မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စွမ်းအားတော် လမ်းပြမှုနောက် လိုက်တဲ့သူအဖြစ် ဆက်တိုးတက်နေပါ

စွမ်းအားတော် လမ်းပြမှုနောက် လိုက်တဲ့သူအဖြစ် ဆက်တိုးတက်နေပါ

“စွမ်းအားတော်​ရဲ့ လမ်းပြမှု​အတိုင်း အမြဲ​လျှောက်လှမ်း​ကြပါ။”—ဂ​လ. ၅:၁၆

သီချင်း– ၂၂၊ ၇၅

၁၊ ၂။ ညီအစ်ကို​တစ်ယောက် ဘာ​နားလည်​လာ​သလဲ။ ဘာလုပ်ခဲ့သလဲ။

ရောဘတ်​ဟာ ဆယ်ကျော်သက်​အရွယ်မှာ နှစ်ခြင်းခံ​ခဲ့​ပေ​မဲ့ အမှန်တရားကို အလေးအနက် မထား​ခဲ့ဘူး။ “အမှား​တစ်ခု​မှ မ​လုပ်​ပေ​မဲ့ ဘုရားရေးရာ​မှာ​တော့ အပေါ်ယံ​လောက်​ပဲ။ ဘုရားရေးရာ​ဘက်မှာ​ကောင်း​နေတယ်​လို့ ထင်​ရတယ်။ အစည်းအဝေး​အားလုံး တက်တယ်။ နှစ်​တိုင်း အရန်ရှေ့ဆောင်​လည်း လုပ်တယ်။ ဒါပေမဲ့ တစ်ခုခု လစ်ဟာ​နေတယ်” လို့ ရောဘတ် ပြောတယ်။

အိမ်ထောင်ကျ​ပြီးမှ​ပဲ ဘာ​မှား​နေသလဲ​ဆိုတာ ရောဘတ် သိတော့​တယ်။ ဇနီးမောင်နှံ​နှစ်ယောက် ကျမ်းစာ​ပဟေဠိ​မေးခွန်း​တွေ အပြန်အလှန် မေးတတ်​ကြ​တယ်။ ဘုရားရေးရာ​စိတ်ဓာတ်ရှိ​တဲ့ ဇနီးက မေးခွန်း​တွေကို ရှော​ရှော​ရှူ​ရှူ ဖြေနိုင်​ပေ​မဲ့ ရောဘတ်​က​တော့ ဘာ​ပြော​ရ​မှန်း မသိ​လို့ အမြဲ စိတ်​ကသိကအောက် ဖြစ်​ရတယ်။ “ကျွန်တော် ဘာမှ မသိ​သလိုပဲ။ ‘ဘုရားရေးရာ​မှာ ဇနီးကို ဦးဆောင်​နိုင်​ဖို့ တစ်ခုခု လုပ်​မှ ဖြစ်မယ်’ လို့ စဉ်းစား​မိတယ်” လို့ပြောတယ်။ အဲဒီ​အတိုင်း ရောဘတ် လုပ်​ခဲ့တယ်။ “ကျမ်းစာကို အပတ်တကုတ် လေ့လာ​လို့ တဖြည်းဖြည်း ရုပ်လုံးပေါ်​လာတယ်။ အသိပညာ တိုးလာ​တယ်။ အရေးကြီးဆုံး​က​တော့ ယေဟောဝါနဲ့ ရင်းနှီး​လာတယ်” လို့ပြောတယ်။

၃။ (က) ရောဘတ်​ရဲ့ အတွေ့အကြုံ​က​နေ ဘာ​သိနိုင်​သလဲ။ (ခ) အခု အရေးကြီးတဲ့ ဘယ်​အချက်တွေကို ဆွေးနွေးသုံးသပ်​ကြ​မ​လဲ။

ရောဘတ်​ရဲ့ အတွေ့အကြုံ​က​နေ ဘာသင်ယူနိုင်သလဲ။ ကျွန်တော်တို့​မှာ ကျမ်းစာ​အသိပညာ နည်းနည်း ရှိ​ကောင်း​ရှိမယ်။ အသင်းတော်​နဲ့ ပုံမှန် ပေါင်းသင်း​နေမယ်။ ဒါပေမဲ့ ဒီလောက်​နဲ့ စွမ်းအားတော် လမ်းပြမှု​နောက် လိုက်​သူ ဖြစ်မလာ​ဘူး။ တိုးတက်​နေ​ပေ​မဲ့ ကိုယ့်ကိုယ်ကိုယ် ထပ်​ဆန်းစစ်​တဲ့အခါ တိုးတက်​စရာ​တွေ ရှိသေး​တာ သိလာ​နိုင်တယ်။ (ဖိ. ၃:၁၆) ဆက်တိုးတက်​ရာမှာ အကူအညီ​ဖြစ်စေ​ဖို့ ဒီဆောင်းပါးမှာ အရေးကြီးတဲ့​မေးခွန်း သုံးခု​ကို အဖြေပေး​သွား​ပါမယ်။ (၁) ကိုယ့်​ဘုရားရေးရာ အခြေအနေမှန်​ကို ဆန်းစစ်​ဖို့ ဘာက ကူညီပေး​မ​လဲ။ (၂) ဘုရားတရား​စိတ်ဓာတ် ဘယ်လို ပျိုးထောင်​ပြီး စွမ်းအားတော် လမ်းပြမှု​နောက် လိုက်​သူ​အဖြစ် ဘယ်လို ဆက်တိုးတက်​နိုင်သလဲ။ (၃) ဘုရားတရား​စိတ်ဓာတ် ခိုင်မာခြင်း​က နေ့စဉ် အသက်တာမှာ ဘယ်လို ကူညီ​ပေးနိုင်သလဲ။

ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ခြင်း

၄။ ဧဖက် ၄:၂၃၊ ၂၄ မှာ​ပါတဲ့ အကြံဉာဏ်​က ဘယ်သူ​တွေနဲ့ သက်ဆိုင်​သလဲ။

ဘုရားသခင့် ကျေးကျွန်​တွေ ဖြစ်လာတဲ့​အခါ ကျွန်တော်တို့ ပြုပြင်​ပြောင်းလဲ​ခဲ့ကြတယ်။ အဲဒီ​ပြောင်းလဲမှု​က ဘဝ​ကဏ္ဍ​တိုင်း​အပေါ် အကျိုးသက်ရောက်​ခဲ့တယ်။ ဒါပေမဲ့ နှစ်ခြင်းခံ​ရုံ​နဲ့ မပြီးသေး​ဘူး။ “စိတ်သဘော​ကို အသစ်​ဖြစ်အောင် အမြဲ​ပြုပြင်​နေ​ရမယ်။” (ဧ. ၄:၂၃၊ ၂၄) မစုံလင်​တဲ့အတွက် အမြဲ​ပြုပြင်​ပြောင်းလဲ​နေ​ရမယ်။ ယေဟောဝါရဲ့ ဝါရင့်​ကျေးကျွန်​တွေတောင် ဘုရားတရား​စိတ်ဓာတ် ထိန်းသိမ်း​ထားရမယ်။—ဖိ. ၃:၁၂၊ ၁၃

၅။ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်​ဖို့ ဘယ်​မေးခွန်း​တွေ မေး​နိုင်သလဲ။

ဘုရားတရား​စိတ်ဓာတ် တိုးပွား​နေဖို့၊ ထိန်းသိမ်း​ထား​ဖို့ ကိုယ့်ကိုယ်ကိုယ် ရိုးရိုးသားသား ဆန်းစစ်​ရမယ်။ အသက်ကြီး​သည်​ဖြစ်စေ၊ ငယ်​သည်​ဖြစ်စေ ဒီမေးခွန်း​တွေ မေးနိုင်တယ်– ‘စွမ်းအားတော် လမ်းပြမှု​နောက် လိုက်​သူ​အဖြစ် တိုးတက်​နေ​ကြောင်း ဖော်ပြ​တဲ့ အပြောင်းအလဲ​တွေကို ငါ​သတိထား​မိ​သလား။ ငါ့​ကိုယ်ရည်ကိုယ်သွေး​ဟာ ခရစ်တော်​နဲ့ တူ​လာ​သလား။ ခရစ်ယာန် အစည်းအဝေးတွေမှာ ငါ့​သဘောထား​နဲ့ အပြုအမူ​က ဘုရားတရား​စိတ်ဓာတ်​အကြောင်း ဘာ​ဖော်ပြသလဲ။ ငါ့​အပြောအဆို​တွေ​က ငါ့​အလိုဆန္ဒ​တွေအကြောင်း ဘာ​ဖော်ပြ​နေသလဲ။ လေ့လာမှု အလေ့အထ၊ ဝတ်စား​ဖြီးလိမ်းပုံ၊ အကြံပေးချက်​ကို တုံ့ပြန်ပုံ​က ငါ့​အကြောင်း ဘာ​ဖော်ပြသလဲ။ သွေးဆောင်မှု​တွေ ကြုံရတဲ့​အခါ ဘယ်လို တုံ့ပြန်​သလဲ။ ငါ​ဟာ ရင့်ကျက်​တဲ့​ခရစ်ယာန် ဖြစ်နေ​ပြီ​လား။’ (ဧ. ၄:၁၃) အဲဒီ​မေးခွန်း​တွေရဲ့ အဖြေကို စဉ်းစားခြင်း​က ကိုယ့်​တိုးတက်မှု​ကို သိရှိ​အောင် ကူညီ​ပေး​နိုင်တယ်။

၆။ ကိုယ့်​ဘုရားရေးရာ အခြေအနေကို ဆန်းစစ်​ဖို့ ဘာ​လိုအပ်​သေး​သလဲ။

ကိုယ့်​ဘုရားရေးရာ အခြေအနေကို ဆန်းစစ်​ဖို့ တခြား​သူတွေ​ဆီက အကူအညီ လိုအပ်​တဲ့အခါ​တွေ ရှိ​နိုင်တယ်။ စိတ်​အလိုလိုက်​သူ​ဟာ ဘုရား​သခင်​ရှေ့ ကိုယ့်​အခြေအနေ မှား​နေတာကို မသိ​မြင်နိုင်​ဘူးလို့ တမန်တော် ပေါလု ထောက်ပြ​တယ်။ စွမ်းအားတော် လမ်းပြမှု​နောက် လိုက်​သူက​တော့ ဘုရားသခင့် ရှုမြင်ပုံ၊ စိတ်​အလိုလိုက်​သူရဲ့ မှားယွင်းတဲ့​လမ်းစဉ်​ကို သိနားလည်​တယ်။ (၁ ကော. ၂:၁၄-၁၆။ ၃:၁-၃) ခရစ်တော်ရဲ့ စိတ်သဘောထား ရှိတဲ့ အကြီးအကဲ​တွေဟာ စိတ်​အလိုလိုက်​တဲ့ အတွေးအခေါ်​ရဲ့ ကနဦး လက္ခဏာ​တွေကို သိမြင်​လေ့ရှိတယ်။ အဲဒီ​အကြောင်း ကျွန်တော်တို့ကို သတိပေး​လာတဲ့အခါ လက်ခံကျင့်သုံး​သလား။ လက်ခံကျင့်သုံး​ခြင်းအားဖြင့် ဘုရားရေးရာ​ဘက် တိုးတက်​လို​ကြောင်း ဖော်ပြ​ကြ​တယ်။—ဒေ. ၇:၅၊ ၉

ဘုရားတရား​စိတ်ဓာတ် ပျိုးထောင်​ခြင်း

၇။ ဘုရားတရား​စိတ်ဓာတ်ရှိ​သူ ဖြစ်ဖို့ ကျမ်းစာ​အသိပညာ ရှိ​ရုံ​နဲ့ ဘာကြောင့် မလုံလောက်​သလဲ။

ဘုရားတရား​စိတ်ဓာတ်ရှိ​သူ ဖြစ်ဖို့ ကျမ်းစာ အသိပညာ ရှိ​ရုံ​နဲ့ မလုံလောက်​ကြောင်း သတိရပါ။ ရှေးခေတ် ဘုရင်​ရှောလမုန်​ဟာ ယေဟောဝါရဲ့ နည်းလမ်း​တွေအကြောင်း အများကြီး သိတယ်။ သူ့​စကား​တွေဟာ နောက်ပိုင်းမှာ ကျမ်းစာ​ရဲ့ အစိတ်အပိုင်း ဖြစ်လာတယ်။ နောက်ဆုံးမှာ​တော့ ယေဟောဝါအပေါ် သစ္စာ​မရှိ​ခဲ့ဘူး၊ စွမ်းအားတော် လမ်းပြမှု​နောက် ဆက်​မလို​က်​ခဲ့ဘူး။ (၁ ဘု. ၄:၂၉၊ ၃၀။ ၁၁:၄-၆) ဒါဆိုရင် ကျမ်းစာ​အသိပညာ​အပြင် ဘာ​လို​သေး​သလဲ။ ယုံကြည်ခြင်း​မှာ ဆက်တိုးတက်​နေ​သူ ဖြစ်​ရမယ်။ (ကော. ၂:၆၊ ၇) ဘယ်လိုနည်းနဲ့ တိုးတက်​နိုင်မလဲ။

၈၊ ၉။ (က) ယုံကြည်ခြင်း တိုးတက်​နေဖို့ ဘာက ကူညီပေး​မ​လဲ။ (ခ) လေ့လာ​တာ၊ တွေးတော​ဆင်ခြင်​တာ​က ဘာ​ပန်းတိုင်​အတွက်​လဲ။ (ဆောင်းပါး​အစမှာ​ပါတဲ့ ပုံကို ကြည့်ပါ။)

ပထမရာစု ခရစ်ယာန်​တွေကို “ရင့်ကျက်​တဲ့​အဖြစ်​ကို တက်လှမ်း​ကြ” ဖို့ ပေါလု တိုက်တွန်း​ခဲ့တယ်။ (ဟီ. ၆:၁) ပေါလု​ရဲ့ အကြံပေးချက်​ကို လိုက်နာ​ဖို့ ဘာ​လုပ်​နိုင်သလဲ။ အရေးကြီးတဲ့​အချက်​က​တော့ ဘုရားသခင့်​မေတ္တာ ခံစားရ​စေမယ့်​အရာ​ကို အမြဲ​လုပ်ဆောင်​ပါစာအုပ်ကို လေ့လာခြင်း​ပါပဲ။ အဲဒီစာအုပ်ကို အပြီး​လေ့လာ​မယ်ဆိုရင် အသက်တာမှာ ကျမ်းစာ​အခြေခံ​မူတွေ ကျင့်သုံးနိုင်ပုံ​ကို သိမြင်​လာပါလိမ့်မယ်။ အဲဒီစာအုပ်ကို လေ့လာပြီး​ပြီ​ဆိုရင် ယုံကြည်ခြင်း တိုးတက်စေ​နိုင်တဲ့ တခြား​စာပေ​တွေ ဆက်လေ့လာ​နိုင်မလား။ (ကော. ၁:၂၃) လေ့လာတဲ့​အရာ​ကို ဘယ်လို ကျင့်သုံး​နိုင်သလဲ​ဆိုတာ ဆုတောင်းပြီး ဆင်ခြင်​သလား။

ကျွန်တော်တို့ လေ့လာ​ဆင်ခြင်​တဲ့အခါ ယေဟောဝါရဲ့ နှစ်သက်မှု ရရှိ​ချင်တဲ့​စိတ်၊ ပညတ်​တွေ နာခံ​ချင်တဲ့​စိတ် ပျိုးထောင်​ဖို့ ဆိုတဲ့ ပန်းတိုင်​နဲ့ ဖြစ်​သင့်တယ်။ (ဆာ. ၄၀:၈။ ၁၁၉:၉၇) တစ်ချိန်​တည်းမှာ တိုးတက်မှု​ကို ဟန့်တား​မယ့်​အရာ​တွေကို ရှောင်​ရမယ်။—တိ. ၂:၁၁၊ ၁၂

၁၀။ ဘုရားတရား​စိတ်ဓာတ် ပျိုးထောင်​ဖို့ လူငယ်တွေ ဘာ​လုပ်​နိုင်သလဲ။

၁၀ သင်ဟာ လူငယ်​တစ်ယောက် ဖြစ်မယ်ဆိုရင် သတ်သတ်မှတ်မှတ် ဘုရားရေးရာ ပန်းတိုင်တွေ ရှိ​သလား။ ဗေသလ ညီအစ်ကို​တစ်ယောက်က တိုက်နယ်​အစည်းအဝေး​တွေ တက်​တဲ့အခါ အစီအစဉ် မစ​ခင် နှစ်ခြင်းခံ​မယ့်​သူတွေနဲ့ စကားပြော​လေ့ရှိတယ်။ သူတို့​အများစုက လူငယ်တွေ။ ဘာ​ဘုရားရေးရာ ပန်းတိုင်တွေ ရှိ​သလဲ​လို့ သူတို့ကို မေးတဲ့​အခါ အချိန်ပြည့်​လုပ်ငန်း​တစ်မျိုးမျိုး​မှာ ပါဝင်ဖို့၊ သတင်းကောင်း ကြေညာသူ ပိုလိုအပ်​တဲ့​နေရာမှာ အမှုဆောင်ဖို့​စတဲ့ သတ်သတ်မှတ်မှတ် ပန်းတိုင်တွေ အများစု​မှာ ရှိ​ကြ​တယ်။ ဒါပေမဲ့ အဖြေမရှိတဲ့ လူငယ်​တွေလည်း ရှိတယ်။ အဲဒါက သတ်သတ်မှတ်မှတ် ပန်းတိုင်တွေ​ချဖို့ မဆုံး​ဖြတ်​ထားတာကို ဖော်ပြနေသလား။ လူငယ်​တစ်ယောက်​အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– ‘မိဘတွေ​ကြောင့်​ပဲ ခရစ်ယာန်လုပ်ငန်း​ဆောင်​တာ​တွေမှာ ပါဝင်​နေ​သလား။ ဘုရား​သခင်​နဲ့ ရင်းနှီးတဲ့​ဆက်ဆံရေး​ရှိအောင် လုပ်ဆောင်​နေ​သလား။’ ဘုရားရေးရာ​ပန်းတိုင်တွေ ချမှတ်​ဖို့ အကြံပြုချက်​က လူငယ်တွေ​နဲ့​ပဲ သက်ဆိုင်​တာ မဟုတ်ပါဘူး။ ပန်းတိုင်တွေ ချမှတ်ခြင်း​အားဖြင့် ယေဟောဝါရဲ့ ကျေးကျွန်​အားလုံး ဘုရားတရား​စိတ်ဓာတ် ခိုင်မာ​လာပါလိမ့်မယ်။—ဒေ. ၁၂:၁၊ ၁၃

၁၁။ (က) ဘုရားရေးရာ​ဘက်မှာ အမှန်တကယ် တိုးတက်​နေဖို့ ဘာလုပ်ရမလဲ။ (ခ) ဘယ်​ကျမ်းစာ​ပုံနမူနာ​ကို တုပ​နိုင်သလဲ။

၁၁ တိုးတက်​ရမယ့်​ကဏ္ဍ​တွေကို သိ​ပြီ​ဆိုရင် တိုးတက်​ဖို့ တစ်ဆင့်​ပြီး တစ်ဆင့် လုပ်ဆောင်​ပါ။ စွမ်းအားတော် လမ်းပြမှု​နောက် လိုက်​သူ​ဖြစ်ဖို့ အလွန်​အရေးကြီးတယ်။ သေရေးရှင်ရေး​ကိစ္စ ဖြစ်တယ်။ (ရော. ၈:၆-၈) ဒါပေမဲ့ ဘုရားရေးရာ​မှာ ရင့်ကျက်သူ​ဖြစ်ဖို့ စုံလင်​ရမယ်လို့ မဆိုလို​ဘူး။ လိုအပ်​သလို တိုးတက်​နိုင်​ဖို့ ယေဟောဝါရဲ့ စွမ်းအားတော် ကူညီပေး​နိုင်ပါတယ်။ ကြိုးစား​အားထုတ်​ဖို့​တော့ လိုတယ်။ အုပ်ချုပ်ရေး​အဖွဲ့ဝင် ဂျွန်​ဘား​က လွန်ခဲ့တဲ့​နှစ် အနည်းငယ်​တုန်းက လုကာ ၁၃:၂၄ ကို မှတ်ချက် ပေး​ပြီး “တိုးတက်​ဖို့ အားသွန်ခွန်စိုက် မကြိုးစား​တဲ့အတွက် လူ​များစွာ​ဟာ မဝင်​နိုင်ကြဘူး” လို့ ပြောခဲ့တယ်။ ကောင်းချီး​ရတဲ့​အထိ ကောင်းကင်တမန်​နဲ့ နပန်း​လုံး​ခဲ့တဲ့ ယာကုပ်​လို ဖြစ်ဖို့ လိုတယ်။ (က. ၃၂:၂၆-၂၈) ကျမ်းစာ​လေ့လာ​ရတာ ပျော်စရာ​ကောင်း​ပေ​မဲ့ အပျော်တမ်း ဝတ္ထု​ဖတ်​သလို မဖတ်​သင့်​ဘူး။ ကျွန်တော်တို့ကို ကူညီပေးမယ့် ဘုရားရေးရာ ရတနာ​တွေ ရှာ​ဖို့ ကြိုးစား​ရမယ်။

၁၂၊ ၁၃။ (က) ရောမ ၁၅:၅ ကို ကျင့်သုံး​ဖို့ ဘာက ကူညီပေး​မ​လဲ။ (ခ) ပေတရု​ရဲ့ စံနမူနာ​နဲ့ အကြံပြုချက်​က ကျွန်တော်တို့ကို ဘယ်လို ကူညီ​ပေးနိုင်သလဲ။ (ဂ) ဘုရားတရား​စိတ်ဓာတ် ပျိုးထောင်​ဖို့ ဘာ​လုပ်​နိုင်သလဲ။ (“ ဘုရားရေးရာ​ဘက် တိုးတက်အောင် လုပ်ဆောင်နိုင်ပုံ” လေးထောင့်ကွက်​ကို ကြည့်ပါ။)

၁၂ ဘုရားတရား​စိတ်ဓာတ် ပျိုးထောင်​ဖို့ ကြိုးစား​တဲ့အခါ ကျွန်တော်တို့ရဲ့ စိတ်​ကို ပြောင်းလဲ​နိုင်​ဖို့ သန့်ရှင်းသော စွမ်းအားတော် ကူညီ​ပေးပါ​လိမ့်မယ်။ စွမ်းအားတော် အကူအညီ​အားဖြင့် ခရစ်တော်​လို ပို​စဉ်းစား​လာနိုင်​မယ်။ (ရော. ၁၅:၅) သွေးသားဆန္ဒ​တွေကို ဆွဲနုတ်​ဖို့၊ ဘုရား​သခင် နှစ်သက်​တဲ့ အရည်အသွေး​တွေ မွေးမြူ​နိုင်​ဖို့​လည်း ကူညီ​ပေးပါ​လိမ့်မယ်။ (ဂ​လ. ၅:၁၆၊ ၂၂၊ ၂၃) ကျွန်တော်တို့ရဲ့ စိတ်​က ပစ္စည်းဥစ္စာ​ဘက်၊ သွေးသားဆန္ဒ​ဘက် တိမ်းယိမ်း​လာတဲ့အခါ အလျှော့မပေး​သင့်​ဘူး။ စွမ်းအားတော် ရဖို့ အမြဲ​ဆုတောင်း​ပါ။ တော်မှန်​ရာတွေကို ပြန်​အာရုံစိုက်​နိုင်အောင် ယေဟောဝါ ကူညီ​ပေးပါ​လိမ့်မယ်။ (လု. ၁၁:၁၃) တမန်တော် ပေတရု​ကို သတိရပါ။ စွမ်းအားတော် လမ်းပြမှု​နောက် လိုက်တဲ့​သူ​လို မပြု​မူ​ခဲ့တာ အကြိမ်ကြိမ်​ပဲ။ (မ. ၁၆:၂၂၊ ၂၃။ လု. ၂၂:၃၄၊ ၅၄-၆၂။ ဂ​လ. ၂:၁၁-၁၄) ဒါပေမဲ့ လက်မလျှော့​ခဲ့ဘူး။ ယေဟောဝါရဲ့ အကူအညီ​ကြောင့် ခရစ်တော်​လို စဉ်းစား​တတ်​လာတယ်။ ကျွန်တော်တို့​လည်း အလားတူ ဖြစ်နိုင်​ပါတယ်။

၁၃ ကျွန်တော်တို့ လုပ်ဆောင်​နိုင်တဲ့ သတ်သတ်မှတ်မှတ်​အရာတွေ​ကိုလည်း နောက်ပိုင်းမှာ ပေတရု ထောက်ပြ​ခဲ့တယ်။ (၂ ပေတရု ၁:၅-၈ ကို​ဖတ်ပါ။) ချုပ်တည်းခြင်း၊ ခံနိုင်ရည်၊ ညီ​ရင်း​အစ်ကို ချစ်ခြင်း​စတဲ့ အရည်အသွေး​တွေ မွေးမြူဖို့ “အစွမ်းကုန် ကြိုးစား​အားထုတ်” မယ်ဆိုရင် စွမ်းအားတော် လမ်းပြမှု​နောက် လိုက်​သူ​အဖြစ် ဆက်တိုးတက်​နေ​အောင် ထောက်ကူ​ပေးပါ​လိမ့်မယ်။ ဒါကြောင့် ‘ဘုရားရေးရာ​ဘက် တိုးတက်အောင် ဒီနေ့ ငါ​ဘာ​လုပ်​နိုင်သလဲ’ လို့ နေ့တိုင်း ကိုယ့်ကိုယ်ကိုယ် မေးပါ။

ကျမ်းစာ​အခြေခံ​မူတွေ​ကို နေ့စဉ်​အသက်တာမှာ ကျင့်သုံးပါ

၁၄။ စွမ်းအားတော် လမ်းပြမှု​နောက် လိုက်ခြင်း​က အသက်တာ​အပေါ် ဘယ်လို အကျိုးသက်ရောက်​မ​လဲ။

၁၄ ခရစ်တော်​လို စဉ်းစား​တာ​က အလုပ်မှာ၊ ကျောင်းမှာ၊ စကားပြော​ဆို​တဲ့အခါ၊ နေ့စဉ် ဆုံးဖြတ်ချက် ချတဲ့အခါ အကျိုးသက်ရောက်​ပါလိမ့်မယ်။ အဲဒီ​ဆုံးဖြတ်ချက်​တွေ​က ခရစ်တော်ရဲ့ နောက်လိုက်​ဖြစ်ဖို့ ကြိုးစား​နေ​ကြောင်း ဖော်ပြ​ပါလိမ့်မယ်။ စွမ်းအားတော် လမ်းပြမှု​နောက် လိုက်​သူ​အနေနဲ့ ကောင်းကင်ဘုံ​စံ ဖခင်​နဲ့ ဆက်ဆံရေး မပြတ်​ချင်ဘူး။ သွေးဆောင်မှု​တွေ ကြုံရတဲ့​အခါ တွန်းလှန်​ဖို့ ကျွန်တော်တို့​မှာ​ရှိတဲ့ ခရစ်တော်ရဲ့ စိတ်သဘောထား​က လှုံ့ဆော်ပေး​ပါလိမ့်မယ်။ ဆုံးဖြတ်ချက်​တွေ ချတဲ့အခါ ဒီမေးခွန်း​တွေကို ထည့်စဉ်းစားပါ– ‘ဆုံးဖြတ်​ဖို့ ဘယ်​ကျမ်းစာ​အခြေခံ​မူတွေ​က ကူညီပေး​မ​လဲ။ ဒီ​အခြေအနေ​မှာ ခရစ်တော်​သာ​ဆိုရင် ဘာ​လုပ်​မ​လဲ။ ဘယ်​ဆုံးဖြတ်ချက်​ကို ယေဟောဝါ နှစ်သက်​မ​လဲ။’ အဲဒီလို စဉ်းစား​တတ်အောင် လေ့ကျင့်​ဖို့ အခြေအနေ​တချို့ကို သုံးသပ်ကြည့်​ကြစို့။ ကိစ္စ​တစ်ခုစီ​မှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချနိုင်အောင် ကူညီပေးမယ့် ကျမ်းစာ​အခြေခံ​မူ​တစ်ခုကို ရှာဖွေ​ကြပါ​မယ်။

၁၅၊ ၁၆။ ခရစ်တော်​လို စဉ်းစားခြင်း​က (က) အိမ်ထောင်ဖက် ရွေးချယ်ခြင်း၊ (ခ) အပေါင်းအသင်း ရွေးချယ်ခြင်း​နဲ့ပတ်သက်ပြီး ပညာရှိရှိ ဆုံးဖြတ်​နိုင်​ဖို့ ဘယ်လို ကူညီ​ပေးနိုင်သလဲ။

၁၅ အိမ်ထောင်ဖက် ရွေးချယ်ခြင်း။ ကျမ်းစာမူ​ကို ၂ ကောရိန္သု ၆:၁၄၊ ၁၅ (ဖတ်ပါ) မှာ တွေ့ရတယ်။ စွမ်းအားတော် လမ်းပြမှု​နောက် လိုက်​သူ​ဟာ စိတ်​အလိုလိုက်​သူနဲ့ အပြည့်အဝ တွဲဖက်​မညီ​နိုင်​ဘူးလို့ ပေါလု​ရဲ့ စကား​တွေ​က အတိအလင်း ဖော်ပြတယ်။ အိမ်ထောင်ဖက် ရွေးချယ်​တဲ့အခါ ဒီအချက်ကို ဘယ်လို ကျင့်သုံး​နိုင်သလဲ။

၁၆ အပေါင်းအသင်း။ ကောရိန္သု ပထမ​စောင် ၁၅:၃၃ (ဖတ်ပါ) မှာ​ပါတဲ့ ကျမ်းစာ​အခြေခံ​မူကို သတိပြု​ကြည့်ပါ။ ဘုရားတရား​စိတ်ဓာတ်ရှိ​သူ​ဟာ ဘုရား​သခင်​နဲ့ ဆက်ဆံရေးကို ထိပါး​စေနိုင်​သူတွေနဲ့ မပေါင်းသင်း​ဘူး။ လက်တွေ့​ကျင့်သုံး​နိုင်​ဖို့ ဘယ်​မေးခွန်း​တွေ​က ကူညီ​ပေးနိုင်သလဲ။ ဥပမာ၊ ဒီ​အချက်​က လူ​မှု​ကွန်ရက်​နဲ့ ဘယ်လို သက်ဆိုင်​သလဲ။ သူစိမ်းတွေနဲ့ အွန်လိုင်း​ဂိမ်း ဆော့​ဖို့ ဖိတ်ခေါ်​ခံရ​တဲ့အခါ ဘာ​လုပ်​မ​လဲ။

ငါ့​ဆုံးဖြတ်ချက်​တွေ​က ဘုရားရေးရာ​ဘက် တိုးတက်​ဖို့ ကူညီပေး​သလား (အပိုဒ် ၁၇ ကိုကြည့်ပါ)

၁၇-၁၉။ ဘုရားရေးရာ​အမြင် ရှိ​ခြင်းက (က) အကျိုးမဲ့​တဲ့ လုပ်ဆောင်မှု​တွေကို ရှောင်​ဖို့၊ (ခ) ဘဝ​မှာ ပန်းတိုင်တွေ ချမှတ်​ဖို့၊ (ဂ) အငြင်းပွားမှု​တွေ ဖြေရှင်းဖို့ ဘယ်လို ကူညီပေး​မ​လဲ။

၁၇ ဘုရားရေးရာ တိုးတက်မှု​ကို ဟန့်တား​တဲ့ လုပ်ဆောင်မှုများ။ ခရစ်ယာန်ချင်း​တွေဆီ ရေးတဲ့ ပေါလု​ရဲ့ စကား​တွေမှာ သတိပေးချက် ပါဝင်တယ်။ (ဟီဘရူး ၆:၁ ကို​ဖတ်ပါ။) ကျွန်တော်တို့ ရှောင်​သင့်တဲ့ “သေခြင်း​နဲ့​ဆိုင်တဲ့ အကျင့်​တွေ” က ဘာ​တွေလဲ။ ဘုရားရေးရာ​ဘက် အကျိုး​မရှိတဲ့၊ အချည်းနှီး​သော လုပ်ဆောင်မှု မှန်သမျှ ဖြစ်တယ်။ ဒီ​အခြေခံ​မူ​က ဘဝ​မှာ ပေါ်လာ​နိုင်တဲ့ ဒီမေးခွန်း​တွေကို ဖြေဆို​ပေး​နိုင်တယ်– ‘ဒီ​လုပ်ဆောင်မှု​က သွေးသား​နဲ့​ဆိုင်တဲ့ အကျင့်​တွေမှာ ပါဝင်​သလား။ ငွေ​ရမယ့် ဒီ​လုပ်ငန်းမှာ ပါဝင်​သင့်​သလား။ လောကရဲ့ ပြုပြင်​ပြောင်းလဲရေး လှုပ်ရှားမှု​တွေမှာ ဘာကြောင့် မ​ပါဝင်​သင့်သလဲ။’

ငါ့​ဆုံးဖြတ်ချက်​တွေ​က ဘုရားရေးရာ ပန်းတိုင်တွေ ချဖို့ ကူညီပေး​သလား (အပိုဒ် ၁၈ ကိုကြည့်ပါ)

၁၈ ဘုရားရေးရာ​ပန်းတိုင်များ။ တောင်ပေါ်တရားတော်​မှာ ယေရှု ပြောခဲ့တဲ့​စကား​တွေ​က ပန်းတိုင်​ချမှတ်ခြင်း​နဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း လမ်းညွှန်​ပေးတယ်။ (မ. ၆:၃၃) စွမ်းအားတော် လမ်းပြမှု​နောက် လိုက်​သူ​ဟာ ဘုရားရေးရာ​ပန်းတိုင်တွေ ချမှတ်​တယ်။ အဲဒီ​အခြေခံ​မူကို စိတ်စွဲမှတ်​ထားခြင်း​က ဒီမေးခွန်း​တွေ ဖြေ​ဖို့ ကူညီပေးတယ်– ‘အဆင့်မြင့်ပညာရေး​ကို ငါ​လိုက်စား​သင့်​သလား။ ဒီ​အလုပ်ကို ငါ​လက်ခံသင့်​သလား။’

ငါ့​ဆုံးဖြတ်ချက်​တွေ​က “သင့်မြတ်” စေဖို့ ကူညီပေး​သလား (အပိုဒ် ၁၉ ကိုကြည့်ပါ)

၁၉ အငြင်းပွားမှု​များ။ ရောမမြို့မှာရှိတဲ့ အသင်းတော်​ကို ပေါလု​ပေးတဲ့ အကြံပြုချက်​က အငြင်းပွားမှုတွေကို ဖြေရှင်း​ရာမှာ ဘယ်လို ကူညီပေးသလဲ။ (ရော. ၁၂:၁၈) ခရစ်တော်ရဲ့ နောက်လိုက်​တွေအနေနဲ့ “လူအားလုံး​နဲ့ သင့်မြတ်​အောင်” ကျွန်တော်တို့ ကြိုးစား​ကြ​တယ်။ အငြင်းပွား​စရာ​တွေ ပေါ်လာ​တဲ့အခါ ဘယ်လို တုံ့ပြန်​သလဲ။ အလျှော့ပေး​ဖို့ ခက်​သလား။ “သင့်မြတ်​စေ​သူ” အဖြစ် လူသိများ​သလား။—ယာ. ၃:၁၈

၂၀။ စွမ်းအားတော် လမ်းပြမှု​နောက် လိုက်​သူ​အဖြစ် ဘာကြောင့် တိုးတက်​ချင်​သလဲ။

၂၀ စွမ်းအားတော် လမ်းပြမှု​နောက် လိုက်​ကြောင်း ဖော်ပြ​တဲ့ ဆုံးဖြတ်ချက်​တွေ ချဖို့ ကျမ်းစာ​အခြေခံ​မူတွေ​က ကူညီ​ပေး​နိုင်တယ်​ဆိုတဲ့ နမူနာ​တချို့​သာ ဖြစ်တယ်။ စွမ်းအားတော် လမ်းပြမှု​နောက် လိုက်ခြင်း​က နေ့စဉ် ဘဝကို ပို​ပျော်ရွှင်​ကျေနပ်​စေတယ်။ ဆောင်းပါး​အစမှာ ဖော်ပြခဲ့တဲ့ ရောဘတ် ဒီလိုပြောတယ်– “ယေဟောဝါနဲ့ ဆက်ဆံရေး ကောင်း​လာတဲ့အခါ ပိုကောင်းတဲ့ ခင်ပွန်း၊ ဖခင် ဖြစ်လာတယ်။ ကျေနပ်ပျော်ရွှင်​လာတယ်။” ကျွန်တော်တို့​လည်း ဘုရားရေးရာ​ဘက် တိုးတက်​ဖို့ ဦးစားထား​မယ်ဆိုရင် အလားတူ ကောင်းချီးတွေ ရရှိနိုင်ပါတယ်။ စွမ်းအားတော် လမ်းပြမှု​နောက် လိုက်​သူတွေ​အဖြစ် အခုအချိန်မှာ ပို​ကျေနပ်စရာ​ကောင်းတဲ့​ဘဝ၊ အနာဂတ်မှာ “စစ်မှန်တဲ့​အသက်” ရရှိ​ပါလိမ့်မယ်။—၁ တိ. ၆:၁၉