မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“အမှန်တရားလမ်းမှာ လျှောက်ပါ့မယ်”

“အမှန်တရားလမ်းမှာ လျှောက်ပါ့မယ်”

“အို ယေဟော​ဝါ၊ ကိုယ်တော့်​လမ်းစဉ်​အကြောင်း​ သွန်သင်​ပေးပါ။ အမှန်တရား​လမ်းမှာ လျှောက်ပါ့မယ်။”—ဆာ. ၈၆:၁၁

သီချင်း​– ၃၁၊ ၇၂

၁-၃။ (က) ကျမ်းစာ​အမှန်တရားကို ဘယ်လို သဘောထား​သင့်သလဲ။ (ဆောင်းပါး​အစမှာ​ပါတဲ့ ပုံကို ကြည့်ပါ။) (ခ) ဒီ​ဆောင်းပါး​မှာ ဘယ်မေးခွန်းတွေကို သုံးသပ်ကြ​မလဲ။

ဝယ်​ပြီးသား​ပစ္စည်း​ကို ပြန်​လဲ​တာ မဆန်းပါဘူး။ နိုင်ငံ​တချို့​မှာ လူတွေဟာ ဝယ်​ပြီးသား​ပစ္စည်း ၉ ရာခိုင်နှုန်း​ကို ပြန်​လဲ​တတ်ကြတယ်။ အွန်လိုင်း​ကနေ မှာ​ယူ​ထားတဲ့ ပစ္စည်းတွေကို ပြန်​လဲ​တဲ့​နှုန်း​က ၃၀ ရာခိုင်နှုန်း​ကျော်တယ်။ ပစ္စည်း​က ထင်ထားသလို မဟုတ်​တာ၊ ချို့ယွင်းချက်​ရှိတာ၊ မကြိုက်တာ​တွေ​ကြောင့် ပြန်​လဲ​ကြတယ်၊ ငွေ​ပြန်အမ်းခိုင်း​ကြတယ်။

ဝယ်​ပြီးသား​ပစ္စည်း​ကို ပြန်​လဲ​ကြပေမဲ့ “ဝယ်” ပြီးသား “တိကျ​မှန်ကန်” တဲ့ ကျမ်းစာ​အသိပညာကို​တော့ ပြန်​လဲ​ချင်​မှာ၊ “ရောင်း” ချင်​မှာ မဟုတ်​ပါဘူး။ (ပညာအလိမ္မာ ၂၃:၂၃ ကိုဖတ်ပါ။ ၁ တိ. ၂:၄) ရှေ့​ဆောင်းပါး​မှာ လေ့လာခဲ့တဲ့​အတိုင်း အမှန်တရား​ရဖို့ အချိန်​အများကြီး ပေးခဲ့​ရတယ်။ ဝင်ငွေ​ကောင်းတဲ့ အလုပ်အကိုင်၊ ကျမ်းစာနဲ့မညီတဲ့ ဓလေ့​ထုံးစံတွေကို စွန့်ခဲ့​ရနိုင်တယ်။ ပေါင်းသင်း​ဆက်ဆံရေး အပြောင်းအလဲ​တွေ ကြုံခဲ့ရ​နိုင်တယ်။ အတွေးအခေါ်၊ အပြုအမူတွေ ပြောင်း​ခဲ့​ရနိုင်တယ်။ ဒါပေမဲ့​ ရလာတဲ့​ကောင်းချီးတွေ​နဲ့ ယှဉ်​ရင် ပေးဆပ်​လိုက်တာ​တွေဟာ ဘာမှ မဟုတ်​ပါဘူး။

ကျွန်တော်​တို့ဟာ ကျမ်းစာ​အမှန်တရား​နဲ့​ပတ်သက်​ရင် ယေရှု​ပြောခဲ့တဲ့ ပုံဥပမာ​ထဲ​ကလူ​လို ခံစား​ကြရတယ်။ ဘုရား​သခင့် နိုင်ငံ​တော်​နဲ့​ပတ်သက်တဲ့ အမှန်တရားရဲ့ အဖိုးတန်​ပုံကို ဖော်ပြဖို့ ပုလဲ​ရှာတွေ့​တဲ့ နယ်လှည့်​ကုန်သည်​အကြောင်း​ ယေရှု​ ပြောတယ်။ ပုလဲ​ဟာ တန်ဖိုးကြီး​လွန်း​လို့ ပိုင်ဆိုင်သမျှကို ‘ချက်ချင်း ရောင်းပြီး’ ဝယ်ခဲ့တယ်။ (မ. ၁၃:၄၅၊ ၄၆) အဲဒီ​လိုပဲ ဘုရား​သခင့် နိုင်ငံ​တော် အမှန်တရား​နဲ့ တခြား​အဖိုးတန် ကျမ်းစာ​အမှန်တရားတွေဟာ ကျွန်တော်​တို့​အတွက်​ တန်ဖိုးရှိ​လွန်း​လို့ အဲဒါ​ကို ရဖို့ ဘာကို​မဆို စွန့်လွှတ် အနစ်နာခံ​ခဲ့​ကြတယ်။ တန်ဖိုးထား​လွန်း​လို့ “ဘယ်တော့မှ မရောင်း” ချင်​ကြဘူး။ ဝမ်းနည်းစရာကတော့ ဘုရား​သခင့်​ကျေးကျွန်​တချို့​ဟာ အမှန်တရားကို တန်ဖိုး​မထား​တော့ဘဲ ရောင်း​ခဲ့​ကြတယ်။ အမှန်တရားကို တန်ဖိုး​ထားကြောင်း၊ ဘယ်တော့မှ မရောင်း​လို​ကြောင်း ပြဖို့ “အမှန်တရား​လမ်းစဉ်​မှာ အမြဲ လျှောက်လှမ်း” ရမယ်။ (၃ ယောဟန် ၂-၄ ကိုဖတ်ပါ။) အမှန်တရား​လမ်းစဉ်​မှာ လျှောက်လှမ်းခြင်း​ဆိုတာ အမှန်တရားကို ဦးစား​ထားပြီး အဲဒီ​အတိုင်း နေထိုင်ခြင်း​ကို ဆိုလိုတယ်။ အမှန်တရားကို တချို့​ ဘာကြောင့်၊ ဘယ်လို “ရောင်း” မိ​နိုင်သလဲ။ အဲဒီ​လို​အမှား​မျိုး မလုပ်​မိအောင် ဘယ်လို ရှောင်နိုင်​သလဲ။ “အမှန်တရား​လမ်းစဉ်​မှာ အမြဲ လျှောက်လှမ်း” မယ်​ဆိုတဲ့ စိတ်ပိုင်းဖြတ်ချက်ကို ဘယ်လို ခိုင်မာ​စေနိုင်သလဲ။ အဲဒီ​မေးခွန်း​သုံးခုကို သုံးသပ်​ကြည့်ကြစို့။

အမှန်တရားကို တချို့​ ဘာကြောင့်၊ ဘယ်လို “ရောင်း” ကြ

၄။ ပထမ​ရာစုမှာ လူတချို့​ အမှန်တရားကို ဘာကြောင့် “ရောင်း” ခဲ့ကြသလဲ။

ပထမ​ရာစုမှာ လူ​တချို့​က ယေရှု​ရဲ့ သွန်သင်ချက်တွေကို အစပိုင်းမှာ လက်ခံပေမဲ့ အမှန်တရား​လမ်းအတိုင်း ဆက်​မလျှောက်​ကြဘူး။ ဥပမာ၊ လူအုပ်​တစ်အုပ်​ကို ယေရှု​ အံ့ဖွယ်​နည်းနဲ့ ကျွေး​ပြီးနောက် ဂါလိလဲ​အိုင် တစ်ဖက်​ကမ်း​အထိ လူအုပ် လိုက်​လာကြတယ်။ အဲဒီ​မှာ ယေရှု​က “လူ​သားရဲ့​အသားကို မစား​ဘူး၊ လူ​သားရဲ့​သွေး​ကို မ​သောက်​ဘူးဆိုရင် ခင်ဗျား​တို့ အသက်​ရမှာ မဟုတ်​ဘူး” လို့ ပြောလိုက်တဲ့​အတွက်​ သူတို့ ထိတ်လန့်​သွားကြတယ်။ ရှင်းပြ​ပေးဖို့ တောင်းဆိုမယ့်​အစား “သူ​ပြော​နေတာ​တွေ​က လန့်​စ​ရာ​ကြီး​ပါလား။ ဘယ်သူ​နား​ခံနိုင်​မှာ​လဲ” လို့​ပြော​ကြတယ်။ ရလဒ်အနေနဲ့ “တပည့်​အတော်များများ​က ယေရှု​နောက်လိုက် မ​လုပ်​တော့ဘဲ စွန့်လွှတ်​ခဲ့​ရာတွေ​ဆီ ပြန်လှည့်​သွားကြတယ်။”—ယော. ၆:၅၃-၆၆

၅၊ ၆။ (က) ဒီနေ့​ခေတ်မှာ အမှန်တရားကို တချို့​ ဘာကြောင့် ကျောခိုင်းခဲ့ကြ​သလဲ။ (ခ) ဘယ်လိုနည်းနဲ့ အမှန်တရား​ကနေ တဖြည်းဖြည်း ဝေး​သွား​နိုင်သလဲ။

ဒီနေ့လည်း တချို့​က အမှန်တရားကို မစွဲကိုင်​ထား​ကြဘူး။ ကျမ်းချက်​တစ်ချက် နားလည်မှု ပြောင်း​သွားတဲ့​အတွက်​ကြောင့်၊ ထင်ပေါ်တဲ့ ညီအစ်ကို​တစ်ယောက်ရဲ့ စကား​ ဒါမှမဟုတ်​ လုပ်ရပ်​ကြောင့် တိုက်မိ​လဲသွား​ကြတယ်။ တချို့​ကတော့ ဆုံးမ​ခံရလို့၊ ညီအစ်ကို/မ​​တစ်ယောက်​ယောက်နဲ့ အဆင်မပြေ​လို့ အမှန်တရားကို စွန့်​သွားကြတယ်။ တချို့​က အယူဖောက်ပြန်သူတွေ၊ ဆန့်ကျင်​သူတွေနဲ့ ပူးပေါင်း​သွားကြတယ်။ ရလဒ်အနေနဲ့ ယေဟော​ဝါနဲ့ အသင်း​တော်ကို တမင်တကာ “ကျောခိုင်း” ခဲ့​ကြတယ်။ (ဟီ. ၃:၁၂-၁၄) တကယ်တော့ တမန်တော် ပေတရုရဲ့ ပုံသက်သေကို သူတို့ တုပ​သင့်တယ်။ ယေရှု​က မိမိ​ရဲ့​စကား​ကြောင့် တချို့​ ထိတ်လန့်​သွားတဲ့အခါ​ “ခင်ဗျား​တို့​ကော ထွက်သွား​ချင်​သလား” လို့ တမန်တော်တွေကို မေးတယ်။ အဲဒီ​အခါ​ ပေတရု​က “သခင်၊​ ဘယ်သူ့​ဆီ သွား​ရမှာ​လဲ။ ထာဝရ​အသက်​ရစေတဲ့ စကား​တွေဟာ သခင့်​ဆီမှာ​ပဲ ရှိတာပါ” လို့ ချက်ချင်း ပြန်​ဖြေတယ်။—ယော. ၆:၆၇-၆၉

တချို့​ကျတော့ အမှန်တရား​ကနေ ဝေး​မှန်း​မသိ တဖြည်းဖြည်း ဝေး​သွားကြတယ်။ ကမ်း​စပ်​ကနေ မျောသွားတဲ့ လှေ​လို​ပဲ “တရွေ့ရွေ့ မျောပါ” သွားကြတယ်။ (ဟီ. ၂:၁) အမှန်တရားကို တမင်တကာ ကျောခိုင်း​သူလို မဟုတ်​ဘဲ တဖြည်းဖြည်း မျောပါ​သွားတာ​ဖြစ်တယ်။ အဲဒီ​လို​လူဟာ ယေဟော​ဝါနဲ့ ဆက်ဆံရေး ထိခိုက်​လာပြီး ပြတ်တောက်​သွားနိုင်တယ်။ အဲဒီ​အန္တရာယ်ကို ဘယ်လို ရှောင်နိုင်​မလဲ။

အမှန်တရားကို မရောင်းမိအောင် ဘယ်လိုရှောင်​မလဲ

၇။ အမှန်တရားကို ရောင်း​မိ​တာ​မျိုး မဖြစ်အောင် ဦးဆုံး ဘာလုပ်ဖို့ လိုသလဲ။

အမှန်တရား​လမ်းမှာ လျှောက်​နိုင်ဖို့ ယေဟော​ဝါရဲ့​စကား​ အားလုံးကို လိုက်နာ​ရမယ်။ ဘဝမှာ အမှန်တရားကို ဦးစား​ထားပြီး ကျမ်းစာ​မူတွေ​နဲ့​အညီ နေထိုင်​ရမယ်။ “အမှန်တရား​လမ်းမှာ လျှောက်ပါ့မယ်” လို့ ဘုရင်​ဒါဝိဒ် ဆုတောင်း​တယ်။ (ဆာ. ၈၆:၁၁) ဒါဝိဒ်လို​ပဲ ကျွန်တော်​တို့လည်း အမှန်တရား​လမ်းမှာ လျှောက်​ဖို့ အခိုင်အမာ စိတ်ပိုင်းဖြတ်​ထားရမယ်။ အဲဒီ​လို​မှ မဟုတ်​ရင် အမှန်တရား​အတွက်​ စွန့်လွှတ်​ခဲ့​တာတွေကို ပြန်တွေး​ပြီး ပြန်​လိုချင်​မိ​နိုင်တယ်။ အမှန်တရား​မှာ ဘာကို လက်ခံမယ်၊ ဘာကို လက်မခံ​ဘူးဆိုပြီး ရွေး​လို့​မရဘူး။ အမှန်တရား အားလုံးကို “အပြည့်အဝ” လက်ခံ​ရမယ်။ (ယော. ၁၆:၁၃) အမှန်တရား​အတွက်​ စွန့်လွှတ်​ရနိုင်တဲ့​အရာ​ငါးခု​ကို ဆွေးနွေး​ကြည့်ကြစို့။ ဒါက စွန့်လွှတ်​ခဲ့​တာတွေကို ပြန်​မယူ​ဘူးဆိုတဲ့ စိတ်ပိုင်းဖြတ်ချက်ကို ခိုင်မာစေပါ​လိမ့်မယ်။—မ. ၆:၁၉

၈။ အချိန်​ကို အကျိုးရှိရှိ မ​သုံး​ရင် အမှန်တရား​ကနေ ဘယ်လို မျောပါ​သွား​နိုင်သလဲ။ ဥပမာ​ပေးပါ။

အချိန်​။ အမှန်တရား​ကနေ တဖြည်းဖြည်း မျောပါ​သွားတာမျိုး မဖြစ်အောင် အချိန်​ကို အကျိုးရှိရှိ​သုံးဖို့ လိုတယ်။ သတိ​မထားဘူးဆို​ရင် ဖျော်ဖြေရေး၊ ဝါသနာ​ပါရာ၊ အင်တာနက်၊ တီဗီ​ကြည့်တာ​တွေ​မှာ အချိန်​အများကြီး သုံး​မိ​နိုင်တယ်။ အဲဒါ​တွေက မမှား​ဘူး​ဆိုပေမဲ့ ကိုယ်ပိုင်လေ့လာမှု​နဲ့ ဘုရား​ရေးရာ လုပ်ဆောင်မှုတွေ​အတွက်​ အချိန်​မပေးနိုင်​ဘဲ ဖြစ်သွားမယ်။ ညီအစ်မ အမ်​မာ​ရဲ့ * အဖြစ်​ကို စဉ်းစား​ကြည့်ပါ။ ငယ်ငယ်​လေး​ကတည်းက မြင်း​စီး​တာ သိပ်​ကြိုက်တယ်။ အချိန်​ရ​တိုင်း မြင်းစီးလေ့​ရှိတယ်။ နောက်ပိုင်း ဝါသနာ​အတွက်​ပဲ အချိန်​ကုန်​နေတာကို မကြိုက်​တော့​လို့ ပြောင်းလဲဖို့ ကြိုးစားပြီး ဝါသနာ​ကို သူ့​နေရာ​နဲ့​သူ ထား​နိုင်ခဲ့တယ်။ မြင်း​စီး​သမား​ဖြစ်ခဲ့တဲ့ ညီအစ်မ ကိုရီဝဲလ်ရဲ့ တွေ့ကြုံမှု​ကနေ အားပေးမှု ရခဲ့တယ်။ * အခု ညီအစ်မ​အမ်မာဟာ ဘုရား​ရေးရာ လုပ်ဆောင်မှုတွေ၊ မိသား​စု၊ မိတ်ဆွေ​တွေ​အတွက်​ အချိန်​ပို​ပေး​လာ​နိုင်ပြီ။ အချိန်​ကို အကျိုးရှိရှိ​သုံးတဲ့​အတွက်​ ယေဟော​ဝါနဲ့ ပို​ရင်းနှီး​လာတယ်လို့ ခံစား​နေ​ရပြီ။

၉။ ပစ္စည်းဥစ္စာ​ပိုင်ဆိုင်​ဖို့ ကြိုးစား​ရင် ဘုရား​ရေးရာ​ကို ဘယ်လို ဘေးချိတ်​မိ​နိုင်သလဲ။

ပစ္စည်းဥစ္စာ။ အမှန်တရား​လမ်းမှာ ဆက်လျှောက်​ဖို့ ပစ္စည်းဥစ္စာကို သူ့​နေရာ​နဲ့​သူ ထားရမယ်။ ကျွန်တော်​တို့ဟာ အမှန်တရား သိ​စ​တုန်း​က ဘုရား​ရေးရာ​ကို ဦးစား​ထားပြီး ပစ္စည်းဥစ္စာ​ရမယ့် အခွင့်အလမ်းတွေကို လိုလို​လားလား စွန့်လွှတ်​ခဲ့​ကြတယ်။ ဒါပေမဲ့​ အချိန်​ကြာ​လာတဲ့အခါ​ တခြား​သူတွေ နောက်ဆုံး​ပေါ် အီလက်ထရောနစ်​ပစ္စည်း​တွေ သုံး​နေတာ၊ ကြီးပွား​နေတာကို တွေ့ပြီး ကိုယ်​ဆုံးရှုံး​နေတယ်လို့ ခံစား​လာနိုင်တယ်။ ရှိတာနဲ့​ မရောင့်ရဲ​နိုင်​တော့ဘဲ ပစ္စည်းဥစ္စာ​တွေ​ရဖို့ ဘုရား​ရေးရာ​ကို ဘေးချိတ်​မိ​နိုင်တယ်။ ဒေ​မ အဲဒီ​လို ဖြစ်ခဲ့တယ်။ သူဟာ “လက်ရှိ လောက​စနစ်” ကို စွဲလမ်း​တဲ့​အတွက်​ တမန်တော် ပေါလု​နဲ့​အတူ​ အမှု​ဆောင်ခွင့်​ကို စွန့်လွှတ်​ခဲ့​တယ်။ (၂ တိ. ၄:၁၀) ပေါလု​ကို ဒေ​မ ဘာကြောင့် စွန့်ခဲ့​တာလဲ။ ဘုရား​အမှု​ဆောင်တာ​ထက် ပစ္စည်းဥစ္စာကို ပို​မက်လို့လား။ ပေါလု​နဲ့ အမှု​ဆောင်ဖို့ ကိုယ်ကျိုး​မစွန့်ချင်တော့လို့လား။ ကျမ်းစာမှာ မပြော​ထားဘူး။ ကျွန်တော်​တို့​ကတော့ ပစ္စည်းဥစ္စာ လိုချင်တဲ့​စိတ် ပြန်​ပေါ်လာပြီး အမှန်တရား​ချစ်စိတ်​ကို ဖုံးလွှမ်း​သွားတာမျိုး မဖြစ်​လို​ကြဘူး။

၁၀။ အမှန်တရား​လမ်းမှာ ဆက်လျှောက်​နိုင်ဖို့ ဘယ်​ဖိအားတွေကို တွန်းလှန်​ရမလဲ။

၁၀ ပေါင်းသင်း​ဆက်ဆံရေး။ အမှန်တရား​လမ်းမှာ ဆက်လျှောက်​နိုင်ဖို့ တခြား​သူတွေရဲ့ ဖိအား​ကို အလျှော့မပေး​သင့်​ဘူး။ အမှန်တရား​လမ်းမှာ စ​လျှောက်လှမ်း​တဲ့အခါ​ သက်သေခံ မဟုတ်​တဲ့ အပေါင်းအသင်း​တွေ၊ မိသား​စုဝင်​တွေ​နဲ့ ဆက်ဆံရေး ပြောင်းလဲ​သွားတယ်။ တချို့​က ဘာမှ​မပြော​ပေမဲ့ တချို့​ကတော့ ဆန့်ကျင်​ကြတယ်။ (၁ ပေ. ၄:၄) မိသား​စုဝင်​တွေ​နဲ့ သင့်မြတ်​ဖို့၊ ကြင်ကြင်နာနာ ဆက်ဆံ​ဖို့ ကျွန်တော်​တို့ ကြိုးစားပေမဲ့ သူတို့​စိတ်​ကျေနပ်​အောင် အမှန်တရားကို အလျှော့ပေး​တာ​မျိုး မ​လုပ်သင့်​ဘူး။ ၁ ကောရိန္သု ၁၅:၃၃ မှာပါတဲ့​အတိုင်း ယေဟော​ဝါကို ချစ်တဲ့​သူတွေနဲ့​ပဲ ပေါင်းသင်း​မှာ ဖြစ်တယ်။

၁၁။ ဘုရား​ မကြိုက်​တဲ့ အတွေးအခေါ်၊ အပြုအမူတွေ​ကို ဘယ်လို ရှောင်နိုင်​မလဲ။

၁၁ ဘုရား​ မကြိုက်​တဲ့ အတွေးအခေါ်၊ အ​ပြု​အမူ။ အမှန်တရား​လမ်းမှာ လျှောက်လှမ်း​သူ​အားလုံး သန့်ရှင်း​ရမယ်။ (ဟေရှာ. ၃၅:၈။ ၁ ပေတရု ၁:၁၄-၁၆ ကိုဖတ်ပါ။) အမှန်တရား​သိလာတဲ့​အခါ​ ဖြောင့်မတ်တဲ့ ကျမ်းစာ​စံနှုန်းတွေနဲ့ ကိုက်ညီ​အောင် ပြုပြင်​ပြောင်းလဲမှု​တွေ လုပ်ခဲ့ကြတယ်။ တချို့​ဆို အကြီးအကျယ် ပြောင်းလဲ​ခဲ့​ရတယ်။ ဘာပဲ​ဖြစ်ဖြစ် ကိုယ့်ရဲ့ စင်ကြယ်​သန့်ရှင်းမှုကို လောက​ရဲ့ အကျင့်​ပျက်မှု​နဲ့ မလဲပါနဲ့။ အကျင့်​ပျက်​စေတဲ့ သွေးဆောင်မှုတွေကို ဘယ်လို ရှောင်နိုင်​မလဲ။ ကျွန်တော်​တို့ သန့်ရှင်း​ဖို့ ယေဟော​ဝါ​ပေးခဲ့တဲ့ အဖိုးအခ​အကြောင်း​ စဉ်းစား​ကြည့်ပါ။ သားတော်​ယေရှု​ခရစ်ရဲ့ တန်ဖိုး​ကြီးတဲ့ သွေး​ကို ပေးခဲ့တယ်။ (၁ ပေ. ၁:၁၈၊ ၁၉) ယေဟော​ဝါ​ရှေ့ သန့်ရှင်းတဲ့ အနေအထား ဆက်ရှိ​နိုင်ဖို့ ယေရှု​ရဲ့ ရွေးဖိုး​ကို အမြဲ တန်ဖိုးထား​ရမယ်။

၁၂၊ ၁၃။ (က) ပွဲနေ့​တွေ​နဲ့​ပတ်သက်တဲ့ ယေဟော​ဝါရဲ့ အမြင်​ကို ဘာကြောင့် စိတ်စွဲမှတ်​သင့်သလဲ။ (ခ) ဘာ​အကြောင်း​ ဆက်​ဆွေးနွေးကြမလဲ။

၁၂ ကျမ်းစာနဲ့မညီတဲ့ ဓလေ့​ထုံးစံ​များ။ မိသား​စု၊ အလုပ်ဖော်၊ ကျောင်းနေဖက်​တွေ​က ပွဲ​နေ့တွေမှာ ကျွန်တော်​တို့ကို ပါဝင်​စေချင်မှာ​ပဲ။ ယေဟော​ဝါကို ဂုဏ်​မတင်တဲ့ ဓလေ့​ထုံးစံတွေ၊ ပွဲ​နေ့တွေမှာ ပါဝင်ဖို့ ဖိအား​ပေးလာရင် ဘယ်လို တွန်းလှန်​နိုင်မလဲ။ အဲဒါ​တွေကို ယေဟော​ဝါ ဘယ်လို ရှုမြင်​ကြောင်း စိတ်​စွဲမှတ်​ထားရမယ်။ ပွဲနေ့​တွေရဲ့ ဇာစ်​မြစ်​အကြောင်း​ ဖော်ပြ​ထားတဲ့ ကျမ်းစာ​စာပေ​တွေကို ပြန်​သုံးသပ်​နိုင်တယ်။ ပွဲနေ့​တွေ​ မကျင်းပ​ရတဲ့ ကျမ်းစာ​အကြောင်း​ရင်းကို အမှတ်ရ​နေမယ်​ဆိုရင် “ဘုရား​သခင်​ လက်ခံ​တဲ့” လမ်းစဉ်​အတိုင်း လျှောက်လှမ်း​နိုင်မှာ ဖြစ်တယ်။ (ဧ. ၅:၁၀) ယေဟော​ဝါနဲ့ ကျမ်းစာကို ယုံကြည်​ကိုးစားခြင်း​က “လူကို​ကြောက်တဲ့​စိတ်” မရှိ​ဖို့ ကာကွယ်​ပေးပါလိမ့်မယ်။—ပညာ. ၂၉:၂၅

၁၃ ကျွန်တော်​တို့ဟာ အမှန်တရား​လမ်းမှာ ထာဝရ လျှောက်လှမ်း​ကြရမယ်။ အဲဒီ​လို​လျှောက်လှမ်း​နိုင်ဖို့ ဘာက ကူညီ​ပေး​မလဲ။ ကူညီ​ပေးနိုင်မယ့် နည်း​သုံးနည်း​ကို ဆွေးနွေး​ကြည့်ကြစို့။

အမှန်တရား​လမ်းမှာ လျှောက်​ဖို့ စိတ်ပိုင်းဖြတ်ချက်ကို ခိုင်မာစေပါ

၁၄။ (က) အမှန်တရားကို ဆက်​ဝယ်​နေတာ​က မရောင်း​ဖို့ စိတ်ပိုင်းဖြတ်ချက်ကို ဘယ်လို ခိုင်မာ​စေ​သလဲ။ (ခ) ဉာဏ်ပညာ၊ ဆုံးမမှု၊ သိနားလည်​မှုဟာ ဘာကြောင့် အရေး​ကြီး​သလဲ။

၁၄ ဦးဆုံး၊ ကျမ်းစာပါ အဖိုးတန်​အမှန်တရားတွေကို ပုံမှန်​ လေ့လာပြီး တွေးတော​ဆင်ခြင်​ဖို့ အချိန်​ဖယ်​ထားပါ။ ဒါဆိုရင် အမှန်တရားကို လေးမြတ်​လာပြီး မရောင်း​ဘူးဆိုတဲ့ စိတ်ပိုင်းဖြတ်ချက် ခိုင်မာ​လာမယ်။ “ဉာဏ်ပညာ၊ ဆုံးမမှု၊ သိနားလည်မှု​ကိုလည်း ဝယ်” ဖို့ ပညာအလိမ္မာ ၂၃:၂၃ မှာ ပြော​ထားတယ်။ အသိပညာ​ရှိ​ရုံ​နဲ့ မလုံလောက်​ဘူး။ သိ​တာတွေကို ဘဝမှာ ကျင့်သုံး​ရမယ်။ ဉာဏ်ပညာက သိတဲ့​အတိုင်း လုပ်ဆောင်ဖို့ လှုံ့ဆော်​ပေးတယ်။ သိနားလည်မှု​က ယေဟော​ဝါရဲ့ မိန့်မှာ​ချက်​အားလုံး ရှေ့နောက်​ညီညွတ်​ကြောင်း ပိုင်းခြား​သိမြင်​စေတယ်။ ကျမ်းစာ​ဆုံးမ​စကား​က ကိုယ်​ပြုပြင်​ဖို့​လို​တဲ့ ကဏ္ဍ​တွေကို သိလာ​စေတယ်။ ငွေ​ထက် ပို​တန်ဖိုးရှိတဲ့ အဲဒီ​ဆုံးမ​စကား​တွေကို ချက်ချင်း လိုက်နာ​ဖို့ လိုတယ်။​—ပညာ. ၈:၁၀

၁၅။ အမှန်တရား​ခါးပန်း​က ဘယ်လို ကာကွယ်ပေး​သလဲ။

၁၅ ဒုတိယ၊ အမှန်တရား​နဲ့​အညီ နေ့တိုင်း အသက်ရှင်ဖို့ စိတ်ပိုင်းဖြတ်​ထားပါ။ အမှန်တရား​ခါးပန်းကို စည်း​ထားပါ။ (ဧ. ၆:၁၄) ကျမ်းစာ​ခေတ်​က စစ်သား​တစ်ယောက်ရဲ့ ခါးပတ်ဟာ ခါး​နဲ့ ကိုယ်​တွင်း​အင်္ဂါ​တွေကို ကာကွယ်​ပေးတယ်။ ဒါပေမဲ့​ ကာကွယ်မှု​ရဖို့ ခါးပတ်ကို တင်းတင်း ပတ်​ထားရမယ်။ ချောင်နေရင် အကာအကွယ် ကောင်းကောင်း​ရမှာ မဟုတ်​ဘူး။ အမှန်တရား​ခါးပန်း​က ကျွန်တော်​တို့ကို ဘယ်လို ကာကွယ်ပေး​သလဲ။ တင်းတင်း​ စည်း​ထားမယ်​ဆိုရင် မှားယွင်းတဲ့ အတွေးအခေါ်​တွေ မဝင်​အောင်၊ ပညာရှိ ဆုံးဖြတ်ချက်တွေ​ ချနိုင်​အောင် ကူညီ​ပေးပါလိမ့်မယ်။ သွေးဆောင်မှု၊ စမ်းသပ်​မှုတွေ ကြုံရတဲ့​အခါ​ ကျမ်းစာ​အမှန်တရားက မှန်ရာ​လုပ်မယ်​ဆိုတဲ့ စိတ်ပိုင်းဖြတ်ချက်ကို ခိုင်မာစေပါ​လိမ့်မယ်။ ခါးပတ်​မပါဘဲ တိုက်ပွဲဝင်​မှာ မဟုတ်​တဲ့ စစ်သား​လို​ပဲ အမှန်တရား​ခါးပန်းကို တင်းတင်း​စည်းထား​ဖို့၊ ဘယ်တော့မှ မ​ချွတ်​ဖို့ စိတ်ပိုင်းဖြတ်​ထားရမယ်။ ခါးပတ်​မှာ ဓား​ချိတ်​ဖို့ နေရာလည်း ရှိတယ်။ အဲဒါ​က အမှန်တရား​နဲ့​အညီ အသက်ရှင်မယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်ချက်ကို ခိုင်မာ​စေမယ့် နောက်​တစ်နည်း​ပါပဲ။

၁၆။ တခြား​သူတွေကို အမှန်တရား ဝေမျှခြင်းက အမှန်တရား​လမ်းမှာ ဆက်လျှောက်​မယ်​ဆိုတဲ့ စိတ်ပိုင်းဖြတ်ချက်ကို ဘယ်လို ခိုင်မာ​စေ​သလဲ။

၁၆ တတိယ၊ တခြား​သူတွေကို ကျမ်းစာ​အမှန်တရား သွန်သင်ပေး​ခြင်း​မှာ အပြည့်အဝ ပါဝင်ပါ။ ဒါဆိုရင် “ဘုရား​သခင့် တရား​စကား​” ဖြစ်တဲ့ ဓား​ကို မြဲ​မြဲ​ဆွဲကိုင်​ပါလိမ့်မယ်။ (ဧ. ၆:၁၇) “အမှန်တရား​နဲ့​ဆိုင်တဲ့ တရားစကား​ကို ပိုင်ပိုင်နိုင်နိုင် သွန်သင်​ရှင်းပြ​နိုင်”​ သူတွေ​အဖြစ်​ ကျွန်တော်​တို့​အားလုံး တိုးတက်​နိုင်ပါတယ်။ (၂ တိ. ၂:၁၅) အမှန်တရားကို ဝယ်​ဖို့၊ အမှားတွေကို ငြင်းပယ်ဖို့ တခြား​သူတွေကို ကျမ်းစာ​သုံးပြီး ကူညီ​တဲ့​အခါ​ ကျမ်းစာ​အမှန်တရားကို ကျွန်တော်​တို့ ပိုချစ်မြတ်နိုး​လာမယ်။ ဒီ​နည်း​အားဖြင့် အမှန်တရား​လမ်းမှာ ဆက်လျှောက်​မယ်​ဆိုတဲ့ စိတ်ပိုင်းဖြတ်ချက် ခိုင်မာ​လာမယ်။

၁၇။ အမှန်တရားက သင့်အတွက်​ ဘာကြောင့် တန်ဖိုး​ရှိသလဲ။

၁၇ အမှန်​တရားဟာ ယေဟော​ဝါ​ဆီက အဖိုးတန်​လက်ဆောင်​ပါ။ ဒီ​လက်ဆောင်​ကြောင့် ဘုရား​နဲ့ ရင်းနှီး​တဲ့ ဆက်ဆံရေး ရှိ​လာတယ်။ အခု​ချိန်မှာ ယေဟော​ဝါ သွန်သင်ပေး​တာ​တွေဟာ အစ​ပဲ ရှိသေးတယ်။​ ထာဝရ​သွန်သင်​ပေးမယ်လို့ ကတိပေး​ထားတယ်။ ဒါကြောင့်​ အမှန်တရားကို တန်ဖိုး​ထားပါ။ “အမှန်တရားကို ဝယ်ပါ။ ဘယ်တော့မှ မရောင်းနဲ့။” ဒါဆို ဒါဝိဒ်လို “အမှန်တရား​လမ်းမှာ လျှောက်ပါ့မယ်” ဆိုပြီး ယေဟော​ဝါကို ပေးခဲ့တဲ့ ကတိအတိုင်း အသက်ရှင်​နိုင်​ပါလိမ့်မယ်။—ဆာ. ၈၆:၁၁

^ အပိုဒ်၊ 8 နာမည်​တွေကို ပြောင်းထား​ပါတယ်။

^ အပိုဒ်၊ 8 JW ရုပ်သံ လူတွေ့​မေးမြန်းမှု​များ၊ တွေ့ကြုံမှုများ > အမှန်တရားက ဘဝပုံစံကို ပြောင်းလဲ​ပေး မှာ ကြည့်ပါ။