မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘ရက်ရောတဲ့သူဟာ ကောင်းချီးခံစားရမယ်’

‘ရက်ရောတဲ့သူဟာ ကောင်းချီးခံစားရမယ်’

ပူဇော်သက္ကာ​ဟာ စစ်မှန်တဲ့​ဝတ်ပြုရေး​ရဲ့ အရေးပါတဲ့​အပိုင်း ဖြစ်ခဲ့​တာ ကြာ​လှပါ​ပြီ။ အစ္စရေးတွေ​က တိရစ္ဆာန်​ပူဇော်သက္ကာ​တွေ ဆက်သ​ကြ​တ​ယ်။ ခရစ်ယာန်တွေ​က ‘ချီးမွမ်းခြင်း​အားဖြင့် ဘုရားသခင်​ဆီ ပူဇော်သက္ကာ ဆက်သ’ ကြ​တ​ယ်။ (ဟီ. ၁၃:၁၅၊ ၁၆) ဒီ​ပူဇော်သက္ကာ​တွေဟာ ရွှင်လန်းမှု​နဲ့ ကောင်းချီး ရရှိ​စေ​ကြောင်း အောက်ပါ​နမူနာ​တွေ​က ဖော်ပြတယ်။

ရှေးခေတ် သစ္စာရှိကျေးကျွန် ဟန္န​ဟာ သား​လိုချင်​လှ​ပေ​မဲ့ မြုံနေ​ရှာ​တ​ယ်။ သားတစ်ယောက်​သာ ရမယ်​ဆိုရင် “တစ်သက်လုံး ယေဟောဝါ​ဘုရားအတွက် ပေး​ပါ့​မယ်” လို့ ယေဟောဝါ​ဆီ ဆုတောင်းပြီး သစ္စာကတိ ပြု​ခဲ့တယ်။ (၁ ရှ. ၁:၁၀၊ ၁၁) အချိန်တန်​တော့ ဟန္န ကိုယ်ဝန် ရှိလာ​ပြီး ရှမွေလ​ဆိုတဲ့ သားတစ်ယောက် မွေးဖွား​ခဲ့တယ်။ ရှမွေလ နို့​ဖြတ်​ပြီးတဲ့နောက် ဟန္န​ဟာ သစ္စာကတိ ပြု​ထားတဲ့​အတိုင်း တဲတော်​ကို ခေါ်​သွားတယ်။ ဟန္န​ရဲ့ ကိုယ်ကျိုးစွန့်စိတ်ဓာတ်​ကို ယေဟောဝါ ကောင်းချီးပေး​ခဲ့တယ်။ နောက်ထပ် ကလေး​ငါးယောက် ထွန်းကား​ခဲ့တယ်။ ရှမွေလ​က​တော့ ပရောဖက်​နဲ့ ကျမ်းရေးသူ ဖြစ်လာတယ်။—၁ ရှ. ၂:၂၁

ဟန္န​နဲ့ ရှမွေလ​လိုပဲ ဒီနေ့ ခရစ်ယာန်တွေ​လည်း မိမိ​အသက်တာ​ကို ဖန်ဆင်းရှင်ရဲ့ အမှုတော်​အတွက် ဆက်ကပ်​ဖို့ အခွင့်အရေး ရရှိ​ကြ​တ​ယ်။ ယေဟောဝါ​ကို ကိုးကွယ်​ဖို့ စွန့်လွှတ်​အနစ်နာခံ​မှု မှန်သမျှ ကြွယ်ဝ​စွာ ဆုချ​ခံရ​မယ်လို့ ယေရှု ကတိပေး​ခဲ့တယ်။—မာ. ၁၀:၂၈-၃၀

ပထမရာစု​မှာ ဒေါ်​ကာ​လို့ခေါ်တဲ့ ခရစ်ယာန်​အမျိုးသမီး​ဟာ တခြားသူတွေကို ကူညီပေးဖို့ စွန့်လွှတ်​အနစ်နာခံ​မှု၊ “ကောင်းတဲ့​အကျင့်၊ ပေးကမ်းစွန့်ကြဲ​တတ်တဲ့​အကျင့်” ကြောင့် လူသိများ​တယ်။ ဝမ်းနည်းစရာကတော့ “ဒေါ်​ကာ ဖျား​ပြီး သေဆုံးသွားတယ်။” ဒါကြောင့် အသင်းတော်တစ်ခုလုံး ဝမ်းနည်း​ကြ​တ​ယ်။ အနီးအနား​ဒေသ​မှာ ပေတရု ရှိနေ​ကြောင်း တပည့်တော်​တွေ ကြား​တဲ့အခါ ချက်ချင်း လာဖို့ တောင်းဆို​ကြ​တ​ယ်။ ပေတရု ရောက်လာပြီး ဒေါ်​ကာ​ကို ပြန်ရှင်​အောင် လုပ်ပေးတဲ့အခါ ဘယ်လောက် ဝမ်းသာ​ကြ​မယ်​ဆိုတာ မြင်ယောင်​ကြည့်ပါ။ အဲဒါ တမန်တော်​တစ်ယောက် အသက်ပြန်ရှင်​စေတဲ့ ပထမဆုံး မှတ်တမ်း​ပါပဲ။ (တ. ၉:၃၆-၄၁) ဒေါ်ကာ​ရဲ့ စွန့်လွှတ်​အနစ်နာခံ​မှုတွေ​ကို ဘုရားသခင် မမေ့​ပါဘူး။ (ဟီ. ၆:၁၀) သူ့ရဲ့ ရက်ရောမှု​မှတ်တမ်း​ကို ကျွန်တော်တို့ တုပ​ဖို့ ကျမ်းစာမှာ ဖော်ပြထားတယ်။

တမန်တော်​ပေါလု​လည်း အချိန်နဲ့ ဂရုစိုက်​မှုကို ရက်ရက်ရောရော ပေးဆက်​ရာမှာ အလွန်ကောင်းတဲ့​ပုံသက်သေ ချမှတ်​ခဲ့တယ်။ “ကျွန်တော်က​တော့ ခင်ဗျား​တို့အတွက်​ဆိုရင် ကိုယ့်​မှာ​ရှိသမျှ​ကိုသာမက ကိုယ့်ကိုယ်ကိုယ်​တောင် ပေးအပ်​ဖို့ အသင့်​ပါပဲ” လို့ ကောရိန္သုမြို့​က ခရစ်ယာန်​ညီအစ်ကို​တွေဆီ စာရေးခဲ့တယ်။ (၂ ကော. ၁၂:၁၅) တခြားသူတွေ​အတွက် စွန့်လွှတ်​အနစ်နာခံ​ခြင်းက ကိုယ့်ကို ကျေနပ်ပျော်ရွှင်​စေ​ရုံ​သာမက ယေဟောဝါရဲ့ ကောင်းချီး​နဲ့ မျက်နှာသာ ရရှိ​စေ​ကြောင်း ပေါလု ကိုယ်တွေ့ သိရှိ​ခဲ့တယ်။—တ. ၂၀:၂၄၊ ၃၅

ဘုရားနိုင်ငံတော်​အကျိုးစီးပွား တိုးတက်​ဖို့၊ ယုံကြည်​သူ​ချင်း​တွေကို ကူညီ​ထောက်မ​ဖို့ အချိန်နဲ့ ခွန်အား အသုံးပြု​တာ​ကို ယေဟောဝါ နှစ်သက်​တာ ရှင်း​ပါတယ်။ ဒါပေမဲ့ ဘုရားနိုင်ငံတော် ဟောပြောခြင်း​လုပ်ငန်းကို ထောက်ပံ့​နိုင်တဲ့ တခြား​နည်းတွေ ရှိသေး​သလား။ ရှိပါ​တ​ယ်။ မေတ္တာပါ​တဲ့ လုပ်ဆောင်မှု​တွေအပြင် စေတနာအလျောက် အလှူငွေ ထည့်ဝင်​ခြင်းအားဖြင့် ဘုရားသခင်ကို ဂုဏ်တင်​နိုင်ပါတယ်။ သာသနာပြု​တွေ၊ အထူး​အချိန်ပြည့်​အမှုထမ်း​တွေကို ထောက်ပံ့ခြင်း အပါအဝင် ကမ္ဘာချီလုပ်ငန်း တိုးတက်​ဖို့ အလှူငွေ​တွေကို အသုံးပြုပါ​တ​ယ်။ အဲဒီအပြင် စာပေ​တွေ၊ ဗီဒီယို​တွေ ပြင်ဆင်ခြင်း၊ ဘာသာပြန်ခြင်း၊ သဘာဝဘေး ကယ်ဆယ်ရေး​လုပ်ငန်း၊ နိုင်ငံ​တော်​ခန်းမသစ် ဆောက်လုပ်ရေးလုပ်ငန်း​တို့​ကို စေတနာ​အ​လျာ​က် ထည့်ဝင်တဲ့ အလှူငွေတွေနဲ့ လုပ်ဆောင်​တ​ယ်။ ‘ရက်ရော​တဲ့​သူဟာ ကောင်းချီး​ခံစားရမယ်’ ဆိုတာ စိတ်ချ​နိုင်ပါတယ်။ ဒီ့​အပြင် ကိုယ့်ရဲ့​အဖိုးတန်​ဥစ္စာ​တွေကို ပေးဆက်ခြင်း​အားဖြင့် ယေဟောဝါ​ကို ဂုဏ်တင်​ကြ​တယ်။​—ပညာ. ၃:၉။ ၂၂:၉