မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်ရဲ့ အတွေးအခေါ်ကို ဘယ်သူ ပုံသွင်းနေသလဲ

သင့်ရဲ့ အတွေးအခေါ်ကို ဘယ်သူ ပုံသွင်းနေသလဲ

“ဒီ​လောက​စနစ်ရဲ့ ပုံသွင်းမှု​ကို မခံပါနဲ့တော့။”—ရော. ၁၂:၂

သီချင်း​– ၈၈၊ ၄၅

၁၊ ၂။ (က) ကိုယ့်ကိုယ်ကိုယ် သက်ညှာ​ဖို့ ပေတရု အကြံ​ပေးတာကို ယေရှု​ ဘယ်လို တုံ့ပြန်​သလဲ။ (ဆောင်းပါး​အစမှာ​ပါတဲ့ ပုံကို ကြည့်ပါ။) (ခ) ယေရှု​ ဘာကြောင့် အဲဒီ​လို တုံ့ပြန်​သလဲ။

ယေရှု​ရဲ့ တပည့်​တွေ မယုံနိုင်အောင် ဖြစ်နေတယ်။ အစ္စရေး​နိုင်ငံ​ကို ပြန်​တည်ထောင်မယ့်​သူ​လို့ သူတို့​ထင်ထား​တဲ့ ယေရှု​က မကြာခင် ဝေဒနာ​ခံ​ပြီး သေရမယ်လို့ ပြော​နေတယ်။ ဒါနဲ့​ တမန်တော် ပေတရု​က “သခင်၊​ ကိုယ့်ကိုယ်ကိုယ် သက်ညှာပါဦး။ ဒီလို​အဖြစ်​မျိုး​ကို သခင်​ ဘယ်တော့မှ​ကြုံရမှာ မဟုတ်​ဘူး” လို့ ပြောတယ်။ အဲဒီ​အခါ​ ယေရှု​က “စာတန်၊​ ထွက်​သွားပါ။ ခင်ဗျား​ဟာ ကျွန်တော့်​အတွက်​ ဆူးငြောင့်ခလုတ်​ပဲ။ ခင်ဗျား​က ဘုရား​သခင်​ စဉ်းစား​သလို မစဉ်းစား​ဘဲ လူတွေ​စဉ်းစား​သလို စဉ်းစား​နေတယ်” လို့ ပြောတယ်။—မ. ၁၆:၂၁-၂၃။ တ. ၁:၆

ဒီ​စကား​တွေ​အားဖြင့် ဘုရား​သခင်​နဲ့ စာတန့်​လောက​ရဲ့ အတွေးအခေါ် ကွာခြား​ပုံကို ယေရှု​ ဖော်ပြခဲ့တယ်။ (၁ ယော. ၅:၁၉) ပေတရု​မှာ ကိုယ့်ကိုယ်ကိုယ် သက်ညှာ​တဲ့ လောက​သဘောထား ရှိနေတယ်။ ဘုရား​ရဲ့ အလိုတော်​ကတော့ အဲဒီ​လို​မဟုတ်​မှန်း၊ ဝေဒနာ​ခံ​ပြီး သေဆုံး​ဖို့​ဖြစ်မှန်း ယေရှု​သိတယ်။ ပေတရု​ကို ပြန်​ပြောတဲ့ ယေရှု​ရဲ့​စကား​က ယေဟော​ဝါရဲ့ အတွေးအခေါ်​ကို လက်ခံ​ပြီး လောက​ရဲ့ အတွေးအခေါ်​ကို ငြင်းပယ်​ကြောင်း ဖော်ပြတယ်။

၃။ လောက​အတွေးအခေါ်​ကို တွန်းလှန်ဖို့ ဘာကြောင့် ခက်​သလဲ။

ကျွန်တော်​တို့​ကော။ ဘုရား​ရဲ့ အတွေးအခေါ်​မျိုး ရှိသလား၊ လောက​ရဲ့ အတွေးအခေါ်​မျိုး ရှိသလား။ ဘုရား​ တောင်းဆိုချက်​နဲ့​အညီ ပြုမူ​နေထိုင်ဖို့ ကြိုးစား​ပေမဲ့​ အတွေးအခေါ်နဲ့ ရှုမြင်ပုံ​ကော။ ဘုရား​သခင့် အတွေးအခေါ်၊ ရှုမြင်ပုံ​နဲ့ ကိုက်ညီရဲ့လား။ ကိုက်ညီ​အောင် ကြိုးစား​ရမယ်။ မဟုတ်​ရင် လောက​ရဲ့ အတွေးအခေါ် စိမ့်ဝင်​လာနိုင်တယ်။ ကျွန်တော်​တို့​ဝန်းကျင်​မှာ​ လောက​စိတ်ဓာတ် ပျံ့နှံ့နေ​လို့​ပဲ။ (ဧ. ၂:၂) လောက​အတွေး​အခေါ်​က တစ်ကိုယ်​ကောင်းဆန်​တာ​ကို အားပေးတဲ့​အတွက်​ နှစ်သက်​စရာ​လို့ ထင်​ရနိုင်တယ်။ ဒါကြောင့်​ ယေဟော​ဝါ​လို စဉ်းစားဖို့ ခက်​ပြီး လောက​လို စဉ်းစားဖို့ သိပ်​လွယ်တယ်။

၄။ (က) လောက​အတွေးအခေါ်ရဲ့ ပုံသွင်းမှု​ကို ခွင့်ပြု​ရင် ဘာ​ဖြစ်သွား​မလဲ။ (ခ) ဒီ​ဆောင်းပါး​က ဘာ​ကူညီ​ပေး​မလဲ။

ဒီ​လောက​ရဲ့ ပုံသွင်းမှု​ကို ခွင့်ပြု​လိုက်မယ်​ဆိုရင် တစ်ကိုယ်ကောင်းဆန်​လာပြီး စာရိတ္တ​ပိုင်း အထိန်းအကွပ်မဲ့​လာမယ်။ (မာ. ၇:၂၁၊ ၂၂) ဒါကြောင့်​ “လူတွေ စဉ်းစား​သလို” မစဉ်းစား​ဘဲ “ဘုရား​သခင်​ စဉ်းစား​သလို” စဉ်းစား​ရမယ်။ အဲဒီ​လို လုပ်နိုင်ဖို့ ဒီ​ဆောင်းပါး​က ကူညီ​ပေးပါလိမ့်မယ်။ ကိုယ့်​အတွေးအခေါ်​ကို ဘုရား​ အတွေးအခေါ်နဲ့ ကိုက်ညီ​အောင်​လုပ်တာ​က ချုပ်ချယ်​လွန်း​ရာ မ​ရောက်​ဘဲ ဘာကြောင့် အကျိုးပြု​ကြောင်း၊ လောက​အတွေးအခေါ်ရဲ့ ပုံသွင်းမှု​ကို ဘယ်လို တွန်းလှန်​နိုင်ကြောင်း ဆွေးနွေးပါမယ်။ ကိစ္စ​အမျိုးမျိုးမှာ ယေဟော​ဝါရဲ့ အတွေးအခေါ် ဘယ်လို​ရနိုင်မလဲ ဆိုတဲ့​အကြောင်း​ နောက်​ဆောင်းပါး​မှာ ဆွေးနွေးပါမယ်။

ယေဟော​ဝါရဲ့ အတွေးအခေါ်​က အကျိုးပြု

၅။ တချို့​က တခြား​သူတွေရဲ့ ဩဇာ​လွှမ်းမိုးမှုကို ဘာကြောင့် မကြိုက်​ကြတာလဲ။

တချို့​က ဘယ်သူ့ ဩဇာ​လွှမ်းမိုးမှုကို​မှ မခံ​ဘဲ ကိုယ့်​စိတ်ကြိုက် စဉ်းစား​တွေးခေါ်၊ ဆုံးဖြတ်​ကြတယ်။ အဲဒါ​ကို ကိုယ့်​လုပ်ပိုင်ခွင့်​လို့ ယူဆ​ကြတယ်။ တခြား​သူတွေ ထိန်းချုပ်တာ၊ ဖိအား​ပေးတာကို မကြိုက်ကြဘူး။ *

၆။ (က) ကျွန်တော်​တို့ကို ဘယ်လို လွတ်လပ်မှု​မျိုး ယေဟော​ဝါ​ပေးထား​သလဲ။ (ခ) အဲဒါ​က အကန့်အသတ်မဲ့ လွတ်လပ်မှုလား။

ယေဟော​ဝါ စဉ်းစား​သလို စဉ်းစား​ရမယ်ဆိုတာ ကိုယ့်​အတွေးအခေါ်၊ အယူအဆ အားလုံးကို စွန့်လွှတ်​ရမယ်လို့ မဆိုလို​ဘူး။ “ယေဟော​ဝါရဲ့ စွမ်းအား​တော် ရရှိ​သူတွေဟာ လွတ်လပ်မှု ရှိ​ကြတယ်” လို့ ၂ ကောရိန္သု ၃:၁၇ မှာ ပြောတယ်။ ဘယ်လို​လူစားမျိုး​ ဖြစ်ချင်​တယ်​ဆိုတာကို ကိုယ်တိုင် ရွေးချယ်ပိုင်ခွင့်​ရှိတယ်။ ကိုယ့်​အကြိုက်၊ ကိုယ့်​နှစ်သက်ရာကို ရွေးချယ်​နိုင်အောင် ကျွန်တော်​တို့ကို ယေဟော​ဝါ ဖန်ဆင်း​ထားတယ်။ ဒါပေမဲ့​ အဲဒီ​လွတ်လပ်မှုက အကန့်အသတ်မဲ့​တော့ မဟုတ်​ဘူး။ (၁ ပေတရု ၂:၁၆ ကိုဖတ်ပါ။) အမှားအမှန်​ကို ဆုံးဖြတ်တဲ့​အခါ​ ကျမ်းစာ​လမ်းညွှန်ချက်ကို လိုက်နာ​စေချင်တယ်။ ဒါဟာ ချုပ်ချယ်​လွန်း​ရာ​ကျ​သလား။ အကျိုးပြု​သလား။

၇၊ ၈။ ယေဟော​ဝါ​လို ရှုမြင်​တာ​က ဘာကြောင့် ချုပ်ချယ်​လွန်း​ရာ မ​ရောက်သလဲ။ ဥပမာ​ပေးပါ။

ဥပမာ၊ မိဘတွေက သားသမီးတွေကို လိမ္မာ​ရေး​ခြား​ရှိဖို့၊ ရိုးသား​ဖို့၊ ကြိုးစား​ဖို့၊ ကိုယ်ချင်းစာ​ဖို့ သင်ပေး​ကြတယ်။ ဒါဟာ ချုပ်ချယ်​လွန်း​ရာ မ​ရောက်​ပါဘူး။ အောင်မြင်​တဲ့ လူကြီး​ဖြစ်ဖို့ သူတို့ကို ပြင်ဆင်​ပေး​နေတာပါ။ သားသမီးတွေ အရွယ်ရောက်​လို့ ကိုယ့်​ခြေ​ပေါ်​ကိုယ်​ရပ်​တဲ့အခါ​ ကိုယ်တိုင် ဆုံးဖြတ်​နိုင်ပြီ။ ဒါပေမဲ့​ မိဘ​သင်ပေးတဲ့ စံနှုန်းတွေ​အတိုင်း လိုက်နာမယ်​ဆိုရင် ဆုံးဖြတ်ချက်ကောင်းတွေ ချ​နိုင်မှာဖြစ်​ပြီး နောင်တ၊ စိုးရိမ်​ပူပန်မှု​နဲ့ ဒုက္ခတွေကို ရှောင်နိုင်​ပါလိမ့်မယ်။

မိဘတွေ​လို​ပဲ ယေဟော​ဝါလည်း ကျွန်တော်​တို့ကို အကောင်းဆုံး​ဘဝ ရစေချင်​တယ်။ (ဟေရှာ. ၄၈:၁၇၊ ၁၈) ဒါကြောင့်​ ကိုယ်ကျင့်တရား​နဲ့ အ​ပြု​အမူ​စံနှုန်း​တွေကို သင်ပေးတယ်။ ဘုရား​စဉ်းစား​သလို စဉ်းစားဖို့၊ ဘုရား​စံနှုန်းတွေကို လိုက်နာ​ဖို့ ဖိတ်ခေါ်​ထားတယ်။​ ဒါဟာ​ ချုပ်ချယ်​လွန်း​ရာ မ​ရောက်​ဘဲ မှန်မှန်ကန်ကန် စဉ်းစား​တတ်အောင် ကူညီ​ပေးတယ်။ (ဆာ. ၉၂:၅။ ပညာ. ၂:၁-၅။ ဟေရှာ. ၅၅:၉) ကိုယ်​နှစ်သက်ရာ​တွေကို စွန့်လွှတ်​စ​ရာ မလို​ဘဲ ပျော်ရွှင်မှု​ရစေတဲ့ ဆုံးဖြတ်ချက်ကောင်းတွေ ချ​နိုင်အောင် ကူညီ​ပေးတယ်။ (ဆာ. ၁:၂၊ ၃) ယေဟော​ဝါ စဉ်းစား​သလို စဉ်းစား​တာ​က တကယ် အကျိုးပြု​ပါတယ်။

ယေဟော​ဝါရဲ့ အတွေးအခေါ်​က သာလွန်

၉၊ ၁၀။ ယေဟော​ဝါရဲ့ အတွေးအခေါ်​က လောက​ အတွေးအခေါ်​ထက် ဘယ်လို သာလွန်​သလဲ။

ယေဟော​ဝါ​လို ကျွန်တော်​တို့ စဉ်းစား​တွေးခေါ်​ကြ​တဲ့ နောက်​အကြောင်း​ရင်း​တစ်ခုက ဘုရား​အတွေးအခေါ်​က လောက​အတွေးအခေါ်​ထက် သာလွန်​လို့​ပါပဲ။ ကိုယ်ကျင့်တရား၊ မိသား​စု၊ အလုပ်အကိုင်၊ တခြား​ကဏ္ဍ​တွေ​နဲ့​ပတ်သက်ပြီး လောက​ပေးတဲ့ အကြံဉာဏ်​အများစုဟာ ယေဟော​ဝါရဲ့ အတွေးအခေါ်နဲ့ မကိုက်ညီ​ဘူး။ ဥပမာ၊ ကိုယ်ကျိုးရှာ​ဖို့ အားပေးတယ်။ လိင်​အကျင့်​ပျက်​တာ​ကို ခွင့်ပြု​တယ်။ ပို​ပျော်​မယ်​လို့ ထင်ရင်​ ခိုင်လုံတဲ့​အကြောင်း​ရင်း မရှိ​လည်း ခွဲနေဖို့၊ ကွာရှင်းဖို့ အကြံ​ပေးတယ်။ အဲဒီ​အကြံပေး​ချက်​တွေ​က ကျမ်းစာနဲ့ ဆန့်ကျင်တယ်။ ဒါပေမဲ့​ တချို့​အကြံပြုချက်တွေက ကျွန်တော်​တို့​ခေတ်​အတွက်​ ပို​လက်တွေ့ကျ​တာ​မျိုး ရှိ​နိုင်သလား။

၁၀ “ဉာဏ်ပညာဟာ ဖြောင့်မတ်တယ်​ဆိုတာကို လုပ်ရပ်တွေ​နဲ့ သက်သေပြ​လိမ့်မယ်” လို့ ယေရှု​ ပြောတယ်။​ (မ. ၁၁:၁၉) ဒီနေ့​လောက​က နည်းပညာ တိုးတက်လာ​တာ မှန်ပေမဲ့ စစ်၊ မျိုးချစ်စိတ်၊ ရာဇဝတ်မှု စတဲ့ ပြဿနာတွေကို မဖြေရှင်း​နိုင်​သေး​ဘူး။ လိင်​အကျင့်​ပျက်​တာ​ကို ခွင့်ပြု​ထားတာ​က​ကော။ ဒါဟာ​ ပြဿနာ​ပြေလည်​စေမယ့်​အစား မိသား​စု ပြိုကွဲမှု၊ ရောဂါ​နဲ့ တခြား​ပြဿနာ​တွေ ပို​များ​စေ​ကြောင်း လူများစွာ အသိအမှတ်ပြု​ကြတယ်။ ဘုရား​သခင့်​အမြင်​မျိုး​ရှိတဲ့ ခရစ်ယာန်​တွေ​ကတော့ မိသား​စု​ဘဝ ပျော်ရွှင်​ကြတယ်၊ ကိုယ်ကျင့်တရား​သန့်ရှင်း​လို့ ကျန်းမာ​ကြတယ်၊ ယုံကြည်​သူချင်းတွေနဲ့ သင့်မြတ်​ကြတယ်။ (ဟေရှာ. ၂:၄။ တ. ၁၀:၃၄၊ ၃၅။ ၁ ကော. ၆:၉-၁၁) ဒါဟာ လောက​အတွေးအခေါ်​ထက် ယေဟော​ဝါရဲ့ အတွေးအခေါ် ပို​သာလွန်​ကြောင်း ဖော်ပြတယ်။

၁၁။ မောရှေ​မှာ ဘယ်သူ့​အတွေးအခေါ်​မျိုး ရှိသလဲ။ ဘာ​အကျိုး​ရခဲ့​သလဲ။

၁၁ ရှေး​သစ္စာရှိ​ကျေးကျွန်တွေဟာ ယေဟော​ဝါရဲ့ အတွေးအခေါ် ပို​သာလွန်​ကြောင်း သိကြတယ်။ ဥပမာ၊ မောရှေဟာ “အီဂျစ်လူ​မျိုး​တွေရဲ့ အတတ်ပညာ​အားလုံးကို သင်ယူ” ပေမဲ့ “ဉာဏ်ပညာ​ရှိတဲ့ စိတ်နှလုံး​” ရဖို့ ဘုရား​ကို မျှော်ကိုး​ခဲ့​တယ်။ (တ. ၇:၂၂။ ဆာ. ၉၀:၁၂) “ကိုယ်တော့်​လမ်းစဉ်​တွေ​အကြောင်း​ သင်ပေးပါ” လို့ ယေဟော​ဝါ​ဆီ ဆုတောင်း​ခဲ့တယ်။ (ထွ. ၃၃:၁၃) ယေဟော​ဝါရဲ့ အတွေးအခေါ်​မျိုး ရှိတဲ့​အတွက်​ ဘုရား​ရည်ရွယ်ချက် ပြည့်စုံရေး​မှာ ပါဝင်နိုင်​ခဲ့​ပြီး ထူးခြားတဲ့ ယုံကြည်ခြင်း​ရှိသူ​အဖြစ်​ ကျမ်းစာမှာ ဖော်ပြ​ခံရတယ်။—ဟီ. ၁၁:၂၄-၂၇

၁၂။ ဆုံးဖြတ်ချက်တွေ ချတဲ့အခါ​ တမန်တော်ပေါလု ဘာကို အခြေခံ​ခဲ့သလဲ။

၁၂ တမန်တော် ပေါလု​ဟာ ပညာတတ်​တစ်ယောက်​ဖြစ်ပြီး အနည်းဆုံး ဘာသာ​စကား​ နှစ်မျိုး တတ်ကျွမ်း​တယ်။ (တ. ၅:၃၄။ ၂၁:၃၇၊ ၃၉။ ၂၂:၂၊ ၃) ဒါပေမဲ့​ အမှားအမှန် ဆုံးဖြတ်တဲ့​အခါ​မှာ​တော့ လောက​ဉာဏ်ပညာ​ကို ငြင်းပယ်​ပြီး ကျမ်းစာကို အခြေ​ခံခဲ့တယ်။ (တမန်တော် ၁၇:၂။ ၁ ကောရိန္သု ၂:၆၊ ၇၊ ၁၃ ကိုဖတ်ပါ။) ဒါကြောင့်​ အမှု​ဆောင်​လုပ်ငန်းမှာ အောင်မြင်ပြီး ထာဝရ​တည်မြဲ​တဲ့ ဆုလာဘ်​ကို စောင့်မျှော်​ခွင့် ရခဲ့တယ်။—၂ တိ. ၄:၈

၁၃။ ကိုယ့်​အတွေးအခေါ်​ကို ယေဟော​ဝါရဲ့ အတွေးအခေါ်နဲ့ ကိုက်ညီ​စေဖို့ ဘယ်သူ့မှာ တာဝန်​ရှိသလဲ။

၁၃ ဘုရား​သခင့် အတွေးအခေါ်​က လောက​အတွေးအခေါ်​ထက် သာလွန်​တာ သေချာ​တယ်။ ဘုရား​အတွေးအခေါ်​အတိုင်း အသက်ရှင်​ရင် ပျော်ရွှင် အောင်မြင်မယ်။ ဒါပေမဲ့​ ယေဟော​ဝါ​က အတင်း ဖိအား​မပေးဘူး။ “သစ္စာနဲ့ သတိ​ပညာ​ရှိတဲ့ ကျွန်”ရော အကြီးအကဲတွေပါ ကျွန်တော်​တို့ရဲ့ အတွေးအခေါ်​ကို မထိန်းချုပ်​ဘူး။ (မ. ၂၄:၄၅။ ၂ ကော. ၁:၂၄) ကိုယ့်​အတွေးအခေါ်​ကို ဘုရား​သခင့်​အတွေးအခေါ်နဲ့ ကိုက်ညီ​အောင် လုပ်​ရမှာက ခရစ်ယာန်​ယောက်တိုင်းရဲ့ တာဝန်​ဖြစ်တယ်။ ဒါကို ဘယ်လို လုပ်နိုင်မလဲ။

ဒီ​လောက​ရဲ့ ပုံသွင်းမှု​ကို ငြင်းပယ်ပါ

၁၄၊ ၁၅။ (က) ယေဟော​ဝါ​လို စဉ်းစား​နိုင်ဖို့ ဘာကို တွေးတော​ဆင်ခြင်​ရမလဲ။ (ခ) ရောမ ၁၂:၂ အရ လောက​အတွေးအခေါ်​ကို ဘာကြောင့် ရှောင်​ရမလဲ။ ဥပမာ​ပေးပါ။

၁၄ “ဒီ​လောက​စနစ်ရဲ့ ပုံသွင်းမှု​ကို မခံပါနဲ့တော့။ ဘုရား​သခင်​ရဲ့ ကောင်းမြတ်တဲ့၊ လက်ခံ​ဖွယ်​ဖြစ်တဲ့၊ ပြီးပြည့်​စုံလင်တဲ့ အလိုတော်ကို ကောင်းကောင်း​သိနိုင်ဖို့ ခင်ဗျား​တို့ရဲ့ စိတ်သဘော​ကို ပြုပြင်​ပြောင်းလဲ​ကြပါ” လို့ ရောမ ၁၂:၂ မှာ ပြောတယ်။ အမှန်တရား မသိ​ခင်​တုန်း​က ကိုယ့်​အတွေးအခေါ်​ကို ဘာက​ပဲ လွှမ်းမိုး​ခဲ့​ပါစေ ယေဟော​ဝါရဲ့ အတွေးအခေါ်နဲ့ ကိုက်ညီ​အောင် ပြောင်းလဲ​နိုင်ကြောင်း အဲဒီ​ကျမ်းချက်​က ဖော်ပြတယ်။ မျိုးရိုး​ဗီဇ​နဲ့ ဘဝ​အတွေ့အကြုံ​တွေ​က အတိုင်းအတာ​တစ်ခု​ထိ လွှမ်းမိုး​နိုင်ပေမဲ့ စိတ်သဘော​ကို ပြောင်းလဲ​နိုင်ပါတယ်။ အဲဒီ​လို​ပြောင်းလဲ​နိုင်ဖို့ ကိုယ့်​ဘက်က ဘာတွေ စဉ်းစား​တယ်​ဆိုတဲ့​အပေါ် အများကြီး မူတည်တယ်။ ယေဟော​ဝါရဲ့ အတွေးအခေါ်​ကို တွေးတော​ဆင်ခြင်ခြင်း​အားဖြင့် ဘုရား​ရဲ့​အမြင် အမြဲ​မှန်​ကြောင်း စိတ်ချ​လာမယ်။ အဲဒီ​အခါ​ ကိုယ့်​အတွေးအခေါ်​ကို ဘုရား​သခင့်​အတွေးအခေါ်နဲ့ ကိုက်ညီ​အောင် လုပ်ချင်စိတ် ရှိလာ​ပါလိမ့်မယ်။

၁၅ စိတ်သဘော​ကို ပြုပြင်​ပြောင်းလဲ​ပြီး ယေဟော​ဝါ စဉ်းစား​သလို စဉ်းစား​နိုင်အောင် “ဒီ​လောက​စနစ်ရဲ့​ ပုံသွင်း​မှု​ကို မခံ” ရ​ဘူး။ ဘုရား​သခင့် အတွေးအခေါ်၊ ရှုမြင်ပုံ​နဲ့ ဆန့်ကျင်တာတွေကို မကြည့်၊ မဖတ်၊ နားမ​ထောင်​ရ​ဘူး။ ဒါဟာ အစာစား​တာ​နဲ့ တူတယ်။ လူ​တစ်ယောက်ဟာ ကျန်းမာ​ချင်တဲ့​အတွက်​ အာဟာရ​ရှိတာတွေကို စားတယ်။ ဒါပေမဲ့​ တစ်ချိန်တည်းမှာ အပုပ်အသိုးတွေကို စား​နေရင်​တော့ ကျန်းမာရေး​ကောင်း​လာ​မှာ မဟုတ်​ဘူး။ အဲဒီ​လိုပဲ ကိုယ့်​စိတ်​ကို လောက​အတွေးအခေါ်​ကြောင့် ညစ်ညူး​စေ​ရင် ယေဟော​ဝါ​လို တွေးခေါ်​တတ်အောင် သင်ယူတာ အကျိုးရှိ​မှာ မဟုတ်​ဘူး။

၁၆။ ဘယ်​အရာက​နေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ လိုသလဲ။

၁၆ လောက​အတွေးအခေါ် အားလုံးကို ရှောင်နိုင်​မလား။ လောက​ထဲ​က ထွက်သွား​လို့ မရတဲ့​အတွက်​ အားလုံးကိုတော့ မရှောင်​နိုင်​ဘူး။ (၁ ကော. ၅:၉၊ ၁၀) ဟောပြောခြင်း​လုပ်ငန်းမှာ​တောင် လူတွေ​ပြောတဲ့ ယုံကြည်ချက်​အမှားတွေကို ကြားနေ​ရတယ်။ ဒါပေမဲ့​ အဲဒါ​တွေကို စဉ်းစားဖို့၊ လက်ခံဖို့ မလိုဘူး။ ယေရှု​လို​ပဲ စာတန်​ရဲ့ အတွေးအခေါ်​တွေကို ချက်ချင်း ငြင်းပယ်​သင့်တယ်။ ဒါ့အပြင် လောက​အတွေးအခေါ်နဲ့ မလိုအပ်ဘဲ မထိတွေ့​အောင် ကာကွယ်​သင့်တယ်။ပညာအလိမ္မာ ၄:၂၃ ကိုဖတ်ပါ။

၁၇။ လောက​အတွေးအခေါ်​ကို ရှောင်နိုင်​တဲ့​နည်း တချို့​က ဘာတွေလဲ။

၁၇ ဥပမာ၊ အပေါင်းအသင်း​ ရွေးချယ်​တဲ့အခါ​ ဂရုစိုက်​သင့်တယ်။ ယေဟော​ဝါကို မကိုးကွယ်သူ​တွေ​နဲ့ ရင်းရင်းနှီးနှီး ပေါင်း​ရင် သူတို့ရဲ့ အတွေးအခေါ်​တွေ ဝင်​လာနိုင်တယ်​လို့ ကျမ်းစာ သတိ​ပေးတယ်။ (ပညာ. ၁၃:၂၀။ ၁ ကော. ၁၅:၁၂၊ ၃၂၊ ၃၃) ဖျော်ဖြေမှု ရွေးချယ်​တဲ့​အခါ​လည်း ဂရုစိုက်​သင့်တယ်။ ဆင့်ကဲ​အယူ၊ အကြမ်းဖက်မှု၊ အကျင့်​ပျက်မှု​တွေကို အသားပေးတဲ့ ဖျော်ဖြေရေး​ကို ငြင်းပယ်ပါ။ ဒီ​နည်း​အားဖြင့် ကျွန်တော်​တို့ရဲ့ အတွေးအခေါ်​ကို ‘ဘုရား​သခင်​နဲ့​ဆိုင်တဲ့ အသိပညာ မရအောင် တားဆီး​နေတဲ့’ အယူအဆ​တွေ အဆိပ်​မသင့်​အောင် ကာကွယ်​နိုင်တယ်။—၂ ကော. ၁၀:၅

အန္တရာယ်ရှိတဲ့ ဖျော်ဖြေမှုတွေကို ရှောင်ဖို့ သားသမီးတွေကို ကူညီပေးနေသလား (အပိုဒ် ၁၈၊ ၁၉ ကိုကြည့်ပါ)

၁၈၊ ၁၉။ (က) မသိမသာ အားပေး​တင်ဆက်​ထားတဲ့ လောက​အတွေးအခေါ်​တွေကို ဘာကြောင့် ရှောင်သင့်​သလဲ။ (ခ) ကိုယ့်ကိုယ်ကိုယ် ဘယ်​မေးခွန်းတွေ မေး​သင့်သလဲ။ ဘာကြောင့်လဲ။

၁၈ သိပ်​မသိသာ​တဲ့ လောက​အတွေးအခေါ်​တွေ​ကိုလည်း သတိထားပြီး ရှောင်ရမယ်။ ဥပမာ၊ နိုင်ငံ​ရေး​အယူအဆ​တချို့​ကို အားပေး​တင်ဆက်​တဲ့ သတင်းတွေ ရှိတယ်။ လောက​မှာ အထင်ကြီး​တဲ့ ပန်းတိုင်တွေ၊ အောင်မြင်မှု​တွေ​အကြောင်း​ အသားပေးတဲ့ သတင်း​ဆောင်းပါး​တွေ ရှိတယ်။ “ငါ​သာ ပဓာန၊” “ငါ့​မိသား​စု အဓိက” ဆိုတဲ့ အတွေးအခေါ်​ မှန်တယ်၊ နှစ်သက်စရာ​ကောင်းတယ်လို့ ထင်​အောင် ဖော်ပြတဲ့ ရုပ်ရှင်၊ စာအုပ်​တွေလည်း ရှိတယ်။ အဲဒါ​တွေက အရာအားလုံး​ထက် ယေဟော​ဝါကို​ချစ်​မှ ကိုယ်တိုင်နဲ့ မိသား​စု ပျော်ရွှင်​မယ်ဆိုတဲ့ ကျမ်းစာ​အမြင်​ကို လျစ်လျူရှု​တယ်။ (မ. ၂၂:၃၆-၃၉) ကလေး​အကြိုက် ရုပ်ရှင်၊ စာအုပ်၊​ ကာတွန်း​တွေ​က အများအားဖြင့် လက်ခံ​စ​ရာ​ဖြစ်ပေမဲ့ အကျင့်​ပျက်မှု​ကို လက်ခံ​လာ​အောင် မသိမသာ အားပေး​နိုင်တယ်။

၁၉ ကောင်းတဲ့ ဖျော်ဖြေမှုကို ကြိုက်​တာ မှားတယ်လို့ မဆိုလို​ပါဘူး။ ဒါပေမဲ့​ ကိုယ့်ကိုယ်ကိုယ် ဒီလို​မေးသင့်တယ်– ‘မသိမသာ အားပေး​တင်ဆက်​ထားတဲ့ လောက​အတွေးအခေါ်​ကို ငါ သတိထားမိရဲ့လား။ တီဗီ​အစီ​အစဉ်​တချို့​ကို မကြည့်ဖို့၊ စာအုပ်​တချို့​ကို မဖတ်ဖို့ ကိုယ်တိုင်နဲ့ ကလေးတွေကို ကန့်သတ်​ထား​သလား။ ကလေးတွေ မြင်​နေ၊ ကြားနေတဲ့ လောက​အတွေးအခေါ် လွှမ်းမိုး​မခံရအောင် ယေဟော​ဝါရဲ့ အတွေးအခေါ်​ကို သင်ပေး​နေ​သလား။’ ဘုရား​အတွေးအခေါ်နဲ့ လောက​အတွေးအခေါ် ကွာခြားချက်ကို သိနေရင် “ဒီ​လောက​စနစ်ရဲ့ ပုံသွင်းမှု​ကို မခံ” ရအောင် ရှောင်နိုင်​ပါလိမ့်မယ်။

အခု သင့်ကို ဘယ်သူ ပုံသွင်း​နေသလဲ

၂၀။ ဘယ်သူ့​ပုံသွင်းမှု​ကို ခံယူ​နေတယ်​ဆိုတာ ဘယ်​ပေါ် မူတည်​သလဲ။

၂၀ အချက်အလက်​တွေ ရနိုင်တဲ့ ရင်းမြစ် နှစ်ခု​ပဲ​ရှိ​တယ်။ ယေဟော​ဝါနဲ့ စာတန့်​လောက​ ဖြစ်တယ်။​ ဘယ်​ပုံသွင်းမှု​ကို ခံယူ​နေသလဲ။ အဖြေကတော့ ဘယ်ကနေ​ အချက်အလက်​တွေ ရယူ​နေသလဲ​ဆိုတဲ့​အပေါ် မူတည်တယ်။ လောက​အတွေးအခေါ်​ကို ရယူ​နေရင် လောက​က ကျွန်တော်​တို့ရဲ့ အတွေးအခေါ်​ကို ပုံသွင်း​သွားမှာ​ဖြစ်ပြီး လောက​လူတွေ​လို တွေးခေါ်​ပြုမူ​လာ​မှာ ဖြစ်တယ်။ ဒါကြောင့်​ ကြည့်တာ၊ ဖတ်တာ၊ နားထောင်တာ၊ တွေးတာ​တွေကို ဂရုစိုက်​ဖို့ သိပ်​အရေး​ကြီးတယ်။

၂၁။ နောက်​ဆောင်းပါး​မှာ အရေး​ကြီးတဲ့ ဘယ်​အကြောင်း​ကို ဆွေးနွေး​မလဲ။

၂၁ အစပိုင်းမှာ ဖော်ပြတဲ့​အတိုင်း ယေဟော​ဝါ​လို စဉ်းစား​တတ်ဖို့ မကောင်းတဲ့ လွှမ်းမိုးမှုတွေကို စိတ်ထဲ​က ထုတ်ပစ်​ရုံ​ထက်မက လုပ်ရမယ်။ ဘုရား​လို တွေးခေါ်​တတ်အောင် ဘုရား​ရဲ့​အတွေးအခေါ်​တွေကို သင်ယူ​ရမယ်။ အဲဒီ​အကြောင်း​ကို နောက်​ဆောင်းပါး​မှာ ဆွေးနွေးပါမယ်။

^ အပိုဒ်၊ 5 တခြား​သူတွေရဲ့ လွှမ်းမိုးမှုကို မခံ​ဘူးဆိုတဲ့​သူ​တောင် တကယ်တော့ လွှမ်းမိုး​ခံ​နေ​ရတယ်။ ဥပမာ၊ အသက်ရဲ့ မူလအစ​အကြောင်း​ စဉ်းစား​တဲ့အခါ​ဖြစ်စေ၊ ဘာ​ဝတ်​မယ်​ဆိုတာ ရွေး​တဲ့အခါ​ဖြစ်စေ အနည်း​နဲ့​အများ လွှမ်းမိုး​ခံရတယ်။ ဘယ်သူ့​လွှမ်းမိုးမှုကို ခံယူ​မယ်​ဆိုတာကို​တော့ ရွေးချယ်​နိုင်တယ်။