မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၇

‘ဉာဏ်ပညာရှိသူ ပြောတဲ့ စကားတွေကို အသေအချာ နားထောင်ပါ’

‘ဉာဏ်ပညာရှိသူ ပြောတဲ့ စကားတွေကို အသေအချာ နားထောင်ပါ’

“ဉာဏ်ပညာ​ရှိသူ​ ပြော​တဲ့ စကား​တွေ​ကို နားစွင့်​ပြီး အသေအချာ နားထောင်ပါ။”—ပညာ. ၂၂:၁၇

သီချင်း ၁၂၃ ဘုရား​အစီအစဉ်ကို လက်အောက်ခံခြင်း

အကြို​သုံးသပ်ချက် *

၁။ ဘယ်လိုပုံစံ​တွေ​နဲ့ အကြံဉာဏ် ရနိုင်သလဲ။ ကျွန်တော်​တို့အားလုံး ဘာကြောင့် လိုအပ်​သလဲ။

 ကျွန်တော်​တို့အားလုံး မကြာခဏ​ဆို​သလို အကြံဉာဏ် လိုတယ်။ တစ်ခါ​တ​လေ ကိုယ်​လေးစား​သူ​ဆီ​မှာ အကြံဉာဏ် တောင်း​ကြတယ်။ တစ်ခါ​တ​လေ​မှာ​တော့ ညီအစ်ကို​ တစ်ယောက်က ကိုယ့်​အတွက် စိုးရိမ်​လို့ “ခြေလှမ်း​မှား” တော့​မယ်​ဆိုတာ ထောက်ပြ​တာ​မျိုး ရှိ​နိုင်တယ်။ (ဂလ. ၆:၁) တစ်ခါ​တ​လေ​ကျ​ပြန်​တော့ ကြီး​လေး​တဲ့ အမှား လုပ်မိပြီး​မှ ဆုံးမမှု ပုံစံ​မျိုးနဲ့ အကြံဉာဏ် ရနိုင်တယ်။ ဘယ်လိုပုံစံ​နဲ့​ပဲ ဖြစ်ပါစေ အကြံဉာဏ်​ကို နားထောင်​သင့်တယ်။ ဒါဟာ ကိုယ့်​အကျိုးအတွက်ပဲ ဖြစ်​ပြီး အသက်ကယ်​နိုင်တယ်။—ပညာ. ၆:၂၃

၂။ ပညာအလိမ္မာ ၁၂:၁၅ အရ အကြံဉာဏ်​ကို ဘာကြောင့် နားထောင်​သင့်သလဲ။

ဒီ​ဆောင်းပါး​ရဲ့ အဓိက​ ကျမ်းချက်​က ‘ဉာဏ်ပညာ​ရှိသူ​ ပြော​တဲ့ စကား​တွေ​ကို အသေအချာ နားထောင်’ ဖို့ အားပေးတယ်။ (ပညာ. ၂၂:၁၇) ဘာ​မဆို အကုန်​သိတဲ့​သူ​ဆိုတာ မရှိဘူး။ ကိုယ့်ထက် ပို​သိ​သူ၊ ပို​အတွေ့အကြုံ​ရှိသူ ရှိ​စ​မြဲ​ပဲ။ (ပညာအလိမ္မာ ၁၂:၁၅ ကို ဖတ်ပါ။) ဒါ​ကြောင့် အကြံဉာဏ်​ကို နားထောင်တာ​ဟာ နှိမ့်ချမှု ရှိကြောင်း ပြ​ရာ​ရောက်တယ်။ ကိုယ့်​ကန့်သတ်ချက်​တွေ​ကို သိကြောင်း၊ ပန်းတိုင်​ရောက်​ဖို့ အကူအညီ​ လိုတယ်​ဆိုတာ အသိအမှတ်ပြု​ကြောင်း ဖော်ပြ​ရာ​ရောက်တယ်။ ‘အကြံပေး​သူ များ​ရင် အောင်မြင်​တတ်တယ်’ လို့ ပညာရှိ ဘုရင် ရှောလမုန် ရေးတယ်။—ပညာ. ၁၅:၂၂

ဘယ်​အကြံဉာဏ်​ကို သင် လက်ခံရခက်​သလဲ (စာပိုဒ် ၃-၄ ကို ကြည့်​ပါ)

၃။ ဘယ်​နည်းတွေနဲ့ အကြံဉာဏ် ရနိုင်သလဲ။

တိုက်ရိုက်​ဖြစ်စေ၊ သွယ်ဝိုက်​ဖြစ်စေ အကြံဉာဏ် ရနိုင်တယ်။ သွယ်ဝိုက် အကြံဉာဏ်​ဆိုတာ ဘာလဲ။ ကျမ်းစာ ဒါမှ​မဟုတ် ကျမ်းစာ​စာပေ​ တစ်ခုခု​မှာ ဖတ်​လိုက်ရ​တဲ့ အချက်​တစ်ချက်​က ကိုယ့်​လမ်းစဉ်​ကို ပြန်​စဉ်းစားဖို့၊ ပြုပြင်​ပြောင်းလဲ​ဖို့ လှုံ့ဆော်ပေး​နိုင်တယ်။ (ဟီ. ၄:၁၂) အဲဒါ သွယ်ဝိုက် အကြံဉာဏ်​ပဲ။ တိုက်ရိုက် အကြံဉာဏ်​ဆိုတာ ဘာလဲ။ ကိုယ်​တိုးတက်​ဖို့ လို​တဲ့ အပိုင်း​ကို အကြီးအကဲ ဒါမှ​မဟုတ် ရင့်ကျက်တဲ့ ညီအစ်ကို​ တစ်ယောက် ထောက်ပြ​လာနိုင်တယ်။ အဲဒါ တိုက်ရိုက် အကြံဉာဏ်​ပဲ။ ကိုယ့်ကို ချစ်လို့ ကျမ်းစာ​ သုံးပြီး အကြံဉာဏ်​ ပေး​တာ ဖြစ်​တဲ့​အတွက် သူ့​အကြံဉာဏ်​ကို နားထောင်၊ လိုက်လျှောက်ခြင်း​အားဖြင့် ကျေးဇူး​တင်​လေးမြတ်​ကြောင်း ပြ​သင့်တယ်။

၄။ ဒေသနာ ၇:၉ အရ အကြံပေး​ခံရတဲ့​အခါ ဘယ်လို တုံ့ပြန်​တာ​မျိုးကို ရှောင်သင့်​သလဲ။

တိုက်ရိုက် အကြံဉာဏ်​ကို လက်ခံဖို့ ခက်​နိုင်တယ်။ စိတ်​တောင် ဆိုး​မိ​နိုင်တယ်။ ဘာကြောင့်လဲ။ ကိုယ်​မစုံလင်​မှန်း အသိအမှတ်ပြု​ပေမဲ့ တစ်ယောက်ယောက်​က ကိုယ့်​အမှား​ကို ထောက်ပြ​ပြီး အကြံဉာဏ်​ ပေး​တဲ့​အခါ လက်ခံရ​ခက်​နိုင်​လို့​ပဲ။ (ဒေသနာ ၇:၉ ကို ဖတ်ပါ။) ဆင်ခြေ​ပေး​မိ​နိုင်တယ်။ အကြံပေး​သူရဲ့ စိတ်ရင်း​ကို သံသယဝင်​မိ​နိုင်တယ်။ အကြံပေး​တဲ့ ပုံစံ​ကို စိတ်ဆိုး​မိ​နိုင်တယ်။ အကြံပေး​သူကို အပြစ်ရှာ​ပြီး ‘သူက ဘာမို့လို့​လဲ။ ဘယ်လောက်​များ ကောင်း​နေလို့လဲ’ လို့ တွေးမိ​နိုင်တယ်။ သူ​ပေး​တဲ့ အကြံဉာဏ်​ကို မကြိုက်ဘူး​ဆိုရင် ဂရုမစိုက်​ဘဲ နေ​မိ​နိုင်တယ်။ ကိုယ့်​အကြိုက်​အတိုင်း အကြံပေး​မယ့်​သူ​ဆီ အကူအညီ တောင်း​မိ​နိုင်တယ်။

၅။ ဒီ​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေး​သုံးသပ်ကြ​မလဲ။

ဒီ​ဆောင်းပါး​မှာ အကြံပေး​တာ​ကို ငြင်းပယ်​သူနဲ့ လက်ခံ​သူတွေရဲ့ ကျမ်းစာ ပုံ​နမူနာ​တွေ​ကို ဆွေးနွေး​ကြ​ပါ​မယ်။ အကြံဉာဏ်​ကို လက်ခံဖို့၊ အဲဒီ​ကနေ အကျိုး​ရဖို့ ဘာက ကူညီ​ပေး​မလဲ​ဆိုတာ​ကိုလည်း သုံးသပ်ကြ​ပါ​မယ်။

အကြံပေး​တာ​ကို ငြင်းပယ်​သူများ

၆။ အကြံဉာဏ်​ကို ဘုရင် ရောဗောင် တုံ့ပြန်​ပုံ​ကနေ ဘာ​သင်ယူ​ရသလဲ။

ရောဗောင်​ရဲ့ ပုံ​နမူနာကို စဉ်းစား​ကြည့်​ပါ။ အစ္စရေး​ဘုရင် ဖြစ်လာ​ချိန်မှာ ပြည်သူတွေ တစ်ခု တောင်းဆို​တယ်။ ခမည်းတော် ရှောလမုန် တင်​ခဲ့​တဲ့ လေးလံ​တဲ့ ထမ်းပိုး​ကို ပေါ့​အောင် လုပ်ပေးဖို့​ပါ။ လူတွေကို ဘာ​ပြန်ပြော​ရမလဲ​ဆိုတာ သိဖို့ အစ္စရေး အသက်​ကြီး​သူတွေနဲ့ တိုင်ပင်​တာ ချီးမွမ်းစရာ​ပါ​ပဲ။ လူတွေ တောင်းဆို​တာ​ကို​သာ လိုက်လျော​ရင် ရောဗောင်​ဆီ​မှာ သူတို့ အမြဲ အမှုထမ်း​ကြ​မယ်လို့ အသက်​ကြီး​သူတွေ အကြံ​ပေးတယ်။ (၁ ဘု. ၁၂:၃-၇) အဲဒီ​အကြံ​ကို မကြိုက်​လို့ ငယ်​ပေါင်း​ကြီး​ဖော်​တွေ​နဲ့ တိုင်ပင်​တယ်။ သူတို့က အသက် ၄၀ ဝန်းကျင်​လောက်​ဆိုတော့ အတွေ့အကြုံ အတော်အတန် ရှိမှာပဲ။ (၂ ရာ. ၁၂:၁၃) ဒါပေမဲ့ လူတွေရဲ့ ဝန်ကို ပို​လေး​အောင်​ လုပ်ဖို့ မကောင်းတဲ့ အကြံ ပေး​ကြတယ်။ (၁ ဘု. ၁၂:၈-၁၁) ရောဗောင်​ဟာ အကြံဉာဏ် နှစ်ခု​ ရတဲ့အခါ ဘယ်​အကြံ​အတိုင်း လိုက်​သင့်သလဲ သိအောင် ယေဟောဝါ​ဆီ ဆုတောင်း​မေးလို့ ရတယ်။ ဒါပေမဲ့ ကိုယ့်​အကြိုက်​လိုက်ပြီး သက်တူ​ရွယ်တူတွေရဲ့ စကား​ကို နားထောင်ဖို့ ဆုံးဖြတ်​လိုက်တယ်။ ဒါ​ကြောင့် ရောဗောင်​နဲ့ အစ္စရေး​တွေ ဆိုးကျိုး​တွေ ရင်ဆိုင်​ရတယ်။ ကျွန်တော်​တို့​လည်း ကိုယ်​ရတဲ့​ အကြံဉာဏ်​က အမြဲ ကိုယ့်​အကြိုက် ဖြစ်ချင်​မှ ဖြစ်​မယ်။ ဒါပေမဲ့ ကျမ်းစာ​အခြေခံ​တဲ့ အကြံဉာဏ် ဖြစ်​မယ်​ဆိုရင် လက်ခံ​သင့်တယ်။

၇။ ဘုရင် ဩဇိ​ရဲ့ ပုံ​နမူနာ​က ဘာ​သင်ပေး​သလဲ။

ဘုရင် ဩဇိ​လည်း အကြံဉာဏ်​ကို ငြင်းပယ်​တယ်။ ယေဟောဝါရဲ့ ဗိမာန်တော်​ထဲ​က ပုရောဟိတ်​တွေ​ပဲ ဝင်ခွင့်​ရှိတဲ့ အခန်း​ထဲ ဝင်ပြီး နံ့သာပေါင်း ပူဇော်​ဖို့ ကြိုးစား​တယ်။ “ဩဇိ​မင်း၊ မင်းကြီး​က ယေဟောဝါ​ဘုရားဆီ နံ့သာပေါင်း မီး​မ​ရှို့​သင့်ဘူး။ . . . ပုရောဟိတ်​တွေ​ပဲ နံ့သာပေါင်း မီးရှို့​ခွင့်​ ရှိတာ” လို့ ပုရောဟိတ်​တွေ ဝိုင်း​ပြော​ကြတယ်။ ဩဇိ ဘယ်လို တုံ့ပြန်​သလဲ။ အကြံဉာဏ်​ကို​သာ နှိမ့်ချစွာ လက်ခံ​ပြီး ဗိမာန်တော်​ထဲ​ကနေ ချက်ချင်း ထွက်သွား​ရင် ယေဟောဝါ ခွင့်လွှတ်​ကောင်း ခွင့်လွှတ်​လိမ့်မယ်။ အဲဒီအစား “ဩဇိ​က အကြီးအကျယ် ဒေါသ​ထွက်တယ်။” အကြံဉာဏ်​ကို ဘာကြောင့် ငြင်းပယ်​တာလဲ။ ဘုရင်​ဆိုတော့ ကိုယ်​ကြိုက်​တာ ဘာ​မဆို လုပ်​ခွင့်​ ရှိတယ်လို့ ထင်​နေ​ပုံ​ရတယ်။ ဒါပေမဲ့ ယေဟောဝါ​က​တော့ အဲဒီလို မ​ရှုမြင်​ဘူး။ ဩဇိ​ရဲ့ ရောင့်တက်​တဲ့ လုပ်ရပ်​ကြောင့် အနာကြီး​ရောဂါ​နဲ့ ဒဏ်ခတ်​ခံရ​ပြီး “သေ​တဲ့​အထိ အနာကြီး​ရောဂါစွဲ” သွားတယ်။ (၂ ရာ. ၂၆:၁၆-၂၁) ကျွန်တော်​တို့ ဘယ်သူ​ပဲ ဖြစ်ပါစေ ကျမ်းစာ​အခြေပြု အကြံဉာဏ်​ကို ငြင်းပယ်​ရင် ယေဟောဝါရဲ့ မျက်နှာသာ ဆုံးရှုံး​မယ်​ဆိုတာ ဩဇိ​ရဲ့ ပုံ​နမူနာ​က သင်ပေးတယ်။

အကြံပေး​တာ​ကို လက်ခံသူ​များ

၈။ အကြံဉာဏ်​ကို ယောဘ ဘယ်လို တုံ့ပြန်​သလဲ။

ဆွေးနွေး​ခဲ့​တဲ့ သတိပေး ပုံ​နမူနာ​တွေ​နဲ့ မတူဘဲ အကြံဉာဏ်​ကို လက်ခံ​လို့ ကောင်းချီး​ရတဲ့ ကျမ်းစာ ပုံ​နမူနာ​ကောင်း​တွေ​လည်း ရှိတယ်။ ယောဘ​အကြောင်း စဉ်းစား​ကြည့်​ပါ။ ဘုရား​ကို ကြောက်ရွံ့​သူ ဖြစ်​ပေမဲ့ ပြည့်ဝ​စုံလင်သူ​တော့ မဟုတ်ဘူး။ ပြင်းထန်​တဲ့ ဖိစီးမှုတွေ ကြုံ​ရချိန်မှာ အမြင်မှား​ခဲ့​တာ​တွေ ရှိတယ်။ ဒါ​ကြောင့် ဧလိဟု​ကော ယေဟောဝါ​ပါ တဲ့တိုး အကြံ​ပေးတယ်။ ယောဘ ဘယ်လို တုံ့ပြန်​သလဲ။ အကြံဉာဏ်​ကို နှိမ့်ချစွာ လက်ခံတယ်။ “ဘာမှ​ နားမလည်​ဘဲ ကျွန်တော်​ ပြော​မိ​ပါ​ပြီ။ . . . ပြော​ခဲ့​တဲ့​ စကား​တွေ​ကို ပြန်​ရုပ်သိမ်း​ပါ​တယ်။ မြေမှုန့်​နဲ့ ပြာ​ထဲမှာ​ ထိုင်ပြီး နောင်တ​ရ​ပါ​ပြီ” လို့ ပြော​တယ်။ ယောဘရဲ့ နှိမ့်ချမှု​ကြောင့် ယေဟောဝါ ကောင်းချီး​ပေး​ခဲ့တယ်။—ယောဘ ၄၂:၃-၆၊ ၁၂-၁၇

၉။ အကြံဉာဏ်​ကို လက်ခံ​တာ​နဲ့​ပတ်သက်ပြီး မောရှေ ဘယ်လို ပုံသက်သေ​ကောင်း ပြသ​လဲ။

ကြီး​လေး​တဲ့ အမှား လုပ်မိပြီး​နောက် ဆုံးမမှု​ကို လက်ခံ​တဲ့ ပုံ​နမူနာ​ရှင် နောက်​တစ်ယောက်က​တော့ မောရှေ​ပဲ။ တစ်ကြိမ်​မှာ ဒေါသ​ထွက်​ပြီး ယေဟောဝါ​ကို ဂုဏ်​မတင်​ခဲ့​ဘူး။ ဒါ​ကြောင့် ကတိထားရာ​ပြည်​ထဲ ဝင်ခွင့် ဆုံးရှုံး​သွားတယ်။ (တော. ၂၀:၁-၁၃) ဒီ​ဆုံးဖြတ်ချက်​ကို ပြန်​စဉ်းစားဖို့ ပြော​တော့ “တော်​ပြီ။ ဒီ​အကြောင်း ထပ်​မပြော​နဲ့​တော့” လို့ ယေဟောဝါ ပြော​တယ်။ (တရား. ၃:၂၃-၂၇) ဒါပေမဲ့ မောရှေ စိတ်​မ​နာကြည်း​ဘူး။ ယေဟောဝါရဲ့ ဆုံးဖြတ်ချက်​ကို လက်ခံတယ်။ ဒါ​ကြောင့် အစ္စရေး​လူမျိုးကို ဦးဆောင်ဖို့ မောရှေ​ကို ယေဟောဝါ ဆက်​အသုံးပြုတယ်။ (တရား. ၄:၁) အကြံဉာဏ်​ကို လက်ခံ​တာ​နဲ့​ပတ်သက်ပြီး ယောဘ​နဲ့ မောရှေဟာ ကျွန်တော်​တို့ တုပ​စ​ရာ ပုံသက်သေ​ကောင်း​ပါ​ပဲ။ ယောဘဟာ ကိုယ့်​အမြင်ကို ပြုပြင်​ပြောင်းလဲ​တယ်။ ဆင်ခြေ​မပေးဘူး။ မောရှေဟာ ကိုယ်​တန်ဖိုးထား​ရတဲ့ အခွင့်ထူး ဆုံးရှုံး​သွားတာတောင် ဆက်​သစ္စာရှိ​ခြင်း​အားဖြင့် ယေဟောဝါရဲ့ အကြံဉာဏ်​ကို လက်ခံ​ကြောင်း ပြ​ခဲ့တယ်။

၁၀။ (က) အကြံဉာဏ် လက်ခံခြင်း​ရဲ့ အကျိုးတွေကို ပညာအလိမ္မာ ၄:၁၀-၁၃ က ဘယ်လို ဖော်ပြ​သလဲ။ (ခ) အကြံ​ရတဲ့အခါ တချို့ ဘယ်လို သဘောထား​မှန် ပြ​ခဲ့​ကြသလဲ။

၁၀ ယောဘ​နဲ့ မောရှေ​လို သစ္စာ​ရှိသူတွေရဲ့ ပုံသက်သေ​ကို လိုက်လျှောက်တဲ့​အခါ ကျွန်တော်​တို့ အကျိုး​ရတယ်။ (ပညာအလိမ္မာ ၄:၁၀-၁၃ ကို ဖတ်ပါ။) ညီအစ်ကို/မ​များစွာ​လည်း အဲဒီလို လိုက်လျှောက်​နေကြတယ်။ ကွန်ဂို​မှာ နေတဲ့ ညီအစ်ကို အီမယ်နူယယ်​က သူ​ရတဲ့ သတိပေး​ချက်​အကြောင်း ဒီလို​ပြော​တယ်– “အသင်းတော်မှာ​ ရှိတဲ့ ရင့်ကျက်တဲ့ ညီအစ်ကို​တွေ​က ကျွန်တော် ယေဟောဝါ​နဲ့ ဆက်ဆံ​ရေး အားနည်း​နေတာကို သတိထား​မိ​ပြီး ကူညီ​ပေးဖို့ ကြိုးစား​ကြတယ်။ သူတို့ရဲ့ အကြံဉာဏ်​အတိုင်း လိုက်လျှောက်​လို့ ပြဿနာ​များစွာ​ကို ရှောင်နိုင်​ခဲ့တယ်။” * ကနေဒါ​မှာ နေတဲ့ ရှေ့​ဆောင် ညီအစ်မ မေဂန်​က “အကြံပေး​စကား​ဟာ ကိုယ့်​အကြိုက်​အတိုင်း အမြဲ ဟုတ်​ချင်​မှ ဟုတ်​မယ်။ ဒါပေမဲ့ အဲဒါကို လိုအပ်​တယ်” လို့ ပြော​တယ်။ ခရိုအေးရှား​နိုင်ငံ​က ညီအစ်ကို မာ​ကို​က “အသင်းတော်မှာ အခွင့်ထူး​တစ်ခု ဆုံးရှုံး​ခဲ့​ရတယ်။ ဒါပေမဲ့ ပြန်​တွေးကြည့်​လိုက်​တော့ ကိုယ်​ရတဲ့ အကြံဉာဏ်​ကြောင့်​သာ ယေဟောဝါ​နဲ့ ဆက်ဆံ​ရေး ပြန်ကောင်း​လာတာ” လို့ ပြော​တယ်။

၁၁။ အကြံဉာဏ် လက်ခံ​တာ​နဲ့​ပတ်သက်ပြီး ညီအစ်ကို ကားလ် ကလိန်း ဘာ​ပြော​သလဲ။

၁၁ အကြံဉာဏ်​ကို လက်ခံ​လို့ အကျိုး​ရခဲ့​သူ နောက်​တစ်ယောက်က​တော့ အုပ်ချုပ်ရေး အဖွဲ့ဝင်​အဖြစ် အမှုဆောင်ခဲ့တဲ့ ညီအစ်ကို ကားလ် ကလိန်း​ပါ​ပဲ။ သူ့ရဲ့ ဘဝ​အတ္ထုပ္ပတ္တိ​မှာ မိတ်ဆွေရင်း ဖြစ်သူ ညီအစ်ကို ဂျိုးဇက် ရပ်သဖော့​ဆီက ပြင်းထန်​တဲ့ အကြံပေး​စကား ရခဲ့​ချိန်​အကြောင်း ပြောပြ​တယ်။ အစပိုင်း​မှာ​တော့ စိတ်ဆိုး​မိတယ်​လို့ ဝန်ခံတယ်။ “နောက်​တစ်ခေါက် ကျွန်တော့်​ကို [ညီအစ်ကို ရပ်သဖော့] တွေ့​တော့ ‘ဟေ့ ကားလ်’ လို့ ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်​တယ်။ စိတ်ဆိုး​နေတုန်းပဲ​မို့ စိတ်​မပါ့တ​ပါ​ပဲ ပြန်​နှုတ်ဆက်​လိုက်တယ်။ ဒါနဲ့ သူက ‘သတိထား​ပါ။ ခင်ဗျား​ကို မာရ်နတ် ချောင်း​နေတယ်’ လို့ ပြော​တယ်။ ကျွန်တော်​လည်း အနေရခက်​သွားပြီး ‘ကျွန်တော် ဘာမှ မဖြစ်ပါဘူး’ လို့ ပြောလိုက်​ပေမဲ့ အဖြစ်မှန်​ကို ကောင်းကောင်း ရိပ်စားမိ​တဲ့ ညီအစ်ကို ရပ်သဖော့​က ‘ရ​ပါ​တယ်။ ကိစ္စ​မရှိပါဘူး။ ဒါပေမဲ့ သတိ​တော့​ထား​ပါ။ ခင်ဗျား​ကို မာရ်နတ် ချောင်း​နေတယ်’ လို့ ထပ်​သတိ​ပေးတယ်။ သူပြောတာ မှန်​လိုက်တာ။ ညီအစ်ကို​ တစ်ယောက်ကို စိတ်ခု​နေတာ၊ အထူးသဖြင့် သူ​ပြောပိုင်ခွင့် ရှိတာကို ပြောလိုက်​လို့ စိတ်ခု​နေတာဟာ ကျွန်တော်​တို့ကို ထောင်​ဖမ်း​ဖို့ မာရ်နတ်ကို အခွင့်အရေး ပေး​လိုက်တာပဲ” လို့ ညီအစ်ကို ကလိန်း ပြော​တယ်။ * (ဧ. ၄:၂၅-၂၇) ညီအစ်ကို ရပ်သဖော့​ရဲ့ အကြံဉာဏ်​ကို ညီအစ်ကို ကလိန်း လက်ခံ​ပြီး ရင်းနှီးတဲ့ မိတ်ဆွေ​တွေ ဆက်​ဖြစ်သွား​ကြတယ်။

အကြံဉာဏ်​ကို လက်ခံဖို့ ဘာက ကူညီ​ပေး​နိုင်​သလဲ

၁၂။ အကြံဉာဏ်​ကို လက်ခံဖို့ နှိမ့်ချမှု​က ဘယ်လို ကူညီ​ပေး​နိုင်​သလဲ။ (ဆာလံ ၁၄၁:၅)

၁၂ အကြံဉာဏ်​ကို လက်ခံဖို့ ဘာက ကူညီ​ပေး​နိုင်​သလဲ။ ကျွန်တော်​တို့ မစုံလင်​ကြောင်း၊ တစ်ခါ​တ​လေ ရူးရူးမိုက်မိုက် လုပ်တတ်​ကြောင်း သတိ​ရပြီး နှိမ့်ချ​နေဖို့ လိုတယ်။ အထက်မှာ ဆွေးနွေး​ခဲ့​သလို ယောဘရဲ့ အမြင် မှား​ခဲ့တယ်။ နောက်ပိုင်း၊ ပြုပြင်​ပြောင်းလဲ​တယ်။ ယေဟောဝါ ကောင်းချီး​ပေးတယ်။ ဘာကြောင့်လဲ။ ယောဘ နှိမ့်ချ​လို့​ပဲ။ ကိုယ့်ထက် အသက် အများကြီး​ ငယ်​တဲ့ ဧလိဟု အကြံပေး​တာ​ကို လက်ခံခြင်း​အားဖြင့် ယောဘ နှိမ့်ချ​ကြောင်း ပြ​တယ်။ (ယောဘ ၃၂:၆၊ ၇) ကိုယ့်ကို အကြံ​မပေး​ထိုက်​ဘူးလို့ ထင်ရင်တောင်၊ အကြံပေး​သူက ကိုယ့်ထက် အသက်ငယ်​ရင်တောင် အကြံဉာဏ်​ကို လိုက်နာ​ကျင့်သုံး​ဖို့​လည်း နှိမ့်ချမှု​က ကူညီ​ပေး​ပါ​လိမ့်မယ်။ “ကိုယ့်​လိုအပ်ချက်​ကို ကိုယ့်​ဟာ​ကိုယ် မြင်​ဖို့ ခက်​တဲ့​အတွက် ဘယ်သူမှ မ​ကြံ​မပေး​ရင် ဘယ်လို တိုးတက်​မလဲ” လို့ ကနေဒါ​နိုင်ငံ​က အကြီးအကဲ​ တစ်ယောက် ပြော​တယ်။ စွမ်းအားတော် အရည်အသွေးတွေ မွေးမြူ​ရာ​မှာ၊ အမှုဆောင်​လုပ်ငန်း လုပ်ဆောင်ရာမှာ တိုးတက်​ဖို့ မလို​တဲ့​သူ ဘယ်သူ ရှိလို့လဲ။ဆာလံ ၁၄၁:၅ ကို ဖတ်ပါ။

၁၃။ ရလာတဲ့ အကြံဉာဏ်​ကို ဘယ်လို ရှုမြင်​သင့်သလဲ။

၁၃ အကြံဉာဏ်​ကို ဘုရား​မေတ္တာ​အဖြစ် ရှုမြင်ပါ။ ကျွန်တော်​တို့​ရဲ့ အကောင်းဆုံး​အကျိုးကို ယေဟောဝါ လိုလားတယ်။ (ပညာ. ၄:၂၀-၂၂) ကျမ်းစာ၊ ကျမ်းစာ​အခြေပြု စာပေ၊ ရင့်ကျက်တဲ့ ယုံကြည်သူချင်း​က​တစ်ဆင့် ယေဟောဝါ အကြံပေး​တာ​ဟာ ကျွန်တော်​တို့ကို မေတ္တာ ပြ​နေတာ ဖြစ်တယ်။ အဲဒါ “ကျွန်တော်​တို့ အကျိုးအတွက်” လို့ ဟီဘရူး ၁၂:၉၊ ၁၀ မှာ ပြော​တယ်။

၁၄။ အကြံပေး​ခံရတဲ့​အခါ ဘာကို အာရုံစိုက်​သင့်သလဲ။

၁၄ အကြံဉာဏ်​ကိုပဲ အာရုံစိုက်ပါ။ ဘယ်လို​ပုံစံ​နဲ့ အကြံ​ပေးတယ်​ဆိုတာ အာရုံ​မစိုက်ပါနဲ့။ တစ်ခါ​တ​လေ အကောင်းဆုံးနည်းနဲ့ အကြံ​မပေးဘူးလို့ ခံစား​ရနိုင်တယ်။ လက်ခံရ အလွယ်ဆုံး ဖြစ်စေ​မယ့်​နည်းနဲ့ အကြံပေး​သင့်​တာ မှန်ပါတယ်။ * (ဂလ. ၆:၁) ဒါပေမဲ့ အဲဒီလို ထင်ရင်တောင် ပေး​လာတဲ့ အကြံဉာဏ်​ကိုပဲ အာရုံစိုက်ပါ။ ‘သူ့​ပြောပုံ​ ပြောနည်း​ကို မကြိုက်​ရင်တောင် သူ့​စကား​ကနေ ငါ ဘာ​သင်ယူ​နိုင်​သလဲ။ သူ့​မစုံလင်မှုကို ဘေးဖယ်​ပြီး အကြံဉာဏ်​ကနေ အကျိုး​ရယူ​နိုင်​မလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ ရလာတဲ့ ဘယ်​အကြံဉာဏ်​ကနေ​မဆို အကျိုး​ရယူဖို့ နည်းလမ်း​ရှာ​တာ​ဟာ ပညာရှိရာ​ရောက်တယ်။—ပညာ. ၁၅:၃၁

အကြံဉာဏ် တောင်း​ပါ၊ အကျိုး​ရယူပါ

၁၅။ ဘာကြောင့် အကြံဉာဏ် တောင်း​သင့်သလဲ။

၁၅ အကြံဉာဏ် တောင်း​ဖို့ ကျမ်းစာ​မှာ အားပေးတယ်။ ‘အကြံဉာဏ် တောင်းခံ​သူတွေဆီ​မှာ ဉာဏ်ပညာ​ရှိတယ်’ လို့ ပညာအလိမ္မာ ၁၃:၁၀ မှာ ပြော​တယ်။ အဲဒါ သိပ်​မှန်တယ်။ ကိုယ့်​ဆီ တစ်ယောက်ယောက် လာပြီး အကြံပေး​တာ​ကို စောင့်​မယ့်​အစား ကိုယ့်​ဘက်က​စပြီး အကြံဉာဏ် တောင်း​သူဟာ မ​တောင်း​သူ​ထက် ဘုရားရေးရာ​ဘက် တိုးတက်မှု မြန်ဆန်လေ့​ရှိတယ်။ ဒါ​ကြောင့် ကိုယ့်​ဘက်က အစ​ပြုပြီး အကြံဉာဏ် တောင်း​ပါ။

အသက်ငယ်​တဲ့ ညီအစ်မ​က ရင့်ကျက်တဲ့ ညီအစ်မ​ဆီ ဘာကြောင့် အကြံဉာဏ် တောင်း​နေသလဲ (စာပိုဒ် ၁၆ ကို ကြည့်​ပါ)

၁၆။ ဘယ်​အခြေအနေ​တွေ​မှာ အကြံဉာဏ် တောင်း​သင့်သလဲ။

၁၆ ယုံကြည်သူချင်းတွေ​ဆီကနေ ဘယ်​အချိန်မှာ အကြံဉာဏ် တောင်း​နိုင်​သလဲ။ အခြေအနေ​တချို့​ကို သုံးသပ်ကြည့်​ပါ– (၁) ညီအစ်မ​တစ်ယောက်က သင်အံမှု​မှာ ပါဝင်​ပေးဖို့ ရင့်ကျက်တဲ့ ကြေညာသူကို ဖိတ်ခေါ်တယ်။ နောက်ပိုင်း၊ သွန်သင်ခြင်း နည်းလမ်း ပို​တိုးတက်​ဖို့ အကြံဉာဏ် တောင်း​တယ်။ (၂) အဝတ်အစား ဝယ်​ချင်​တဲ့ တစ်ကိုယ်ရေ ညီအစ်မ​တစ်ယောက် သူ ရွေး​ထား​တာ​ကို ပွင့်ပွင့်လင်းလင်း ဝေဖန်​ပေးဖို့ ရင့်ကျက်တဲ့ ညီအစ်မ​ဆီ အကြံဉာဏ် တောင်း​တယ်။ (၃) ဦးဆုံး​အကြိမ် လူထု​ဟောပြောချက် ပေးဖို့ ညီအစ်ကို​တစ်ယောက် တာဝန်​ရတယ်။ ဟောပြောချက်ကို နားထောင်​ပေးဖို့၊ တိုးတက်​နိုင်​မယ့်​ နည်း​တွေ အကြံ​ပေးဖို့ အတွေ့အကြုံ​ရှိ ဟောပြောသူ​ဆီ အကြံဉာဏ် တောင်း​တယ်။ နှစ်ပေါင်း​များစွာ ဟောပြောချက် ပေး​လာတဲ့ ညီအစ်ကို ဖြစ်​ရင်တောင် အတွေ့အကြုံ​ရှိ ဟောပြော​သူတွေဆီ အကြံဉာဏ် တောင်း​ပြီး လိုက်လျှောက်​သင့်တယ်။

၁၇။ အကြံဉာဏ်​ကနေ ဘယ်လို အကျိုး​ရနိုင်သလဲ။

၁၇ လာမယ့် သီတင်းပတ်​တွေ၊ လတွေ​မှာ ကျွန်တော်​တို့အားလုံး တိုက်ရိုက်​ဖြစ်စေ၊ သွယ်ဝိုက်​ဖြစ်စေ အကြံဉာဏ် ရ​ကြ​ပါ​လိမ့်မယ်။ အဲဒီအခါ အခု ဆွေးနွေး​ခဲ့​တဲ့ အချက်​တွေ​ကို ပြန်​အမှတ်ရပါ။ နှိမ့်ချ​နေပါ။ အကြံဉာဏ်​ကိုပဲ အာရုံစိုက်ပါ။ ဘယ်လို​ပုံစံ​နဲ့ အကြံ​ပေးတယ်​ဆိုတာ အာရုံ​မစိုက်ပါနဲ့။ ရလာတဲ့ အကြံဉာဏ်​ကို လက်တွေ့​ကျင့်သုံး​ပါ။ မွေး​ကတည်းက ပညာရှိ​သူ တစ်ယောက်မှ မရှိဘူး။ ဒါပေမဲ့ ‘အကြံပေး​တာ​ကို နားထောင်ပြီး ဆုံးမ​တာ​ကို လက်ခံမယ်’ ဆိုရင် “ဉာဏ်ပညာ ရှိလာမယ်” လို့ ကျမ်းစာ​မှာ ကတိပေး​ထား​ပါ​တယ်။—ပညာ. ၁၉:၂၀

သီချင်း ၁၂၄ သစ္စာမြဲပါ

^ အပိုဒ်၊ 5 ယေဟောဝါရဲ့ လူမျိုးဟာ ကျမ်းစာ​အခြေပြု အကြံဉာဏ်​ကို နာခံ​တာ အကျိုး​ရှိကြောင်း သိတယ်။ ဒါပေမဲ့ အဲဒီလို နာခံ​ဖို့ အမြဲ​တော့ မလွယ်​ဘူး။ ဘာကြောင့်လဲ။ ကိုယ်​ရတဲ့ အကြံဉာဏ်​ကနေ အကျိုး​ရဖို့ ဘာက ကူညီ​ပေး​နိုင်​သလဲ။

^ အပိုဒ်၊ 10 အမည်​လွှဲ​များ။

^ အပိုဒ်၊ 14 နောက်​ဆောင်းပါး​မှာ အကြံပေး​သူတွေ​အနေ​နဲ့ ဘယ်လို ပါးပါးနပ်နပ် အကြံပေး​နိုင်​မလဲ​ဆိုတာ ဆွေးနွေးပါ​မယ်။