မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘ကမ္ဘာမြေကို အမွေရ’ ဖို့ အသင့် ဖြစ်ပြီလား

‘ကမ္ဘာမြေကို အမွေရ’ ဖို့ အသင့် ဖြစ်ပြီလား

“နူးညံ့သိမ်မွေ့သူတွေ ပျော်ရွှင်ချမ်းမြေ့တယ်။ ကမ္ဘာမြေကို သူတို့ အမွေရလိမ့်မယ်” ဆိုတဲ့ ယေရှုကတိ ပြည့်စုံလာမယ့်အချိန်ကို ကျွန်တော်တို့အားလုံး စောင့်မျှော်နေကြတယ်။ (မ. ၅:၅) ဘိသိက်ခံတွေက ကောင်းကင်မှာ ယေရှုနဲ့အတူ ဘုရင်တွေအဖြစ် အုပ်ချုပ်ပြီး ကမ္ဘာမြေကို အမွေရလိမ့်မယ်။ (ဗျာ. ၅:၁၀။ ၂၀:၆) ဒီနေ့ခေတ် ခရစ်ယာန်စစ် အများစုကတော့ မြေကြီးမှာ ပြည့်ဝစုံလင်တဲ့ ဘဝနဲ့ ထာဝစဉ် အသက်ရှင်ဖို့ မျှော်လင့်နေကြတယ်။ ငြိမ်းငြိမ်းချမ်းချမ်း၊ ပျော်ပျော်ရွှင်ရွှင် အသက်ရှင်ရမယ်။ အဲဒီလိုဖြစ်နိုင်ဖို့ အရေးကြီးတဲ့ လုပ်စရာတွေ ရှိတယ်။ အလုပ်သုံးခုကို စဉ်းစားကြည့်ပါ။ ကမ္ဘာမြေကို အုပ်ထိန်းဖို့၊ ရှင်ပြန်ထမြောက်လာသူတွေကို နေရာချပေးဖို့၊ သွန်သင်ပေးဖို့ပါ။ အဲဒီအလုပ်တွေ ကမ္ဘာသစ်မှာ လုပ်ဆောင်ချင်တယ်ဆိုတာ အခုကတည်းက ဘယ်လို ပြနိုင်ကြောင်းလည်း စဉ်းစားကြည့်ပါ။

ကမ္ဘာမြေကို အုပ်ထိန်းဖို့ အသင့်ပြင်ခြင်း

‘ကမ္ဘာမြေကို ပြည့်စေပြီး အုပ်ထိန်းပါ’ လို့ လူသားတွေကို ယေဟောဝါ မိန့်မှာတာက ကမ္ဘာတစ်ခုလုံးကို တဖြည်းဖြည်း ပရဒိသုဖြစ်အောင် လုပ်ဖို့ ဆိုလိုတယ်။ (က. ၁:၂၈) ကမ္ဘာကို အမွေရမယ့်သူတွေဟာ အဲဒီမိန့်မှာချက်ကို လိုက်နာရမယ်။ ကမ္ဘာပေါ်မှာ ဧဒင်ဥယျာဉ် မရှိတော့တဲ့အတွက် အစကနေ စလုပ်ရမယ်။ အာမဂေဒုန်ပြီးနောက် ကမ္ဘာမြေကို သန့်ရှင်းဖို့ လုပ်စရာအလုပ်တွေ အများကြီး ရှိမယ်။ သိပ်ကို အလုပ်များမှာ သေချာတယ်။

ဒါက ဗာဗုလုန်ကနေ ပြန်လာတဲ့ အစ္စရေးတွေ လုပ်ခဲ့ရတာတွေကို အမှတ်ရစေတယ်။ ပြည်ဟာ အနှစ် ၇၀ လုံးလုံး လူမနေဘူး။ ဒါပေမဲ့ ယေဟောဝါရဲ့ ကောင်းချီးကြောင့် လှပတဲ့ပြည် ပြန်ဖြစ်လာမယ်လို့ ဟေရှာယ ကြိုဟောတယ်။ “တောကန္တာရကို ဧဒင်ဥယျာဉ်လို၊ ကန္တာရလွင်ပြင်ကို ယေဟောဝါရဲ့ ဥယျာဉ်လို ဖြစ်စေမယ်” လို့ ပြောတယ်။ (ဟေရှာ. ၅၁:၃) အဲဒီအတိုင်း အစ္စရေးတွေ လုပ်နိုင်ခဲ့တယ်။ အလားတူပဲ ကမ္ဘာမြေကို အမွေရမယ့်သူတွေဟာ ယေဟောဝါရဲ့ ကောင်းချီးကြောင့် နိုင်နိုင်နင်းနင်း အုပ်ထိန်းနိုင်ကြလိမ့်မယ်။ အဲဒီလုပ်ငန်းမှာ ပါဝင်ချင်တယ်ဆိုတာ အခုကတည်းက ပြနိုင်တယ်။

နည်းတစ်နည်းကတော့ ကိုယ့်ရဲ့အိမ်နဲ့ ပတ်ဝန်းကျင်ကို သန့်ရှင်းသပ်ရပ်စွာ ထားခြင်းအားဖြင့်ပါ။ ပတ်ဝန်းကျင်ကလူတွေ ဘယ်လိုပဲနေနေ ကိုယ်တိုင်ကတော့ သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ် နေနိုင်တယ်။ နိုင်ငံတော်ခန်းမ၊ စည်းဝေးပွဲခန်းမ သန့်ရှင်းရေး၊ ပြုပြင်မွမ်းမံရေးတွေမှာ ပါဝင်လုပ်အားပေးနိုင်တယ်။ အခြေအနေပေးမယ်ဆိုရင် ကိုယ့်ဒေသက သဘာဝဘေး ကယ်ဆယ်ရေးမှာ စေတနာ့ဝန်ထမ်း လုပ်ဖို့လည်း လျှောက်ထားနိုင်တယ်။ ဒါမှ လိုအပ်လာတဲ့အခါ သင် ကူညီပေးချင်တယ်ဆိုတာ သိနိုင်မယ်။ ‘ကမ္ဘာမြေမှာ ထာဝစဉ် အသက်ရှင်ခွင့် ရတဲ့အခါ အသုံးဝင်မယ့် အတတ်ပညာ တစ်ခုခု သင်ယူနိုင်မလား’ ဆိုတာ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ။

ရှင်ပြန်ထမြောက်လာသူတွေကို နေရာချပေးဖို့ အသင့်ပြင်ခြင်း

ယာအိရုရဲ့ ၁၂ နှစ်အရွယ် သမီးကို ယေရှု ထမြောက်ပေးပြီးတာနဲ့ စားစရာ တစ်ခုခု ကျွေးဖို့ မှာတယ်။ (မာ. ၅:၄၂၊ ၄၃) ၁၂ နှစ်အရွယ် ကလေးကို ကျွေးရတာ သိပ်ခက်မှာ မဟုတ်ဘူး။ ဒါပေမဲ့ “သင်္ချိုင်းဂူတွေမှာ ရှိနေသူအားလုံး သားတော်ရဲ့အသံကို ကြားပြီး ထွက်လာမယ့်အချိန် ရောက်လာတော့မယ်” ဆိုတဲ့ ကတိကို ယေရှု ပြည့်စုံစေတဲ့အခါ ကျွန်တော်တို့ ဘယ်လောက် အလုပ်များမယ်ဆိုတာ စဉ်းစားကြည့်ပါ။ (ယော. ၅:၂၈၊ ၂၉) အသေးစိတ် အချက်အလက်တွေ ကျမ်းစာမှာ ဖော်ပြမထားပေမဲ့ ရှင်ပြန်ထမြောက်လာသူတွေကို စားစရာ၊ နေစရာ၊ ဝတ်စရာ ပေးဖို့ လိုလာမယ်။ အခုကတည်းက ကူညီပေးချင်စိတ် ရှိတယ်ဆိုတာ ပြနိုင်မလား။ ဒီမေးခွန်းတွေ စဉ်းစားကြည့်ပါ။

ကမ္ဘာမြေကို အမွေရဖို့ အသင့်ပြင်နေကြောင်း ဘယ်လို ပြနိုင်သလဲ။

ကိုယ့်အသင်းတော်ကို တိုက်နယ်ကြီးကြပ်မှူး လည်ပတ်မယ်လို့ ကြေညာတဲ့အခါ ထမင်းဖိတ်ကျွေးနိုင်မလား။ အထူးအချိန်ပြည့်အမှုထမ်းတွေ ဗေသလကနေ လယ်ကွင်းကို ပြန်သွားရတဲ့အခါ၊ တိုက်နယ်ကြီးကြပ်မှူးတစ်ယောက် တာဝန် ပြီးဆုံးသွားတဲ့အခါ နေစရာ ရှာတွေ့ဖို့ ကူညီပေးနိုင်မလား။ ကိုယ့်ဒေသမှာ ခရိုင်အစည်းအဝေး၊ အထူးအစည်းအဝေးကြီး ကျင်းပမယ်ဆိုရင် မတိုင်ခင်၊ ပြီးနောက် ဒါမှမဟုတ် ကိုယ်စားလှယ်တွေ လက်ခံကြိုဆိုရေးမှာ စေတနာ့ဝန်ထမ်း လုပ်နိုင်မလား။

ရှင်ပြန်ထမြောက်လာသူတွေကို သွန်သင်ပေးဖို့ အသင့်ပြင်ခြင်း

တမန်တော် ၂၄:၁၅ အရ လူသန်းထောင်ပေါင်းများစွာ ရှင်ပြန်ထမြောက်လာမယ်လို့ မျှော်လင့်ထားကြတယ်။ သူတို့ အများစုဟာ ယေဟောဝါကို သိခွင့် မရလိုက်ဘဲ သေဆုံးသွားသူတွေ ဖြစ်တယ်။ အခု ရှင်ပြန်ထမြောက်လာတဲ့အခါ အဲဒီအခွင့်အရေး ပြန်ရကြမယ်။ a အတွေ့အကြုံရှိတဲ့ သစ္စာရှိကျေးကျွန်တွေဟာ အဲဒီလို သွန်သင်ခြင်းလုပ်ငန်းမှာ ပါဝင်ခွင့် ရကြမယ်။ (ဟေရှာ. ၁၁:၉) ဥရောပ၊ တောင်အမေရိက၊ အာဖရိကမှာ ဟောပြောခဲ့တဲ့ ညီအစ်မ ရှားလော့ဟာ ဒီအခွင့်ထူးမှာ အသုံးတော်ခံဖို့ စောင့်မျှော်နေတယ်။ “ရှင်ပြန်ထမြောက်လာသူတွေကို သွန်သင်ပေးဖို့ ကျွန်မ မျှော်လင့်နေတယ်။ အရင်က အသက်ရှင်ခဲ့သူ တစ်ယောက်ယောက်အကြောင်း ဖတ်ရတဲ့အခါ ‘ဒီလူသာ ယေဟောဝါကို သိခွင့် ရခဲ့မယ်ဆိုရင် သူ့ဘဝက တစ်မျိုးဖြစ်မှာ’ လို့ တွေးမိလေ့ရှိတယ်။ သူတို့ ဘာတွေ ဆုံးရှုံးသွားတယ်ဆိုတာ ပြောပြချင်လှပြီ” လို့ ပြောတယ်။

ယေရှုမတိုင်ခင် အသက်ရှင်ခဲ့တဲ့ သစ္စာရှိ ကျေးကျွန်တွေတောင် မြေကြီးပေါ် ထမြောက်လာတဲ့အခါ သင်ယူစရာ များစွာ ရှိမယ်။ ဒံယေလ ရေးခဲ့ပေမဲ့ ကိုယ်တိုင် နားမလည်ခဲ့တဲ့ ပရောဖက်ပြုချက်တွေ ပြည့်စုံမှုအကြောင်း ရှင်းပြခွင့်ရမှာ ကျွန်တော်တို့အတွက် တကယ့်ကို ပျော်စရာနဲ့ အခွင့်ထူးပဲဆိုတာ စဉ်းစားကြည့်ပါ။ (ဒံ. ၁၂:၈) ရုသနဲ့ နောမိကိုလည်း သူတို့ မိသားစုကနေ မေရှိယ ဘယ်လို ဆင်းသက်လာကြောင်း သိလာအောင် ကူညီပေးခွင့်ရမယ်။ လက်ရှိစနစ်ဆိုးရဲ့ ဖိစီးမှုတွေ၊ အာရုံပျံ့လွင့်စရာတွေ မရှိဘဲ ကမ္ဘာချီ သွန်သင်ခြင်းလုပ်ငန်းမှာ ပါဝင်ခွင့် ရတာ သိပ်ပျော်စရာကောင်းပါလိမ့်မယ်။

အဲဒီအစီအစဉ်မှာ ပါဝင်ဖို့ အသင့်ပြင်နေကြောင်း အခုကတည်းက ဘယ်လို ပြနိုင်သလဲ။ တစ်နည်းကတော့ သွန်သင်ခြင်းစွမ်းရည် တိုးတက်အောင် ကြိုးစားခြင်း၊ ဒီနေ့ခေတ် ကမ္ဘာချီ ဟောပြောခြင်းလုပ်ငန်းမှာ ပုံမှန် ပါဝင်ခြင်းအားဖြင့်ပါပဲ။ (မ. ၂၄:၁၄) ကိုယ့်အသက်အရွယ်၊ အခြေအနေကြောင့် အကန့်အသတ်နဲ့ပဲ ဟောပြောနိုင်ရင်တောင် အတတ်နိုင်ဆုံး ဆက်ဟောပြောခြင်းအားဖြင့် ရှင်ပြန်ထမြောက်လာသူတွေကို သွန်သင်ပေးချင်စိတ် ပြင်းပြနေကြောင်း ပြနိုင်တယ်။

ကိုယ့်ကိုယ်ကိုယ် ဒီအရေးကြီးတဲ့ မေးခွန်း မေးကြည့်ပါ– ကမ္ဘာမြေကို အမွေရဖို့၊ အုပ်ထိန်းဖို့၊ ရှင်ပြန်ထမြောက်လာသူတွေကို နေရာချပေးဖို့၊ သွန်သင်ပေးဖို့ စိတ်လှုပ်ရှားစွာ စောင့်မျှော်နေသလား။ ကမ္ဘာမြေကို အမွေရတဲ့အခါ လုပ်ရမယ့် အလုပ်တွေကို အခုကတည်းက လုပ်ဆောင်နေခြင်းအားဖြင့် ကမ္ဘာပေါ် ထာဝစဉ် အသက်ရှင်ဖို့ အသင့်ပြင်နေကြောင်း ပြနိုင်တယ်။

a ၂၀၂၂၊ စက်တင်ဘာလထုတ် ကင်းမျှော်စင်လူများစွာကို ဖြောင့်မတ်တဲ့ လမ်းစဉ် လိုက်စေခြင်း’ ဆောင်းပါးကို ကြည့်ပါ။