မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၅၁

ဒုက္ခရောက်ချိန်မှာ ငြိမ်သက်မှု ရနိုင်

ဒုက္ခရောက်ချိန်မှာ ငြိမ်သက်မှု ရနိုင်

“ခင်ဗျားတို့ သိပ်မစိုးရိမ်ပါနဲ့။ မကြောက်ပါနဲ့။”—ယော. ၁၄:၂၇

သီချင်း ၁၁၂ ငြိမ်သက်ခြင်းဘုရား ယေဟောဝါ

အကြိုသုံးသပ်ချက် a

၁။ “ဘုရားသခင့် ငြိမ်သက်ခြင်း” ဆိုတာ ဘာလဲ။ အဲဒီငြိမ်သက်မှု ရှိရင် ဘယ်လို အကျိုးရသလဲ။ (ဖိလိပ္ပိ ၄:၆၊ ၇)

 ဒီလောကကလူတွေ မသိတဲ့ ငြိမ်သက်ခြင်းတစ်မျိုး ရှိတယ်။ “ဘုရားသခင့် ငြိမ်သက်ခြင်း” ပါ။ ကောင်းကင်ဘုံစံ အဖနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိလို့ ရတာပါ။ အဲဒီငြိမ်သက်မှု ရှိရင် ဘေးကင်းလုံခြုံတယ်လို့ ခံစားရတယ်။ (ဖိလိပ္ပိ ၄:၆၊ ၇ ကို ဖတ်ပါ။) ဘုရားကို ချစ်တဲ့သူတွေနဲ့ရော၊ “ငြိမ်သက်ခြင်းရဲ့ ဘုရားသခင်” နဲ့ပါ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိကြတယ်။ (၁ သက်. ၅:၂၃) ဘုရားကို သိကျွမ်းမယ်၊ ယုံကြည်ကိုးစားမယ်၊ နာခံမယ်ဆိုရင် ဘုရားသခင့် ငြိမ်သက်ခြင်းက ကျွန်တော်တို့ ဒုက္ခရောက်ချိန်မှာ စိုးရိမ်ပူပန်နေတဲ့ စိတ်နှလုံးကို တည်ငြိမ်စေနိုင်တယ်။

၂။ ဘုရားသခင့် ငြိမ်သက်ခြင်း ရဖို့ ဖြစ်နိုင်တယ်ဆိုတာ ဘာကြောင့် စိတ်ချနိုင်သလဲ။

ကပ်ရောဂါ၊ သဘာဝဘေး၊ ပြည်တွင်း မငြိမ်သက်မှု၊ နှိပ်စက်ညှဉ်းပန်းမှု စတဲ့ ဒုက္ခတွေ ရင်ဆိုင်ရချိန်မှာ ဘုရားသခင့် ငြိမ်သက်ခြင်း ခံစားရဖို့ တကယ် ဖြစ်နိုင်သလား။ အဲဒီဒုက္ခ တစ်ခုမဟုတ် တစ်ခု ရင်ဆိုင်ရချိန်မှာ ကျွန်တော်တို့ ကြောက်သွားနိုင်တယ်။ ဒါပေမဲ့ “ခင်ဗျားတို့ သိပ်မစိုးရိမ်ပါနဲ့။ မကြောက်ပါနဲ့” လို့ နောက်လိုက်တွေကို ယေရှု မှာတယ်။ (ယော. ၁၄:၂၇) အဲဒီအကြံဉာဏ်ကို ညီအစ်ကို/မတွေ လိုက်လျှောက်နေကြတယ်။ ပြင်းထန်တဲ့ အခက်အခဲတွေ ရင်ဆိုင်ရချိန်မှာ ယေဟောဝါရဲ့ အကူအညီကြောင့် ငြိမ်သက်မှု ရနေကြတယ်။

ကပ်ရောဂါဘေး ကြုံရချိန်မှာ ငြိမ်သက်မှု ရနိုင်ပုံ

၃။ ကပ်ရောဂါကြောင့် ငြိမ်သက်မှု ဘယ်လို ပျောက်သွားနိုင်သလဲ။

ကပ်ရောဂါ ဖြစ်ပြီဆိုရင် ဘဝကဏ္ဍ အားလုံးနီးပါး အကြီးအကျယ် ပြောင်းလဲသွားနိုင်တယ်။ ကိုဗစ်-၁၉ ကြောင့် လူများစွာ ဘာကြုံရကြောင်း စဉ်းစားကြည့်ပါ။ လေ့လာမှု တစ်ခုအရ လူထက်ဝက်ကျော်ဟာ ကပ်ရောဂါအတွင်း အိပ်လို့ မရတဲ့ ပြဿနာ ကြုံရကြတယ်။ စိုးရိမ်ပူပန်မှု၊ စိတ်ဓာတ်ကျမှု၊ အရက်နဲ့ မူးယစ်ဆေး အလွဲသုံးမှု၊ အိမ်တွင်းအကြမ်းဖက်မှု၊ သေကြောင်းကြံစည်မှုတွေ အလွန် တိုးများလာတယ်။ သင့်ဒေသမှာ ကပ်ရောဂါ ဖြစ်တယ်ဆိုရင် စိုးရိမ်ပူပန်မှုကို ဘယ်လို ထိန်းချုပ်နိုင်သလဲ။ ဘုရားသခင့် ငြိမ်သက်ခြင်း ဘယ်လို ရနိုင်သလဲ။

၄။ နောက်ဆုံးကာလနဲ့ပတ်သက်တဲ့ ယေရှု ကြိုဟောချက်ကို သိထားတာက ဘာကြောင့် စိတ်ငြိမ်သက်မှု ရစေသလဲ။

နောက်ဆုံးကာလအတွင်း ကပ်ရောဂါတွေ “တစ်နေရာပြီး တစ်နေရာ” ဖြစ်မယ်လို့ ယေရှု ကြိုဟောတယ်။ (လု. ၂၁:၁၁) ဒါကို သိထားတာက ငြိမ်သက်မှု ဘယ်လို ရစေသလဲ။ ရောဂါတွေ ဖြစ်လာတဲ့အခါ ကျွန်တော်တို့ မအံ့ဩတော့ဘူး။ ယေရှု ကြိုဟောတဲ့အတိုင်း ဖြစ်လာတာပဲဆိုတာ သိကြတယ်။ ဒါကြောင့် ယေရှု အကြံပေးတဲ့အတိုင်း “ထိတ်ထိတ်ပျာပျာ မဖြစ်” ဖို့ ကြိုးစားကြတယ်။—မ. ၂၄:၆

အသံသွင်းထားတဲ့ ကျမ်းစာဖတ်ရှုခြင်းကို နားထောင်တာက ကပ်ရောဂါအတွင်း စိတ်ငြိမ်သက်မှု ရဖို့ ကူညီပေးနိုင် (စာပိုဒ် ၅ ကို ကြည့်ပါ)

၅။ (က) ဖိလိပ္ပိ ၄:၈၊ ၉ အရ ကပ်ရောဂါ ကြုံရချိန်မှာ ဘာအတွက် ဆုတောင်းသင့်သလဲ။ (ခ) အသံသွင်းထားတဲ့ ကျမ်းစာဖတ်ရှုခြင်းကို နားထောင်တာက သင့်ကို ဘယ်လို အကျိုးပြုနိုင်သလဲ။

ကပ်ရောဂါကြောင့် ကြံရာမရ ဖြစ်ပြီး ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နိုင်တယ်။ ညီအစ်မ ဒေစီ အဲဒီလို ဖြစ်ခဲ့တယ်။ b ကိုဗစ်-၁၉ ကြောင့် ဦးလေး၊ အစ်ကိုတစ်ဝမ်းကွဲနဲ့ သူတို့ကို ကြည့်ပေးတဲ့ ဆရာဝန် သေဆုံးသွားတဲ့အခါ ကိုယ်တိုင် ရောဂါကူးမှာ၊ ကိုယ်ကတစ်ဆင့် သက်ကြီးမိခင်ကို ကူးသွားမှာ ဒေစီ စိုးရိမ်သွားတယ်။ အလုပ် ပြုတ်နိုင်ခြေလည်း ရှိလို့ စားစရိတ်၊ အိမ်ငှားခ ဘယ်လို ပေးရမလဲလို့ တွေးပူမိတယ်။ အဲဒီအတွေးတွေနဲ့ပဲ ညအိပ်မပျော်တော့ဘူး။ ဒါပေမဲ့ ဒေစီ စိတ်ငြိမ်သက်မှု ပြန်ရခဲ့တယ်။ ဘယ်လိုနည်းနဲ့လဲ။ တည်တည်ငြိမ်ငြိမ် ရှိအောင်၊ ကောင်းတာတွေ တွေးနိုင်အောင် ကူညီပေးဖို့ ယေဟောဝါဆီ သတ်သတ်မှတ်မှတ် ဆုတောင်းတယ်။ (ဖိလိပ္ပိ ၄:၈၊ ၉ ကို ဖတ်ပါ။) အသံသွင်းထားတဲ့ ကျမ်းစာဖတ်ရှုခြင်းတွေကတစ်ဆင့် ယေဟောဝါ “စကားပြော” တာကို နားထောင်တယ်။ “စာဖတ်သူရဲ့ အသံချိုချိုလေးက ကျွန်မရဲ့ စိုးရိမ်ပူပန်မှုတွေကို ပြေလျော့စေပြီး ယေဟောဝါ ဂရုစိုက်စောင့်ရှောက်နေတယ်ဆိုတာ အသိဝင်စေတယ်” လို့ ဒေစီ ပြောတယ်။—ဆာ. ၉၄:၁၉

၆။ ကိုယ်ပိုင်လေ့လာမှု၊ အသင်းတော် အစည်းအဝေးတွေက ဘယ်လို ကူညီပေးမလဲ။

ကပ်ရောဂါကြောင့် ပုံမှန် လုပ်နေကျ အရာတချို့ ထိခိုက်နိုင်ပေမဲ့ ကိုယ်ပိုင်လေ့လာမှု လုပ်တာ၊ အစည်းအဝေး တက်တာကိုတော့ အထိခိုက် မခံပါနဲ့။ အဖွဲ့အစည်း စာပေ၊ ဗီဒီယိုတွေမှာ ပါတဲ့ ဖြစ်ရပ်မှန် တွေ့ကြုံမှုတွေက အခက်အခဲတွေကြားမှာတောင် သမာဓိ စောင့်ထိန်းနေတဲ့ ညီအစ်ကို/မတွေအကြောင်း သိစေမယ်။ (၁ ပေ. ၅:၉) အစည်းအဝေးတွေက အားရှိစရာ ကျမ်းစာအကြောင်းအရာတွေ စိတ်ထဲ ပြည့်စေမယ်။ တခြားသူတွေကို အားပေးဖို့၊ ကိုယ်တိုင် အားပေးခံရဖို့ အခွင့်အရေး ရစေမယ်။ (ရော. ၁:၁၁၊ ၁၂) ရောဂါ ခံစားနေရတဲ့၊ စိုးရိမ်ကြောက်ရွံ့နေတဲ့၊ အထီးကျန်နေတဲ့ ကျေးကျွန်တွေကို ယေဟောဝါ ဘယ်လို ထောက်မပေးကြောင်း စဉ်းစားတဲ့အခါ ယုံကြည်ခြင်း ပိုခိုင်မာလာမယ်။ ကိုယ့်ကိုလည်း ဘုရား ထောက်မမယ်ဆိုတာ ပိုစိတ်ချလာမယ်။

၇။ တမန်တော် ယောဟန်ဆီကနေ ဘာသင်ယူနိုင်သလဲ။

ညီအစ်ကို/မတွေနဲ့ ကြိုးစားဆက်သွယ်ပါ။ သူတို့နဲ့အတူ ရှိနေချိန်မှာတောင် ကပ်ရောဂါကြောင့် ခပ်ခွာခွာနေဖို့ တောင်းဆိုခံရနိုင်တယ်။ အဲဒီလိုအခါမျိုးမှာ တမန်တော် ယောဟန်လို ခံစားရနိုင်တယ်။ မိတ်ဆွေ ဂါယုကို မျက်နှာချင်းဆိုင် တွေ့ချင်နေပေမဲ့ လောလောဆယ် မဖြစ်နိုင်မှန်း သိတယ်။ (၃ ယော. ၁၃၊ ၁၄) ဒါကြောင့် တတ်နိုင်တာကို လုပ်တယ်။ ဂါယုဆီ စာရေးတယ်။ သင်လည်း ညီအစ်ကို/မတွေဆီ လူကိုယ်တိုင် မသွားနိုင်တဲ့အခါ ဖုန်း၊ ဗီဒီယိုကော ဒါမှမဟုတ် တခြား အီလက်ထရောနစ် စာပို့စနစ်တွေ သုံးပြီး ဆက်သွယ်ဖို့ ကြိုးစားပါ။ သူတို့နဲ့ အဆက်အသွယ် မပြတ် ရှိနေရင် ဘေးကင်းလုံခြုံတယ်လို့ ခံစားရပြီး ပိုတည်တည်ငြိမ်ငြိမ် ရှိနိုင်မယ်။ အထူးသဖြင့် စိုးရိမ်ပူပန်နေချိန်မှာ အကြီးအကဲတွေနဲ့ ဆက်သွယ်ပါ။ သူတို့ရဲ့ မေတ္တာပါ အားပေးမှုကို လက်ခံပါ။—ဟေရှာ. ၃၂:၁၊ ၂

သဘာဝဘေး ကြုံရချိန်မှာ ငြိမ်သက်မှု ရနိုင်ပုံ

၈။ သဘာဝဘေးကြောင့် ငြိမ်သက်မှု ဘယ်လို ပျောက်သွားနိုင်သလဲ။

ရေဘေး၊ ငလျင်ဘေး၊ မီးဘေး ကြုံဖူးတယ်ဆိုရင် အဲဒီဘေးပြီးနောက် အချိန်အတော်ကြာအထိ ပြင်းထန်တဲ့ စိုးရိမ်ပူပန်မှု ခံစားနေရဆဲ ဖြစ်နိုင်တယ်။ ချစ်ရသူ သေဆုံးသွားတယ်၊ ပိုင်ဆိုင်ရာတွေ ဆုံးရှုံးသွားတယ်ဆိုရင် ဝမ်းနည်းကြေကွဲတာ၊ မျှော်လင့်ချက်မဲ့တာ၊ ဒေါသထွက်တာတောင် ဖြစ်နိုင်တယ်။ ဒါက ပစ္စည်းဥစ္စာ စွဲလမ်းလို့၊ ယုံကြည်ခြင်း မရှိလို့ မဟုတ်ပါဘူး။ အခက်အခဲ ကြုံရချိန်မှာ သင် အပျက်သဘော တုံ့ပြန်မယ်လို့ တချို့ ထင်နေမယ်။ (ယောဘ ၁:၁၁) ဒါပေမဲ့ ခက်ခဲချိန်မှာတောင် ငြိမ်သက်မှု ရနိုင်တယ်။ ဘယ်လိုနည်းနဲ့လဲ။

၉။ အဖြစ်ဆိုးတွေအတွက် ကျွန်တော်တို့ကို ယေရှု ဘယ်လို အသင့်ပြင်ပေးသလဲ။

ယေရှု ကြိုဟောခဲ့တာကို သတိရပါ။ လောကမှာ လူတချို့က ကိုယ်တိုင် ဘယ်တော့မှ သဘာဝဘေး ကြုံရမှာ မဟုတ်ဘူးလို့ ထင်နေပေမဲ့ ကျွန်တော်တို့ကတော့ အဖြစ်ဆိုးတွေ တိုးများလာမယ်၊ တချို့ကို ကိုယ်တိုင် ကြုံရနိုင်တယ်ဆိုတာ မျှော်လင့်ထားကြတယ်။ အဆုံးမရောက်ခင် တခြားဘေးဆိုးတွေ အပါအဝင် “ငလျင်တွေ အကြီးအကျယ် လှုပ်လိမ့်မယ်” လို့ နောက်လိုက်တွေကို ယေရှု ပြောတယ်။ (လု. ၂၁:၁၁) “မတရားမှုတွေ များသည်ထက် များလာ” မယ်လို့လည်း ကြိုဟောတယ်။ ဒီနေ့ခေတ်မှာ ဖြစ်နေတဲ့ ရာဇဝတ်မှု၊ အကြမ်းဖက် တိုက်ခိုက်မှုတွေက သက်သေပဲ။ (မ. ၂၄:၁၂) ကျွန်တော်တို့ကို ယေဟောဝါ စွန့်ပစ်လိုက်လို့ အဲဒီအဖြစ်ဆိုးတွေ ကြုံရတာလို့ ယေရှု တစ်ခါမှ မပြောဘူး။ တကယ်တော့ ယေဟောဝါရဲ့ သစ္စာရှိကျေးကျွန်များစွာ ကြုံနေရတယ်။ (ဟေရှာ. ၅၇:၁။ ၂ ကော. ၁၁:၂၅) ဘေးဆိုးအားလုံးကနေ ယေဟောဝါ အံ့ဖွယ်နည်းနဲ့ မကာကွယ်ပေးပေမဲ့ တည်တည်ငြိမ်ငြိမ် ဆက်ရှိနေဖို့ လိုအပ်တာ မှန်သမျှ ပြင်ဆင်ပေးမယ်။

၁၀။ သဘာဝဘေးအတွက် ကြိုပြင်ဆင်ထားတာက ယုံကြည်ခြင်း မရှိတဲ့ သဘောလား။ ရှင်းပြပါ။ (ပညာအလိမ္မာ ၂၂:၃)

၁၀ အရေးပေါ် အခြေအနေ ဖြစ်လာတဲ့အခါ ဘာလုပ်မယ်ဆိုတာ ကြိုစီစဉ်ထားရင် တည်တည်ငြိမ်ငြိမ် ရှိဖို့ ပိုလွယ်ကူမယ်။ ဒါပေမဲ့ ကြိုပြင်ဆင်တာက ယေဟောဝါကို မယုံကြည်တဲ့ သဘောလား။ လုံးဝ မဟုတ်ပါဘူး။ တကယ်တော့ ကျွန်တော်တို့အပေါ် ယေဟောဝါရဲ့ ဂရုစိုက်စောင့်ရှောက်နိုင်စွမ်းကို ယုံကြည်ကြောင်း ဖော်ပြရာတောင် ရောက်တယ်။ ဘယ်လိုနည်းနဲ့လဲ။ ဖြစ်လာနိုင်တဲ့ ဘေးဒုက္ခတွေအတွက် ကြိုပြင်ဆင်ဖို့ ကျမ်းစာမှာ အကြံပေးထားတယ်။ (ပညာအလိမ္မာ ၂၂:၃ ကို ဖတ်ပါ။) မဂ္ဂဇင်း ဆောင်းပါး၊ အသင်းတော် အစည်းအဝေး၊ အချိန်တန် ကြေညာချက်တွေကတစ်ဆင့် အရေးပေါ် အခြေအနေအတွက် အသင့်ပြင်ထားဖို့ ဘုရားအဖွဲ့အစည်း အကြိမ်ကြိမ် အကြံပေးတယ်။ c ယေဟောဝါကို ယုံကြည်ကိုးစားသလား။ ဒါဆိုရင် ဘေးအန္တရာယ် မကျရောက်ခင် အခုကတည်းက အဲဒီအကြံဉာဏ်ကို လိုက်နာပါလိမ့်မယ်။

ကြိုတင်ပြင်ဆင်ထားတာက သဘာဝဘေးကနေ လွတ်မြောက်ဖို့ ကူညီပေးနိုင် (စာပိုဒ် ၁၁ ကို ကြည့်ပါ) d

၁၁။ မာဂရက်ရဲ့ အဖြစ်ကနေ ဘာသင်ယူနိုင်သလဲ။

၁၁ ညီအစ်မ မာဂရက်အကြောင်း စဉ်းစားကြည့်ပါ။ သူနေထိုင်တဲ့ ဒေသမှာ တောမီး စလောင်တာနဲ့ ပြောင်းရွှေ့ဖို့ အာဏာပိုင်တွေ အမိန့်ထုတ်တယ်။ လူအများကြီး တစ်ပြိုင်တည်း ပြေးကြတာ ဖြစ်လို့ လမ်းတွေ ပိတ်ကုန်တယ်။ မီးခိုးလုံး မည်းမည်းတွေကြောင့် လေထု ညစ်ညမ်းလာတယ်။ ကားထဲမှာ မာဂရက် အချိန်အတော်ကြာ ပိတ်မိနေတယ်။ ဒါပေမဲ့ ကြိုပြင်ဆင်ထားလို့ လွတ်မြောက်သွားတယ်။ ပြေးရမယ့်လမ်းကို ရှာတွေ့အောင် ပိုက်ဆံအိတ်ထဲမှာ မြေပုံ ထည့်ထားတယ်။ အရေးပေါ် ဖြစ်လာရင် အလွယ်တကူ လမ်းသိရအောင်လို့ အဲဒီလမ်းအတိုင်း ကြိုပြီးတော့လည်း ကားမောင်းကြည့်ထားတယ်။ အဲဒီလို ကြိုပြင်ဆင်ထားလို့ အဖြစ်ဆိုးကနေ လွတ်သွားတာ။

၁၂။ ဘေးကင်းရေး လမ်းညွှန်ချက်တွေကို ဘာကြောင့် လိုက်နာသင့်သလဲ။

၁၂ အာဏာပိုင်တွေက ကျွန်တော်တို့နဲ့ တခြားသူတွေ ဘေးကင်းလုံခြုံရေးအတွက် သတ်မှတ်ချိန်အတွင်း အပြင်မထွက်ဖို့၊ ပြောင်းရွှေ့ဖို့၊ တခြား ညွှန်ကြားချက်တွေ လိုက်နာဖို့ တောင်းဆိုလာနိုင်တယ်။ တချို့က ကိုယ့်ပိုင်ဆိုင်ရာတွေ ထားခဲ့ရမှာ စိုးပြီး နေ့ရွှေ့ညရွှေ့ လုပ်နိုင်တယ်။ ခရစ်ယာန်တွေကော ဘယ်လို တုံ့ပြန်သင့်သလဲ။ “သခင်ကိုထောက်ပြီး လူ့အာဏာပိုင်တွေကို လက်အောက်ခံကြပါ။ ကြီးမြတ်တဲ့ ဘုရင်ကိုဖြစ်စေ၊ ဘုရင်စေလွှတ်လိုက်တဲ့ ဘုရင်ခံတွေကိုဖြစ်စေ လက်အောက်ခံကြပါ” လို့ ကျမ်းစာ ပြောတယ်။ (၁ ပေ. ၂:၁၃၊ ၁၄) ကျွန်တော်တို့ရဲ့ ဘေးကင်းရေးအတွက် အဖွဲ့အစည်းကလည်း လမ်းညွှန်ချက်တွေ ပေးလာနိုင်တယ်။ အရေးပေါ် ဖြစ်လာတဲ့အခါ ကျွန်တော်တို့နဲ့ ဆက်သွယ်နိုင်အောင် လက်ရှိ ဆက်သွယ်ရမယ့် အချက်အလက်တွေ အကြီးအကဲတွေကို ပေးထားဖို့ အမြဲ သတိပေးခံရတယ်။ သင် ပေးပြီးပြီလား။ အိမ်ထဲမှာပဲ နေဖို့၊ ပြောင်းရွှေ့ဖို့၊ ကယ်ဆယ်ရေး အထောက်အပံ့တွေ ဘယ်လို ရယူဖို့၊ တခြားသူတွေကို ဘယ်အချိန်မှာ ဘယ်လို ကူညီဖို့ ဆိုတာနဲ့ပတ်သက်တဲ့ လမ်းညွှန်ချက်တွေလည်း ရနိုင်တယ်။ အဲဒါတွေကို မနာခံဘူးဆိုရင် ကိုယ်တိုင်နဲ့ အကြီးအကဲတွေ အသက် အန္တရာယ် ရှိနိုင်တယ်။ ကျွန်တော်တို့ကို အဲဒီ သစ္စာရှိ အမျိုးသားတွေ ဂရုစိုက်စောင့်ရှောက်ပေးနေကြောင်း သတိရပါ။ (ဟီ. ၁၃:၁၇) “အကြီးအကဲတွေနဲ့ အဖွဲ့အစည်း လမ်းညွှန်ချက်ကို လိုက်လို့ အသက်လွတ်သွားတာ” လို့ မာဂရက် ပြောတယ်။

၁၃။ ပြောင်းရွှေ့ရတဲ့ ခရစ်ယာန်များစွာဟာ ပျော်ရွှင်မှု၊ ငြိမ်သက်မှု ဘယ်လို ဆက်ရှိနိုင်သလဲ။

၁၃ သဘာဝဘေး၊ စစ်ဘေး၊ ပြည်တွင်း မငြိမ်သက်မှုကြောင့် ပြောင်းရွှေ့ရတဲ့ ညီအစ်ကို/မများစွာဟာ အခြေအနေအသစ်မှာ နေသားကျဖို့၊ ဘုရားရေးရာ လုပ်ဆောင်မှုတွေမှာ ချက်ချင်း ပါဝင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားကြတယ်။ နှိပ်စက်ညှဉ်းပန်းမှုကြောင့် ကွဲလွင့်သွားတဲ့ အစောပိုင်း ခရစ်ယာန်တွေလိုပဲ ‘တရားစကားတော်မှာပါတဲ့ သတင်းကောင်းကို ဆက်ဟောပြော’ ကြတယ်။ (တ. ၈:၄) ဟောပြောခြင်းက လက်ရှိဒုက္ခတွေထက် ဘုရားနိုင်ငံတော်ကို အာရုံစိုက်ဖို့ ကူညီပေးတယ်။ ရလဒ်အနေနဲ့ ပျော်ရွှင်မှု၊ ငြိမ်သက်မှု ဆက်ထိန်းထားနိုင်ကြတယ်။

နှိပ်စက်ညှဉ်းပန်းခံရချိန်မှာ ငြိမ်သက်မှု ရနိုင်ပုံ

၁၄။ နှိပ်စက်ညှဉ်းပန်းမှုကြောင့် ငြိမ်သက်မှု ဘယ်လို ပျောက်သွားနိုင်သလဲ။

၁၄ ဘဝကို တည်ငြိမ်စေတဲ့ အရာများစွာကို နှိပ်စက်ညှဉ်းပန်းမှုကြောင့် ဆုံးရှုံးလိုက်ရနိုင်တယ်။ လွတ်လွတ်လပ်လပ် စည်းဝေးခွင့်၊ ဟောပြောခွင့်၊ အဖမ်းခံရမှာ စိုးရိမ်စရာ မလိုဘဲ သွားလာလှုပ်ရှားခွင့်တွေကြောင့် ကျွန်တော်တို့ ပျော်ရွှင်ကျေနပ်ကြတယ်။ အဲဒီလွတ်လပ်မှုတွေ ပျောက်ဆုံးသွားတဲ့အခါ ဘာဆက်ဖြစ်မယ်ဆိုတာ ကြောက်ပြီး စိုးရိမ်ပူပန်လာနိုင်တယ်။ အဲဒီလို ခံစားရတာ သဘာဝပါပဲ။ ဒါပေမဲ့ သတိထားဖို့တော့ လိုတယ်။ နှိပ်စက်ညှဉ်းပန်းမှုကြောင့် မိမိကို နောက်လိုက်တွေ စွန့်သွားမယ်လို့ ယေရှု ပြောတယ်။ (ယော. ၁၆:၁၊ ၂) ဒါကြောင့် နှိပ်စက်ညှဉ်းပန်းခံရချိန်မှာ ငြိမ်သက်မှု ဘယ်လို ဆက်ထိန်းထားနိုင်မလဲ။

၁၅။ နှိပ်စက်ညှဉ်းပန်းခံရမှာကို ဘာကြောင့် မကြောက်သင့်သလဲ။ (ယောဟန် ၁၅:၂၀။ ၁၆:၃၃)

၁၅ “ခရစ်တော်ယေရှုရဲ့ နောက်လိုက်အနေနဲ့ ဘုရားတရားကိုင်းရှိုင်းတဲ့ အသက်တာနဲ့ နေချင်သူတိုင်းဟာ ညှဉ်းဆဲခံရမှာပဲ” လို့ ကျမ်းစာ ပြောတယ်။ (၂ တိ. ၃:၁၂) အန်ဒရေဆိုတဲ့ ညီအစ်ကိုဟာ သူ့တိုင်းပြည်မှာ အဖွဲ့အစည်းလုပ်ငန်း ပိတ်ပင်ခံရတဲ့အခါ အဲဒီအချက်ကို လက်ခံဖို့ အခက်တွေ့တယ်။ ‘ဒီမှာ သက်သေခံ ဒီလောက် အများကြီး ရှိတာ။ အကုန်လုံးကို ဘယ်လို ဖမ်းနိုင်မှာလဲ’ လို့ တွေးမိတယ်။ ဒီလိုတွေးလို့ စိတ်ငြိမ်သက်မယ့်အစား ပိုစိုးရိမ်လာတယ်။ တခြားညီအစ်ကိုတွေကတော့ ယေဟောဝါလက်ထဲ အပ်ထားပြီး တစ်ချိန်ချိန်တော့ အဖမ်းခံရနိုင်တယ်လို့ တွေးထားကြတယ်။ ဒါကြောင့် အန်ဒရေလောက် မစိုးရိမ်ကြဘူး။ အန်ဒရေလည်း သူတို့လို သဘောထားမျိုး မွေးပြီး ဘုရားလက်ထဲ အပ်ထားဖို့ ဆုံးဖြတ်လိုက်တယ်။ မကြာခင်မှာပဲ ငြိမ်သက်မှု ခံစားလာရတယ်။ အခု၊ အခက်အခဲတွေကြားမှာတောင် ပျော်ရွှင်နေပြီ။ ကျွန်တော်တို့လည်း အဲဒီလို ဖြစ်နိုင်ပါတယ်။ နှိပ်စက်ညှဉ်းပန်းမှုကို မျှော်လင့်ထားဖို့ ယေရှု ပြောပြီး တစ်ချိန်တည်းမှာ ကျွန်တော်တို့ သစ္စာရှိနိုင်တယ်လို့လည်း အာမခံတယ်။ယောဟန် ၁၅:၂၀။ ၁၆:၃၃ ကို ဖတ်ပါ။

၁၆။ နှိပ်စက်ညှဉ်းပန်းခံရချိန်မှာ ဘယ်လမ်းညွှန်ချက်တွေကို နာခံဖို့ လိုသလဲ။

၁၆ အဖွဲ့အစည်းလုပ်ငန်း ပိတ်ပင်၊ ကန့်သတ်ခံရတဲ့အခါ ဌာနခွဲရုံးနဲ့ အကြီးအကဲတွေဆီက လမ်းညွှန်ချက်တွေ ရနိုင်တယ်။ အဲဒါတွေက ကျွန်တော်တို့ကို ကာကွယ်ပေးဖို့၊ ကျမ်းစာ အကြောင်းအရာတွေ ဆက်ရစေဖို့၊ တတ်နိုင်သလောက် ဆက်ဟောပြောနိုင်အောင် ကူညီပေးဖို့ပါ။ ရရှိတဲ့ လမ်းညွှန်ချက်တွေကို အပြည့်အဝ နားမလည်ရင်တောင် အတတ်နိုင်ဆုံး နာခံပါ။ (ယာ. ၃:၁၇) ညီအစ်ကို/မတွေအကြောင်း၊ အသင်းတော် လုပ်ဆောင်မှုတွေအကြောင်း သိခွင့် မရှိသူတွေကို ဘယ်တော့မှ ထုတ်မပြောပါနဲ့။—ဒေ. ၃:၇

ခက်ခဲချိန်တွေမှာတောင် ငြိမ်သက်မှု ရဖို့ ဘာက ကူညီပေးမလဲ (စာပိုဒ် ၁၇ ကို ကြည့်ပါ) e

၁၇။ ပထမရာစုခေတ်က တမန်တော်တွေလိုပဲ ကျွန်တော်တို့ ဘာလုပ်ဖို့ စိတ်ပိုင်းဖြတ်ထားသလဲ။

၁၇ ဘုရားလူမျိုးကို စာတန် တိုက်ခိုက်ရတဲ့ အဓိက အကြောင်းရင်းက သူတို့ “ယေရှုအကြောင်း သက်သေခံ” နေလို့ပဲ။ (ဗျာ. ၁၂:၁၇) စာတန်နဲ့ လောကကြောင့် ကြောက်မသွားပါနဲ့။ ဆန့်ကျင်မှုကြား ဟောပြောသွန်သင်တာက ငြိမ်သက်ပျော်ရွှင်မှု ရစေတယ်။ ပထမရာစုမှာ ဆက်မဟောဖို့ ဂျူးအာဏာပိုင်တွေ အမိန့်ပေးတဲ့အခါ တမန်တော်တွေ ဘုရားကို နာခံပြီး ဆက်ဟောကြတယ်။ ဒီလုပ်ငန်းက သူတို့ကို ပျော်ရွှင်စေတယ်။ (တ. ၅:၂၇-၂၉၊ ၄၁၊ ၄၂) အဖွဲ့အစည်း လုပ်ငန်း ကန့်သတ်ခံရတဲ့အခါ ဆက်ဟောရမှာ မှန်ပေမဲ့ သတိပညာ ရှိရမယ်။ (မ. ၁၀:၁၆) အတတ်နိုင်ဆုံး ကြိုးစားမယ်ဆိုရင် ယေဟောဝါရဲ့ မျက်နှာသာ ရနေတယ်၊ အသက်ကယ် သတင်း ဟောနေတယ်ဆိုတဲ့ အသိစိတ်ကနေ ငြိမ်သက်မှု ခံစားရပါလိမ့်မယ်။

“ငြိမ်သက်ခြင်းရဲ့ ဘုရားသခင်ဟာ ခင်ဗျားတို့နဲ့အတူ ရှိလိမ့်မယ်”

၁၈။ စစ်မှန်တဲ့ ငြိမ်သက်မှုကို ဘယ်သူ့ဆီက ရမလဲ။

၁၈ အခက်ခဲဆုံးအချိန်မှာတောင် ငြိမ်သက်မှု ခံစားရနိုင်တယ်ဆိုတာ စိတ်ချပါ။ အဲဒီလို အချိန်မှာ ကျွန်တော်တို့ လိုအပ်တာက ဘုရားသခင့် ငြိမ်သက်ခြင်းပါ။ အဲဒါကို ယေဟောဝါဘုရားပဲ ပေးနိုင်တယ်။ ဒါကြောင့် ကပ်ရောဂါ၊ သဘာဝဘေး၊ နှိပ်စက်ညှဉ်းပန်းမှု ကြုံရချိန်မှာ ဘုရားကို အားကိုးပါ။ အဖွဲ့အစည်းနဲ့ နီးနီးကပ်ကပ် နေပါ။ သိပ်ကောင်းတဲ့ အနာဂတ်ကို စောင့်မျှော်ပါ။ ဒါဆိုရင် “ငြိမ်သက်ခြင်းရဲ့ ဘုရားသခင်ဟာ ခင်ဗျားတို့နဲ့အတူ ရှိလိမ့်မယ်။” (ဖိ. ၄:၉) ဒုက္ခရောက်နေတဲ့ ညီအစ်ကို/မတွေကို ဘုရားသခင့် ငြိမ်သက်ခြင်း ရအောင် ဘယ်လို ကူညီနိုင်ကြောင်း နောက်ဆောင်းပါးမှာ ဆွေးနွေးကြပါမယ်။

သီချင်း ၃၈ ကိုယ်တော် သင်တို့ကို ခွန်အား ရှိစေမယ်

a မိမိကို ချစ်မြတ်နိုးသူတွေကို ငြိမ်သက်ခြင်း ပေးမယ်လို့ ယေဟောဝါ ကတိပေးထားတယ်။ ဘုရားပေးတဲ့ ငြိမ်သက်ခြင်းဆိုတာ ဘာလဲ။ ဘယ်လို ရနိုင်သလဲ။ “ဘုရားသခင့် ငြိမ်သက်ခြင်း” ရှိတာက ကပ်ရောဂါ၊ သဘာဝဘေး၊ နှိပ်စက်ညှဉ်းပန်းမှု ကြုံရချိန်မှာ ဘယ်လို ကူညီပေးနိုင်သလဲ။ အဲဒီမေးခွန်းတွေကို ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။

b အမည်လွှဲများ။

c ၂၀၁၇၊ အမှတ် ၅ နိုးလော့!သဘာဝဘေး ကျရောက်တဲ့အခါ အသက်ချမ်းသာရာ ရနိုင်တဲ့ နည်းများ” ဆောင်းပါးကို ကြည့်ပါ။

d ပုံအညွှန်း– ညီအစ်မတစ်ယောက် ပြောင်းရွှေ့ဖို့ ကြိုတင်ပြင်ဆင်ထား။

e ပုံအညွှန်း– ဟောပြောခြင်းလုပ်ငန်း ကန့်သတ်ခံရတဲ့ ဒေသမှာ နေတဲ့ ညီအစ်ကိုတစ်ယောက် သတိပညာရှိရှိ ဆက်ဟောပြောနေ။