မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အသင်းတော်သစ်မှာ နေသားကျအောင် ဘယ်လို လုပ်နိုင်သလဲ

အသင်းတော်သစ်မှာ နေသားကျအောင် ဘယ်လို လုပ်နိုင်သလဲ

“ဒီ​ကို ပြောင်းလာ​ဖို့ စိုးရိမ်​တ​ယ်။ မိတ်ဆွေတွေ ရ​ပါ့​မလား။ လက်ခံ​ကြိုဆို​ကြ​ပါ့​မလား မသိ​ဘူး” * လို့ အယ်လင် ပြောတယ်။ အိမ်နဲ့ မိုင် ၉၀​၀ နီးပါး (ကီလိုမီတာ ၁,၄၀​၀ ကျော်) ဝေးတဲ့ အသင်းတော်သစ်​မှာ နေသားကျ​အောင် အယ်လင် ကြိုးစား​နေတယ်။

တခြား​အသင်းတော်ကို ပြောင်း​ရမယ်​ဆိုရင် အဲဒီလိုပဲ စိုးရွံ့​မိ​နိုင်တယ်။ နေသားကျ​အောင် ဘာက ကူညီ​ပေးနိုင်သလဲ။ အပြောင်းအလဲ လုပ်ဖို့ ထင်​တာ​ထက် ပို​ခက်​နေရင် ဘာ​လုပ်နိုင်​သလဲ။ သင် မ​ပြောင်းရွှေ့​ရင်တောင် အသစ်​ပြောင်းလာ​သူတွေ ပို​အဆင်ပြေ​အောင် ဘယ်လို ကူညီ​ပေးနိုင်သလဲ။

နေသားကျ​ပြီး ပျော်ရွှင်​အောင် ဘယ်လို လုပ်နိုင်​သလဲ

ဒီ​ဥပမာ​ကို စဉ်းစားကြည့်ပါ– သစ်ပင်​တွေကို နေရာပြောင်း​ရင် ဖိစီးမှု ကြုံရတယ်။ မြေကြီး​ထဲက​နေ တူးထုတ်​တဲ့အခါ သယ်​ရလွယ်​အောင် အမြစ်​အများစုကို ဖြတ်ပစ်​ရတယ်။ ပြန်​စိုက်​ပြီး​တာနဲ့ အမြစ်​သစ်​တွေ ချက်ချင်း ပြန်​ထွက်လာ​ရမယ်။ အလားတူ​ပဲ တခြား​အသင်းတော်ကို ပြောင်းရွှေ့ခြင်း​က ဖိစီးမှု ခံစားရ​စေနိုင်​တ​ယ်။ အရင်​အသင်းတော်​မှာ ချစ်ခင်​ရတဲ့​မိတ်ဆွေတွေ၊ နေသားကျ​ပြီးသား ခရစ်ယာန်​လုပ်ဆောင်မှု​တွေနဲ့ “အမြစ်” စွဲ​နေ​ပြီ။ အခုတော့ ဝန်းကျင်​သစ်​မှာ ပျော်ရွှင်ဖို့ အမြစ်​သစ်​တွေ ပေါက်​ရ​တော့မယ်။ ဘာက ကူညီပေး​မလဲ။ ကျမ်းစာမူ​တွေ ကျင့်သုံးခြင်း​ပါပဲ။ တချို့ကို သုံးသပ်ကြည့်​ကြစို့။

ကျမ်းစာကို ပုံမှန် ဖတ်ရှုသူ​ဟာ “ရာသီ​အလိုက် အသီးသီး​ပြီး မညှိုးနွမ်း​တဲ့ သစ်ပင်၊ စမ်း​ချောင်း​နား စိုက်​ထားတဲ့ သစ်ပင်​နဲ့ တူ​လိမ့်မယ်။ လုပ်​သမျှ အောင်မြင်​လိမ့်မယ်။”ဆာ. ၁:၁-၃

သစ်ပင်​ဟာ သန်စွမ်း​နေဖို့ ရေ ပုံမှန် စုပ်ယူ​ရ​သလို ခရစ်ယာန်​တစ်ယောက်​လည်း ဘုရားရေးရာ​မှာ သန်စွမ်း​နေဖို့ ကျမ်းစာ ပုံမှန် ဖတ်​ရမယ်။ ဒါကြောင့် ကျမ်းစာကို နေ့တိုင်း ဆက်​ဖတ်ပါ။ ခရစ်ယာန်​အစည်းအဝေးတွေကို ပုံမှန် တက်ရောက်​ပါ။ မိသားစု​ဝတ်ပြုမှု၊ ကိုယ်ပိုင်လေ့လာမှု အလေ့အထ​ကောင်း ထိန်းသိမ်း​ထားပါ။ အရင်​အသင်းတော်​မှာ လိုအပ်​ခဲ့တဲ့ ဘုရားရေးရာ​တွေကို အသင်းတော်သစ်​မှာလည်း လိုအပ်တယ်။

“သူတစ်ပါး​ကို လန်းဆန်း​စေတဲ့​သူဟာ ကိုယ်တိုင် လန်းဆန်း​ရ​လိမ့်မယ်။”ပညာ. ၁၁:၂၅

အမှုဆောင်လုပ်ငန်းမှာ အပြည့်အဝ ပါဝင်​ရင် လန်းဆန်းတက်ကြွ​ပြီး မြန်မြန်ဆန်ဆန် နေသားကျ​လာမယ်။ “ကျွန်တော်တို့ ဇနီးမောင်နှံ​ကို အများဆုံး ကူညီပေး​တာ​က​တော့ အသင်းတော်သစ်​ကို ရောက်​ပြီး မကြာခင်​မှာ အရန်ရှေ့ဆောင် လုပ်ခြင်း​ပဲ။ ညီအစ်ကိုတွေ၊ ရှေ့ဆောင်​တွေ၊ ရပ်ကွက်​တွေအကြောင်း အမြန် သိလာ​တ​ယ်” လို့ ခရစ်ယာန် အကြီးအကဲ ကေ​ဗ​င် ပြောတယ်။ မိုင် ၁,၀​၀​၀ (ကီလိုမီတာ ၁,၆၀​၀) ကျော်​ဝေး​တဲ့ ဒေသ​ကို ပြောင်းရွှေ့​သွားတဲ့ ရော်​ဂျာ​က “အသင်းတော်သစ်​မှာ နေသားကျ​နိုင်​ဖို့ အကောင်းဆုံးနည်း​က​တော့ အမှုဆောင်လုပ်ငန်းမှာ အတတ်နိုင်ဆုံး ပါဝင်ခြင်း​ပါပဲ။ နိုင်ငံ​တော်​ခန်းမ သန့်ရှင်းရေး​လုပ်ခြင်း၊ အစည်းအဝေး​မှာ အစားထိုး​ပေးခြင်း၊ အစည်းအဝေး အကြို​အ​ပို့ လုပ်ပေး​ခြင်း စတဲ့ ဘယ်နည်း​နဲ့မဆို ကူညီပေးဖို့ အသင့်ရှိ​ကြောင်း အကြီးအကဲ​တွေကို အသိပေး​ထားပါ။ ကိုယ်ကျိုးစွန့်စိတ်ဓာတ်​ရှိတဲ့ လူသစ်​တစ်ယောက်​ကို ညီအစ်ကို/မတွေ တွေ့​တဲ့အခါ လက်ခံ​ကြိုဆို​တတ်ကြတယ်။”

“တကယ်​ချစ်မြတ်နိုး​ကြပါ။”၂ ကော. ၆:၁၃

ညီ​ရင်း​အစ်ကို​မေတ္တာ တိုးများ​စေ​ပါ။ မယ်​လီဆာ​နဲ့ မိသားစု အသင်းတော်သစ်​ကို ပြောင်းရွှေ့​ပြီးနောက် မိတ်ဆွေ​သစ် ဖွဲ့​ဖို့ ကြိုးစား​ခဲ့ကြတယ်။ “အစည်းအဝေး မစ​မီ​နဲ့ ပြီးနောက် နိုင်ငံ​တော်​ခန်းမ​မှာ ရော​ရောနှော​နှော နေ​လိုက်တယ်။ ဒါက ရိုးရိုး​နှုတ်ဆက်​တာ​ထက် ပို​စကားပြော​ဖို့ အချိန်​ရစေတယ်။” နာမည်သစ်​တွေကိုလည်း အမြန်​မှတ်မိ​စေတယ်။ ဧည့်ဝတ်ပြု​ခြင်းက​လည်း မိတ်ဆွေ​နှောင်ကြိုး ခိုင်မာ​စေတယ်။ “ဖုန်းနံပါတ်​တွေ အပြန်အလှန် ပေး​ကြ​လို့ ဘုရားရေးရာ​နဲ့ တခြား​ကိစ္စတွေ​မှာ ပါဝင်​နိုင်တယ်။”

လူသစ်​တွေနဲ့ တွေ့ဆုံ​ရမှာ​ကို စိုးရိမ်​နေရင် တစ်ဆင့်​ချင်း စနိုင်တယ်။ ဥပမာ၊ ပြုံး​ပါ။ မ​ပြုံး​ချင်​ရင်တောင် ပြုံးပြ​ပါ။ အပြုံး​က လူတွေကို ဆွဲဆောင်​နိုင်တယ်။ “တောက်ပ​တဲ့​မျက်လုံး​က စိတ်​ကို ရွှင်လန်း​စေတယ်။” (ပညာ. ၁၅:၃၀) “ကျွန်မက ပင်ကို​အရ ကိုယ့်ဘာသာကိုယ်​ပဲ နေ​တတ်တယ်။ အသင်းတော်သစ်​မှာ ညီအစ်ကို/မတွေကို စကားပြော​ဖို့ တစ်ခါတလေ မနည်း​အားယူ​ရတယ်။ နိုင်ငံ​တော်​ခန်းမ​မှာ ဘယ်သူ့ကိုမှ စကား​မပြော​ဘဲ ထိုင်​နေ​သူ​တစ်ယောက်​ကို လိုက်ရှာ​တ​ယ်။ သူ​လည်း ကိုယ့်​လိုပဲ ရှက်​နေတာ​ဖြစ်မယ်” လို့ ကြီးပြင်းလာ​ရာ​ဒေသက​နေ ရပ်​ဝေး​ကို ပြောင်းရွှေ့​သွားတဲ့ ရေ​ချယ် ပြောတယ်။ အစည်းအဝေး​တိုင်း မစ​မီ​နဲ့ ပြီးနောက် လူသစ်​တွေနဲ့ စကားပြော​ဖို့ ပန်းတိုင်ထားပါ။

ပထမ​အပတ်​အနည်းငယ်​မှာ လူသစ်​တွေကို တွေ့​ဖို့ စိတ်လှုပ်ရှား​နေနိုင်​တ​ယ်။ ဒါပေမဲ့ အချိန်​ကြာ​လာ​တာနဲ့​အမျှ “အသစ်” တွေ ဟောင်း​သွား​တတ်တယ်။ အဲဒီအချိန်​မှာ မိတ်ဆွေ​သစ် ဆက်​ဖွဲ့​နေဖို့ ကြိုးစား​နေရ​မယ်။

ပြောင်းရွှေ့​ခံရတဲ့ သစ်ပင်​တွေ ဖိစီးမှု ကြုံရတယ်။ ဒါပေမဲ့ ပြန်​စိုက်​ပြီး​တာနဲ့ အမြစ်​သစ်​တွေ ပြန်​ပေါက်​လာတယ်

နေသားကျ​အောင် အချိန်ယူ​ပါ

သစ်ပင်​တချို့ဟာ ဝန်းကျင်​သစ်​မှာ အမြစ်စွဲ​ဖို့ တခြား​သစ်ပင်​တွေ​ထက် ပို​ကြာ​တတ်တယ်။ အလားတူ​ပဲ လူတိုင်း အသင်းတော်သစ်​မှာ တစ်ညီ​တည်း နေသားကျ​မှာ မဟုတ်ဘူး။ ပြောင်းရွှေ့​လာ​တာ နည်းနည်း​ကြာနေ​ပြီ ဖြစ်ပေမဲ့ နေသားကျ​ဖို့ ကြိုးစား​နေရ​တုန်းပဲ​ဆိုရင် ဒီ​ကျမ်းစာ​မူတွေ​ကို ကျင့်သုံး​ခြင်းက ကူညီပေး​နိုင်တယ်–

“မွန်မြတ်တဲ့​အရာ​တွေကို လက်မလျှော့​ဘဲ ဆက်​လုပ်ကြ​စို့။ လက်မလျှော့​ဘူး​ဆိုရင် အချိန်တန်​တဲ့အခါ အသီးအပွင့်​တွေကို ရိတ်သိမ်း​ရ​လိမ့်မယ်။”ဂ​လ. ၆:၉

နေသားကျ​ဖို့ နဂို​ထင်ထား​တာ​ထက် အချိန်ပို​ပေးပါ။ ဥပမာ၊ ဂိလဒ်​သင်တန်းဆင်း သာသနာပြုများ​စွာ​ဟာ တာဝန်ကျ​ရာမှာ နေထိုင်ပြီး နှစ်ပေါင်း​များစွာ​ကြာ​မှ နေရင်း​တိုင်းပြည်​ကို ပြန်လည်ပတ်​ကြ​တ​ယ်။ အဲဒါက ဒေသခံ​ညီအစ်ကိုတွေ​နဲ့ ရင်းနှီး​စေတယ်။ မတူညီ​တဲ့ ယဉ်ကျေးမှု​မှာ နေသားကျ​စေတယ်။

မကြာခဏ ပြောင်းရွှေ့​တဲ့ အ​လက်​ဇ​န်​ဒ​ရို​ဟာ နေသားကျ​အောင် အ​လောတ​ကြီး လုပ်​လို့​မရ​ကြောင်း သိထား​တ​ယ်။ သူ ဒီလိုပြောတယ်– “နောက်ဆုံး​တစ်ကြိမ် ပြောင်းရွှေ့​ပြီးတဲ့နောက် ဇနီးက ‘မိတ်ဆွေ​အားလုံး အရင်​အသင်းတော်​မှာ’ လို့ပြောတယ်။” ဒါနဲ့ လွန်ခဲ့တဲ့​နှစ်နှစ်​တုန်းက​လည်း ဒီလို​ပဲ ပြောခဲ့​တာပဲ​လို့ သတိပေး​လိုက်တယ်။ ဒါပေမဲ့ အဲဒီ​နှစ်နှစ်​တုန်းက တခြားသူတွေကို စိတ်ဝင်စားမှု ပြ​လို့ သူစိမ်း​တွေဟာ ရင်းနှီးတဲ့​မိတ်ဆွေတွေ ဖြစ်လာတယ်။

“‘အရင်​ခေတ်​က အခုခေတ်​ထက် ပိုကောင်းတယ်’ လို့​မပြော​ပါနဲ့။ အဲဒီလို​ပြောတာက ဉာဏ်ပညာ​ရှိ​ရာ မရောက်​ဘူး။”ဒေ. ၇:၁၀

အသင်းတော်သစ်​နဲ့ အရင်​အသင်းတော်ကို မ​နှိုင်းယှဉ်​ပါနဲ့။ ဥပမာ၊ အသင်းတော်သစ်​မှာရှိတဲ့ ညီအစ်ကို/မတွေ​ဟာ ကိုယ့်ဘာသာကိုယ် ပို​နေ​တတ်​တာ၊ ပို​ပွင့်လင်း​တာ ဖြစ်နိုင်တယ်။ ကိုယ့်​ကောင်းကွက်​တွေကို အာရုံစိုက်​စေချင်​သလို သူတို့ရဲ့ ကောင်းကွက်​တွေကိုလည်း အာရုံစိုက်​ပေးပါ။ နေရာသစ်​ကို ပြောင်းရွှေ့သူ​တွေဟာ ‘“ညီအစ်ကိုအသင်းအပင်း တစ်​ရပ်​လုံးကို” ငါ​တကယ်​ချစ်​သလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေး​ဖို့ လှုံ့ဆော်ခံ​ရတာ​ကို တ​အံ့​တ​ဩ သိလိုက်​ကြရတယ်။—၁ ပေ. ၂:၁၇

“တောင်း​မြဲ​တောင်း​ပါ၊ ရ​လိမ့်မယ်။”လု. ၁၁:၉

အကူအညီ ရဖို့ ဆက်​ဆုတောင်း​နေ​ပါ။ “တစ်ယောက်တည်း ရင်​မဆိုင်​ပါနဲ့။ ယေဟောဝါရဲ့ အကူအညီ​နဲ့​သာ အရာများ​စွာကို လုပ်နိုင်​တာပါ။ ဆုတောင်း​ပါ” လို့ အကြီးအကဲ​ဒေးဗစ် ပြောတယ်။ အစပိုင်းမှာ ဖော်ပြခဲ့တဲ့ ရေ​ချယ်​လည်း သဘောတူတယ်။ “အသင်းတော်​နဲ့ နည်းနည်း စိမ်း​နေတယ်​လို့ ခံစားရ​တဲ့အခါ ‘တခြားသူတွေ မ​ချဉ်းကပ်​ရဲ​အောင် တစ်ခုခု လုပ်​နေ​မိ​သလား​ဆိုတာ သိအောင် ကူညီပေးပါ’ လို့ ယေဟောဝါ​ဆီ သတ်သတ်မှတ်မှတ် ဆုတောင်း​ခဲ့တယ်။ ပြီးတဲ့နောက် ညီအစ်ကို/မ​တွေနဲ့ ပိုအချိန်ပေး​ပေါင်းသင်း​တ​ယ်” လို့ပြောတယ်။

မိဘ​တို့၊ သားသမီး​တွေ လူပေါင်း​ဆံ့​ဖို့ ခက်​နေရင် သူတို့နဲ့အတူ ဆုတောင်း​ပါ။ တည်ဆောက်မှု ဖြစ်စေ​တဲ့ ပေါင်းသင်းမှု​တွေ စီစဉ်​ပေးခြင်း​အားဖြင့် မိတ်ဆွေ​သစ်​တွေ ရရှိအောင် ကူညီပေးပါ။

လူသစ်​တွေကို လက်ခံ​ကြိုဆို​ပါ

သင့်​အသင်းတော်ကို ပြောင်းရွှေ့​လာတဲ့ လူသစ်​တွေကို ဘယ်လို ကူညီ​ပေးနိုင်သလဲ။ တွေ့​တွေ့ချင်း မိတ်ဆွေစစ် ဖြစ်ဖို့ ကြိုးစားပါ။ ကိုယ်​သာ လူသစ်​ဖြစ်​ရင် ဘာ​လုပ်ပေး​စေချင်​မလဲဆိုတာ စဉ်းစား​ပြီး လုပ်​ပေးပါ။ (မ. ၇:၁၂) မိသားစု​ဝတ်ပြုမှုမှာ ပါဝင်​စေနိုင်​မလား။ လစဉ် JW ရုပ်သံ​အစီအစဉ်​ကို အတူ​ကြည့်​နိုင်မလား။ အမှုဆောင်လုပ်ငန်းမှာ အတူ​လုပ်ဆောင်​ဖို့ ဖိတ်ခေါ်​နိုင်မလား။ ရိုးရှင်းတဲ့ အစားအစာ ဖြစ်​ရင်တောင် သင့်ရဲ့ ဧည့်ဝတ်ကျေပွန်​မှုကို သတိရ​နေကြ​ပါလိမ့်မယ်။ လူသစ်​တွေကို တခြား​ဘယ်နည်းတွေနဲ့ လက်တွေ့ကျကျ ကူညီ​ပေးနိုင်​သေး​သလဲ။

“အသင်းတော်သစ်​ကို ရောက်တဲ့​အခါ ညီအစ်မ​တစ်ယောက်က ဈေးချို​တဲ့ စ​တိုး​ဆိုင်​စာရင်း​တစ်ခု ပေးတယ်။ တော်တော် အထောက်အကူ ပြုတယ်” လို့ ကာ​လို့​စ် ပြောတယ်။ ရာသီဥတု မတူ​တဲ့​ဒေသက ရောက်ရှိ​လာ​သူတွေကို နွေ၊ မိုး၊ ဆောင်း ရာသီ​အလိုက် ဘယ်လို ဝတ်ဆင်​ရ​မလဲဆိုတာ ပြောပြ​မယ်ဆိုရင် ကျေးဇူးတင်​ကြပါ​လိမ့်မယ်။ ဒေသ​ရဲ့ နောက်ခံသမိုင်း​အကြောင်း၊ ဒေသခံ ဘာသာရေး ယုံကြည်ချက်​တွေအကြောင်း ပြောပြ​ခြင်းအားဖြင့် အမှုဆောင်လုပ်ငန်းမှာ ပို​ထိရောက်​ဖို့ ကူညီပေး​နိုင်တယ်။

နေသားကျ​အောင် ကြိုးစား​ရ​ကျိုး နပ်

အစပိုင်းမှာ ဖော်ပြခဲ့တဲ့ အယ်လင်​ဟာ အသင်းတော်သစ်​ကို ရောက်နေ​တာ တစ်နှစ်​ကျော် ကြာ​ပြီ။ “အစကတော့ ညီအစ်ကို/မတွေကို သိကျွမ်း​လာဖို့ မနည်း​ကြိုးစား​ရတယ်။ အခုတော့ မိသားစု​လို ဖြစ်နေ​ပြီ။ ပျော်​နေ​ပြီ” လို့ ပြောတယ်။ ပြောင်းရွှေ့​လို့ ဘယ်​မိတ်ဆွေ​ကိုမှ မဆုံးၡုံး​ကြောင်း သဘောပေါက်​သွားတယ်။ တစ်သက်တာ​လုံး ရင်းနှီး​နိုင်မယ့် မိတ်ဆွေ​သစ်​တွေ ရရှိ​လာပြီ။

^ စာပိုဒ်၊ 2 နာမည်​တချို့ ပြောင်းထား​ပါတယ်။