နောဧ၊ ဒံယေလ၊ ယောဘတို့ရဲ့ ယုံကြည်ခြင်းနဲ့ နာခံမှုကို တုပပါ
‘နောဧ၊ ဒံယေလ၊ ယောဘတို့ဟာ ကိုယ့်ဖြောင့်မတ်မှုကြောင့် ကိုယ့်ကိုယ်ကိုယ်ပဲ ကယ်တင်နိုင်လိမ့်မယ်။’ —ယေဇ. ၁၄:၁၄။
၁၊ ၂။ (က) နောဧ၊ ဒံယေလ၊ ယောဘတို့ရဲ့ ပုံနမူနာတွေကနေ ဘာကြောင့် ရဲစွမ်းသတ္တိ ရရှိနိုင်သလဲ။ (ခ) ဘယ်အခြေအနေအောက်မှာ ယေဇကျေလ ၁၄:၁၄ ကို ရေးခဲ့သလဲ။
ကျန်းမာရေးပြဿနာ၊ ငွေကြေးပြဿနာ၊ ညှဉ်းပန်းနှိပ်စက်မှုစတဲ့ စမ်းသပ်မှုတွေ ကြုံနေရပါသလား။ ယေဟောဝါရဲ့ အမှုတော်မှာ ပျော်ရွှင်နေဖို့ တစ်ခါတလေ အခက်တွေ့နေသလား။ ဒါဆိုရင် နောဧ၊ ဒံယေလ၊ ယောဘတို့ရဲ့ ပုံသက်သေတွေကနေ ခွန်အားရယူပါ။ သူတို့ မစုံလင်ကြဘူး။ အသက်အန္တရာယ် အပါအဝင် ကျွန်တော်တို့ ကြုံနေရတဲ့ အခက်အခဲမျိုးတွေကို ရင်ဆိုင်ခဲ့ကြတယ်။ ဒါပေမဲ့ သမာဓိစောင့်ထိန်းပြီး ဘုရားရှေ့မှာ ယုံကြည်ခြင်းနဲ့ နာခံမှု စံနမူနာရှင်တွေ ဖြစ်လာကြတယ်။—ယေဇကျေလ ၁၄:၁၂-၁၄ ကိုဖတ်ပါ။
၂ အဓိကကျမ်းချက်ပါ စကားတွေကို ဗာဗုလုန်မှာ ဘီစီ ၆၁၂ တုန်းက ယေဇကျေလ ရေးသားခဲ့တယ်။ * (ယေဇ. ၁:၁။ ၈:၁) အယူဖောက်ပြန်တဲ့ ဂျေရုဆလင်မြို့ ပျက်စီးခါနီးပြီ။ ဘီစီ ၆၀၇ မှာ ပျက်စီးခဲ့တယ်။ နောဧ၊ ဒံယေလ၊ ယောဘတို့ရဲ့ အရည်အသွေး တွေကို တင်ပြတဲ့ လူအနည်းငယ်ပဲ ကယ်တင်ခြင်းရဖို့ မှတ်သားခံခဲ့ရတယ်။ (ယေဇ. ၉:၁-၅) အဲဒီထဲမှာ ယေရမိ၊ ဗာရုတ်၊ ဧဗဒမေလက်နဲ့ ရေခပ်အမျိုးသားတို့ ပါဝင်ကြတယ်။
၃။ ဒီဆောင်းပါးမှာ ဘာအကြောင်း သုံးသပ်ကြမလဲ။
၃ ဒီနေ့လည်း နောဧ၊ ဒံယေလ၊ ယောဘတို့လို အပြစ်ကင်းသူတွေအဖြစ် ယေဟောဝါ ယူမှတ်သူတွေသာ ဒီစနစ်အဆုံးတိုင်ချိန်မှာ လွတ်မြောက်ဖို့ မှတ်သားခံရပါလိမ့်မယ်။ (ဗျာ. ၇:၉၊ ၁၄) ဒါကြောင့် ဖြောင့်မတ်ခြင်း ပုံသက်သေအဖြစ် သူတို့ကို ဘာကြောင့် ယေဟောဝါ အသုံးပြုခဲ့ကြောင်း သုံးသပ်ကြည့်ကြစို့။ တစ်ဦးစီအကြောင်း သုံးသပ်တဲ့အခါ (၁) ဘာအခက်အခဲတွေ ရင်ဆိုင်ခဲ့ကြသလဲ၊ (၂) တစ်ဦးစီရဲ့ ယုံကြည်ခြင်းနဲ့ နာခံမှုကို ကျွန်တော်တို့ ဘယ်လို တုပနိုင်သလဲဆိုတာ အာရုံစိုက်သွားပါမယ်။
နှစ်ပေါင်း ၉၀၀ သစ္စာရှိရှိ နာခံခဲ့တဲ့ နောဧ
၄၊ ၅။ နောဧ ဘယ်အခက်အခဲတွေ ရင်ဆိုင်ခဲ့ရသလဲ။ သူ့ရဲ့ ခံနိုင်ရည်က ဘာကြောင့် ထူးခြားသလဲ။
၄ နောဧ ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲများ။ နောဧရဲ့ အဘေး ဧနောက်ခေတ်မှာ လူတွေ ဘုရားတရား အလွန်မဲ့နေကြပြီ။ ယေဟောဝါကို “ထိတ်လန့်ဖွယ် စကား” တွေနဲ့တောင် ဆန့်ကျင်ပြောဆိုကြတယ်။ (ယု. ၁၄၊ ၁၅) အကြမ်းဖက်မှုတွေ တိုးများလာတယ်။ နောဧခေတ်ရောက်တော့ ‘ကမ္ဘာမြေဟာ အကြမ်းဖက်မှုတွေ ပြည့်နေတယ်။’ လူယောင်ဆောင်ထားတဲ့ ကောင်းကင်တမန်ဆိုးတွေ လူ့သမီးတွေနဲ့ ထိမ်းမြားပြီး ရက်စက်ကြမ်းကြုတ်တဲ့ လူ့ကပြားတွေ မွေးလာကြတယ်။ (က. ၆:၂-၄၊ ၁၁၊ ၁၂) ဒါပေမဲ့ နောဧကတော့ ထူးခြားတယ်။ “ယေဟောဝါရှေ့မှာ မျက်နှာသာရသူ ဖြစ်တယ်။ . . . တစ်ခေတ်တည်းသားတွေထဲမှာ အမှားကင်းသူ၊ ဘုရားသခင့်လမ်းစဉ်အတိုင်း လျှောက်လှမ်းသူ ဖြစ်တယ်။”—က. ၆:၈၊ ၉။
၅ အဲဒီစကားတွေက ဖြောင့်မတ်သူ နောဧအကြောင်း ဘာဖော်ပြသလဲဆိုတာ စဉ်းစားကြည့်ပါ။ တစ်ချက်အနေနဲ့ နောဧဟာ ရေလွှမ်းမိုးဘေး မတိုင်ခင် ဆိုးသွမ်းတဲ့လောကမှာ ဒီနေ့ခေတ် လူ့သက်တမ်း အနှစ် ၇၀၊ ၈၀ လောက်ပဲ ဘုရားလမ်းစဉ်အတိုင်း လျှောက်လှမ်းခဲ့တာ မဟုတ်ဘူး။ နှစ်ပေါင်း ၆၀၀ နီးပါး အဲဒီလောကမှာ နေထိုင်ခဲ့တယ်။ (က. ၇:၁၁) ဒီနေ့ခေတ် ကျွန်တော်တို့နဲ့ မတူတာက ဘုရားရေးရာဘက်မှာ ထောက်မပေးဖို့ ဝတ်ပြုသူအသင်းအပင်း၊ ညီအစ်ကိုမောင်နှမတွေတောင် မရှိဘူး။ *
၆။ နောဧ ရဲစွမ်းသတ္တိရှိကြောင်း ဘယ်နည်းတွေနဲ့ တင်ပြခဲ့သလဲ။
၆ နောဧဟာ လူကောင်းဖြစ်ရုံနဲ့ မကျေနပ်ခဲ့ဘူး။ သတ္တိရှိရှိ “ဖြောင့်မတ်ခြင်းတရား ဟောပြော” ပြီး ယေဟောဝါကို ယုံကြည်ကြောင်း လူသိရှင်ကြား ဝန်ခံခဲ့တယ်။ (၂ ပေ. ၂:၅) “ယုံကြည်ခြင်းကြောင့် လောကကို သူပြစ်တင်ရှုတ်ချခဲ့တယ်” လို့ တမန်တော်ပေါလု ပြောတယ်။ (ဟီ. ၁၁:၇) ဒါကြောင့် နောဧဟာ ကဲ့ရဲ့လှောင်ပြောင်မှု၊ ဆန့်ကျင်မှု၊ အကြမ်းဖက်ခြိမ်းခြောက်မှုတွေ ရင်ဆိုင်ခဲ့ရတယ်။ ဒါပေမဲ့ လူကို မကြောက်ခဲ့ဘူး။ (ပညာ. ၂၉:၂၅) သစ္စာရှိကျေးကျွန်တွေကို ယေဟောဝါ ပေးတဲ့ ရဲစွမ်းသတ္တိ ရှိခဲ့တယ်။
၇။ နောဧ သင်္ဘောဆောက်တဲ့အခါ ဘာအခက်အခဲတွေ ရင်ဆိုင်ခဲ့ရသလဲ။
၇ ဘုရားသခင့် လမ်းစဉ်အတိုင်း နှစ်ပေါင်း ၅၀၀ ကျော် လျှောက်လှမ်းပြီးတဲ့နောက် လူနဲ့ တိရစ္ဆာန်တွေကို ကယ်တင်ဖို့ နောဧကို သင်္ဘောတစ်စင်း ယေဟောဝါ ဆောက်ခိုင်းတယ်။ (က. ၅:၃၂။ ၆:၁၄) တော်တော်ခက်ခဲမယ့်အလုပ်ပဲ။ သင်္ဘောဆောက်တာကြောင့်ပဲ မဟုတ်ဘူး။ ကဲ့ရဲ့လှောင်ပြောင်မှု၊ ဆန့်ကျင်မှုတွေ ပိုခံရမယ်ဆိုတာ နောဧ သိတယ်။ ဒါပေမဲ့ ယုံကြည်ခြင်းနဲ့ နာခံခဲ့တယ်။ “မှာထားတဲ့အတိုင်း သူလုပ်တယ်။”—က. ၆:၂၂။
၈။ ယေဟောဝါကို ထောက်ပံ့ပေးရှင်အဖြစ် နောဧ ဘယ်နည်းလမ်းတွေနဲ့ ယုံကြည်ကိုးစားခဲ့သလဲ။
၈ နောဧ ကြုံရတဲ့ နောက်ထပ်အခက်အခဲကတော့ မိသားစုကို ထောက်ပံ့ခြင်းပါပဲ။ ရေလွှမ်းမိုးဘေး မတိုင်ခင်မှာ လူတွေ ပင်ပင်ပန်းပန်း စိုက်ပျိုးရတယ်။ နောဧလည်း အလားတူပဲ။ (က. ၅:၂၈၊ ၂၉) ဒါပေမဲ့ ရုပ်ဝတ္ထုပစ္စည်းတွေကို အာရုံမစိုက်ဘဲ ဘုရားသခင်ကိုပဲ အာရုံစိုက်ခဲ့တယ်။ အနှစ် ၄၀၊ ၅၀ လောက် ကြာနိုင်တဲ့ သင်္ဘော ဆောက်လုပ် ချိန်မှာတောင် ဘုရားရေးရာကိုပဲ အာရုံစိုက်ခဲ့တယ်။ ရေလွှမ်းမိုးဘေး ပြီးတဲ့နောက် အနှစ် ၃၅၀ လောက် ဘုရားရေးရာကိုပဲ ဆက်အာရုံစိုက်ခဲ့တယ်။ (က. ၉:၂၈) ယုံကြည်ခြင်းနဲ့ နာခံမှုဆိုင်ရာ အလွန်ကောင်းတဲ့ ပုံသက်သေပါပဲ။
၉၊ ၁၀။ (က) နောဧရဲ့ ယုံကြည်ခြင်းနဲ့ နာခံမှုကို ဘယ်လို တုပနိုင်သလဲ။ (ခ) မိမိရဲ့ စံနှုန်းတွေ ထောက်ခံသူအားလုံးကို ဘုရားသခင် ဘယ်လို ရှုမြင်သလဲ။
၉ နောဧရဲ့ ယုံကြည်ခြင်းနဲ့ နာခံမှုကို တုပနိုင်ပုံ။ ဘုရားသခင့် ဖြောင့်မတ်မှုကို ထောက်ခံခြင်း၊ စာတန့်လောကနဲ့ မပတ်သက်ခြင်း၊ ဘုရားနိုင်ငံတော်ကို ဦးစားထားခြင်းအားဖြင့် တုပနိုင်တယ်။ (မ. ၆:၃၃။ ယော. ၁၅:၁၉) ကျွန်တော်တို့ရဲ့ ဘဝပုံစံကို လောက,က မကြိုက်ဘူး။ အခုတောင်မှ အိမ်ထောင်ရေး၊ လိင်အကျင့်စတဲ့ ဘုရားပညတ်တွေဘက် ရပ်တည်မှုကြောင့် နိုင်ငံတချို့မှာ ပြစ်တင်ဝေဖန်ခံရတယ်။ (မာလခိ ၃:၁၇၊ ၁၈ ကိုဖတ်ပါ။) ဒါပေမဲ့ နောဧလိုပဲ လူကို မကြောက်ဘဲ ယေဟောဝါကို ကြောက်ရွံ့ကြတယ်။ ဘုရားသခင် တစ်ပါးတည်းသာ ထာဝရအသက် ပေးနိုင်မှန်း သိထားကြတယ်။—လု. ၁၂:၄၊ ၅။
၁၀ ကျွန်တော်တို့ တစ်ယောက်စီအနေနဲ့ကော။ တခြားသူတွေ လှောင်ပြောင်ဝေဖန်တဲ့အခါ၊ စီးပွားရေး အခက်အခဲကြောင့် ထောက်ပံ့ပေးရှင်အပေါ် ယုံကြည်ခြင်း စမ်းသပ်ခံရတဲ့အခါ “ဘုရားသခင့်လမ်းစဉ်အတိုင်း လျှောက်လှမ်း” နေမလား။ နောဧရဲ့ ယုံကြည်ခြင်းနဲ့ နာခံမှုကို တုပမယ်ဆိုရင် ယေဟောဝါ စောင့်ရှောက်မယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။—ဖိ. ၄:၆၊ ၇။
ဆိုးညစ်တဲ့မြို့မှာ သစ္စာရှိရှိ နာခံခဲ့တဲ့ ဒံယေလ
၁၁။ ဒံယေလနဲ့ မိတ်ဆွေသုံးယောက် ဗာဗုလုန်မှာ ဘယ်အခက်အခဲကြီးတွေ ရင်ဆိုင်ခဲ့ရသလဲ။ (ဆောင်းပါးအစမှာပါတဲ့ ပုံကို ကြည့်ပါ။)
၁၁ ဒံယေလ ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲများ။ ရုပ်တုကိုးကွယ်မှု၊ နတ်ဆိုးအတတ် ပြည့်နှက်နေတဲ့ ဗာဗုလုန်မြို့မှာ သုံ့ပန်းအဖြစ် ဒံယေလ နေထိုင်ခဲ့ရတယ်။ ဗာဗုလုန်တွေက ဂျူးတွေကို အထင်သေးကြတယ်။ ဂျူးတွေနဲ့ ဂျူးတွေရဲ့ ဘုရား ယေဟောဝါကို လှောင်ပြောင်တတ်ကြတယ်။ (ဆာ. ၁၃၇:၁၊ ၃) ဒါက ဒံယေလလို ယုံကြည်သူ ဂျူးတွေအတွက် အတော့်ကို စိတ်ထိခိုက်စရာပါပဲ။ ဒံယေလနဲ့ မိတ်ဆွေ ဟာနနိ၊ မိရှေလ၊ အာဇရိတို့ဟာ မင်းမှုထမ်းဖို့ လေ့ကျင့်ခံနေရတဲ့အတွက် အာရုံစိုက်ခံရတယ်။ အစားအသောက်တွေကိုတောင် သီးသန့်ကျွေးတယ်။ ဒါပေမဲ့ ‘ပွဲတော်စာကြောင့် ကိုယ်ကို မညစ်ညူးစေ’ ချင်တဲ့အတွက် အစားအသောက်က ပြဿနာ ဖြစ်လာတယ်။—ဒံ. ၁:၅-၈၊ ၁၄-၁၇။
၁၂။ (က) ဘယ်အရည်အသွေးကောင်းတွေကို ဒံယေလ ပြသခဲ့သလဲ။ (ခ) ဒံယေလကို ယေဟောဝါ ဘယ်လို ရှုမြင်သလဲ။
၁၂ ဒံယေလအတွက် သိမ်မွေ့နက်နဲတဲ့ အခက်အခဲကတော့ ထူးခြားတဲ့ စွမ်းရည်တွေကြောင့် အခွင့်ထူးတွေ ရရှိခြင်း ဖြစ်နိုင်တယ်။ (ဒံ. ၁:၁၉၊ ၂၀) အခွင့်ထူးတွေကြောင့် မာနတက်၊ တစ်ယူသန်ဆန်မယ့်အစား နှိမ့်ချကျိုးနွံခဲ့တယ်။ ယေဟောဝါကို အမြဲ ဂုဏ်တင်ခဲ့တယ်။ (ဒံ. ၂:၃၀) နောဧ၊ ယောဘတို့နဲ့အတူ ဖြောင့်မတ်ခြင်း ပုံသက်သေအဖြစ် ယေဟောဝါ ယူမှတ်ခဲ့တုန်းက ဒံယေလဟာ လူငယ်ပဲ ရှိသေးတယ်။ ဒံယေလအပေါ် ဘုရားသခင် ယုံကြည်စိတ်ချတာ မှားသွားသလား။ မမှားပါဘူး။ ဒံယေလဟာ အသက်ထက်ဆုံး သစ္စာရှိရှိ နာခံခဲ့တယ်။ “သိပ်တန်ဖိုးထားရတဲ့သူ ဒံယေလ” လို့ ဘုရားသခင့် ကောင်းကင်တမန် ပြောတဲ့အချိန်မှာ ဒံယေလ အသက် ၁၀၀ နီးပါး ရှိနေပြီ။—ဒံ. ၁၀:၁၁။
၁၃။ ဒံယေလဟာ ဂျူးအမျိုးသားချင်းတွေအတွက် ဘာကြောင့် ကောင်းချီး ဖြစ်သလဲ။
၁၃ ဘုရားသခင့် မျက်နှာသာကြောင့် ဗာဗုလုန်နဲ့ မီဒိုပါရှားခေတ်မှာ ဒံယေလ အဆင့်မြင့်အရာရှိ ဖြစ်ခဲ့တယ်။ (ဒံ. ၁:၂၁။ ၆:၁၊ ၂) ယေဟောဝါရဲ့ ကြားဝင်ဆောင်ရွက်မှုကြောင့် အီဂျစ်ပြည်က ယောသပ်၊ ပါရှားပြည်က ဧသတာနဲ့ မော်ဒကဲတို့လို မိမိလူမျိုးအတွက် ဒံယေလ ကောင်းချီး ဖြစ်ခဲ့တယ်။ * (ဒံ. ၂:၄၈) ဒီနည်းနဲ့ ယေဟောဝါရဲ့ ကူညီမှုလက်တော်ကို မြင်ခဲ့ရလို့ ယေဇကျေလ အပါအဝင် ဂျူးသုံ့ပန်းတွေ နှစ်သိမ့်မှု ရခဲ့မှာပဲ။
၁၄၊ ၁၅။ (က) ကျွန်တော်တို့ရဲ့ အခြေအနေနဲ့ ဒံယေလရဲ့ အခြေအနေ ဘယ်လိုနည်းတွေနဲ့ တူသလဲ။ (ခ) ဒံယေလရဲ့ မိဘတွေဆီကနေ ယနေ့ခေတ် မိဘတွေ ဘာသင်ယူနိုင်သလဲ။
ဗျာ. ၁၈:၂) ဒါကြောင့် ကျွန်တော်တို့ ထူးခြားနေပြီး လှောင်ပြောင်ခံရကြတယ်။ (မာ. ၁၃:၁၃) ဒံယေလလိုပဲ ယေဟောဝါဘုရားနဲ့ ရင်းနှီးအောင် ကြိုးစားကြပါစို့။ ဘုရားကို နှိမ့်ချနာခံစွာ ယုံကြည်ကိုးစားမယ်ဆိုရင် ကျွန်တော်တို့လည်း ဘုရားရှေ့မှာ တန်ဖိုးရှိလာပါလိမ့်မယ်။—ဟဂ္ဂဲ ၂:၇။
၁၄ ဒံယေလရဲ့ ယုံကြည်ခြင်းနဲ့ နာခံမှုကို တုပနိုင်ပုံ။ “နတ်ဆိုး ခိုအောင်းရာ၊” အယူမှား ဘာသာရေးအင်ပါယာ မဟာဗာဗုလုန်ကြောင့် ကျင့်ဝတ်ပိုင်းနဲ့ ဘုရားရေးရာပိုင်း ယိုယွင်းနေတဲ့လောကမှာ ဧည့်သည်အဖြစ် ကျွန်တော်တို့ နေထိုင်နေကြတယ်။ (၁၅ မိဘတွေအနေနဲ့ ဒံယေလရဲ့ မိဘတွေဆီကနေ သင်ယူနိုင်ပါတယ်။ ဘယ်နည်းနဲ့လဲ။ ဒံယေလ ကလေးဘဝတုန်းက ယုဒပြည်မှာ ဆိုးသွမ်းမှု ပြည့်နှက်နေပေမဲ့ ဘုရားသခင်ကို ဒံယေလ ချစ်မြတ်နိုးပြီး ကြီးပြင်းလာခဲ့တယ်။ ဒါဟာ အလိုလိုဖြစ်လာတာ မဟုတ်ဘူး။ မိဘလေ့ကျင့်မှု ကောင်းလို့ပဲ။ (ပညာ. ၂၂:၆) “ဘုရားသခင်ဟာ ငါ့ရဲ့ တရားသူကြီး” ဆိုတဲ့ ဒံယေလရဲ့ နာမည်က မိဘတွေဟာ ဘုရားကို ကြောက်ရွံ့သူတွေ ဖြစ်ကြောင်း ဖော်ပြတယ်။ (ဒံ. ၁:၆၊ အောက်ခြေမှတ်ချက်) ဒါကြောင့် မိဘတို့၊ သားသမီးတွေကို လက်မလျှော့ပါနဲ့။ စိတ်ရှည်ရှည် သင်ပေးပါ။ (ဧ. ၆:၄) သူတို့နဲ့အတူ ဆုတောင်းပါ။ သူတို့အတွက် ဆုတောင်းပေးပါ။ သူတို့ရဲ့ စိတ်နှလုံးထဲ ကျမ်းစာအမှန်တရား သွတ်သွင်းပေးတဲ့အခါ ယေဟောဝါရဲ့ ကြွယ်ဝတဲ့ကောင်းချီး ခံစားရပါမယ်။—ဆာ. ၃၇:၅။
ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ သစ္စာရှိရှိ နာခံခဲ့တဲ့ ယောဘ
၁၆၊ ၁၇။ ဘယ်အပြောင်းအလဲကြီးတွေ ယောဘ ကြုံတွေ့ခဲ့သလဲ။
၁၆ ယောဘ ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲများ။ ယောဘဟာ အပြောင်းအလဲကြီးတွေ ကြုံတွေ့ခဲ့တယ်။ စမ်းသပ်မှု မခံရခင်တုန်းက “အရှေ့ပြည်သားတွေထဲမှာ အချမ်းသာဆုံး” ဖြစ်ခဲ့တယ်။ (ယောဘ ၁:၃) ချမ်းသာတယ်။ လူသိများတယ်။ လေးစားခံရတယ်။ (ယောဘ ၂၉:၇-၁၆) ဒါပေမဲ့ ယောဘ ဘဝင်မမြင့်ဘူး။ ဘုရား မလိုဘူးလို့ မယူဆခဲ့ဘူး။ သူ့ကို ယေဟောဝါက “ငါ့ကျွန်” လို့ခေါ်ပြီး “ရိုးဖြောင့်သူ၊ သမာဓိရှိသူ၊ ဘုရားသခင်ကို ကြောက်ရွံ့သူ၊ မကောင်းမှုကို ရှောင်တဲ့သူပဲ” လို့ ပြောခဲ့တယ်။—ယောဘ ၁:၈။
၁၇ အချိန်တိုအတွင်းမှာ ယောဘရဲ့ဘဝ အကြီးအကျယ် ပြောင်းလဲခဲ့တယ်။ ဆင်းရဲတွင်းနက်ပြီး မွဲပြာကျခဲ့တယ်။ တရားခံကတော့ ကိုယ်ကျိုးအတွက် ဘုရားကို ကိုးကွယ်တယ်လို့ မဟုတ်မမှန် စွပ်စွဲတဲ့ စာတန်ပါပဲ။ (ယောဘ ၁:၉၊ ၁၀ ကိုဖတ်ပါ။) အဲဒီစွပ်စွဲချက်ကို ယေဟောဝါ ပေါ့ပေါ့တန်တန် သဘောမထားဘူး။ သမာဓိရှိကြောင်း သက်သေပြဖို့၊ စိတ်ရင်းမှန်နဲ့ ကိုးကွယ်ကြောင်း ပြဖို့ ယောဘကို အခွင့်အရေး ပေးခဲ့တယ်။
၁၈။ (က) ယောဘရဲ့ သမာဓိနဲ့ပတ်သက်လို့ ဘယ်အချက်ကို စိတ်စွဲမှတ်သလဲ။ (ခ) ယောဘနဲ့ ဆက်ဆံပုံက ယေဟောဝါအကြောင်း ဘာဖော်ပြသလဲ။
ယောဘ ၁:၁၃-၂၁) နောက်ပိုင်းမှာ နှစ်သိမ့်ပေးယောင်ဆောင်သူ သုံးဦး ရောက်လာပြီး ရက်စက်တဲ့စကားတွေနဲ့ ယောဘကို ထိုးနှက်ကြတယ်။ ဘုရားသခင် အပြစ်ပေးတာလို့ ပြောခဲ့ကြတယ်။ (ယောဘ ၂:၁၁။ ၂၂:၁၊ ၅-၁၀) ဒါပေမဲ့ ယောဘ သမာဓိစောင့်ထိန်းခဲ့တယ်။ မဆင်မခြင် ပြောမိတဲ့အခါတွေ ရှိပေမဲ့ ယောဘရဲ့ နာကျင်မှုကို ယေဟောဝါ နားလည်ပေးတယ်။ (ယောဘ ၆:၁-၃) စာတန်ရဲ့ အလဲထိုး တိုက်ခိုက်မှု၊ စကားနဲ့ ထိုးနှက်မှုတွေ ကြုံရပေမဲ့ ဘယ်တော့မှ ဘုရားကို မစွန့်တဲ့သူ၊ အကြီးအကျယ် စိတ်ဓာတ်ကျနေသူလို့ မြင်ပေးတယ်။ စမ်းသပ်မှု ပြီးသွားတဲ့နောက် ယောဘကို ယေဟောဝါ ကောင်းချီးနှစ်ဆ ပေးခဲ့တယ်။ နောက်ထပ် အနှစ် ၁၄၀ ဆက်အသက်ရှင်ခဲ့တယ်။ (ယာ. ၅:၁၁) အဲဒီအတောအတွင်း ယေဟောဝါကို ယောဘ အကြွင်းမဲ့ ဆက်ကိုးကွယ်ဆည်းကပ်ခဲ့တယ်။ ဘယ်လို သိရသလဲ။ ဆောင်းပါးရဲ့ အဓိကကျမ်းချက်ကို ယေဇကျေလ ရေးသားချိန်မှာ ယောဘ သေဆုံးခဲ့တာ နှစ်ရာနဲ့ချီ ရှိနေပြီ။
၁၈ ဘုရားကို အပြစ်တင်လာစေဖို့ စာတန်က ယောဘကို အကြိမ်ကြိမ် ရက်ရက်စက်စက် တိုက်ခိုက်ခဲ့တယ်။ (၁၉၊ ၂၀။ (က) ယောဘရဲ့ ယုံကြည်ခြင်းနဲ့ နာခံမှုကို ဘယ်လို တုပနိုင်သလဲ။ (ခ) တခြားသူတွေနဲ့ ဆက်ဆံရာမှာ ဘုရားရဲ့ ထောက်ထားစာနာမှုကို ဘယ်လို တင်ပြနိုင်သလဲ။
၁၉ ယောဘရဲ့ ယုံကြည်ခြင်းနဲ့ နာခံမှုကို တုပနိုင်ပုံ။ ဘယ်လို အခြေအနေမျိုးမှာမဆို ယေဟောဝါကို အဓိက ထားကြပါစို့။ အကြွင်းမဲ့ ယုံကြည်ကိုးစားပြီး ပြည့်ဝစုံလင်တဲ့ စိတ်နှလုံးနဲ့ နာခံကြပါစို့။ အဲဒီလိုနာခံဖို့ ယောဘထက် ပိုများတဲ့အကြောင်းရင်းတွေ ကျွန်တော်တို့မှာ ရှိတယ်။ စာတန်နဲ့ စာတန့်အကြံအစည်တွေကို ကျွန်တော်တို့ အများကြီး သိထားကြတယ်။ (၂ ကော. ၂:၁၁) ဆင်းရဲဒုက္ခကို ဘုရားသခင် ခွင့်ပြုထားရတဲ့အကြောင်းရင်းကို ယောဘကျမ်းကနေ သိရတယ်။ ဒံယေလ ပရောဖက်ပြုချက်တွေကနေ ဘုရားနိုင်ငံတော်ဟာ ခရစ်တော်ယေရှု အုပ်ချုပ်မယ့် အစိုးရဖြစ်ကြောင်း သိထားကြတယ်။ (ဒံ. ၇:၁၃၊ ၁၄) ဒီနိုင်ငံတော်က မကြာခင် ဆင်းရဲဒုက္ခအားလုံးကို ထာဝစဉ် အဆုံးတိုင်စေမှာ ဖြစ်ကြောင်းလည်း သိထားကြတယ်။
၂၀ ယောဘရဲ့ အတွေ့အကြုံက ဆင်းရဲဒုက္ခ ကြုံနေရတဲ့ ခရစ်ယာန်ချင်းတွေကို ထောက်ထားစာနာဖို့လည်း အလေးပေးဖော်ပြတယ်။ တချို့က ယောဘလိုပဲ မဆင်မခြင် ပြောမိတဲ့အခါတွေ ရှိနိုင်တယ်။ (ဒေ. ၇:၇) သူတို့ကို ပြစ်တင်ဝေဖန်မယ့်အစား နားလည်စာနာမှု ပြကြရအောင်။ ဒီနည်းအားဖြင့် မေတ္တာကရုဏာရှင် ဖခင် ယေဟောဝါကို တုပကြတယ်။—ဆာ. ၁၀၃:၈။
ယေဟောဝါ “ခွန်အားရှိစေမယ်”
၂၁။ နောဧ၊ ဒံယေလ၊ ယောဘတို့ရဲ့ ဘဝမှာ ၁ ပေတရု ၅:၁၀ ပါစကားတွေ ဘယ်လို ထင်ရှားခဲ့သလဲ။
၂၁ နောဧ၊ ဒံယေလ၊ ယောဘတို့ဟာ မတူညီတဲ့ခေတ်ကာလ၊ အလွန်ကွဲပြားတဲ့ အခြေအနေတွေမှာ အသက်ရှင်ခဲ့ကြပေမဲ့ ရင်ဆိုင်ရတဲ့ အခက်အခဲတွေကို ခံရပ်ခဲ့ကြတယ်။ သူတို့ရဲ့ ဘဝဖြစ်ရပ်တွေက “ဆင်းရဲဒုက္ခ တစ်ခဏခံရပြီးတဲ့အခါ မဟာကရုဏာရှင် ဘုရားသခင်ကိုယ်တိုင် ခင်ဗျားတို့ကို အပြည့်အဝ လေ့ကျင့်ပေးလိမ့်မယ်။ . . . ဘုရားသခင်က ခင်ဗျားတို့ကို မြဲမြံစေပြီး ခွန်အားရှိစေမယ်၊ ကြံ့ကြံ့ခံ ရပ်တည်စေမယ်” ဆိုတဲ့ တမန်တော် ပေတရုရဲ့ စကားတွေကို အမှတ်ရစေတယ်။—၁ ပေ. ၅:၁၀။
၂၂။ နောက်ဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးသုံးသပ်ကြမလဲ။
၂၂ မိမိရဲ့ကျေးကျွန်တွေ မြဲမြံခွန်အားရှိအောင် ယေဟောဝါ လုပ်ပေးမယ်ဆိုတာ ပေတရုရဲ့ စကားတွေကတစ်ဆင့် စိတ်ချစေတယ်။ ဒီစကားတွေဟာ ဒီနေ့ခေတ် ဘုရားသခင့်လူတွေနဲ့လည်း သက်ဆိုင်ပါတယ်။ ကျွန်တော်တို့အားလုံး ယေဟောဝါဆီကနေ ခွန်အားရရှိချင်ကြတယ်။ ဝတ်ပြုရေးမှာ မြဲမြံချင်ကြတယ်။ ဒါကြောင့် နောဧ၊ ဒံယေလ၊ ယောဘတို့ရဲ့ ယုံကြည်ခြင်းနဲ့ နာခံမှုကို တုပချင်ကြတယ်။ သူတို့ကို သမာဓိစောင့်ထိန်းစေတဲ့ အဓိကအချက်ကတော့ ယေဟောဝါကို အမှန်တကယ် သိကျွမ်းခြင်းဖြစ်ကြောင်း နောက်ဆောင်းပါးမှာ တွေ့ရပါလိမ့်မယ်။ ယေဟောဝါ တောင်းဆိုတဲ့ “အရာအားလုံးကို” သူတို့ “နားလည်” ခဲ့ကြတယ်။ (ပညာ. ၂၈:၅) ကျွန်တော်တို့လည်း အလားတူ ဖြစ်နိုင်ပါတယ်။
^ စာပိုဒ်၊ 2 ယေဇကျေလဟာ ဘီစီ ၆၁၇ မှာ ပြည်နှင်ခံရတယ်။ ယေဇကျေလ ၈:၁–၁၉:၁၄ ကို ပြည်နှင်ခံ “ခြောက်နှစ်မြောက်၊” ဘီစီ ၆၁၂ မှာ ရေးခဲ့တယ်။
^ စာပိုဒ်၊ 5 နောဧရဲ့ ဖခင်၊ ဘုရားကိုကြောက်ရွံ့သူ လာမက်ဟာ ရေလွှမ်းမိုးဘေး မတိုင်ခင် ငါးနှစ်လောက်မှာ သေဆုံးသွားတယ်။ ရေလွှမ်းမိုးဘေး စတင်ချိန်မှာ နောဧရဲ့ မိခင်နဲ့ မောင်နှမတွေ ရှိခဲ့မယ်ဆိုရင်လည်း သူတို့ မလွတ်မြောက်ခဲ့ကြဘူး။
^ စာပိုဒ်၊ 13 ဒံယေလရဲ့ အဆင့်မြင့်ရာထူးရထားတဲ့ မိတ်ဆွေသုံးယောက်လည်း အလားတူပဲ။—ဒံ. ၂:၄၉။