မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါရဲ့ တရားမျှတမှုနဲ့ ကရုဏာတော်ကို တုပပါ

ယေဟောဝါရဲ့ တရားမျှတမှုနဲ့ ကရုဏာတော်ကို တုပပါ

“မှန်မှန်ကန်ကန် တရားစီရင်​ကြ။ အချင်းချင်း​ကို ခိုင်မြဲ​တဲ့​မေတ္တာနဲ့ ကရုဏာ​ထားပြီး ဆက်ဆံ​ကြ။”—ဇာ. ၇:၉

သီချင်း– ၁၂၅၊ ၈၈

၁၊ ၂။ (က) ဘုရားသခင့် ပညတ်တရား​ကို ယေရှု ဘယ်လို သဘောထား​သလဲ။ (ခ) ကျမ်းတတ်​တွေ၊ ဖာရိရှဲ​တွေ​က ပညတ်တရား​ကို ဘယ်လို တလွဲ​သွန်သင်​ခဲ့ကြသလဲ။

ပညတ်တရား​ကို ယေရှု ချစ်မြတ်နိုး​တာ မဆန်းပါဘူး။ ပညတ်တရား​ဟာ ယေရှုရဲ့​ဘဝ​မှာ အရေးပါဆုံး​ပုဂ္ဂိုလ် ဖခင် ယေဟောဝါ​ဆီက ဖြစ်​နေတာကိုး။ ဘုရားသခင့် ပညတ်​ကို ယေရှု အလွန်​မြတ်နိုး​ကြောင်း ဆာလံ ၄၀:၈ မှာ “အို ဘုရားသခင်၊ အလိုတော် ဆောင်​တာဟာ ကျွန်တော့်​အတွက် ကြည်နူးစရာ​ပါ။ ပညတ်တော်​ဟာ ရင်​ထဲမှာ နက်နက်ရှိုင်းရှိုင်း စွဲမြဲ​နေပါတယ်” လို့ ပရောဖက် ပြု​ထားတယ်။ ဘုရားသခင့် ပညတ်တရား​ဟာ ပြည့်ဝစုံလင်​ကြောင်း၊ အကျိုးရှိ​ကြောင်း၊ ပြည့်စုံ​မှာ သေချာ​ကြောင်း အပြော​နဲ့​ရော အလုပ်​နဲ့​ပါ ယေရှု ဖော်ပြခဲ့တယ်။—မ. ၅:၁၇-၁၉

ဖခင်​ရဲ့ ပညတ်​ကို ကျမ်းတတ်​တွေ၊ ဖာရိရှဲ​တွေ တလွဲ​သွန်သင်ပေး​မှန်း ယေရှု တွေ့​တဲ့အခါ တော်တော် စိတ်ထိခိုက်​မှာပဲ။ အသေးအမွှား​ကိစ္စ​တချို့ကို အတိအကျ လိုက်နာ​ကြ​မှန်း ယေရှု အသိအမှတ် ပြု​ခဲ့တယ်။ ပြဿနာ​က ဘာလဲ။ “ခင်ဗျား​တို့​က ပင်​စိမ်း၊ စ​မုန်​စပါး၊ ဇီ​ရာကို ဆယ်ဖို့တစ်ဖို့ ပေးလှူ​ပေ​မဲ့ တရားမျှတ​တာ၊ သနားကရုဏာ​ပြ​တာ၊ သစ္စာရှိ​တာ​စတဲ့ ပညတ်ကျမ်း​ထဲက ပို​အရေးကြီးတဲ့ အချက်တွေကို​တော့ လျစ်လျူရှု​ထားကြ​တယ်” လို့ ယေရှု ပြောတယ်။ (မ. ၂၃:၂၃) ကိုယ့်ကိုယ်ကိုယ် ဖြောင့်မတ်​တယ်လို့ ထင်နေ​တဲ့ ဖာရိရှဲ​တွေလို မဟုတ်ဘဲ ယေရှု​က​တော့ ပညတ်တရား​ရဲ့ နောက်ကွယ်​က သဘောတရား​တွေ၊ ပညတ်ချက်​တစ်ချက်​စီ​မှာ ပေါ်လွင်​တဲ့ ဘုရားသခင့် အရည်အသွေး​တွေကို သဘောပေါက်​တ​ယ်။

၃။ ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးသုံးသပ်​ကြ​မလဲ။

ခရစ်ယာန်တွေ​အနေနဲ့ ကျွန်တော်တို့ဟာ ပညတ်ပဋိညာ​ဉ်​အောက်မှာ မရှိကြ​တော့ဘူး။ (ရော. ၇:၆) ဒါပေမဲ့ နှုတ်မြွက်တော် ကျမ်းစာမှာ ပညတ်တရား​ကို ယေဟောဝါ ထိန်းသိမ်း​ပေးထားတယ်။ ပညတ်တရား​ရဲ့ အသေးစိတ်​အချက်တွေကို လွန်လွန်​ကဲ​ကဲ အာရုံမစိုက်​ဘဲ ပညတ်ချက်​တွေရဲ့ နောက်ကွယ်​က မြင့်မားတဲ့ အခြေခံ​မူတွေ၊ “ပို​အရေးကြီးတဲ့ အချက်​တွေ” ကို နားလည်​ကျင့်သုံး​စေချင်တယ်။ ဥပမာ၊ ခိုလှုံရာမြို့ အစီအစဉ်​က​နေ ဘယ်​အခြေခံ​မူတွေ​ကို သိမြင်​နိုင်သလဲ။ ရှေ့ဆောင်းပါး​မှာ ဝရမ်းပြေး​တစ်ယောက် လုပ်ဆောင်​ရမယ့် အချက်​တွေကနေ သင်ခန်းစာ​တွေကို ဖော်ပြခဲ့တယ်။ ခိုလှုံရာမြို့​ကနေ ယေဟောဝါ​အကြောင်း၊ ဘုရား​အရည်အသွေး​တွေကို တင်ပြနိုင်ပုံ​အကြောင်း​လည်း သင်ယူ​ရတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ မေးခွန်း​သုံးခု​ကို အဖြေပေး​ပါမယ်။ ခိုလှုံရာမြို့​တွေ​က ယေဟောဝါရဲ့ ကရုဏာတော်​ကို ဘယ်လို ဖော်ပြသလဲ။ အသက်နဲ့​ပတ်သက်တဲ့ ဘုရားသခင့်​အမြင်​အကြောင်း ဘာသင်ပေးသလဲ။ ဘုရားသခင်ရဲ့ ပြည့်ဝစုံလင်​တဲ့ တရားမျှတမှု​ကို ဘယ်လို ဖော်ပြသလဲ။ တစ်ချက်​စီ​မှာ ကောင်းကင်ဘုံ​စံ ဖခင်​ကို တုပ​နိုင်တဲ့ နည်းလမ်းတွေ​ကို ရှာ​ကြည့်ပါ။ဧဖက် ၅:၁ ကိုဖတ်ပါ။

“သွားလာ​ရလွယ်​ကူ​တဲ့ မြို့​တွေ” က ကရုဏာ​ရှိကြောင်း ဖော်ပြ

၄၊ ၅။ (က) ခိုလှုံရာမြို့​တွေကို သွားလာ​ရလွယ်​ကူ​အောင် ဘယ်လို၊ ဘာကြောင့် စီစဉ်​ထား​သလဲ။ (ခ) ဒါက ယေဟောဝါ​အကြောင်း ဘာသင်ပေးသလဲ။

ခိုလှုံရာမြို့ ခြောက်မြို့​ဟာ သွား​ရလာ​ရ လွယ်ကူ​တယ်။ ဂျော်ဒန်​မြစ် တစ်ဖက်​စီ​မှာ မြို့​တွေကို ညီ​ညီမျှ​မျှ ထားရှိ​ဖို့ အစ္စရေး​တွေကို ယေဟောဝါ မိန့်မှာ​တ​ယ်။ ဘာကြောင့်လဲ။ ဒါမှ ဝရမ်းပြေး​မှန်သမျှ လျင်မြန်၊ လွယ်ကူ​စွာ ခိုလှုံ​နိုင်မယ်။ (တော. ၃၅:၁၁-၁၄) ခိုလှုံရာမြို့​ကို သွားတဲ့ လမ်း​တွေကို ကောင်းကောင်း ပြုပြင်ထိန်းသိမ်း​ထားတယ်။ (တရား. ၁၉:၃) ဂျူး​ထုံးစံ​အရ ဝရမ်းပြေး​တွေကို ခိုလှုံရာမြို့​တွေဆီ လမ်းညွှန်ပေး​တဲ့ လမ်းပြ​တိုင်​တွေ စိုက်ထူ​ထားတယ်။ ခိုလှုံရာမြို့​တွေ စီစဉ်​ထားတဲ့အတွက် မတော်တဆ လူ​သတ်​မိ​သူဟာ မှားယွင်းတဲ့ ဝတ်ပြုရေး​ဘက် သွေးဆောင်​ခံရ​နိုင်တဲ့ တိုင်းတစ်ပါး​ကို ထွက်ပြေး​စရာ မလို​တော့ဘူး။

စဉ်းစားကြည့်ပါ– တမင်တကာ လူ​သတ်​သူတွေကို ပြစ်ဒဏ်ချမှတ်​တဲ့ ယေဟောဝါ​ကိုယ်တိုင် မတော်တဆ လူ​သတ်​မိ​သူတွေကို သနားစာနာမှု​နဲ့ အကာအကွယ် ရဖို့ အခွင့်အရေး ပေးထားတယ်။ “အရာရာ​ကို ရိုးရှင်း​လွယ်ကူ​အောင် စီစဉ်​ပေးထား​တာ ဘုရားသခင့် ကျေးဇူးတော်​ပါပဲ” လို့ အနက်ဖွင့်​ကျမ်းရေးသူ​တစ်ဦး ရေးသားခဲ့တယ်။ ယေဟောဝါဟာ ကျေးကျွန်​တွေကို အပြစ်ပေး​ချင်စိတ် ပြင်းပြ​နေတဲ့၊ အကြင်နာတရား​မဲ့​တဲ့ တရားသူကြီး မဟုတ်ပါဘူး။ “ကရုဏာ ကြီးမား​လှတဲ့” ဘုရားသခင်​ပါ။—ဧ. ၂:၄

၆။ ဖာရိရှဲ​တွေရဲ့ သဘောထား​ဟာ ဘုရားသခင့် ကရုဏာတော်​နဲ့ ဘယ်လို ကွာခြား​သလဲ။

ဖာရိရှဲ​တွေကတော့ ကရုဏာ​ပြဖို့ တွန့်ဆုတ်​ကြ​တယ်။ ဥပမာ၊ ထုံးစံ​အရ အပြစ်​တစ်ခုတည်း​ကို သုံးကြိမ်​ထက် ပိုပြီး ခွင့်မလွှတ်​ချင်​ကြဘူး။ ပြစ်မှားသူ​တွေ​အပေါ် သူတို့ရဲ့ သဘောထားကို ဖာရိရှဲ​တစ်ဦး​အကြောင်း ဥပမာ ပေးပြီး ယေရှု အလေးပေး​ဖော်ပြခဲ့တယ်။ အဲဒီ​ဖာရိရှဲ​က “ဘုရားသခင်၊ ကျွန်တော်ဟာ အများ​တကာ​လို လုယက်​သူ၊ မဖြောင့်မတ်​သူ၊ အိမ်ထောင်ရေး​ဖောက်ပြန်သူ မဟုတ်တဲ့​အပြင် ဟော​ဒီ​အခွန်ခံ​လို​လည်း မဟုတ်တဲ့​အတွက် ကျေးဇူးတင်ပါတယ်” လို့ ဆုတောင်း​တ​ယ်။ အဲဒီ​အခွန်ခံ​ဟာ ဘုရားသခင့် ကရုဏာတော် ရဖို့ နှိမ့်ချ​စွာ ဆုတောင်း​နေတယ်။ ဖာရိရှဲ​တွေ ဘာကြောင့် ဒီလောက်​တောင် ကရုဏာ မပြ​ချင်​ရတာလဲ။ “သူတစ်ပါး​ကို အထင်သေး” လို့ဆို​ပြီး ကျမ်းစာမှာ ဖော်ပြထားတယ်။—လု. ၁၈:၉-၁၄

ခွင့်လွှတ်ခြင်းဆိုတဲ့ “လမ်း” ကို ဖွင့်ထားပြီး ကောင်းကောင်း ပြုပြင်ထိန်းသိမ်းထားသလား။ ချဉ်းကပ်ရလွယ်ကူပါ (အပိုဒ် ၄-၈ ကိုကြည့်ပါ)

၇၊ ၈။ (က) ကိုယ့်ကို တစ်ယောက်ယောက် ပြစ်မှား​တဲ့အခါ ယေဟောဝါ​ကို ဘယ်လို တုပ​နိုင်သလဲ။ (ခ) ခွင့်လွှတ်ခြင်း​ဟာ ဘာကြောင့် နှိမ့်ချမှု​ကို စမ်းသပ်​တာ ဖြစ်သလဲ။

ဖာရိရှဲ​တွေကို မတုပ​ဘဲ ယေဟောဝါ​ကို တုပ​ပါ။ သနား​စာနာ​ပါ။ (ကောလောသဲ ၃:၁၃ ကိုဖတ်ပါ။) သနား​စာနာ​နိုင်တဲ့ နည်းတစ်နည်း​က​တော့ တခြားသူတွေ ခွင့်လွှတ်မှု တောင်းခံ​ရလွယ်​ကူ​အောင် လုပ်ပေး​ခြင်း​ပါပဲ။ (လု. ၁၇:၃၊ ၄) ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– ‘ငါ့ကို ပြစ်မှားသူ​တွေ၊ အကြိမ်ကြိမ် ပြစ်မှားသူ​တွေကို ခွင့်လွှတ်​သလား။ ငါ့ကို စိတ်ဆိုး​အောင်၊ ထိခိုက်အောင် လုပ်​ထားသူ​နဲ့ ပြန်သင့်မြတ်​ချင်စိတ် ပြင်းပြ​သလား။

ခွင့်လွှတ်မှု​ဟာ တကယ်တော့ နှိမ့်ချမှု​ကို စမ်းသပ်​တာပဲ။ တခြားသူတွေကို အထင်သေး​တဲ့​အတွက် အဲဒီ​စမ်းသပ်မှု​ကို ဖာရိရှဲ​တွေ မအောင်မြင်​ကြဘူး။ ခရစ်ယာန်တွေ​အနေနဲ့ ကျွန်တော်တို့​က​တော့ “သူတစ်ပါး​ကို ကိုယ့်ထက်​သာ​တယ်လို့ သဘောထား” ကြပြီး ခွင့်လွှတ်မှု​နဲ့ ထိုက်တန်​သူတွေ​အဖြစ် ယူမှတ်​ရမယ်။ (ဖိ. ၂:၃) ယေဟောဝါ​ကို တုပ​ပြီး နှိမ့်ချမှု စမ်းသပ်​ခြင်း​ကို အောင်မြင်​မလား။ ခွင့်လွှတ်မှု​ဆိုတဲ့ “လမ်း” ကို အမြဲ​ဖွင့်​ထားပြီး ကောင်းကောင်း​ပြုပြင်ထိန်းသိမ်း​ပါ။ အလျင်အမြန် ကရုဏာ​ပြပါ။ ထ​စ်​ခ​နဲ​ဆို မကျေမချမ်း မဖြစ်​ပါနဲ့။—ဒေ. ၇:၈၊ ၉

အသက်​ကို လေးစား​ရင် “လူ​သတ်​မိ​တဲ့​အပြစ် ရှိ​မှာ​မဟုတ်”

၉။ လူ့အသက်​ရဲ့ မြင့်မြတ်မှု​အကြောင်း အစ္စရေး​တွေကို ယေဟောဝါ ဘယ်လို စိတ်စွဲမှတ်​စေ​သလဲ။

ခိုလှုံရာမြို့​တွေရဲ့ အဓိက​ရည်ရွယ်ချက်ကတော့ လူ​သတ်​မိ​တဲ့​အပြစ်​က​နေ အစ္စရေး​တွေကို ကာကွယ်​ပေးဖို့​ပါ။ (တရား. ၁၉:၁၀) ယေဟောဝါ​က အသက်​ကို မြတ်နိုး​တ​ယ်။ “အပြစ်မဲ့​သူ​ကို သတ်​တဲ့​လက်” ကို မုန်း​တ​ယ်။ (ပညာ. ၆:၁၆၊ ၁၇) ဘုရားသခင်​ဟာ တရားမျှတ၊ သန့်ရှင်းမြင့်မြတ်​လို့ မတော်တဆ လူသတ်မှု​ကို​တောင် လျစ်လျူမရှု​နိုင်​ဘူး။ မတော်တဆ လူ​သတ်​မိ​သူဟာ ကရုဏာ​ပြ​ခံ​ရတာ မှန်​ပေ​မဲ့ အကြီးအကဲ​တွေကို အကျိုးအကြောင်း ပြောပြ​ရမယ်။ မတော်တဆ​ပြစ်မှု​အဖြစ် အကြီးအကဲတွေ စီရင်​မှသာ ပုရောဟိတ်မင်း သေဆုံးချိန်​အထိ ခိုလှုံရာမြို့​မှာ ဆက်နေ​ရမယ်။ အဲဒီမှာ တစ်သက်လုံး နေထိုင်​ကောင်း နေထိုင်​သွားရမယ်။ ဒီလို​ကြီးမားတဲ့ အကျိုးဆက်​တွေကြောင့် လူ့အသက်​ရဲ့ မြင့်မြတ်မှုကို အစ္စရေးတွေ စိတ်စွဲမှတ်​ကြ​တ​ယ်။ အသက်ပေးရှင်​ကို ဂုဏ်တင်​ဖို့ လူ​လူ​ချင်း​ကို အသက်အန္တရာယ် ကျရောက်​စေနိုင်​တဲ့ ဘယ်​လုပ်ရပ်​မျိုး​ကို​မဆို ရှောင်​ဖို့ လိုတယ်။

၁၀။ ယေရှုရဲ့ စကား​အရ ကျမ်းတတ်​တွေ၊ ဖာရိရှဲ​တွေ​က အသက်​ကို ဘယ်လို ပေါ့ပေါ့တန်တန် သဘောထားကြသလဲ။

၁၀ ယေဟောဝါနဲ့ မတူဘဲ ကျမ်းတတ်​တွေ၊ ဖာရိရှဲ​တွေကတော့ အသက်​ကို ပေါ့ပေါ့တန်တန် သဘောထားကြ​တယ်။ ဘယ်နည်း​အားဖြင့်​လဲ။ “ခင်ဗျား​တို့​က အသိပညာ တံခါး​သော့​ကို သိမ်းထား​တ​ယ်။ ကိုယ်တိုင်​လည်း မဝင်​ဘူး။ ဝင်​မယ့်​သူတွေကို​လည်း တား​ကြ​တ​ယ်” လို့ ယေရှု ပြောတယ်။ (လု. ၁၁:၅၂) သူတို့ဟာ ဘုရားသခင့် နှုတ်ထွက်စကား​ရဲ့ အဓိပ္ပာယ်​ကို ဖွင့်ပြ​ပေး​ရမယ်။ ထာဝရ​အသက်​လမ်းပေါ် လျှောက်​နိုင်အောင် တခြားသူတွေကို ကူညီပေး​ရမယ်။ ဒါပေမဲ့ လူတွေကို “အသက်​ရဲ့ ကိုယ်စားလှယ်​ချုပ်” ယေရှုနဲ့ ဝေး​အောင် လုပ်ပြီး ထာဝရ​ပျက်စီးခြင်း​လမ်းပေါ်​ပဲ ပို့ဆောင်ပေး​နေကြတယ်။ (တ. ၃:၁၅) မာနကြီး​ပြီး အတ္တကြီး​တဲ့ ကျမ်းတတ်​တွေ၊ ဖာရိရှဲ​တွေဟာ လူ​လူ​ချင်း​ရဲ့ အသက်နဲ့ ကောင်းကျိုး​ကို နည်းနည်းမှ ဂရုမစိုက်​ကြဘူး။ အင်မတန် ရက်စက်၊ ကရုဏာ​မဲ့​ကြ​တ​ယ်။

၁၁။ (က) အသက်နဲ့​ပတ်သက်တဲ့ ဘုရားသခင့်​အမြင်​မျိုး ရှိကြောင်း တမန်တော် ပေါလု ဘယ်လို ဖော်ပြ​ခဲ့​သလဲ။ (ခ) အမှုဆောင်လုပ်ငန်းမှာ ပေါလု​ရဲ့ သဘောထားမျိုး ရှိ​ဖို့ ဘာက ကူညီပေး​မလဲ။

၁၁ ကျမ်းတတ်​တွေ၊ ဖာရိရှဲ​တွေရဲ့ သဘောထားကို ဘယ်လို ရှောင်နိုင်​သလဲ။ ယေဟောဝါ​ကို ဘယ်လို တုပ​နိုင်သလဲ။ အသက်ဆု​လက်ဆောင်​ကို လေးစား​တန်ဖိုးထား​ရမယ်။ စေ့စေ့စပ်စပ် သက်သေခံခြင်း​အားဖြင့် တမန်တော် ပေါလု လေးစား​တန်ဖိုးထား​ခဲ့တယ်။ ရလဒ်အနေနဲ့ “တစ်ယောက်ယောက် ကယ်တင်ခြင်း​မရ​ရင် ကျွန်တော့်​အပြစ် မဟုတ်ဘူး” လို့ ပြောနိုင်ခဲ့​တ​ယ်။ (တမန်တော် ၂၀:၂၆၊ ၂၇ ကိုဖတ်ပါ။) ပေါလုက အပြစ်​မကင်း​မှာ​စိုး​လို့၊ တာဝန်ရှိ​လို့ ဟောပြော​တာ မဟုတ်ဘူး။ လူတွေကို ချစ်​လို့၊ သူတို့ရဲ့ အသက်​ကို တန်ဖိုးထား​လို့ ဟောပြော​တာပါ။ (၁ ကော. ၉:၁၉-၂၃) ကျွန်တော်တို့​လည်း အသက်နဲ့​ပတ်သက်တဲ့ ဘုရားသခင့်​အမြင်​ကို ကြိုးစား​မွေးမြူ​သင့်တယ်။ ယေဟောဝါ​က “လူအားလုံး​ကို နောင်တရ​စေချင်” တ​ယ်။ (၂ ပေ. ၃:၉) သင်ကော။ ကရုဏာ​စိတ် ထားရှိ​ခြင်းက အမှုဆောင်လုပ်ငန်းမှာ ပို​ထက်သန်​လာဖို့၊ ပို​ပျော်ရွှင်​လာဖို့ လှုံ့ဆော်ပေး​ပါလိမ့်မယ်။

၁၂။ ဘေးကင်းရေး​ဟာ ဘုရားသခင့်​လူမျိုး​အတွက် ဘာကြောင့် အရေးကြီး​သလဲ။

၁၂ ဘေးကင်းရေး​နဲ့ပတ်သက်ပြီး တော်မှန်​တဲ့ သဘောထား မွေးမြူခြင်း​အားဖြင့်​လည်း အသက်နဲ့​ပတ်သက်တဲ့ ယေဟောဝါရဲ့ အမြင်​မျိုး ရှိကြောင်း ဖော်ပြ​ကြ​တ​ယ်။ ဝတ်ပြုရာ​နေရာ ဆောက်လုပ်​ချိန်၊ ပြုပြင်ထိန်းသိမ်း​ချိန်၊ ဝတ်ပြုရာ​နေရာတွေ​ဆီ သွားလာ​ချိန်မှာ​တောင် ဘေးကင်း​စွာ လုပ်ကိုင်၊ မောင်းနှင်​ကြ​တ​ယ်။ ဘေးကင်းရေး၊ ကျန်းမာရေး​ထက် အလုပ်၊ ငွေကြေး၊ အချိန်ဇယား​ကို ဘယ်တော့မှ ဦးစား​မပေး​ကြဘူး။ တရားမျှတ​တဲ့ ဘုရားသခင်​ဟာ တော်သင့်​မှန်ကန်​ရာကို အမြဲ လုပ်ဆောင်​တ​ယ်။ ဘုရားသခင်ကို ကျွန်တော်တို့ တုပ​ချင်​ကြ​တ​ယ်။ အထူးသဖြင့် အကြီးအကဲတွေ​ဟာ ကိုယ်တိုင် ဘေးကင်းရေး၊ ပတ်ဝန်းကျင်​မှာ လုပ်ဆောင်​နေ​သူတွေ ဘေးကင်းရေး​ကို အလေးထား​သင့်တယ်။ (ပညာ. ၂၂:၃) အကြီးအကဲ​တစ်ယောက်က ဘေးကင်းရေး စည်းမျဉ်း​တွေ၊ စံနှုန်းတွေကို သတိပေး​လာ​ရင် လက်ခံ​ပါ။ (ဂ​လ. ၆:၁) အသက်​ကို ယေဟောဝါ ရှုမြင်​သလို ရှုမြင်​ပါ။ ဒါဆိုရင် “လူ​သတ်​မိ​တဲ့​အပြစ် ရှိ​မှာ​မဟုတ်ဘူး။”

“အဲဒီ​ပညတ်​တွေ​အတိုင်း ဆုံးဖြတ်​ပေး”

၁၃၊ ၁၄။ အစ္စရေး အကြီးအကဲတွေ ယေဟောဝါရဲ့ တရားမျှတမှု​ကို ဘယ်လို တုပ​နိုင်သလဲ။

၁၃ ယေဟောဝါ​က မိမိရဲ့ မြင့်မားတဲ့ တရားမျှတမှု စံနှုန်းကို အစ္စရေး​အကြီးအကဲတွေ တုပ​ဖို့ မိန့်မှာ​ထားတယ်။ အရင်ဆုံး အကြီးအကဲတွေ​ဟာ အချက်အလက်​တွေကို စုစည်း​ရမယ်။ ပြီးတော့ ကရုဏာ​ပြသင့်၊ မပြ​သင့် ဆုံးဖြတ်​ရာမှာ လူသတ်သမား​ရဲ့ စိတ်ရင်း၊ သဘောထား၊ အရင်က​အပြုအမူတွေ​ကို သေသေချာချာ ချင့်ချိန်​ရမယ်။ “မုန်းတီးစိတ်​ကြောင့်၊” “မလို​တ​မာ​စိတ်ကြောင့်” ဝရမ်းပြေး ပြစ်မှု ကျူးလွန်​သလား​ဆိုတာ ပိုင်းဖြတ်​ရမယ်။ ဒါမှ ဘုရားသခင့် တရားမျှတမှု​ကို တုပ​ရာ​ရောက်မယ်။ (တောလည်ရာ ၃၅:၂၀-၂၄ ကိုဖတ်ပါ။) သက်သေ​ရှိမယ်​ဆိုရင် တမင်တကာ လူ​သတ်​မိ​ကြောင်း အထောက်အထား ခိုင်ခိုင်​လုံ​လုံ တင်ပြ​မယ့် သက်သေ အနည်းဆုံး နှစ်ယောက် ရှိ​ရမယ်။—တော. ၃၅:၃၀

၁၄ အမှု​နဲ့ပတ်သက်တဲ့ အချက်အလက်​တွေ စုစည်း​ပြီးတဲ့နောက် အကြီးအကဲတွေ​က ပြစ်မှု​လောက်​ကိုသာ မဟုတ်ဘဲ ပြစ်မှုကျူးလွန်​သူ​ကို ထည့်တွက်​ရမယ်။ ကိစ္စရပ်​ကို အပေါ်ယံ​လောက်​သာ မဟုတ်ဘဲ အတွင်းကျကျ သိမြင်နိုင်စွမ်း​ဖြစ်တဲ့ ထိုးထွင်းဉာဏ် လိုအပ်တယ်။ အရေးကြီးဆုံး​က​တော့ ယေဟောဝါရဲ့ ထိုးထွင်းဉာဏ်၊ ကရုဏာတော်၊ တရားမျှတမှု​ကို ထင်ဟပ်​စေနိုင်​မယ့် သန့်ရှင်းသော စွမ်းအားတော် လိုအပ်တယ်။—ထွ. ၃၄:၆၊ ၇

၁၅။ အပြစ်သား​တွေ​အပေါ် ယေရှုနဲ့ ဖာရိရှဲ​တို့ရဲ့ ရှုမြင်ပုံ ဘယ်လို ကွာခြား​သလဲ။

၁၅ ဖာရိရှဲ​တွေ​က အပြစ်ပြုသူ​ရဲ့ စိတ်ရင်း​ထက် လုပ်ရပ်​ကိုပဲ အာရုံစိုက်​ကြ​တ​ယ်။ မဿဲ​အိမ်​မှာ ယေရှု စားသောက်​တာ​ကို ဖာရိရှဲ​တွေ မြင်တဲ့အခါ “မင်း​တို့ရဲ့​ဆရာ​က ဘာ​လို့ အခွန်ခံ​တွေ၊ အပြစ်သား​တွေနဲ့​အတူ စားသောက်​တာလဲ” လို့ တပည့်​တွေကို မေး​ကြ​တ​ယ်။ ယေရှု​က “ကျန်းမာ​သူတွေ​အတွက် သမားတော် မလိုဘူး။ ဖျားနာသူ​တွေအတွက်​ပဲ လိုတာ။ ‘ပူဇော်သက္ကာ​ကို ငါ​မလိုချင်​ဘူး။ သနားကြင်နာ​တတ်​တာ​ကိုပဲ လိုချင်​တ​ယ်’ ဆိုတဲ့ ကျမ်းစကား​ရဲ့ အဓိပ္ပာယ်​ကို ခင်ဗျား​တို့ သွားပြီး လေ့လာ​လိုက်ပါ​ဦး။ ကျွန်တော် လာ​တာ​က ဖြောင့်မတ်သူ​တွေကို ခေါ်​ဖို့ မဟုတ်ဘူး။ အပြစ်သား​တွေကို ခေါ်​ဖို့​ပဲ” ဆိုပြီး ပြန်ပြောတယ်။ (မ. ၉:၉-၁၃) ကြီးလေး​တဲ့​အပြစ်​ကို ယေရှု ခွင့်ပြု​နေ​တာလား။ မဟုတ်ပါဘူး။ ယေရှုရဲ့ အဓိက​သတင်းတရား​ထဲမှာ အပြစ်​တွေကို နောင်တယူ​ကြပါ​ဆိုတဲ့ ဖိတ်ခေါ်ချက် ပါဝင်တယ်။ (မ. ၄:၁၇) တချို့ “အခွန်ခံ​တွေ၊ အပြစ်သား​တွေ” ပြောင်းလဲ​ချင်စိတ် ရှိ​ကြ​မှန်း ယေရှု သတိပြုမိတယ်။ စား​ဖို့​လောက်​ပဲ မဿဲ​အိမ်​ကို လာကြတာ မဟုတ်ဘူး။ “သူတို့​ထဲက အများစုဟာ ယေရှုရဲ့​နောက်လိုက် ဖြစ်လာတယ်။” (မာ. ၂:၁၅) ဝမ်းနည်းစရာကတော့ အဲဒီလိုလူ​တွေဆီ​မှာ ယေရှု တွေ့မြင်​တဲ့​အချက်တွေကို ဖာရိရှဲ​အများစု မ​တွေ့မြင်ကြ​ဘူး။ ဖာရိရှဲ​တွေဟာ မိမိတို့​ကိုးကွယ်​တယ်လို့ ပြော​နေတဲ့ တရားမျှတရှင်၊ ကရုဏာ​ရှင် ဘုရားသခင်​လို မဟုတ်ဘဲ လူ​လူ​ချင်း​ကို အပြစ်သား​တွေ၊ မျှော်လင့်​စရာ မရှိ​သူတွေ​အဖြစ် ရှုမြင်ကြ​တ​ယ်။

၁၆။ တရားရေး ကော်မတီက ဘာကို သိမြင်​ဖို့ ကြိုးစား​ရ​မလဲ။

၁၆ ဒီနေ့ အကြီးအကဲတွေ​ဟာ “တရားမျှတမှု​ကို မြတ်နိုး” တဲ့ ယေဟောဝါ​ကို တုပ​ကြ​ရမယ်။ (ဆာ. ၃၇:၂၈) အရင်ဆုံး အပြစ်လုပ်​မလုပ် သိအောင် “သေသေချာချာ စစ်ဆေးမေးမြန်း” ရမယ်။ အပြစ်ကျူးလွန်​ထားတယ်​ဆိုရင် ကျမ်းစာ စည်းမျဉ်း​တွေနဲ့​အညီ အမှု​ကို ကိုင်တွယ်​ရမယ်။ (တရား. ၁၃:၁၂-၁၄) တရားရေး ကော်မတီ​မှာ ပါဝင်တဲ့ အကြီးအကဲတွေ​ဟာ ကြီးလေး​တဲ့​အပြစ် ကျူးလွန်​ထားတဲ့ ခရစ်ယာန် နောင်တရ,မရ သေသေချာချာ ပိုင်းဖြတ်​ရမယ်။ နောင်တရ​မရ အမြဲ​တော့ မမြင်သာ​ဘူး။ လူတစ်ယောက်ရဲ့ အမြင်၊ သဘောထား၊ စိတ်နှလုံး​အခြေအနေ​တွေ ပါဝင်ပတ်သက်​နေတယ်။ (ဗျာ. ၃:၃) အပြစ်ပြုသူ​ဟာ ကရုဏာ ခံစား​ချင်​ရင် နောင်တယူ​ရမယ်။ *

၁၇၊ ၁၈။ စစ်မှန်တဲ့​နောင်တ​ကို အကြီးအကဲတွေ ဘယ်လို ပိုင်းခြားသိမြင်​နိုင်သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကို ကြည့်ပါ။)

၁၇ ယေဟောဝါနဲ့ ယေရှု​လို မဟုတ်ဘဲ အကြီးအကဲတွေ​ဟာ စိတ်​နှလုံးကို ထွင်းဖောက်​မမြင်နိုင်​ဘူး။ သင်ဟာ အကြီးအကဲ​တစ်ယောက် ဖြစ်မယ်ဆိုရင် စစ်မှန်တဲ့​နောင်တ​ကို ဘယ်လို ပိုင်းခြားသိမြင်​နိုင်မလဲ။ ပထမ၊ ဉာဏ်ပညာ​နဲ့ ပိုင်းခြားသိမြင်မှု ရဖို့ ဆုတောင်း​ပါ။ (၁ ဘု. ၃:၉) ဒုတိယ၊ “လောက​နဲ့​ဆက်နွှယ်​တဲ့ ဝမ်းနည်းမှု” နဲ့ “ဘုရားသခင့် အလိုတော်​နဲ့​ညီ​တဲ့ ဝမ်းနည်းမှု” ကို ပိုင်းခြား​သိနိုင်​အောင် အကူအညီ​ရဖို့ ကျမ်းစာ၊ သစ္စာရှိကျွန် ပြင်ဆင်ပေး​ထားတဲ့ စာပေတွေကို လေ့လာ​ပါ။ (၂ ကော. ၇:၁၀၊ ၁၁) နောင်တရ​သူ၊ မရ​သူတွေ​ရဲ့ ခံစားချက်၊ သဘောထား၊ အပြုအမူတွေ​ကို ကျမ်းစာမှာ ဘယ်လို ဖော်ပြထား​ကြောင်း ဆန်းစစ်​ပါ။

၁၈ နောက်ဆုံး လူ​ကိုလည်း ထည့်တွက်​ပါ။ အပြစ်ကျူးလွန်​သူရဲ့ နောက်ခံ၊ စိတ်ရင်း၊ ကန့်သတ်ချက်​တွေကို ထည့်စဉ်းစားပါ။ ခရစ်ယာန် အသင်းတော်ရဲ့ ဦးခေါင်း ယေရှုနဲ့ပတ်သက်ပြီး ကျမ်းစာမှာ ကြိုဟော​ထားတယ်– “အပြင်ပန်း​ကိုပဲ ကြည့်ပြီး တရားမစီရင်​ဘူး။ ကြားတဲ့​စကား​ကိုပဲ မူတည်ပြီး ဆုံးမ​မှာ မဟုတ်ဘူး။ နိမ့်ကျ​သူတွေကို မျှမျှတတ တရားစီရင်​မယ်။ ကမ္ဘာပေါ်မှာ​ရှိတဲ့ စိတ်နူးညံ့​သူတွေ​ရဲ့ အကျိုး​အတွက် ဖြောင့်မှန်​စွာ ပဲ့ပြင်​မယ်။” (ဟေရှာ. ၁၁:၃၊ ၄) အကြီးအကဲတွေ​ဟာ ယေရှုရဲ့ လက်ထောက် သိုးထိန်းတွေ ဖြစ်တယ်။ ဒါကြောင့် တရားစီရင်​နိုင်အောင် ယေရှု ကူညီ​ပေးပါ​လိမ့်မယ်။ (မ. ၁၈:၁၈-၂၀) အဲဒီလို​လုပ်ဖို့ ကြိုးစား​နေတဲ့၊ မေတ္တာ​ရှိတဲ့ အကြီးအကဲတွေ ရှိလို့ ကျေးဇူးတင်​တယ် မဟုတ်လား။ အသင်းတော်​မှာ ကရုဏာ​နဲ့ တရားမျှတမှု တိုးများ​အောင် အကြီးအကဲတွေ​ရဲ့ မ​နား​မနေ ကြိုးစားမှု​ကို ကျွန်တော်တို့ တန်ဖိုးထားလေးမြတ်​ကြပါ​တ​ယ်။

၁၉။ ခိုလှုံရာမြို့​တွေကနေ ရရှိတဲ့ ဘယ်​သင်ခန်းစာ​ကို လက်တွေ့ကျင့်သုံး​ဖို့ စီစဉ်​ထား​သလဲ။

၁၉ ပညတ်တရား​ဟာ ယေဟောဝါ၊ ဖြောင့်မတ်​တဲ့ အခြေခံ​မူတွေ​နဲ့ပတ်သက်တဲ့ “အသိပညာ​နဲ့ အမှန်တရား​ရဲ့ အခြေခံ​သွင်ပြင်လက္ခဏာ​တွေ” ကို ဖော်ပြတယ်။ (ရော. ၂:၂၀) ဥပမာ၊ ခိုလှုံရာမြို့​တွေ​က ဘယ်လို “မှန်မှန်ကန်ကန် တရားစီရင်” ရမယ်​ဆိုတာ အကြီးအကဲ​တွေကို သင်ပေးတယ်။ “အချင်းချင်း​ကို ခိုင်မြဲ​တဲ့​မေတ္တာနဲ့ ကရုဏာ​ထားပြီး” ဘယ်လို ဆက်ဆံရ​မယ်​ဆိုတာ ကျွန်တော်တို့​အားလုံးကို သင်ပေးတယ်။ (ဇာ. ၇:၉) ကျွန်တော်တို့ ပညတ်တရား​အောက်မှာ မရှိတော့​ပါဘူး။ ဒါပေမဲ့ ယေဟောဝါ မပြောင်းလဲ​ဘူး။ တရားမျှတမှု၊ ကရုဏာ အရည်အသွေး​တွေဟာ ဘုရားသခင်အတွက် အရေးကြီး​ဆဲ​ပါပဲ။ အဲဒီလို​ဘုရားသခင်ကို ကိုးကွယ်ခွင့် ရတာ အခွင့်ထူး​ပါပဲ။ ဘုရားသခင်ရဲ့ ပုံသဏ္ဌာန်​နဲ့အညီ ဖန်ဆင်းခံ​ထား​ရလို့ ဘုရားရဲ့ အရည်အသွေး​တွေကို တုပ​ကြပါစို့။ ဘုရားသခင်​ဆီမှာ ခိုလှုံ​ကြပါစို့။

^ စာပိုဒ်၊ 16 ၂၀၀၆၊ စက်တင်ဘာ ၁၅ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၃၀ ပါ “စာရှုသူများ​ထံမှ မေးခွန်းလွှာ” ကိုကြည့်ပါ။