မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆုမရအောင် ဘာကမှ မတားဆီးပါစေနဲ့

ဆုမရအောင် ဘာကမှ မတားဆီးပါစေနဲ့

‘ဆု​မရ​အောင် ဘယ်သူက​မှ မတားဆီး​ပါစေ​နဲ့။’—ကော. ၂:၁၈

သီချင်း– ၁၂၂၊ ၁၃၉

၁၊ ၂။ (က) ဘုရားသခင့်​ကျေးကျွန်​တွေ ဘယ်​ဆု​ကို စောင့်မျှော်​နေကြ​သလဲ။ (ခ) ဆု​ကို အာရုံစိုက်​နေဖို့ ဘာက ကူညီပေးသလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကို ကြည့်ပါ။)

တမန်တော်​ပေါလု​လိုပဲ ဒီနေ့ ဘိသိက်ခံ ခရစ်ယာန်တွေ​လည်း “ကောင်းကင်​အသက်တာ ခေါ်တော်မူခြင်း​ဆိုတဲ့ ဘုရားပေးဆု​ကျေးဇူး” ရရှိ​မယ့် အလားအလာ ရှိတယ်။ (ဖိ. ၃:၁၄) ကောင်းကင်နိုင်ငံတော်​မှာ ယေရှု​ခရစ်​နဲ့အတူ အမှုဆောင်ဖို့၊ လူသား​တွေကို ပြည့်ဝစုံလင်​ခြင်း ရရှိ​စေဖို့ သူတို့ စောင့်မျှော်​နေကြတယ်။ (ဗျာ. ၂၀:၆) ဘုရားသခင့် ဖိတ်ခေါ်ခြင်း ခံရတဲ့​သူတွေ​အတွက် တကယ်​ကောင်းတဲ့ ပန်းတိုင်​ပါပဲ။ တခြား​သိုး​တွေမှာ​တော့ မျှော်လင့်ချက် နောက်​တစ်မျိုး ရှိတယ်။ မြေကြီး​ပေါ်မှာ ထာဝရ​အသက်ဆု ရရှိ​ဖို့ စောင့်မျှော်​နေကြတယ်။ တကယ်​ပျော်စရာ​ကောင်းတဲ့ အလားအလာ​ပါပဲ။—၂ ပေ. ၃:၁၃

ဘိသိက်ခံ ခရစ်ယာန်ချင်း​တွေ သစ္စာရှိ​နေဖို့၊ ဆု​ရရှိ​စေဖို့ “အထက်​အရပ်​နဲ့​ဆိုင်တဲ့ အရာ​တွေကို စိတ်စွဲလမ်း​နေကြ​ပါ” လို့ ပေါလု တိုက်တွန်း​ခဲ့တယ်။ (ကော. ၃:၂) သူတို့​အနေနဲ့ ကောင်းကင်​အမွေ ရရှိ​မယ့် အဖိုးတန် မျှော်လင့်ချက်​ကို စိတ်စွဲမှတ်​ထားရမယ်။ (ကော. ၁:၄၊ ၅) ဘုရားသခင့်​ကျေးကျွန်​တွေကို ပေးဖို့ ယေဟောဝါ သတ်မှတ်ထားတဲ့ ကောင်းချီး​တွေကို တွေးတောခြင်း​က ကောင်းကင်ဆိုင်ရာ မျှော်လင့်ချက်​ဖြစ်စေ၊ မြေကြီး​ဆိုင်ရာ မျှော်လင့်ချက်​ဖြစ်စေ ဆု​ကို အာရုံစိုက်​နေဖို့ ကူညီပေးတယ်။—၁ ကော. ၉:၂၄

၃။ ဘယ်​အန္တရာယ်​တွေအကြောင်း ခရစ်ယာန်ချင်း​တွေကို ပေါလု သတိပေး​ခဲ့​သလဲ။

ဆု​မရ​အောင် တားဆီး​နိုင်တဲ့ အန္တရာယ်​တွေအကြောင်း​လည်း ခရစ်ယာန်ချင်း​တွေကို ပေါလု သတိပေး​ခဲ့တယ်။ ဥပမာ၊ ခရစ်တော်​ကို ယုံကြည်ခြင်း​အစား ပညတ်တရား​ရဲ့ အကျင့်​တွေ​အားဖြင့် ဘုရားသခင့် မျက်နှာသာ ရဖို့ ကြိုးစား​နေတဲ့ ခရစ်ယာန် အတုအယောင်​တွေအကြောင်း ကောလောသဲ အသင်းတော်ကို စာရေးခဲ့တယ်။ (ကော. ၂:၁၆-၁၈) ဒီနေ့​ထိ ရှိနေ​သေး​တဲ့၊ ဆုမရအောင် တားဆီး​နိုင်တဲ့ အန္တရာယ်​တွေအကြောင်း​လည်း ပေါလု ဆွေးနွေး​ခဲ့တယ်။ ဥပမာ၊ ညစ်ညမ်း​တဲ့ ဆန္ဒ​တွေကို တွန်းလှန်နိုင်ပုံ၊ ယုံကြည်သူချင်းတွေ​နဲ့ ပြဿနာ ဖြေရှင်းနိုင်ပုံ၊ မိသားစု အခက်အခဲ​တွေ ကိုင်တွယ်​နိုင်​ပုံ​တို့​အကြောင်း ရှင်းပြ​ခဲ့တယ်။ ပေါလု​ရဲ့ အကြံပြုချက်​တွေဟာ ဒီနေ့​အထိ တန်ဖိုးရှိ​နေတုန်း​ပါပဲ။ ဒါကြောင့် ကောလောသဲဩဝါဒစာ​မှာပါတဲ့ ပေါလု​ရဲ့ မေတ္တာပါ သတိပေးချက်​တချို့ကို ဆန်းစစ်ကြည့်​ကြစို့။

ညစ်ညမ်း​တဲ့​ဆန္ဒ​တွေကို သေစေ​ကြပါ

၄။ ညစ်ညမ်း​တဲ့​ဆန္ဒ​တွေ​က ဆု​မရ​အောင် ဘာကြောင့် တားဆီး​နိုင်သလဲ။

အံ့ဖွယ်​မျှော်လင့်ချက်​အကြောင်း ညီအစ်ကိုတွေ​ကို သတိပေး​ပြီးတဲ့နောက် ပေါလု ဒီလို​ရေး​တယ်– “ဒါကြောင့် လိင်အကျင့်ယိုယွင်းခြင်း၊ ညစ်ညူး​စွာ​ကျင့်​ခြင်း၊ ရမ္မက်​ဆန္ဒ​ကို မချုပ်တည်း​ခြင်း၊ မကောင်းတဲ့ လိုအင်ဆန္ဒ​ရှိ​ခြင်း၊ လောဘ​ကြီး​ခြင်း​ကို ဖြစ်ပေါ်​စေတဲ့ ကိုယ်ခန္ဓာ​အစိတ်အပိုင်း​တွေကို သေစေ​ကြပါ။” (ကော. ၃:၅) ညစ်ညမ်း​တဲ့​ဆန္ဒ​တွေဟာ အလွန်​ပြင်းထန်​နိုင်တယ်။ ဘုရားရေးရာ​ဘဏ္ဍာ​တွေ မရ​အောင် တားဆီး​နိုင်တယ်။ ညစ်ညမ်း​တဲ့​ဆန္ဒ​တွေကြောင့် လမ်းလွဲ​သွားတဲ့ ညီအစ်ကို​တစ်ယောက် အသင်းတော်​ထဲ ပြန်ရောက်​ပြီးနောက် “အလွန်​ပြင်းထန်တဲ့ ဆွဲအား​ကြောင့် အဝေး​ရောက်​သွားတာ အချိန်​လွန်​မှ​ပဲ ပြန်လှည့်လာ​နိုင်​တော့​တ​ယ်” လို့ပြောတယ်။

၅။ အန္တရာယ်ရှိတဲ့ အခြေအနေ​တွေကနေ ကိုယ့်ကိုယ်ကိုယ် ဘယ်လို ကာကွယ်​နိုင်သလဲ။

ယေဟောဝါရဲ့ စာရိတ္တစံနှုန်း​တွေကို အလျှော့ပေး​ဖို့ သွေးဆောင်မှု ဖြစ်စေ​နိုင်တဲ့ အခြေအနေ​တွေ ကြုံရတဲ့​အခါ သတိထား​နေဖို့ အထူး​အရေးကြီးတယ်။ ဥပမာ၊ သမီး​ရည်းစား​တွေ စတင်​ပိုးပန်းချိန်​ကတည်းက အထိအတွေ့၊ အနမ်း၊ နှစ်ယောက်​တည်းနေ​တာ စတဲ့​ကိစ္စတွေ​မှာ စည်းခြား​သတ်မှတ်​ထားရမယ်။ (ပညာ. ၂၂:၃) ခရစ်ယာန်​တစ်ယောက် အလုပ်​ကိစ္စ​နဲ့ ခရီးသွား​နေချိန်၊ လိင်​ခြား​သူနဲ့ အလုပ်​တွဲလုပ်​ရချိန်​တွေမှာ အကျင့်ပျက်​စေနိုင်​တဲ့ အန္တရာယ်​တွေ ပေါ်လာ​နိုင်တယ်။ (ပညာ. ၂:၁၀-၁၂၊ ၁၆) အဲဒီလို အခြေအနေ​မျိုး ကြုံနေ​ရတယ်​ဆိုရင် ကိုယ့်ကိုယ်ကိုယ် ယေဟောဝါ​သက်သေ​အဖြစ် ထုတ်ပြော​ပါ။ လေးစား​စရာ​ဖြစ်အောင် ပြုမူနေထိုင်​ပါ။ ပ​ရော​ပ​ရ​ည်လုပ်ခြင်း​ရဲ့ ဆိုးကျိုး​တွေကို သတိရပါ။ စိတ်ဓာတ်ကျ​နေချိန်၊ အထီးကျန်​ချိန်မှာ ပို​အန္တရာယ်​ရှိ​နိုင်တယ်။ ဒီလို​အချိန်​မျိုးမှာ ကိုယ့်ကို အရေးပေး​တဲ့​သူ​ကို တမ်းတ​မိ​နိုင်တယ်။ ဘယ်သူ့​ဆီက ဂရုစိုက်မှု​မဆို ခံယူ​ချင်စိတ် ပြင်းပြ​နိုင်တယ်။ အဲဒီလို ဖြစ်နေ​တယ်ဆိုရင် ဆု​မရ​အောင် တားဆီး​ခံရ​တာမျိုး မ​ဖြစ်ဖို့ ယေဟောဝါနဲ့ ညီအစ်ကို/မတွေ​ဆီ အကူအညီ တောင်း​ပါ။ဆာလံ ၃၄:၁၈ နဲ့ ပညာအလိမ္မာ ၁၃:၂၀ တို့ကိုဖတ်ပါ။

၆။ ဖျော်ဖြေမှု ရွေးချယ်​တဲ့အခါ ဘာကို စိတ်စွဲမှတ်​ထား​သင့်သလဲ။

ညစ်ညမ်း​တဲ့​ဆန္ဒ​တွေ သေစေ​ဖို့ ညစ်ညမ်း​တဲ့ ဖျော်ဖြေရေး​ကို ငြင်းပယ်​ရမယ်။ ဒီနေ့ ဖျော်ဖြေရေး​လုပ်ငန်း အများစု​မှာ ရှေးခေတ် သောဒုံ​နဲ့ ဂေါမောရ​မြို့သား​တွေရဲ့ စရိုက်လက္ခဏာ​တွေ ရှိ​နေတယ်။ (ယု. ၇) လိင်​အကျင့်ပျက်မှု​ကို ဆိုးကျိုး​မရှိတဲ့ သာမန်​အပြုအမူ​အဖြစ် တင်ဆက်ခြင်း​အားဖြင့် လုပ်ငန်းရှင်​တွေ​က သူတို့ရဲ့ အယူအဆ​တွေကို အားပေးအားမြှောက် လုပ်​နေကြတယ်။ ဘယ်​ဖျော်ဖြေရေး​ကို​မဆို လက်ခံ​လိုက်ခြင်း​အားဖြင့် သတိ​မဲ့​သွားတာ​မျိုး မဖြစ်​စေ​ပါနဲ့။ ဆု​မရ​အောင် အတားအဆီး မဖြစ်စေ​မယ့် ဖျော်ဖြေရေး​ကိုပဲ ရွေးချယ်​ရမယ်။—ပညာ. ၄:၂၃

မေတ္တာ၊ ကြင်နာခြင်း​တို့​ကို “ဝတ်ဆင်​ကြပါ”

၇။ ခရစ်ယာန် အသင်းတော်​ထဲမှာ ဘာပြဿနာ​တွေ ကြုံတွေ့​ရ​နိုင်သလဲ။

ခရစ်ယာန်​အသင်းတော်​အဝင် ဖြစ်​ရတာ ကောင်းချီး​တစ်ခုပါပဲ။ အစည်းအဝေးတွေမှာ ဘုရားသခင့် စကားတော် လေ့လာ​တာ၊ အပြန်အလှန် မေတ္တာ၊ ကြင်နာမှု ပြတာ​တွေ​က ဆု​ကို အာရုံစိုက်​နေဖို့ ကူညီပေးတယ်။ တစ်ခါတလေ နားလည်မှု​လွဲတာ​တွေ​က အသင်းတော်​ထဲမှာ တင်းမာမှု​တွေ ဖြစ်စေနိုင်ပါတယ်။ ပြဿနာ မဖြေရှင်း​ရင် နာကြည်းစိတ်တွေ အလွယ်တကူ ဝင်​လာနိုင်တယ်။၁ ပေတရု ၃:၈၊ ၉ ကိုဖတ်ပါ။

၈၊ ၉။ (က) ဆု​ရဖို့ ဘယ်အရည်အသွေးတွေ​က ကူညီပေး​မလဲ။ (ခ) ခရစ်ယာန်ချင်း​တစ်ယောက်​ကြောင့် စိတ်ထိခိုက်​ရ​တဲ့အခါ သင့်မြတ်​ငြိမ်သက်​မှုကို ထိန်းသိမ်းဖို့ ဘာက ကူညီ​ပေးနိုင်သလဲ။

နာကြည်းစိတ်​ကြောင့် ဆု​မရ​တာမျိုး မဖြစ်အောင် ဘယ်လို ကာကွယ်​နိုင်သလဲ။ “ဘုရားသခင် ရွေးချယ်​သူတွေ၊ သန့်ရှင်းသူ​တွေ၊ ချစ်မြတ်နိုး​ခံရသူ​တွေအနေနဲ့ ချစ်ခင်​စာနာ​ခြင်း၊ ကြင်နာခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်း​တို့​ကို ဝတ်ဆင်​ကြပါ။ အချင်းချင်း မကျေနပ်စရာ ရှိ​နေရင်​တောင် ဆက်​ပြီး​သည်းခံ​ကြပါ၊ ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်​ကြပါ။ ယေဟောဝါ​က ခင်ဗျား​တို့​ကို ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်​သလို ခင်ဗျား​တို့လည်း အဲဒီလိုပဲ ခွင့်လွှတ်​ကြပါ။ အဲဒါတွေ​အပြင် မေတ္တာကို​လည်း ဝတ်ဆင်​ကြပါ။ ဘာ​လို့လဲ​ဆိုတော့ မေတ္တာ​ဟာ စည်းလုံးခြင်း​အတွက် ခိုင်မြဲ​တဲ့ နှောင်ကြိုး​ပဲ” လို့ ကောလောသဲ​မြို့​က ခရစ်ယာန်တွေကို ပေါလု တိုက်တွန်း​ခဲ့တယ်။—ကော. ၃:၁၂-၁၄

မေတ္တာ၊ ကြင်နာခြင်း​က အချင်းချင်း ခွင့်လွှတ်​ဖို့ ကူညီပေး​နိုင်တယ်။ ဥပမာ၊ ခရစ်ယာန်ချင်း​တစ်ယောက်​ရဲ့ အပြောအဆို၊ အပြုအမူ​ကြောင့် စိတ်ထိခိုက်​တယ်​ဆိုရင် ကိုယ်တိုင် မကြင်မနာ ပြောဆို​ပြုမူ​ခဲ့တဲ့ အချိန်အခါ​တွေကို ပြန်​စဉ်းစားကြည့်ပါ။ ကျွန်တော်တို့ရဲ့ အမှား​တွေကို ဗွေမယူ​တဲ့ ညီအစ်ကို/မတွေ​ရဲ့ မေတ္တာ၊ ကြင်နာမှု​ကို ကျေးဇူးတင်​ကြ​တ​ယ် မဟုတ်လား။ (ဒေသနာ ၇:၂၁၊ ၂၂ ကိုဖတ်ပါ။) အထူးသဖြင့် စစ်မှန်တဲ့ ဝတ်ပြု​သူတွေကို စည်းလုံး​စေတဲ့ ခရစ်တော်ရဲ့ ကြင်နာမှု​ကိုလည်း ကျေးဇူးတင်​ကြ​တ​ယ်။ (ကော. ၃:၁၅) ကျွန်တော်တို့ဟာ ဘုရား​တစ်ပါးတည်း​ကို ကိုးကွယ်​နေကြတယ်။ သတင်း​တစ်မျိုးတည်း​ကို ဟောပြော​နေကြတယ်။ တူညီတဲ့​အခက်အခဲတွေကို ရင်ဆိုင်​နေကြတယ်။ အချင်းချင်း​ကို ကြင်နာစွာ၊ မေတ္တာပါ​စွာ ခွင့်လွှတ်ခြင်း​အားဖြင့် ခရစ်ယာန် စည်းလုံးမှု တိုးများ​အောင် လုပ်ဆောင်​နေ​ပြီး အသက်ဆု​ကို အာရုံစိုက်​နေကြတယ်။

၁၀၊ ၁၁။ (က) မနာလိုခြင်း​ဟာ ဘာကြောင့် အန္တရာယ် ရှိ​သလဲ။ (ခ) မနာလိုခြင်း​ကြောင့် ဆု​မရ​တာမျိုး မဖြစ်အောင် ဘယ်လို ကာကွယ်​နိုင်သလဲ။

၁၀ မနာလိုခြင်း​က ဆု​မရ​အောင် တားဆီး​နိုင်​ကြောင်း ကျမ်းစာမှာ​ပါတဲ့ သတိပေး ပုံနမူနာ​တွေ​က ဖော်ပြတယ်။ ဥပမာ၊ ကာ​အိ​န​ဟာ ညီ​အာဗေလ​ကို မနာလို​ဖြစ်ပြီး သတ်​ခဲ့တယ်။ ကောရ၊ ဒါသန်၊ အဘိရံ​တို့ဟာ မောရှေ​ကို မနာလို​ဖြစ်ပြီး ဆန့်ကျင်​ကြ​တ​ယ်။ ဘုရင်​ရှောလု​က ဒါဝိဒ်​ရဲ့ အောင်မြင်​မှုကို မနာလို​ဖြစ်ပြီး သတ်ဖို့ ကြိုးစား​ခဲ့တယ်။ “မနာလိုစိတ်၊ ငြင်းခုံ​ရန်​တွေ့ချင်​စိတ် ရှိတဲ့​နေရာမှာ စည်းစနစ် မ​ရှိတာ​တွေ၊ ယုတ်ညံ့​တာ​တွေ ရှိ​တတ်တယ်” လို့ ကျမ်းစာမှာ ဖော်ပြထားတာ မဆန်းပါဘူး။—ယာ. ၃:၁၆

၁၁ မေတ္တာ၊ ကြင်နာခြင်း​ကို မွေးမြူ​မယ်ဆိုရင် အလွယ်တကူ မနာလို​ဖြစ်​မှာ မဟုတ်ဘူး။ “မေတ္တာ​ဟာ စိတ်ရှည်​တတ်တယ်။ ကြင်နာ​တတ်တယ်” လို့ ကျမ်းစာက ပြောတယ်။ (၁ ကော. ၁၃:၄) မနာလိုခြင်း​ကို စိတ်နှလုံး​ထဲက​နေ အမြစ်​ပါ​မကျန် ဖယ်ရှား​နိုင်​ဖို့ ကိစ္စရပ်​တွေကို ဘုရားသခင် ရှုမြင်​သလို ရှုမြင်​ရမယ်။ ညီအစ်ကို/မတွေကို ခရစ်ယာန် ကိုယ်ခန္ဓာ​တစ်ခုတည်း​က အင်္ဂါ​ချင်း​တွေအဖြစ် ရှုမြင်​ရမယ်။ ဒါမှ “အစိတ်အပိုင်း​တစ်ခု ချီးမွမ်းခံ​ရ​ရင် ကျန်​တဲ့​အစိတ်အပိုင်း​အားလုံး ထပ်တူ​ဝမ်းမြောက်​ကြ​တယ်” ဆိုတဲ့ ကျမ်းစကား​နဲ့အညီ ကိုယ်ချင်းစာ​တတ်အောင် ကူညီ​ပေးပါ​လိမ့်မယ်။ (၁ ကော. ၁၂:၁၆-၁၈၊ ၂၆) တခြားသူတွေ ကောင်းချီး​ရ​တဲ့အခါ မနာလို မဖြစ်​ဘဲ ဝမ်းမြောက်​လိမ့်မယ်။ ဘုရင်​ရှောလု​ရဲ့​သား ယောနသန်​အကြောင်း စဉ်းစားကြည့်ပါ။ ထီးနန်း​ကို ဒါဝိဒ်​ဆက်ခံ​ရ​တဲ့အခါ မနာလို မဖြစ်​ဘဲ ဒါဝိဒ်​ကို အားပေးခဲ့တယ်။ (၁ ရှ. ၂၃:၁၆-၁၈) ယောနသန်​လို မေတ္တာ၊ ကြင်နာမှု ပြ​နိုင်မလား။

မိသားစု​လိုက် ဆု​ရယူ​ပါ

၁၂။ မိသားစု​လိုက် ဆု​ရဖို့ ဘယ်​ကျမ်းစာ​အကြံဉာဏ်​က ကူညီပေး​မလဲ။

၁၂ ကျမ်းစာ​အခြေခံ​မူတွေ​ကို ကျင့်သုံးခြင်း​အားဖြင့် မိသားစု ငြိမ်သက်​ပျော်ရွှင်​ပြီး ဆု​ရရှိနိုင်​မယ်။ ကောလောသဲ​မြို့​က ခရစ်ယာန်တွေကို မိသားစုနဲ့​ပတ်သက်ပြီး ပေါလု ဘယ်လို အကြံပေး​ခဲ့​သလဲ။ “ဇနီး​တို့၊ ကိုယ့်​ခင်ပွန်းကို လက်အောက်ခံ​ကြပါ။ ခရစ်ယာန်​တွေဟာ အဲဒီလိုပဲ လက်အောက်ခံ​သင့်တယ်။ ခင်ပွန်း​တို့၊ ဇနီးကို ချစ်မြဲချစ်ကြ​ပါ။ သူတို့ကို တရား​လွန် ဒေါသ​မ​ထွက်​ပါနဲ့။ သားသမီး​တို့၊ မိဘ​စကားကို အရာရာ​မှာ နာခံ​ကြပါ။ အဲဒီလို​နာခံ​တာ​ကို သခင် နှစ်သက်​တ​ယ်။ ဖခင်​တို့၊ သားသမီးတွေကို စိတ်ဆိုး​အောင် မလုပ်ပါနဲ့။ အဲဒီလို​လုပ်​ရင် သူတို့ စိတ်ပျက်​သွား​လိမ့်မယ်” လို့ ပေါလု ပြောတယ်။ (ကော. ၃:၁၈-၂၁) ပေါလု​ရဲ့ အကြံပြုချက်​ကို လိုက်နာခြင်း​က ခင်ပွန်း၊ ဇနီး၊ သားသမီး​တို့​ကို အကျိုးပြု​မယ်​ဆိုတာ သင်​သဘောတူ​ပါလိမ့်မယ်။

၁၃။ ခရစ်ယာန် ညီအစ်မ​က မယုံကြည်သူ ခင်ပွန်းကို ဘယ်လိုနည်းနဲ့ အမှန်တရား လက်ခံ​လာ​စေနိုင်​မလဲ။

၁၃ ဇနီးသည်​အနေနဲ့ မယုံကြည်သူ ခင်ပွန်း ကောင်းကောင်း မဆက်ဆံ​ဘူးလို့ ခံစားနေရ​ရင် ဘယ်လို လုပ်​မလဲ။ သူနဲ့ အငြင်းပွား​နေလို့ အခြေအနေ ကောင်း​လာ​မလား။ ကောင်း​လာ​ရင်တောင် အမှန်တရားကို လက်ခံ​လာ​မလား။ လက်ခံ​နိုင်​ချေ မရှိဘူး။ ဒါပေမဲ့ ခင်ပွန်း​ရဲ့ ဦးစီးမှု​ကို လေးစား​မယ်ဆိုရင်​တော့ မိသားစု​မှာ သင့်မြတ်​ငြိမ်းချမ်းမှု ရှိစေ​နိုင်မယ်။ ယေဟောဝါ​ကို ချီးမွမ်း​နိုင်မယ်။ ခင်ပွန်းကို​လည်း စစ်မှန်တဲ့​ဝတ်ပြုရေး​ကို လက်ခံ​လာ​စေနိုင်​မယ်။ ဒါဆိုရင် နှစ်ယောက်စလုံး ဆု​ရရှိနိုင်​ပါလိမ့်မယ်။၁ ပေတရု ၃:၁၊ ၂ ကိုဖတ်ပါ။

၁၄။ မယုံကြည်သူ ဇနီးရဲ့ လေးစားမှု မ​ခံရ​ရင် ခရစ်ယာန် ခင်ပွန်း ဘာ​လုပ်သင့်​သလဲ။

၁၄ ခင်ပွန်းသည်​အနေနဲ့ မယုံကြည်သူ ဇနီးရဲ့ လေးစားမှု မရရှိ​ဘူးလို့ ခံစားနေရ​ရင်​ကော။ အိမ်ထောင်ဦးစီး ဖြစ်မှန်း ပြဖို့ အော်ငေါက်​နေလို့ ပို​လေးစား​လာ​မလား။ လုံးဝ လေးစား​မှာ မဟုတ်ဘူး။ ယေရှု​ကို တုပ​ပြီး မေတ္တာနဲ့ ဦးစီးဖို့ ဘုရားသခင် မျှော်လင့်​တ​ယ်။ (ဧ. ၅:၂၃) ယေရှုဟာ အသင်းတော်ကို မေတ္တာပါ​စွာ၊ စိတ်ရှည်​စွာ ဦးစီး​ခဲ့တယ်။ (လု. ၉:၄၆-၄၈) ယေရှုရဲ့ ပုံသက်သေ​ကို တုပ​မယ်ဆိုရင် စစ်မှန်တဲ့​ဝတ်ပြုရေး​ကို ဇနီးသည် လက်ခံ​လာနိုင်တယ်။

၁၅။ ခရစ်ယာန်​အမျိုးသား​ဟာ ဇနီးကို ချစ်ကြောင်း ဘယ်လို ဖော်ပြသလဲ။

၁၅ “ဇနီးကို ချစ်မြဲချစ်ကြ​ပါ။ သူတို့ကို တရား​လွန် ဒေါသ​မ​ထွက်​ပါနဲ့” လို့ ခင်ပွန်းသည်​တွေကို ညွှန်ကြား​ထားတယ်။ (ကော. ၃:၁၉) မေတ္တာ​ရှိတဲ့ ခင်ပွန်းဟာ ဇနီးရဲ့ သဘောထားကို နားထောင်ခြင်း၊ ဇနီးရဲ့ စကားကို တန်ဖိုးထားကြောင်း စိတ်ချ​စေခြင်း​အားဖြင့် ဂုဏ်တင်​တ​ယ်။ (၁ ပေ. ၃:၇) ဇနီး​ပြောတဲ့​အတိုင်း အမြဲ​မလုပ်​နိုင်​ပေ​မဲ့ သူနဲ့ တိုင်ပင်​ဆွေးနွေးခြင်း​အားဖြင့် မျှမျှတတ ဆုံးဖြတ်​လေ့ရှိတယ်။ (ပညာ. ၁၅:၂၂) မေတ္တာ​ရှိတဲ့ ခင်ပွန်းဟာ ဇနီးရဲ့ လေးစားမှုကို မတောင်းဆို​ဘဲ ရရှိအောင် ကြိုးစား​တ​ယ်။ ဇနီး​နဲ့ သားသမီးတွေကို ချစ်တဲ့​ခင်ပွန်းဟာ ယေဟောဝါ​ကို ပျော်ရွှင်​စွာ ဝတ်ပြု​တဲ့ မိသားစု ရရှိ​ဖို့၊ အသက်ဆု ရရှိ​ဖို့ အလားအလာ ပိုများ​တ​ယ်။

မိသားစု​အခက်အခဲ​တွေကြောင့် ဆု​မရ​တာမျိုး မဖြစ်အောင် ဘယ်လို ကာကွယ်​နိုင်သလဲ (အပိုဒ် ၁၃-၁၅ ကိုကြည့်ပါ)

လူငယ်တို့၊ ဆု​မရ​အောင် ဘာက​မှ မတားဆီး​ပါစေ​နဲ့

၁၆၊ ၁၇။ လူငယ်​တစ်ယောက်​အနေနဲ့ မိဘတွေ​ကို တရား​လွန် စိတ်မဆိုး​မိအောင် ဘယ်လို ရှောင်နိုင်​သလဲ။

၁၆ ဆယ်ကျော်သက်​တစ်ဦး​အနေနဲ့ ခရစ်ယာန်မိဘ​တွေရဲ့ အထင်လွဲ​မှု၊ ကန့်သတ်​ချုပ်ချယ်မှု ခံ​နေရတယ်​လို့ ထင်​ရင်​ကော။ အဲဒီလို ခံစားနေရ​ရင် ယေဟောဝါ​ကို ဝတ်ပြု​တာ အကောင်းဆုံး​ဘဝလမ်းစဉ်​မှ ဟုတ်​ရဲ့​လား​လို့ သံသယဝင်​လာနိုင်တယ်။ ယေဟောဝါ​ကို ဝတ်​မပြု​တော့​ရင် ဘုရားကို ကြောက်ရွံ့ရိုသေ​တဲ့ မိဘတွေ​နဲ့ အသင်းတော်​ထက် သင့်ကို ပို​ဂရုစိုက်​တဲ့​သူ မရှိ​မှန်း မကြာခင် သိလာ​ပါလိမ့်မယ်။

၁၇ မိဘတွေ တစ်ခါ​မှ မဆုံးမ​ရင် ကိုယ့်ကို တကယ်​မှ ချစ်​ရဲ့​လား​လို့ တွေးမိ​မယ် မဟုတ်လား။ (ဟီ. ၁၂:၈) မိဘတွေရဲ့ ဆုံးမ​နည်း​ကြောင့် စိတ်ထိခိုက်​မိ​နိုင်တယ်။ ဒါပေမဲ့ ဆုံးမ​နည်း​ကြောင့် စိတ်မဆိုး​ပါနဲ့။ ဆုံးမ​ရတဲ့​အကြောင်းရင်းကို နားလည်ဖို့ ကြိုးစားပါ။ ဒါကြောင့် တည်တည်ငြိမ်ငြိမ်​ရှိပါ။ တရား​လွန် ဝေဖန်​တုံ့ပြန်​တာမျိုး မလုပ်ပါနဲ့။ “ဉာဏ်ပညာ​ရှိသူ​ဟာ စကားများ​များ မပြောဘူး။ ပိုင်းခြားသိမြင်မှု​ရှိသူ​ဟာ အေးဆေးတည်ငြိမ်​တ​ယ်” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ပညာ. ၁၇:၂၇) ဆုံးမ​တာ​ကို တည်တည်ငြိမ်ငြိမ် လက်ခံ​နိုင်တဲ့ ရင့်ကျက်သူ​ဖြစ်ဖို့၊ ဘယ်လိုနည်းနဲ့​ပဲ ဆုံးမ​ပါစေ အကျိုးရယူ​ဖို့ ပန်းတိုင်ထားပါ။ (ပညာ. ၁:၈) ယေဟောဝါ​ကို ချစ်တဲ့ ယုံကြည်သူ​မိဘတွေ ရထား​တာ ကောင်းချီး​ပါပဲ။ အသက်ဆု ရ​အောင် သူတို့ တကယ်​ကူညီပေး​ချင်​ကြ​တ​ယ်။

၁၈။ ဆု​ကို အာရုံစိုက်​နေဖို့ ဘာကြောင့် စိတ်ပိုင်းဖြတ်​ထား​သလဲ။

၁၈ ကောင်းကင်မှာ မပျက်စီး​နိုင်တဲ့​အသက်​ဖြစ်စေ၊ မြေကြီး​ပရဒိသုမှာ ထာဝရ​အသက်​ဖြစ်စေ ကျွန်တော်တို့ ရမယ့်​ဆု​ဟာ အလွန်ကောင်း​လှပါတယ်။ ဖန်ဆင်းရှင်ကိုယ်​တိုင် ပေးထား​တဲ့​ကတိ​မို့ သေချာ​တဲ့ မျှော်လင့်ချက်​ပါပဲ။ မြေကြီး​ပရဒိသု​နဲ့ပတ်သက်ပြီး “ကမ္ဘာမြေဟာ ယေဟောဝါ​ကို သိကျွမ်းခြင်း​နဲ့ ပြည့်နေ” မယ်လို့ ဘုရားသခင် မိန့်ဆို​တ​ယ်။ (ဟေရှာ. ၁၁:၉) မြေကြီး​ပေါ် အသက်ရှင်​သူ​တိုင်း​ကို ဘုရားသခင် သွန်သင်ပေးပါ​လိမ့်မယ်။ ရယူဖို့ ကြိုးစား​ထိုက်တဲ့ ဆု​ပါပဲ။ ဒါကြောင့် ယေဟောဝါရဲ့ ကတိ​ကို စိတ်စွဲမှတ်​ထားပါ။ ဆု​မရ​အောင် ဘာက​မှ မတားဆီး​ပါစေ​နဲ့။