မော်ကွန်းတိုက်မှ
လူထုဟောပြောချက်တွေက အိုင်ယာလန်မှာ သတင်းကောင်း ပျံ့နှံ့စေ
ဘဲဖတ်စ် လပ် ရေလက်ကြားကို ရေနွေးငွေ့သင်္ဘော ခုတ်မောင်းလာတဲ့အခါ အရုဏ်ဦးအလင်းရောင်အောက် ထွက်ပေါ်လာတဲ့ တောင်ကုန်းစိမ်းစိမ်းလေးတွေကို ကုန်းပတ်ပေါ်ရပ်နေတဲ့ ခရီးသည်တွေ လှမ်းမြင်နေရတယ်။ အဲဒါ ၁၉၁၀၊ မေလတုန်းကပေါ့။ သူတို့ထဲက ခရီးသည်တစ်ယောက်ဖြစ်တဲ့ စီတီ ရပ်စယ်အတွက်တော့ အိုင်ယာလန်ကိုလာတဲ့ ငါးကြိမ်မြောက်ခရီးပဲ။ တိုင်တန်းနစ်နဲ့ အိုလံပစ် ပင်လယ်ကူးသင်္ဘောကြီးတွေ တည်ဆောက်နေတာကို မြင်ရတယ်။ * သင်္ဘောဆိပ်မှာတော့ ကျမ်းစာကျောင်းသား ၁၂ ယောက် သူ့ကို စောင့်ကြိုနေတယ်။
ညီအစ်ကို ရပ်စယ်ဟာ အစောပိုင်း အနှစ် ၂၀ လောက်ကတည်းက ကမ္ဘာတစ်ဝန်း သတင်းကောင်း ပျံ့နှံ့စေဖို့ အကောင်းဆုံးနည်းကို ရှာဖွေရင်း အမေရိကအပြင်ဘက်ကို အကြိမ်ကြိမ် ခရီးဆန့်ခဲ့တယ်။ ဦးဆုံး၊ ၁၈၉၁၊ ဇူလိုင်လမှာ အိုင်ယာလန်နိုင်ငံကို လည်ပတ်ခဲ့တယ်။ ကမ်းကပ်တော့မယ့် ကွင်းစတောင်းမြို့ နေဝင်ဆည်းဆာကို (City of Chicago) သင်္ဘောပေါ်ကနေ ကြည့်ရင်း ဇာတိမြို့အကြောင်း မိဘတွေ ပြောခဲ့တာကို တွေးမိမှာပဲ။ သန့်ရှင်းတဲ့မြို့တွေ၊ လှပတဲ့ ကျေးလက်ရှုခင်းတွေကို ဖြတ်ကျော်ရင်း “ရိတ်သိမ်းဖို့ အသင့်ဖြစ်နေတဲ့” လယ်ကွင်းပဲဆိုတာ ညီအစ်ကို ရပ်စယ်နဲ့ သူ့အပေါင်းအဖော်တွေ သိခဲ့တယ်။
ညီအစ်ကို ရပ်စယ်ဟာ အိုင်ယာလန်ကို စုစုပေါင်း ခုနစ်ကြိမ် လည်ပတ်ခဲ့တယ်။ ဦးဆုံး ခရီးစဉ်မှာ ရရှိခဲ့တဲ့ စိတ်ဝင်စားမှုက နောက်ပိုင်းခရီးစဉ်တွေမှာ ရာနဲ့ချီတဲ့၊ တစ်ခါတလေ ထောင်နဲ့ချီတဲ့ လူတွေကို နားထောင်ဖို့ လှုံ့ဆော်ပေးခဲ့တယ်။ ၁၉၀၃၊ မေလ ဒုတိယခရီးစဉ်မှာ ဘဲဖတ်စ်နဲ့ ဒပ်ဘလင်မြို့တွေမှာ လူထုအစည်းအဝေးတွေ ကျင်းပမယ့်အကြောင်း ဒေသခံသတင်းစာတွေမှာ ကြေညာခဲ့တယ်။ အာဗြဟံရဲ့ ယုံကြည်ခြင်း၊ လူသားတွေအတွက် အနာဂတ်ကောင်းချီးတွေနဲ့ပတ်သက်ပြီး “ပေးခဲ့တဲ့ ကျိန်ဆိုကတိများ” အကြောင်းကို “ပရိသတ်တွေ တော်တော် စိတ်ဝင်စား” တယ်လို့ ရပ်စယ် ပြန်ပြောတယ်။
စိတ်ဝင်စားမှု အတော်ရရှိတဲ့အတွက် ရပ်စယ်ရဲ့ တတိယမြောက် ဥရောပခရီးစဉ်မှာ အိုင်ယာလန်ကိုပါ ထည့်သွင်းခဲ့တယ်။ ၁၉၀၈၊ ဧပြီလ တစ်မနက်မှာ ညီအစ်ကိုငါးယောက်က ဘဲဖတ်စ်မြို့ ဆိပ်ကမ်းမှာ ညီအစ်ကို ရပ်စယ်ကို ကြိုဆိုခဲ့တယ်။ အဲဒီညနေမှာ “စာတန့်အင်ပါယာ ပြိုလဲပျက်စီးခြင်း” ဆိုတဲ့ ဟောပြောချက်ကို “ပရိသတ် ၃၀၀ လောက်” နားထောင်ခဲ့တယ်။ ပရိသတ်ထဲက ဆန့်ကျင်သူတစ်ယောက်ရဲ့ ပြောဆိုချက်ကို ကျမ်းစာသုံးပြီး ပိုင်ပိုင်နိုင်နိုင် ချေပခဲ့တယ်။ နောက်တစ်ကြိမ်မှာတော့ ဒပ်ဘလင်မြို့၊ ဝိုင်အမ်စီအေ အတွင်းရေးမှူး မစ္စတာ အိုကော်နာက ကျမ်းစာကျောင်းသားတွေကို ဆန့်ကျင်ဖို့ ပရိသတ် ၁,၀၀၀ ကျော်ကို သွေးထိုးပေးခဲ့တယ်။ ဘာဖြစ်ခဲ့သလဲ။
အဲဒီတုန်းက ဘာဖြစ်ခဲ့ကြောင်း နောက်ကြောင်းပြန် ကြည့်ကြစို့။ ကျမ်းစာအမှန်တရားကို စိတ်ဝင်စားသူတစ်ယောက်က အိုင်းရစ်တိုင်းမ် မဂ္ဂဇင်းမှာ ကြေညာထားတဲ့ လူထုဟောပြောချက်ကို တက်ရောက်ခဲ့တယ်။ ပြည့်ကျပ်နေတဲ့ ခန်းမထဲမှာ ထိုင်စရာ မနည်းရှာရတယ်။ ဆံပင်ဖြူဖြူ၊ မုတ်ဆိတ်မွေးနဲ့ အနက်ရောင် ကုတ်အင်္ကျီရှည်ဝတ်ထားတဲ့ ဟောပြောသူကို သေသေချာချာ အာရုံစိုက် နားထောင်နေတယ်။ ဟောပြောသူက စင်မြင့်ပေါ်မှာ ဟိုဟိုဒီဒီလျှောက်ပြီး အမူအရာတွေနဲ့ အားရပါးရ ဟောပြောတယ်။ ကျမ်းချက်တစ်ချက်ပြီးတစ်ချက် သုံးတဲ့အတွက် ကျမ်းစာအမှန်တရားတွေကို နားလည်လာတယ်။ အသံချဲ့စက် မရှိတာတောင် ဟောပြောသူရဲ့ အသံကို ခန်းမတစ်ခုလုံး ကြားနိုင်ပြီး ပရိသတ်ရဲ့ အာရုံကို တစ်နာရီခွဲကြာအောင် ဆွဲထားနိုင်တယ်။
အဲဒီနောက် အမေးအဖြေ ကဏ္ဍမှာ အိုကော်နာနဲ့ မိတ်ဆွေတွေ မေးတဲ့ မေးခွန်းကို ကျမ်းစာနဲ့ အဖြေပေးခဲ့တယ်။ ပရိသတ်က လက်ခုပ်ဩဘာတီးပြီး အားပေးကြတယ်။ ကိစ္စဝိစ္စတွေ ပြီးသွားတော့မှ စိတ်ဝင်စားသူက ပိုသိနိုင်ဖို့ ညီအစ်ကိုတွေဆီ ချဉ်းကပ်လာတယ်။ ဒီလိုနည်းနဲ့ ကျမ်းစာအမှန်တရားကို လူများစွာ သိရှိလာတယ်လို့ မျက်မြင်သက်သေတွေ ပြန်ပြောပြတယ်။၁၉၀၉၊ မေလမှာ စတုတ္ထမြောက် ခရီးစဉ်အတွက် နယူးယောက်မြို့ကနေ မော်ရီတန်နီယာသင်္ဘောနဲ့ ထွက်လာတယ်။ ညီအစ်ကို ရပ်စယ်က လက်နှိပ်စက်ရိုက်သူ ညီအစ်ကို ဟန့်စင်ဂါကိုပါ ခေါ်လာတယ်။ ခရီးသွားရင်း ကင်းမျှော်စင် ဆောင်းပါးတွေကို နှုတ်တိုက်ချပေးဖို့ဖြစ်တယ်။ ဘဲဖတ်စ်မြို့မှာ ညီအစ်ကို ရပ်စယ်ရဲ့ လူထုဟောပြောချက်ကို ဒေသခံ ၄၅၀ နားထောင်ခဲ့တယ်။ ထိုင်စရာ မရှိလို့ ၁၀၀ လောက် မတ်တတ်ရပ်ခဲ့ရတယ်။
အစပိုင်းမှာ ဖော်ပြခဲ့တဲ့ ငါးကြိမ်မြောက်ခရီးလည်း အဲဒီအတိုင်းပဲ။ ဒပ်ဘလင်မြို့မှာ လူထုဟောပြောချက်ပြီးတော့ အိုကော်နာ ခေါ်လာတဲ့ ဘာသာရေးပညာရှင်တစ်ယောက်ရဲ့ မေးခွန်းတွေကို ကျမ်းစာသုံးပြီး ဖြေပေးခဲ့တယ်။ ပရိသတ်တွေ တော်တော် အားရကျေနပ်ခဲ့တယ်။ နောက်နေ့မှာ လီဗာပူးမြို့ကို သွားမယ့် သင်္ဘောစီးပြီး အဲဒီကနေ နယူးယောက်မြို့ကို နာမည်ကျော် လူစီတန်နီယာသင်္ဘောနဲ့ ထွက်ခွာခဲ့တယ်။ *
၁၉၁၁၊ ညီအစ်ကိုရပ်စယ်ရဲ့ ခြောက်ကြိမ်နဲ့ ခုနစ်ကြိမ်မြောက် ခရီးစဉ်တွေမှာလည်း လူထုဟောပြောချက်တွေကို ကြေညာခဲ့တယ်။ နွေဦးမှာ ဘဲဖတ်စ်မြို့က ကျမ်းစာကျောင်းသား ၂၀ ဟာ “တမလွန်ဘဝ” ဟောပြောချက်ကို နားထောင်မယ့် ပရိသတ် ၂,၀၀၀ ကို ကြိုဆိုခဲ့ကြတယ်။ အိုကော်နာဟာ ဒပ်ဘလင်မြို့ကို ဓမ္မဆရာ နောက်တစ်ယောက်နဲ့ ရောက်လာတယ်။ သူ့မေးခွန်းတွေကို ကျမ်းစာနဲ့ ဖြေပေးတဲ့အခါ ပရိသတ်တွေ လက်ခုပ်ဩဘာပေးကြတယ်။ အဲဒီနှစ်ဆောင်းဦးမှာ တခြားမြို့တွေကိုလည်း လည်ပတ်ခဲ့တယ်။ တက်ရောက်သူ အတော်များများ ရှိခဲ့တယ်။ အိုကော်နာနဲ့ လူ ၁၀၀ က ဒပ်ဘလင်မြို့ အစည်းအဝေးကို နှောင့်ယှက်ဖို့ တစ်ကြိမ်ထက်မက ကြိုးစားခဲ့ပေမဲ့ ပရိသတ်က ဟောပြောသူကို ထက်သန်စွာ ထောက်ခံခဲ့တယ်။
အဲဒီတုန်းက လူထုဟောပြောချက်တွေကို ညီအစ်ကို ရပ်စယ် ဦးဆောင်ဟောပြောခဲ့ပေမဲ့ “ဘယ်သူမှ မရှိမဖြစ် မဟုတ်” ကြောင်း၊ “ဒါဟာ လူ့အလုပ် မဟုတ်ဘဲ ဘုရားအလုပ်ဖြစ်ကြောင်း” အသိအမှတ်ပြုခဲ့တယ်။ လူထုအစည်းအဝေးတွေရဲ့ ရှေ့ပြေးဖြစ်တဲ့ ကြေညာထားတဲ့ လူထုဟောပြောချက်တွေဟာ ကျမ်းစာအမှန်တရား တင်ဆက်ဖို့ အကောင်းဆုံး အခွင့်အရေးပါပဲ။ ဘာရလဒ် ရရှိခဲ့သလဲ။ လူထုဟောပြောချက်တွေက သတင်းကောင်း ပျံ့နှံ့စေခဲ့ပြီး အိုင်ယာလန်တစ်ခွင် မြို့များစွာမှာ အသင်းတော်တွေ ပေါ်ပေါက်စေခဲ့တယ်။—ဗြိတိန် မော်ကွန်းတိုက်မှ။
^ စာပိုဒ်၊ 3 နောက်နှစ်နှစ်မှာ တိုင်တန်းနစ်သင်္ဘော နစ်မြုပ်သွားတယ်။
^ စာပိုဒ်၊ 9 လူစီတန်နီယာသင်္ဘောဟာ ၁၉၁၅၊ မေလမှာ အိုင်ယာလန်တောင်ပိုင်း ကမ်းရိုးတန်းမှာ တိုက်ခိုက်ခံခဲ့ရပြီး နစ်မြုပ်သွားတယ်။