ဘဝအတ္ထုပ္ပတ္တိ
ဆေးပညာထက် သာလွန်ကောင်းမွန်တာကို တွေ့ခဲ့
“ခင်ဗျားတို့ ပြောတာတွေက ကျွန်တော့် ကလေးဘဝက စိတ်ကူးတွေပဲ” လို့ ၁၉၇၁ တုန်းက ကျွန်တော့်ဆီ လာပြတဲ့ လူနာသစ် နှစ်ယောက်ကို စိတ်လှုပ်ရှားပြီး ပြောလိုက်တယ်။ ဆရာဝန် ဖြစ်ပြီး ကိုယ်ပိုင် ဆေးခန်း စဖွင့်ခါစပဲ ရှိသေးတယ်။ အဲဒီလူနာတွေက ဘယ်သူတွေလဲ။ ကျွန်တော့် စိတ်ကူးကကော ဘာလဲ။ သူတို့နဲ့ စကားပြောရာကနေ ကျွန်တော့် ကလေးဘဝ စိတ်ကူးတွေ မကြာခင် ဖြစ်လာတော့မယ်ဆိုတာ ဘာကြောင့် ယုံကြည်လာကြောင်း၊ ဘဝရဲ့ ဦးစားထားရာတွေ ပြောင်းလဲခဲ့ပုံအကြောင်း ပြောပြပါရစေ။
၁၉၄၁၊ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့က သာမန် မိသားစုလေးမှာ ကျွန်တော် မွေးလာတယ်။ ကျောင်းတက်ရတာ ကျွန်တော် သိပ်ပျော်တယ်။ ဒါပေမဲ့ အသက် ဆယ်နှစ်မှာ အဆုတ်ရောဂါ ဖြစ်လို့ ကျောင်းမသွားရတော့ အတော်လေး စိတ်ပျက်မိတယ်။ ဆရာဝန်က ကျွန်တော့်အဆုတ် အားနည်းနေလို့ အိပ်ရာပေါ်မှာပဲ နေဖို့ ပြောတယ်။ ဒါကြောင့် လအတော်ကြာ အဘိဓာန် ဖတ်လိုက်၊ ပဲရစ် တက္ကသိုလ်က လွှင့်တဲ့ ရေဒီယို အစီအစဉ် နားထောင်လိုက်နဲ့ အချိန်ကုန်သွားတယ်။ နောက်ဆုံးမှာ ကျွန်တော့်ရောဂါ ပျောက်သွားလို့ ကျောင်းပြန်သွားနိုင်ပြီလို့ ဆရာဝန် ပြောတော့ ပျော်လိုက်တာ။ ‘ဆရာဝန်အလုပ်က သိပ်ကောင်းတာပဲ’ လို့ စဉ်းစားမိတယ်။ အဲဒီအချိန်ကစပြီး လူတွေကို ဆေးကုပေးချင်လာတယ်။ ကြီးလာရင် ဘာလုပ်မလဲလို့ အဖေ မေးတိုင်း “ဆရာဝန် လုပ်မယ်” လို့ အမြဲ ဖြေခဲ့တာ။ ဒီလိုနဲ့ ဆေးပညာဟာ ကျွန်တော့်ဘဝရဲ့ အရေးကြီးဆုံး ဖြစ်လာတယ်။
သိပ္ပံပညာက ဘုရားနဲ့ ပိုရင်းနှီးလာစေ
ကျွန်တော်တို့ မိသားစုက ကက်သလစ် ဘာသာဝင်တွေပါ။ ဒါပေမဲ့ ဘုရားအကြောင်း သိပ်မသိဘူး။ ဘုရားနဲ့ပတ်သက်ပြီး ကျွန်တော့်မှာ မေးခွန်းတွေ အများကြီး ရှိနေတယ်။ တက္ကသိုလ် တက်ပြီး ဆေးပညာ သင်ယူတော့မှပဲ အသက်ဟာ ဖန်ဆင်းခံရတယ်ဆိုတာ ယုံကြည်လာတယ်။
ကျူလစ်အပင်ရဲ့ ဆဲလ်တွေကို ဦးဆုံးအကြိမ် မိုက်ခရိုစကုပ်နဲ့ လေ့လာခဲ့တာ မှတ်မိသေးတယ်။ အဲဒီဆဲလ်တွေရဲ့ အပူအအေး တုံ့ပြန်ပုံကို အံ့ဩမိတယ်။ ဆဲလ်အတွင်းပိုင်းဟာ ဆားနဲ့ ထိတဲ့အခါ ကျုံ့သွားပြီး ရေနဲ့ ထိတဲ့အခါ ပျံ့ကားလာတာ တွေ့မိတယ်။ ဒီလို တုံ့ပြန်နိုင်စွမ်းတွေကြောင့် ပတ်ဝန်းကျင် အခြေအနေကို လိုက်ပြီး သက်ရှိတွေ ပြောင်းလဲနိုင်ကြတာ။ ဆဲလ်တွေရဲ့ အံ့ဩစရာ ရှုပ်ထွေးမှုတွေကို တွေ့တော့ အသက်ဆိုတာ မတော်တဆ ဖြစ်လာတာ မဟုတ်မှန်း သိလာတယ်။
တက္ကသိုလ် ဒုတိယနှစ်မှာ ဘုရား တကယ် ရှိတယ်ဆိုတဲ့ အထောက်အထားတွေ ထပ်တွေ့လာတယ်။ ခန္ဓာဗေဒ သင်တန်းမှာ လူသားတွေရဲ့ လက်ချောင်းတွေ ကွေးနိုင်၊ ဆန့်နိုင်အောင် လက်ဖျံက ဘယ်လို လုပ်ဆောင်ပေးကြောင်း လေ့လာကြတယ်။ ကြွက်သားနဲ့ အရွတ်တွေရဲ့ ဆက်စပ် လုပ်ဆောင်ပုံက တကယ့်ကို အံ့ဩစရာပဲ။ ဥပမာ၊ လက်ဖျံကြွက်သားတစ်ခုနဲ့ လက်ချောင်းရဲ့ ဒုတိယ အရိုးဆစ်ကို ချိတ်ဆက်ပေးတဲ့ အရွတ်က နှစ်ပိုင်း ဖြာထွက်သွားပြီး တစ်ခုက လက်ထိပ်အောက်မှာ ကပ်နေတယ်။ တစ်သျှူးတွေက အရွတ်နဲ့ လက်ချောင်းအရိုးတွေ ကပ်နေအောင် ဆွဲထားပေးတယ်။ အဲလိုသာ မဟုတ်ရင် အရွတ်တွေ တင်းကျပ်နေပြီး လှုပ်ရှားရ လွယ်မှာ မဟုတ်ဘူး။ လူ့ကိုယ်ခန္ဓာ တည်ဆောက်ပုံဟာ ဉာဏ်ကြီးရှင် တစ်ယောက်ရဲ့ လက်ရာ ဖြစ်မှန်း ကောင်းကောင်း သိလာတယ်။
ဖန်ဆင်းရှင်ရဲ့ လက်ရာနဲ့ပတ်သက်ပြီး အထူး အံ့ဩမိတာကတော့ ကလေးမွေးတဲ့ အဆင့်တွေကို လေ့လာတဲ့ အချိန်မှာပဲ။ ကလေးဟာ မိခင်ဝမ်းထဲ ရှိချိန်မှာ ချက်ကြိုးကနေတစ်ဆင့် အောက်ဆီဂျင်ကို ရတယ်။ ဒါကြောင့် အဆုတ်ထဲက ပူဖောင်းပုံ လေအိတ်လေးတွေထဲမှာ လေ မရှိသေးဘူး။ မမွေးဖွားခင် အပတ်အနည်းငယ်မှာ လေအိတ်တွေထဲ အထူး အရည်တစ်မျိုး ပြည့်လာတယ်။ ကလေးမွေးလာပြီး ဦးဆုံး အသက်ရှူလိုက်ချိန်မှာ အံ့ဩစရာတစ်ခု စဖြစ်လာတယ်။ နှလုံးမှာ ရှိတဲ့ အပေါက် ပိတ်သွားပြီး သွေးတွေကို အဆုတ်ဆီ စီးဆင်းစေတယ်။ အဲဒီအချိန်မှာပဲ အထူး အရည်တွေကြောင့် လေအိတ်လေးတွေ ကပ်မသွားဘဲ လေတွေ ဝင်လာတယ်။ ချက်ချင်းပဲ ကလေးဟာ သူ့ဘာသာသူ အသက်ရှူနိုင်လာတယ်။
ဒီလိုအံ့ဩစရာတွေ ဖန်ဆင်းတဲ့သူအကြောင်း ပိုသိချင်လာလို့ ကျမ်းစာကို အသေအချာ စဖတ်တယ်။ လွန်ခဲ့တဲ့ နှစ် ၃၀၀၀ ကျော်လောက်က အစ္စရေးလူမျိုးတွေကို ဘုရား ပေးခဲ့တဲ့ ပညတ်တရားထဲက တစ်ကိုယ်ရေ သန့်ရှင်းခြင်းနဲ့ပတ်သက်တဲ့ အကြောင်းကို ကျွန်တော် သိပ်သဘောကျတယ်။ မစင်ကို မြေမြှုပ်ဖို့၊ ရေမှန်မှန် ချိုးဖို့၊ ကူးစက်ရောဂါ လက္ခဏာ ရှိတဲ့သူကို သီးသန့် ခွဲထားဖို့ ဘုရား ညွှန်ကြားတယ်။ (ဝတ်. ၁၃:၅၀။ ၁၅:၁၁။ တရား. ၂၃:၁၃) ရောဂါ ပျံ့နှံ့ပုံအကြောင်း သိပ္ပံပညာရှင်တွေ သိလာတာ နှစ် ၁၅၀ လောက်ပဲ ရှိသေးပေမဲ့ ကျမ်းစာမှာ ဒီအကြောင်းတွေကို ဖော်ပြထားနှင့်ပြီ။ ဝတ်ပြုရာကျမ်းမှာ ဖော်ပြထားတဲ့ လိင်ဆိုင်ရာ သန့်ရှင်းခြင်း ပညတ်ကလည်း အစ္စရေးလူမျိုးတွေကို ကျန်းမာစေတယ်ဆိုတာ ကျွန်တော် လက်ခံတယ်။ (ဝတ်. ၁၂:၁-၆။ ၁၅:၁၆-၂၄) ဖန်ဆင်းရှင်ဟာ အစ္စရေးတွေရဲ့ အကျိုးအတွက် ပညတ်တရားကို ပေးခဲ့ကြောင်း၊ ပညတ် နာခံသူတွေကို ကောင်းချီးပေးကြောင်း သိလာတယ်။ ကျမ်းစာဟာ ဘုရားလမ်းညွှန်မှုနဲ့ ရေးထားတယ်ဆိုတာ ယုံကြည်စိတ်ချလာတယ်။ ဒါပေမဲ့ ဘုရားသခင်ရဲ့ နာမည်ကိုတော့ အဲဒီအချိန်အထိ မသိသေးဘူး။
ဇနီးနဲ့ ဆုံတွေ့ပုံ၊ ယေဟောဝါအကြောင်း သိလာပုံ
ကျွန်တော် ဆေးတက္ကသိုလ် တက်နေတုန်း လီဒီ ဆိုတဲ့ မိန်းကလေးနဲ့ ဆုံပြီး ချစ်ကြိုက်သွားတယ်။ ကျောင်းမပြီးသေးခင် ၁၉၆၅ မှာ လက်ထပ်လိုက်ကြတယ်။ ၁၉၇၁ မှာ ကလေး ၃ ယောက် ရှိနေပြီ။ လီဒီဟာ အိမ်မှုကိစ္စတွေမှာကော ကျွန်တော့် အလုပ်မှာပါ အများကြီး ကူညီပေးတယ်။
ကိုယ်ပိုင် ဆေးခန်း မဖွင့်ခင် ဆေးရုံတစ်ခုမှာ သုံးနှစ် လုပ်ခဲ့တယ်။ ဆေးခန်း ဖွင့်ပြီး သိပ်မကြာခင် အစပိုင်းမှာ ဖော်ပြခဲ့တဲ့ လူနာ နှစ်ယောက် ရောက်လာတယ်။ လူနာယောက်ျားအတွက် ဆေးညွှန်း ရေးမလို့ ပြင်ဆင်နေတုန်း သူ့အမျိုးသမီးက “ဒေါက်တာ၊ တ. ၁၅:၂၈၊ ၂၉) နောက်တော့ အမျိုးသမီးနဲ့ ခင်ပွန်းက မကြာခင် ဆင်းရဲဒုက္ခ၊ ဖျားနာမှုနဲ့ သေခြင်းကို ဘုရားသခင့် နိုင်ငံတော် ဖယ်ရှားပေးတော့မယ့်အကြောင်း ပြောပြတယ်။ (ဗျာ. ၂၁:၃၊ ၄) ကျွန်တော် စိတ်လှုပ်ရှားပြီး “ခင်ဗျားတို့ ပြောတာတွေက ကျွန်တော့် ကလေးဘဝက စိတ်ကူးတွေပဲ။ လူတွေရဲ့ ဝေဒနာ သက်သာအောင် ကူညီပေးဖို့ ကျွန်တော် ဆရာဝန် လုပ်တာ” ဆိုပြီး ပြောလိုက်တယ်။ စိတ်ထက်သန်လွန်းလို့ စကားပြောတာ တစ်နာရီခွဲလောက် ကြာသွားတယ်။ ကျွန်တော် သိပ်လေးစားတဲ့ ဖန်ဆင်းရှင်ရဲ့ နာမည်ဟာ ယေဟောဝါဆိုတာ သိလိုက်ရတယ်။ သူတို့ ထွက်သွားပြီးတဲ့နောက်မှာတော့ ကျွန်တော် ကက်သလစ် ဘာသာဝင် မဟုတ်တော့ဘူး။
ကျေးဇူးပြုပြီး သွေးမပါတဲ့ ဆေး ပေးပါ” လို့ တောင်းဆိုတယ်။ ကျွန်တော် အံ့ဩသွားပြီး “ဘာဖြစ်လို့လဲ” လို့ မေးတော့ အမျိုးသမီးက “ကျွန်မတို့က ယေဟောဝါသက်သေတွေပါ” လို့ ပြန်ပြောတယ်။ ယေဟောဝါသက်သေတွေအကြောင်း၊ သွေးနဲ့ပတ်သက်တဲ့ သူတို့ရဲ့ ရပ်တည်ချက်တွေအကြောင်း ကျွန်တော် တစ်ခါမှ မကြားဖူးဘူး။ အမျိုးသမီးက ကျမ်းစာ ဖွင့်ပြီး သွေးနဲ့ပတ်သက်တဲ့ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို ရှင်းပြတယ်။ (သက်သေခံ မောင်နှံနဲ့ ဆေးခန်းမှာ သုံးကြိမ် တွေ့ဖြစ်တယ်။ တွေ့တိုင်း တစ်နာရီကျော်ကြာအောင် စကားပြောကြတယ်။ ကျမ်းစာအကြောင်း ပိုဆွေးနွေးနိုင်ဖို့ ကျွန်တော့်အိမ်ကို ဖိတ်ခေါ်လိုက်တယ်။ လီဒီက ကျွန်တော်တို့ ကျမ်းစာလေ့လာမှုမှာ ပါဝင်ပေမဲ့ ကက်သလစ်ရဲ့ သွန်သင်ချက်တွေ မှားတယ်ဆိုတာကိုတော့ လက်မခံဘူး။ ဒါကြောင့် ဒေသခံ ဓမ္မဆရာကို ကျွန်တော် ဖိတ်လိုက်တယ်။ ချာ့ခ်ျရဲ့ သွန်သင်ချက်တွေအကြောင်း ကျမ်းစာကိုပဲ သုံးပြီး ညအထိ ဆွေးနွေးကြတယ်။ အဲဒီဆွေးနွေးမှုကြောင့် ယေဟောဝါသက်သေတွေဟာ အမှန်တရားကို သွန်သင်ပေးနေကြောင်း လီဒီ ယုံကြည်သွားတယ်။ ယေဟောဝါကို ချစ်တဲ့ စိတ်ကြောင့် ကျွန်တော်တို့ နှစ်ယောက်စလုံး ၁၉၇၄ မှာ နှစ်ခြင်းခံလိုက်တယ်။
ယေဟောဝါကို ဦးစားထား
လူသားတွေနဲ့ပတ်သက်တဲ့ ဘုရားရဲ့ ရည်ရွယ်ချက်အကြောင်း သိလာတာက ကျွန်တော့်ဘဝရဲ့ ဦးစားထားရာတွေအပေါ် သက်ရောက်မှု ရှိလာတယ်။ ကျွန်တော်တို့ဘဝမှာ ယေဟောဝါရဲ့ အမှုဆောင်ဖို့ အဓိကထားလာတယ်။ သားသမီးတွေကို ကျမ်းစာစံနှုန်းအတိုင်း လေ့ကျင့်ပျိုးထောင်ဖို့ ဆုံးဖြတ်ကြတယ်။ ဘုရားကို ချစ်ဖို့၊ လူလူချင်းကို ချစ်ဖို့ ကလေးတွေကို သွန်သင်ပေးတယ်။ အဲဒါက မိသားစုကို ပိုပြီး ရင်းနှီးစေတယ်။—မ. ၂၂:၃၇-၃၉။
မိဘတွေအနေနဲ့ ကျွန်တော်တို့ စည်းစည်းလုံးလုံး ရှိနေတာကို ကလေးတွေ သတိပြုမိတယ်။ ယေရှုရဲ့ စကားအတိုင်း “ဟုတ်ရင် ‘ဟုတ်တယ်၊’ မဟုတ်ရင် ‘မဟုတ်ဘူး’” ဆိုတဲ့ မူကို အိမ်မှာ ကျင့်သုံးတယ်။ (မ. ၅:၃၇) ဥပမာ၊ အသက် ၁၇ နှစ် ရှိပြီ ဖြစ်တဲ့ သမီးကို လီဒီက ရွယ်တူ သူငယ်ချင်းတွေနဲ့ အပြင်ထွက်ခွင့် မပေးဘူး။ တခြားသူတွေက သမီးကို “အမေ ခွင့်မပြုရင် အဖေ့ဆီ ခွင့်တောင်းပေါ့” လို့ ပြောကြတယ်။ အဲဒီအခါ သမီးက “ပြောလည်း ထူးမှာ မဟုတ်ဘူး။ သူတို့က အမြဲ တစ်စိတ်တည်းပဲ” လို့ ပြန်ပြောလေ့ရှိတယ်။ ကျမ်းစာမူတွေအတိုင်း လိုက်လျှောက်ရာမှာ ကျွန်တော်တို့ တစ်စိတ်တည်းပဲဆိုတာ သားသမီး ခြောက်ယောက်စလုံး သိကြတယ်။ အခု မိသားစုဝင် အတော်များများ ယေဟောဝါကို ဝတ်ပြုနေကြလို့ ဘုရားကို သိပ်ကျေးဇူးတင်တယ်။
ဘဝရဲ့ ဦးစားထားရာတွေ ပြောင်းလဲသွားပေမဲ့ ကျွန်တော် တတ်ထားတဲ့ ဆေးပညာကို ဘုရားလူမျိုးရဲ့ အကျိုးအတွက် အသုံးပြုချင်တယ်။ ဒါကြောင့် ပဲရစ်မှာ ရှိတဲ့ ဗေသလနဲ့ နောက်ပိုင်း လူဗီယာက ဗေသလအိမ် အသစ်မှာ စေတနာ့ဝန်ထမ်း လုပ်ခဲ့တယ်။ ဗေသလမှာ အချိန်ပိုင်း စေတနာ့ဝန်ထမ်း လုပ်နေတာ နှစ် ၅၀ ကျော်ပြီ။ အဲဒီအချိန်အတွင်း ဗေသလ မိသားစုဝင်တချို့နဲ့ ရင်းနှီးတဲ့ မိတ်ဆွေ ဖြစ်ခွင့် ရခဲ့တယ်။ အဲဒီထဲက တချို့ဆို အခု အသက် ၉၀ လောက် ရှိနေကြပြီ။ တစ်ရက်၊ ဗေသလ အိမ်သားအသစ် တစ်ယောက်နဲ့ တွေ့တော့ အံ့ဩဝမ်းသာခဲ့ရတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်တုန်းက သူ့ကို ကျွန်တော် မွေးပေးခဲ့တာ။
မိမိလူမျိုးကို ယေဟောဝါ စောင့်ရှောက်မှန်း မြင်တွေ့ခဲ့ရ
နှစ်တွေတစ်လျှောက် အဖွဲ့အစည်းကတစ်ဆင့် မိမိလူမျိုးကို ယေဟောဝါ လမ်းညွှန်၊ စောင့်ရှောက်နေတာ တွေ့ခွင့် ရလို့ ယေဟောဝါကို ပိုချစ်လာတယ်။ ၁၉၈၀ ဝန်းကျင်မှာ အုပ်ချုပ်ရေးအဖွဲ့က ယေဟောဝါသက်သေတွေနဲ့ ဆရာဝန်တွေကြား ဆက်သွယ်ရေး ကောင်းဖို့ အမေရိကန်မှာ အစီအစဉ် တစ်ခု စတင်ခဲ့တယ်။
၁၉၈၈ မှာတော့ အုပ်ချုပ်ရေးအဖွဲ့က ဗေသလမှာ ဆေးရုံသတင်းအချက်အလက် ဌာနသစ်ကို ဖွဲ့စည်းတယ်။ အစပိုင်းမှာ ဒီဌာနက အမေရိကန်မှာ ရှိတဲ့ ဆေးရုံဆက်သွယ်ရေး ကော်မတီတွေ (HLC) ကို ဦးစီးပြီး သက်သေခံ လူနာတွေ သင့်တော်တဲ့ ဆေးကုသမှု ရရှိဖို့ ကူညီပေးတယ်။ နောက်ပိုင်း ဒီအစီအစဉ်ကို ကမ္ဘာတစ်ဝန်း တိုးချဲ့တဲ့အခါ ပြင်သစ်မှာလည်း HLC တွေကို ဖွဲ့စည်းခဲ့တယ်။ ဖျားနာနေတဲ့ ညီအစ်ကို/မတွေ လိုအပ်နေချိန်မှာ ယေဟောဝါရဲ့ အဖွဲ့အစည်းက မေတ္တာပါပါ ကူညီပေးတာကို ကျွန်တော် မြင်တွေ့ခဲ့ရတယ်။
စိတ်ကူးတွေ တကယ် ဖြစ်လာ
ဆေးကုသတာကို ကျွန်တော် သိပ်နှစ်ခြိုက်တာ။ ဒါပေမဲ့ ဦးစားထားရာတွေကို ပြန်သုံးသပ်တဲ့အခါ အသက်ရဲ့ ရင်းမြစ် ဖြစ်တဲ့ ယေဟောဝါဘုရားနဲ့ လူတွေကို ပြန်သင့်မြတ်အောင် ကူညီပေးတာက ပိုအရေးကြီးကြောင်း နားလည်လာတယ်။ အငြိမ်းစားယူပြီးနောက် ကျွန်တော်တို့ နှစ်ယောက်စလုံး မှန်မှန်ရှေ့ဆောင် လုပ်ပြီး နိုင်ငံတော် သတင်းကောင်းကို ကြေညာကြတယ်။ ဒီအသက်ကယ် လုပ်ငန်းမှာ ကျွန်တော်တို့ အတတ်နိုင်ဆုံး ပါဝင်နေကြတယ်။
နေမကောင်းတဲ့သူတွေကိုလည်း ကျွန်တော် ဆက်ကူညီပေးနေပါတယ်။ ဒါပေမဲ့ အကောင်းဆုံး ဆရာဝန် ဖြစ်ရင်တောင် ရောဂါအားလုံး ပျောက်အောင်၊ မသေအောင် မလုပ်ပေးနိုင်ဘူး။ ဒါကြောင့် နာကျင်မှု၊ ဖျားနာမှုနဲ့ သေခြင်း မရှိတော့မယ့် အချိန်ကို စောင့်နေတယ်။ မကြာခင် ရောက်လာတော့မယ့် ကမ္ဘာသစ်ကျရင် လူ့ခန္ဓာကိုယ် တည်ဆောက်ပုံနဲ့ တခြား အံ့ဖွယ်ကောင်းတဲ့ ဘုရားဖန်ဆင်းရာတွေကို ထာဝရ လေ့လာနိုင်တော့မှာ။ ကလေးဘဝက စိတ်ကူးတွေ မကြာခင် တကယ် ပြည့်စုံလာတော့မယ်ဆိုတာ ကျွန်တော် ယုံကြည်စိတ်ချပါတယ်။