မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘဝအတ္ထုပ္ပတ္တိ

ကျွန်မကို ယေဟောဝါ အမြဲ ထောက်မ

ကျွန်မကို ယေဟောဝါ အမြဲ ထောက်မ

အ​ဒေါ့ ဟစ်​တလာ မိန့်ခွန်း​ပြော​ပြီးနောက် ပန်း​စည်း​ဆက်​ဖို့ ရွေးချယ်​ခံရတဲ့ မိန်းကလေး လေးယောက်​ထဲမှာ ကျွန်မ​လည်း ပါတယ်။ ကျွန်မကို ဘာကြောင့် ရွေး​တာလဲ။ အဖေ​က နာ​ဇီ​ပါတီဝင်​ဖြစ်ပြီး ရုံးခွဲ​တစ်ခု​ရဲ့ ပါတီ​ခေါင်းဆောင်​ဆီမှာ ယာဉ်မောင်း​လုပ်တယ်။ အမေက​တော့ ထက်သန်တဲ့ ကက်သလစ် ဘာသာဝင်​ဖြစ်ပြီး ကျွန်မကို သီလရှင် ဖြစ်စေ​ချင်​တယ်။ အစွန်းနှစ်ဖက်​ကြားမှာ သီလရှင်​လည်း မဖြစ်၊ နာ​ဇီ​အဖွဲ့ဝင်​လည်း မဖြစ်​ခဲ့ဘူး။ ဘာကြောင့်လဲ​ဆိုတာ ပြောပြပါ​ရစေ။

ဩစတြီးယား​နိုင်ငံ၊ ဂ​ရပ်​မြို့မှာ ကျွန်မ ကြီးပြင်း​လာတယ်။ အသက် ခုနှစ်​နှစ်မှာ ဘာသာရေး​သင်တန်းကျောင်း တက်တယ်။ အဲဒီ​ကျောင်း​က ဘုန်းတော်ကြီး​တွေနဲ့ သီလရှင်​တွေ လိင်​အကျင့်ပျက်​တာကို မြင်ရ​လို့ လန့်​သွားတယ်။ ဒါကြောင့် တစ်နှစ်​အတွင်း အမေ ကျောင်း​ပြန်​ထုတ်​လိုက်တယ်။

စစ်​ယူနီဖောင်း ဝတ်​ထားတဲ့ အဖေ​နဲ့ မိသားစု​ပုံ

နောက်ပိုင်း ဘော်ဒါကျောင်း​မှာ တက်တယ်။ တစ်ည၊ ဂ​ရပ်​မြို့ ဗုံးကြဲ​ခံရ​လို့ ဘေးကင်း​ရာကို အဖေ လာ​ခေါ်​သွားတယ်။ ရွှ​က်​ဒ​မင်း​မြို့မှာ ခိုလှုံ​ကြ​တယ်။ တံတား​တစ်စင်း​ဟာ ကျွန်မတို့ ဖြတ်​ပြီး​တာနဲ့ ဖောက်ခွဲ​ခံ​လိုက်ရတယ်။ နောက်​တစ်ကြိမ် ခြံ​ထဲမှာ အဖွား​နဲ့ ကျွန်မ ရှိနေတုန်း လေယာဉ်​တွေ ပစ်ခတ်​သွားတယ်။ ဒီ​တစ်လျှောက်လုံး ချာ့ခ်ျနဲ့ အစိုးရ​က ဘာမှ လုပ်​မ​ပေးနိုင်​ဘူး။

တည်မြဲ​တဲ့ ထောက်မမှု​အကြောင်း သိလာ

၁၉၅၀ မှာ ယေဟောဝါ​သက်သေ​တစ်ယောက် အမေ့​ကို သက်သေခံ​တယ်။ သူတို့​ပြောတာကို ကျွန်မ နားထောင်​လေ့​ရှိပြီး အသင်းတော် အစည်းအဝေးတွေကို​တောင် အမေနဲ့ လိုက်​တက်တယ်။ ယေဟောဝါ​သက်သေ​တွေမှာ အမှန်တရား​ရှိမှန်း ယုံကြည်​တဲ့အတွက် ၁၉၅၂ ခုနှစ်မှာ အမေ နှစ်ခြင်း​ခံခဲ့တယ်။

အဲဒီတုန်းက ဒေသခံ အသင်းတော်​ဟာ ကျွန်မ​အတွက်​တော့ အဖွား​ကြီး​အုပ်စု​လိုပဲ။ ဒါပေမဲ့ နောက်ပိုင်း လူငယ်​အတော်များများ​ရှိတဲ့ အသင်းတော်ကို သွားလည်​ခဲ့တယ်။ အဖွား​ကြီး​တွေပဲ ရှိတာ​မဟုတ်မှန်း သိခဲ့​ရတယ်။ မကြာခင်မှာ​ပဲ အစည်းအဝေး​အားလုံး တက်ပြီး အမှန်တရား​ဖြစ်မှန်း ယုံကြည်​လာတယ်။ ယေဟောဝါဟာ ကျေးကျွန်​တွေကို အမြဲ​ထောက်မပေး​တဲ့ ဘုရား​ဖြစ်မှန်း သိလာ​တယ်။ တစ်ယောက်တည်း မ​ကျော်လွှား​နိုင်တဲ့ အခက်အခဲ​တွေ ကြုံ​ရ​ချိန်မှာ​တောင် ထောက်မပေး​တယ်။—ဆာ. ၃:၅၊ ၆

တခြား​သူတွေကို အမှန်တရား ဝေမျှပေး​ချင်​တဲ့အတွက် အရင်ဆုံး မောင်နှမ​တွေကို ပြောပြ​တယ်။ အစ်မကြီး လေးယောက်​က ကျောင်းဆရာမ​တွေ​ဖြစ်လို့ အဝေး​မှာ နေကြတယ်။ သူတို့​နေတဲ့ ရွာ​တွေဆီ သွား​ပြီး ကျမ်းစာ​လေ့လာဖို့ အားပေးတယ်။ နောက်ဆုံး မောင်နှမ​အားလုံး ယေဟောဝါ​သက်သေ ဖြစ်လာတယ်။

တစ်အိမ်တက်ဆင်း အမှုဆောင်တဲ့ ဒုတိယ​အပတ်​မှာ အသက် ၃၀ ဝန်းကျင် အမျိုးသမီး​နဲ့ ဆုံ​ပြီး ကျမ်းစာ​လေ့လာ​ဖြစ်ခဲ့တယ်။ နှစ်ခြင်းခံ​တဲ့​အထိ တိုးတက်​လာတယ်။ သူ့​ခင်ပွန်း​နဲ့ သား​နှစ်ယောက်​လည်း နှစ်ခြင်း​ခံခဲ့တယ်။ အဲဒီ​သင်အံမှု​က ကျွန်မ​အပေါ် အကြီးအကျယ် အကျိုးသက်ရောက်​ခဲ့တယ်။ ဘာကြောင့်လဲ။ ကျွန်မကို အရင်က ဘယ်သူမှ သတ်သတ်မှတ်မှတ် ကျမ်းစာ​မသင်​ပေးခဲ့ဘူး။ ဒါကြောင့် ကျမ်းစာသင်အံမှု​အတွက် သေသေချာချာ ပြင်ဆင်​ရတယ်။ သင်သားကို သင်ပေး​နိုင်ဖို့ ကိုယ်တိုင် အရင်​သင်ယူ​တယ်။ ဒီလိုနဲ့ အမှန်တရားကို ပို​လေးမြတ်​လာတယ်။ ၁၉၅၄၊ ဧပြီလ​မှာ နှစ်ခြင်း​ခံခဲ့တယ်။

“ညှဉ်းပန်းနှိပ်စက်​ခံရ​ပေ​မဲ့ စွန့်ပစ်​မ​ခံရ”

၁၉၅​၅ ခုနှစ်မှာ ဂျာမနီ၊ ပြင်သစ်၊ အင်္ဂလန်​မှာ အပြည်ပြည်ဆိုင်ရာ အစည်းအဝေးကြီး​တွေ တက်​ခဲ့တယ်။ လန်ဒန်​မြို့မှာ အဲလ်ဘတ် ရှ​ရိုး​ဒါနဲ့ တွေ့​တယ်။ သူက ဂိလဒ် ကျမ်းစာကျောင်း​ရဲ့ သင်တန်းမှူး​ဖြစ်ပြီး နောက်ပိုင်း အုပ်ချုပ်ရေးအဖွဲ့ဝင် ဖြစ်လာတယ်။ ဗြိတိသျှ​ပြတိုက်​ကို လည်ပတ်​နေတုန်း ညီအစ်ကို ရှ​ရိုး​ဒါက ကျမ်း​လက်ရေး​စာမူ​တချို့ ကျွန်မတို့​ကို ပြ​တယ်။ အဲဒီ​ထဲမှာ ဟီဘရူး​စကားနဲ့ ဘုရားသခင့်နာမည် ပါတယ်။ ဘုရားသခင့်နာမည်​ရဲ့ အရေးကြီးမှု​အကြောင်း ရှင်းပြ​တယ်။ ကျွန်မ စိတ်ထိမိ​သွား​ပြီး ကျမ်းစာ​အမှန်တရားကို ပို​မြတ်နိုး​လာတယ်။

သြစတြီးယား၊ မ​စ်​တယ်​ဘ​စ်​မြို့မှာ ရှေ့ဆောင်​အဖော်(ညာ)နဲ့အတူ အမှုဆောင်​နေ​စဉ်

၁၉၅၆၊ ဇန်နဝါရီ ၁ မှာ အချိန်ပြည့်​ရှေ့ဆောင် ဖြစ်လာတယ်။ လေးလ​ကြာ​ပြီးနောက် ဩစတြီးယား​မှာ အထူးရှေ့ဆောင်​အဖြစ် ဖိတ်ခေါ်​ခံ​ရတယ်။ အဲဒီတုန်းက ကျွန်မ​အမှုဆောင်တဲ့ မ​စ်​တယ်​ဘ​စ်​မြို့မှာ သက်သေခံ တစ်ယောက်​မှ မရှိဘူး။ ကျွန်မ ကြုံရတဲ့ အခက်အခဲ​က ထူးခြား​တယ်။ ရှေ့ဆောင်​အဖော်​နဲ့ ကျွန်မ လုံးဝ​စရိုက်​မတူ​တာပဲ။ ကျွန်မက အသက် ၁၉ နှစ်လောက် ရှိတဲ့ မြို့သူ၊ သူက အသက် ၂၅ နှစ် တောသူ။ ကျွန်မက နောက်ကျ​မှ အိပ်ရာထ​တယ်၊ သူက​တော့ အစောကြီး ထ​တတ်တယ်။ ည​ဆို​လည်း ကျွန်မက တော်တော်​နဲ့ မ​အိပ်၊ သူက စောစော အိပ်​တယ်။ ဒါပေမဲ့ ကျမ်းစာ အကြံဉာဏ်​ကို လိုက်နာ​တဲ့အတွက် ပျော်ပျော်ရွှင်ရွှင် အတူ အမှုဆောင်​နိုင်ခဲ့တယ်။

ပိုဆိုး​တဲ့ အခက်အခဲ​တွေလည်း ကြုံ​ခဲ့ရတယ်။ နှိပ်စက်​ညှဉ်းပန်း​မှု​တချို့ ကြုံခဲ့​ရပေမဲ့ “စွန့်ပစ်​မ​ခံရ​ပါဘူး။” (၂ ကော. ၄:၇-၉) တစ်ခါ​က ရွာ​တစ်ရွာ​မှာ ဟော​နေတုန်း ခွေး​တွေနဲ့ ရှူး​တိုက်ခံ​ရတယ်။ ကျွန်မတို့​နှစ်ယောက်ကို ခွေးကြီး​တွေ မာန်​ဖီ​ပြီး ဝိုင်း​ဟော​င်​ကြ​တယ်။ လက်တွဲ​ထား​ရင်း “ယေဟောဝါ၊ ခွေး​ကို​က်​ခံရ​ရင်​လည်း အမြန်​သေ​ပါ​ရစေ” လို့ ဆုတောင်း​တဲ့ အထိပဲ။ ဒါပေမဲ့ ခွေး​တွေ လက်တစ်ကမ်း​လောက် အရောက်မှာ အမြီး​န​န့်​ပြီး ပြန်​ထွက်သွား​ကြ​တယ်။ ယေဟောဝါ ကာကွယ်​ပေးတာ​လို့ ခံစားခဲ့​ရတယ်။ အဲဒီနောက် ရွာ​အနှံ့ လိုက်​ဟော​တော့ လူတွေ ကောင်းကောင်း နားထောင်​ကြ​တယ်။ ခွေး​ကို​က်​မခံ​ရလို့၊ မကြောက်​ဘဲ ဆက်​ဟောပြော​လို့ ဖြစ်နိုင်တယ်။ နောက်ပိုင်း သူတို့​ထဲက​တချို့ သက်သေခံ​ဖြစ်လာတယ်။

နောက်​တစ်ကြိမ်​မှာ အရက်မူး​ပြီး ပြန်လာတဲ့ အိမ်ရှင်​က ကျွန်မတို့​ကို သတ်​မယ်လို့ ခြိမ်းခြောက်​တာ ကြုံ​ခဲ့ရတယ်။ အိမ်နီးချင်း​တွေကို နှောင့်ယှက်​တယ်လို့ စွပ်စွဲ​တယ်။ သူ့​ဇနီး ကြိုးစား​ဖျောင်းဖျ​ပေ​မဲ့ အချည်းနှီး​ပဲ။ သူတို့ ပြောတာ​တွေကို အပေါ်ထပ်​က​နေ အကုန် ကြားနေ​ရတယ်။ ချက်ချင်း တံခါး​ရှေ့မှာ ခုံ​တွေနဲ့ ကာ​ပြီး အထုတ်​ပြင်​ကြ​တယ်။ တံခါး​လည်း ဖွင့်လိုက်​ရော အိမ်ရှင်​က ဓား​မကြီး ကိုင်​ပြီး လှေကား​ထိပ်မှာ ရပ်​နေတယ်။ ဒါနဲ့ အနောက်​ပေါက်​က​နေ ခြံ​လမ်းအတိုင်း သုတ်​ခြေ​တင် ပြေးခဲ့​ရတယ်။

ဟိုတယ်​မှာ အခန်းငှား​နေကြတယ်။ တစ်နှစ်​နီးပါး နေ​လိုက်ရ​ပြီး အမှုဆောင်လုပ်ငန်းမှာ အတော်​အကျိုးရှိ​ခဲ့တယ်။ ဘာကြောင့်လဲ။ ဟိုတယ်​က မြို့လယ်ခေါင်​မှာ ရှိလို့ ကျမ်းစာသင်သား​တချို့ လာ​သင်​ချင်​ကြ​တယ်။ ဟိုတယ်​အခန်း​ထဲမှာ စာအုပ်ကြီးသင်တန်း၊ အပတ်​စဉ် ကင်းမျှော်စင် သင်တန်း​တွေကို ကျင်းပ​ပြီး တက်ရောက်သူ ၁၅ ယောက်လောက် ရှိတယ်။

မ​စ်​တယ်​ဘ​စ်​မြို့မှာ တစ်နှစ်​ကျော် နေရတယ်။ အဲဒီနောက် ဂ​ရပ်​မြို့ အရှေ့​တောင်ပိုင်း၊ ဖဲ​ဘ​စ်​မြို့မှာ ရှေ့ဆောင်​အဖော်​သစ်​နဲ့ ပြန်​တာဝန်ကျတယ်။ အသင်းတော်​တော့ မရှိဘူး။ ပျ​ဉ်​ထောင်​အိမ် ဒုတိယ​ထပ် အခန်းကျ​ဉ်း​ထဲမှာ နေကြတယ်။ ပျ​ဉ်​တွေ​ကြား​ထဲ လေ​တိုး​လို့ အပေါက်​တွေကို သတင်းစာ​နဲ့ ပိတ်​ရတယ်။ ရေတွင်း​က​နေ ရေခပ်​ရတယ်။ ဒါပေမဲ့ အကျိုးနပ်​ပါတယ်။ လအနည်းငယ်​ကြာ​တော့ အုပ်စု​တစ်စု ဖြစ်လာတယ်။ နောက်ဆုံး၊ ကျွန်မတို့​နဲ့ ကျမ်းစာ​လေ့လာတဲ့ မိသားစုဝင် ၃၀ လောက် အမှန်တရား​ထဲ ရောက်လာ​ကြ​တယ်။

ဒီ​အတွေ့အကြုံ​တွေ​က နိုင်ငံ​တော်​အကျိုး ဦးစားထား​သူတွေကို ယေဟောဝါ အမြဲ​ထောက်မပေး​ကြောင်း သိလာစေတယ်။ လူတွေ မကူညီ​နိုင်တဲ့ အခြေအနေ ရောက်လာ​ရင်တောင် ယေဟောဝါ အမြဲ​ကူညီပေးတယ်။—ဆာ. ၁၂၁:၁-၃

ဘုရားသခင့် “ဖြောင့်မတ်​တဲ့ ညာလက်​နဲ့” ထောက်မခြင်း

၁၉၅​၈ မှာ နယူးယောက်မြို့၊ ရန်​ကီး​နဲ့ ပိုလို အားကစားကွင်း​တွေမှာ အပြည်ပြည်ဆိုင်ရာ အစည်းအဝေးကြီး ကျင်းပ​တယ်။ အစည်းအဝေးကြီး တက်ဖို့ လျှောက်လွှာတင်​တော့ ဩစတြီးယား ဌာနခွဲ​က ၃၂ ကြိမ်​မြောက် ဂိလဒ်​ကျမ်းစာကျောင်း တက်​ချင်​သလား​လို့ မေးတယ်။ ဘယ်လို​လုပ် ငြင်း​နိုင်မှာလဲ။ “တက်​ချင်​တယ်” လို့ ချက်ချင်း ဖြေ​လိုက်တယ်။

သင်တန်း​မှာ မာတင် ပို​စင်​ဂါ ဘေးနား ထိုင်​ရတယ်။ သူ​ဟာ နာ​ဇီ ချွေးတပ်စခန်း​မှာ ဒုက္ခ​တွေ ခံ​ခဲ့ရ​ပြီး နောက်ပိုင်း အုပ်ချုပ်ရေးအဖွဲ့ဝင် ဖြစ်လာတယ်။ သင်တန်း​အတွင်း “အ​ယ်​ရီ​ကာ၊ အဲဒါ ဘာ​ပြောတာလဲ” ဆိုပြီး တိုးတိုး​လေး မေး​တတ်တယ်။

သင်တန်း​တစ်ဝက်​မှာ နေသန်နောရ်​က တာဝန်ကျတဲ့ နေရာတွေ​ကို ကြေညာ​တယ်။ ကျွန်မက ပါရာဂွေး​မှာ တာဝန်ကျတယ်။ ကျွန်မ အသက်ငယ်​သေး​တော့ ပြည်ဝင်ခွင့်​ရဖို့ အဖေ့​ခွင့်ပြုချက် လိုတယ်။ ပြည်ဝင်ခွင့်​ရပြီး ၁၉၅​၉၊ မတ်လ​မှာ ပါရာဂွေး​ကို ရောက်လာတယ်။ အာဆွန်​စီ​ယွန်​မြို့​က သာသနာပြု​အိမ်​မှာ အဖော်​သစ်​နဲ့ နေရတယ်။

မကြာခင်မှာ​ပဲ အကြိမ် ၃၀ မြောက် ကျောင်းဆင်း သာသနာပြု ဝေါ်​တာ​ဘ​ရိုက်​နဲ့ ဆုံ​တယ်။ နောက်ပိုင်း သူနဲ့ လက်ထပ်​လိုက်​ပြီး ဘဝအခက်အခဲ​တွေကို အတူ​ရင်ဆိုင်​ကြ​တယ်။ ဘယ်​ပြဿနာ​ပဲ ကြုံရ​ပါစေ “မကြောက်​နဲ့။ မင်း​နဲ့အတူ ငါ​ရှိတယ်။ မစိုးရိမ်​နဲ့။ ငါ​ဟာ မင်း​ရဲ့​ဘုရား​သခင်​ပါ။ မင်း​ကို ခိုင်ခံ့​စေမယ်” ဆိုတဲ့ ဟေရှာယ ၄၁:၁၀ မှာ​ပါတဲ့ ကတိ​ကို ဖတ်​ကြ​တယ်။ အဲဒါက ဘုရား​အပေါ် သစ္စာရှိ​ပြီး နိုင်ငံတော်ကို ဦးစားထား​နေသရွေ့ အမြဲ​ကူညီပေးမယ်ဆိုတာ စိတ်ချ​စေတယ်။

နောက်ပိုင်း ဘရာဇီး​နယ်စပ်​နား​မှာ တာဝန်ကျတယ်။ နဂို​ကမှ ယိုင်​နဲ့​နဲ့ သာသနာပြု​အိမ်​ကို ကျောက်ခဲ​နဲ့​ပေါက်​ဖို့ လူငယ်တွေကို ဘုန်းတော်ကြီး​တွေ သွေးထိုး​ပေးကြတယ်။ ဝေါ်​တာ​ရဲ့ သင်သား​တစ်ယောက်က ရဲမှူး​ဆိုတော့ ကျွန်မတို့​ကို မနှောင့်ယှက်​နိုင်အောင် ရဲ​တွေ တစ်ပတ်လောက် စောင့်ကြပ်​ပေးတယ်။ မကြာခင် ဘရာဇီး​ဘက်က ပိုကောင်းတဲ့​အိမ်​ကို ပြောင်း​ခဲ့ကြတယ်။ အဲဒီမှာ အစည်းအဝေးတွေကို ပါရာဂွေး​လို​ရော ဘရာဇီး​လို​ပါ ကျင်းပ​နိုင်​လို့ အကျိုးရှိ​ခဲ့တယ်။ အဲဒီကနေ မ​ပြောင်းရွှေ့​ခင် အသင်းတော်​ငယ်​လေး နှစ်ခု တည်ထောင်​နိုင်ခဲ့တယ်။

ပါရာဂွေး၊ အာ​ဆွန်​စီ​ယွန်​မြို့မှာ ခင်ပွန်း​ဝေါ်​တာနဲ့​အတူ သာသနာပြု​အဖြစ် အမှုဆောင်​စဉ်

ယေဟောဝါ ဆက်​ထောက်မပေး

ကလေးမ​ရနိုင်​ဘူးလို့ ဆရာဝန်​ပြော​ထား​ပေ​မဲ့ ၁၉၆၂ မှာ ကိုယ်ဝန်​ရှိ​လာ​လို့ အံ့သြခဲ့ရ​တယ်။ ဝေါ်​တာ​ရဲ့ မိသားစုနဲ့​နီး​တဲ့ ဖလော်ရီဒါ​ပြည်နယ်၊ ဟော​လိဝု​ဒ်​မှာ အခြေချ​ခဲ့တယ်။ ကလေး​ရှိ​လာ​တော့ ကျွန်မတို့​နှစ်ယောက် နှစ်​အတော်ကြာ ရှေ့ဆောင် မ​လုပ်နိုင်​ခဲ့ဘူး။ ဒါပေမဲ့ နိုင်ငံတော်ကို ဆက်​ဦးစားထား​ခဲ့တယ်။—မ. ၆:၃၃

ဖလော်ရီဒါ​ကိုရော​က်​တဲ့ ၁၉၆၂၊ နိုဝင်ဘာ​မှာ ဒေသခံ​တွေ​က လူဖြူ​လူမည်း အတူ​ဝတ်ပြု​တာ၊ အတူ​အမှုဆောင်​တာကို မနှစ်သက်​မှန်း သိရ​လို့ အံ့သြခဲ့ရ​တယ်။ ဒါပေမဲ့ ယေဟောဝါ​က လူမျိုးရေး ခွဲခြား​တာ မရှိဘူး။ မကြာခင် အသင်းတော်​မှာ လူဖြူ​လူမည်း မခွဲခြား​တော့ဘူး။ ယေဟောဝါရဲ့ အစီအစဉ်​ဖြစ်မှန်း ထင်ရှားတယ်။ အခု အဲဒီ​ဒေသ​မှာ အသင်းတော်များ​စွာ ရှိနေ​ပြီ။

၅၅ နှစ်​ကြာ လက်တွဲ​ခဲ့​ပြီးနောက် ၂၀၁၅ မှာ ဝေါ်​တာ ဦးနှောက်​ကင်ဆာ​နဲ့ ဆုံး​သွားတယ်။ သူ​ဟာ ယေဟောဝါ​ကို ချစ်​ပြီး ညီအစ်ကို/မတွေကို ကူညီပေး​တတ်တဲ့ ခင်ပွန်းကောင်း​ပါပဲ။ ကျန်းကျန်းမာမာ ထမြောက်​လာမယ့် အချိန်ကို စောင့်မျှော်​နေပါတယ်။—တ. ၂၄:၁၅

အချိန်ပြည့်​သက်တမ်း အနှစ် ၄၀ ကျော်​အတွင်း ပျော်ရွှင်မှုနဲ့ ကောင်းချီး​များစွာ ခံစားခဲ့​ရတယ်။ ဥပမာ၊ ကျမ်းစာသင်သား ၁၃၆ ယောက် နှစ်ခြင်းခံ​တာကို ဝေါ်​တာနဲ့ ကျွန်မ မြင်ခွင့်ရ​ခဲ့တယ်။ အခက်အခဲ​တွေ ရှိပေမဲ့ သစ္စာရှိရှိ ဆက်​အမှုဆောင်တဲ့​အတွက် ဘုရား​နဲ့ ပို​ရင်းနှီး​လာတယ်။ ဘုရား​သခင်​ဟာ သတ်မှတ်ထားတဲ့​အချိန်မှာ မိမိ​နည်းလမ်း​အတိုင်း ဖြေရှင်း​ပေးမယ်​ဆိုတာ စိတ်ချ​လာတယ်။ အဲဒီ​အတိုင်း​လည်း လုပ်ပေး​ခဲ့တယ်။—၂ တိ. ၄:၁၆၊ ၁၇

ဝေါ်​တာကို သိပ်​လွမ်း​ပေ​မဲ့ ရှေ့ဆောင်​လုပ်​နေလို့ ဖြေ​သာ​ပါတယ်။ အထူးသဖြင့် တခြား​သူတွေကို ရှင်ပြန်ထမြောက်ခြင်း​အကြောင်း သင်ပေး​တဲ့အခါ စိတ်သက်သာရာ ရတယ်။ ယေဟောဝါ ထောက်မပေး​တဲ့ နည်းလမ်းတွေ​ဟာ မရေတွက်​နိုင်အောင်​ပါပဲ။ ကတိအတိုင်း ယေဟောဝါ ကျွန်မကို ထောက်မပေး​တယ်၊ ခိုင်ခံ့​စေတယ်၊ “ဖြောင့်မတ်​တဲ့ ညာလက်​နဲ့” မြဲ​မြဲ​ကိုင်​ထားပါတယ်။—ဟေရှာ. ၄၁:၁၀