မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၅၀

“ခင်ဗျားဟာ ကျွန်တော်နဲ့အတူ ပရဒိသုမှာ ရှိလိမ့်မယ်”

“ခင်ဗျားဟာ ကျွန်တော်နဲ့အတူ ပရဒိသုမှာ ရှိလိမ့်မယ်”

“ဒီနေ့ ကျွန်တော် မှန်တာကို ပြောမယ်။ ခင်ဗျားဟာ ကျွန်တော်နဲ့အတူ ပရဒိသုမှာ ရှိလိမ့်မယ်။”—လု. ၂၃:၄၃

သီချင်း ၁၄၅ ဘုရားကတိတော် ပရဒိသု

အကြိုသုံးသပ်ချက် a

၁။ ယေရှု မသေဆုံးခင် ဘေးက ရာဇဝတ်သားတစ်ယောက်ကို ဘာပြောသလဲ။ (လုကာ ၂၃:၃၉-၄၃)

 ယေရှုနဲ့ ဘေးက ရာဇဝတ်သား နှစ်ယောက်ဟာ မသေဆုံးခင် တမြည့်မြည့် ဝေဒနာ ခံစားနေကြရတယ်။ (လု. ၂၃:၃၂၊ ၃၃) ရာဇဝတ်သား နှစ်ယောက်စလုံး ယေရှုကို လှောင်ပြောင်တာကို ကြည့်ရင် တပည့် မဟုတ်တာ ထင်ရှားတယ်။ (မ. ၂၇:၄၄။ မာ. ၁၅:၃၂) ဒါပေမဲ့ တစ်ယောက်ကတော့ စိတ်ပြောင်းသွားတယ်။ “သခင်ယေရှု၊ ဘုရင်ဖြစ်တဲ့အခါ ကျွန်တော့်ကို သတိရပါ” လို့ ပြောတယ်။ “ဒီနေ့ ကျွန်တော် မှန်တာကိုပြောမယ်။ ခင်ဗျားဟာ ကျွန်တော်နဲ့အတူ ပရဒိသုမှာ ရှိလိမ့်မယ်” လို့ ယေရှု ပြန်ပြောတယ်။ (လုကာ ၂၃:၃၉-၄၃ ကို ဖတ်ပါ။) အမှုဆောင်လုပ်ငန်းအတွင်း ယေရှု ဟောခဲ့တဲ့ “ကောင်းကင်နိုင်ငံ” အကြောင်း သတင်းစကားကို ဒီရာဇဝတ်သား လက်ခံခဲ့တယ်ဆိုတဲ့ အထောက်အထား မရှိဘူး။ ကောင်းကင်နိုင်ငံသွားရမယ်လို့လည်း ဒီလူကို ယေရှု တစ်ခါမှ မပြောခဲ့ဘူး။ (မ. ၄:၁၇) အနာဂတ် မြေကြီးပရဒိသုအကြောင်း ယေရှု ပြောနေတာ။ ဘာကြောင့် အဲဒီလို ပြောနိုင်သလဲ။

ယေရှုနဲ့ စကားပြောခဲ့တဲ့ ရာဇဝတ်သားအကြောင်း၊ သူ သိထားတာတွေအကြောင်း ဘာကောက်ချက်ချနိုင်သလဲ (စာပိုဒ် ၂-၃ ကို ကြည့်ပါ)

၂။ နောင်တရတဲ့ ရာဇဝတ်သားဟာ ဂျူးဖြစ်ကြောင်း ဘယ်အချက်က ဖော်ပြသလဲ။

နောင်တရတဲ့ ရာဇဝတ်သားဟာ ဂျူးဖြစ်ပုံရတယ်။ “မင်း ဘုရားသခင်ကို မကြောက်ဘူးလား။ မင်းလည်း သူ့လို ပြစ်ဒဏ်စီရင်ခံနေရတာပဲ” လို့ နောက်ရာဇဝတ်သားကို သူ ပြောတယ်။ (လု. ၂၃:၄၀) ဂျူးတွေဟာ ဘုရားတစ်ပါးတည်းကိုပဲ ကိုးကွယ်ကြတယ်။ တခြားလူမျိုးတွေကတော့ ဘုရားအများကြီးကို ကိုးကွယ်ကြတယ်။ (ထွ. ၂၀:၂၊ ၃။ ၁ ကော. ၈:၅၊ ၆) ဒီရာဇဝတ်သားတွေသာ လူမျိုးခြား ဖြစ်မယ်ဆိုရင် ‘မင်း ဘုရားတွေကို မကြောက်ဘူးလား’ လို့ မေးမှာပဲ။ အဲဒီအပြင် ယေရှုဟာ လူမျိုးခြားတွေဆီ မဟုတ်ဘဲ “အစ္စရေးအမျိုးထဲက ပျောက်နေတဲ့ သိုးတွေဆီ” စေလွှတ်ခံရတာ။ (မ. ၁၅:၂၄) လူသေတွေကို ဘုရား ထမြောက်ပေးမယ်လို့ အစ္စရေးတွေ သိထားကြတယ်။ ဒါကို နောင်တရတဲ့ ရာဇဝတ်သားလည်း သိထားပုံရတယ်။ ဘုရားနိုင်ငံမှာ အုပ်ချုပ်ဖို့ ယေရှုကို ယေဟောဝါ ထမြောက်ပေးမယ်လို့ ယူဆကြောင်း သူ့ရဲ့စကားက ဖော်ပြတယ်။ သူ့ကိုလည်း ဘုရား ထမြောက်ပေးမယ်လို့ မျှော်လင့်နေပုံရတယ်။

၃။ ပရဒိသုလို့ ယေရှု ပြောတဲ့အခါ နောင်တရတဲ့ ရာဇဝတ်သား ဘာတွေးမိနိုင်သလဲ။ ရှင်းပြပါ။ (ကမ္ဘာဦး ၂:၁၅)

ဂျူးတစ်ယောက်အနေနဲ့ နောင်တရတဲ့ ရာဇဝတ်သားဟာ အာဒံနဲ့ ဧဝ အကြောင်း၊ သူတို့ကို ယေဟောဝါ ပေးတဲ့ ပရဒိသုအကြောင်း သိမှာပဲ။ ဒါကြောင့် ယေရှုပြောတဲ့ ပရဒိသုဟာ မြေကြီးပေါ်က လှပတဲ့ ဥယျာဉ် ဖြစ်မယ်ဆိုတာ သူ သဘောပေါက်ခဲ့မှာပဲ။ကမ္ဘာဦး ၂:၁၅ ကို ဖတ်ပါ။

၄။ ရာဇဝတ်သားတစ်ယောက်ကိုပြောတဲ့ ယေရှုရဲ့စကားက ဘာအကြောင်း စဉ်းစားဖို့ ကျွန်တော်တို့ကို လှုံ့ဆော်ပေးသင့်သလဲ။

ရာဇဝတ်သားကို ပြောတဲ့ ယေရှုရဲ့စကားတွေက လာမယ့် ပရဒိသုမှာ ဘဝ ဘယ်လိုမျိုး ရှိမလဲဆိုတာ စဉ်းစားဖို့ ကျွန်တော်တို့ကို လှုံ့ဆော်ပေးသင့်တယ်။ တကယ်တော့ ဘုရင်ရှောလမုန်ရဲ့ ငြိမ်းချမ်းတဲ့ အုပ်ချုပ်မှုကနေ ပရဒိသုအကြောင်း သင်ယူစရာတွေ ရှိတယ်။ ပိုကြီးမြတ်တဲ့ ရှောလမုန် ဖြစ်တဲ့ ယေရှုဟာ ကမ္ဘာမြေ ငြိမ်းချမ်းအောင် တွဲဖက်အုပ်ချုပ်သူတွေနဲ့ ပူးပေါင်းလုပ်ဆောင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်နိုင်တယ်။ (မ. ၁၂:၄၂) ပရဒိသုမှာ ထာဝစဉ် အသက်ရှင်ဖို့ အရည်အချင်း ပြည့်မီအောင် ဘာလုပ်ရမလဲဆိုတာ “တခြားသိုး” တွေ စိတ်ဝင်စားသင့်တယ်။—ယော. ၁၀:၁၆

ပရဒိသုမှာ ဘဝက ဘယ်လို ရှိမလဲ

၅။ ပရဒိသုမှာ ဘယ်လိုဘဝမျိုး ရှိမယ်လို့ စဉ်းစားမိသလဲ။

ပရဒိသုအကြောင်း စဉ်းစားလိုက်ရင် အတွေးထဲ ဘာပေါ်လာသလဲ။ ဧဒင်ဥယျာဉ်လို လှပတဲ့ ဥယျာဉ်တစ်ခု ဖြစ်နိုင်တယ်။ (က. ၂:၇-၉) “လူတိုင်းက ကိုယ့်စပျစ်ပင်၊ ကိုယ့်သဖန်းပင်အောက်မှာ ထိုင်ကြလိမ့်မယ်” ဆိုတဲ့ မိက္ခာပရောဖက်ပြုချက်ကိုလည်း တွေးမိမှာပဲ။ (မိ. ၄:၃၊ ၄) အစားအစာ အလျှံပယ် ရှိမယ်ဆိုတဲ့ ကျမ်းချက်တွေကိုလည်း တွေးမိနိုင်တယ်။ (ဆာ. ၇၂:၁၆။ ဟေရှာ. ၆၅:၂၁၊ ၂၂) လှပတဲ့ဥယျာဉ်ထဲ စားစရာ အပြည့်ခင်းထားတဲ့ စားပွဲမှာ ထိုင်နေတယ်လို့ ကိုယ့်ကိုယ်ကိုယ် မြင်ယောင်မိနိုင်တယ်။ သစ်ပင်ပန်းမန်တွေရဲ့ရနံ့နဲ့ ပြည့်နေတဲ့လေကို ရှူရှိုက်နေတာ စဉ်းစားမိနိုင်တယ်။ ရှင်ပြန်ထမြောက်လာသူတွေ အပါအဝင် ဆွေမျိုး၊ သူငယ်ချင်းတွေရဲ့ ရယ်မောပျော်ရွှင်နေတဲ့ အသံတွေကိုလည်း ကြားယောင်မိနိုင်တယ်။ ဒါဟာ အိပ်မက်လောက်ပဲ မဟုတ်ပါဘူး။ မြေကြီးပေါ် မကြာခင် ဖြစ်လာတော့မယ်။ ဒါပေမဲ့ ပရဒိသုမှာ ကျေနပ်စရာကောင်းတဲ့ အလုပ်လည်း လုပ်ရမယ်။

ရှင်ပြန်ထမြောက်လာသူတွေကို သွန်သင်ပေးရတဲ့ အရေးကြီးအလုပ် ရရှိကြမယ် (စာပိုဒ် ၆ ကို ကြည့်ပါ)

၆။ ပရဒိသုမှာ ဘာတွေ လုပ်ရမလဲ။ (ရုပ်ပုံကို ကြည့်ပါ။)

ကိုယ့်အလုပ်ကနေ ကျေနပ်ပျော်ရွှင်မှု ရနိုင်စွမ်းနဲ့ ကျွန်တော်တို့ကို ယေဟောဝါ ဖန်ဆင်းထားတယ်။ (ဒေ. ၂:၂၄) ခရစ်တော်ရဲ့ အနှစ်တစ်ထောင် အုပ်ချုပ်မှုအောက်မှာ ကျွန်တော်တို့ သိပ်ကို အလုပ်များကြမယ်။ ကြီးစွာသောဒုက္ခကနေ လွတ်မြောက်လာသူတွေကော ရှင်ပြန်ထမြောက်လာသူ သန်းပေါင်းများစွာအတွက်ပါ စားစရာ၊ ဝတ်စရာ၊ နေစရာ လိုမယ်။ အဲဒါတွေကို ဖြည့်ဆည်းပေးဖို့ဆိုရင် တော်တော် အလုပ်များမယ်။ ပရဒိသု ဥယျာဉ်ကို အာဒံနဲ့ ဧဝ ထွန်ယက်စိုက်ပျိုးပြီး ချဲ့ထွင်ခဲ့ရသလို ကျွန်တော်တို့လည်း ကမ္ဘာတစ်ခွင်လုံး ပရဒိသုဖြစ်အောင် လုပ်ဖို့ အခွင့်အရေး ရကြမယ်။ ယေဟောဝါနဲ့ ဘုရားရည်ရွယ်ချက်အကြောင်း မသိသေးတဲ့ ရှင်ပြန်ထမြောက်လာသူ သန်းပေါင်းများစွာကို သွန်သင်ပေးရတာ၊ ယေရှု မတိုင်ခင်တုန်းက အသက်ရှင်ခဲ့တဲ့ သစ္စာရှိသူတွေကို နောက်ဆုံးအချက်အလက်တွေ သင်ပေးရတာ ဘယ်လောက် ပျော်ရွှင်စရာကောင်းမယ်ဆိုတာ မြင်ယောင်ကြည့်ပါ။

၇။ ဘာကို စိတ်ချနိုင်သလဲ။ ဘာကြောင့်လဲ။

ပရဒိသုမှာ ကျွန်တော်တို့ရဲ့အသက်တာ ငြိမ်းချမ်းပျော်ရွှင်နေမယ်၊ အစီအစဉ်တကျ ဖြစ်နေမယ်ဆိုတာ စိတ်ချနိုင်တယ်။ ဘာကြောင့်လဲ။ သားတော်ရဲ့ အုပ်ချုပ်မှုအောက်မှာ အသက်တာ ဘယ်လို ရှိမယ်ဆိုတာ မြင်ယောင်ကြည့်ဖို့ ယေဟောဝါ သဲလွန်စ ပေးထားတယ်။ ဘုရင်ရှောလမုန်ရဲ့ အုပ်ချုပ်မှုနဲ့ပတ်သက်တဲ့ မှတ်တမ်းကို ဆွေးနွေးကြည့်ကြစို့။

ပရဒိသုရဲ့အမြည်း ဖြစ်တဲ့ ဘုရင်ရှောလမုန်ရဲ့ အုပ်ချုပ်မှု

၈။ ဆာလံ ၃၇:၁၀၊ ၁၁၊ ၂၉ မှာ ပါတဲ့ စကားတွေ အရင်က ဘယ်လို ပြည့်စုံလာသလဲ။ (ဒီစာစောင်မှာ ပါတဲ့ “စာရှုသူများထံမှ မေးခွန်းလွှာ” ကို ကြည့်ပါ။)

ပညာရှိတဲ့ သစ္စာရှိဘုရင် နန်းထိုင်ချိန်မှာ ဘဝ ဘယ်လို ဖြစ်မယ်ဆိုတဲ့အကြောင်း ရေးဖို့ ဘုရင်ဒါဝိဒ် လှုံ့ဆော်ခံရတယ်။ (ဆာလံ ၃၇:၁၀၊ ၁၁၊ ၂၉ ကို ဖတ်ပါ။) လာမယ့် ပရဒိသုအကြောင်း တခြားသူတွေကို ပြောပြချိန်မှာ ဆာလံ ၃၇:၁၁ ကို ကျွန်တော်တို့ ဖတ်ပြလေ့ရှိတယ်။ တောင်ပေါ်တရားတော်မှာ အဲဒီကျမ်းချက်ကို ယေရှု ကိုးကားပြီး အနာဂတ်မှာ ပြည့်စုံမယ်လို့ ဖော်ပြခဲ့တဲ့အတွက် အဲဒီလို ဖတ်ပြတာ ဖြစ်တယ်။ (မ. ၅:၅) ဒါဝိဒ်ရဲ့စကားတွေက ဘုရင်ရှောလမုန်ခေတ်မှာ ဘဝ ဘယ်လို ရှိမယ်ဆိုတာကိုလည်း ဖော်ပြတယ်။ အစ္စရေးတွေကို ရှောလမုန် အုပ်ချုပ်တုန်းက တိုင်းပြည် ငြိမ်းချမ်းသာယာတယ်။ “နို့နဲ့ ပျားရည် စီး” တယ်။ ‘ငါ့ဥပဒေတွေကို အမြဲ လိုက်နာစောင့်ထိန်းမယ်ဆိုရင် တိုင်းပြည်ကို ငါ ငြိမ်သက်အေးချမ်းစေမှာ ဖြစ်လို့ ကြောက်စရာ မလိုဘဲ မင်းတို့ အိပ်ရမယ်’ လို့ ဘုရား ပြောတယ်။ (ဝတ်. ၂၀:၂၄။ ၂၆:၃၊ ၆) ဘုရင်ရှောလမုန် နန်းစံချိန်မှာ အဲဒီကတိတွေ တကယ် ပြည့်စုံလာတယ်။ (၁ ရာ. ၂၂:၉။ ၂၉:၂၆-၂၈) လူဆိုးတွေ “လုံးဝ ရှိတော့မှာ မဟုတ်ဘူး” လို့လည်း ဘုရား ကတိပေးတယ်။ (ဆာ. ၃၇:၁၀) ဒါကြောင့် ဆာလံ ၃၇:၁၀၊ ၁၁၊ ၂၉ မှာ ပါတဲ့ စကားတွေဟာ ရှေးခေတ်က ပြည့်စုံခဲ့သလို အနာဂတ်မှာလည်း ပြည့်စုံပါလိမ့်မယ်။

၉။ ရှောလမုန် အုပ်ချုပ်မှုအကြောင်း ရှေဘ ဘုရင်မ ဘာပြောသလဲ။

ရှောလမုန် အုပ်ချုပ်မှုအောက် အစ္စရေးတွေ ခံစားရတဲ့ ငြိမ်းချမ်းမှု၊ သာယာဝပြောမှု သတင်းတွေ ရှေဘ ဘုရင်မ ကြားတယ်။ အခြေအနေကို ကိုယ်တိုင်လာကြည့်ဖို့ ဂျေရုဆလင်မြို့ကို ခရီးဝေးနှင်လာတယ်။ (၁ ဘု. ၁၀:၁) ရှောလမုန်ရဲ့ တိုင်းပြည်ကို လှည့်လည်ကြည့်ရှုပြီးနောက် “ကျွန်မ ကြားထားတာတွေဟာ အကုန် မဟုတ်သေးပါလား။ . . . မင်းကြီးရဲ့လူတွေဟာ မင်္ဂလာရှိလိုက်တာ။ ရှေ့တော်မှာ အမြဲ ခစားပြီး မင်းကြီးရဲ့ ဉာဏ်ပညာစကားကို ကြားနာရတဲ့ အမှုထမ်းတွေလည်း မင်္ဂလာရှိလိုက်တာ” လို့ ပြောတယ်။ (၁ ဘု. ၁၀:၆-၈) ရှောလမုန် အုပ်ချုပ်မှုအောက်မှာ ရှိခဲ့တဲ့ အခြေအနေတွေဟာ သားတော်ယေရှု အုပ်ချုပ်မှုအောက်မှာ လူသားတွေအတွက် ယေဟောဝါ လုပ်ပေးမယ့် အရာတွေရဲ့ အမြည်းပဲ ရှိသေးတယ်။

၁၀။ ယေရှုဟာ ရှောလမုန်ထက် ဘယ်နည်းတွေနဲ့ သာလွန်မြင့်မြတ်သလဲ။

၁၀ ယေရှုဟာ ရှောလမုန်ထက် အရာရာမှာ သာလွန်မြင့်မြတ်တယ်။ ရှောလမုန်ဟာ မစုံလင်သူဖြစ်တယ်။ ကြီးလေးတဲ့ အမှားတွေ လုပ်တဲ့အတွက် နောက်ပိုင်းမှာ ဘုရားလူမျိုး ပြဿနာတွေ ကြုံခဲ့ရတယ်။ ယေရှုကတော့ အမှားမလုပ်တဲ့၊ ပြည့်ဝစုံလင်တဲ့ ဘုရင် ဖြစ်တယ်။ (လု. ၁:၃၂။ ဟီ. ၄:၁၄၊ ၁၅) စာတန်ရဲ့ ပြင်းထန်တဲ့ သွေးဆောင်မှုတွေကို ယေရှု ကျော်ဖြတ်နိုင်ခဲ့တယ်။ ဘယ်တော့မှ အပြစ်မလုပ်ဘူး၊ မိမိရဲ့ သစ္စာရှိ လက်အောက်ခံပြည်သူတွေ ထိခိုက်မယ့်အရာ ဘာတစ်ခုမှ မလုပ်ဘူးဆိုတာ သက်သေပြခဲ့တယ်။ အဲဒီလို ဘုရင်မျိုး ရထားတာ တကယ့်အခွင့်ထူးပါပဲ။

၁၁။ ယေရှုကို ဘယ်သူတွေ ကူညီပေးမလဲ။

၁၁ လူသားတွေကို ဂရုစိုက်စောင့်ရှောက်ဖို့၊ ကမ္ဘာမြေနဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ ရည်ရွယ်ချက် ပြည့်စုံစေဖို့ ယေရှုနဲ့အတူ ၁၄၄,၀၀၀ တွဲဖက်အုပ်ချုပ်မယ်။ (ဗျာ. ၁၄:၁-၃) ၁၄၄,၀၀၀ ဟာ လူသားဘဝတုန်းက အခက်အခဲဒုက္ခ များစွာ ကြုံခဲ့ရသူတွေ ဖြစ်လို့ ထောက်ထားစာနာမှုရှိတဲ့ ဘုရင်တွေ ဖြစ်လိမ့်မယ်။ သူတို့ ဘာလုပ်ကြမလဲ။

ဘိသိက်ခံတွေ ဘာလုပ်ကြမလဲ

၁၂။ ၁၄၄,၀၀၀ ကို ယေဟောဝါ ဘာတာဝန်ပေးမလဲ။

၁၂ ယေရှုနဲ့ တွဲဖက်အုပ်ချုပ်သူတွေ ရတဲ့ တာဝန်ဟာ ရှောလမုန်ရတဲ့ တာဝန်ထက် သိပ်ကို ကြီးကျယ်တယ်။ ရှောလမုန်က သူ့တိုင်းပြည်တစ်ခုတည်းမှာ ရှိတဲ့ လူတွေကိုပဲ ဂရုစိုက်ခဲ့ရတာ။ ဘုရားနိုင်ငံမှာ အုပ်ချုပ်မယ့်သူတွေကတော့ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ လူသန်းထောင်ပေါင်းများစွာကို ကြည့်ရှုပေးရမှာ။ ၁၄၄,၀၀၀ ကို ယေဟောဝါ ပေးထားတဲ့ တကယ့်အခွင့်ထူးကြီးပါပဲ။

၁၃။ တွဲဖက်အုပ်ချုပ်သူတွေ ဘယ်အထူးတာဝန် ရမလဲ။

၁၃ ယေရှုလိုပဲ ၁၄၄,၀၀၀ ဟာ ဘုရင်တွေ၊ ပုရောဟိတ်တွေအဖြစ် အမှုဆောင်ကြမယ်။ (ဗျာ. ၅:၁၀) မောရှေပညတ်အောက်မှာ ပုရောဟိတ်တွေဟာ လူတွေရဲ့ ပကတိ ကျန်းမာရေးသာမက ယေဟောဝါနဲ့ ရင်းနှီးအောင် ကူညီပေးဖို့ပါ တာဝန်ရှိတယ်။ ပညတ်တရားဟာ “နောင်လာမယ့် ကောင်းမြတ်တဲ့အရာတွေရဲ့ အရိပ်” ဖြစ်တယ်။ ဒါကြောင့် ယေရှုနဲ့ တွဲဖက်အုပ်ချုပ်သူတွေဟာ လူတွေရဲ့ ရုပ်ပိုင်းရော၊ ဘုရားရေးရာပိုင်း လိုအပ်ချက်တွေကိုပါ ဖြည့်ဆည်းပေးမယ်လို့ ကောက်ချက်ချတာ သင့်တော်တယ်။ (ဟီ. ၁၀:၁) အဲဒီဘုရင်တွေ၊ ပုရောဟိတ်တွေဟာ နိုင်ငံတော်အောက် မြေကြီးပေါ် အသက်ရှင်မယ့်သူတွေနဲ့ ဘယ်လို ဆက်သွယ်မယ်ဆိုတာတော့ စောင့်ကြည့်ရဦးမယ်။ ယေဟောဝါ ဘယ်လိုပဲ စီစဉ်ပေးပါစေ လာမယ့် ပရဒိသုမှာ မြေကြီးပေါ် အသက်ရှင်မယ့်သူတွေ လိုအပ်တဲ့ ညွှန်ကြားချက် ရမယ်ဆိုတာ စိတ်ချနိုင်တယ်။—ဗျာ. ၂၁:၃၊ ၄

ပရဒိသုမှာ နေဖို့ အရည်အချင်း ပြည့်မီအောင် “တခြားသိုး” တွေ ဘာလုပ်ရမလဲ

၁၄။ “တခြားသိုး” နဲ့ ခရစ်တော်ရဲ့ညီတွေ ဘယ်လို စည်းလုံးနေသလဲ။

၁၄ မိမိနဲ့အတူ တွဲဖက်အုပ်ချုပ်မယ့်သူတွေကို “သိုးစုငယ်” လို့ ယေရှု ခေါ်တယ်။ (လု. ၁၂:၃၂) ဒုတိယအုပ်စု အကြောင်းလည်း ပြောတယ်။ “တခြားသိုး” လို့ ခေါ်တယ်။ အဲဒီအုပ်စုနှစ်စုဟာ သိုးတစ်အုပ်တည်းပဲ။ (ယော. ၁၀:၁၆) အဲဒီအုပ်စုနှစ်စု အခုကတည်းက ပူးပေါင်းလုပ်ဆောင်နေတယ်။ မြေကြီးပရဒိသုမှာလည်း ဆက်ပြီး ပူးပေါင်းလုပ်ဆောင်ကြလိမ့်မယ်။ အဲဒီအချိန်ကျရင် “သိုးစုငယ်” က ကောင်းကင်မှာ ရှိမယ်။ “တခြားသိုး” ကတော့ မြေကြီးပရဒိသုမှာ ထာဝစဉ် အသက်ရှင်ခွင့် ရကြမယ်။ ဒါပေမဲ့ ပရဒိသုမှာ အသက်ရှင်ဖို့ အရည်အချင်း ပြည့်မီအောင် “တခြားသိုး” တွေ လုပ်ရမှာ ရှိတယ်။

လာမယ့် ပရဒိသုမှာ အသက်ရှင်ဖို့ အသင့်ပြင်နေကြောင်း အခုကတည်းက ပြနိုင် (စာပိုဒ် ၁၅ ကို ကြည့်ပါ) b

၁၅။ (က) “တခြားသိုး” တွေဟာ ခရစ်တော်ရဲ့ ညီတွေနဲ့ ဘယ်လို ပူးပေါင်းလုပ်ဆောင်နေသလဲ။ (ခ) ရုပ်ပုံမှာပါတဲ့ ညီအစ်ကိုရဲ့ ပုံသက်သေကို ဘယ်လို အတုယူနိုင်သလဲ။ (ရုပ်ပုံကို ကြည့်ပါ။)

၁၅ နောင်တရတဲ့ ရာဇဝတ်သားဟာ ခရစ်တော် လုပ်ပေးတာတွေအတွက် ကျေးဇူးတင်လေးမြတ်ကြောင်း ပြခွင့် မရလိုက်ဘဲ သေဆုံးသွားတယ်။ “တခြားသိုး” အဝင် ကျွန်တော်တို့ကတော့ ယေရှု လုပ်ပေးခဲ့တာတွေအတွက် ဘယ်လို ခံစားရတယ်ဆိုတာ ပြဖို့ အခုအချိန်မှာ အခွင့်အရေး များစွာ ရထားကြတယ်။ ဥပမာ၊ ဘိသိက်ခံ ညီတော်တွေကို ဆက်ဆံပုံကတစ်ဆင့် ယေရှုကို ဘယ်လောက် ချစ်ကြောင်း ပြနိုင်တယ်။ ဘယ်သူတွေ သိုး ဖြစ်မလဲဆိုတာ အဲဒီအပေါ် အခြေခံပြီး ဆုံးဖြတ်မယ်လို့ ယေရှု ပြောတယ်။ (မ. ၂၅:၃၁-၄၀) ဟောပြောခြင်းနဲ့ တပည့်ဖြစ်စေခြင်း လုပ်ငန်းမှာ စိတ်အားထက်သန်စွာ ပါဝင်ခြင်းအားဖြင့် ခရစ်တော်ရဲ့ ညီတွေကို ကျွန်တော်တို့ ထောက်မနိုင်တယ်။ (မ. ၂၈:၁၈-၂၀) ဒါကြောင့် ပျော်စရာဘဝ ထာဝရ စံစားကြ လိုမျိုး ကျမ်းစာလေ့လာမှု အထောက်အကူပြု စာအုပ်တွေကို ထိထိရောက်ရောက် အသုံးပြုကြတယ်။ သင့်မှာ ကျမ်းစာသင်အံမှု မရှိသေးဘူးဆိုရင် လူများနိုင်သမျှ များများကို သင်အံမှု ကမ်းလှမ်းဖို့ ပန်းတိုင်ထားပါ။

၁၆။ ဘုရားနိုင်ငံတော်မှာ နေထိုင်ဖို့ အခုကတည်းက ဘာတွေ အသင့်ပြင်ဆင်ရမလဲ။

၁၆ ယေဟောဝါ ဖြစ်စေချင်တဲ့ လူစားမျိုး ဖြစ်ဖို့ ပရဒိသုအထိ စောင့်စရာ မလိုပါဘူး။ ကိုယ့်အပြောအဆို၊ အပြုအမူတွေ ရိုးသားဖို့၊ အစွန်းမရောက်ဖို့ အခုကတည်းက ကြိုးစားနိုင်တယ်။ ယေဟောဝါ၊ အိမ်ထောင်ဖက်၊ ယုံကြည်သူချင်းတွေကို သစ္စာရှိဖို့ ကြိုးစားနိုင်တယ်။ အခု၊ ဆိုးညစ်တဲ့ ဒီလောကမှာ နေထိုင်စဉ်ကတည်းက ယေဟောဝါကို နာခံမယ်ဆိုရင် ပရဒိသုမှာ နာခံဖို့ ပိုလွယ်ကူမယ်။ ပရဒိသုမှာ နေထိုင်ဖို့ အသင့်ပြင်နေကြောင်း ဖော်ပြတဲ့ စွမ်းရည်တွေ၊ အတတ်ပညာတွေလည်း သင်ယူထားနိုင်တယ်။ ဒီစာစောင်မှာ ပါတဲ့ “‘ကမ္ဘာမြေကို အမွေရ’ ဖို့ အသင့်ဖြစ်ပြီလား” ဆောင်းပါးကို ကြည့်ပါ။

၁၇။ အရင်ကလုပ်မိတဲ့ အပြစ်တွေကြောင့် အပြစ်ရှိတယ်လို့ ခံစားသင့်သလား။ ရှင်းပြပါ။

၁၇ အရင်ကလုပ်ခဲ့တဲ့ ကြီးလေးတဲ့ အပြစ်တွေကြောင့် အပြစ်ရှိတယ်လို့ ဆက်မခံစားသင့်တော့ဘူး။ ဒါပေမဲ့ ရွေးဖိုးပူဇော်သက္ကာရှိလို့ “စိတ်လိုကိုယ်လျောက် အပြစ်ပြုကျင့်” လို့ ရတယ်ဆိုပြီး ဘယ်တော့မှ မတွေးသင့်ဘူး။ (ဟီ. ၁၀:၂၆-၃၁) ကြီးလေးတဲ့ အပြစ်တွေအတွက် နောင်တစစ် ရမယ်၊ ယေဟောဝါရဲ့ အကူအညီကို ရှာမယ်၊ အပြုအမူ ပြောင်းလဲမယ်ဆိုရင် ယေဟောဝါ အကြွင်းမဲ့ ခွင့်လွှတ်မယ်ဆိုတာ စိတ်ချနိုင်တယ်။ (ဟေရှာ. ၅၅:၇။ တ. ၃:၁၉) “ကျွန်တော် လာတာက ဖြောင့်မတ်သူတွေကို ခေါ်ဖို့ မဟုတ်ဘူး။ အပြစ်သားတွေကို ခေါ်ဖို့ပဲ” ဆိုတဲ့ ယေရှုရဲ့ စကားကို သတိရပါ။ (မ. ၉:၁၃) ရွေးဖိုးပူဇော်သက္ကာက ကျွန်တော်တို့ရဲ့ အပြစ်အားလုံးကို ဖုံးအုပ်ပေးနိုင်စွမ်း ရှိတယ်။

ပရဒိသုမှာ သင် ထာဝစဉ် အသက်ရှင်နိုင်

၁၈။ ယေရှုဘေးမှာ သစ်တိုင်တင်ခံရတဲ့ ရာဇဝတ်သားနဲ့ တွေ့တဲ့အခါ ဘာတွေ ပြောချင်သလဲ။

၁၈ ယေရှုဘေးက ရာဇဝတ်သားနဲ့ ပရဒိသုမှာ စကားပြောနေတယ်လို့ ကိုယ့်ကိုယ်ကိုယ် မြင်ယောင်ကြည့်ပါ။ ယေရှုရဲ့ ရွေးဖိုးအတွက် သင်တို့ နှစ်ယောက်စလုံး ကျေးဇူးတင်ကြောင်း ပြောနေကြမှာ သေချာတယ်။ ယေရှု မသေဆုံးခင် နောက်ဆုံးအချိန်ပိုင်းမှာ ဘာတွေ ထပ်ဖြစ်ခဲ့ကြောင်း၊ သူ တောင်းဆိုတာကို ယေရှု ဖြေပေးတဲ့အခါ ဘယ်လို ခံစားခဲ့ရကြောင်း မေးကြည့်နိုင်တယ်။ သူကလည်း စာတန့်စနစ်ရဲ့ နောက်ဆုံးကာလအတွင်း အသက်ရှင်ခဲ့ရတာ ဘယ်လိုမျိုးလဲလို့ မေးနိုင်တယ်။ အဲဒီလိုလူတွေနဲ့ ကျမ်းစာလေ့လာရတာ တကယ့်အခွင့်ထူး ဖြစ်ပါလိမ့်မယ်။—ဧ. ၄:၂၂-၂၄

သင်မယ်လို့ စိတ်ကူးထားတဲ့ ပညာကို ကျွမ်းကျင်အောင် ကြိုးစားရင်း အနှစ်တစ်ထောင်အတွင်းမှာ ညီအစ်ကိုတစ်ယောက် ပျော်ရွှင်နေ

၁၉။ ပရဒိသုမှာ ဘဝက ဘာကြောင့် ပျင်းစရာကောင်းမှာ မဟုတ်သလဲ။ (မျက်နှာဖုံးပုံကို ကြည့်ပါ။)

၁၉ ပရဒိသုမှာ ဘဝက ဘယ်တော့မှ ပျင်းစရာကောင်းမှာ မဟုတ်ဘူး။ စိတ်ဝင်စားစရာ လူတွေနဲ့ တွေ့ရမယ်။ အဓိပ္ပာယ်ရှိတဲ့ အလုပ်တွေ လုပ်ရမယ်။ အရေးကြီးဆုံးကတော့ တစ်နေ့ထက် တစ်နေ့ ကောင်းကင်ဘုံစံအဖ ပြင်ဆင်ပေးတာတွေကို ပျော်မွေ့ခံစားရင်း ဘုရားအကြောင်း ပိုသိလာမယ်။ သင်ယူစရာတွေ ဘယ်တော့မှ ကုန်သွားမှာ မဟုတ်ဘူး။ ဘုရားရဲ့ ဖန်ဆင်းခြင်းအကြောင်း သင်ယူစရာတွေ အမြဲ ရှိနေမယ်။ ပိုကြာကြာ အသက်ရှင်လေ ဘုရားကိုချစ်တဲ့ မေတ္တာ ပိုတိုးများလေ ဖြစ်လာမယ်။ ပရဒိသုမှာ ထာဝစဉ် အသက်ရှင်နိုင်တယ်ဆိုတဲ့ ကတိ ပေးထားလို့ ယေဟောဝါနဲ့ ယေရှုကို သိပ်ကျေးဇူးတင်စရာပါပဲ။

သီချင်း ၂၂ နိုင်ငံတော် ရောက်ရှိပြီ၊ လာပါစေ

a ပရဒိသုမှာ အသက်ရှင်ရတာ ဘယ်လို နေမလဲလို့ မကြာမကြာ စဉ်းစားဖူးသလား။ အဲဒီလိုစဉ်းစားတာ အားရှိစေတယ်။ ယေဟောဝါ လုပ်ပေးမယ့် အရာတွေအကြောင်း စဉ်းစားလေ ကမ္ဘာသစ်အကြောင်း တခြားသူတွေကို သင်ပေးတဲ့အခါ ပိုစိတ်ထက်သန်လေ ဖြစ်လာမယ်။ လာမယ့် ပရဒိသုနဲ့ပတ်သက်တဲ့ ယေရှုရဲ့ကတိကို ပိုယုံကြည်စိတ်ချလာအောင် ဒီဆောင်းပါးက ကူညီပေးပါလိမ့်မယ်။

b ပုံအညွှန်း– ရှင်ပြန်ထမြောက်လာသူတွေကို သွန်သင်ပေးဖို့ မျှော်လင့်နေတဲ့ ညီအစ်ကိုဟာ အခုကတည်းက တခြားသူတွေကို သွန်သင်ပေးနေ။