မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါဆီမှာ သင် ခိုလှုံနေသလား

ယေဟောဝါဆီမှာ သင် ခိုလှုံနေသလား

“ယေဟောဝါ​က မိမိ​ကျေးကျွန်​တွေရဲ့ အသက်​ကို ရွေးယူ​တ​ယ်။ ဘုရားဆီ ခိုလှုံ​သူ​တစ်ယောက်​မှ အပြစ်ရှိ​သူ​လို့ ယူမှတ်​ခံရ​မှာ မဟုတ်ဘူး။”—ဆာ. ၃၄:၂၂

သီချင်း– ၈၊ ၅၄

၁။ ဘုရားသခင့် သစ္စာရှိကျေးကျွန်​တွေဟာ အပြစ်​ကြောင့် ဘယ်လို ခံစား​ကြ​သလဲ။

“ကျွန်တော့်​အဖြစ် ဆိုး​လိုက်တာ။” (ရော. ၇:၂၄) တမန်တော် ပေါလု​ရဲ့ စကား​တွေကို ဘုရားသခင့် သစ္စာရှိကျေးကျွန်​များစွာ ပြော​ကြ​တ​ယ်။ ကျွန်တော်တို့​အားလုံး အပြစ်​ကို အမွေ ရထား​ကြ​တ​ယ်။ ကျွန်တော်တို့ရဲ့ လုပ်ရပ်​က ယေဟောဝါရဲ့ နှစ်သက်မှု ရ​ချင်တဲ့​ဆန္ဒ​နဲ့ မကိုက်ညီ​တဲ့အခါ အဖြစ်ဆိုး​လိုက်တာ​လို့ ခံစား​မိ​နိုင်တယ်။ ကြီးလေး​တဲ့​အပြစ် ကျူးလွန်​ထားတဲ့ ခရစ်ယာန်​တချို့ ဘုရားသခင့် ခွင့်လွှတ်မှု မရနိုင်​တော့ဘူး​လို့တောင် ခံစား​ကြ​တ​ယ်။

၂။ (က) ဘုရားသခင့် ကျေးကျွန်​တွေဟာ အပြစ်​ရဲ့ လွှမ်းမိုး​ဖိစီးမှု​အောက် ရောက်နေ​တယ်လို့ ခံစား​စရာ မလို​ကြောင်း ဆာလံ ၃၄:၂၂ က ဘယ်လို ဖော်ပြသလဲ။ (ခ) ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။ (“ သင်ခန်းစာ​လား၊ အ​နှိုင်း​ခံ​လား” လေးထောင့်ကွက်​ကို ကြည့်ပါ။)

ဒါပေမဲ့ ယေဟောဝါ​ဆီမှာ ခိုလှုံ​သူတွေဟာ အပြစ်​ရဲ့ လွှမ်းမိုး​ဖိစီးမှု​အောက် ရောက်နေ​တယ်လို့ ခံစား​နေစရာ မလိုဘူး​ဆိုပြီး ကျမ်းစာက နှစ်သိမ့်​ပေးတယ်။ (ဆာလံ ၃၄:၂၂ ကိုဖတ်ပါ။) ယေဟောဝါ​ဆီ ခိုလှုံ​ခြင်း​မှာ ဘာ​ပါဝင်​သလဲ။ ယေဟောဝါရဲ့ ကရုဏာတော်​နဲ့ ခွင့်လွှတ်မှု ရဖို့ ဘာတွေ လုပ်ဆောင်​ရ​မလဲ။ ရှေးခေတ် အစ္စရေး ခိုလှုံရာမြို့ အစီအစဉ်​အကြောင်း သုံးသပ်​မယ်ဆိုရင် အဖြေ​ရနိုင်​ပါတယ်။ အဲဒီ​အစီအစဉ်​ကို အေဒီ ၃၃၊ ပင်တေကုတ္တေပွဲ​နေ့​မှာ အစားထိုး​ခံရတဲ့ ပညတ်ပဋိညာ​ဉ်​အောက်မှာ ပြဋ္ဌာန်း​ခဲ့တယ်။ ဒါပေမဲ့ ပညတ်တရား​ဟာ ယေဟောဝါ​ဆီက ဖြစ်ကြောင်း သတိရပါ။ ဒါကြောင့် ခိုလှုံရာမြို့ အစီအစဉ်​က​နေ အပြစ်၊ အပြစ်ပြုသူ၊ နောင်တ​တို့​နဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ အမြင်​ကို သိရတယ်။ အရင်ဆုံး ခိုလှုံရာမြို့​တွေရဲ့ ရည်ရွယ်ချက်​နဲ့ လုပ်ဆောင်ပုံ​အကြောင်း သုံးသပ်ကြည့်​ကြစို့။

“ခိုလှုံရာမြို့​တွေကို ရွေးချယ်​ပါ”

၃။ တမင်တကာ လူသတ်မှု​တွေကို အစ္စရေးတွေ ဘယ်လို ကိုင်တွယ်​ခဲ့ကြသလဲ။

ရှေးခေတ် အစ္စရေး​ပြည်​မှာ လူသတ်မှု​မှန်သမျှကို ကြီးလေး​တဲ့​ပြစ်မှု​လို့ ယေဟောဝါ သတ်မှတ်​တ​ယ်။ တမင်တကာ လူ​သတ်​တဲ့​သူတွေကို အသတ်ခံရ​သူရဲ့ ဆွေမျိုးရင်းချာ အမျိုးသား၊ “သွေး​ကြွေးဆပ်​မယ့်​သူ” က သေ​စား​သေစေ​ရတယ်။ (တော. ၃၅:၁၉) ဒါက အပြစ်မဲ့​သူ​ကို သတ်​တဲ့​အပြစ်​ကို ကျေ​စေတယ်။ အလျင်အမြန် ကွပ်မျက်ခြင်း​က ကတိထားရာပြည်​ကို မ​ညစ်ညူး​အောင် ကာကွယ်​ပေးတယ်။ “ကိုယ်နေ​ထိုင်​တဲ့ တိုင်းပြည်​ကို လူသတ်မှု​ကြောင့် မ​ညစ်ညူး​စေ​နဲ့” လို့ ယေဟောဝါ မိန့်မှာ​ထားတယ်။—တော. ၃၅:၃၃၊ ၃၄

၄။ မတော်တဆ လူသတ်မှု​ကို အစ္စရေး​ပြည်​မှာ ဘယ်လို ကိုင်တွယ်​ခဲ့ကြသလဲ။

မတော်တဆ လူသတ်မှု​တွေကို​ကော အစ္စရေးတွေ ဘယ်လို ကိုင်တွယ်​ကြ​သလဲ။ မတော်တဆ လူ​သတ်​မိ​တာ ဖြစ်ပေမဲ့ လူ​သတ်​တဲ့​အပြစ် ရှိနေ​တုန်းပဲ။ (က. ၉:၅) ဒါပေမဲ့ သွေး​ကြွေးဆပ်​မယ့်​သူ​လက်​က​နေ လွတ်​အောင် ခိုလှုံရာမြို့ ခြောက်မြို့​ထဲက တစ်မြို့​မြို့​ကို ပြေး​ခွင့် ရှိတယ်။ အဲဒီမှာ အကာအကွယ် ရယူ​နိုင်တယ်။ မတော်တဆ လူ​သတ်​မိ​သူဟာ ပုရောဟိတ်မင်း သေဆုံးချိန်​အထိ ခိုလှုံရာမြို့​ထဲမှာ​ပဲ နေရ​မယ်။—တော. ၃၅:၁၅၊ ၂၈

၅။ ခိုလှုံရာမြို့ အစီအစဉ်​က ယေဟောဝါ​အကြောင်း ပို​သိ​လာအောင် ဘယ်လို ကူညီ​ပေးနိုင်သလဲ။

အဲဒီမြို့​တွေကို ခိုလှုံရာမြို့​အဖြစ် သတ်မှတ်​တာ လူတွေ မဟုတ်ဘူး။ “အစ္စရေး​တွေကို ပြော​ရမှာက ‘မောရှေ​က​နေ​တစ်ဆင့် ငါ​ပြောခဲ့တဲ့​အတိုင်း ခိုလှုံရာမြို့​တွေကို ရွေးချယ်​ပါ’” လို့ ယောရှု​ကို ယေဟောဝါ​ကိုယ်တိုင် မိန့်မှာ​တယ်။ အဲဒီမြို့​တွေကို “ခိုလှုံရာမြို့​တွေအဖြစ် ဆက်ကပ်” ထားတယ်။ (ယောရှု ၂၀:၁၊ ၂၊ ၇၊ ၈) ဒီ​မြို့​တွေကို အထူး​ရည်ရွယ်ချက်​အတွက် သီးသန့်​ထားရာ​မှာ ယေဟောဝါ​ကိုယ်တိုင် တိုက်ရိုက် ပါဝင်ပတ်သက်​နေလို့ ကိုယ့်ကိုယ်ကိုယ် မေး​ရမယ်– ယေဟောဝါရဲ့ ကရုဏာတော်​ကို ရှင်းရှင်းလင်းလင်း မြင်နိုင်​အောင် ဒီ​အစီအစဉ်​က ဘယ်လို ကူညီပေးသလဲ။ ဒီနေ့ ဘုရားဆီ ခိုလှုံ​နိုင်​ပုံ​အကြောင်း ဘာသင်ပေးသလဲ။

“အကြီးအကဲ​တွေကို အကျိုးအကြောင်း ပြောပြ​ရမယ်”

၆၊ ၇။ (က) မတော်တဆ လူ​သတ်​မိ​သူ​ကို တရားစီရင်​ရာမှာ အကြီးအကဲတွေ​ရဲ့ အခန်းကဏ္ဍ​ကို ဖော်​ပြပါ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကို ကြည့်ပါ။) (ခ) ဝရမ်းပြေး​အနေနဲ့ အကြီးအကဲတွေ​ဆီ သွားတာ ဘာကြောင့် ပညာရှိ​ရာ​ရောက်သလဲ။

မတော်တဆ လူ​သတ်​မိ​တဲ့ ဝရမ်းပြေး​တစ်ယောက်​ဟာ ပြေးဝင်​တဲ့ ခိုလှုံရာမြို့​တံခါး​မှာ “မြို့​အကြီးအကဲ​တွေကို အကျိုးအကြောင်း ပြောပြ​ရမယ်။” သူ့ကို ပျူပျူငှာငှာ လက်ခံ​ကြိုဆို​ရမယ်။ (ယောရှု ၂၀:၄) နောက်ပိုင်းမှာ လူသတ်မှု​ဖြစ်ခဲ့​တဲ့ မြို့​အကြီးအကဲတွေ​ဆီ သူ့ကို ပြန်ပို့​ရမယ်။ အမှု​ကို အဲဒီ​အကြီးအကဲတွေ စီရင်​ရမယ်။ (တောလည်ရာ ၃၅:၂၄၊ ၂၅ ကိုဖတ်ပါ။) မတော်တဆ လူ​သတ်​မိတယ်​လို့ အကြီးအကဲတွေ ကြေညာ​မှသာ ဝရမ်းပြေး​ဟာ ခိုလှုံရာမြို့​ဆီ ပြန်​ရမယ်။

အကြီးအကဲတွေ ဘာကြောင့် ပါဝင်​ရသလဲ။ သူတို့​တစ်​တွေ​က အစ္စရေး​တွေကို သန့်ရှင်း​နေ​စေ​ရမယ်။ ယေဟောဝါရဲ့ ကရုဏာတော်​က​နေ မတော်တဆ လူ​သတ်​မိ​သူ အကျိုးရ​ရှိ​ဖို့ ကူညီပေး​ရမယ်။ ဝရမ်းပြေး​သာ အကြီးအကဲတွေ​ဆီ မသွား​ရင် “အန္တရာယ်​ရှိတယ်” လို့ ကျမ်းပညာရှင်​တစ်ယောက် ပြောတယ်။ “ဘုရားသခင် ပြင်ဆင်ပေး​တဲ့ ဘေးကင်းလုံခြုံမှု အစီအစဉ်​ကို အသုံးမပြု​ရင်​တော့ ကိုယ့်​အပြစ်​နဲ့​ကိုယ်​ပဲ” လို့ ထပ်ပြော​တ​ယ်။ မတော်တဆ လူ​သတ်​မိ​သူ အကူအညီ ရနိုင်​ပါတယ်။ ဒါပေမဲ့ အကူအညီ​ကို ကိုယ်တိုင် ရှာယူ​လက်ခံ​ရမယ်။ ယေဟောဝါ ပြင်ဆင်ပေး​ထားတဲ့ ခိုလှုံရာမြို့​မှာ မ​ခိုလှုံ​ရင် ကိုယ်​သတ်​မိ​သူရဲ့ ဆွေမျိုးရင်းချာ​တစ်ယောက်က သေ​စား​သေစေ​ပိုင်ခွင့် ရှိတယ်။

၈၊ ၉။ ကြီးလေး​တဲ့​အပြစ် ကျူးလွန်​ထားတဲ့ ခရစ်ယာန်​တစ်ယောက် အကြီးအကဲတွေ​ဆီ ဘာကြောင့် အကူအညီ တောင်း​သင့်သလဲ။

ဒီနေ့လည်း ကြီးလေး​တဲ့​အပြစ် ကျူးလွန်​ထားတဲ့ ခရစ်ယာန်​တစ်ယောက်​ဟာ အသင်းတော် အကြီးအကဲတွေ​ရဲ့ အကူအညီ ရှာယူ​ဖို့ လိုတယ်။ အဲဒါ ဘာကြောင့် အလွန်​အရေးကြီး​သလဲ။ ပထမ၊ ကြီးလေး​တဲ့​အပြစ်​တွေကို ကိုင်တွယ်​ဖို့ အကြီးအကဲ အစီအစဉ်​ဟာ ကျမ်းစာမှာ ဖော်ပြထားတဲ့​အတိုင်း ယေဟောဝါ​ဆီက ဖြစ်တယ်။ (ယာ. ၅:၁၄-၁၆) ဒုတိယ၊ ဒီ​အစီအစဉ်​ဟာ နောင်တ​ရတဲ့ အပြစ်ပြုသူ​ကို ဘုရားသခင့် စောင့်ရှောက်မှု​အောက် ဆက်ရှိ​နေ​စေတယ်။ အပြစ်လမ်းစ​ဉ်​ကို ရှောင်ရှား​စေတယ်။ (ဂ​လ. ၆:၁။ ဟီ. ၁၂:၁၁) တတိယ၊ အကြီးအကဲတွေ​ဟာ နောင်တ​ရတဲ့ အပြစ်ပြုသူ​တွေကို နှစ်သိမ့်​ပေးဖို့၊ သူတို့ရဲ့ နာကျင်မှု​နဲ့ အပြစ်​ရှိတယ်ဆိုတဲ့ ခံစားချက်ကို သက်သာ​စေဖို့ တာဝန် ရှိတယ်၊ လေ့ကျင့်​ခံ​ထား​ရတယ်။ ဒီ​အကြီးအကဲ​တွေကို “မိုးသက်မုန်တိုင်း ကျတဲ့​အခါ ပုန်းခိုရာ​အရပ်” လို့ ယေဟောဝါ ခေါ်​ထားတယ်။ (ဟေရှာ. ၃၂:၁၊ ၂) ဒီ​အစီအစဉ်​ဟာ ဘုရားသခင့် ကရုဏာတော်​ကို ဖော်ပြ​ကြောင်း သဘောတူတ​ယ် မဟုတ်လား။

ဘုရားသခင့် ကျေးကျွန်​များစွာ​ဟာ အကြီးအကဲတွေ​ရဲ့ အကူအညီ ရှာယူ​လက်ခံခြင်း​ကြောင့် စိတ်သက်သာမှု ရရှိ​ကြ​တယ်။ ဥပမာ၊ ညီအစ်ကို ဒေ​နီ​ယ​ယ်​ဟာ ကြီးလေး​တဲ့​အပြစ် ကျူးလွန်ခဲ့​ပေ​မဲ့ အကြီးအကဲတွေ​ဆီ မသွား​ဘဲ လ​ပေါင်း​များစွာ နေ​ခဲ့တယ်။ “အချိန် အတော်ကြာ​သွား​ပြီမို့ အကြီးအကဲတွေ ဘာမှ မလုပ်​ပေးနိုင်​တော့​ဘူးလို့ ထင်​ခဲ့တယ်။ ဒါပေမဲ့ အပြစ်​ရဲ့ အကျိုးဆက်​တွေကို ရင်​တ​မ​မ​နဲ့ အမြဲ​စောင့်မျှော်​နေ​မိတယ်။ ယေဟောဝါ​ဆီ ဆုတောင်း​တော့ လုပ်ခဲ့တာ​တွေအတွက် တောင်းပန်​ဖို့ လိုတယ်​လို့ ခံစားရ​တ​ယ်။” နောက်ဆုံး​တော့ အကြီးအကဲတွေ​ရဲ့ အကူအညီ​ကို ဒေ​နီ​ယ​ယ် ရှာယူ​ခဲ့တယ်။ နောက်ကြောင်း ပြန်တွေး​ရင်း ဒီလိုပြောတယ်– “အကြီးအကဲတွေ​ဆီ သွားဖို့ ကြောက်​ခဲ့​ပါတယ်။ ဒါပေမဲ့ သွားပြီးနောက်​မှာတော့ ပ​ခုံး​ပေါ်​က အထုပ်​ကြီး​ကို တစ်ယောက်ယောက်​က ဖယ်ပေး​လိုက်​သလိုပဲ။ အခုတော့ ယေဟောဝါ​ဆီ အတားအဆီး မရှိ ချဉ်းကပ်​နိုင်ပြီ။” ဒီနေ့ ဒေ​နီ​ယ​ယ်​ဟာ ကြည်လင်​တဲ့​သိစိတ် ရှိနေ​ပြီး မကြာသေးခင်က အသင်းတော် အမှုထမ်း​အဖြစ် ခန့်အပ်ခံ​ရတယ်။

‘အဲဒီမြို့​တစ်မြို့​ဆီ ထွက်ပြေး​ရမယ်’

၁၀။ မတော်တဆ လူ​သတ်​မိ​သူဟာ ကရုဏာ ခံစားရ​ဖို့ ဘယ်လို ပြတ်ပြတ်သားသား လုပ်ဆောင်​ရ​မလဲ။

၁၀ မတော်တဆ လူ​သတ်​မိ​သူဟာ ကရုဏာ ခံစားရ​ဖို့ လုပ်ဆောင်​ရမယ်။ အနီးဆုံး ခိုလှုံရာမြို့​ဆီ ပြေး​ရမယ်။ (ယောရှု ၂၀:၄ ကိုဖတ်ပါ။) ဝရမ်းပြေး​ဟာ ပေါ့ပေါ့ဆဆ နေမှာ မဟုတ်ဘူး။ သူ့​သေရေးရှင်ရေး​ဟာ ခိုလှုံရာမြို့​ကို အမြန်​ဆုံး ရောက်ရှိခြင်း၊ ဆက်နေ​ခြင်း​အပေါ် မူတည်​တ​ယ်။ အဲဒီ​အတွက် စွန့်လွှတ်​စရာ​တွေ ရှိလာ​တ​ယ်။ အရင် အလုပ်အကိုင်၊ အိမ်၊ လွတ်လွတ်လပ်လပ် ခရီးသွား​လာ​ခွင့်​တွေကို ပုရောဟိတ်မင်း သေဆုံးချိန်​အထိ စွန့်လွှတ်​ရ​တော့မယ်။ * (တော. ၃၅:၂၅) ဒါပေမဲ့ စွန့်လွှတ်​ရ​ကျိုး နပ်​ပါတယ်။ ဝရမ်းပြေး​ဟာ ခိုလှုံရာမြို့​က​နေ ထွက်သွား​ရင် ကိုယ်​သတ်​ခဲ့​သူရဲ့​သွေး​ကို အလေးမထား​ရာ ရောက်မယ်။ ကိုယ်တိုင်​လည်း အသတ်ခံရ​မယ့် အန္တရာယ် ရှိတယ်။

၁၁။ နောင်တ​ရတဲ့ ခရစ်ယာန်​ရဲ့ ဘယ်​လုပ်ရပ်တွေ​က ဘုရားသခင့် ကရုဏာတော်​ကို ပေါ့ပေါ့တန်တန် သဘော​မထား​ကြောင်း ဖော်ပြသလဲ။

၁၁ ဒီနေ့လည်း နောင်တ​ရတဲ့ အပြစ်ပြုသူ​တွေဟာ ဘုရားသခင့် ကရုဏာတော်​က​နေ အကျိုးရ​ဖို့ ပြတ်ပြတ်သားသား လုပ်ဆောင်​ရမယ်။ အပြစ်​ရှိတဲ့ လမ်းစဉ်​ကို အပြီးအပိုင် စွန့်​ရမယ်။ ကြီးလေး​တဲ့​အပြစ်​ကိုသာမက ကြီးလေး​တဲ့​အပြစ် ပြုမိ​စေနိုင်​တဲ့ သေး​သေးမွှား​မွှား အပြစ်​တွေကိုလည်း ရှောင်​ရမယ်။ ကောရိန္သုမြို့​က နောင်တ​ရတဲ့ ခရစ်ယာန်တွေ​အကြောင်း တမန်တော်​ပေါလု ရေးခဲ့တယ်– “ဘုရားသခင့် အလိုတော်​နဲ့​ညီ​တဲ့ ဝမ်းနည်းမှု​ကြောင့် ခင်ဗျား​တို့ လုံ့လဝီရိယ ရှိတယ်။ အမှား​ကင်း​အောင် ကြိုးစား​တ​ယ်။ မကောင်းမှု​အတွက် ဒေါသထွက်​တယ်။ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေ​တ​ယ်။ နောင်တရ​ချင်စိတ် ပြင်းပြ​တ​ယ်။ ဇွဲထက်သန်​တ​ယ်။ အမှား​ကို ပြုပြင်​တ​ယ်။” (၂ ကော. ၇:၁၀၊ ၁၁) အပြစ်​ရှိတဲ့​လမ်းစဉ်​ကို စွန့်ဖို့ အပတ်တကုတ် ကြိုးစားခြင်း​က ကိုယ့်ကိုယ်ကိုယ် ကျေနပ်​နေ​သူတွေ မဟုတ်​ကြောင်း၊ ဘုရားသခင့် ကရုဏာတော်​ကို ပေါ့ပေါ့တန်တန် သဘော​မထား​ကြောင်း ဖော်ပြတယ်။

၁၂။ ဘုရားသခင့်​ကရုဏာတော် ဆက်ခံ​စား​ချင်​ရင် ခရစ်ယာန်​တစ်ယောက် ဘာတွေ​ကို စွန့်လွှတ်​ရ​မလဲ။

၁၂ ဘုရားသခင့် ကရုဏာတော် ဆက်ခံ​စား​ချင်​ရင် ခရစ်ယာန်​တစ်ယောက် ဘာတွေ​ကို စွန့်လွှတ်​ရ​မလဲ။ အပြစ်ပြု​မိ​စေတဲ့​အန္တရာယ် ရှိမယ်​ဆိုရင် ဘယ်လောက်​ပဲ မြတ်နိုး​တဲ့​အရာ ဖြစ်ပါစေ စွန့်လွှတ်ဖို့ အသင့်ရှိ​ရမယ်။ (မ. ၁၈:၈၊ ၉) ယေဟောဝါ မနှစ်သက်​တာ​ကို လုပ်ဖို့ မိတ်ဆွေတွေ တွန်းအားပေး​တယ်ဆိုရင် သူတို့နဲ့ ပေါင်းသင်း​တာ​ကို ဖြတ်ပစ်​မလား။ အရက်ယမကာ​ကို အတော်အသင့်​သာ သောက်သုံး​ဖို့ ကြိုးစား​ကန့်သတ်​နေ​သူ ဖြစ်မယ်ဆိုရင် အလွန်အကျွံ သောက်​မိ​စေနိုင်​တဲ့ အခြေအနေ​တွေကို ရှောင်​ချင်​မလား။ လိင်ဆန္ဒ​တွေကို တိုက်လှန်​နေရတယ်​ဆိုရင် မသန့်ရှင်း​တဲ့ အတွေး​တွေ ဝင်​လာ​စေနိုင်​တဲ့ ရုပ်ရှင်၊ ဝက်ဘ်ဆိုက်၊ လုပ်ဆောင်မှု မှန်သမျှကို ရှောင်​မလား။ ယေဟောဝါအပေါ် သမာဓိ စောင့်သိ​ဖို့ ဘာကို​ပဲ စွန့်လွှတ်​ရ​ပါစေ စွန့်လွှတ်​ရ​ကျိုး နပ်​ပါတယ်။ ဘုရားရဲ့ စွန့်ပယ်​မှု ခံ​ရတယ်​ဆိုတဲ့ ခံစားချက်​ထက် ပို​နာကျင်စေ​တာ ဘာမှ မရှိဘူး။ အဲဒီလိုပဲ ဘုရားသခင့် “ထာဝစဉ် ခိုင်မြဲ​တဲ့​မေတ္တာ” ခံစားရ​တာ​ထက် ပို​ကျေနပ်​စေ​တာ ဘာမှ မရှိဘူး။—ဟေရှာ. ၅၄:၇၊ ၈

‘အဲဒီမြို့​တွေဆီ ပြေး​ရင် လွတ်မြောက်​နိုင်တယ်’

၁၃။ ဝရမ်းပြေး​ဟာ ခိုလှုံရာမြို့​ထဲမှာ ဘာကြောင့် ဘေးကင်းလုံခြုံ ပျော်ရွှင်​နိုင်​ကြောင်း ရှင်းပြပါ။

၁၃ ဝရမ်းပြေး​ဟာ ခိုလှုံရာမြို့​ထဲ ရောက်တာနဲ့ ဘေးကင်းလုံခြုံ​သွား​ပြီ။ ‘အဲဒီမြို့​တွေဆီ ပြေး​ရင် လွတ်မြောက်​နိုင်တယ်’ လို့ ယေဟောဝါ ပြောတယ်။ (ယောရှု ၂၀:၂၊ ၃) ဒီ​ပြစ်မှု​တစ်ခုတည်း​ကို ယေဟောဝါ ပြန်​မစီရင်​တော့ဘူး။ သွေး​ကြွေးဆပ်​မယ့်​သူ​ကိုလည်း မြို့ထဲ ဝင်​ပြီး သတ်​ခွင့် မပြုဘူး။ ဒါကြောင့် ဝရမ်းပြေး​ဟာ လက်တုံ့ပြန်​ခံရ​မှာ​ကို ကြောက်နေ​စရာ မလိုဘူး။ ခိုလှုံရာမြို့​မှာ ယေဟောဝါရဲ့ ကာကွယ်မှု​အောက် ဘေးကင်းလုံခြုံ​နေ​ပြီ။ ဒီ​မြို့​ဟာ ခိုလှုံရာ အကျဉ်းထောင် မဟုတ်ဘူး။ ခိုလှုံရာမြို့​မှာ အလုပ်လုပ်​နိုင်တယ်။ တခြားသူတွေကို ကူညီပေး​နိုင်တယ်။ ယေဟောဝါ​ကို ငြိမ်းချမ်း​စွာ ဝတ်ပြု​နိုင်တယ်။ မှန်ပါတယ်၊ ပျော်ရွှင်​ကျေနပ်စရာ​ဘဝ ရရှိနိုင်ပါတယ်။

ယေဟောဝါရဲ့ ခွင့်လွှတ်မှုကို ယုံကြည်စိတ်ချပါ (အပိုဒ် ၁၄-၁၆ ကိုကြည့်ပါ)

၁၄။ နောင်တ​ရတဲ့ ခရစ်ယာန်​တစ်ယောက် ဘာကို ယုံကြည်​စိတ်ချ​နိုင်သလဲ။

၁၄ ကြီးလေး​တဲ့​အပြစ် ကျူးလွန်ခဲ့​ပေ​မဲ့ နောင်တ​ရတဲ့ ဘုရားသခင့် ကျေးကျွန်​တချို့ဟာ အပြစ်​ရဲ့ “အကျဉ်း​ချမှု” ခံစား​ကြရတယ်။ ကြီးလေး​တဲ့​အပြစ် ရှိသူ​အဖြစ် ယေဟောဝါ ထာဝရ ရှုမြင်​မယ်လို့​တောင် ခံစား​ကြရတယ်။ အဲဒီလို ခံစားနေရ​ရင် ယေဟောဝါ ခွင့်လွှတ်​လိုက်​ပြီ​ဆို​မှတော့ ကရုဏာတော်​အောက်မှာ လုံခြုံ​နိုင်​ကြောင်း စိတ်ချ​ပါ။ အစပိုင်းမှာ ဖော်ပြခဲ့တဲ့ ဒေ​နီ​ယ​ယ်​လည်း အဲဒီလိုပဲ ခံစား​ခဲ့တယ်။ သူ့ကို အကြီးအကဲတွေ တည့်မတ်ပေး​ပြီး ကြည်လင်​တဲ့​သိစိတ် ပြန်ရအောင် ကူညီပေး​ပြီးတဲ့နောက် ဒီလိုပြောတယ်– “အခု​မှ​ပဲ သက်​ပြင်း ချ​နိုင်​တော့​တ​ယ်။ ကိစ္စကို မှန်မှန်ကန်ကန် ကိုင်တွယ်​ပြီးတဲ့နောက် အပြစ်​ရှိတယ်လို့ မခံစား​ရတော့​ဘူး။ အပြစ် မရှိတော့​ဘူး​ဆိုရင် တကယ်​မ​ရှိ​တော့ဘူး။ ယေဟောဝါ​က ပြော​ထား​သလိုပဲ ဝန်ထုပ်​ကို ယူပြီး အဝေး​မှာ ချ​ပေး​လိုက်တယ်။ အဲဒါကို ထပ်​မ​တွေ့ရ​တော့ဘူး။” ဝရမ်းပြေး​ဟာ ခိုလှုံရာမြို့​ထဲ ရောက်​ပြီ​ဆိုတာ​နဲ့ သွေး​ကြွေးဆပ်​မယ့်​သူ​ကို ရင်​တ​မ​မ​နဲ့ ကြောက်နေ​စရာ မလို​တော့ဘူး။ အလားတူ​ပဲ ကျွန်တော်တို့ရဲ့ အပြစ်​ကို ယေဟောဝါ ခွင့်လွှတ်​လိုက်​ပြီ​ဆိုတာ​နဲ့ အပြစ်​ကို ပြန်​အစဖော်​မှာ၊ ပြန်​စီရင်​မှာ​ကို ကြောက်နေ​ဖို့ မလို​တော့ဘူး။ဆာလံ ၁၀၃:၈-၁၂ ကိုဖတ်ပါ။

၁၅၊ ၁၆။ ရွေးဖိုး​ပေး​သူ၊ ပုရောဟိတ်မင်း​ဆိုတဲ့ ယေရှုရဲ့ အခန်းကဏ္ဍ​က ဘုရားသခင့် ကရုဏာတော်​ကို ယုံကြည်​စိတ်ချမှု ဘယ်လို တိုးများ​စေနိုင်​သလဲ။

၁၅ အစ္စရေးတွေ​ထက် ကျွန်တော်တို့​မှာ ယေဟောဝါရဲ့ ကရုဏာတော်​ကို ယုံကြည်​စိတ်ချ​နိုင်​စရာ အကြောင်းရင်း ရှိတယ်။ ယေဟောဝါ​ကို အပြည့်အဝ မနာခံ​နိုင်​လို့ အဖြစ်ဆိုး​သူ​အဖြစ် ဖော်ပြပြီး​တဲ့​နောက် “သခင်ယေရှု​ခရစ်​အားဖြင့် ကျွန်တော့်ကို ကယ်တင်​တဲ့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်” လို့ ပေါလု ပြောခဲ့တယ်။ (ရော. ၇:၂၅) အပြစ်​နဲ့ နောင်တရ​ခဲ့​ပြီး​တဲ့ အတိတ်​က အမှား​အတွက် တိုက်လှန်​နေရ​ပေ​မဲ့ ယေရှု​အားဖြင့် ဘုရားသခင့် ခွင့်လွှတ်​မှုကို ပေါလု ယုံကြည်​စိတ်ချ​ခဲ့တယ်။ ရွေးဖိုး​ပေး​သူ ယေရှု​က ကျွန်တော်တို့ရဲ့ သိစိတ်​ကို စင်ကြယ်​စေပြီး စိတ်ငြိမ်သက်မှု ရရှိ​စေတယ်။ (ဟီ. ၉:၁၃၊ ၁၄) ပုရောဟိတ်မင်း​အဖြစ် “သူ့​နာမည်ကို အမှီပြု​ပြီး ဘုရားသခင်​ဆီ ဆုတောင်း​သူ​တိုင်း​ကို အပြည့်အဝ ကယ်တင်​နိုင်တဲ့​အစွမ်း သူ့မှာ ရှိတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့​အတွက် အသနားခံ​ပေးဖို့ သူ​အမြဲ​အသက်ရှင်နေ​လို့ပဲ။” (ဟီ. ၇:၂၄၊ ၂၅) ပုရောဟိတ်မင်း​ရဲ့ အခန်းကဏ္ဍ​က အပြစ်​ခွင့်လွှတ်ခံရ​တယ်လို့ အစ္စရေး​တွေကို စိတ်ချ​စေတယ်​ဆိုရင် ပုရောဟိတ်မင်း ယေရှုရဲ့ လုပ်ဆောင်မှု​တွေ​က “အကူအညီ လိုအပ်ချိန်​မှာ သနားကြင်နာမှု​နဲ့ မဟာကရုဏာ​ကို ခံစားရ” မယ်​ဆိုတာ ပိုလို့တောင် ယုံကြည်​စိတ်ချ​စေတယ်။—ဟီ. ၄:၁၅၊ ၁၆

၁၆ ယေဟောဝါ​ဆီ ခိုလှုံ​ဖို့ဆိုရင် ယေရှုရဲ့ ပူဇော်သက္ကာ​ကို သက်ဝင်ယုံကြည်​ရမယ်။ ရွေးဖိုး​က လူများစွာ​ကို ကူညီပေးတယ်​ဆို​ရုံ​လောက်​ပဲ အသိအမှတ်​မပြုပါနဲ့။ သင်​နဲ့​သက်ဆိုင်​ကြောင်း ယုံကြည်​ပါ။ (ဂ​လ. ၂:၂၀၊ ၂၁) ရွေးဖိုး​ဟာ သင့်​အပြစ်​တွေကို ခွင့်လွှတ်​နိုင်တဲ့ အခြေခံ​ဖြစ်ကြောင်း ယုံကြည်​ပါ။ ထာဝရ​အသက် မျှော်လင့်ချက် ပေး​ကြောင်း ယုံကြည်​ပါ။ ယေရှုရဲ့ ပူဇော်သက္ကာ​ဟာ သင့်ကို ယေဟောဝါ ပေးတဲ့ လက်ဆောင် ဖြစ်တယ်။

၁၇။ ယေဟောဝါ​ဆီမှာ ဘာကြောင့် သင် ခိုလှုံ​ချင်​သလဲ။

၁၇ ခိုလှုံရာမြို့​တွေဟာ ယေဟောဝါရဲ့ ကရုဏာတော်​ကို ဖော်ပြတယ်။ ဒီ​အစီအစဉ်​အားဖြင့် အသက်​ရဲ့ မြင့်မြတ်မှုကို ဘုရားသခင် အလေးအနက် ဖော်ပြ​ရုံ​သာမက အကြီးအကဲတွေ ဘယ်လို ထောက်မ​ကြောင်း၊ စစ်မှန်တဲ့​နောင်တ​မှာ ဘာတွေ ပါဝင်​ကြောင်း၊ ယေဟောဝါရဲ့ ခွင့်လွှတ်​မှုကို အပြည့်အဝ ယုံကြည်​နိုင်​ကြောင်း​လည်း ဖော်ပြတယ်။ ယေဟောဝါ​ဆီမှာ သင် ခိုလှုံ​နေ​ပါသလား။ အဲဒါ​ထက် ပို​လုံခြုံ​တဲ့​နေရာ မရှိ​နိုင်​တော့ဘူး။ (ဆာ. ၉၁:၁၊ ၂) ခိုလှုံရာမြို့​တွေ​က ယေဟောဝါရဲ့ တရားမျှတမှု၊ ကရုဏာ​ဆိုင်ရာ အကောင်းဆုံး ပုံသက်သေ​ကို တုပ​ဖို့ ဘယ်လို ကူညီ​ပေးနိုင်​ကြောင်း နောက်​ဆောင်းပါးမှာ ဆွေးနွေးသုံးသပ်​ပါမယ်။

^ စာပိုဒ်၊ 10 ဂျူး​စာပေ​တွေ​အရ မတော်တဆ လူ​သတ်​မိ​သူရဲ့ မိသားစု​တွေဟာ ခိုလှုံရာမြို့​မှာ လိုက်နေ​ပုံ ရတယ်။