လေ့လာရန် ဆောင်းပါး ၅၂
ခက်ခဲချိန်တွေမှာ ခံရပ်နိုင်ဖို့ တခြားသူတွေကို ကူညီပါ
“လိုအပ်နေသူတွေကို ကူညီပေးနိုင်စွမ်း ရှိတယ်ဆိုရင် ကူညီဖို့ မတွန့်ဆုတ်ပါနဲ့။”—ပညာ. ၃:၂၇။
သီချင်း ၁၀၃ လူ့အသွင်ဆု သိုးထိန်းများ
အကြိုသုံးသပ်ချက် a
၁။ ကျေးကျွန်တွေရဲ့ ဆုတောင်းချက်တွေကို ယေဟောဝါ ဘယ်လို ဖြေပေးလေ့ ရှိသလဲ။
ညီအစ်ကို/မ တစ်ယောက်ယောက်ရဲ့ ပြင်းပြတဲ့ ဆုတောင်းချက်ကို ဖြေကြားပေးဖို့ သင့်ကို ယေဟောဝါ အသုံးပြုနိုင်တယ်ဆိုတာ သိပါသလား။ သင်ဟာ အကြီးအကဲ ဖြစ်စေ၊ အသင်းတော်အမှုထမ်း ဖြစ်စေ၊ ရှေ့ဆောင် ဖြစ်စေ၊ ကြေညာသူ ဖြစ်စေ၊ အသက်ကြီးသူ ဖြစ်စေ၊ ငယ်သူ ဖြစ်စေ၊ ညီအစ်ကို ဖြစ်စေ၊ ညီအစ်မ ဖြစ်စေ တခြားသူတွေကို ကူညီပေးနိုင်တယ်။ ယေဟောဝါကိုချစ်တဲ့ ညီအစ်ကို/မ တစ်ယောက်ယောက် ဘုရားဆီ အကူအညီ တောင်းတဲ့အခါ သူ့ကို “အားပေးထောက်မ” ဖို့ အကြီးအကဲတွေ၊ တခြားသစ္စာရှိ ကျေးကျွန်တွေကို ယေဟောဝါ သုံးလေ့ရှိတယ်။ (ကော. ၄:၁၁) ယေဟောဝါနဲ့ ညီအစ်ကို/မတွေကို ဒီနည်းနဲ့ ကူညီပေးခွင့်ရတာ တကယ့် အခွင့်ထူးပါပဲ။ ကပ်ရောဂါ၊ သဘာဝဘေး၊ နှိပ်စက်ညှဉ်းပန်းမှု ကြုံရတဲ့အခါ ညီအစ်ကို/မတွေကို ကူညီပေးနိုင်ပါတယ်။
ကပ်ရောဂါ ကြုံရချိန် တခြားသူတွေကို ကူညီပါ
၂။ ကပ်ရောဂါ ကြုံရချိန်မှာ တခြားသူတွေကို ကူညီဖို့ ဘာကြောင့် ခက်နိုင်သလဲ။
၂ ကပ်ရောဂါကြောင့် အချင်းချင်း ကူညီဖို့ ခက်နိုင်တယ်။ ဥပမာ၊ မိတ်ဆွေတွေဆီ သွားပြီး ကူညီပေးချင်ပေမဲ့ ရောဂါကြောင့် အန္တရာယ် ရှိနိုင်တယ်။ ငွေကြေးအကျပ်အတည်း ကြုံနေရသူတစ်ယောက်ယောက်ကို ထမင်းစား ဖိတ်ချင်ပေမဲ့ မဖြစ်နိုင်ဘူး။ တခြားသူတွေကို ကူညီပေးချင်ပေမဲ့ ကိုယ့်မိသားစုဝင်တွေလည်း ဖျားနေတယ်၊ ငွေကြေး ကျပ်တည်းနေတယ်ဆိုရင် ခက်နိုင်တယ်။ ဒါတောင် ညီအစ်ကို/မတွေကို ကျွန်တော်တို့ ကူညီပေးချင်တယ်။ အတတ်နိုင်ဆုံး ကူညီပေးတဲ့အခါ ယေဟောဝါ နှစ်သက်တယ်။ (ပညာ. ၃:၂၇။ ၁၉:၁၇) ဘာတွေ ကူညီပေးနိုင်သလဲ။
၃။ ဒေစီရဲ့ အသင်းတော်က အကြီးအကဲတွေဆီကနေ ဘာသင်ယူနိုင်သလဲ။ (ယေရမိ ၂၃:၄)
၃ အကြီးအကဲတွေ လုပ်ဆောင်နိုင်ရာ။ သင်ဟာ အကြီးအကဲ ဖြစ်မယ်ဆိုရင် သိုးတော်စုအကြောင်း ကောင်းကောင်း သိအောင် လုပ်ပါ။ (ယေရမိ ၂၃:၄ ကို ဖတ်ပါ။) “ကျွန်မတို့အုပ်စုမှာ ရှိတဲ့ အကြီးအကဲတွေက အရင်ကတည်းက ကျွန်မတို့နဲ့အတူ အမှုဆောင်ထွက်တယ်။ အတူပေါင်းသင်းတယ်” လို့ ရှေ့ဆောင်းပါးမှာ ဖော်ပြခဲ့တဲ့ ညီအစ်မ ဒေစီ ပြောတယ်။ b အဲဒီလို လုပ်ထားလို့ ကိုဗစ်-၁၉ ကြောင့် မိသားစုဝင်တွေ ဆုံးရှုံးလိုက်ရတဲ့ ဒေစီကို ကူညီပေးဖို့ ပိုလွယ်သွားတယ်။
၄။ ဒေစီကို အကြီးအကဲတွေ ဘာကြောင့် ကူညီပေးနိုင်သလဲ။ ဘာသင်ယူနိုင်သလဲ။
၄ “အကြီးအကဲတွေကို မိတ်ဆွေတွေလို ရင်းနှီးနေလို့ ကျွန်မ ဘယ်လို ခံစားနေရတယ်၊ ဘာတွေ စိုးရိမ်နေရတယ်ဆိုတာ ပြောပြဖို့ ပိုလွယ်တယ်” လို့ ဒေစီ ပြောတယ်။ အကြီးအကဲတွေ ဘာသင်ယူနိုင်သလဲ။ ဘေးဒုက္ခ မကြုံခင်ကတည်းက ကိုယ့်အုပ်စုမှာရှိတဲ့ ညီအစ်ကို/မတွေဆီ သိုးထိန်းလည်ပတ်မှု လုပ်ပါ။ သူတို့နဲ့ မိတ်ဆွေ ဖြစ်အောင် လုပ်ပါ။ ကပ်ရောဂါ ဖြစ်လာလို့ လူကိုယ်တိုင် မလည်ပတ်နိုင်ရင် တခြားနည်းတွေနဲ့ ဆက်သွယ်ပါ။ “တစ်ခါတလေ တစ်ရက်တည်းမှာပဲ ကျွန်မဆီ အကြီးအကဲ အတော်များများ ဖုန်းခေါ်ကြတယ်။ စာတို ပို့ပေးကြတယ်။ သူတို့ပို့ပေးတဲ့ ကျမ်းချက်တွေက အကျွမ်းတဝင်ရှိပြီးသား ဖြစ်ပေမဲ့ စိတ်ထိမိစေတယ်” လို့ ဒေစီ ပြောတယ်။
၅။ ညီအစ်ကို/မတွေရဲ့ လိုအပ်ရာကို အကြီးအကဲတွေ ဘယ်လို သိနိုင်မလဲ။ ဘယ်လို ကူညီပေးနိုင်မလဲ။
၅ အကူအညီ လိုနေတဲ့ ညီအစ်ကို/မတွေကို ကူညီပေးနိုင်တဲ့ တစ်နည်းကတော့ စိတ်အနှောင့်အယှက် မဖြစ်စေတဲ့ မေးခွန်းတွေ မေးခြင်းအားဖြင့်ပါပဲ။ (ပညာ. ၂၀:၅) စားစရာ၊ ဆေးဝါးနဲ့ တခြားအထောက်အပံ့ပစ္စည်းတွေ အလုံအလောက် ရှိရဲ့လား။ အလုပ်ပြုတ်သွားနိုင်ခြေ ရှိနေသလား။ အိမ်ငှားခ ပေးဖို့ ခက်နေသလား။ အစိုးရ အထောက်အပံ့တွေ လျှောက်ဖို့ အကူအညီ လိုနေသလား။ ဒေစီကို ယုံကြည်သူချင်းတွေ ရုပ်ပိုင်းအရ ကူညီပေးကြတယ်။ ဒါပေမဲ့ အခက်အခဲတွေကို ကျော်ဖြတ်နိုင်ခဲ့တာဟာ အဓိကအားဖြင့် အကြီးအကဲတွေဆီက ရတဲ့ စိတ်ပိုင်းနဲ့ ဘုရားရေးရာပိုင်း ထောက်မမှုတွေကြောင့်ပါ။ “အကြီးအကဲတွေ ကျွန်မနဲ့အတူ ဆုတောင်းပေးကြတယ်။ သူတို့ ဘာပြောခဲ့သလဲ အတိအကျ မမှတ်မိတော့ပေမဲ့ ကျွန်မ ဘယ်လို ခံစားရတယ် ဆိုတာတော့ မှတ်မိနေတုန်းပဲ။ ‘သမီး တစ်ယောက်တည်း မဟုတ်ဘူး’ လို့ ယေဟောဝါ ပြောနေသလိုပါပဲ” ဆိုပြီး ပြောတယ်။—ဟေရှာ. ၄၁:၁၀၊ ၁၃။
၆။ တခြားသူတွေကို ကူညီဖို့ အသင်းတော်ထဲက ညီအစ်ကို/မတွေ ဘာလုပ်နိုင်သလဲ။ (ရုပ်ပုံကို ကြည့်ပါ။)
၆ တခြားသူတွေ လုပ်ဆောင်နိုင်ရာ။ အသင်းတော်မှာ ညီအစ်ကို/မတွေကို အကြီးအကဲတွေ ကူညီပေးဖို့ ကျွန်တော်တို့ မျှော်လင့်ကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့အားလုံး အပြန်အလှန် အားပေးကူညီဖို့ ယေဟောဝါ မျှော်လင့်တယ်။ (ဂလ. ) နည်းနည်းပါးပါး ကူညီပေးတာလေးကတောင် နေမကောင်း ဖြစ်နေသူအတွက် အများကြီး အားပေးမှု ဖြစ်စေနိုင်တယ်။ ညီအစ်ကိုတစ်ယောက်ကို အားပေးဖို့ ကလေးငယ်တစ်ယောက် ပုံဆွဲပေးနိုင်တယ်။ ကတ်ပို့ပေးနိုင်တယ်။ လူငယ်ဖြစ်မယ်ဆိုရင် ညီအစ်မတစ်ယောက်အတွက် ဈေးဝယ်ပေးနိုင်တယ်။ အိမ်မှုကိစ္စ လုပ်ပေးနိုင်တယ်။ နေမကောင်း ဖြစ်နေသူအတွက် အစားအသောက်တွေ ချက်ပြုတ်ပြီး ပို့ပေးနိုင်တယ်။ ကပ်ရောဂါ တော်တော် ပျံ့လာပြီဆိုရင် အသင်းတော်မှာရှိသူတိုင်း အားပေးမှု လိုအပ်တယ်။ လူချင်းတွေ့ပြီးဖြစ်စေ၊ ဗီဒီယိုချိတ်ဆက်မှုကတစ်ဆင့်ဖြစ်စေ အစည်းအဝေးပြီးနောက် ညီအစ်ကို/မတွေနဲ့ စကားပြောနိုင်ဖို့ ပိုကြာကြာနေနိုင်တယ်။ အကြီးအကဲတွေလည်း အားပေးမှု လိုအပ်တယ်။ ကပ်ရောဂါကာလအတွင်း ပိုအလုပ်များလာတဲ့ အကြီးအကဲတွေကို ကျေးဇူးတင်ကြောင်း သက်သေခံတချို့ စာတိုပို့ပေးကြတယ်။ “အချင်းချင်း ဆက်ပြီး နှစ်သိမ့်အားပေးနေ” ဖို့ ကိုယ်စီလုပ်ဆောင်ကြတဲ့အခါ ဝမ်းသာစရာပါပဲ။— ၆:၁၀၁ သက်. ၅:၁၁။
သဘာဝဘေး ကြုံနေရသူတွေကို ကူညီပါ
၇။ သဘာဝဘေး ကြုံပြီးနောက် ဘာတွေ ရင်ဆိုင်ရနိုင်သလဲ။
၇ သဘာဝဘေးကြောင့် မျက်စိတစ်မှိတ်အတွင်းမှာပဲ လူတစ်ယောက် ဘဝ ပြောင်းလဲသွားနိုင်တယ်။ ပိုင်ဆိုင်ရာတွေ၊ အိမ်နဲ့ ချစ်ရသူတွေ ဆုံးရှုံးသွားနိုင်တယ်။ ညီအစ်ကို/မတွေလည်း ဒီအဖြစ်ဆိုးတွေ ကြုံရကြတယ်။ ကျွန်တော်တို့ ဘယ်လို ကူညီပေးနိုင်သလဲ။
၈။ သဘာဝဘေး မကြုံခင်ကတည်းက အကြီးအကဲတွေနဲ့ အိမ်ထောင်ဦးစီးတွေ ဘာလုပ်နိုင်သလဲ။
၈ အကြီးအကဲတွေ လုပ်ဆောင်နိုင်ရာ။ အကြီးအကဲတို့၊ သဘာဝဘေး မကြုံခင်ကတည်းက ကြိုတင်ပြင်ဆင်ဖို့ ညီအစ်ကို/မတွေကို ကူညီပေးပါ။ ဘေးကင်းလုံခြုံဖို့ ဘာတွေ လုပ်ရမယ်၊ အကြီးအကဲတွေကို ဘယ်လို ဆက်သွယ်ရမယ်ဆိုတာ အသင်းတော်မှာရှိသူတိုင်း သိအောင် ကူညီပေးပါ။ ရှေ့ဆောင်းပါးမှာ ဖော်ပြတဲ့ မာဂရက် ဒီလိုပြောတယ်– “ကျွန်မတို့နေတဲ့ဒေသမှာ တောမီးလောင်နိုင်ခြေ ရှိသေးတယ်လို့ ဒေသလိုအပ်ရာအပိုင်းမှာ အကြီးအကဲတွေ သတိပေးတယ်။ ပြောင်းရွှေ့ဖို့ အာဏာပိုင်တွေ သတိပေးလာပြီ၊ အခြေအနေတွေ ပိုဆိုးလာပြီဆိုရင် ချက်ချင်း ထွက်ခွာရမယ်လို့ သူတို့ ပြောတယ်။” ငါးပတ်အကြာမှာပဲ အသက်အန္တရာယ်ရှိစေတဲ့ တောမီး လောင်လို့ အချိန်ကိုက် သတိပေးချက်ပါပဲ။ မိသားစုဝင်တစ်ယောက်စီ ဘာလုပ်ရမယ်ဆိုတာ မိသားစုဝတ်ပြုမှုအတွင်းမှာ အိမ်ထောင်ဦးစီးတွေ ဆွေးနွေးနိုင်တယ်။ သင်နဲ့ သင့်ကလေးတွေ ကြိုတင်ပြင်ဆင်ထားမယ်ဆိုရင် သဘာဝဘေး ကြုံရတဲ့အခါ တည်တည်ငြိမ်ငြိမ် ရှိနိုင်ပါလိမ့်မယ်။
၉။ သဘာဝဘေး မကြုံခင်နဲ့ ကြုံပြီးနောက်ပိုင်း အကြီးအကဲတွေ ဘယ်လို စီစဉ်နိုင်သလဲ။
၉ သင်ဟာ အုပ်စုကြီးကြပ်မှူး ဖြစ်မယ်ဆိုရင် သဘာဝဘေး မကြုံခင်ကတည်းက သင့်အုပ်စုမှာ ရှိသူအားလုံးကို ဆက်သွယ်နိုင်ဖို့ တိကျတဲ့ အချက်အလက်တွေ ယူထားပါ။ အဲဒါတွေကို စာရင်းပြုစုထားပြီး နောက်ဆုံးအချက်အလက်နဲ့အညီ ဖြစ်စေပါ။ ဒါဆိုရင် သဘာဝဘေး ကြုံတဲ့အခါ ကြေညာသူတစ်ယောက်ချင်းစီ ဘာလိုအပ်နေတယ်ဆိုတာ သိဖို့ ဆက်သွယ်နိုင်ပါလိမ့်မယ်။ သိပြီဆိုတာနဲ့ အကြီးအကဲအဖွဲ့ ညှိနှိုင်းရေးမှူးဆီ ချက်ချင်း သတင်းပို့ပါ။ သူက တိုက်နယ်ကြီးကြပ်မှူးကို ဆက်သွယ်ပါလိမ့်မယ်။ ညီအစ်ကိုတွေ ပူးပေါင်းလုပ်ဆောင်တဲ့အခါ ညီအစ်ကို/မတွေကို အကောင်းဆုံးနည်းနဲ့ ကူညီပေးနိုင်မယ်။ တောမီး လောင်ပြီးနောက် မာဂရက်ဒေသက တိုက်နယ်ကြီးကြပ်မှူးဟာ ပြောင်းရွှေ့လာတဲ့ ညီအစ်ကို/မ ၄၅၀ လောက်ကို ဆက်သွယ်ဖို့၊ လိုအပ်တဲ့ အကူအညီ ပေးဖို့ ၃၆ နာရီ လုံးလုံး မအိပ်ဘဲ အကြီးအကဲတွေကို စီစဉ်ညွှန်ကြားပေးခဲ့တယ်။ (၂ ကော. ၁၁:၂၇) ဒါကြောင့် နေစရာလိုတဲ့ ညီအစ်ကို/မတိုင်းကို နေစရာ စီစဉ်ပေးနိုင်ခဲ့တယ်။
၁၀။ သိုးထိန်းလည်ပတ်မှု လုပ်ဖို့ အရေးကြီးတယ်လို့ အကြီးအကဲတွေ ဘာကြောင့် ယူဆကြသလဲ။ (ယောဟန် ၂၁:၁၅)
၁၀ ညီအစ်ကို/မတွေကို စိတ်ပိုင်း၊ ဘုရားရေးရာပိုင်း ကူညီပေးဖို့ အကြီးအကဲတွေမှာ တာဝန်ရှိတယ်။ (၁ ပေ. ၅:၂) သဘာဝဘေး ကြုံတဲ့အခါ ညီအစ်ကို/မတွေ ဘေးကင်းလုံခြုံကြောင်း၊ စားစရာ၊ ဝတ်စရာ၊ နေစရာ ရှိကြောင်း အရင် သေချာအောင် လုပ်သင့်တယ်။ ဒါပေမဲ့ လပေါင်းများစွာ ကြာတဲ့ အထိ ဘုရားရေးရာပိုင်းနဲ့ စိတ်ပိုင်း အားပေးထောက်မမှု လိုအပ်နေနိုင်တယ်။ (ယောဟန် ၂၁:၁၅ ကို ဖတ်ပါ။) “ပြန်နလန်ထူနိုင်ဖို့ အချိန် လိုတယ်။ အခြေအနေတွေ နေသားကျလာနိုင်ပေမဲ့ သေဆုံးသွားတဲ့ ချစ်ရသူတွေ၊ အဖိုးတန် ပိုင်ဆိုင်ရာတွေ၊ ကြုံခဲ့ရတဲ့ ထိတ်လန့်စရာ အဖြစ်ဆိုးတွေရဲ့ ပုံရိပ်တွေ ဆက်ကျန်နေနိုင်တယ်။ တမြည့်မြည့် ပူဆွေးသောက ရောက်နေနိုင်တယ်။ ဒါက ယုံကြည်ခြင်း မရှိလို့ မဟုတ်ပါဘူး။ ဖြစ်လေ့ရှိတဲ့ သဘာဝပါပဲ” လို့ သဘာဝဘေး ကြုံရတဲ့ ညီအစ်ကို/မတွေနဲ့ တွေ့ခဲ့တဲ့ ဌာနခွဲ ကော်မတီဝင် ညီအစ်ကို ဟယ်ရယ်လ် ပြောတယ်။
၁၁။ မိသားစုတွေ ဘယ်အကူအညီ ဆက်လိုအပ်နိုင်သလဲ။
၁၁ “ငိုကြွေးသူတွေနဲ့အတူ ငိုကြွေးပါ” ဆိုတဲ့ ကျမ်းစာလမ်းညွှန်ချက်ကို အကြီးအကဲတွေ လက်တွေ့ကျင့်သုံးကြတယ်။ (ရော. ၁၂:၁၅) အသက်ရှင်ကျန်ရစ်သူတွေကို ယေဟောဝါနဲ့ ညီအစ်ကို/မတွေ ဆက်ချစ်နေဆဲပဲဆိုတာ ခံစားရစေဖို့ ကူညီပေးကြတယ်။ ဆုတောင်းတာ၊ ကိုယ်ပိုင်လေ့လာမှု လုပ်တာ၊ အစည်းအဝေး တက်တာ၊ ဟောပြောတာ စတဲ့ ဘုရားရေးရာ လုပ်ဆောင်မှုတွေကို မိသားစုတွေ ဆက်လုပ်နိုင်ဖို့ ကူညီပေးကြတယ်။ ဘယ်သဘာဝဘေးမှ မဖျက်ဆီးနိုင်တဲ့အရာတွေကို ကလေးတွေ အာရုံစိုက်နိုင်အောင် မိဘတွေ ကူညီပေးဖို့လည်း အားပေးနိုင်တယ်။ မိဘတို့၊ ယေဟောဝါက သင့်ကလေးတွေရဲ့ မိတ်ဆွေအဖြစ် ရှိနေပြီး ဆက်ရှိနေမယ်ဆိုတာ သူတို့ကို အမှတ်ရစေပါ။ အချင်းချင်း ကူညီဖို့ အသင့်ရှိတဲ့ ကမ္ဘာချီ ညီအစ်ကိုအသင်းအပင်း မိသားစုဝင် ဖြစ်နေဆဲပဲဆိုတာ သူတို့နားလည်အောင် ရှင်းပြပါ။—၁ ပေ. ၂:၁၇။
၁၂။ သဘာဝဘေး ကယ်ဆယ်ရေးမှာ ကူညီပေးဖို့ တခြားသူတွေ ဘာလုပ်နိုင်သလဲ။ (ရုပ်ပုံကို ကြည့်ပါ။)
၁၂ တခြားသူတွေ လုပ်ဆောင်နိုင်ရာ။ သင့်အနီးနားမှာ ဘေးအန္တရာယ် ကျရောက်တယ်ဆိုရင် ဘယ်လို ကူညီနိုင်မလဲဆိုတာ အကြီးအကဲတွေကို မေးမြန်းပါ။ ရွှေ့ပြောင်းလာတဲ့ ညီအစ်ကို/မတွေအတွက်ဖြစ်စေ၊ ဆောက်လုပ်ရေး စေတနာ့ဝန်ထမ်းတွေအတွက်ဖြစ်စေ နေစရာ စီစဉ်ပေးနိုင်တယ်။ လိုအပ်နေတဲ့ ကြေညာသူတွေဆီ အစားအသောက်နဲ့ အထောက်အပံ့ပစ္စည်းတွေ ပို့ပေးနိုင်တယ်။ ပိုဝေးတဲ့ဒေသမှာ သဘာဝဘေး ကျရောက်တယ်ဆိုရင်တောင် ကူညီပေးနိုင်ဆဲပါပဲ။ ဘယ်လိုနည်းနဲ့လဲ။ ဘေးသင့်သူတွေအတွက် ဆုတောင်းပေးခြင်းအားဖြင့်ပါ။ (၂ ကော. ၁:၈-၁၁) ကမ္ဘာချီလုပ်ငန်းအတွက် အလှူငွေထည့်ဝင်ခြင်းအားဖြင့် ကယ်ဆယ်ရေးလုပ်ငန်းကို ငွေကြေးအရ ကူညီပေးနိုင်တယ်။ (၂ ကော. ၈:၂-၅) ဘေးအန္တရာယ်ကျရောက်တဲ့ ဒေသကို သွားရောက်ကူညီပေးနိုင်တယ်ဆိုရင် စေတနာ့ဝန်ထမ်းဖို့ အကြီးအကဲတွေကို မေးမြန်းပါ။ သင် ဖိတ်ခေါ်ခံရတယ်ဆိုရင် အလိုအပ်ဆုံး နေရာနဲ့ အချိန်မှာ ကူညီပေးနိုင်အောင် လေ့ကျင့်မှုတချို့ ရကောင်းရပါလိမ့်မယ်။
နှိပ်စက်ညှဉ်းပန်းမှုကို ခံရပ်နိုင်ဖို့ ကူညီပေးပါ
၁၃။ ပိတ်ပင်ခံရတဲ့ ဒေသက ညီအစ်ကိုတွေ ဘာအခက်အခဲတွေ ကြုံရသလဲ။
၁၃ ကျွန်တော်တို့ရဲ့လုပ်ငန်း ပိတ်ပင်ခံထားရတဲ့ ဒေသမှာ နှိပ်စက်ညှဉ်းပန်းမှုကြောင့် ဘဝက ပိုခက်ခဲတယ်။ စီးပွားရေးပြဿနာ၊ ဖျားနာတာ၊ ချစ်ရသူ သေဆုံးသွားတာတွေကို အဲဒီဒေသမှာရှိတဲ့ ညီအစ်ကိုတချို့ ကြုံရတယ်။ ဒါပေမဲ့ ပိတ်ပင်ခံထားရလို့ အကြီးအကဲတွေဟာ အကူအညီ လိုအပ်နေသူတွေဆီ လွတ်လွတ်လပ်လပ် သွားတာမျိုး၊ ဆက်သွယ်တာမျိုး မလုပ်နိုင်ဘူး။ ရှေ့ဆောင်းပါးမှာ ဖော်ပြခဲ့တဲ့ အန်ဒရေလည်း အလားတူ ကြုံခဲ့ရတယ်။ သူ့အုပ်စုက ညီအစ်မတစ်ယောက် ငွေကြေးအခက်အခဲ ကြုံရတယ်။ ယာဉ်တိုက်မှုလည်း ဖြစ်သွားတယ်။ ခွဲစိတ်မှု အတော်များများ လုပ်ဖို့ လိုပြီး အလုပ်လည်း မသွားနိုင်တော့ဘူး။ ကန့်သတ်မှုတွေ၊ ကပ်ရောဂါတွေကြားမှာတောင် တတ်နိုင်တဲ့အပိုင်းကနေ ညီအစ်ကိုတွေ ကူညီပေးကြတယ်။ ညီအစ်မ လိုအပ်တာကို ယေဟောဝါ မြင်ပြီး ကူညီပေးဖို့ ညီအစ်ကိုတွေကို လှုံ့ဆော်ပေးတယ်။
၁၄။ ယေဟောဝါကို အားကိုးခြင်းအားဖြင့် အကြီးအကဲတွေ ဘယ်ပုံသက်သေ ချမှတ်နိုင်သလဲ။
၁၄ အကြီးအကဲတွေ လုပ်ဆောင်နိုင်ရာ။ အန်ဒရေ ဆုတောင်းပြီး လုပ်နိုင်တာကို လုပ်ခဲ့တယ်။ ယေဟောဝါ ဘယ်လို ကူညီပေးသလဲ။ လွတ်လွတ်လပ်လပ် ကူညီပေးနိုင်တဲ့ ယုံကြည်သူချင်းတချို့ကို လှုံ့ဆော်ပေးတယ်။ တချို့က ညီအစ်မကို ဆေးခန်း အကြိုအပို့ လုပ်ပေးကြတယ်။ တချို့က ငွေကြေး ထောက်ပံ့ကြတယ်။ တတ်နိုင်တဲ့ ဘက်ကနေ ကူညီပေးဖို့ သူတို့ကို ယေဟောဝါ လှုံ့ဆော်ပေးတယ်။ စည်းလုံးတဲ့၊ သတ္တိရှိတဲ့ လုပ်ရပ်ကို ကောင်းချီးပေးတယ်။ (ဟီ. ၁၃:၁၆) အကြီးအကဲတို့၊ လုပ်ငန်း ကန့်သတ်ခံရတဲ့အခါ တခြားသူတွေကို တာဝန်လွှဲပေးပါ။ (ယေ. ၃၆:၅၊ ၆) အရေးကြီးဆုံးကတော့ ယေဟောဝါကို အားကိုးပါ။ ညီအစ်ကို/မတွေရဲ့ လိုအပ်ရာကို ဖြည့်ဆည်းပေးဖို့ သင်တို့ကို ယေဟောဝါ ကူညီပေးနိုင်တယ်။
၁၅။ နှိပ်စက်ညှဉ်းပန်းမှုအောက် ခရစ်ယာန်စည်းလုံးမှု ဘယ်လို ဆက်ထိန်းသိမ်းနိုင်သလဲ။
၁၅ တခြားသူတွေ လုပ်ဆောင်နိုင်ရာ။ ပိတ်ပင်မှုအောက် အုပ်စုငယ်လေးတွေအဖြစ် စုဝေးရနိုင်တယ်။ ဒါကြောင့် အခုကတည်းက ညီအစ်ကို/မ အားလုံးနဲ့ သင့်သင့်မြတ်မြတ်ရှိအောင် ကြိုးစားဖို့ အရေးကြီးတယ်။ အချင်းချင်းကို မဟုတ်ဘဲ စာတန်ကို တိုက်ခိုက်ပါ။ ညီအစ်ကို/မတွေရဲ့ အမှားတွေကို ခွင့်လွှတ်ပါ။ ပြဿနာကို ချက်ချင်း ဖြေရှင်းပါ။ (ပညာ. ၁၉:၁၁။ ဧ. ၄:၂၆) ကိုယ့်ဘက်က အစပြုပြီး ကူညီပေးပါ။ (တိ. ၃:၁၄) လိုအပ်နေတဲ့ ညီအစ်မကို ဝိုင်းဝန်းကူညီပေးလို့ အမှုဆောင်အုပ်စုမှာ အပြုသဘောထား ပိုရှိလာတယ်။ မိသားစုတွေလို ပိုစည်းလုံးလာတယ်။—ဆာ. ၁၃၃:၁။
၁၆။ ကောလောသဲ ၄:၃၊ ၁၈ မှာ ပါတဲ့အတိုင်း နှိပ်စက်ညှဉ်းပန်းခံနေရတဲ့ ညီအစ်ကို/မတွေကို ဘယ်လို ကူညီပေးနိုင်သလဲ။
၁၆ အစိုးရရဲ့ ကန့်သတ်မှုတွေကြားမှာတောင် ညီအစ်ကို/မ များစွာ ယေဟောဝါကို အမှုဆောင်နေကြတယ်။ တချို့က ယုံကြည်ချက်ကြောင့် ထောင်ချခံရတယ်။ သူတို့အတွက်၊ သူတို့ရဲ့ မိသားစုဝင်တွေအတွက် ဆုတောင်းပေးနိုင်တယ်။ ကိုယ့်လွတ်လပ်မှုကို စတေးပြီး အဲဒီညီအစ်ကို/မတွေရဲ့ ဘုရားရေးရာပိုင်း၊ ရုပ်ပိုင်း၊ တရားဥပဒေပိုင်း ကြိုးစားကူညီပေးသူတွေအတွက်လည်း ဆုတောင်းပေးနိုင်တယ်။ c (ကောလောသဲ ၄:၃၊ ၁၈ ကို ဖတ်ပါ။) ဆုတောင်းခြင်းရဲ့ အစွမ်းတန်ခိုးကို ဘယ်တော့မှ လျှော့မတွက်လိုက်ပါနဲ့။—၂ သက်. ၃:၁၊ ၂။ ၁ တိ. ၂:၁၊ ၂။
၁၇။ နှိပ်စက်ညှဉ်းပန်းမှုအတွက် အခုကတည်းက ဘယ်လို အသင့်ပြင်နိုင်သလဲ။
၁၇ နှိပ်စက်ညှဉ်းပန်းမှုအတွက် သင်နဲ့ မိသားစု အခုကတည်းက အသင့်ပြင်နိုင်တယ်။ (တ. ၁၄:၂၂) ဖြစ်လာနိုင်တဲ့ အဆိုးတွေကိုပဲ မစဉ်းစားပါနဲ့။ အဲဒီအစား ယေဟောဝါနဲ့ ဆက်ဆံရေး ခိုင်မြဲအောင် လုပ်ပါ။ သင့်ကလေးတွေကိုလည်း အလားတူလုပ်ဖို့ ကူညီပေးပါ။ စိုးရိမ်ပူပန်လာတဲ့အခါ ယေဟောဝါဆီ ရင်ဖွင့်ဆုတောင်းပါ။ (ဆာ. ၆၂:၇၊ ၈) ယေဟောဝါကို ဘာကြောင့် ယုံကြည်ကိုးစားနိုင်တယ်ဆိုတဲ့ အကြောင်းရင်းတွေကို မိသားစုလိုက် ဆွေးနွေးပါ။ d သဘာဝဘေးအတွက်လိုပဲ နှိပ်စက်ညှဉ်းပန်းမူအတွက်လည်း သင့်ဘက်က ကြိုတင်ပြင်ဆင်ထားမယ်၊ ယေဟောဝါကို ဆက်ယုံကြည်ကိုးစားမယ်ဆိုရင် ကလေးတွေ သတ္တိရှိဖို့၊ တည်တည်ငြိမ်ငြိမ် ရှိဖို့ အထောက်အကူ ရမယ်။
၁၈။ ဘယ်အနာဂတ် စောင့်ကြိုနေသလဲ။
၁၈ ဘုရားသခင့် ငြိမ်သက်ခြင်းက ဘေးကင်းလုံခြုံတယ်လို့ ကျွန်တော်တို့ကို ခံစားရစေပါလိမ့်မယ်။ (ဖိ. ၄:၆၊ ၇) ကပ်ရောဂါ၊ သဘာဝဘေး၊ နှိပ်စက်ညှဉ်းပန်းမှုတွေ ကြုံရချိန်မှာ စိတ်တည်ငြိမ်စေမယ်။ ကျွန်တော်တို့ကို ထိန်းကျောင်းဖို့ အလုပ်ကြိုးစားတဲ့ အကြီးအကဲတွေကို ယေဟောဝါ အသုံးပြုတယ်။ အချင်းချင်း ကူညီပေးနိုင်တဲ့ အခွင့်ထူးကိုလည်း ပေးထားတယ်။ အခု ရထားတဲ့ ငြိမ်သက်မှုက စမ်းသပ်မှုကြီးတွေ အပါအဝင် “ကြီးစွာသောဒုက္ခ” အတွက်ပါ အသင့်ပြင်ထားနိုင်ဖို့ ကူညီပေးမယ်။ (မ. ၂၄:၂၁) အဲဒီအချိန်ကျရင် ကျွန်တော်တို့ ငြိမ်သက်မှု ထိန်းထားဖို့ လိုမယ်။ တခြားသူတွေကိုလည်း အဲဒီလို ထိန်းထားနိုင်ဖို့ ကူညီပေးရမယ်။ ဒါတွေပြီးရင်တော့ စိုးရိမ်သောက ရောက်စေတဲ့ အဖြစ်ဆိုးတွေ ကြုံစရာ မလိုတော့ဘူး။ ကျွန်တော်တို့အတွက် ယေဟောဝါ အစကတည်းက ရည်ရွယ်ထားတဲ့ စစ်မှန်၊ တည်မြဲတဲ့ ငြိမ်သက်မှုကို ခံစားရပါလိမ့်မယ်။—ဟေရှာ. ၂၆:၃၊ ၄။
သီချင်း ၁၀၉ နှစ်နှစ်ကာကာ ချစ်ကြပါ
a အခက်အခဲ ကြုံနေရသူတွေကို ကူညီဖို့ သစ္စာရှိကျေးကျွန်တွေကို ယေဟောဝါ မကြာခဏ အသုံးပြုတယ်။ ညီအစ်ကို/မတွေကို အားပေးဖို့ သင့်ကိုလည်း အသုံးပြုနိုင်တယ်။ လိုအပ်နေတဲ့ တခြားသူတွေကို ဘယ်လို ကူညီပေးနိုင်ကြောင်း လေ့လာကြည့်ကြစို့။
b အမည်လွှဲများ။
c ဌာနခွဲ ဒါမှမဟုတ် ကမ္ဘာ့ဌာနချုပ်မှာ ရှိတဲ့သူတွေက တစ်ယောက်ချင်းစီရဲ့ စာတွေကို ထောင်ကျနေတဲ့ ညီအစ်ကို/မတွေဆီ ပို့ပေးဖို့ မဖြစ်နိုင်ဘူး။
d ၂၀၁၉၊ ဇူလိုင်လထုတ် ကင်းမျှော်စင် “နှိပ်စက်ညှဉ်းပန်းမှုအတွက် အခုကတည်းက ကြိုတင်ပြင်ဆင်ပါ” ဆောင်းပါးကို ကြည့်ပါ။
e ပုံအညွှန်း– သဘာဝဘေး ပြီးနောက် ယာယီတဲမှာ နေတဲ့ မိသားစုကို မောင်နှံတစ်စုံ စားစရာ ယူလာပေး။