ ရှိနေ​မလား။

ဘာကို သင် မျှော်လင့်​နိုင်သလဲ

၂၂၊ ၂၃။ သင် ဘာကို မျှော်လင့်​နိုင်သလဲ။

၂၂ ‘ဖြောင့်မတ်သူတွေ ကမ္ဘာမြေကို ပိုင်ဆိုင်’ မယ့်​အချိန်ကို ဒါဝိဒ် ကြို​မြင်ခဲ့တယ်။ (ဆာ. ၃၇:၂၉။ ၂ ပေ. ၃:၁၃) ဘုရားသခင့် ဖြောင့်မတ်တဲ့ နည်းလမ်း​တွေ​အတိုင်း မြေကြီး​ပေါ်မှာ လူတွေ အသက်ရှင်​မယ့်​အချိန်ကို ဒါဝိဒ် ရည်ညွှန်း​နေတာ​ဖြစ်တယ်။ “ငါ့​လူတွေရဲ့ သက်တမ်းဟာ သစ်ပင်ရဲ့​ သက်တမ်း​လို ဖြစ်မယ်” လို့ ဟေရှာယ ၆၅:၂၂ မှာ ကြိုပြောထားတယ်။ လူတွေ နှစ်ပေါင်း​ထောင်ချီ အသက်ရှင်မယ်လို့ ဆိုလိုတယ်။ သင် အဲဒီလို မျှော်လင့်​နိုင်သလား။ မျှော်လင့်​နိုင်ပါတယ်။ ဗျာဒိတ် ၂၁:၁-၄ အရ လူတွေကို ဘုရား အာရုံစိုက်​မယ်၊ ဘုရားကို ဝတ်ပြု​သူတွေဟာ ဖြောင့်မတ်တဲ့ ကမ္ဘာသစ်မှာ “သေခြင်း ရှိတော့မှာ မဟုတ်ဘူး” ဆိုတဲ့ ကောင်းချီး ခံစား​ရပါလိမ့်မယ်။

၂၃ ပရဒိသု​နဲ့​ပတ်သက်ပြီး ကျမ်းစာ​ပြောတာ ရှင်း​ပါတယ်။ အာဒံနဲ့ ဧဝဟာ ဧဒင်မှာ ပရဒိသု ဆုံးရှုံး​ခဲ့​ပေမဲ့ ထာဝစဉ်​ ဆုံးရှုံး​တာ မဟုတ်ဘူး။ မြေကြီး​ပေါ်မှာ လူတွေဟာ ဘုရား ကတိပြု​ထားတဲ့​အတိုင်း ကောင်းချီး​ခံစားရ​ပါတော့မယ်။ စိတ်နူးညံ့​သူ၊ ဖြောင့်မတ်သူတွေ မြေကြီးကို အမွေ​ရပြီး ထာဝစဉ် နေထိုင်​ရမယ်လို့ ဒါဝိဒ် ပြောတယ်။ ဟေရှာယ ပရောဖက်ပြုချက်​တွေ​က ရောက်လာတော့မယ့် နှစ်သက်ဖွယ်​အခြေအနေကို မျှော်လင့်​နေ​စေတယ်။ ဂျူးလူမျိုး ရာဇဝတ်သား​ကို ယေရှု ပေးခဲ့တဲ့ ကတိ ပြည့်စုံ​လာချိန်​မှာ အဲဒီလို​ဖြစ်လာမယ်။ ပရဒိသုမှာ သင်လည်း ရှိ​နိုင်ပါတယ်။ အဲဒီ​အချိန်ကျရင် “ပရဒိသုမှာ ပြန်တွေ့​မယ်” လို့ ကိုရီးယား ညီအစ်ကို/မ​တွေ ပြောတဲ့​အတိုင်း တကယ်​ဖြစ်လာ​ပါလိမ့်မယ်။

^ အပိုဒ်၊ 18 “ယေရှု​ပြောတဲ့ ‘ဒီနေ့’ ဆိုတာ ၂၄ နာရီ အချိန်​အပိုင်းအခြား​ကို ဆိုလိုတယ်လို့ ကျမ်းပညာရှင်​များစွာ ယူဆကြတယ်။ ဒါပေမဲ့ အဲဒီလို ယူဆတာ​က တခြား​ကျမ်းချက်တွေ​နဲ့ ဆန့်ကျင်​နေတယ်။ ဥပမာ၊ ယေရှုဟာ သေဆုံး​ပြီးနောက် သင်္ချိုင်း​ကို ရောက်​သွားတယ်၊ (မ. ၁၂:၄၀။ တ. ၂:၃၁။ ရော. ၁၀:၇) ပြီးမှ ကောင်းကင်ကို တက်တယ်​လို့ ကျမ်းစာမှာ ပြောတယ်” ဆိုပြီး ပါမောက္ခ မာ​ဗင်​ပတ် ရေးတယ်။

^ အပိုဒ်၊ 21 ဒီ​စာစောင်ရဲ့ “စာရှုသူများထံမှ မေးခွန်းလွှာ” ကို​ကြည့်ပါ။