မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါကို နောဧ၊ ဒံယေလ၊ ယောဘတို့လို သိပါသလား

ယေဟောဝါကို နောဧ၊ ဒံယေလ၊ ယောဘတို့လို သိပါသလား

“လူ​ယုတ်မာ​တွေ​က တရားမျှတမှု​အကြောင်း နားမလည်​နိုင်​ဘူး။ ယေဟောဝါ​ကို ရှာဖွေသူ​တွေကတော့ အရာအားလုံး​ကို နားလည်​နိုင်တယ်။”—ပညာ. ၂၈:၅

သီချင်း– ၁၂၆၊ ၁၅၀

၁-၃။ (က) ဒီ​နောက်ဆုံး​ကာလမှာ ဘုရား​ကို သစ္စာရှိ​နေဖို့ ဘာက ကူညီပေး​မ​လဲ။ (ခ) ဒီဆောင်းပါးမှာ ဘာအကြောင်း သုံးသပ်​ကြ​မ​လဲ။

နောက်ဆုံး​ကာလ​ရဲ့​အဆုံး နီး​လာ​တာနဲ့​အမျှ ဆိုးသွမ်းမှု​ဟာ “ပေါင်းပင်​လို ပေါက်​နေ” တယ်။ (ဆာ. ၉၂:၇) ဒါကြောင့် ကိုယ်ကျင့်တရား​စံနှုန်းတွေကို ပစ်ပယ်​လာကြတာ အံ့ဩစရာ မဟုတ်ပါဘူး။ ဒီလို​အခြေအနေ​မှာ ဘယ်လိုနည်းနဲ့ “မကောင်းမှု​မှာ​တော့ ကလေးငယ်​တွေလို ဖြစ်” ပြီး “အရွယ်ရောက်​သူတွေ​လို စဉ်းစား” နိုင်မလဲ။—၁ ကော. ၁၄:၂၀

အဓိက​ကျမ်းချက်​မှာ အဖြေ​တွေ့ရတယ်။ “ယေဟောဝါ​ကို ရှာဖွေသူ​တွေကတော့ အရာအားလုံး​ကို နားလည်​နိုင်တယ်” လို့ ပြောထားတယ်။ ဘုရားသခင့် နှစ်သက်မှု ရနိုင်တဲ့​အရာအားလုံး​ကို ဆိုလိုတယ်။ (ပညာ. ၂၈:၅) ပညာအလိမ္မာ ၂:၇၊ ၉ မှာ​လည်း ယေဟောဝါဟာ “လက်တွေ့ကျ ဉာဏ်ပညာ​ကို စိတ်​ရိုးဖြောင့်​သူတွေ​အတွက် သိုမှီး​ထားတယ်” လို့ ဆိုထား​တယ်။ ရလဒ်အနေနဲ့ သူတို့ဟာ ‘ဖြောင့်မတ်ခြင်း၊ မှန်ကန်​ခြင်း၊ တရားမျှတခြင်း​စတဲ့ မွန်မြတ်တဲ့ လမ်းစဉ်​မှန်သမျှကို နားလည်​လာ​ကြ​လိမ့်မယ်။’

နောဧ၊ ဒံယေလ၊ ယောဘ​တို့ဟာ အဲဒီ​ဉာဏ်ပညာ​ကို ရရှိ​ထား​ကြ​တယ်။ (ယေဇ. ၁၄:၁၄) ဒီနေ့ခေတ် ဘုရားသခင့်​လူမျိုး​လည်း အလားတူ​ပါပဲ။ သင်ကော။ ယေဟောဝါရဲ့ နှစ်သက်မှုရဖို့ လိုအပ်​တဲ့ “အရာအားလုံး” ကို နားလည်​သလား။ ယေဟောဝါ​အကြောင်း တိကျ​မှန်ကန်စွာ သိထား​ဖို့ အရေးကြီးတယ်။ ဒါကြောင့် (၁) နောဧ၊ ဒံယေလ၊ ယောဘ​တို့ ဘုရား​ကို ဘယ်လို သိခဲ့​ကြ​သလဲ၊ (၂) အဲဒီ​အသိ​ပညာက​နေ သူတို့ ဘယ်လို အကျိုး​ရခဲ့ကြသလဲ၊ (၃) သူတို့​လို ယုံကြည်ခြင်း​မျိုး​ရှိအောင် ဘယ်လို ပျိုးထောင်​နိုင်သလဲ​ဆိုတာ သုံးသပ်ကြည့်​ရ​အောင်။

ဆိုးသွမ်း​တဲ့​လောက​မှာ ဘုရား​လမ်းစဉ်​အတိုင်း နောဧ လျှောက်လှမ်း​ခဲ့

၄။ ယေဟောဝါ​ကို နောဧ ဘယ်လို သိခဲ့​သလဲ။ တိကျ​မှန်ကန်တဲ့ အသိ​ပညာက ဘယ်လို ကူညီပေးခဲ့သလဲ။

ယေဟောဝါ​အကြောင်း နောဧ သိလာ​ပုံ။ လူ့သမိုင်း​အစောပိုင်းက​တည်း​က ယုံကြည်ခြင်း​ရှိတဲ့ အမျိုးသား/သမီး​တွေဟာ ဘုရား​သခင်​အကြောင်း အဓိက နည်း​သုံးနည်း​နဲ့ သိလာ​ကြ​တယ်– မြင်ရ​တဲ့ ဖန်ဆင်းရာ​တွေကို ကြည့်ရှုခြင်း၊ ဘုရား​ကို ကြောက်ရွံ့သူ​တွေဆီကနေ သင်ယူခြင်း၊ ဘုရားသခင့် ဖြောင့်မတ်​တဲ့ စံနှုန်း​နဲ့ အခြေခံ​မူတွေ​အတိုင်း နေထိုင်ခြင်း​ရဲ့ ကောင်းချီး​တွေကို ခံစားရခြင်း​တို့ ဖြစ်တယ်။ (ဟေရှာ. ၄၈:၁၈) နောဧ​ဟာ ဖန်ဆင်းခြင်း​လက်ရာ​တွေကို ကြည့်ရှုခြင်း​အားဖြင့် ဘုရား​သခင် တည်ရှိကြောင်း​သာမက ‘ထာဝရ​တန်ခိုးတော်​နဲ့ ဘုရားသခင့်​အဖြစ်တော်’ စတဲ့ ဘုရားသခင်ရဲ့ မမြင်နိုင်​တဲ့ အရည်အသွေး​တွေကို သိလာ​တယ်။ (ရော. ၁:၂၀) ဒါကြောင့် ဘုရား​သခင်​ကို ယုံကြည်​ရုံ​သာမက ခိုင်မာ​တဲ့​ယုံကြည်ခြင်း ရှိ​လာတယ်။

၅။ လူသားတွေနဲ့​ပတ်သက်တဲ့ ဘုရား​ရည်ရွယ်ချက်​ကို နောဧ ဘယ်လို သိခဲ့​သလဲ။

“ကြားနာ​ပြီးမှ ယုံကြည်​လာ​တာ။” (ရော. ၁၀:၁၇) ယေဟောဝါ​အကြောင်း နောဧ ဘယ်လို ကြားခဲ့​သလဲ။ ဆွေမျိုး​တွေဆီကနေ များစွာ သိရှိ​ခဲ့မှာ သေချာ​တယ်။ အဲဒီ​ထဲမှာ အာဒံ​ကို မီ​ခဲ့တဲ့၊ ယုံကြည်ခြင်း​ရှိတဲ့ ဖခင် လာ​မက် ပါဝင်တယ်။ (ဆောင်းပါး​အစမှာ​ပါတဲ့ ပုံကို ကြည့်ပါ။) အဘိုး မသု​ရှ​လ၊ အ​ဘီ ယာ​ရက်​တို့လည်း ပါဝင်တယ်။ ယာ​ရက်​ကို နောဧ ၃၆​၆ နှစ် မီ​လိုက်တယ်။ * (လု. ၃:၃၆၊ ၃၇) အဲဒီ​အမျိုးသား​တွေနဲ့ သူတို့ရဲ့​ဇနီး​တွေဆီကနေ လူ့သမိုင်း​အစ​အကြောင်း၊ ကမ္ဘာမြေ​ကို ဖြောင့်မတ်​တဲ့​လူ့မိသားစု​နဲ့ ပြည့်စေ​မယ့် ဘုရားသခင့် ရည်ရွယ်ချက်​အကြောင်း၊ ဧဒင်​ပုန်ကန်မှု​အကြောင်း သိခဲ့​မှာ​ပဲ။ ပုန်ကန်မှု​ရဲ့ အကျိုးဆက်​တွေကိုလည်း နောဧ​ကိုယ်တိုင် မြင်ခဲ့​ရတယ်။ (က. ၁:၂၈။ ၃:၁၆-၁၉၊ ၂၄) ဘာ​ပဲ​ဖြစ်ဖြစ်၊ သိလာ​တာ​တွေကြောင့် နောဧ စိတ်နှလုံး ထိမိ​ပြီး ဘုရား​သခင်​ကို ဝတ်ပြု​ဖို့ လှုံ့ဆော်ပေး​ခဲ့တယ်။—က. ၆:၉

၆၊ ၇။ မျှော်လင့်ချက်​က နောဧ​ရဲ့ ယုံကြည်ခြင်း​ကို ဘယ်လို ခိုင်မာ​စေခဲ့​သလဲ။

မျှော်လင့်ချက်​က ယုံကြည်ခြင်း​ကို အားဖြည့်ပေး​တယ်။ “သက်သာရာရ​စေ​သူ” လို့ အဓိပ္ပာယ်​ရှိတဲ့ မိမိ​နာမည်​အကြောင်း နောဧ သိလာ​ချိန်မှာ မျှော်လင့်ချက် ဘယ်လောက် ခိုင်မာ​လာမယ်​ဆိုတာ စဉ်းစားကြည့်ပါ။ (က. ၅:၂၉၊ အောက်ခြေမှတ်ချက်) “ယေဟောဝါ​ဘုရား ကျိန်​လိုက်တဲ့​မြေ​ပေါ်မှာ . . . အလုပ်ကြမ်း​လုပ်​ရတဲ့ ငါ​တို့​ကို ဒီ​သား [နောဧ] က စိတ်သက်သာရာ​ရစေ​မှာ​ပဲ” လို့ လာ​မက် ပြောခဲ့တယ်။ ဘုရား​သခင်​ကို နောဧ မျှော်လင့်​ခဲ့တယ်။ အာဗေလ၊ ဧနောက်​တို့​လိုပဲ နောဧ​လည်း မြွေ​ရဲ့​ခေါင်း​ကို ကြိတ်​မယ့် “မျိုးနွယ်” ကို ယုံကြည်​တယ်။—က. ၃:၁၅

ကမ္ဘာဦး ၃:၁၅ မှာ​ပါတဲ့ ပရောဖက်ပြုချက်​ရဲ့ အသေးစိတ် အချက်အလက်​တွေကို နောဧ သိ​မှာ မဟုတ်​ပေ​မဲ့ လွတ်မြောက်ခြင်း မျှော်လင့်ချက် ရရှိ​စေ​တာကို သိခဲ့တယ်။ ဒီ့​အပြင် ဧဒင်ဥယျာဉ်​မှာ ပေးခဲ့တဲ့​ကတိ​က ဆိုးသွမ်း​တဲ့​လောက​ကို ဘုရား​သခင် စီရင်​မယ့်​အကြောင်း ကြိုဟော​ခဲ့တဲ့ ဧနောက်​ရဲ့ သတင်းစကား​နဲ့လည်း ကိုက်ညီ​တယ်။ (ယု. ၁၄၊ ၁၅) အာမဂေဒုန်​မှာ ပြည့်စုံ​မယ့် ဧနောက်​ရဲ့ သတင်းစကား​က နောဧ​ရဲ့ ယုံကြည်ချက်​နဲ့ မျှော်လင့်ချက်​ကို ခိုင်မာ​စေခဲ့တယ်။

၈။ တိကျ​မှန်ကန်တဲ့ အသိ​ပညာက နောဧ​ကို ဘယ်နည်းတွေနဲ့ ကာကွယ်​ပေးခဲ့​သလဲ။

ဘုရား​သခင်​ကို တိကျ​မှန်ကန်စွာ သိကျွမ်းခြင်း​က နောဧ​ကို အကျိုးပြုပုံ။ တိကျ​မှန်ကန်တဲ့ အသိ​ပညာက နောဧ​ကို ယုံကြည်ခြင်း​နဲ့ ဘုရားရေးရာ ဉာဏ်ပညာ ရရှိ​စေ​တာ​မို့ အန္တရာယ်၊ အထူးသဖြင့် ဘုရားရေးရာ အန္တရာယ်​က​နေ ကာကွယ်​ခံ​ရတယ်။ ဥပမာ၊ “ဘုရားသခင့်​လမ်းစဉ်​အတိုင်း လျှောက်လှမ်း” တဲ့အတွက် ဘုရားတရားမဲ့သူတွေနဲ့ နောဧ မပေါင်းသင်း​ခဲ့ဘူး။ လူ​ယောင်ဆောင်​ထားတဲ့ နတ်ဆိုး​တွေရဲ့ လှည့်စားမှု​ကိုလည်း မခံ​ခဲ့ဘူး။ ယုံကြည်ခြင်း မရှိတဲ့၊ အ​ယုံ​လွယ်​တဲ့​လူတွေ​က​တော့ အဲဒီ​နတ်ဆိုး​တွေရဲ့ သာမန်​ထက် ထူးခြားတဲ့​စွမ်းအား​တွေကို အထင်ကြီး​အားကျ​ပြီး ကိုးကွယ်​တဲ့​အထိ​တောင် ဖြစ်ခဲ့​ဖွယ် ရှိတယ်။ (က. ၆:၁-၄၊ ၉) သားသမီး​တွေ မွေး​ပြီး ကမ္ဘာမြေ​ကို ပြည့်စေ​ဖို့ လူသားတွေ မိန့်မှာခံ​ရတာ​ကို နောဧ သိတယ်။ (က. ၁:၂၇၊ ၂၈) ဒါကြောင့် လူ့​သမီး​တွေနဲ့ လူ​ယောင်ဆောင်​ထားတဲ့ နတ်ဆိုး​တွေရဲ့ ပေါင်းဖက်မှု​ဟာ သဘာဝ​နဲ့ ဆန့်ကျင်​ပြီး မှား​မှန်း နောဧ သိခဲ့​မှာ​ပဲ။ အဲဒီ​အသိ​ဟာ ထူးခြားတဲ့​ကလေးတွေ မွေး​လာတဲ့အခါ ပို​ခိုင်မာ​လာတယ်။ ဒီလိုနဲ့ ကမ္ဘာမြေ​ကို ရေလွှမ်းမိုး​မယ်ဆို​တဲ့​အကြောင်း နောဧ​ကို ဘုရား​သခင် သတိပေး​ခဲ့တယ်။ အဲဒီ​သတိပေးချက်​ကို ယုံကြည်ခြင်း​ကြောင့် အိမ်သားတွေကို ကယ်တင်​ဖို့ သင်္ဘော​ဆောက်​ခဲ့တယ်။—ဟီ. ၁၁:၇

၉၊ ၁၀။ နောဧ​ရဲ့ ယုံကြည်ခြင်း​ကို ဘယ်လို တုပ​နိုင်သလဲ။

နောဧ​လို ယုံကြည်ခြင်း​မျိုး ပျိုးထောင်​နိုင်​ပုံ။ ဘုရားသခင့် စကားတော်​ကို လေ့လာဖို့၊ သိရှိ​လာ​တာကို နှလုံးသွင်း​ဖို့၊ အသိပညာ​ရဲ့ လမ်းပြ​ပုံသွင်းမှု​ကို ခံယူ​ဖို့ အရေးကြီးတယ်။ (၁ ပေ. ၁:၁၃-၁၅) ယုံကြည်ခြင်း​နဲ့ ဘုရားရေးရာ ဉာဏ်​ပညာက စာတန်ရဲ့ ဉာဏ်နီဉာဏ်နက်​တွေ၊ လောကရဲ့ ဆိုးညစ်​တဲ့ စိတ်ဓာတ်​တွေကနေ ကာကွယ်​ပေးပါ​လိမ့်မယ်။ (၂ ကော. ၂:၁၁) လောက​စိတ်ဓာတ်​က အကြမ်းဖက်မှု​နဲ့ အကျင့်ပျက်မှု​ကို ကြိုက်နှစ်သက်​စေတယ်။ သွေးသားဆန္ဒ​တွေကို အာရုံစိုက်​စေတယ်။ (၁ ယော. ၂:၁၅၊ ၁၆) ဘုရားသခင့်​နေ့ကြီး နီးကပ်​နေတဲ့ အထောက်အထား​ကို လျစ်လျူရှု​ဖို့တောင် ယုံကြည်ခြင်း အားနည်းသူ​ကို လှုံ့ဆော်ပေး​နိုင်တယ်။ ကျွန်တော်တို့​ခေတ်​ကို နောဧ​ခေတ်​နဲ့ ယေရှု နှိုင်းယှဉ်​ချိန်မှာ အကြမ်းဖက်မှု၊ အကျင့်ပျက်မှု​ကို အလေး​မပေး​ဘဲ ဘုရားတရား စိတ်​ပါဝင်​စား​မှု မရှိတဲ့​သဘော​ကို အလေးပေး​ခဲ့​ကြောင်း သတိပြု​ပါ။မဿဲ ၂၄:၃၆-၃၉ ကို​ဖတ်ပါ။

၁၀ ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– ‘ငါ့ရဲ့​ဘဝလမ်းစဉ်​က ယေဟောဝါ​ကို တကယ်​သိကြောင်း ဖော်ပြနေသလား။ ယုံကြည်ခြင်းက ဘုရားသခင့် ဖြောင့်မတ်​တဲ့ စံနှုန်းတွေ​အတိုင်း နေထိုင်​ဖို့ လှုံ့ဆော်ပေး​ရုံ​သာမက အဲဒီ​စံနှုန်းတွေ​အကြောင်း ကြေညာ​ဖို့ လှုံ့ဆော်ပေး​သလား။’ သင့်​အဖြေက ‘ဘုရားသခင့် လမ်းစဉ်​အတိုင်း လျှောက်လှမ်း​နေ’ ကြောင်း ဖော်ပြ​နိုင်ပါစေ။

အယူမှား ဗာဗုလုန်​မှာ ဘုရားရေးရာ​ဉာဏ်ပညာ​ကို ဒံယေလ တင်ပြ​ခဲ့

၁၁။ (က) လူငယ်​တစ်ယောက်​အနေနဲ့ ဒံယေလ​ရဲ့ ဘုရားတရား ဆည်းကပ်မှု​က သူ့ရဲ့​ကြီးပြင်းလာ​ပုံ​အကြောင်း ဘာ​ဖော်ပြသလဲ။ (ခ) ဒံယေလ​ရဲ့ ဘယ်အရည်အသွေးတွေ​ကို သင်​တုပ​ချင်​ပါသလဲ။

၁၁ ယေဟောဝါ​အကြောင်း ဒံယေလ သိလာ​ပုံ။ ယေဟောဝါနဲ့ ကျမ်းစာကို မြတ်နိုး​ဖို့ သင်ပေး​တဲ့ မိဘတွေရဲ့ သွန်သင်ဆုံးမ​မှု​ကို ဒံယေလ ကောင်းစွာ ရရှိ​ထားတာ ထင်ရှားတယ်။ ဒံယေလ​မှာ အဲဒီ​မြတ်နိုး​တဲ့​စိတ် တစ်သက်လုံး ရှိခဲ့တယ်။ အသက်ကြီးတဲ့ အချိန်မှာ​တောင် ကျမ်းစာ​အကြောင်း လေ့လာ​နေတုန်းပဲ။ (ဒံ. ၉:၁၊ ၂) ဘုရား​သခင်​အကြောင်း၊ အစ္စရေး​တွေနဲ့ ဆက်ဆံပုံ​အကြောင်း ဒံယေလ အသေးစိတ်​သိရှိ​ကြောင်း ဒံယေလ ၉:၃-၁၉ ပါ လှိုက်လှဲ​တဲ့ ဆုတောင်းစကား​က​နေ သိရှိ​နိုင်ပါတယ်။ အဲဒီ​ဆုတောင်းချက်ကို အချိန်​ယူ ဖတ်ရှု​တွေးတော​ကြည့်ပါ။ ဒံယေလ​အကြောင်း ဘာ​သိရ​သလဲ မှတ်သား​ပါ။

၁၂-၁၄။ (က) ဘုရားရေးရာ​ဉာဏ်ပညာ ရှိကြောင်း ဒံယေလ ဘယ်နည်းတွေနဲ့ ပြသ​ခဲ့​သလဲ။ (ခ) ဘုရား​အပေါ် ရဲစွမ်း​သတ္တိရှိရှိ သစ္စာ​တည်ကြည်​ခဲ့လို့ ဒံယေလ ဘယ်လို ကောင်းချီး​ခံစား​ခဲ့ရ​သလဲ။

၁၂ ဘုရား​သခင်​ကို တိကျ​မှန်ကန်စွာ သိကျွမ်းခြင်း​က ဒံယေလ​ကို အကျိုးပြုပုံ။ သစ္စာရှိ​တဲ့ ဂျူး​တစ်ယောက်​အတွက် အယူမှား​ဗာဗုလုန်​မှာ နေရတာ အလွန်ခက်​ခဲ​တယ်။ ဥပမာ၊ “ငါ​ပြည်နှင်ဒဏ်​ပေးလိုက်​လို့ မင်း​တို့​ရောက်နေတဲ့​မြို့​ကို ငြိမ်သက်​အေးချမ်း​အောင် ကြိုးစား​ကြ” ဆိုပြီး ဂျူးတွေကို ယေဟောဝါ မိန့်မှာ​ခဲ့တယ်။ (ယေ. ၂၉:၇) တစ်ချိန်​တည်းမှာ အကြွင်းမဲ့ ကိုးကွယ်ဆည်းကပ်​ဖို့​လည်း တောင်းဆို​ထားတယ်။ (ထွ. ၃၄:၁၄) တောင်းဆိုမှု​နှစ်ခု​ကို ဒံယေလ ဘယ်လို ဟန်ချက်ညီ​စေခဲ့​သလဲ။ ဘုရားရေးရာ​ဉာဏ်​ပညာက လောက​အာဏာပိုင်​တွေကို အထိုက်အလျောက် လက်အောက်ခံ​ရမယ်​ဆိုတဲ့ အခြေခံ​မူကို နားလည်အောင် ကူညီပေးတယ်။ ရာစု​နှစ်တွေ ကြာပြီး​တဲ့​နောက် အဲဒီ​အခြေခံ​မူကို​ပဲ ယေရှု သင်ပေး​ခဲ့တယ်။—လု. ၂၀:၂၅

၁၃ ရက် ၃၀ အတွင်းမှာ ဘုရင်​ကလွဲလို့ ဘယ်​ဘုရား၊ ဘယ်​လူ​ဆီ​ကို​မှ ဆု​မ​တောင်း​ဖို့ မင်း​မိန့် ထုတ်ပြန်​တဲ့အခါ ဒံယေလ ဘာလုပ်ခဲ့​ကြောင်း စဉ်းစားကြည့်ပါ။ (ဒံယေလ ၆:၇-၁၀ ကို​ဖတ်ပါ။) ‘ရက် ၃၀ လေး​ပါပဲ။ တစ်သက်လုံးမှ မဟုတ်​တာ’ လို့ ဒံယေလ ဆင်ခြေပေး​နိုင်တယ်။ ဒါပေမဲ့ မင်း​မိန့်​ကြောင့် ကျမ်းပေးတာဝန်​တွေကို ဘေးမ​ချိတ်​ခဲ့ဘူး။ တခြား​သူတွေ မမြင်​အောင် သိုသိုသိပ်သိပ် ဆုတောင်း​လို့ ရတာပဲ။ ဒါပေမဲ့ နေ့စဉ် လုပ်ရိုးလုပ်စဉ်​ကို လူတွေ သိထား​မှန်း ဒံယေလ သိတယ်။ ဒါကြောင့် အသက်အန္တရာယ် ရှိတာ​တောင် ဝတ်ပြုရေး​ကို အလျှော့ပေး​တဲ့​သဘော​မျိုး မပြဖို့ ဆုံးဖြတ်​ခဲ့တယ်။

၁၄ ရက်ရက်စက်စက် မသေ​ဆုံး​အောင် အံ့ဖွယ်နည်းနဲ့ ကာကွယ်​ပေးခြင်း​အားဖြင့် ဒံယေလ​ရဲ့ အသိတရား​ရှိရှိ၊ သတ္တိရှိရှိ ဆုံးဖြတ်ချက်​ကို ယေဟောဝါ ကောင်းချီး​ပေးတယ်။ ဒီလိုနဲ့ ယေဟောဝါ​အကြောင်း မီ​ဒို​ပါရှားအင်ပါယာ​တစ်ခွင် ပျံ့နှံ့​သွားခဲ့တယ်။—ဒံ. ၆:၂၅-၂၇

၁၅။ ဒံယေလ​လို ယုံကြည်ခြင်း​မျိုး​ရှိအောင် ဘယ်လို လုပ်​နိုင်သလဲ။

၁၅ ဒံယေလ​လို ယုံကြည်ခြင်း​မျိုး ပျိုးထောင်​နိုင်​ပုံ။ ခိုင်မာ​တဲ့​ယုံကြည်ခြင်း ရှိ​ဖို့ ဘုရားသခင့် စကားတော်​ကို ဖတ်ရှုရုံ​သာမက “ဆိုလိုရင်း​ကို သဘောပေါက်” ဖို့ အရေးကြီးတယ်။ (မ. ၁၃:၂၃) ကိစ္စရပ်​တွေကို ယေဟောဝါ စဉ်းစား​သလို စဉ်းစား​ရမယ်။ အဲဒီမှာ ကျမ်းစာမူ​တွေကို နားလည်ခြင်း ပါဝင်တယ်။ ဒါကြောင့် ဖတ်ရှု​တဲ့​အရာ​ကို တွေးတော​ရမယ်။ ပုံမှန် ဆုတောင်း​ဖို့၊ အထူးသဖြင့် စမ်းသပ်မှုတွေ၊ အခက်အခဲ​တွေ ကြုံရတဲ့​အခါ ရင်ဖွင့်​ဆုတောင်း​ဖို့ အရေးကြီးတယ်။ ဉာဏ်​ပညာနဲ့ ခွန်အား ရဖို့ ယုံကြည်​တဲ့​စိတ်နဲ့ ဆုတောင်း​မယ်ဆိုရင် ယေဟောဝါ ရက်ရော​စွာ ပေးသနား​ပါလိမ့်မယ်။—ယာ. ၁:၅

အခြေအနေ ကောင်းကောင်း​ဆိုးဆိုး ဘုရားရေးရာ​အခြေခံ​မူတွေ​ကို ယောဘ ကျင့်သုံး​ခဲ့

၁၆၊ ၁၇။ တိကျ​မှန်ကန်တဲ့ အသိပညာ​ကို ယောဘ ဘယ်လို ရခဲ့​သလဲ။

၁၆ ယေဟောဝါ​အကြောင်း ယောဘ သိလာ​ပုံ။ ယောဘ​ဟာ အစ္စရေး​လူမျိုး မဟုတ်ဘူး။ အာဗြဟံ၊ အိဇက်၊ ယာကုပ်​တို့​နဲ့ ဆွေမျိုး​နည်းနည်း​တော်​တယ်။ ယေဟောဝါ​က သူတို့ကို မိမိ​အကြောင်း၊ လူသားတွေ​အတွက် ရည်ရွယ်ချက်​အကြောင်း အသေးစိတ် ဖော်ပြခဲ့တယ်။ အဲဒီ​အဖိုးတန် အမှန်တရားတွေကို ယောဘ တစ်နည်းနည်း​နဲ့ သိလာ​တယ်။ (ယောဘ ၂၃:၁၂) ‘ကိုယ်တော့်​အကြောင်းကို အရင်က နားနဲ့ ကြားခဲ့​ဖူး​တာ’ လို့ ယောဘ ပြောခဲ့တယ်။ (ယောဘ ၄၂:၅) ယောဘ​ဟာ ယေဟောဝါ​အကြောင်း အမှန်အတိုင်း ပြောတယ်​လို့ ဘုရား​ကိုယ်တိုင် မိန့်ဆို​ခဲ့တယ်။—ယောဘ ၄၂:၇၊ ၈

မြင်ရ​တဲ့ ဖန်ဆင်းရာ​တွေမှာ ဘုရားရဲ့ မမြင်နိုင်​တဲ့ အရည်အသွေး​တွေကို တွေ့မြင်တဲ့အခါ ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်း ခိုင်ခံ့​လာ (အပိုဒ် ၁၇ ကိုကြည့်ပါ)

၁၇ မြင်ရ​တဲ့ ဖန်ဆင်းရာ​တွေကနေ ဘုရားသခင့် မမြင်နိုင်​တဲ့ အရည်အသွေး​တွေကိုလည်း ယောဘ သိမြင်​ခဲ့တယ်။ (ယောဘ ၁၂:၇-၉၊ ၁၃) နောက်ပိုင်းမှာ ဘုရားသခင့် ကြီးမြတ်မှု​နဲ့ ယှဉ်​ရင် လူသားတွေ အလွန်​သေး​သိ​မ်​ကြောင်း ယောဘ​ကို သတိပေး​ဖို့ ဖန်ဆင်းခြင်း​လက်ရာ​တွေကို ဧလိဟု​နဲ့ ယေဟောဝါ အသုံးပြု​ခဲ့တယ်။ (ယောဘ ၃၇:၁၄။ ၃၈:၁-၄) ယေဟောဝါရဲ့ စကား​တွေကြောင့် ယောဘ စိတ်ထိမိ​သွားတယ်။ “ကိုယ်တော်​ဟာ အရာရာ​ကို လုပ်ဆောင်​နိုင်မှန်း၊ ကိုယ်တော် ကြံစည်သမျှ မဖြစ်​နိုင်တာ မရှိ​မှန်း ကျွန်တော် သိ​ပါ​ပြီ။ . . . မြေမှုန့်​နဲ့ ပြာ​ထဲမှာ ထိုင်ပြီး နောင်တရ​ပါ​ပြီ” လို့ နှိမ့်ချ​စွာ ပြောခဲ့တယ်။—ယောဘ ၄၂:၂၊ ၆

၁၈၊ ၁၉။ ယေဟောဝါ​ကို အမှန်တကယ် သိကြောင်း ယောဘ ဘယ်နည်းတွေနဲ့ ပြခဲ့​သလဲ။

၁၈ ဘုရား​သခင်​ကို တိကျ​မှန်ကန်စွာ သိကျွမ်းခြင်း​က ယောဘ​ကို အကျိုးပြုပုံ။ ဘုရားရေးရာ အခြေခံ​မူတွေ​ကို ယောဘ ထူးထူးခြားခြား နားလည်​ထားတယ်။ ယေဟောဝါ​ကို တကယ် သိကျွမ်း​ပြီး အဲဒီ​အသိပညာ​အတိုင်း ကျင့်ကြံ​ခဲ့တယ်။ စဉ်းစားကြည့်ပါ– ဘုရား​သခင်​ကို ချစ်​ပါတယ်​လို့ ပြောပြီး လူသားချင်း​ကို မကြင်မနာ ဆက်ဆံ​လို့ မရ​မှန်း ယောဘ သိတယ်။ (ယောဘ ၆:၁၄) ကိုယ့်ကိုယ်ကိုယ် တခြား​သူတွေ​ထက် သာ​တယ်လို့ မယူဆ​ဘူး။ ဆင်းရဲ​ချမ်းသာ​အားလုံး​အပေါ် ညီ​ရင်း​အစ်ကို​လို သဘောထား​တယ်။ “အမေ့​ဝမ်း​ထဲမှာ ကျုပ်​ကို ဖန်ဆင်း​တဲ့​အရှင်​ဟာ သူတို့​ကိုလည်း ဖန်ဆင်း​ခဲ့တယ် မဟုတ်လား” လို့ ပြောခဲ့တယ်။ (ယောဘ ၃၁:၁၃-၂၂) ဂုဏ်သိက္ခာ​နဲ့ ချမ်းသာ​ကြွယ်ဝမှု​ကြောင့် မာန​မကြီး​ဘူး။ တခြား​သူတွေကို အထင်​မသေး​ခဲ့ဘူး။ လောက အာဏာရှင်၊ စည်းစိမ်​ရှင်​တွေနဲ့​တော့ ကွာခြား​လှပါတယ်။

၁၉ ယောဘ​ဟာ ရုပ်တု​ကိုးကွယ်မှု ပုံစံ​အားလုံးကို စိတ်နှလုံး​ထဲက​နေ​တောင် ငြင်းပယ်​ခဲ့တယ်။ စည်းစိမ်ချမ်းသာ​ကို ဆည်းကပ်ခြင်း အပါအဝင် မှားယွင်းတဲ့ ဝတ်ပြုရေး​ဟာ “ကောင်းကင်မှာ​ရှိတဲ့ စစ်မှန်တဲ့ ဘုရား​သခင်​ကို ငြင်းပယ်​ရာ​ရောက်​တယ်” လို့ သိထား​တယ်။ (ယောဘ ၃၁:၂၄-၂၈ ကို​ဖတ်ပါ။) အိမ်ထောင်ရေး​ကို မြင့်မြတ်​တဲ့​နှောင်ကြိုး​အဖြစ် ရှုမြင်​တယ်။ တခြား​မိန်းမ​ကို တပ်မက်​တဲ့​စိတ်နဲ့ မကြည့်​ဖို့ ကိုယ့်မျက်စိ​နဲ့ ကတိသစ္စာ ပြု​ထားတယ်။ (ယောဘ ၃၁:၁) အဲဒီခေတ်​တုန်းက မယား​အများယူ​တဲ့​စနစ်​ကို ဘုရား ခွင့်ပြုထား​ကြောင်း သတိရပါ။ ဒါကြောင့် ယောဘ​သာ ဆန္ဒရှိ​ရင် နောက်ထပ်​မိန်းမ ယူ​လို့​ရတယ်။ * ဒါပေမဲ့ ဧဒင်​မှာ ဘုရား​သခင် ချမှတ်​ခဲ့တဲ့ အိမ်ထောင်ရေး​စံနှုန်းကို လိုက်နာကျင့်သုံး​ခဲ့တယ်။ (က. ၂:၁၈၊ ၂၄) နှစ်ပေါင်း ၁,၆၀​၀ ကြာပြီး​တဲ့​နောက် အိမ်ထောင်ရေး၊ လိင်​အကျင့်​နဲ့ပတ်သက်ပြီး ထပ်တူ​ဖြောင့်မတ်​တဲ့ အခြေခံ​မူတွေ​ကို လိုက်နာ​ဖို့ ယေရှု​ခရစ် သင်ပေး​ခဲ့တယ်။—မ. ၅:၂၈။ ၁၉:၄၊ ၅

၂၀။ ယေဟောဝါနဲ့​ပတ်သက်တဲ့ တိကျ​မှန်ကန်တဲ့ အသိပညာ​နဲ့ ဘုရားရဲ့ စံနှုန်းတွေ​က အကျိုးပြု​တဲ့ အပေါင်းအသင်း၊ ဖျော်ဖြေမှု ရွေးချယ်​ရာမှာ ဘယ်လို ကူညီပေးသလဲ။

၂၀ ယောဘ​လို ယုံကြည်ခြင်း​မျိုး ပျိုးထောင်​နိုင်​ပုံ။ ယေဟောဝါ​ကို တိကျ​မှန်ကန်စွာ သိကျွမ်းဖို့၊ အဲဒီ​အသိပညာ​ကို ဘဝ​ကဏ္ဍ​တိုင်းမှာ ကျင့်သုံး​ဖို့ အရေးကြီးတယ်။ ဥပမာ၊ ယေဟောဝါ​က “အကြမ်းဖက်မှု နှစ်သက်သူ​ကို မုန်း​တယ်” လို့ ဆာလံဆရာ ဒါဝိဒ် ပြောခဲ့တယ်။ “လူ​လိမ်​လူ​ညာ​တွေနဲ့ မ​ပေါင်း” ဖို့​လည်း သတိပေး​ခဲ့တယ်။ (ဆာလံ ၁၁:၅၊ ၂၆:၄ ကို​ဖတ်ပါ။) အဲဒီ​ကျမ်းချက်တွေ​က ဘုရားသခင့် စဉ်းစား​ပုံ​အကြောင်း ဘာ​ဖော်ပြသလဲ။ ဒါက သင့်​ဦးစားထားရာ​တွေ၊ အင်တာနက် အသုံးပြုပုံ၊ အပေါင်းအသင်း​နဲ့ ဖျော်ဖြေမှု ရွေးချယ်ပုံ​အပေါ် ဘယ်လို အကျိုးသက်ရောက်​သင့်သလဲ။ သင့်​အဖြေ​က ယေဟောဝါ​ကို ဘယ်လောက် သိကျွမ်း​ထားကြောင်း နားလည်အောင် ကူညီ​ပေး​နိုင်တယ်။ ရှုပ်ထွေး​ဆိုးညစ်​တဲ့ ဒီနေ့ လောက​မှာ အပြစ်ကင်း​နေဖို့ “ပိုင်းခြားသိမြင်နိုင်စွမ်း” ကို လေ့ကျင့်​ရမယ်။ ဒါမှ အမှားအမှန်​သာမက ပညာ​ရှိတဲ့​အရာ၊ မရှိတဲ့​အရာ​တွေကို ခွဲခြားသိမြင်​တတ်လာ​မယ်။—ဟီ. ၅:၁၄။ ဧ. ၅:၁၅

၂၁။ ကောင်းကင်ဘုံ​စံ ဖခင်​ရဲ့ နှစ်သက်မှု ရရှိအောင် လိုအပ်​တဲ့ “အရာအားလုံး​ကို နားလည်​နိုင်” ဖို့ ဘာက ကူညီ​ပေးနိုင်သလဲ။

၂၁ နောဧ၊ ဒံယေလ၊ ယောဘ​တို့ဟာ ယေဟောဝါ​ကို စိတ်နှလုံး အကြွင်းမဲ့ ရှာဖွေခဲ့​ကြ​တဲ့အတွက် ယေဟောဝါ အတွေ့ခံ​ခဲ့တယ်။ ဘုရားသခင့် နှစ်သက်မှု ရဖို့ လိုအပ်တဲ့ “အရာအားလုံး​ကို နားလည်​နိုင်” အောင် ကူညီ​ပေး​ခဲ့တယ်။ ဒါကြောင့် သူတို့ဟာ ဖြောင့်မတ်ခြင်း ပုံသက်သေ​တွေ ဖြစ်လာ​ပြီး တကယ်​အောင်မြင်​တဲ့​ဘဝကို ပိုင်ဆိုင်ခဲ့​ကြ​တယ်။ (ဆာ. ၁:၁-၃) ဒါကြောင့် ‘ယေဟောဝါ​ကို နောဧ၊ ဒံယေလ၊ ယောဘ​တို့​လို သိပါသလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ ကျမ်းစာ​အသိပညာ ထွန်းလင်း​လာတဲ့အတွက် ဘုရား​အကြောင်း ပို​သိလာ​နိုင်တယ်။ (ပညာ. ၄:၁၈) ဒါကြောင့် ဘုရားသခင့် စကားတော်​ကို နက်နက်နဲနဲ လေ့လာ​ပါ။ တွေးတော​ဆင်ခြင်​ပါ။ သန့်ရှင်းသောစွမ်းအားတော် ရဖို့ ဆုတောင်း​ပါ။ ဒါဆိုရင် ကောင်းကင်ဘုံ​စံ​ဖခင်​နဲ့ ပို​ရင်းနှီး​လာပါလိမ့်မယ်။ ဘုရားတရားမဲ့​တဲ့ ဒီနေ့ လောက​မှာ ပညာရှိရှိ ပြုမူ​လုပ်ဆောင်​နိုင်​ပါလိမ့်မယ်။—ပညာ. ၂:၄-၇

^ စာပိုဒ်၊ 5 နောဧ​ရဲ့ အ​ဘေး ဧနောက်​လည်း “စစ်မှန်တဲ့ ဘုရားသခင်ရဲ့ လမ်းစဉ်​အတိုင်း ဆက်လျှောက်​လှမ်း​တယ်။” ဒါပေမဲ့ နောဧ မမွေးခင် ၆၉ နှစ်​လောက်မှာ သူ့ကို “ဘုရား​သခင် သိမ်းယူ” ခဲ့တယ်။—က. ၅:၂၃၊ ၂၄

^ စာပိုဒ်၊ 19 နောဧ​လည်း အလားတူ​ပဲ။ ဧဒင်​ပုန်ကန်မှု ပြီးတဲ့နောက် မကြာခင်​မှာ​ပဲ မယား​အများယူ​စနစ် စတင်​ခဲ့​ပေ​မဲ့ နောဧ​မှာ မိန်းမ​တစ်ယောက်​ပဲ ရှိတယ်။—က. ၄:၁၉