ကြင်နာခြင်း—အပြော၊ အလုပ်နဲ့ ပြရမယ့် အရည်အသွေး
ကြင်နာတဲ့လုပ်ရပ်တစ်ခုက အလွန်အားပေးနှစ်သိမ့်မှု ဖြစ်စေနိုင်တယ်။ ကိုယ့်ကို တစ်ယောက်ယောက် ဂရုစိုက်တဲ့အခါ သိပ်ကျေးဇူးတင်ကြတယ်။ ကြင်ကြင်နာနာ ဆက်ဆံတာကို လူတိုင်း ကြိုက်တယ်။ ဒီအရည်အသွေးကောင်းကို ဘယ်လို မွေးမြူနိုင်သလဲ။
ကြင်နာခြင်းဆိုတာ တခြားသူတွေရဲ့ ကောင်းကျိုးကို အမှန်တကယ် စိတ်ဝင်စားခြင်း၊ စိတ်ဝင်စားကြောင်း အပြောနဲ့ရော အလုပ်နဲ့ပါ ဖော်ပြခြင်း ဖြစ်တယ်။ စစ်မှန်တဲ့ ကြင်နာခြင်းဟာ ယဉ်ကျေးရည်မွန်ခြင်းလောက်သာ မဟုတ်ဘူး။ နက်ရှိုင်းတဲ့ မေတ္တာ၊ ကိုယ်ချင်းစာမှုရဲ့ လှုံ့ဆော်မှုကြောင့် ဖြစ်လာတာ။ ဒီလိုကြင်နာခြင်းဟာ ခရစ်ယာန်တိုင်း မွေးမြူရမယ့် စွမ်းအားတော် အရည်အသွေးတစ်ခု ဖြစ်တယ်။ (ဂလ. ၅:၂၂၊ ၂၃) ကြင်နာခြင်းကို မွေးမြူရမှာဖြစ်လို့ ဒီအရည်အသွေးကို ယေဟောဝါနဲ့ ယေရှု ဘယ်လို တင်ပြခဲ့ကြောင်း၊ သူတို့ရဲ့ ပုံသက်သေကို ဘယ်လို တုပနိုင်ကြောင်း သုံးသပ်ကြည့်ကြစို့။
လူအားလုံးကို ယေဟောဝါ ကြင်နာ
ယေဟောဝါဟာ “ကျေးဇူးမသိတတ်သူတွေ၊ လူဆိုးတွေ” အပါအဝင် လူအားလုံးကို ကြင်နာပြီး ထောက်ထားစာနာတယ်။ (လု. ၆:၃၅) ဥပမာ၊ “လူဆိုးလူကောင်းအပေါ် နေထွက်စေတယ်။ ဖြောင့်မတ်သူ၊ မဖြောင့်မတ်သူတွေအပေါ် မိုးရွာစေတယ်။” (မ. ၅:၄၅) ဒါကြောင့် ယေဟောဝါကို ဖန်ဆင်းရှင်အဖြစ် အသိအမှတ်မပြုသူတွေတောင် ဘုရားသခင့် ပြင်ဆင်ပေးချက်တွေကနေ အကျိုးခံစားနေရပြီး ပျော်ရွှင်နေကြတယ်။
အာဒံနဲ့ ဧဝအတွက် ယေဟောဝါ လုပ်ဆောင်ပေးတာတွေဟာ အကောင်းဆုံး ကြင်နာမှု ပုံသက်သေဖြစ်တယ်။ အာဒံနဲ့ ဧဝဟာ အပြစ်လုပ်ပြီး မကြာခင်မှာပဲ “သဖန်းရွက်တွေကို သီပြီး ဝတ်ကြတယ်။” ဒါပေမဲ့ ကျိန်စာသင့်ပြီး “ဆူးပင်တွေ၊ ချုံပင်တွေ” ပေါက်တဲ့နေရာ၊ ဧဒင်ဥယျာဉ်ရဲ့ အပြင်ဘက်မှာ နေဖို့ သင့်တော်တဲ့ အဝတ် လိုမှန်း ယေဟောဝါ သိတယ်။ ဒါကြောင့် သူတို့ ဝတ်ဆင်ဖို့ “သားရေဝတ်လုံရှည်” ကို ကြင်နာစွာ လုပ်ပေးတယ်။—က. ၃:၇၊ ၁၇၊ ၁၈၊ ၂၁။
“လူဆိုးလူကောင်းအပေါ်” ယေဟောဝါ ကြင်နာပေမဲ့ အထူးသဖြင့် မိမိကို သစ္စာရှိရှိ ဝတ်ပြုသူတွေအပေါ် ကြင်နာမှု ပြတယ်။ ဥပမာ၊ ပရောဖက် ဇာခရိခေတ်မှာ ဂျေရုဆလင် ဗိမာန်တော် ပြန်တည်ဆောက်ရေးလုပ်ငန်း ရပ်ဆိုင်းနေလို့ ကောင်းကင်တမန်တစ်ပါး စိတ်မချမ်းမသာ ဖြစ်ခဲ့တယ်။ ကောင်းကင်တမန်ရဲ့ စိတ်သောကကို ယေဟောဝါ နားထောင်ပေးပြီး “နှစ်သိမ့်စကားတွေနဲ့ ကြင်ကြင်နာနာ ပြန်ဖြေတယ်။” (ဇာ. ၁:၁၂၊ ၁၃) ပရောဖက် ဧလိယကိုလည်း အဲဒီလိုပဲ ယေဟောဝါ ဆက်ဆံတယ်။ တစ်ခါက ဧလိယ စိတ်ဓာတ်ကျလွန်းလို့ အသက်မရှင်ချင်တော့ဘူး။ ဧလိယရဲ့ ခံစားချက်ကို ယေဟောဝါ နားလည်ပေးပြီး သူ့ကို အားပေးဖို့ ကောင်းကင်တမန်ကို စေလွှတ်ခဲ့တယ်။ ဧလိယ တစ်ယောက်တည်း မဟုတ်ကြောင်းလည်း အသိပေးခဲ့တယ်။ အဲဒီလို ကြင်နာတဲ့စကား၊ လိုအပ်တဲ့အကူအညီတွေ ရရှိပြီးနောက် ဧလိယ တာဝန် ဆက်ထမ်းဆောင်နိုင်ခဲ့တယ်။ (၁ ဘု. ၁၉:၁-၁၈) ယေဟောဝါရဲ့ ကြင်နာ ခြင်း အရည်အသွေးကို ဘယ်သူ အကောင်းဆုံး တုပခဲ့သလဲ။
အလွန်ကြင်နာတတ်တဲ့ ယေရှု
ယေရှုဟာ မြေကြီးပေါ် အမှုဆောင်ချိန်အတွင်း ကြင်နာမှုရှိသူ၊ စာနာမှုရှိသူလို့ လူသိများတယ်။ ဘယ်တော့မှ မခက်ထန်ဘူး။ နိုင်လိုမင်းထက် မလုပ်ဘူး။ “ဝန်ပိလို့ ပင်ပန်းနေသူတို့၊ ကျွန်တော့်ဆီ လာကြပါ။ ခင်ဗျားတို့ကို လန်းဆန်းစေမယ်။ . . . ကျွန်တော့်ထမ်းပိုးဟာ ထမ်းလွယ်တယ်” လို့ပြောတယ်။ (မ. ၁၁:၂၈-၃၀) ယေရှုရဲ့ ကြင်နာမှုကြောင့် လူတွေဟာ ယေရှု သွားလေရာ လိုက်ကြတယ်။ ယေရှုဟာ “သနားစိတ်” ကြောင့် လူတွေကို ကျွေးမွေး၊ ကုသပေးပြီး ဖခင်အကြောင်း “အများကြီး သွန်သင်ပေးတယ်။”—မာ. ၆:၃၄။ မ. ၁၄:၁၄။ ၁၅:၃၂-၃၈။
တခြားသူတွေနဲ့ ဆက်ဆံရာမှာ နားလည်မှု၊ ပိုင်းခြားသိမြင်မှု ရှိခြင်းက ကြင်နာမှုရှိတယ်ဆိုတဲ့ အထောက်အထားပဲ။ ဘယ်လောက်ပဲ အဆင်မပြေဖြစ်နေပါစေ ယေရှုဟာ စိတ်ရင်းမှန်နဲ့ ရှာဖွေသူတွေကို “လှိုက်လှိုက်လှဲလှဲ ကြိုဆို” ခဲ့တယ်။ (လု. ၉:၁၀၊ ၁၁) ဥပမာ၊ ထုံးတမ်းစဉ်လာအရ မသန့်ရှင်းတဲ့ အမျိုးသမီးတစ်ယောက် သွေးသွန်တာ ရပ်ဖို့ မိမိဝတ်လုံကို တို့တဲ့အခါ ယေရှု ပြစ်တင်ကြိမ်းမောင်းတာမျိုး မလုပ်ခဲ့ဘူး။ (ဝတ်. ၁၅:၂၅-၂၈) ၁၂ နှစ်ကြာ ဝေဒနာခံနေရတဲ့ အဲဒီအမျိုးသမီးကို သနားပြီး “သမီး၊ သမီးရဲ့ယုံကြည်ခြင်းက ပြန်ကျန်းမာစေပြီ။ စိတ်အေးလက်အေးသာ ပြန်ပါတော့။ ရောဂါနှိပ်စက်တဲ့ဒဏ် ကင်းဝေးပါစေ” လို့ပြောတယ်။ (မာ. ၅:၂၅-၃၄) အလွန်ကြင်နာတဲ့ လုပ်ရပ်ပါပဲ။
ကြင်နာခြင်းမှာ လုပ်ရပ် ပါဝင်
အထက်ပါ ဥပမာတွေအရ စစ်မှန်တဲ့ကြင်နာမှုမှာ လုပ်ရပ် ပါဝင်ကြောင်း သိရတယ်။ လုပ်ရပ် လိုအပ်ကြောင်း ရှမာရိလူ ပုံဥပမာမှာ ယေရှု ပြောတယ်။ ရှမာရိနဲ့ ဂျူးတွေကြား အမုန်းရန်ငြိုး ရှိပေမဲ့ ဓားပြတိုက်ခံရ၊ ရိုက်နှက်ခံရပြီး လမ်းပေါ် သေလုမြောပါး ဖြစ်နေတဲ့ ဂျူးကို ရှမာရိလူက သနားကြင်နာပြီး ကူညီပေးတယ်။ ဒဏ်ရာတွေကို ပတ်တီးစည်းပေးပြီး ဧည့်ရိပ်သာဆီ ခေါ်သွားတယ်။ လူနာကို ပြုစုဖို့ ရိပ်သာပိုင်ရှင်ကို ငွေထုတ်ပေးပြီး နောက်ထပ်ကုန်ကျသမျှကိုလည်း ကျခံမယ်လို့ ပြောတယ်။—လု. ၁၀:၂၉-၃၇။
ကြင်နာမှုမှာ လုပ်ရပ်အပြင် စာနာမှုရှိရှိ အားပေးစကား ပြောတာလည်း ပါဝင်တယ်။ “စိုးရိမ်ပူပန်မှုဟာ စိတ်ဓာတ်ကျစေတယ်။ ကောင်းတဲ့စကားကတော့ စိတ်အားတက်စေတယ်” လို့ ကျမ်းစာပြောတယ်။ (ပညာ. ၁၂:၂၅) ကြင်နာမှုနဲ့ ကောင်းမြတ်မှုကြောင့် အားရှိစရာစကားတွေ ပြောတာက တခြားသူတွေကို စိတ်အားတက်စေနိုင်တယ်။ * ကြင်နာတဲ့စကားက သူတို့ကို ဂရုစိုက်ကြောင်း ဖော်ပြတဲ့အတွက် အားရှိစေနိုင်ပြီး ဘဝပြဿနာတွေကို ဖြေရှင်းဖို့ ကူညီပေးပါလိမ့်မယ်။—ပညာ. ၁၆:၂၄။
ကြင်နာခြင်းကို မွေးမြူပါ
လူသားအားလုံးဟာ “ဘုရားသခင့် ပုံသဏ္ဌာန်အတိုင်း” ဖန်ဆင်းခံရတဲ့အတွက် ကြင်နာခြင်းအရည်အသွေးကို မွေးမြူနိုင်တယ်။ (က. ၁:၂၇) ဥပမာ၊ ရောမမြို့ကို တမန်တော်ပေါလု သွားတဲ့အခါ စောင့်ကြပ်လိုက်ပါလာတဲ့ ရောမတပ်စုမှူး ယုလိဟာ ဆိုင်ဒုန်မြို့မှာ “ပေါလုကို စေတနာထားပြီး မိတ်ဆွေတွေဆီ သွားခွင့်ပေးတယ်။ ဒါကြောင့် မိတ်ဆွေတွေက ပေါလုကို ကူညီခွင့်ရကြတယ်။” (တ. ၂၇:၃) နောက်ပိုင်း ပေါလုနဲ့ တခြားသူတွေ သင်္ဘောပျက်တဲ့အခါ မော်လတာကျွန်းသားတွေက “စေတနာအပြည့်နဲ့ ကူညီကြတယ်။” မီးလှုံဖို့ မီးဖိုပေးကြတယ်။ (တ. ၂၈:၁၊ ၂) ဒါပေမဲ့ ကြင်နာခြင်းမှာ လုပ်ရပ်ထက်မက ပါဝင်တယ်။
ဘုရား နှစ်သက်မှု ရဖို့ ကြင်နာခြင်းကို ကိုယ့်ဘဝအစိတ်အပိုင်းဖြစ်အောင် မွေးမြူရမယ်။ ကြင်နာခြင်းကို ကော. ၃:၁၂) အမြဲတော့ မလွယ်ဘူး။ ရှက်တာ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိတာ၊ ဆန့်ကျင်မှု ကြုံရတာ၊ အတ္တဆန်တာတွေကြောင့် ဖြစ်တယ်။ ဒါပေမဲ့ သန့်ရှင်းသော စွမ်းအားတော်ကို အားကိုးပြီး ယေဟောဝါရဲ့ ကြင်နာမှုကို တုပခြင်းအားဖြင့် အောင်မြင်နိုင်ပါတယ်။—၁ ကော. ၂:၁၂။
“ဝတ်ဆင်ကြ” ဖို့ ယေဟောဝါ တိုက်တွန်းတယ်။ (ကြင်နာမှုပြဖို့ လိုနေတဲ့ ကဏ္ဍတွေကို ဘယ်လို သိနိုင်မလဲ။ ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– ‘ငါဟာ စာနာမှုရှိရှိ နားထောင်ပေးသူလား။ တခြားသူတွေရဲ့ လိုအပ်ရာကို အကင်းပါးပါး သိသလား။ မိသားစုနဲ့ မိတ်ဆွေ မဟုတ်သူတွေကို နောက်ဆုံးအကြိမ် ကြင်နာမှုပြခဲ့တာ ဘယ်တုန်းကလဲ။’ အထူးသဖြင့် အသင်းတော်မှာ ရှိတဲ့သူတွေကို ပိုသိအောင်လုပ်ခြင်း စတဲ့ ပန်းတိုင်တွေ ချနိုင်တယ်။ ဒီနည်းအားဖြင့် သူတို့ရဲ့ အခြေအနေနဲ့ လိုအပ်ရာတွေကို သိလာနိုင်မယ်။ အဲဒီနောက် ကိုယ့်ကို ကြင်နာမှု ပြစေချင်တဲ့နည်းအတိုင်း တခြားသူတွေကို ပြဖို့ ကြိုးစားပါ။ (မ. ၇:၁၂) ကြင်နာမှု မွေးမြူနိုင်အောင် ဆုတောင်းမယ်ဆိုရင် ယေဟောဝါ ကူညီပေးပါလိမ့်မယ်။—လု. ၁၁:၁၃။
ကြင်နာခြင်းက တခြားသူတွေကို ဆွဲဆောင်
ဘုရားသခင့် အမှုဆောင်အဖြစ် ခွဲခြားဖော်ပြတဲ့အထဲမှာ “ကြင်နာမှု” ကို တမန်တော် ပေါလု ထည့်သွင်းခဲ့တယ်။ (၂ ကော. ၆:၃-၆) လူတွေကို စိတ်ဝင်စားပြီး အပြောအလုပ်နဲ့ ကြင်နာမှုပြတဲ့အတွက် ပေါလုကို လူတွေ ခင်ကြတယ်။ (တ. ၂၈:၃၀၊ ၃၁) ကျွန်တော်တို့လည်း ကြင်နာတဲ့ လုပ်ရပ်အားဖြင့် လူတွေကို အမှန်တရားဆီ ဆွဲဆောင်နိုင်တယ်။ ဆန့်ကျင်သူတွေ အပါအဝင် လူအားလုံးကို ကြင်နာမှုပြမယ်ဆိုရင် သူတို့ရဲ့စိတ် ပျော့ပျောင်းပြီး ရန်လိုစိတ် ပြေသွားနိုင်တယ်။ (ရော. ၁၂:၂၀) နောက်ပိုင်း ကျမ်းစာသတင်းတရားကိုတောင် လက်ခံလာနိုင်တယ်။
လာမယ့် ပရဒိသုမှာ ရှင်ပြန်ထမြောက်လာသူများစွာဟာ စစ်မှန်တဲ့ ကြင်နာမှု ခံစားရပါလိမ့်မယ်။ ဒါဟာ တချို့အတွက် ပထမဆုံးအကြိမ် ဖြစ်နိုင်တယ်။ သူတို့လည်း ကျေးဇူးတင်စိတ်ကြောင့် တခြားသူတွေကို ကြင်နာမှု ပြန်ပြကြပါလိမ့်မယ်။ ကြင်နာမှု မပြသူ၊ တခြားသူတွေကို မကူညီသူအားလုံး ဘုရားနိုင်ငံတော်မှာ ထာဝရနေခွင့် ရမှာမဟုတ်ဘူး။ ထာဝရအသက်ရှင်ဖို့ ဘုရားခွင့်ပြုသူတွေကတော့ အချင်းချင်း ချစ်ခင်ကြင်နာစွာ ဆက်ဆံကြပါလိမ့်မယ်။ (ဆာ. ၃၇:၉-၁၁) တကယ့်ကို ငြိမ်းချမ်း လုံခြုံတဲ့ကမ္ဘာ ဖြစ်လာပါလိမ့်မယ်။ အခုအချိန်မှာကော ကြင်နာမှုပြခြင်းကနေ ဘယ်လို အကျိုးရနိုင်မလဲ။
ကြင်နာမှုပြခြင်းရဲ့ အကျိုးရလဒ်
“သနားကြင်နာတတ်သူဟာ ကိုယ့်ကိုယ်ကိုယ် ကောင်းကျိုးပြုတယ်” လို့ ကျမ်းစာပြောတယ်။ (ပညာ. ၁၁:၁၇) ကြင်နာတတ်သူကို လူတွေခင်ပြီး ကြင်ကြင်နာနာ ဆက်ဆံကြတယ်။ “ကိုယ်ချိန်ပေးလိုက်တဲ့ ပမာဏအတိုင်း ပြန်ရ” မယ်လို့ ယေရှုပြောတယ်။ (လု. ၆:၃၈) ကြင်နာတတ်သူမှာ မိတ်ဆွေကောင်းတွေ ပေါများတယ်။
တမန်တော် ပေါလုက “အချင်းချင်း သနားကြင်နာကြပါ။ ကရုဏာပြကြပါ။ . . . အချင်းချင်း ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်ကြပါ” လို့ ဧဖက်အသင်းသားတွေကို တိုက်တွန်းတယ်။ (ဧ. ၄:၃၂) အသင်းတော်မှာ အားလုံးက အချင်းချင်း ကြင်နာပြီး ကူညီကြတဲ့အတွက် အကျိုးများစွာ ခံစားရတယ်။ သူတို့ဟာ ကြမ်းတမ်းပြီး အပြစ်ရှာဝေဖန်တဲ့၊ ခနဲ့တဲ့ စကားတွေ ဘယ်တော့မှ မပြောဘူး။ အတင်းအဖျင်းပြောမယ့်အစား အားရှိစရာစကားတွေပဲ ပြောတယ်။ (ပညာ. ၁၂:၁၈) ဒါကြောင့် အသင်းတော်တစ်ခုလုံး ဘုရားရေးရာဘက် သန်စွမ်းနေတယ်။
ကြင်နာမှုဆိုတာ အပြောနဲ့ရော အလုပ်နဲ့ပါ ပြရတဲ့ အရည်အသွေးဖြစ်တယ်။ ကြင်နာတဲ့သူဟာ ယေဟောဝါဘုရားရဲ့ ရက်ရောမှုကို တုပနေတာပဲ။ (ဧ. ၅:၁) ဒီနည်းအားဖြင့် အသင်းတော်ကို ခိုင်မာစေပြီး စင်ကြယ်တဲ့ ဝတ်ပြုရေးဆီ လူတွေကို ဆွဲဆောင်နေကြတယ်။ ကြင်နာတတ်သူတွေ အမြဲဖြစ်နိုင်ကြပါစေ။
^ အပိုဒ်၊ 13 ကောင်းမြတ်ခြင်း အရည်အသွေးကို လာမယ့် “စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေး” အပိုင်းကိုးပိုင်းပါတဲ့ ဆောင်းပါးတွဲမှာ ဆွေးနွေးပါမယ်။