လူငယ်တို့၊ ကျေနပ်ပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်
“ကိုယ်တော်ကြောင့် အသက်လမ်းကို ကျွန်တော် သိရှိရတယ်။”—ဆာ. ၁၆:၁၁။
၁၊ ၂။ ဘဝမှာ ပြောင်းလဲဖို့ ဖြစ်နိုင်ကြောင်း တိုနီရဲ့ ဖြစ်ရပ်က ဘယ်လို ဖော်ပြသလဲ။
တိုနီဆိုတဲ့ ဖတဆိုးကျောင်းသားလေးဟာ အထက်တန်းကျောင်းကနေ ထွက်ဖို့ စဉ်းစားနေတယ်။ ကျောင်းစာကို စိတ်မဝင်စားဘူး။ စနေ၊ တနင်္ဂနွေနေ့တွေဆို ရုပ်ရှင်ကြည့်လိုက်၊ သူငယ်ချင်းတွေနဲ့ လျှောက်လည်လိုက်နဲ့။ ရန်ဖြစ်၊ ဆေးစွဲနေတာ မဟုတ်ပေမဲ့ ဘဝရည်ရွယ်ချက် မဲ့နေတာ။ ဘုရား ရှိတာကိုလည်း မယုံဘူး။ တစ်နေ့ သက်သေခံမောင်နှံနဲ့ တွေ့ပြီး မေးခွန်းတွေ မေးခဲ့တယ်။ သူတို့က သက်ရှိများ၏ မူလအစ—မေးသင့်မေးထိုက်သော မေးခွန်းငါးခု၊ သက်ရှိများသည် ဖန်ဆင်းခံရခြင်းလော ဆိုတဲ့ ဘရိုရှာနှစ်စောင် ပေးခဲ့တယ်။
၂ သက်သေခံမောင်နှံ ပြန်လည်ပတ်တဲ့အခါ တိုနီ စိတ်ပြောင်းလဲနေပြီ။ စာစောင်တွေကို ဖတ်လွန်းလို့ စာရွက်တွေတောင် ကြေနေပြီ။ “ဘုရားသခင် ရှိရမယ်” လို့ တိုနီ ပြောတယ်။ ကျမ်းစာလေ့လာမှု လက်ခံပြီး တဖြည်းဖြည်း ဘဝအမြင် ပြောင်းသွားတယ်။ စာညံ့တဲ့ တိုနီဟာ စာအတော်ဆုံး ကျောင်းသားဖြစ်လာတယ်။ ကျောင်းအုပ်ကတောင် “မင်းရဲ့ စိတ်ဓာတ်တွေ ပြောင်းပြီး အဆင့်တွေ တက်လာတာ ယေဟောဝါသက်သေတွေနဲ့ ပေါင်းလို့လား” လို့ တအံ့တဩ မေးတယ်။ တိုနီက ဟုတ်တယ်လို့ ဖြေပြီး ကောင်းကောင်း သက်သေခံလိုက်တယ်။ အခုဆို အထက်တန်းကျောင်း ပြီးလို့ မှန်မှန်ရှေ့ဆောင်၊ အသင်းတော်အမှုထမ်းအဖြစ် အမှုဆောင်နေပြီ။ ဆာ. ၆၈:၅။
သိပ်ကောင်းတဲ့ဖခင် ယေဟောဝါကို ရထားလို့ ပျော်ရွှင်နေတယ်။—ယေဟောဝါကို နာခံရင် အောင်မြင်မယ်
၃။ လူငယ်တွေကို ယေဟောဝါ ဘာအကြံပေးထားသလဲ။
၃ တိုနီရဲ့ဖြစ်ရပ်က လူငယ်တွေကို ယေဟောဝါ စိတ်ဝင်စားကြောင်း ဖော်ပြတယ်။ သင့်ကို စစ်မှန်တဲ့ အောင်မြင်မှုနဲ့ ကျေနပ်ဖွယ်ကောင်းတဲ့ ဘဝ ပိုင်ဆိုင်စေချင်တယ်။ ဒါကြောင့် “လူငယ်ဘဝမှာ ကြီးမြတ်တဲ့ ဖန်ဆင်းရှင်ကို သတိရပါ” လို့ အကြံပေးထားတယ်။ (ဒေ. ၁၂:၁) ဒီနေ့ခေတ်မှာ အဲဒီလိုလုပ်ဖို့ အမြဲမလွယ်ပါဘူး။ ဒါပေမဲ့ လုပ်နိုင်ပါတယ်။ ဘုရားသခင့် အကူအညီနဲ့ လူငယ်ဘဝမှာသာမက ဘဝတစ်လျှောက်လုံး အောင်မြင်နိုင်ပါတယ်။ ကတိထားရာပြည်ကို အောင်မြင်ခဲ့တဲ့ အစ္စရေးတွေ၊ ဂေါလျတ်ကို ရင်ဆိုင်ခဲ့တဲ့ ဒါဝိဒ်ဆီကနေ ဘာသင်ယူနိုင်တယ်ဆိုတာ သုံးသပ်ကြည့်ကြစို့။
၄၊ ၅။ ခါနန်လူတွေကို အောင်မြင်ခဲ့တဲ့ အစ္စရေးတွေ၊ ဂေါလျတ်ကို ရင်ဆိုင်ခဲ့တဲ့ ဒါဝိဒ်ဆီကနေ ဘယ်အဖိုးတန် သင်ခန်းစာ သင်ယူနိုင်သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ပုံကို ကြည့်ပါ။)
၄ အစ္စရေးတွေ ကတိထားရာပြည်ထဲ ဝင်ခါနီးမှာ တိုက်ရည်ခိုက်ရည် ကျွမ်းကျင်အောင် စစ်ရေး လေ့ကျင့်ဖို့ ဘုရား မမိန့်မှာဘူး။ (တရား. ၂၈:၁၊ ၂) ပညတ်တွေကို နာခံဖို့၊ ဘုရားကို ယုံကြည်ကိုးစားဖို့ပဲ မှာတယ်။ (ယောရှု ၁:၇-၉) လူ့အမြင်အရ ကြည့်ရင် အဲဒီအကြံဉာဏ်ဟာ အဓိပ္ပာယ် မရှိဘူး။ ဒါပေမဲ့ ခါနန်တွေကို တိုက်ခိုက်ရာမှာ ယေဟောဝါ ဆက်တိုက် အောင်ပွဲရစေတဲ့အတွက် အကောင်းဆုံး အကြံဉာဏ်ဖြစ်ခဲ့တယ်။ (ယောရှု ၂၄:၁၁-၁၃) ဘုရားကို နာခံဖို့ ယုံကြည်ခြင်း လိုအပ်တယ်။ ယုံကြည်ခြင်းက အမြဲ အောင်မြင်စေတယ်။ အချိန်တွေ ပြောင်းလဲသွားပေမဲ့ အဲဒီအမှန်တရားဟာ ဒီနေ့အထိ မပြောင်းလဲပါဘူး။
၅ စစ်သူကြီး ဂေါလျတ်ဟာ အရပ် ကိုးပေခွဲ မြင့်ပြီး လက်နက်အပြည့်အစုံ ရှိတယ်။ (၁ ရှ. ၁၇:၄-၇) ဒါဝိဒ်မှာတော့ လောက်လွှဲနဲ့ ယေဟောဝါကို ယုံကြည်ခြင်းပဲ ရှိတယ်။ ယုံကြည်ခြင်း မရှိသူတွေ အမြင်မှာ ဒါဝိဒ် သိပ်မိုက်မဲတယ်။ တကယ်တော့ ဂေါလျတ်ကသာ မိုက်မဲတာပါ။—၁ ရှ. ၁၇:၄၈-၅၁။
၆။ အခု ဘာအကြောင်း ဆွေးနွေးကြမလဲ။
၆ ဘဝကို ပျော်ရွှင်အောင်မြင်စေတဲ့ အချက်လေးချက်ကို ရှေ့ဆောင်းပါးမှာ ဆွေးနွေးခဲ့တယ်။ ဘုရားရေးရာ လိုအပ်ချက်ကို ဖြည့်ဆည်းခြင်း၊ ဘုရားပေး မိတ်ဆွေတွေကို တန်ဖိုးထားခြင်း၊ အကျိုးရှိတဲ့ ပန်းတိုင်တွေ ချမှတ်ခြင်း၊ ဘုရားလူမျိုးအဖြစ် လွတ်လပ်မှုကို မြတ်နိုးခြင်းတို့ဖြစ်တယ်။ အခု ဆာလံ ၁၆ မှာပါတဲ့ မူတချို့ကို ဆွေးနွေးကြစို့။
ဘုရားရေးရာ လိုအပ်ချက်ကို ဖြည့်ဆည်းပါ
၇။ (က) ဘုရားတရားစိတ်ဓာတ်ရှိသူကို သင် ဘယ်လို ဖော်ပြမလဲ။ (ခ) ဒါဝိဒ်ရဲ့ “ဝေစု” က ဘာလဲ။ အဲဒီကနေ သူဘယ်လို အကျိုးရသလဲ။
၇ ဘုရားတရားစိတ်ဓာတ်ရှိသူဟာ ဘုရားကို ယုံကြည်တယ်။ ကိစ္စရပ်တွေကို ဘုရား ရှုမြင်သလို ရှုမြင်တယ်။ ဘုရားရဲ့လမ်းညွှန်မှုကို ရှာပြီး နာခံတယ်။ (၁ ကော. ၂:၁၂၊ ၁၃) ဒါဝိဒ်ဟာ ပုံသက်သေကောင်းပါပဲ။ “ယေဟောဝါဟာ ကျွန်တော်ရတဲ့ ဝေစု၊ ကျွန်တော်ရတဲ့ ခွဲတမ်း၊ ကျွန်တော်သောက်တဲ့ ခွက်ပဲ” လို့ သီဆိုခဲ့တယ်။ (ဆာ. ၁၆:၅) အဲဒီ “ဝေစု” ထဲမှာ သူခိုလှုံတဲ့ ဘုရားနဲ့ ဆက်ဆံရေးကောင်း ရှိခြင်း ပါဝင်တယ်။ (ဆာ. ၁၆:၁) ရလဒ်အနေနဲ့ “ကျွန်တော် အတိုင်းမသိ ရွှင်လန်းနေတယ်” လို့ ဒါဝိဒ် ပြောတယ်။ မှန်ပါတယ်။ ဘုရားနဲ့ ရင်းနှီးတာထက် ဒါဝိဒ်ကို ပိုပျော်ရွှင်စေတာ မရှိတော့ပါဘူး။—ဆာလံ ၁၆:၉၊ ၁၁ ကိုဖတ်ပါ။
၈။ ဘာတွေက ကျေနပ်ဖွယ်ကောင်းတဲ့ ဘဝကို ရစေသလဲ။
၈ ဘဝမှာ အပျော်အပါး၊ စည်းစိမ်ချမ်းသာကို အဓိကထားသူတွေဟာ ဒါဝိဒ် ခံစားရတဲ့ ရွှင်လန်းမှုကို မရကြဘူး။ (၁ တိ. ၆:၉၊ ၁၀) “စစ်မှန်တဲ့ ကျေနပ်မှုဆိုတာ ကိုယ်ရရှိတဲ့အရာတွေအပေါ် မမူတည်ဘူး။ ကောင်းမြတ်တဲ့ ဆုကျေးဇူး မှန်သမျှရဲ့အရှင် ယေဟောဝါဘုရားကို ပေးတဲ့အရာအပေါ် မူတည်တယ်” လို့ ကနေဒါက ညီအစ်ကိုတစ်ယောက် ပြောတယ်။ (ယာ. ၁:၁၇) ယေဟောဝါကို ယုံကြည်ခြင်း၊ ဘုရား အမှုဆောင်ခြင်းက ဘဝကို အဓိပ္ပာယ်ရှိစေတယ်။ ကျေနပ်မှု ရစေတယ်။ ယုံကြည်ခြင်း တိုးများအောင် သင် ဘာလုပ်နိုင်သလဲ။ ကျမ်းစာ ဖတ်ရှုခြင်း၊ ဖန်ဆင်းရာတွေကို ကြည့်ရှုခြင်း၊ သင့်ကိုချစ်တဲ့ မေတ္တာအပါအဝင် ဘုရားအရည်အသွေးတွေအကြောင်း စဉ်းစားခြင်းအားဖြင့် ဘုရားအတွက် အချိန်ပေးရမယ်။—ရော. ၁:၂၀။ ၅:၈။
၉။ ကျမ်းစာရဲ့ ပုံသွင်းမှုကို ဘယ်လို ခွင့်ပြုနိုင်သလဲ။
၉ ဘုရားသခင်က တစ်ခါတလေ ဖခင်တစ်ယောက်လို ဆုံးမခြင်းအားဖြင့် မေတ္တာပြလေ့ရှိတယ်။ အဲဒီလိုဆုံးမမှုကို ဒါဝိဒ် လက်ခံတယ်။ “အကြံဉာဏ်ပေးတဲ့ ယေဟောဝါကို ချီးမွမ်းမယ်။ ညအချိန်မှာ အနက်ရှိုင်းဆုံး ခံစားချက်တွေက ကျွန်တော့်ကို တည့်မတ်ပေးတယ်” လို့ ပြောတယ်။ (ဆာ. ၁၆:၇) ဘုရားရဲ့ အတွေးအခေါ်ကို တွေးတောဆင်ခြင်ပြီး ဘုရားအတွေးအခေါ်မျိုး ရှိအောင် သူကြိုးစားတယ်။ မိမိကို ဘုရားအတွေးအခေါ် ပုံသွင်းဖို့ ခွင့်ပြုခဲ့တယ်။ သင်လည်း အဲဒီလိုလုပ်မယ်ဆိုရင် ဘုရားကို ချစ်တဲ့ မေတ္တာ၊ နာခံချင်စိတ် တိုးများလာမယ်။ ရင့်ကျက်တဲ့ ခရစ်ယာန် ဖြစ်လာမယ်။ “ရှာဖွေလေ့လာပြီး တွေးတောဆင်ခြင်တဲ့အခါ ကိုယ့်အတွက်များ ဘုရားသခင် ရေးထားသလားလို့ ထင်ရတယ်” ဆိုပြီး ညီအစ်မ ခရစ်စတင်း ပြောတယ်။
၁၀။ ဟေရှာယ ၂၆:၃ အရ ဘုရားရေးရာအမြင် ရှိခြင်းက ဘာအကျိုးတွေ ရစေသလဲ။
၁၀ ဘဝမှာ ဘုရားရေးရာအမြင် ရှိခြင်းက အသိပညာ၊ ထိုးထွင်းဉာဏ် ရှိစေတယ်။ ဒီလောကနဲ့ အနာဂတ်ကို ဘုရား ရှုမြင်သလို ရှုမြင်စေတယ်။ ဘုရား ဘာကြောင့် အသိပညာနဲ့ ထိုးထွင်းဉာဏ် ပေးထားတာလဲ။ ဘဝမှာ မှန်ကန်တဲ့ ဦးစားထားရာတွေ ချမှတ်စေချင်လို့၊ ပညာရှိ ဆုံးဖြတ်ချက်တွေ ချစေချင်လို့၊ အနာဂတ်ကို ယုံကြည်စိတ်ချမှုအပြည့်နဲ့ စောင့်မျှော်စေချင်လို့ပါ။ (ဟေရှာယ ၂၆:၃ ကိုဖတ်ပါ။) “ယေဟောဝါနဲ့ ရင်းနှီးခြင်းက အရာရာကို အမြင်မှန် ရှိစေတယ်” လို့ အမေရိကန်နိုင်ငံက ညီအစ်ကို ဂျော်ရွှာ ပြောတယ်။ မှန်လိုက်တာ။
မိတ်ဆွေစစ်တွေ ဖွဲ့ပါ
၁၁။ မိတ်ဆွေစစ်ဖွဲ့ခြင်းရဲ့ လျှို့ဝှက်ချက်ကို ဒါဝိဒ် ဘယ်လို ဖော်ပြသလဲ။
၁၁ ဆာလံ ၁၆:၃ ကိုဖတ်ပါ။ မိတ်ဆွေစစ်တွေ ရနိုင်တဲ့ လျှို့ဝှက်ချက်ကို ဒါဝိဒ် သိတယ်။ ယေဟောဝါကို ချစ်တဲ့သူတွေနဲ့ ပေါင်းသင်းရလို့ သူ “ပျော်ရွှင်ကြည်နူး” တယ်။ “သန့်ရှင်းသူတွေ” လို့ ပြောထားတဲ့အတွက် သူတို့ဟာ ကိုယ်ကျင့်တရား စင်ကြယ်သူ၊ ဖြောင့်မှန်သူတွေ ဖြစ်တယ်။ မိတ်ဆွေ ရွေးချယ်တာနဲ့ပတ်သက်ပြီး ဒါဝိဒ်က “ကျွန်တော်ဟာ ကိုယ်တော့်ကို ကြောက်ရွံ့ရိုသေသူတွေ၊ အမိန့်တော် စောင့်ထိန်းသူတွေရဲ့ မိတ်ဆွေပါပဲ” လို့ ရေးတယ်။ (ဆာ. ၁၁၉:၆၃) ရှေ့ဆောင်းပါးမှာ တွေ့ခဲ့တဲ့အတိုင်း သင်လည်း ယေဟောဝါကို ကြောက်ရွံ့နာခံသူတွေအလယ်မှာ မိတ်ဆွေစစ်တွေ တွေ့နိုင်ပါတယ်။ အဲဒီထဲမှာ အသက်အရွယ် အမျိုးမျိုး ပါဝင်နိုင်တယ်။
၁၂။ ဒါဝိဒ်နဲ့ ယောနသန်ရဲ့ ရင်းနှီးမှုက ဘယ်အပေါ် အခြေခံသလဲ။
၁၂ ဒါဝိဒ်ဟာ ရွယ်တူတွေနဲ့ပဲ မိတ်ဆွေ မဖွဲ့ခဲ့ဘူး။ ဒါဝိဒ်ရဲ့ အရင်းနှီးဆုံးမိတ်ဆွေ ဖြစ်လာတဲ့ “ကြီးမြတ်သူ” ရဲ့ နာမည်ကို သင် မှတ်မိသလား။ ယောနသန်ပါ။ သူတို့ရဲ့ မိတ်ဆွေနှောင်ကြိုးအကြောင်း ကျမ်းစာမှာ ရေးဖွဲ့ထားတယ်။ ယောနသန်ဟာ ဒါဝိဒ်ထက် အသက် ၃၀ ပိုကြီးတာ သင် သိသလား။ သူတို့ရဲ့ ရင်းနှီးမှုဟာ ဘယ်အပေါ် အခြေခံသလဲ။ ဘုရားကို ယုံကြည်ခြင်း၊ အချင်းချင်း လေးစားခြင်း၊ ဘုရားသခင့် ရန်သူတွေကို သတ္တိရှိရှိ တိုက်ခိုက်တာကို မြင်တွေ့ခြင်းတို့အပေါ် အခြေခံတယ်။—၁ ရှ. ၁၃:၃။ ၁၄:၁၃။ ၁၇:၄၈-၅၀။ ၁၈:၁။
၁၃။ မိတ်ဆွေတိုးများအောင် ဘယ်လို လုပ်နိုင်မလဲ။ ဥပမာပေးပါ။
၁၃ ဒါဝိဒ်နဲ့ ယောနသန်လိုပဲ ကျွန်တော်တို့လည်း ယေဟောဝါကို ချစ်ပြီး ယုံကြည်တဲ့သူတွေကို ချစ်မြတ်နိုးခြင်းကနေ “ပျော်ရွှင်ကြည်နူး” မှု ရရှိကြတယ်။ နှစ်ပေါင်းများစွာ ဘုရားအမှုဆောင်ခဲ့တဲ့ ကီရာက “နောက်ခံ၊ ယဉ်ကျေးမှု မတူတဲ့ ကမ္ဘာတစ်ဝန်းက ညီအစ်ကို/မတွေနဲ့ မိတ်ဆွေဖွဲ့ထားတယ်” လို့ ပြောတယ်။ သင်လည်း အဲဒီလို မိတ်ဆွေတိုးများအောင် လုပ်မယ်ဆိုရင်
ကျမ်းစာနဲ့ စွမ်းအားတော်ရဲ့ စည်းလုံးစေနိုင်စွမ်းကို မြင်ရပါလိမ့်မယ်။အကျိုးရှိတဲ့ ပန်းတိုင်တွေ ချပါ
၁၄။ (က) အကျိုးရှိတဲ့ ပန်းတိုင်တွေ ချဖို့ ဘာက ကူညီပေးနိုင်သလဲ။ (ခ) ဘုရားရေးရာ ပန်းတိုင်တွေနဲ့ပတ်သက်ပြီး လူငယ်တချို့ ဘယ်လို ခံစားနေရသလဲ။
၁၄ ဆာလံ ၁၆:၈ ကိုဖတ်ပါ။ ဒါဝိဒ်ဘဝမှာ ဘုရား အမှုဆောင်ဖို့က အဓိကပဲ။ သင်လည်း ဘုရား အမှုဆောင်တာကို အဓိကထားပြီး ဘုရားရေးရာပန်းတိုင်တွေ ချမယ်ဆိုရင် ကျေနပ်စရာဘဝ ပိုင်ဆိုင်ရပါလိမ့်မယ်။ “ပန်းတိုင်ရောက်အောင် ကြိုးစားတယ်။ ပန်းတိုင် ရောက်တဲ့အခါ ကိုယ့်တိုးတက်မှုတွေအတွက် သိပ်ကျေနပ်တယ်” လို့ ညီအစ်ကို စတီဗင် ပြောတယ်။ တိုင်းတစ်ပါးမှာ အမှုဆောင်နေတဲ့ ဂျာမနီက လူငယ်တစ်ယောက်လည်း “အသက်ကြီးလာတဲ့အခါ အတိတ်ကို ပြန်တွေးပြီး ကိုယ်ကျိုးအတွက်ပဲ လုပ်ခဲ့ပါလားလို့ နောင်တ မရချင်ဘူး” ဆိုပြီး ပြောတယ်။ သင်လည်း အလားတူ ခံစားရမှာပါ။ ဒါဆို ဘုရားကို ဂုဏ်တင်ဖို့၊ တခြားသူတွေကို ကူညီဖို့ ကိုယ့်အစွမ်းအစတွေကို အသုံးပြုပါ။ (ဂလ. ၆:၁၀) ဘုရားရေးရာပန်းတိုင်တွေ ချပြီး အကူအညီအတွက် ယေဟောဝါဆီ ဆုတောင်းပါ။ အဲဒီလို ဆုတောင်းချက်တွေကို ဘုရား ဖြေကြားပေးပါလိမ့်မယ်။—၁ ယော. ၃:၂၂။ ၅:၁၄၊ ၁၅။
၁၅။ ဘာပန်းတိုင်တွေ ချနိုင်သလဲ။ (“ လက်တွေ့ကျ ပန်းတိုင်များ” လေးထောင့်ကွက်ကို ကြည့်ပါ။)
၁၅ သင် ဘာပန်းတိုင်တွေ ချနိုင်သလဲ။ အစည်းအဝေးတွေမှာ ကိုယ်ပိုင်စကားနဲ့ မှတ်ချက်ပေးဖို့၊ ရှေ့ဆောင်လုပ်ဖို့၊ ဗေသလမှာ အမှုဆောင်ဖို့ ပန်းတိုင် ထားနိုင်တယ်။ ဘာသာခြားစကားပြော လယ်ကွင်းမှာ အမှုဆောင်ဖို့ ဘာသာစကားအသစ် သင်ယူနိုင်တယ်။ အချိန်ပြည့်အမှုဆောင်နေတဲ့ လူငယ် ဘာရက်က “ယေဟောဝါကို အစွမ်းရှိသမျှ ပေးနေတယ်ဆိုတဲ့ ခံစားချက်နဲ့ နေ့တိုင်း နိုးထလာရတာက တခြားဘာနဲ့မှ မတူဘူး” လို့ ပြောတယ်။
ဘုရားပေး လွတ်လပ်မှုကို မြတ်နိုးပါ
၁၆။ ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေကို ဒါဝိဒ် ဘယ်လို သဘောထားသလဲ။ ဘာကြောင့်လဲ။
၁၆ ဆာလံ ၁၆:၂၊ ၄ ကိုဖတ်ပါ။ ရှေ့ဆောင်းပါးမှာ သိခဲ့ရတဲ့အတိုင်း ဘုရားသခင့် ဖြောင့်မတ်တဲ့ ပညတ်၊ မူတွေက ကောင်းတာကို ချစ်ဖို့၊ မကောင်းတာကို မုန်းဖို့ ကူညီပေးခြင်းအားဖြင့် လွတ်လပ်စေတယ်။ (အာ. ၅:၁၅) “ကောင်းကျိုးချမ်းသာ မှန်သမျှ” ယေဟောဝါဆီက လာကြောင်း ဆာလံဆရာ ဒါဝိဒ် အသိအမှတ်ပြုတယ်။ “ကောင်းကျိုးချမ်းသာ” လို့ ပြန်ဆိုထားတဲ့ မူရင်းစကားလုံးဟာ ကိုယ်ကျင့်တရား စင်ကြယ်၊ ကောင်းမြတ်ခြင်းကိုလည်း ဆိုလိုတယ်။ ယေဟောဝါ လုပ်ဆောင်သမျှဟာ ကောင်းမြတ်တယ်။ ကောင်းမြတ်တာမှန်သမျှ ဘုရားဆီက လာတယ်။ ဘုရားရဲ့ ကောင်းမြတ်မှုကို ဒါဝိဒ် ကြိုးစားတုပခဲ့တယ်။ မကောင်းဘူးလို့ ဘုရား သတ်မှတ်ထားတဲ့ အရာတွေကို မုန်းတတ်အောင် ကြိုးစားတယ်။ အဲဒီအထဲမှာ ရုပ်တုကိုးကွယ်ခြင်း ပါဝင်တယ်။ အဲဒီအကျင့်က လူတွေကို နိမ့်ကျစေပြီး ယေဟောဝါသာ ရထိုက်တဲ့ ဂုဏ်တင်မှုကို တခြားအရာတွေဆီ ပေးလိုက်ရာရောက်တယ်။—ဟေရှာ. ၂:၈၊ ၉။ ဗျာ. ၄:၁၁။
၁၇၊ ၁၈။ (က) မှားယွင်းတဲ့ ဝတ်ပြုရေးရဲ့ ဆိုးကျိုးကို ဒါဝိဒ် ဘယ်လို ဖော်ပြသလဲ။ (ခ) လူတွေကို ဘာက “ဒုက္ခပင်လယ်ဝေ” စေသလဲ။
၁၇ ကျမ်းစာခေတ်က မှားယွင်းတဲ့ ဝတ်ပြုရေးမှာ လိင်အကျင့်ယိုယွင်းမှု ပါဝင်လေ့ရှိတယ်။ (ဟော. ၄:၁၃၊ ၁၄) အပြစ်ရှိတဲ့ သွေးသားအတွက် နှစ်သက်စရာကောင်းတဲ့ ဝတ်ပြုမှုပုံစံဖြစ်တယ်။ အဲဒါက တည်မြဲတဲ့ ပျော်ရွှင်မှု မဖြစ်စေဘူး။ “တခြားဘုရားတွေနောက် လိုက်သွားသူတွေ ဒုက္ခပင်လယ်ဝေကြရတယ်” လို့ ဒါဝိဒ် ပြောတယ်။ သူတို့ရဲ့ ကလေးတွေကိုတောင် မှားယွင်းတဲ့ ဘုရားတွေဆီ ယဇ်ပူဇော်ကြတယ်။ (ဟေရှာ. ၅၇:၅) အဲဒီလို အကြင်နာမဲ့တဲ့ လုပ်ရပ်ကို ယေဟောဝါ ရွံမုန်းတယ်။ (ယေ. ၇:၃၁) သင်သာ အဲဒီခေတ်မှာ အသက်ရှင်ခဲ့ပြီး ယေဟောဝါကို ယုံကြည်နာခံတဲ့ မိဘတွေ ရထားမယ်ဆိုရင် သိပ်ကျေးဇူးတင်မိမှာပဲ။
၁၈ ဒီနေ့ခေတ်မှာလည်း မှားယွင်းတဲ့ ဝတ်ပြုရေးတွေက လိင်အကျင့်ယိုယွင်းခြင်း၊ လိင်တူဆက်ဆံခြင်းတွေကို ခွင့်ပြုထားကြတယ်။ ဒါကို ကိုယ်ကျင့်တရား လွတ်လပ်မှုလို့ ယူဆကြပေမဲ့ နောက်ဆုံးရလဒ်က ကျမ်းစာခေတ်က အတိုင်းပါပဲ။ (၁ ကော. ၆:၁၈၊ ၁၉) လူတွေ “ဒုက္ခပင်လယ်ဝေ” နေကြတယ်။ လူငယ်တို့၊ ကောင်းကင်ဖခင်ရဲ့ စကားကို နားထောင်ပါ။ ဘုရားကို နာခံတာ အကောင်းဆုံးပဲဆိုတာ အပြည့်အဝ ယုံကြည်စိတ်ချပါ။ ခဏတာ ခံစားရတဲ့ ပျော်ရွှင်မှုထက် ရေရှည်ခံစားရမယ့် ဆိုးကျိုးကို ထည့်စဉ်းစားပါ။ (ဂလ. ၆:၈) “လွတ်လပ်မှုကို ကိုယ်ကြိုက်သလို သုံးလို့ရပေမဲ့ တလွဲသုံးရင်တော့ ကျေနပ်မှု ရမှာမဟုတ်ဘူး” လို့ ဂျော်ရွှာ ပြောတယ်။
၁၉၊ ၂၀။ ယေဟောဝါကို ယုံကြည်နာခံတဲ့ လူငယ်တွေအတွက် ဘယ်ကောင်းချီးတွေ စောင့်ကြိုနေသလဲ။
၁၉ “ခင်ဗျားတို့သာ ကျွန်တော့်စကားကို အမြဲလိုက်နာရင် ကျွန်တော့်တပည့်အစစ် ဖြစ်ရုံမက အမှန်တရားကိုပါ သိရလိမ့်မယ်။ အဲဒီအမှန်တရားက ခင်ဗျားတို့ကို လွတ်မြောက်စေလိမ့်မယ်” လို့ နောက်လိုက်တွေကို ယေရှု ပြောတယ်။ (ယော. ၈:၃၁၊ ၃၂) အဲဒီလွတ်လပ်မှုထဲမှာ မှားယွင်းတဲ့ဘာသာရေး၊ အသိပညာမဲ့မှု၊ အယူသီးမှုတွေကနေ လွတ်မြောက်ခြင်း ပါဝင်တယ်။ “ဘုရားသခင့် သားသမီးတွေရဲ့ ဘုန်းအသရေနဲ့ပြည့်စုံတဲ့ လွတ်လပ်မှု” ရရှိခြင်းလည်း ပါဝင်တယ်။ (ရော. ၈:၂၁) ‘ခရစ်တော်ရဲ့စကားကို အမြဲလိုက်နာ” ခြင်းအားဖြင့် အဲဒီလွတ်လပ်မှုကို အခုကတည်းက ခံစားနိုင်ပါတယ်။ ဒီနည်းအားဖြင့် သင်ယူရုံသာမဟုတ်ဘဲ လက်တွေ့ကျင့်သုံးခြင်းအားဖြင့် ‘အမှန်တရားကို သိ’ လာပါလိမ့်မယ်။
၂၀ လူငယ်တို့၊ ဘုရားပေး လွတ်လပ်မှုကို မြတ်နိုးပါ။ ပညာရှိရှိ သုံးပါ။ ဒီနည်းအားဖြင့် အနာဂတ်အတွက် အုတ်မြစ်ကောင်းချပါ။ “လူငယ်ဘဝမှာ လွတ်လပ်မှုကို ပညာရှိရှိ သုံးခြင်းက သင့်တော်တဲ့ အလုပ်အကိုင် ရှာတဲ့အခါ၊ အိမ်ထောင်ပြုမလား၊ တစ်ကိုယ်ရေနေမလား စတဲ့ ဆုံးဖြတ်ချက်ကြီးတွေ ချတဲ့အခါ ကူညီပေးပါလိမ့်မယ်” လို့ လူငယ်ညီအစ်ကိုတစ်ယောက် ပြောတယ်။
၂၁။ “စစ်မှန်တဲ့အသက်” ရစေတဲ့ လမ်းပေါ် ဘယ်လို ဆက်လျှောက်နိုင်မလဲ။
၂၁ ဒီလောကစနစ်ဟောင်းမှာ ဇိမ်ကျတဲ့ဘဝဆိုတာ မရေရာတဲ့အပြင် မတည်မြဲဘူး။ မနက်ဖြန် ဘာဖြစ်မယ်ဆိုတာ မသိနိုင်ဘူး။ (ယာ. ၄:၁၃၊ ၁၄) ဒါကြောင့် “စစ်မှန်တဲ့အသက်” ဖြစ်တဲ့ ထာဝရအသက် ရစေတဲ့ လမ်းပေါ် ဆက်လျှောက်တာဟာ ပညာရှိလမ်းစဉ် ဖြစ်တယ်။ (၁ တိ. ၆:၁၉) အဲဒီလမ်းပေါ် လျှောက်ဖို့ ဘုရား အတင်း မတိုက်တွန်းဘူး။ ကိုယ်ပိုင် ရွေးချယ်ရမယ်။ ယေဟောဝါကို သင့်ရဲ့ “ဝေစု” ဖြစ်စေပါ။ ဘုရားပေးထားတဲ့ “ကောင်းမွန်ရာတွေ” ကို တန်ဖိုးထားပါ။ (ဆာ. ၁၀၃:၅) ပျော်ရွှင်မှု၊ ထာဝစဉ် ကြည်နူးမှုကို ယေဟောဝါ ပေးနိုင်ကြောင်း ယုံကြည်ပါ။—ဆာ. ၁၆:၁၁။