မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၉

ရှေးအစ္စရေးခေတ်မှာ မေတ္တာနဲ့ တရားမျှတမှု

ရှေးအစ္စရေးခေတ်မှာ မေတ္တာနဲ့ တရားမျှတမှု

“ဖြောင့်မတ်ခြင်းနဲ့ တရား​မျှတ​ခြင်း​ကို ဘုရား​မြတ်နိုးတယ်။ ကမ္ဘာမြေဟာ ယေဟောဝါရဲ့ ခိုင်မြဲ​တဲ့​မေတ္တာနဲ့ ပြည့်ဝ​နေတယ်။”—ဆာ. ၃၃:၅

သီချင်း ၃ တို့​မျှော်လင့်​ကိုးစားရာ

အကြို​သုံးသပ်ချက် *

၁-၂။ (က) ကျွန်တော်တို့​အားလုံး ဘာ​လိုချင်​ကြသလဲ။ (ခ) ဘာကို စိတ်ချ​နိုင်သလဲ။

ကျွန်တော်တို့​အားလုံး မေတ္တာ​ရချင်ကြတယ်။ မျှမျှတတ ဆက်ဆံ​ခံချင်ကြတယ်။ အဲဒါတွေကို မရတဲ့​အခါ အသုံးမကျ​ဘူး၊ မျှော်လင့်ချက် မရှိဘူးလို့ ခံစားရ​တတ်တယ်။

မေတ္တာနဲ့ တရား​မျှတမှု​ကို ကျွန်တော်တို့ တောင့်တ​မှန်း ယေဟောဝါ သိတယ်။ (ဆာ. ၃၃:၅) ကျွန်တော်တို့ကို ယေဟောဝါ သိပ်​ချစ်ကြောင်း၊ မျှမျှတတ ဆက်ဆံ​ခံစေ​လို​ကြောင်း စိတ်ချ​နိုင်တယ်။ အဲဒါကို အစ္စရေး​လူမျိုးကို ပေးတဲ့ မောရှေ​ပညတ်​မှာ တွေ့နိုင်တယ်။ သင်ဟာ မေတ္တာ​ငတ်​နေ​သူ၊ မမျှမတ ဆက်ဆံ​ခံရလို့ စိတ်​ကြေကွဲနေသူ ဖြစ်မယ်ဆိုရင် မောရှေ​ပညတ်​က * ယေဟောဝါရဲ့ မေတ္တာကို ဘယ်လို ပေါ်လွင်​စေ​ကြောင်း သုံးသပ်ကြည့်​ပါ။

၃။ (က) ရောမ ၁၃:၈-၁၀ အရ မောရှေ​ပညတ်ကို လေ့လာတဲ့​အခါ ဘာ​သိရသလဲ။ (ခ) ဒီ​ဆောင်းပါး​မှာ ဘယ်မေးခွန်းတွေကို ဆွေးနွေးကြမလဲ။

မောရှေ​ပညတ်ကို လေ့လာတဲ့​အခါ မေတ္တာရှင် ယေဟောဝါ​ဘုရားရဲ့ ခံစားချက်တွေကို တွေ့ရတယ်။ (ရောမ ၁၃:၈-၁၀ ကိုဖတ်ပါ။) ဒီ​ဆောင်းပါး​မှာ အစ္စရေးတွေကို ပေးခဲ့တဲ့ ပညတ်​တွေ​ထဲ​က အနည်းငယ်​ကို ဆွေးနွေးပါမယ်။ ဒီမေးခွန်းတွေကို​လည်း ဆွေးနွေးပါမယ်– ပညတ်တရားဟာ မေတ္တာကို အခြေခံတယ်​လို့ ဘာကြောင့် ပြောနိုင်သလဲ။ ပညတ်တရား​က တရား​မျှတမှု ရှိဖို့ ဘယ်လို တွန်းအားပေး​သလဲ။ အခွင့်အာဏာ​ရှိသူတွေ ပညတ်တရားကို ဘယ်လို ကျင့်သုံး​ရမလဲ။ ပညတ်တရား​က ဘယ်သူတွေကို အထူး​ကာကွယ်ပေး​သလဲ။ ဒီ​မေးခွန်းတွေရဲ့ အဖြေ​တွေ​က နှစ်သိမ့်မှုနဲ့ မျှော်လင့်ချက်​ရှိစေပြီး မေတ္တာရှင်​ဖခင်​နဲ့ ရင်းနှီး​စေနိုင်တယ်။—တ. ၁၇:၂၇။ ရော. ၁၅:၄

မေတ္တာ​ပေါ် အခြေခံ​တဲ့ ပညတ်တရား

၄။ (က) မောရှေ​ပညတ်ဟာ မေတ္တာကို အခြေခံတယ်​လို့ ဘာကြောင့် ပြောနိုင်သလဲ။ (ခ) မဿဲ ၂၂:၃၆-၄၀ အရ ဘယ်​ပညတ်​တွေကို ယေရှု အလေးပေး​ခဲ့သလဲ။

ယေဟောဝါ လုပ်ဆောင်သမျှဟာ မေတ္တာကို အခြေခံ​တဲ့​အတွက် မောရှေ​ပညတ်ဟာ​လည်း မေတ္တာကို အခြေခံတယ်​လို့ ပြောနိုင်​တယ်။ (၁ ယော. ၄:၈) မောရှေ​ပညတ်ဟာ ဘုရားကို ချစ်​ဖို့၊ လူလူချင်းကို ချစ်​ဖို့​ဆိုတဲ့ ပညတ်ချက်​နှစ်ခု​အပေါ် အခြေခံတယ်။ (ဝတ်. ၁၉:၁၈။ တရား. ၆:၅။ မဿဲ ၂၂:၃၆-၄၀ ကိုဖတ်ပါ။) ဒါကြောင့် ပညတ်​တရား​မှာပါတဲ့ ပညတ်ချက် ၆၀​၀ ကျော်ဟာ ယေဟောဝါရဲ့ မေတ္တာကို ဖော်ပြ​မယ်​လို့ မျှော်လင့်​နိုင်တယ်။ ဥပမာ​တချို့ကို ကြည့်ရအောင်။

၅-၆။ အိမ်ထောင်သည်တွေကို ယေဟောဝါ ဘယ်လို ဖြစ်စေချင်သလဲ။ ဘာကို ဘုရား သိ​သလဲ။ ဥပမာ​ပေးပါ။

အိမ်ထောင်ဖက်​ကို သစ္စာ​ရှိပြီး သားသမီးတွေကို ဂရုစိုက်​ရမယ်။ ယေဟောဝါ​က အိမ်ထောင်ဖက် အချင်းချင်း​ကို တစ်သက်လုံး ချစ်​သွား​စေချင်တယ်။ (က. ၂:၂၄။ မ. ၁၉:၃-၆) အိမ်ထောင်ရေး ဖောက်ပြန်တာဟာ မေတ္တာအမဲ့ဆုံး ပြစ်မှု​ဖြစ်တယ်။ ဒါကြောင့် ပညတ်တော် ဆယ်ခု​ထဲ​က ခုနစ်ခုမြောက် ပညတ်​မှာ အိမ်ထောင်ရေး ဖောက်ပြန်​တာ​ကို တားမြစ်​ထားတယ်။ (တရား. ၅:၁၈) ဒါဟာ “ဘုရားသခင်ကို ပြစ်မှားတဲ့” အပြစ်​ဖြစ်ပြီး အိမ်ထောင်ဖက်​အပေါ် ရက်စက်​ရာ​ရောက်တယ်။ (က. ၃၉:၇-၉) အပြစ်မဲ့တဲ့ အိမ်ထောင်ဖက်ဟာ သစ္စာဖောက်​ခံရတဲ့ နာကျင်မှုကို နှစ်​နဲ့​ချီ ခံစား​ရနိုင်တယ်။

အိမ်ထောင်ဖက် အချင်းချင်း ဘယ်လို ဆက်ဆံ​နေတယ်​ဆိုတာ ယေဟောဝါ ကောင်းကောင်း​သိတယ်။ အထူးသဖြင့် အစ္စရေး​ခင်ပွန်း​တွေဟာ ဇနီးကို ကောင်းကောင်း ဆက်ဆံ​ဖို့ ဘုရား လိုလားတယ်။ ပညတ်တရားကို လေးစားတဲ့ ခင်ပွန်းဟာ ဇနီးကို ချစ်​ပြီး အသေးအဖွဲ​ကိစ္စ​တွေ​နဲ့ ကွာရှင်း​မှာ မဟုတ်ဘူး။ (တရား. ၂၄:၁-၄။ မ. ၁၉:၃၊ ၈) ကြီးလေး​တဲ့ ပြဿနာ​ကြောင့် ကွာရှင်းရင်လည်း ကွာရှင်း​စာချုပ် ပေးရမယ်။ ဒီ​စာချုပ်​က လိင်​အကျင့်​ယိုယွင်း​သူ​အဖြစ် စွပ်စွဲ​မခံရအောင် အမျိုးသမီးကို ကာကွယ်​ပေးတယ်။ ခင်ပွန်းက ဇနီးကို ကွာရှင်း​စာချုပ် မပေးခင် မြို့ရဲ့ အကြီးအကဲ​တွေ​နဲ့ တိုင်ပင်​ရတယ်။ ဒါမှ ဇနီးမောင်နှံ ပြန်​အဆင်ပြေ​အောင် အကြီးအကဲ​တွေ ကူညီပေး​နိုင်မယ်။ ခင်ပွန်း​ဖြစ်သူ​က အတ္တဆန်​ဆန် ကွာရှင်း​တဲ့အခါ ယေဟောဝါ အမြဲ ကြားဝင်​မှာ မဟုတ်ပေမဲ့ ဇနီး​ဖြစ်​သူရဲ့ မျက်ရည်နဲ့ နာကျင်မှုကို မြင်တယ်။—မာ​လ. ၂:၁၃-၁၆

ယေဟောဝါက သားသမီးတွေကို မိဘတွေရဲ့ မေတ္တာပါပါ ပြုစုပျိုးထောင်မှု၊ သွန်သင်မှုအောက်မှာ ဘေးကင်းလုံခြုံစေလို (အပိုဒ် ၇-၈ ကိုကြည့်ပါ) *

၇-၈။ (က) မိဘတွေကို ဘာလုပ်ဖို့ ယေဟောဝါ မိန့်မှာ​ထားသလဲ။ (မျက်နှာဖုံး​ပုံကို ကြည့်ပါ။) (ခ) ဘာသင်ခန်းစာ​တွေ ရသလဲ။

သားသမီးတွေကိုလည်း ယေဟောဝါ ဂရုစိုက်​ကြောင်း ပညတ်တရား​က ဖော်ပြတယ်။ သားသမီးတွေရဲ့ ရုပ်ပိုင်း​သာမက ဘုရားရေးရာ လိုအပ်ချက်တွေကို ဖြည့်ဆည်း​ပေးဖို့ မိဘတွေကို မိန့်မှာ​ထားတယ်။ ယေဟောဝါရဲ့ ပညတ်ကို တန်ဖိုး​ထားဖို့၊ ဘုရားကို ချစ်​ဖို့ အခွင့်အရေး​ရ​တိုင်း သားသမီးတွေကို သင်​ပေးရမယ်။ (တရား. ၆:၆-၉။ ၇:၁၃) အစ္စရေးတွေကို ယေဟောဝါ အပြစ်ပေး​ရတဲ့ အကြောင်းရင်း​တစ်ခုက သားသမီးတွေကို မညှာမတာ နှိပ်စက်​လို့​ပဲ။ (ယေ. ၇:၃၁၊ ၃၃) မိဘတွေဟာ သားသမီးတွေကို ပစ်ထားဖို့၊ နှိပ်စက်​ဖို့ မဟုတ်ဘဲ ဘုရားဆီက ရတဲ့ အမွေ၊ ဆုလက်ဆောင်​အဖြစ် ရှုမြင်​ရမယ်။—ဆာ. ၁၂၇:၃

သင်ခန်းစာများအိမ်ထောင်ဖက် အချင်းချင်း ဘယ်လို ဆက်ဆံတယ်​ဆိုတာ ယေဟောဝါ သတိထားကြည့်​နေတယ်။ သားသမီးတွေကို ချစ်​ဖို့ မိဘတွေကို မိန့်မှာ​ထားတယ်။ မညှာမတာ နှိပ်စက်​ရင် စာရင်းရှင်း​ခံရမယ်။

၉-၁၁။ မတပ်မက်​ရ​ဆိုတဲ့ ပညတ်ကို ယေဟောဝါ ဘာကြောင့် ပေးတာလဲ။

မတပ်မက်​နဲ့။ ပညတ်တော် ဆယ်ခု​ထဲ​က နောက်ဆုံး​ပညတ်​မှာ တခြားသူ ပိုင်ဆိုင်ရာ​ကို မတပ်မက်​ဖို့ တားမြစ်​ထားတယ်။ (တရား. ၅:၂၁။ ရော. ၇:၇) ဒီပညတ်က အဖိုးတန် သင်ခန်းစာ သင်ပေးတယ်။ ယေဟောဝါရဲ့ လူမျိုးဟာ အတွေး၊ ခံစားချက်တွေ ပါဝင်တဲ့ စိတ်နှလုံးကို ကာကွယ်​စောင့်ရှောက်​ရမယ်။ မကောင်းတဲ့ အတွေး၊ ခံစားချက်​ကနေ မကောင်းတဲ့ လုပ်ရပ် အစပြု​ကြောင်း ဘုရား သိတယ်။ (ပညာ. ၄:၂၃) အစ္စရေး​တစ်ယောက်က စိတ်ထဲမှာ မှားယွင်းတဲ့ ဆန္ဒတွေကို ကြီးထွား​ခွင့်ပြု​ရင် တခြား​သူတွေကို မေတ္တာမဲ့​စွာ ဆက်ဆံ​လာနိုင်တယ်။ ဘုရင် ဒါဝိဒ် အဲဒီလို ဖြစ်ခဲ့တယ်။ သူဟာ လူကောင်း​ဖြစ်ပေမဲ့ တစ်ကြိမ်​မှာ တခြားသူရဲ့ ဇနီးကို တပ်မက်စိတ် ဝင်ခဲ့တယ်။ အဲဒီ​ဆန္ဒ​က အပြစ်​လုပ်မိ​စေတယ်။ (ယာ. ၁:၁၄၊ ၁၅) ဒါဝိဒ် အိမ်ထောင်ရေး ဖောက်ပြန်​ခဲ့​တယ်။ အမျိုး​သမီးရဲ့ ခင်ပွန်းကို လှည့်စားဖို့ ကြိုးစားပြီး သေစေ​ခဲ့​တယ်။—၂ ရှ. ၁၁:၂-၄။ ၁၂:၇-၁၁

၁၀ ယေဟောဝါဟာ လူတွေရဲ့ စိတ်နှလုံးကို သိတဲ့​အတွက် မတပ်မက်​ရ​ဆိုတဲ့ ပညတ်ကို အစ္စရေး​တစ်ယောက် ချိုးဖောက်​တဲ့အခါ သိတယ်။ (၁ ရာ. ၂၈:၉) မကောင်းတာတွေ ပြုကျင့်​မိ​စေတဲ့ အတွေး​ကို ရှောင်​ဖို့ အဲဒီ​ပညတ်​က သင်ပေးတယ်။ ယေဟောဝါဟာ တကယ့်ကို ပညာ​ရှိတဲ့ မေတ္တာရှင် ဖခင်​ပါပဲ။

၁၁ သင်ခန်းစာများ– ယေဟောဝါဟာ လူတစ်ယောက်ရဲ့ အပြင်ပန်း​ကို​သာမက စိတ်နှလုံးကို​ပါ သိမြင်​တယ်။ (၁ ရှ. ၁၆:၇) ဘုရား မမြင်နိုင်တဲ့ အတွေး၊ ခံစားချက်၊ လုပ်ရပ်​ဆိုတာ မရှိပါဘူး။ ကျွန်တော်တို့ရဲ့ ကောင်းကွက်ကို ရှာတယ်။ မကောင်းတာ မလုပ်မိအောင် မကောင်းတဲ့​အတွေး​ကို သိ​ပြီး ထိန်းချုပ်​စေချင်တယ်။—၂ ရာ. ၁၆:၉။ မ. ၅:၂၇-၃၀

တရား​မျှတမှု ရှိဖို့ တွန်းအား​ပေးတဲ့ ပညတ်တရား

၁၂။ မောရှေ​ပညတ်​က ဘာကို ပေါ်လွင်​စေ​သလဲ။

၁၂ တရား​မျှတမှု​ကို ယေဟောဝါ နှစ်သက်ကြောင်းလည်း မောရှေ​ပညတ်​က ပေါ်လွင်​စေတယ်။ (ဆာ. ၃၇:၂၈။ ဟေရှာ. ၆၁:၈) တခြားသူကို မျှမျှတတ ဆက်ဆံတာနဲ့​ပတ်သက်ပြီး ယေဟောဝါ အကောင်းဆုံး ပုံသက်သေ​ပြခဲ့တယ်။ ယေဟောဝါ​ပေးတဲ့ ပညတ်ကို အစ္စရေး​တွေ နာခံတဲ့အခါ ကောင်းချီး​ရတယ်။ တရား​မျှတ​ပြီး ဖြောင့်မတ်တဲ့ စံနှုန်းတွေကို လျစ်လျူရှု​ရင်​တော့ ဒုက္ခရောက်​ကြတယ်။ ပညတ်တော် ဆယ်ခု​ထဲ​က နောက်ထပ် နှစ်ခု​ကို သုံးသပ်​ကြည့်ကြစို့။

၁၃-၁၄။ ပညတ်တော် ဆယ်ခု​ထဲ​က ပထမနှစ်​ခု​မှာ ဘာ​တောင်းဆို​ထားသလဲ။ အဲဒီ​ပညတ်​တွေကို လိုက်နာတဲ့အခါ အစ္စရေး​တွေ ဘယ်လို အကျိုး​ရသလဲ။

၁၃ ယေဟောဝါကိုပဲ အကြွင်းမဲ့ ဝတ်ပြု​ကိုးကွယ်​ရမယ်။ ပညတ်တော်​ဆယ်ခု​ထဲ​က ပထမနှစ်​ခု​မှာ ယေဟောဝါ​တစ်ပါးတည်းကိုပဲ ကိုးကွယ်​ဆည်းကပ်​ဖို့၊ ရုပ်တု မကိုးကွယ်​ဖို့ တောင်းဆို​ထားတယ်။ (ထွ. ၂၀:၃-၆) အဲဒီ​ပညတ်​တွေ​က ယေဟောဝါရဲ့ အကျိုးအတွက် မဟုတ်ပါဘူး။ လူမျိုးတော်ရဲ့ အကျိုးအတွက်​ပါ။ ဘုရားကို သစ္စာရှိ​နေသရွေ့ သူတို့ ကောင်းစား​ခဲ့​ကြတယ်။ တခြား​ဘုရား​တွေကို ကိုးကွယ်တဲ့​အခါမှာ​တော့ ဒုက္ခရောက်​ကြတယ်။

၁၄ ခါနန်​လူမျိုး​အကြောင်း စဉ်းစား​ကြည့်ပါ။ အသက်ရှင်ပြီး စစ်မှန်တဲ့ ဘုရား​အစား သက်မဲ့​ရုပ်တုတွေကို သူတို့ ကိုးကွယ်​ကြတယ်။ ဒါက ကိုယ့်ကိုယ်ကိုယ် နိမ့်ကျ​စေတယ်။ (ဆာ. ၁၁၅:၄-၈) သူတို့ရဲ့ ဝတ်ပြုရေးမှာ ညစ်ညမ်း​တဲ့ လိင်​အကျင့်​တွေ၊ ကလေးကို ပူဇော်​တာ​တွေ ပါဝင်တယ်။ အစ္စရေးတွေလည်း ယေဟောဝါကို လျစ်လျူရှု​ပြီး ရုပ်တု​ကိုးကွယ်တဲ့​အခါ ကိုယ့်ကိုယ်ကိုယ် နိမ့်ကျ​စေပြီး မိသားစုကို ဒုက္ခရောက်​စေတယ်။ (၂ ရာ. ၂၈:၁-၄) အခွင့်အာဏာ​ရှိသူတွေ​က ယေဟောဝါရဲ့ တရား​မျှတတဲ့ စံနှုန်းတွေကို စွန့်ပြီး အာဏာ အလွဲသုံးစား လုပ်ကြတယ်။ အားနည်း​သူ၊ အကာအကွယ်မဲ့​သူတွေကို ဖိနှိပ်​ကြတယ်။ (ယေဇ. ၃၄:၁-၄) အကာအကွယ်​မဲ့တဲ့ အမျိုးသမီးတွေနဲ့ ကလေးတွေ​အပေါ် ဖိနှိပ်​သူတွေကို ယေဟောဝါ တရား​စီရင်မယ်လို့ သတိပေး​တယ်။ (တရား. ၁၀:၁၇၊ ၁၈။ ၂၇:၁၉) ဒါပေမဲ့ ဘုရားကို သစ္စာ​ရှိပြီး အချင်းချင်း မျှမျှတတ ဆက်ဆံ​တဲ့အခါ​မှာ​တော့ အစ္စရေးတွေကို ယေဟောဝါ ကောင်းချီး​ပေးခဲ့တယ်။—၁ ဘု. ၁၀:၄-၉

ကျွန်တော်တို့ကို ယေဟောဝါ ချစ်တယ်။ မတရားခံရတဲ့အခါ သိတယ် (အပိုဒ် ၁၅ ကိုကြည့်ပါ)

၁၅။ ယေဟောဝါနဲ့​ပတ်သက်ပြီး ဘာ​သိရသလဲ။

၁၅ သင်ခန်းစာများ– ဘုရားကို ကိုးကွယ်ပါ​တယ်လို့ ပြောတဲ့​သူတွေ ဘုရား စံနှုန်းတွေကို လျစ်လျူရှု​ပြီး အချင်းချင်း ဒုက္ခ​ပေးတဲ့​အခါ ယေဟောဝါကို ကျွန်တော်တို့ အပြစ်တင်​လို့ မရဘူး။ ယေဟောဝါ​က ကျွန်တော်တို့ကို ချစ်တယ်။ မတရား​ခံ​ရတဲ့အခါ​လည်း သိတယ်။ ကလေးရဲ့ ဝေဒနာ​ကို မိခင်​တစ်ဦး သိတာထက် ကျွန်တော်တို့ရဲ့ နာကျင်မှုကို ဘုရား ပို​သိတယ်။ (ဟေရှာ. ၄၉:၁၅) ချက်ချင်း ကြားဝင်​မှာ မဟုတ်ပေမဲ့ နောင်တ​မယူ​သူတွေကို အချိန်တန်​တဲ့အခါ စာရင်းရှင်း​ပါလိမ့်မယ်။

ပညတ်တရားကို ဘယ်လို ကျင့်သုံး​ရမလဲ

၁၆-၁၈။ မောရှေ​ပညတ်​က ဘယ်​ဘဝကဏ္ဍတွေ​နဲ့ သက်ဆိုင်​သလဲ။ ဘာသင်ခန်းစာ​တွေ ရသလဲ။

၁၆ မောရှေ​ပညတ်ဟာ ဘဝကဏ္ဍ​များစွာနဲ့ သက်ဆိုင်​တယ်။ ဒါကြောင့် ခန့်အပ်ခံ အသက်​ကြီးသူတွေ​ဟာ ယေဟောဝါရဲ့ လူမျိုးကို ဖြောင့်မတ်​စွာ စီရင်​ရမယ်။ ဘုရားရေးရာ ကိစ္စတွေကို​သာမက အငြင်းပွားမှုတွေ၊ ရာဇဝတ်မှုတွေကိုပါ ကိုင်တွယ်​ရမယ်။ ဥပမာ​တချို့ကို ကြည့်ပါ။

၁၇ အစ္စရေး​တစ်ယောက် လူသတ်​မိရင် ချက်ချင်း သေဒဏ် မခံရ​ဘူး။ မြို့ရဲ့ အကြီးအကဲ​တွေ​က အခြေအနေကို ဦးဆုံး စစ်ဆေး​ရမယ်။ (တရား. ၁၉:၂-၇၊ ၁၁-၁၃) ပိုင်ဆိုင်ခွင့် အငြင်းပွားမှုတွေ​က​အစ အိမ်ထောင်ရေး ပြဿနာ​တွေ​အထိ နေ့စဉ်​ဘဝရဲ့ ပြဿနာ​များစွာကို ဖြေရှင်း​ပေး​ရတယ်။ (ထွ. ၂၁:၃၅။ တရား. ၂၂:၁၃-၁၉) အကြီးအကဲ​တွေ မျှမျှတတ စီရင်​တဲ့အခါ၊ ပညတ်တရားကို အစ္စရေး​တွေ နာခံတဲ့အခါ လူတိုင်း အကျိုး​ရပြီး ယေဟောဝါကို ဘုန်း​ထင်ရှားစေတယ်။—ဝတ်. ၂၀:၇၊ ၈။ ဟေရှာ. ၄၈:၁၇၊ ၁၈

၁၈ သင်ခန်းစာများ– ကျွန်တော်တို့ရဲ့ ဘဝကဏ္ဍ​တိုင်း​ဟာ ယေဟောဝါ​အတွက် အရေးပါ​တယ်။ ဘုရားသခင်က ကျွန်တော်တို့ကို တခြား​သူတွေနဲ့ ဆက်ဆံ​တဲ့အခါ တရား​မျှတ​ပြီး မေတ္တာ​ရှိစေချင်တယ်။ ကိုယ့်​အိမ်မှာ ပြောတာ၊ လုပ်တာတွေကို​တောင် ဘုရား သတိထားကြည့်​နေတယ်။—ဟီ. ၄:၁၃

၁၉-၂၁။ (က) အကြီးအကဲ​တွေ၊ တရားသူကြီးတွေ​က ဘုရားလူမျိုးကို ဘယ်လို ဆက်ဆံ​ရမလဲ။ (ခ) ယေဟောဝါ ဘယ်လို ကာကွယ်ပေး​သလဲ။ ဘာသင်ခန်းစာ​တွေ ရသလဲ။

၁၉ ပတ်ဝန်းကျင်​နိုင်ငံ​တွေရဲ့ မကောင်းတဲ့ ဩဇာ​လွှမ်းမိုးမှု​ကနေ လူမျိုးတော်ကို ယေဟောဝါ ကာကွယ်​ပေးချင်တယ်။ ဒါကြောင့် ပညတ်တရားကို မျက်နှာမလိုက်​ဘဲ ကျင့်သုံးဖို့ အကြီးအကဲ​တွေ၊ တရားသူကြီးတွေကို တောင်းဆိုတယ်။ သူတို့က လူတွေကို ကြမ်းကြမ်းတမ်းတမ်း၊ လှေနံဓားထစ် မဆက်ဆံ​ရ​ဘူး။ တရား​မျှတမှု​ကို ချစ်မြတ်နိုး​ရမယ်။—တရား. ၁:၁၃-၁၇။ ၁၆:၁၈-၂၀

၂၀ ယေဟောဝါ​က မိမိ​လူမျိုးကို ထောက်ထား​စာနာတဲ့​အတွက် မမျှမတ ဆက်ဆံ​မခံရအောင် ကာကွယ်​ပေးတယ်။ ဥပမာ၊ လွယ်လွယ်နဲ့ မတရား စွပ်စွဲ​လို့ မရအောင် ပညတ်တရား​က ကာကွယ်​ပေးထားတယ်။ စွပ်စွဲ​ခံရသူ​ဟာ စွပ်စွဲ​သူကို သိ​ခွင့်​ရှိတယ်။ (တရား. ၁၉:၁၆-၁၉။ ၂၅:၁) အပြစ်​ရှိတယ်လို့ သတ်မှတ်​နိုင်ဖို့ အနည်းဆုံး သက်သေ​နှစ်ယောက် ရှိရမယ်။ (တရား. ၁၇:၆။ ၁၉:၁၅) သက်သေ​တစ်ယောက်ပဲ မြင်​တဲ့ ရာဇဝတ်မှု ဆိုရင်ကော။ ပြစ်ဒဏ်​ကနေ လွတ်​ပြီလို့ မယူဆ​သင့်​ဘူး။ သူ​လုပ်ခဲ့တာ​ကို ယေဟောဝါ မြင်တယ်။ မိသားစုမှာ ဖခင်ဟာ အခွင့်အာဏာ ရှိပေမဲ့ မိသားစု​ပြဿနာ တချို့ကို​တော့ မြို့ရဲ့ အကြီးအကဲ​တွေ ကိုင်တွယ်​စီရင်​ဖို့ တာဝန်​ရှိတယ်။—တရား. ၂၁:၁၈-၂၁

၂၁ သင်ခန်းစာများ– ယေဟောဝါ လုပ်ဆောင်သမျှဟာ တရား​မျှတတဲ့​အတွက် အကောင်းဆုံး ပုံသက်သေပါပဲ။ (ဆာ. ၉:၇) ဘုရားက မိမိ​စံနှုန်း​အတိုင်း သစ္စာရှိ​ရှိ နာခံ​သူတွေကို ဆုချ​ပြီး အခွင့်အာဏာ အလွဲသုံးစား​လုပ်​သူတွေကို အပြစ်​ပေးတယ်။ (၂ ရှ. ၂၂:၂၁-၂၃။ ယေဇ. ၉:၉၊ ၁၀) ဆိုးညစ်သူ​တချို့ အပြစ်ပေး​မခံရ​ပုံ ပေါက်​နေပေမဲ့ အချိန်တန်​တဲ့အခါ စီရင်​ဖို့ ယေဟောဝါ ဆုံးဖြတ်​ထားတယ်။ (ပညာ. ၂၈:၁၃) သူတို့ နောင်တ​မယူ​ရင် “အသက်ရှင်​တဲ့ ဘုရားသခင်​ဆီက ပြစ်ဒဏ်ကို ခံရ​တာ​ဟာ သိပ်​ကြောက်စရာ ကောင်း” မှန်း မကြာခင် သိလာ​ပါလိမ့်မယ်။—ဟီ. ၁၀:၃၀၊ ၃၁

ပညတ်တရား​က ဘယ်သူတွေကို အထူး​ကာကွယ်ပေး​သလဲ

အငြင်းပွားမှုတွေကို ဖြေရှင်းတဲ့အခါ ယေဟောဝါရဲ့ မေတ္တာနဲ့ တရားမျှတမှုကို အကြီးအကဲတွေ တုပဖို့ လိုတယ် (အပိုဒ် ၂၂ ကိုကြည့်ပါ) *

၂၂-၂၄။ (က) ပညတ်တရား​က ဘယ်သူတွေကို အထူး​ကာကွယ်ပေး​သလဲ။ ယေဟောဝါ​အကြောင်း ဘာ​သိရသလဲ။ (ခ) ထွက်မြောက်ရာ ၂၂:၂၂-၂၄ မှာ ဘယ်​သတိပေး​ချက် ပါသလဲ။

၂၂ မိဘမဲ့၊ မုဆိုးမ၊ တိုင်းတစ်ပါးသား စတဲ့ ကိုယ့်ကိုယ်ကိုယ် မကာကွယ်​နိုင်​သူတွေကို ပညတ်တရား​က အထူး​ကာကွယ်​ပေးတယ်။ “တိုင်းတစ်ပါးသားကို​ဖြစ်စေ၊ မိဘမဲ့​ကလေးကို​ဖြစ်စေ တရား​စီရင်​တဲ့အခါ အမှန်တရားကို က​ပြောင်း​က​ပြန် ဖြစ်အောင် မလုပ်ရဘူး။ မုဆိုးမရဲ့ အဝတ်ကို အ​ပေါင်​ပစ္စည်း​အဖြစ် မယူ​ရ​ဘူး” လို့ အစ္စရေး တရားသူကြီးတွေကို ပြော​ထားတယ်။ (တရား. ၂၄:၁၇) အကာအကွယ်မဲ့​သူတွေကို ယေဟောဝါ အထူး​စိတ်ဝင်စား​တယ်။ သူတို့​အပေါ် ဖိနှိပ်​သူတွေကို အပြစ်​ပေးတယ်။ထွက်မြောက်ရာ ၂၂:၂၂-၂၄ ကိုဖတ်ပါ။

၂၃ ပညတ်တရား​က သွေး​ရင်း​သားရင်း စပ်ယှက်မှု ပုံစံ​အားလုံးကို တားမြစ်​ထားတဲ့​အတွက် လိင်ဆိုင်ရာ​ပြစ်မှု​တွေ​ကနေ မိသားစုဝင်တွေကို ကာကွယ်​ပေးတယ်။ (ဝတ်. ၁၈:၆-၃၀) အဲဒါတွေကို ပတ်ဝန်းကျင်​လူမျိုး​တွေ သည်းခံ​ခွင့်ပြု​ထားပေမဲ့ ယေဟောဝါရဲ့ လူမျိုး​ကတော့ စက်ဆုပ်​ရွံရှာ​စ​ရာ ပြစ်မှု​လို့ ရှုမြင်​ရမယ်။

၂၄ သင်ခန်းစာများ– တာဝန်​ရှိ အနေအထား ခန့်အပ်​ခံရသူတွေ​ဟာ တခြား​သူတွေကို မေတ္တာပါပါ စိတ်ဝင်စားဖို့ ယေဟောဝါ မျှော်လင့်တယ်။ လိင်ဆိုင်ရာ​ပြစ်မှု​တွေကို ယေဟောဝါ မုန်းတယ်။ အထူးသဖြင့် အကာအကွယ်မဲ့​သူတွေကို ကာကွယ်မှု​နဲ့ တရား​မျှတမှု ရစေချင်​တယ်။

“နောင်လာမယ့် ကောင်းမြတ်တဲ့​အရာ​တွေရဲ့ အရိပ်” ဖြစ်တဲ့ ပညတ်တရား

၂၅-၂၆။ (က) မေတ္တာနဲ့ တရား​မျှတမှု အနီးကပ် ဆက်စပ်နေ​တယ်လို့ ဘာကြောင့် ပြောနိုင်သလဲ။ (ခ) ဒီ​ဆောင်းပါး​တွဲ​ရဲ့ နောက်​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေး​မလဲ။

၂၅ မေတ္တာနဲ့ တရား​မျှတမှုဟာ အနီးကပ် ဆက်စပ်နေ​တယ်။ ကျွန်တော်တို့ကို ယေဟောဝါ မျှမျှတတ ဆက်ဆံ​ကြောင်း ယုံကြည်​စိတ်ချ​ရင် ဘုရားကို ချစ်တဲ့ မေတ္တာ တိုးများ​လာမယ်။ ဘုရားနဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေကို ချစ်မြတ်နိုး​ရင် တခြား​သူတွေကို ချစ်​ဖို့၊ မျှမျှတတ ဆက်ဆံ​ဖို့ လှုံ့ဆော်ခံရ​ပါလိမ့်မယ်။

၂၆ ပညတ်တရား​က ယေဟောဝါနဲ့ ဆက်ဆံရေး​ကောင်း​ရှိဖို့ အစ္စရေးတွေကို ကူညီ​ပေးတယ်။ ဒါပေမဲ့ ပညတ်တရားကို ယေရှု ပြည့်စုံ​စေပြီး​နောက်မှာ ပညတ်တရား အဆုံးတိုင်​သွားပြီး ပို​ကောင်းတဲ့အရာ​နဲ့ အစားထိုး​ခံရတယ်။ (ရော. ၁၀:၄) တမန်တော် ပေါလုက ပညတ်တရားကို “နောင်လာမယ့် ကောင်းမြတ်တဲ့​အရာ​တွေရဲ့ အရိပ်” လို့ ပြောတယ်။ (ဟီ. ၁၀:၁) ဒီ​ဆောင်းပါး​တွဲ​ရဲ့ နောက်​ဆောင်းပါး​မှာ အဲဒီ​ကောင်းမြတ်​ရာ​တချို့​နဲ့ ခရစ်ယာန်​အသင်းတော်မှာ မေတ္တာ၊ တရား​မျှတမှုရဲ့ ကဏ္ဍကို ဆွေးနွေးပါမယ်။

သီချင်း ၁၀၉ နှစ်နှစ်ကာကာ ချစ်ကြပါ

^ အပိုဒ်၊ 5 ဒီ​ဆောင်းပါး​က ကျွန်တော်တို့ကို ယေဟောဝါ ဂရုစိုက်​ကြောင်း စိတ်ချ​စေတဲ့ ဆောင်းပါး​တွဲ လေးခု​ထဲ​က ဦးဆုံး ဆောင်းပါး​ဖြစ်တယ်။ ကျန်​ဆောင်းပါး သုံးခု​က ၂၀၁၉၊ မေ​လထုတ် ကင်းမျှော်စင် မှာ ပါမယ်။ ခေါင်းစဉ်​တွေ​က “ခရစ်ယာန်​အသင်းတော်မှာ မေတ္တာနဲ့ တရား​မျှတမှု၊” “ဆိုးညစ်​မှု​တွေ ရင်ဆိုင်​ရချိန်မှာ မေတ္တာနဲ့ တရား​မျှတမှု၊” “မတော်မတရား​ပြု​ခံရသူတွေအတွက် နှစ်သိမ့်မှု” တို့​ဖြစ်တယ်။

^ အပိုဒ်၊ 2 စကားလုံး ရှင်းလင်းချက်– မောရှေ​က​တစ်ဆင့် အစ္စရေးတွေကို ပေးတဲ့ ပညတ် ၆၀​၀ ကျော်​ကို “ပညတ်တရား၊” “မောရှေ​ပညတ်၊” “ပညတ်​ချက်များ” လို့ ခေါ်တယ်။ ကျမ်းစာရဲ့ ပထမ​ကျမ်း​ငါးစောင် (ကမ္ဘာဦး​ကနေ တရားဟောရာ) ကို ပညတ်​ကျမ်းလို့ ခေါ်လေ့​ရှိတယ်။ အဲဒီ​စကားလုံးက တစ်ခါတလေ ဟီဘရူး​ကျမ်းစောင် အားလုံးကိုလည်း ရည်ညွှန်းလေ့​ရှိတယ်။

^ အပိုဒ်၊ 60 ပုံအညွှန်း– အစ္စရေးမိခင်တစ်ယောက် အစားအစာ ပြင်ဆင်ရင်း သမီးတွေနဲ့ စကားပြောနေ။ အနောက်ဘက်မှာ ဖခင်က သားကို သိုးထိန်းတတ်ဖို့ သင်ပေးနေ။

^ အပိုဒ်၊ 64 ပုံအညွှန်း– မြို့ဂိတ်တံခါးမှာ အကြီးအကဲတွေက ကုန်သည်တစ်ယောက်ရဲ့ ဖိနှိပ်မှုခံရတဲ့ မုဆိုးမ သားအမိကို မေတ္တာနဲ့ ကူညီပေးနေ