လေ့လာရန် ဆောင်းပါး ၈
ကျေးဇူးတင်ကြောင်း ဘာကြောင့် ဖော်ပြရမလဲ
“ကျေးဇူးသိတတ်ကြပါ။”—ကော. ၃:၁၅။
သီချင်း ၄၆ ကျေးဇူးပါ၊ ယေဟောဝါ
အကြိုသုံးသပ်ချက် *
၁။ ယေရှု ကုသပေးတဲ့ ရှမာရိလူဟာ ကျေးဇူးတင်ကြောင်း ဘယ်လို ပြခဲ့သလဲ။
အနာကြီးရောဂါသည် ဆယ်ယောက်ရဲ့ အခြေအနေ အတော်ဆိုးနေတယ်။ မျှော်လင့်ချက် မဲ့နေတယ်။ တစ်နေ့၊ ကြီးမြတ်တဲ့ဆရာ ယေရှုကို အဝေးကနေ လှမ်းတွေ့တယ်။ ရောဂါအမျိုးမျိုး ကုသပေးမှန်း ကြားထားလို့ သူတို့ကိုလည်း ကုပေးနိုင်မှာပဲ ဆိုပြီး “ဆရာယေရှု၊ ကျွန်တော်တို့ကို သနားပါဦး” လို့ အော်ပြောကြတယ်။ ဒါနဲ့ ယေရှု ကုသပေးလိုက်တယ်။ ယေရှုရဲ့ ကြင်နာမှုအတွက် သူတို့ သိပ်ကျေးဇူးတင်ကြမှာပဲ။ သူတို့ထဲက ရှမာရိလူတစ်ယောက်ကတော့ ကျေးဇူးတင်စိတ် ရှိရုံသာမက ကျေးဇူးတင်ကြောင်းပါ * ဖော်ပြပြီး “ဘုရားသခင်ကို အကျယ်ကြီး ဂုဏ်တင်ချီးမွမ်းတယ်။”—လု. ၁၇:၁၂-၁၉။
၂-၃။ (က) ကျေးဇူးတင်ကြောင်း ပြဖို့ ဘာကြောင့် ပျက်ကွက်မိနိုင်သလဲ။ (ခ) ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။
၂ ကျွန်တော်တို့လည်း ရှမာရိလူလိုပဲ ကိုယ့်အပေါ် ကြင်နာသူတွေကို ကျေးဇူးတင်ကြောင်း ဖော်ပြချင်ကြတယ်။ ဒါပေမဲ့ တစ်ခါတလေ ကျေးဇူးတင်ကြောင်း ပြောဖို့၊ လုပ်ရပ်နဲ့ ပြဖို့ မေ့တတ်ကြတယ်။
၃ အပြော၊ အလုပ်အားဖြင့် ကျေးဇူးတင်ကြောင်း ပြဖို့ ဘာကြောင့် အရေးကြီးကြောင်း ဒီဆောင်းပါးမှာ သုံးသပ်ကြပါမယ်။ ကျေးဇူးသိတတ်တဲ့၊ မသိတတ်တဲ့ ကျမ်းစာပုံနမူနာတချို့နဲ့ ကျေးဇူးတင်ကြောင်း ဖော်ပြနိုင်တဲ့ သတ်သတ်မှတ်မှတ် နည်းတွေကိုလည်း ဆွေးနွေးကြပါမယ်။
ကျေးဇူးတင်ကြောင်း ဘာကြောင့် ဖော်ပြသင့်
၄-၅။ ကျေးဇူးတင်ကြောင်း ဘာကြောင့် ဖော်ပြသင့်သလဲ။
၄ ကျေးဇူးတင်ကြောင်း ပြရာမှာ ယေဟောဝါဟာ အကောင်းဆုံး ပုံသက်သေပဲ။ ကျေးဇူးတင်ကြောင်း ယေဟောဝါ ဖော်ပြတဲ့ တစ်နည်းကတော့ ဘုရားနှစ်သက်မှု ရအောင် လုပ်ဆောင်သူတွေကို ဆုချခြင်းပါပဲ။ (၂ ရှ. ၂၂:၂၁။ ဆာ. ၁၃:၆။ မ. ၁၀:၄၀၊ ၄၁) “ဘုရားသခင်ချစ်ရတဲ့ သားသမီးတွေ ဖြစ်နေတဲ့အတွက် ဘုရားသခင်ကို အတုယူကြပါ” လို့ ကျမ်းစာမှာ အားပေးထားတယ်။ (ဧ. ၅:၁) ဒါကြောင့် ကျေးဇူးတင်ကြောင်း ပြချင်ရတဲ့ အဓိက အကြောင်းရင်းဟာ ယေဟောဝါရဲ့ ပုံသက်သေကို တုပချင်လို့ပါပဲ။
၅ တခြားသူတွေကို ကျေးဇူးတင်ကြောင်း ပြသင့်တဲ့ နောက်အကြောင်းရင်းကို သုံးသပ်ကြည့်ပါ။ ကျေးဇူးတင်ခြင်းဟာ ဟင်းကောင်းတစ်ခွက်နဲ့တူတယ်။ ဝေမျှစားသောက်တဲ့အခါ ပိုပျော်ရတယ်။ ကျွန်တော်တို့လည်း ကျေးဇူးတင်ခံရတဲ့အခါ ပျော်ရွှင်ကြတယ်။ ကျေးဇူးတင်ကြောင်း ဖော်ပြခြင်းက တခြားသူတွေကို ပျော်ရွှင်စေတယ်။ ကူညီရကျိုးနပ်ကြောင်း သိစေတယ်။ ရလဒ်အနေနဲ့ မိတ်ဆွေနှောင်ကြိုး ခိုင်မာလာတယ်။
၆။ ကျေးဇူးတင်စကားနဲ့ ရွှေပန်းသီး ဘယ်ဆင်တူချက်တွေ ရှိသလဲ။
၆ ကျေးဇူးတင်ကြောင်း ဖော်ပြတာ တန်ဖိုးရှိပါတယ်။ “သင့်တော်တဲ့အချိန်မှာ ပြောလိုက်တဲ့စကားဟာ ငွေလင်ပန်းထဲက ရွှေပန်းသီးတွေနဲ့ တူတယ်” လို့ ကျမ်းစာမှာ ပြောတယ်။ (ပညာ. ၂၅:၁၁) ငွေလင်ပန်းပေါ် တင်ထားတဲ့ ရွှေပန်းသီး ဘယ်လောက် လှပြီး တန်ဖိုးရှိမလဲဆိုတာ မြင်ယောင်ကြည့်ပါ။ အဲဒီလိုလက်ဆောင် ရရင် သင် ဘယ်လို ခံစားရမလဲ။ ကျေးဇူးတင်ကြောင်း ပြောမှာပဲ။ အဲဒါ သိပ်တန်ဖိုးရှိတယ်။ ရွှေပန်းသီးက ကြာရှည်ခံသလိုပဲ သင့်ရဲ့ ကျေးဇူးတင်စကားဟာ အပြောခံရသူရဲ့ ဘဝတစ်လျှောက်လုံးမှာ အမှတ်ရစရာ၊ တန်ဖိုးထားစရာ ဖြစ်နေပါလိမ့်မယ်။
ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့သူများ
၇။ ဆာလံ ၂၇:၄ အရ ဒါဝိဒ်နဲ့ ဆာလံကျမ်းရေးသူတွေက ကျေးဇူးတင်ကြောင်း ဘယ်လို ဖော်ပြခဲ့ကြသလဲ။
၇ ရှေးခေတ် ဘုရားသခင့် ကျေးကျွန်များစွာဟာ ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့ကြတယ်။ တစ်ယောက်ကတော့ ဒါဝိဒ်ပါပဲ။ (ဆာလံ ၂၇:၄ ကိုဖတ်ပါ။) စစ်မှန်တဲ့ ဝတ်ပြုရေးကို တန်ဖိုးထားကြောင်း သူ့ရဲ့ လုပ်ဆောင်မှုတွေမှာ တွေ့နိုင်တယ်။ ဗိမာန်တော် ဆောက်လုပ်ရေးအတွက် များစွာ လှူဒါန်းခဲ့တယ်။ အာသရဲ့ သားမြေးတွေလည်း ဆာလံသီချင်း၊ ချီးမွမ်းသီချင်းတွေ ရေးပြီး ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့တယ်။ သီချင်းတစ်ပုဒ်မှာ ယေဟောဝါကို ကျေးဇူးတင်ချီးမွမ်းပြီး “အံ့ဖွယ်လုပ်ဆောင်မှုတွေ” ကို အံ့ဩလေးစားမိကြောင်း ရေးသားခဲ့တယ်။ (ဆာ. ၇၅:၁) ဒါဝိဒ်၊ အာသရဲ့သားမြေးတွေဟာ ယေဟောဝါဆီက ရတဲ့ ကောင်းချီးတွေအတွက် အလွန်ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့ကြတယ်။ အဲဒီဆာလံဆရာတွေကို ဘယ်နည်းတွေနဲ့ တုပနိုင်သလဲ။
၈-၉။ ညီအစ်ကို/မတွေကို ကျေးဇူးတင်ကြောင်း ပေါလု ဘယ်လို ဖော်ပြခဲ့သလဲ။ ဘာရလဒ် ရခဲ့သလဲ။
၈ တမန်တော် ပေါလုဟာ ညီအစ်ကို/မတွေကို ကျေးဇူးတင်လေးမြတ်ကြောင်း စကားနဲ့ ဖော်ပြခဲ့တယ်။ ဆုတောင်းတိုင်း သူတို့အတွက် ဘုရားကို ကျေးဇူးတင်ခဲ့တယ်။ သူတို့ဆီ စာရေးတဲ့အခါမှာလည်း ကျေးဇူးတင်ကြောင်း ပြောတယ်။ ရောမ ၁၆:၁-၁၅ မှာ ညီအစ်ကို/မ ၂၇ ယောက်ကို နာမည်နဲ့တကွ ဖော်ပြခဲ့တယ်။ အထူးသဖြင့် ပြစ်ကနဲ့ အာကုလဟာ မိမိအတွက် “လည်စင်းခံဝံ့သူတွေ” ဖြစ်ကြောင်း၊ ဖိဗေဟာ မိမိအပါအဝင် “လူများစွာကိုပါ ကူညီပေးခဲ့” ကြောင်း ပြောပြီး အလုပ်ကြိုးစားတဲ့ အဲဒီညီအစ်ကို/မတွေကို ချီးမွမ်းခဲ့တယ်။
၉ ညီအစ်ကို/မတွေ မစုံလင်မှန်း ပေါလု သိပေမဲ့ ရောမအသင်းတော်ကို ရေးတဲ့စာ နိဂုံးမှာ သူတို့ရဲ့ အရည်အသွေးကောင်းတွေကို အလေးပေးခဲ့တယ်။ အသင်းတော်မှာ အဲဒီစာကို ဖတ်တဲ့အခါ သိပ်အားရှိသွားကြမှာပဲ။ ရလဒ်အနေနဲ့ ပေါလုကို ပိုချစ်ခင်လာကြတယ်။ သင်ကော အသင်းတော်က ညီအစ်ကို/မတွေရဲ့ ကောင်းမွန်တဲ့ လုပ်ရပ်တွေ၊ စကားတွေအတွက် ကျေးဇူးတင်ကြောင်း အမြဲ ဖော်ပြသလား။
၁၀။ နောက်လိုက်တွေကို ယေရှု ကျေးဇူးတင်ကြောင်း ဖော်ပြပုံကနေ ဘာသင်ယူနိုင်သလဲ။
၁၀ ယေရှုလည်း အာရှမိုင်းနား အသင်းတော်တချို့မှာ ရှိတဲ့ နောက်လိုက်တွေရဲ့ လုပ်ဆောင်မှုတွေအတွက် ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့တယ်။ ဥပမာ၊ သွာတိရ အသင်းတော်ကို “မင်းရဲ့ အကျင့်၊ မေတ္တာ၊ ယုံကြည်ခြင်း၊ ဘုရားအတွက် အမှုဆောင်ခြင်း၊ ခံနိုင်ရည်ကို ငါသိတယ်။ မင်းရဲ့ အကျင့်တွေဟာ အစောပိုင်းကထက် နောက်ပိုင်းမှာ ပိုကောင်းလာမှန်းကိုလည်း ငါသိတယ်” လို့ စပြောတယ်။ (ဗျာ. ၂:၁၉) သူတို့ရဲ့ တိုးတက်မှုအကြောင်း ဖော်ပြရုံသာမက အကျင့်ကောင်းတွေ ကျင့်ဖို့ လှုံ့ဆော်ပေးတဲ့ အရည်အသွေးတွေကိုပါ ချီးမွမ်းခဲ့တယ်။ သွာတိရ အသင်းတော်သား တချို့ကို ဆုံးမဖို့ လိုအပ်ပေမဲ့ အစမှာကော နိဂုံးမှာပါ အားပေးစကား ပြောခဲ့တယ်။ (ဗျာ. ၂:၂၅-၂၈) အသင်းတော်အားလုံးရဲ့ ဦးခေါင်း ယေရှု ရထားတဲ့ အခွင့်အာဏာကို စဉ်းစားကြည့်ပါ။ ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှုအတွက် ကျေးဇူးတင်စရာ မလိုပါဘူး။ ဒါတောင် ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့တယ်။ အကြီးအကဲတွေအတွက် အကောင်းဆုံး ပုံနမူနာပါပဲ။
ကျေးဇူးတင်စိတ် မရှိသူများ
၁၁။ ဟီဘရူး ၁၂:၁၆ အရ မြင့်မြတ်ရာတွေကို ဧသော ဘယ်လို သဘောထားသလဲ။
၁၁ ကျမ်းစာထဲမှာ တချို့ကတော့ ကျေးဇူးတင်စိတ် မရှိကြဘူး။ ဥပမာ၊ ဧသောဟာ ယေဟောဝါကို ချစ်ပြီး လေးစားတဲ့ မိဘတွေ လက်အောက်မှာ ကြီးပြင်းလာပေမဲ့ မြင့်မြတ်ရာတွေကို တန်ဖိုးထားစိတ် မရှိဘူး။ (ဟီဘရူး ၁၂:၁၆ ကိုဖတ်ပါ။) ကျေးဇူးတင်စိတ် မရှိကြောင်း ဘယ်လို ပြခဲ့သလဲ။ ပဲဟင်းတစ်ခွက်ရဖို့ သားဦး အခွင့်အရေးကို ညီယာကုပ်ဆီ မဆင်မခြင် ရောင်းခဲ့တယ်။ (က. ၂၅:၃၀-၃၄) နောက်ပိုင်း ဧသော အကြီးအကျယ် နောင်တရပေမဲ့ ရှိထားတာကို တန်ဖိုးမထားတဲ့အတွက် သားဦး အခွင့်အရေး မရတဲ့အခါ ညည်းညူစရာအကြောင်း မရှိဘူး။
၁၂-၁၃။ ကျေးဇူးတင်စိတ် မရှိကြောင်း အစ္စရေးတွေ ဘယ်လို ဖော်ပြခဲ့ကြသလဲ။ ဘယ်ရလဒ် ရခဲ့သလဲ။
၁၂ အစ္စရေးတွေဟာ ယေဟောဝါကို ကျေးဇူးတင်စရာအကြောင်း များစွာရှိတယ်။ ယေဟောဝါက အီဂျစ်ပြည်အပေါ် ကပ်ဘေးဆယ်ခု ကျရောက်စေပြီး အစ္စရေးတွေကို ကျွန်ဘဝကနေ ကယ်တင်ပေးတယ်။ အီဂျစ်စစ်တပ်ကို ပင်လယ်နီမှာ ဖျက်ဆီးခြင်းအားဖြင့် ဘေးဆိုးကနေ ကယ်တင်တယ်။ ယေဟောဝါကို ကျေးဇူးတင်လွန်းလို့ အစ္စရေးတွေ အောင်ပွဲခံ ချီးမွမ်းသီချင်း ဆိုကြတယ်။ ဒါပေမဲ့ ကျေးဇူးတင်စိတ် ဆက်ရှိခဲ့ကြသလား။
၁၃ အစ္စရေးတွေဟာ အခက်အခဲသစ်တွေ ရင်ဆိုင်ရတဲ့အခါ ယေဟောဝါ လုပ်ပေးခဲ့တဲ့ ကောင်းမွန်ရာအားလုံးကို မေ့သွားကြတယ်။ ကျေးဇူးတင်စိတ် မရှိကြောင်း ထင်ရှားလာတယ်။ (ဆာ. ၁၀၆:၇) ဘယ်လိုနည်းနဲ့လဲ။ “အစ္စရေးတွေက မောရှေနဲ့ အာရုန်ကို ပြစ်တင်ညည်းညူကြတယ်။” တကယ်တော့ ယေဟောဝါကို ညည်းညူကြတာ။ (ထွ. ၁၆:၂၊ ၈) လူတွေ ကျေးဇူးမသိကြလို့ ယေဟောဝါ စိတ်ပျက်ပြီး ယောရှုနဲ့ ကာလက်ကလွဲလို့ အဲဒီမျိုးဆက်တစ်ခုလုံး တောကန္တာရမှာ ပျက်စီးသွားမယ်လို့ ကြိုပြောခဲ့တယ်။ (တော. ၁၄:၂၂-၂၄။ ၂၆:၆၅) အဲဒီမကောင်းတဲ့ ပုံသက်သေတွေကို ရှောင်ပြီး ပုံသက်သေကောင်းတွေကို ဘယ်လို တုပနိုင်ကြောင်း ကြည့်ကြစို့။
ဒီနေ့ခေတ်မှာ ကျေးဇူးတင်ကြောင်း ဖော်ပြပါ
၁၄-၁၅။ (က) အချင်းချင်းကို တန်ဖိုးထားကြောင်း အိမ်ထောင်ဖက်တွေ ဘယ်လို ပြနိုင်သလဲ။ (ခ) ကျေးဇူးတင်ကြောင်း ဖော်ပြဖို့ သားသမီးတွေကို မိဘတွေ ဘယ်လို သင်ပေးနိုင်သလဲ။
၁၄ မိသားစုမှာ။ မိသားစုဝင် ယောက်တိုင်း ကျေးဇူးတင်ကြောင်း ဖော်ပြမယ်ဆိုရင် မိသားစုတစ်စုလုံး အကျိုးရှိတယ်။ အိမ်ထောင်ဖက် အချင်းချင်း ပိုရင်းနှီးလာမယ်။ အမှားတွေ ခွင့်လွှတ်ဖို့ ပိုလွယ်လာမယ်။ ဇနီးကို တန်ဖိုးထားတဲ့ ခင်ပွန်းဟာ ဇနီး ပြောဆိုလုပ်ဆောင်တဲ့ ကောင်းမွန်ရာတွေကို သတိပြုမိရုံသာမက ‘ထရပ်ပြီး ချီးမွမ်းတတ်တယ်။’ (ပညာ. ၃၁:၁၀၊ ၂၈၊ ၂၉) ပညာရှိတဲ့ ဇနီးကလည်း ခင်ပွန်းကို ကျေးဇူးတင်တဲ့အချက်တွေ ထုတ်ပြောတယ်။
၁၅ မိဘတို့၊ သားသမီးတွေကို ကျေးဇူးတင်တတ်အောင် ဘယ်လို သင်ပေးနိုင်သလဲ။ သင့်စကားနဲ့ လုပ်ရပ်တွေကို သူတို့ အတုမြင် အတတ်သင်နေကြောင်း သတိရပါ။ ဒါကြောင့် သားသမီးတွေ တစ်ခုခုလုပ်ပေးတဲ့အခါ ကျေးဇူးတင်စကား ပြောပေးခြင်းအားဖြင့် ပုံသက်သေကောင်း
ပြပါ။ တခြားသူတွေကို ကျေးဇူးတင်စကား ပြောဖို့ သင်ပေးပါ။ စိတ်ရင်းမှန်နဲ့ ကျေးဇူးတင်စကား ပြောဖို့ လိုကြောင်း၊ အဲဒါက အလွန်အကျိုးရှိကြောင်း နားလည်အောင် ကူညီပေးပါ။ ဥပမာ၊ ကလာရီ ဒီလိုပြောတယ်– “အမေက အသက် ၃၂ နှစ်မှာ ရုတ်တရက်ကြီး သားသမီးသုံးယောက်နဲ့ ကျန်ခဲ့တယ်။ ကျွန်မ ၃၂ နှစ် ရောက်တော့ အဲဒီတုန်းက အမေ ဘယ်လောက် ခက်မယ်ဆိုတာ စဉ်းစားမိတယ်။ ဒါကြောင့် အစ်ကို၊ မောင်လေးနဲ့ ကျွန်မအတွက် အနစ်နာခံခဲ့တာ အားလုံးကို အလွန် ကျေးဇူးတင်ကြောင်း ပြောခဲ့တယ်။ ကျွန်မရဲ့ စကားတွေက အမေ့အတွက် သိပ်တန်ဖိုးရှိကြောင်း၊ အဲဒီစကားတွေကို မကြာခဏ ပြန်တွေးကြောင်း၊ တွေးမိတိုင်းလည်း သိပ်ပျော်ရကြောင်း အမေ ပြန်ပြောပြတယ်။”၁၆။ ကျေးဇူးတင်ကြောင်း ဖော်ပြခြင်းက တခြားသူတွေကို အားရှိစေနိုင်ကြောင်း ဥပမာပေးပါ။
၁၆ အသင်းတော်မှာ။ ညီအစ်ကို/မတွေကို ကျေးဇူးတင်ကြောင်း ဖော်ပြခြင်းက သူတို့ကို အားပေးရာရောက်တယ်။ ဥပမာ၊ ၂၈ နှစ်အရွယ် အကြီးအကဲ ဂျော့ဂ်ျဟာ ကျန်းမာရေး မကောင်းလို့ တစ်လလောက် အစည်းအဝေး မတက်နိုင်ဘူး။ ပြန်တက်နိုင်တော့လည်း ဘာတာဝန်မှ မလုပ်နိုင်ဘူး။ “အသင်းတော် တာဝန်တွေ မလုပ်နိုင်လို့ အသုံးမကျဘူးလို့ ခံစားရတယ်။ ဒါပေမဲ့ အစည်းအဝေးပြီးနောက် ညီအစ်ကိုတစ်ယောက်က ‘ကျွန်တော့်မိသားစုအတွက် ပုံသက်သေကောင်း ပြပေးလို့ ကျေးဇူးတင်ပါတယ်။ ညီအစ်ကို့ ဟောပြောချက်တွေကို သိပ်ကြိုက်ခဲ့တာ။ အဲဒါတွေက ဘုရားရေးရာဘက် တိုးတက်အောင် ကူညီပေးခဲ့တယ်’ လို့ လာပြောတယ်။ ကျွန်တော် စိတ်ထိမိလွန်းလို့ မျက်ရည်ကျမိတယ်။ သူ့စကားတွေက ကျွန်တော် လိုအပ်နေတာနဲ့ ကွက်တိပဲ” လို့ ဂျော့ခ်ျ ပြောတယ်။
၁၇။ ကောလောသဲ ၃:၁၅ အရ ယေဟောဝါရဲ့ ရက်ရောမှုအတွက် ကျေးဇူးတင်ကြောင်း ဘယ်လို ပြနိုင်သလဲ။
၁၇ ရက်ရောတဲ့ ဘုရားသခင်ကို။ ယေဟောဝါဟာ အချိန်တန်အစာ အလျှံပယ် ပြင်ဆင်ပေးထားတယ်။ ဥပမာ၊ အစည်းအဝေးတွေ၊ မဂ္ဂဇင်းတွေနဲ့ ဝက်ဘ်ဆိုက်ကတစ်ဆင့် အထောက်အကူပြု လမ်းညွှန်ချက်တွေ ပေးနေတယ်။ ဟောပြောချက်တစ်ခု နားထောင်ပြီး၊ ဆောင်းပါးတစ်ပုဒ် ဖတ်ပြီး၊ ရုပ်သံအစီအစဉ် ကြည့်ပြီး ‘ငါလိုနေတာ ဒါပဲ’ လို့ ပြောဖူးသလား။ ယေဟောဝါကို ကျေးဇူးတင်ကြောင်း ဘယ်လို ဖော်ပြနိုင်သလဲ။ (ကောလောသဲ ၃:၁၅ ကိုဖတ်ပါ။) တစ်နည်းကတော့ ဆုတောင်းတဲ့အခါတိုင်း ကောင်းမြတ်တဲ့ ဆုကျေးဇူးတွေအတွက် ကျေးဇူးတင်ကြောင်း ပြောခြင်းပါပဲ။—ယာ. ၁:၁၇။
၁၈။ နိုင်ငံတော်ခန်းမတွေအတွက် ကျေးဇူးတင်ကြောင်း ဘယ်နည်းတွေနဲ့ ဖော်ပြနိုင်သလဲ။
၁၈ ဝတ်ပြုရာနေရာတွေကို သန့်ရှင်းသပ်ရပ်စွာ ထားခြင်း
အားဖြင့်လည်း ယေဟောဝါကို ကျေးဇူးတင်ကြောင်း ပြနိုင်တယ်။ နိုင်ငံတော်ခန်းမ သန့်ရှင်းရေး၊ ပြုပြင်ထိန်းသိမ်းရေးမှာ ပုံမှန် ပါဝင်ပါ။ အသင်းတော်မှာ သုံးတဲ့ အီလက်ထရောနစ် ပစ္စည်းတွေကို ဂရုတစိုက် ကိုင်တွယ်ပါ။ နိုင်ငံတော်ခန်းမကို ကောင်းကောင်း ထိန်းသိမ်းထားမယ်ဆိုရင် ကြာရှည်ခံပြီး အကြီးစား ပြင်ဆင်မှုတွေ လုပ်ဖို့ နည်းသွားပါလိမ့်မယ်။ ဒီနည်းအားဖြင့် ကမ္ဘာတစ်ဝန်းမှာ နိုင်ငံတော်ခန်းမတွေ ဆောက်ဖို့၊ မွမ်းမံဖို့ ငွေပိုရစေနိုင်တယ်။၁၉။ တိုက်နယ်ကြီးကြပ်မှူး ဇနီးမောင်နှံဆီကနေ ဘာသင်ယူနိုင်သလဲ။
၁၉ အလုပ်ကြိုးစားသူတွေကို။ ကျေးဇူးတင်ကြောင်း ဖော်ပြခြင်းက အခက်အခဲ ရင်ဆိုင်နေရသူတွေရဲ့ ခံစားချက်ကို ပြောင်းလဲစေနိုင်တယ်။ တိုက်နယ်ကြီးကြပ်မှူး ဇနီးမောင်နှံရဲ့ အဖြစ်ကို သုံးသပ်ကြည့်ပါ။ ဆောင်းရာသီ တစ်ရက်မှာ တစ်နေကုန် အမှုဆောင်ပြီး မောမောနဲ့ အိမ်ပြန်လာကြတယ်။ အေးလွန်းလို့ ညီအစ်မက အနွေးထည်တောင် မချွတ်ဘဲ အိပ်လိုက်တယ်။ မနက်ရောက်တော့ နယ်လှည့်လုပ်ငန်းမှာ ဆက်မလုပ်နိုင်တော့ဘူး ထင်တယ်ဆိုပြီး ခင်ပွန်းကို ပြောတယ်။ အဲဒီမနက်မှာပဲ ညီအစ်မဆီ ဌာနခွဲရုံးက စာတစ်စောင် ရောက်လာတယ်။ အမှုဆောင်လုပ်ငန်းမှာ ခံနိုင်ရည်ရှိတဲ့အတွက် ချီးမွမ်းထားတယ်။ အပတ်တိုင်း တစ်နေရာပြီး တစ်နေရာ ပြောင်းရွှေ့ရတာ ဘယ်လောက် ခက်မှန်း နားလည်ကြောင်း ရေးထားတယ်။ “အဲဒီချီးမွမ်းစကားကြောင့် သူ သိပ်အားရှိသွားပြီး နယ်လှည့်လုပ်ငန်းကနေ နားဖို့ ဘယ်တော့မှ မပြောတော့ဘူး။ ကျွန်တော် နားဖို့ စဉ်းစားတဲ့အခါမှာတောင် ဆက်လုပ်ဖို့ အကြိမ်ကြိမ် အားပေးခဲ့တယ်” လို့ တိုက်နယ်ညီအစ်ကို ပြောတယ်။ သူတို့ဇနီးမောင်နှံဟာ နယ်လှည့်လုပ်ငန်းမှာ နှစ်ပေါင်း ၄၀ နီးပါး ပါဝင်ခဲ့တယ်။
၂၀။ နေ့တိုင်း ဘာလုပ်ဖို့ ကြိုးစားသင့်သလဲ။ ဘာကြောင့်လဲ။
၂၀ အပြော၊ အလုပ်အားဖြင့် ကျေးဇူးတင်ကြောင်း ဖော်ပြဖို့ ကြိုးစားကြပါစို့။ စိတ်ရင်းမှန်နဲ့ ပြောတဲ့စကား၊ လုပ်ရပ်က ကျေးဇူးမသိတတ်တဲ့ ဒီလောကမှာ နောက်ထပ်တစ်ရက် ရှေ့ဆက်နိုင်ဖို့ လူတစ်ယောက် လိုအပ်နေတဲ့အရာ ဖြစ်နိုင်တယ်။ ကျေးဇူးတင်ကြောင်း ဖော်ပြခြင်းက ထာဝစဉ် တည်မြဲတဲ့ မိတ်ဆွေတွေလည်း ရစေနိုင်တယ်။ အရေးကြီးဆုံးကတော့ ရက်ရောပြီး ကျေးဇူးတင်တတ်တဲ့ ဖခင် ယေဟောဝါကို တုပရာရောက်ပါလိမ့်မယ်။
သီချင်း ၂၀ အချစ်ဆုံးသားကို ပေးခဲ့
^ အပိုဒ်၊ 5 ကျေးဇူးတင်ခြင်းနဲ့ပတ်သက်ပြီး ယေဟောဝါ၊ ယေရှု၊ ရှမာရိလူမျိုး အနာကြီးရောဂါသည်ဆီကနေ ဘာသင်ယူနိုင်သလဲ။ ကျေးဇူးတင်ကြောင်း ဖော်ပြဖို့ ဘာကြောင့် အရေးကြီးကြောင်း၊ ဖော်ပြနိုင်တဲ့ သတ်သတ်မှတ်မှတ် နည်းတွေအကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးကြမယ်။
^ အပိုဒ်၊ 1 စကားလုံး ရှင်းလင်းချက်– ကျေးဇူးတင်တယ်ဆိုတာ တစ်စုံတစ်ယောက်၊ တစ်စုံတစ်ခုရဲ့ တန်ဖိုး နားလည်ခြင်းကို ဆိုလိုတယ်။
^ အပိုဒ်၊ 55 ပုံအညွှန်း– ပေါလုရဲ့စာကို ရောမအသင်းတော်မှာ ဖတ်နေ။ အာကုလ၊ ပြစ်ကိလ၊ ဖိဗေနဲ့ တခြားသူတွေဟာ ကိုယ့်နာမည်ကြားရလို့ ဝမ်းသာနေ။
^ အပိုဒ်၊ 57 ပုံအညွှန်း– အသက်ကြီး ညီအစ်မတစ်ယောက်ရဲ့ ပုံသက်သေကောင်းအတွက် ကျေးဇူးတင်ကြောင်း ဖော်ပြဖို့ သမီးဖြစ်သူကို မိခင် သင်ပေးနေ။