မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရွှင်လန်းစွာ သီချင်းဆိုပါ

ရွှင်လန်းစွာ သီချင်းဆိုပါ

“ဘုရားသခင်ကို ချီးမွမ်းသီချင်း​ဆိုတာ သိပ်ကောင်း​တ​ယ်။”—ဆာ. ၁၄၇:၁

သီချင်း– ၁၀၊ 

၁။ သီချင်းဆို​ခြင်းက ဘာ​လုပ်ဆောင်​စေနိုင်​သလဲ။

နာမည်ကျော် တေး​ရေး​ဆရာ​တစ်ဦး​က ပြောတယ်– “စကားလုံးတွေ​က စဉ်းစား​တွေးတော​စေတယ်။ ဂီတ​က ခံစား​စေတယ်။ သီချင်း​က​တော့ တွေးတော​ခံစား​စေတယ်။” ကောင်းကင်ဘုံ​စံ ဖခင် ယေဟောဝါ​ကို ချီးမွမ်း​ကြောင်း၊ ချစ်ကြောင်း ဖော်ပြ​တဲ့​သီချင်း​တွေ​ထက် ပို​တွေးတော​ခံစား​စေ​တာ ဘာ​ရှိ​ဦး​မလဲ။ တစ်ယောက်တည်း​ဖြစ်စေ၊ အသင်းတော်​လိုက်​ဖြစ်စေ သီချင်းဆို​ခြင်း​ဟာ စင်ကြယ်​တဲ့ ဝတ်ပြုရေးရဲ့ အရေးကြီးတဲ့​ကဏ္ဍ​မှာ ပါဝင်တယ်။

၂၊ ၃။ (က) အသင်းတော်​မှာ သီချင်းဆို​တာ​ကို တချို့ ဘယ်လို ခံစားရ​နိုင်သလဲ။ (ခ) ဘယ်မေးခွန်းတွေကို သုံးသပ်​ကြ​မလဲ။

အသင်းတော်​နဲ့အတူ သီချင်းဆို​တာ​ကို ဘယ်လို ခံစားရ​သလဲ။ ရှက်​သလား။ ယဉ်ကျေးမှု​တချို့​မှာ အမျိုးသားတွေ​ဟာ လူအများ​ရှေ့ သီချင်းဆို​တာ​ကို ကသိကအောက်​ဖြစ်ကြ​တ​ယ်။ အဲဒီ​သဘောထား​က အသင်းတော်တစ်ခုလုံး​ကို ထိခိုက်​နိုင်တယ်။ အထူးသဖြင့် အသင်းတော်​လိုက် သီချင်းဆို​နေချိန်​မှာ ဦးဆောင်နေသူ​တွေ​က မဆို​ဘဲ​နေရင်၊ တခြား​ကိစ္စတွေ လုပ်​နေရင်​ပေါ့။—ဆာ. ၃၀:၁၂

သီချင်းဆို​ခြင်း​ကို ဝတ်ပြုရေး​ရဲ့ အစိတ်အပိုင်း​အဖြစ် မှန်ကန်စွာ ရှုမြင်​မယ်ဆိုရင် အစည်းအဝေး​မှာ သီချင်းဆို​တဲ့အခါ ထွက်သွား​တာမျိုး၊ မပါဝင်​တာမျိုး လုပ်​မှာ မဟုတ်ဘူး။ ဒါကြောင့် ယောက်တိုင်း ကိုယ့်ကိုယ်ကိုယ် မေးသင့်တယ်– ‘ဝတ်ပြုစည်းဝေး​ချိန်မှာ သီချင်းဆို​တာ​ကို ဘယ်လို သဘောထား​သလဲ။ ရွှင်လန်းစွာ သီချင်းဆို​ဖို့ အတားအဆီး ဖြစ်စေ​တဲ့ စိုးရိမ်မှု​ကို ဘယ်လို ကျော်လွှားနိုင်​သလဲ။ ခံစားချက်​အပြည့်​နဲ့ ဘယ်လို သီဆို​နိုင်သလဲ။’

စစ်မှန်တဲ့​ဝတ်ပြုရေး​မှာ အရေးပါတဲ့ သီချင်းဆို​ခြင်း

၄၊ ၅။ ရှေးအစ္စရေး​တွေရဲ့ ဝတ်ပြုရေး​မှာ သီချင်းဆို​ခြင်း​ကို ဘယ်လောက် ကျယ်ကျယ်ပြန့်ပြန့် စီစဉ်​ဖွဲ့စည်း​ခဲ့​သလဲ။

သစ္စာရှိ​တဲ့ ကိုးကွယ်​သူတွေဟာ ယေဟောဝါ​ကို ချီးမွမ်း​ဖို့ တေးဂီတ​ကို ရှေး​အချိန်​ကတည်းက အသုံးပြု​ခဲ့ကြ​တယ်။ ယေဟောဝါ​ကို ရှေးအစ္စရေး​တွေ သစ္စာရှိရှိ အမှုဆောင်ချိန်​မှာ သီချင်းဆို​ခြင်း​ဟာ ဝတ်ပြုရေး​ရဲ့ အရေးကြီးတဲ့​ကဏ္ဍ ဖြစ်ခဲ့​တာ မှတ်သား​စရာ​ပဲ။ ဥပမာ၊ ဗိမာန်တော်​လုပ်ငန်း​အတွက် ပြင်ဆင်ချိန်​မှာ ဘုရင်ဒါဝိဒ်က ချီးမွမ်းသီချင်း ဆို​ဖို့ လေဝိ​အနွယ် သီချင်းသည် ၄,၀​၀၀ စီစဉ်​ဖွဲ့စည်း​ခဲ့တယ်။ သူတို့​ထဲက ၂၈၈ ယောက်​ဟာ “ယေဟောဝါ​ကို ချီးမွမ်း​သီဆို​ဖို့ လေ့ကျင့်​ထား​သူတွေ၊ တီးမှုတ်​သီဆို​ရာမှာ ကျွမ်းကျင်​သူတွေ ဖြစ်တယ်။”—၁ ရာ. ၂၃:၅။ ၂၅:၇

ဗိမာန်တော် အပ်နှံပွဲ​မှာ တေးဂီတ​နဲ့ သီချင်းဆို​ခြင်း​ဟာ အရေးပါတဲ့ အခန်းကဏ္ဍ​မှာ ပါဝင်ခဲ့တယ်။ “ခရာမှုတ်​သူတွေ၊ သီချင်းဆို​သူတွေက ယေဟောဝါ​ကို ချီးမွမ်း​ကြ​တ​ယ်။ ခရာ၊ လင်းကွင်း​နဲ့ တခြား​တူရိယာ တီးမှုတ်​သံ​တွေ၊ . . . ယေဟောဝါ​ကို ကျေးဇူးတင်ချီးမွမ်း​သံ​တွေ သံ​ပြိုင်​ထွက်လာ​တဲ့အခါ . . . ယေဟောဝါရဲ့ အိမ်တော်မှာ ဘုရားသခင်ရဲ့ ဘုန်းအသရေ ပြည့်နေတယ်” လို့ ဖော်ပြထားတယ်။ ယုံကြည်ခြင်း ခိုင်မာ​စေတဲ့ အချိန်အခါ​ပါပဲ။—၂ ရာ. ၅:၁၃၊ ၁၄။ ၇:၆

၆။ ဂျေရုဆလင်​မြို့မှာ ဘုရင်ခံ​အဖြစ် နေဟမိ အုပ်ချုပ်ချိန်​အတွင်း အထူး​တေးဂီတ တင်ဆက်မှု​အကြောင်း ဖော်​ပြပါ။

ဂျေရုဆလင်မြို့​ရိုး ပြန်​တည်ဆောက်​ဖို့ သစ္စာရှိ​အစ္စရေး​တွေကို နေဟမိ ဦးဆောင်​ချိန်မှာ​လည်း တူရိယာ​အပြည့်အစုံ​နဲ့ လေဝိ​အမျိုး သီချင်းသည်​တွေကို စီစဉ်​ဖွဲ့စည်း​ခဲ့တယ်။ ပြန်​တည်ဆောက်​ထားတဲ့​မြို့ရိုး​ကို အပ်နှံချိန်​မှာ အထူး​တေးဂီတ တင်ဆက်မှု​က အဲဒီအခါ​သမယ​ကို အကြီးအကျယ် ရွှင်လန်း​စေခဲ့တယ်။ ဒီ​အချိန်​မှာ “ကျေးဇူးတင်ချီးမွမ်း​တဲ့ တေးသံစုံ​အဖွဲ့” နှစ်​ဖွဲ့ ရှိတယ်။ အဖွဲ့​နှစ်​ဖွဲ့​ဟာ မြို့ရိုး​ပေါ်မှာ ဆန့်ကျင်ဘက် ပတ်​သွားပြီး ဗိမာန်တော်​နား မြို့ရိုး​ပေါ်မှာ ဆုံ​ကြ​တ​ယ်။ ဒါကြောင့် သူတို့ရဲ့ အသံ​ကို အဝေးကြီး​က​နေ​တောင် ကြား​နိုင်တယ်။ (နေ. ၁၂:၂၇၊ ၂၈၊ ၃၁၊ ၃၈၊ ၄၀၊ ၄၃) ကိုးကွယ်သူ​တွေ အားရပါးရ သီဆို​ချီးမွမ်း​တာ​ကို ကြား​ရ​တဲ့အခါ ယေဟောဝါ နှစ်သက်​မှာ သေချာ​ပါတယ်။

၇။ ခရစ်ယာန် ဝတ်ပြုရေး​မှာ သီချင်းဆို​ဖို့ လိုအပ်​ကြောင်း ယေရှု ဘယ်လို အလေးပေး​ခဲ့​သလဲ။

ခရစ်ယာန် အသင်းတော် တည်ထောင်​တဲ့အခါ​မှာလည်း တေးဂီတ​ဟာ စစ်မှန်တဲ့ ဝတ်ပြုရေး​မှာ အရေးပါ​ဆဲ​ပါပဲ။ လူ့သမိုင်း​ရဲ့ အရေးကြီးဆုံး​ညမှာ ယေရှုဟာ သခင့်​ညစာ​စားပွဲ ကျင်းပ​ပြီးနောက် သီချင်း​တွေ သီဆိုခဲ့တယ်။မဿဲ ၂၆:၃၀ ကိုဖတ်ပါ။

၈။ ပထမရာစု ခရစ်ယာန်​တွေဟာ ဝတ်ပြုရေး​မှာ သီချင်းဆို​တာနဲ့​ပတ်သက်ပြီး ဘယ်​ပုံသက်သေ ချမှတ်​ခဲ့ကြသလဲ။

ဘုရားသခင်ကို အတူတကွ ချီးမွမ်းသီချင်း​ဆို​ရာမှာ ပထမရာစု ခရစ်ယာန်တွေ ပုံသက်သေ ချမှတ်​ခဲ့ကြတယ်။ ကိုယ်ပိုင်အိမ်​တွေမှာ စုဆုံ​လေ့​ရှိ​ကြပေမဲ့ ရိုးရှင်းတဲ့ ဝန်းကျင်​အနေအထား​ကြောင့် ယေဟောဝါ​ကို အားတက်သရော သီချင်းဆို​ချင်တဲ့​စိတ် လျော့နည်း​မသွား​ဘူး။ စွမ်းအားတော် တိုက်တွန်းမှု​ကြောင့် ခရစ်ယာန် ညီအစ်ကိုတွေ​ကို တမန်တော် ပေါလု ဒီလို​ညွှန်ကြားတယ်– “ဆာလံ​သီချင်း​တွေ၊ ဘုရားသခင်ကို ချီးမွမ်း​တဲ့ သီချင်း​တွေ သီဆို​ပြီး၊ ဓမ္မသီချင်း​တွေကို ကျေးဇူးတင်စိတ်​နဲ့ သီဆို​ပြီး အချင်းချင်း သွန်သင်​အားပေး​ကြပါ။ ယေဟောဝါ​ကို လှိုက်လှိုက်လှဲလှဲ သီဆို​ချီးမွမ်း​ကြပါ။” (ကော. ၃:၁၆) ကျွန်တော်တို့ရဲ့ သီချင်းစာအုပ်​မှာပါတဲ့ သီချင်း​တွေဟာ “ကျေးဇူးတင်စိတ်​နဲ့ သီဆို” ရမယ့် “ဓမ္မသီချင်း​တွေ” ပါပဲ။ “သစ္စာ​နဲ့ သတိပညာ​ရှိတဲ့ ကျွန်” ပြင်ဆင်ပေး​တဲ့ ကျမ်းစာ​အကြောင်းအရာတွေ​ထဲမှာ သီချင်း​တွေလည်း ပါတယ်။—မ. ၂၄:၄၅

သီချင်းဆို​ခြင်းနဲ့​ပတ်သက်တဲ့ စိုးရိမ်မှု​ကို ကျော်လွှားခြင်း

၉။ (က) အစည်းအဝေး​တွေ၊ အစည်းအဝေးကြီး​တွေမှာ ရွှင်လန်းစွာ သီချင်းဆို​ဖို့ တချို့ကို ဘာက တားဆီး​နိုင်သလဲ။ (ခ) ယေဟောဝါ​ကို ဘယ်လို ချီးမွမ်းသီချင်း​ဆို​သင့်သလဲ။ ဘယ်သူ​တွေ ဦးဆောင်​သင့်သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကို ကြည့်ပါ။)

ကိုယ့်​မိသားစု၊ ယဉ်ကျေးမှု၊ ပတ်ဝန်းကျင်​မှာ သီချင်းဆို​တဲ့ ဓလေ့ မရှိရင်​ကော။ ခေတ်ပေါ် နည်းပညာ​ကြောင့် အဆိုတော်​တွေရဲ့ သီချင်း​တွေ နားထောင်​ရတာ နှစ်ခြိုက်​မှာပဲ။ ဒါပေမဲ့ ကိုယ့်​အသံ​ကို ဖျော်ဖြေရေး​လောက,က အဆိုတော်​တွေရဲ့​အသံ​နဲ့ နှိုင်းယှဉ်​တဲ့အခါ ရှက်မိ၊ စိတ်ပျက်​မိ​နိုင်တယ်။ အဲဒါက ယေဟောဝါ​ကို ချီးမွမ်းသီချင်း​ဆို​ရမယ့်​တာဝန်ကို အတားအဆီး မဖြစ်​စေ​သင့်​ဘူး။ သီချင်းစာအုပ်​ကို မြင့်​မြင့်​ကိုင်၊ ခေါင်းမော့​ပြီး လှိုက်လှိုက်လှဲလှဲ ဆိုလို​က်​ပါ။ (ဧဇ. ၃:၁၁။ ဆာလံ ၁၄၇:၁ ကိုဖတ်ပါ။) ဒီနေ့ နိုင်ငံ​တော်​ခန်းမ များစွာ​မှာ သီချင်းစာသား​တွေကို တီဗီ​ဖန်သားပြင်​မှာ ပြ​ပေးတယ်။ အဲဒါက သီချင်းဆို​ဖို့ လွယ်ကူစေတယ်။ အကြီးအကဲတွေ​အတွက် နိုင်ငံ​တော်​ဓမ္မအမှု​သင်တန်း သင်ရိုး​မှာ နိုင်ငံ​တော်​သီချင်း ဆို​ခြင်း​ကို ထည့်သွင်း​ထားတာ စိတ်ဝင်စားစရာ​ပဲ။ အဲဒါက အကြီးအကဲတွေ​အနေနဲ့ သီချင်းဆို​ရာမှာ အသင်းတော်ကို ဦးဆောင်​ဖို့ လိုအပ်​ကြောင်း ပေါ်လွင်​စေတယ်။

၁၀။ သီချင်းဆို​ရမှာ ကြောက်ရွံ့​နေရင် ဘာကို သတိရ​သင့်သလဲ။

၁၀ သံ​ကုန်​ထုတ်ပြီး သီချင်း​မဆို​ရတဲ့ အကြောင်းရင်း​တစ်ခုက ကြောက်ရွံ့ခြင်း​ပါပဲ။ ထူးခြားပေါ်လွင်​နေ​မှာ၊ တခြားသူတွေ မကြိုက်​မှာ​ကို ကြောက်ရွံ့​တာ ဖြစ်နိုင်တယ်။ စကား​ပြောတဲ့အခါ “ကျွန်တော်တို့​အားလုံး ခဏခဏ မှား​တတ်ကြ” ကြောင်း သတိရ​သင့်တယ်။ (ယာ. ၃:၂) ဒါပေမဲ့ မှား​လို့ စကား​မပြော​ဘဲ မနေ​ကြဘူး။ ဒါဆိုရင် အသံ​မကောင်း​လို့ဆို​ပြီး ယေဟောဝါ​ကို ချီးမွမ်းသီချင်း မဆို​ဘဲ​မနေ​သင့်​ဘူး။

၁၁၊ ၁၂။ သီချင်းဆို​ရာမှာ တိုးတက်​ဖို့ အကြံပြုချက်​တချို့​က ဘာ​တွေလဲ။

၁၁ သီချင်း​ကို ဘယ်လို ဆို​ရ​မှန်း မသိ​လို့ စိုးရိမ်​နေတာ ဖြစ်နိုင်တယ်။ အခြေခံ အကြံပြုချက်​တချို့ကို လိုက်နာခြင်း​အားဖြင့် သီချင်းဆို​ရာမှာ တိုးတက်​နိုင်ပါတယ်။ *

၁၂ တော်မှန်​စွာ အသက်ရှူခြင်းအားဖြင့် အားမာန်ပါပါ သီဆို​နိုင်တယ်။ လျှပ်စစ်​စွမ်းအား​က မီးသီး​ကို လင်း​စေ​သလို အသက်ရှူခြင်း​က စကား​ပြောတဲ့အခါ​ဖြစ်စေ၊ သီချင်းဆို​တဲ့အခါ​ဖြစ်စေ အသံ​အား ကောင်း​စေနိုင်​တ​ယ်။ စကားပြော​တဲ့​အသံ၊ အဲဒီ​ထက် ပို​ကျယ်​တဲ့​အသံ​နဲ့ သီချင်းဆို​သင့်တယ်။ (သီအိုကရက်တစ် ဓမ္မအမှုကျောင်း ပညာရေး​မှ အကျိုးရယူ စာအုပ် စာမျက်နှာ ၁၈၁ မှ ၁၈၄၊ “ထွက်သက်​ဝင်​သက်​ကို လျောက်ပတ်​စွာ ထိန်းပေး​ပါ” ခေါင်းစဉ်​ငယ်​အောက်မှာ​ပါတဲ့ အကြံပြုချက်​တွေကို ကြည့်ပါ။) ချီးမွမ်းသီချင်း​ဆို​ချိန်မှာ “ရွှင်လန်းစွာ သီချင်းဆို​ကြ” ဖို့ ဝတ်ပြု​သူတွေကို ကျမ်းစာမှာ ရံဖန်ရံခါ ညွှန်ကြားတယ်။—ဆာ. ၃၃:၁-၃

၁၃။ သီချင်းဆို​ရာမှာ ယုံကြည်​စိတ်ချမှု တိုးများလာ​အောင် ဘယ်လို လုပ်ဆောင်​နိုင်သလဲ။

၁၃ မိသားစု ဝတ်ပြုမှုမှာ​ဖြစ်စေ၊ တစ်ယောက်တည်း​ဖြစ်စေ ဒီ​လိုလုပ်​ကြည့်ပါ– သီချင်းစာအုပ်​ထဲက အကြိုက်ဆုံး သီချင်း​တစ်ပုဒ်​ကို ရွေး​ပါ။ စာသား​ကို ပီပီသသ၊ ယုံကြည်​စိတ်ချ​တဲ့ လေသံ​နဲ့ ကျယ်ကျယ်ဖတ်​ပါ။ အသက်​ဝ​ဝ​ရှူ​ပြီး တစ်​ကြောင်း​တည်း​က တေး​သားတွေ​ကို ကျယ်ကျယ်ပြော​ပါ။ ပြီးနောက် အဲဒီ​အသံ​နဲ့​ပဲ သီဆိုပါ။ (ဟေရှာ. ၂၄:၁၄) သီချင်းဆို​သံ ပို​အားပြည့်​လာမယ်။ အဲဒါ ကောင်းတယ်။ မကြောက်​ပါနဲ့။ မရှက်​ပါနဲ့။

၁၄။ (က) ပါးစပ်​ကို ကျယ်ကျယ်ဖွင့်​ခြင်းက သီချင်းဆို​တာ​ကို ဘယ်လို ကူညီ​ပေးနိုင်သလဲ။ (“ သီချင်းဆို​တဲ့အခါ တိုးတက်​နိုင်​ပုံ” လေးထောင့်ကွက်​ကို ကြည့်ပါ။) (ခ) အသံ​ပြဿနာ​တွေကို ကျော်လွှားခြင်း​နဲ့ပတ်သက်တဲ့ ဘယ်​အကြံပြုချက်​တွေ​က သင့်အတွက် လက်တွေ့ကျ​သလဲ။

၁၄ ပါးစပ် ကျယ်ကျယ်​မ​ဖွင့်​ရင် အသံ​ကျယ်ကျယ် မထွက်​နိုင်​ဘူး။ ဒါကြောင့် ပုံမှန် စကားပြောချိန်​ထက် ပါးစပ် ကျယ်ကျယ်ဖွင့်​ပါ။ ကိုယ့်​အသံ​ဟာ ကြောင်​နေတယ်၊ စူး​လွန်း​နေတယ်​လို့ ခံစားရ​ရင် ဘာ​လုပ်သင့်​သလဲ။ သီအိုကရက်တစ် ဓမ္မအမှုကျောင်း ပညာရေး​မှ အကျိုးရယူ စာအုပ် စာမျက်နှာ ၁၈၄၊ “သတ်သတ်မှတ်မှတ် ပြဿနာများ​ကို အောင်မြင်ကျော်လွှား​ခြင်း” လေးထောင့်ကွက်​မှာ လက်တွေ့ကျ အကြံပြုချက်​တွေ တွေ့နိုင်တယ်။

လှိုက်လှိုက်လှဲလှဲ သီဆိုပါ

၁၅။ (က) ၂၀၁၆ နှစ်ပတ်လည် အစည်းအဝေး​မှာ ဘာ​ကြေညာ​ခဲ့​သလဲ။ (ခ) သီချင်းစာအုပ်​သစ် ထုတ်ဝေ​ရတဲ့ အကြောင်းရင်း​တချို့​က ဘာ​တွေလဲ။

၁၅ ပင်စီဗေးနီးယား​ပြည်နယ်၊ ကင်းမျှော်စင် သမ္မာကျမ်းစာ​နဲ့ ဝေစာ​အသင်း​ရဲ့ ၂၀၁၆ နှစ်ပတ်လည် အစည်းအဝေး​မှာ အုပ်ချုပ်ရေး အဖွဲ့ဝင် ညီအစ်ကို စတီဗင်​လ​တ်​က ယေဟောဝါ​ကို ‘ရွှင်လန်းစွာ တေးသီကျူး​ကြ’ ဆိုတဲ့ သီချင်းစာအုပ်​သစ်​ကို အစည်းအဝေးတွေမှာ အသုံးပြု​ဖို့ မကြာခင် ရရှိ​တော့မှာ​ဖြစ်ကြောင်း ကြေညာ​ခဲ့တယ်။ သီချင်းစာအုပ်​ကို ပြန်​တည်းဖြတ်​ရတဲ့ အကြောင်းရင်း​က ကမ္ဘာသစ်​ဘာသာပြန် တည်းဖြတ်​ကျမ်းနဲ့ ကိုက်ညီ​စေဖို့ ဖြစ်ကြောင်း ညီအစ်ကို​လ​တ် ရှင်းပြ​ခဲ့တယ်။ ၂၀၁​၃ ကမ္ဘာသစ်​ဘာသာပြန် တည်းဖြတ်​ကျမ်း​မှာ မပါ​တော့​တဲ့ အသုံးအနှုန်း​တွေကို သီချင်းစာသား​ထဲက​နေ ထုတ်​ဖို့၊ တည်းဖြတ်​ဖို့ လိုအပ်​လာတယ်။ ဟောပြောခြင်း​လုပ်ငန်း​အကြောင်း သီချင်း​သစ်​တွေ၊ ရွေးဖိုး​အတွက် လေးမြတ်​ကြောင်း ဖော်ပြ​တဲ့​သီချင်း​တွေလည်း ထည့်သွင်း​ထားပါတယ်။ သီချင်းဆို​ခြင်း​ဟာ ဝတ်ပြုရေး​ရဲ့ အရေးကြီးတဲ့​ကဏ္ဍ​မှာ ပါဝင်တဲ့​အတွက် အုပ်ချုပ်ရေးအဖွဲ့​က ကမ္ဘာသစ်​ဘာသာပြန် တည်းဖြတ်​ကျမ်းနဲ့ ပုံစံတူ အရည်အသွေး​မြင့်​စာအုပ် ထုတ်ဝေ​ချင်​တ​ယ်။

၁၆၊ ၁၇။ သီချင်းစာအုပ်​သစ်​မှာ ဘယ်​အပြောင်းအလဲ​တွေ လုပ်​ထား​သလဲ။

၁၆ ယေဟောဝါ​ကို ‘ရွှင်လန်းစွာ တေးသီကျူး​ကြ’ စာအုပ်ကို အသုံးပြု​ရလွယ်​အောင် သီချင်း​တွေကို အကြောင်းအရာ​အလိုက် စီစဉ်​ထားတယ်။ ဥပမာ၊ ပထမ ၁၂ ပုဒ်​က ယေဟောဝါ​အကြောင်း၊ နောက် ၈ ပုဒ်​က ယေရှုနဲ့ ရွေးဖိုး​အကြောင်း​စ​သဖြင့် စီစဉ်​ထားတယ်။ လူထုဟောပြောချက်​အတွက် သီချင်း​ရွေးချယ်​ရာမှာ အထောက်အကူ​ပြု​မယ့် အကြောင်းအရာ မာတိကာ​တစ်ခု ရှိတယ်။

၁၇ လှိုက်လှိုက်လှဲလှဲ သီဆို​နိုင်​စေဖို့ သီချင်းစာသား​တချို့ကို ပြန်​တည်းဖြတ်​ထားတယ်။ အဲဒါက ပို​ရှင်းလင်း​စေတယ်။ မ​သုံး​တော့​တဲ့ အသုံးအနှုန်းတွေ​ကိုလည်း ထုတ်​လိုက်တယ်။ ဥပမာ၊ သီချင်း​တွေကို အရေး​ပုံစံ​က​နေ အပြော​ပုံစံ ပြောင်းထား​လို့ သီဆို​ရ​ပိုလွယ်​တ​ယ်။ “သင့်​နှလုံးကို စောင့်ကြပ်​ပါ” ဆိုတဲ့ ခေါင်းစဉ်​ကိုလည်း “နှလုံးကို စောင့်ကြပ်​စို့” လို့​ပြောင်းထား​တ​ယ်။ ဘာကြောင့်လဲ။ အစည်းအဝေး၊ အစည်းအဝေး​ပွဲ၊ အစည်းအဝေးကြီး ပရိသတ်​ထဲမှာရှိတဲ့ လူသစ်​တွေ၊ စိတ်ဝင်စားသူ​တွေ၊ လူငယ်မောင်မယ်၊ ညီအစ်မ​တွေ​က တခြားသူတွေကို အမိန့်ပေး​တဲ့​သဘော မသက်ရောက်​စေဖို့ ဖြစ်တယ်။ ဒါကြောင့် ခေါင်းစဉ်​နဲ့ စာသားတွေ​ကို ပြင်​ထားတယ်။

မိသားစု ဝတ်ပြုမှုမှာ သီချင်းတွေကို လေ့ကျင့်ပါ (အပိုဒ် ၁၈ ကိုကြည့်ပါ)

၁၈။ သီချင်းစာအုပ်​သစ်​နဲ့ ဘာကြောင့် အကျွမ်းတဝင် ရှိ​သင့်သလဲ။ (အောက်ခြေမှတ်ချက်​ကို ကြည့်ပါ။)

၁၈ ယေဟောဝါ​ကို ‘ရွှင်လန်းစွာ တေးသီကျူး​ကြ’ စာအုပ်​ထဲက သီချင်းများ​စွာ​ဟာ ဆုတောင်းချက်​ပုံစံ ဖြစ်တယ်။ ဒီ​သီချင်း​တွေ​အားဖြင့် ယေဟောဝါ​ဆီ ကိုယ့်​ခံစားချက်​တွေကို ဖော်ပြ​နိုင်တယ်။ တချို့​သီချင်း​တွေ​က “မေတ္တာ​စိတ် ရှိစေ​ဖို့၊ အကျင့်ကောင်း​တွေ ကျင့်​စေဖို့၊ [ကျွန်တော်တို့ကို] တိုက်တွန်းအားပေး” ဖို့ ကူညီ​ပေးပါ​လိမ့်မယ်။ (ဟီ. ၁၀:၂၄) သီချင်း​တေးသံ၊ စာသား၊ စည်း​ချက်​တွေနဲ့ အကျွမ်းတဝင်​ရှိအောင် လုပ်​ထားပါ။ jw.org မှာ​တင်ထားတဲ့ သီချင်း​တွေကို နားထောင်ပြီး အကျွမ်းတဝင်​ရှိအောင် လုပ်​ထား​နိုင်တယ်။ အိမ်​မှာ လေ့ကျင့်ခြင်း​အားဖြင့် ယုံကြည်​စိတ်ချမှု​အပြည့်​နဲ့ လှိုက်လှိုက်လှဲလှဲ သီဆို​နိုင်ပါတယ်။ *

၁၉။ အသင်းတော်​မှာ​ရှိသူ​အားလုံး ယေဟောဝါ​ကို ချီးမွမ်း​ကိုးကွယ်ရာ​မှာ ဘယ်လို​ပါဝင်​နိုင်သလဲ။

၁၉ သီချင်းဆို​ခြင်း​ဟာ ဝတ်ပြုရေး​ရဲ့ အရေးကြီးတဲ့​ကဏ္ဍ​ဖြစ်ကြောင်း သတိရပါ။ ယေဟောဝါ​ကို ချစ်ကြောင်း၊ ကျေးဇူးတင်​လေးမြတ်​ကြောင်း ထိရောက်​စွာ ဖော်ပြ​နိုင်တဲ့​နည်း​ပါပဲ။ (ဟေရှာယ ၁၂:၅ ကိုဖတ်ပါ။) ရွှင်လန်းစွာ သီချင်းဆို​ခြင်းအားဖြင့် တခြားသူတွေကို​လည်း ယုံကြည်​စိတ်ချ​စွာ သီချင်းဆို​နိုင်အောင် အားပေးနိုင်တယ်။ အသင်းတော်မှာရှိတဲ့ လူကြီးလူငယ်၊ စိတ်ဝင်စားသူ လူသစ်​အားလုံး ယေဟောဝါ​ကို ချီးမွမ်း​ကိုးကွယ်​တဲ့ ဒီ​ကဏ္ဍ​မှာ ပါဝင်​နိုင်ပါတယ်။ သီချင်း​မဆို​ဘဲ မနေ​ပါနဲ့။ “ယေဟောဝါ​ကို ချီးမွမ်းသီချင်း ဆို​ကြ” ဆိုတဲ့ ဆာလံဆရာ​ရဲ့ ရှင်းလင်း​တဲ့ ညွှန်ကြားချက်ကို နာခံ​ပါ။ မှန်ပါတယ်၊ ရွှင်လန်းစွာ သီချင်းဆို​ပါ။—ဆာ. ၉၆:၁

^ စာပိုဒ်၊ 11 အသံ​တိုးတက်ကောင်းမွန်​စေတဲ့ ထပ်ဆင့်​အကြံပြုချက်​တွေကို ၂၀၁​၄ ဒီဇင်ဘာ JW ရုပ်သံ အစီအစဉ် (ကျွန်ုပ်တို့ရဲ့ စတူဒီယို​မှ ဗီဒီယို) မှာ ကြည့်ပါ။

^ စာပိုဒ်၊ 18 သီချင်း​ရဲ့ သဘောတရား​ကို နားလည်အောင် ကူညီပေးဖို့ အစည်းအဝေးကြီး​နဲ့ အစည်းအဝေး​ပွဲ အစီအစဉ်​အပိုင်း​တွေကို ဆယ်မိနစ်​ကြာ တေး​တင်ဆက်မှု​နဲ့ အစပြု​ထားတယ်။ ကြားနာ​ရမယ့် အစီအစဉ်​အတွက် စိတ်​နှလုံးကို ပြင်ဆင်ပေး​ဖို့ စီစဉ်​ထားတာ​ပါ။ ဒါကြောင့် ဒီ​တေး​တင်ဆက်မှု စ​တာနဲ့ ထိုင်ခုံ​မှာ ထိုင်ပြီး အာရုံစိုက် နားထောင်​ဖို့ အားပေး​ပါတယ်။