ဆုံးမခြင်း—ဘုရားသခင့်မေတ္တာ အထောက်အထား
‘ယေဟောဝါက ချစ်ရသူတွေကို ဆုံးမတတ်တယ်။’—ဟီ. ၁၂:၆။
၁။ ဆုံးမမှုကို ကျမ်းစာမှာ ဘယ်လို ဖော်ပြလေ့ရှိသလဲ။
“ဆုံးမမှု” ဆိုတဲ့ စကားလုံးကို ကြားတာနဲ့ ဘာကို ပြေးမြင်မိသလဲ။ ပြစ်ဒဏ်ပေးခြင်းကို မြင်မိနိုင်တယ်။ ဒါပေမဲ့ ဆုံးမခြင်းမှာ ဒါ့ထက်မက ပါဝင်တယ်။ ကျမ်းစာမှာ ဆုံးမမှုကို နှစ်လို့ဖွယ် ဖော်ပြထားပြီး အသိပညာ၊ ဉာဏ်ပညာ၊ မေတ္တာ၊ အသက်တို့နဲ့ ဆက်စပ်လေ့ရှိတယ်။ (ပညာ. ၁:၂-၇။ ၄:၁၁-၁၃) ဘုရားသခင့် ဆုံးမမှုက ကျွန်တော်တို့ကို ချစ်ကြောင်း၊ ထာဝရအသက် ရစေလိုကြောင်း ဖော်ပြတယ်။ (ဟီ. ၁၂:၆) ဘုရားသခင့် ဆုံးမမှုမှာ ပြစ်ဒဏ်ပေးခြင်း ပါဝင်နိုင်ပေမဲ့ ဘယ်တော့မှ ရက်စက်ကြမ်းကြုတ်မှု မရှိဘူး။ “ဆုံးမမှု” မှာ အဓိကအားဖြင့် မိဘက ကလေးကို သွန်သင်ပေးသလို သင်ပေးခြင်း ပါဝင်တယ်။
၂၊ ၃။ ဆုံးမမှုမှာ ဘာတွေ ပါဝင်သလဲ။ ရှင်းပြပါ။ (ဆောင်းပါးအစမှာပါတဲ့ ပုံကို ကြည့်ပါ။)
၂ ဒီဥပမာကို စဉ်းစားကြည့်ပါ။ ဂျွန်နီလို့ခေါ်တဲ့ ကလေးတစ်ယောက် အိမ်ထဲမှာ ဘောလုံးကန်နေတယ်။ “အိမ်ထဲမှာ ဘောလုံး မကန်နဲ့။ ပစ္စည်းတွေ ကွဲကုန်မယ်” လို့ အမေက ပြောတယ်။ အမေ့စကား နားမထောင်ဘဲ ဆက်ကန်နေလို့ ပန်းအိုး ကွဲသွားတယ်။ အမေဖြစ်သူ ဘယ်လို ဆုံးမမလဲ။ သူ့လုပ်ရပ် မှားကြောင်း သင်ပေးမှာ ဖြစ်သလို ပြစ်ဒဏ်လည်း ပေးနိုင်တယ်။ မိဘရဲ့ စည်းကမ်းတွေဟာ လိုအပ်ပြီး အကျိုးသင့်အကြောင်းသင့် ရှိကြောင်း၊ မိဘစကား နားထောင်သင့်ကြောင်း
သင်ပေးတယ်။ ပြီးမှ သင်ခန်းစာရသွားအောင် သင့်တော်သလို ဒဏ်ပေးတယ်။ ခဏလောက် ဘောလုံးကို သိမ်းလိုက်တာမျိုး ဖြစ်နိုင်တယ်။ ဒါမှ မနာခံမှုမှာ ဆိုးကျိုးတွေ ရှိကြောင်း စွဲမှတ်သွားနိုင်မယ်။၃ ခရစ်ယာန်တွေအနေနဲ့ ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့ အိမ်ထောင်စုဝင်တွေ ဖြစ်တယ်။ (၁ တိ. ၃:၁၅) ဒါကြောင့် ဘုရားသခင်ရဲ့ စံနှုန်းသတ်မှတ်ပိုင်ခွင့်၊ ဆုံးမပိုင်ခွင့်ကို လေးစားကြတယ်။ အဲဒီအပြင် ကိုယ့်လုပ်ရပ်ကြောင့် ဆိုးကျိုးတွေခံရတဲ့အခါ ဘုရားသခင်ကို နာခံဖို့ အရေးကြီးကြောင်း သတိရစေတယ်။ (ဂလ. ၆:၇) ကျွန်တော်တို့ကို ဘုရားသခင် အလွန်ဂရုစိုက်တယ်၊ ဒုက္ခမရောက်စေချင်ဘူး။—၁ ပေ. ၅:၆၊ ၇။
၄။ (က) ဘယ်လိုလေ့ကျင့်မှုမျိုးကို ယေဟောဝါ ကောင်းချီးပေးသလဲ။ (ခ) ဒီဆောင်းပါးမှာ ဘယ်အကြောင်း ဆွေးနွေးကြမလဲ။
၄ ကျမ်းစာကို အခြေခံတဲ့ ဆုံးမမှုက ကလေး ဒါမှမဟုတ် ကျမ်းစာသင်သားကို ခရစ်တော်တပည့်ဖြစ်လာတဲ့အထိ ကူညီပေးနိုင်တယ်။ လေ့ကျင့်ပေးရာမှာ အဓိကသုံးတဲ့ ကျမ်းစာဟာ “ဖြောင့်မတ်လာအောင် ဆုံးမ” ပေးနိုင်တယ်။ ဒီနည်းနဲ့ ကလေး ဒါမှမဟုတ် သင်သားဟာ ယေရှု “မိန့်မှာထားသမျှကို” နားလည်ပြီး “လိုက်နာ” တတ်လာမယ်။ (၂ တိ. ၃:၁၆။ မ. ၂၈:၁၉၊ ၂၀) သင်သားတွေကို ခရစ်တော်ရဲ့ တပည့်ဖြစ်လာစေတဲ့ အဲဒီလို လေ့ကျင့်မှုကို ယေဟောဝါ ကောင်းချီးပေးတယ်။ (တိတု ၂:၁၁-၁၄ ကိုဖတ်ပါ။) အခု အရေးကြီးတဲ့ မေးခွန်း သုံးခုကို ဆွေးနွေးကြည့်ကြစို့– (၁) ဘုရားသခင့် ဆုံးမမှုက မေတ္တာကို ဘယ်လို ဖော်ပြသလဲ။ (၂) အတိတ်က ဘုရားသခင် ဆုံးမခဲ့သူတွေဆီကနေ ဘာသင်ယူနိုင်သလဲ။ (၃) ဆုံးမတဲ့အခါ ယေဟောဝါနဲ့ သားတော်ကို ဘယ်လို တုပနိုင်သလဲ။
ဘုရားသခင်ရဲ့ မေတ္တာပါဆုံးမမှုများ
၅။ ယေဟောဝါရဲ့ ဆုံးမမှုမှာ ဘယ်လိုနည်းတွေနဲ့ မေတ္တာ ပေါ်လွင်သလဲ။
၅ ယေဟောဝါက ကျွန်တော်တို့ကို မေတ္တာပါပါ ပဲ့ပြင်၊ သွန်သင်၊ လေ့ကျင့်ပေးတဲ့အတွက် ဘုရားရဲ့မေတ္တာကို ခံစားနေရပြီး အသက်လမ်းပေါ် ဆက်ရှိနိုင်ကြတယ်။ (၁ ယော. ၄:၁၆) ဘုရားက ကျွန်တော်တို့ကို ဘယ်တော့မှ အထင်မသေးဘူး၊ မစော်ကားဘူး။ (ပညာ. ၁၂:၁၈) ကျွန်တော်တို့ကို ဂုဏ်တင်ပြီး ကောင်းကွက်တွေကို အာရုံစိုက်တယ်။ လွတ်လပ်စွာ ရွေးချယ်ခွင့်ကို လေးစားတယ်။ ကျမ်းစာ၊ ကျမ်းစာအခြေပြု စာပေ၊ ခရစ်ယာန်မိဘ၊ အသင်းတော် အကြီးအကဲတွေဆီက လာတဲ့ ဘုရားသခင့်ဆုံးမမှုကို သင် အဲဒီလို ရှုမြင်သလား။ မသိလိုက်ဘဲ “ခြေလှမ်းမှား” မိတဲ့အခါ မေတ္တာနဲ့ နူးညံ့သိမ်မွေ့စွာ တည့်မတ်ပေးတဲ့ အကြီးအကဲတွေဟာ ယေဟောဝါရဲ့ မေတ္တာကို တုပနေကြတယ်။—ဂလ. ၆:၁။
၆။ အခွင့်အရေးတွေ ကန့်သတ်လိုက်တဲ့ ဆုံးမမှုက ဘုရားသခင်ရဲ့မေတ္တာကို ဘယ်လို ဖော်ပြသလဲ။
၆ ဆုံးမမှုမှာ အကြံပြုတာ၊ နှုတ်နဲ့ တည့်မတ်တာထက် ပိုပါဝင်လေ့ရှိတယ်။ ကြီးလေးတဲ့ အပြစ်တွေ ဖြစ်မယ်ဆိုရင် အသင်းတော် အခွင့်ထူးတွေ ဆုံးရှုံးသွားနိုင်တယ်။ အဲဒီလို ဆုံးမမှုကတောင် ဘုရားသခင့်မေတ္တာကို ဖော်ပြတယ်။ ဥပမာ၊ အခွင့်အရေးတွေ ဆုံးရှုံးသွားတဲ့အခါ ကိုယ်ပိုင်လေ့လာမှု လုပ်ဖို့၊ တွေးတောဆင်ခြင်ဖို့၊ ဆုတောင်းဖို့ ဘယ်လောက် အရေးကြီးကြောင်း သိလာနိုင်တယ်။ ယုံကြည်ခြင်း ပြန်ခိုင်ခံ့လာနိုင်တယ်။ (ဆာ. ၁၉:၇) အချိန်တန်တဲ့အခါ အခွင့်ထူးတွေ ပြန်ရလာနိုင်တယ်။ နှင်ထုတ်ခြင်းကလည်း ယေဟောဝါရဲ့မေတ္တာကို ဖော်ပြတယ်။ အသင်းတော်ကို မကောင်းတဲ့သြဇာ မသက်ရောက်အောင် ကာကွယ်ပေးလို့ပဲ။ (၁ ကော. ၅:၆၊ ၇၊ ၁၁) ဘုရားသခင် တော်သင့်ရုံ ဆုံးမတဲ့အတွက် နှင်ထုတ်ခံရသူဟာ အပြစ် ဘယ်လောက်ကြီးမှန်း သဘောပေါက်ပြီး နောင်တယူဖို့ လှုံ့ဆော်ခံရနိုင်တယ်။—တ. ၃:၁၉။
ယေဟောဝါရဲ့ ဆုံးမမှုကနေ သူအကျိုးရခဲ့
၇။ ရှေဗနဆိုတာ ဘယ်သူလဲ။ ဘယ်မကောင်းတဲ့စိတ်တွေ ဝင်လာသလဲ။
၇ ဆုံးမမှုရဲ့တန်ဖိုးကို နားလည်ဖို့ ယေဟောဝါဆုံးမဟေရှာ. ၂၂:၁၅) ဒါပေမဲ့ မာနကြီးလာပြီး ဂုဏ်တက်ဖို့ ကြိုးစားတယ်။ ကိုယ့်အတွက် ခမ်းနားတဲ့ သင်္ချိုင်းဂူ လုပ်ထားပြီး ‘ဂုဏ်ကျက်သရေရှိတဲ့ မြင်းရထား’ ကို စီးတယ်။—ဟေရှာ. ၂၂:၁၆-၁၈။
ခဲ့သူ နှစ်ယောက်အကြောင်း သုံးသပ်ကြစို့။ ဘုရင် ဟေဇကိခေတ်မှာ အသက်ရှင်ခဲ့တဲ့ ရှေဗနနဲ့ အခုခေတ် ညီအစ်ကို ဂရေဟမ်တို့ ဖြစ်တယ်။ ဟေဇကိရဲ့ “နန်းတော်အုပ်” ဖြစ်ပုံရတဲ့ ရှေဗနဟာ အခွင့်အာဏာ အတော်အတန် ရှိတယ်။ (ကိုယ့်သဘောထားကို နှိမ့်ချစွာ ပြုပြင်ပြောင်းလဲခြင်းက ဘုရားသခင့် ကောင်းချီးရရှိစေ (အပိုဒ် ၈-၁၀ ကိုကြည့်ပါ)
၈။ ရှေဗနကို ယေဟောဝါ ဘယ်လို ဆုံးမသလဲ။ ဘာရလဒ် ရသလဲ။
၈ ကိုယ့်ဂုဏ်တက်ဖို့ ကြိုးစားတဲ့ ရှေဗနကို ဘုရားသခင် “ရာထူးဖြုတ်” ပြီး ဧလျာကိမ်နဲ့ အစားထိုးလိုက်တယ်။ (ဟေရှာ. ၂၂:၁၉-၂၁) ဂျေရုဆလင်မြို့ကိုတိုက်ဖို့ အဆီးရီးယားဘုရင် သနာခရိပ် ခြိမ်းခြောက်ချိန်မှာ အဲဒီလို ဖြစ်ခဲ့တာ။ နောက်ပိုင်း သနာခရိပ်က ဂျူးတွေနဲ့ ကြောက်လန့်နေတဲ့ ဟေဇကိ အညံ့ခံစေဖို့ ဂျေရုဆလင်မြို့ကို အရာရှိတွေနဲ့အတူ စစ်တပ်တစ်တပ် စေလွှတ်ခဲ့တယ်။ (၂ ဘု. ၁၈:၁၇-၂၅) ဧလျာကိမ်က အရာရှိတွေကို ထွက်တွေ့ရတယ်။ ဒါပေမဲ့ တစ်ယောက်တည်းတော့ မဟုတ်ဘူး။ သူနဲ့အတူ နောက်နှစ်ယောက် ပါတယ်။ တစ်ယောက်က စာရေးတော် ရှေဗနပါပဲ။ ဒါက ရှေဗန နာကြည်းမနေဘဲ ပိုနိမ့်ကျတဲ့တာဝန်ကို နှိမ့်ချစွာ လက်ခံခဲ့ကြောင်း ဖော်ပြတယ်။ ဒီဖြစ်ရပ်ကနေ ဘာသင်ယူနိုင်သလဲ။ သင်ခန်းစာ သုံးခုကို သုံးသပ်ကြည့်ကြစို့။
၉-၁၁။ (က) ရှေဗနရဲ့ ဖြစ်ရပ်ကနေ ဘယ်အရေးကြီး သင်ခန်းစာတွေ သင်ယူနိုင်သလဲ။ (ခ) ရှေဗနကို ယေဟောဝါ ဆက်ဆံပုံက သင့်ကို ဘယ်လို အားရှိစေသလဲ။
၉ ဦးဆုံး၊ ရှေဗန ရာထူးပြုတ်သွားတယ်။ ဒါက “မာနရဲ့နောက်မှာ ပျက်စီးခြင်း လိုက်လာတယ်။ မောက်မာတဲ့စိတ်ရဲ့ နောက်မှာ ပြိုလဲခြင်း လိုက်လာတယ်” ဆိုတဲ့ စကားကို အမှတ်ရစေတယ်။ (ပညာ. ၁၆:၁၈) သင်ဟာ အသင်းတော် အခွင့်ထူးတွေ ရထားပြီး အတော်အတန် ထင်ပေါ်နေတယ်ဆိုရင် နှိမ့်ချတဲ့စိတ် ဆက်ထိန်းထားမလား။ ရထားတဲ့ ဆုကျေးဇူးတွေ၊ အောင်မြင်ပြီးမြောက်မှုတွေအတွက် ယေဟောဝါကို ဂုဏ်တင်မလား။ (၁ ကော. ၄:၇) “ခင်ဗျားတို့ယောက်တိုင်းကို ပြောချင်တယ်။ ကိုယ့်ကိုယ်ကိုယ် ထင်သင့်တာထက် ပိုပြီးမထင်ကြပါနဲ့။ အဲဒီအစား . . . ကိုယ့်ကိုယ်ကိုယ် တော်သင့်ရုံပဲ ထင်ကြပါ” လို့ တမန်တော် ပေါလု ပြောခဲ့တယ်။—ရော. ၁၂:၃။
၁၀ ဒုတိယ၊ ရှေဗနကို ယေဟောဝါ ပြင်းပြင်းထန်ထန် ဆုံးမတာက အဖတ်ဆယ်လို့ မရတဲ့သူအဖြစ် မယူမှတ်ကြောင်း ဖော်ပြတယ်။ (ပညာ. ၃:၁၁၊ ၁၂) ဒါဟာ အသင်းတော်အခွင့်ထူး ဆုံးရှုံးသွားသူတွေအတွက် သင်ခန်းစာပါပဲ။ ဒေါသထွက် နာကြည်းမယ့်အစား ဆုံးမမှုကို ယေဟောဝါရဲ့ မေတ္တာ အထောက်အထားအဖြစ် ရှုမြင်ပြီး အခြေအနေသစ်မှာ အကောင်းဆုံး ဆက်အမှုဆောင်သွားနိုင်ပါတယ်။ နှိမ့်ချမှု ရှိမယ်ဆိုရင် အဖတ်ဆယ်လို့ မရတဲ့သူအဖြစ် ဘုရားသခင် ယူမှတ်မှာ မဟုတ်ကြောင်း သတိရပါ။ (၁ ပေတရု ၅:၆၊ ၇ ကိုဖတ်ပါ။) မေတ္တာပါ ဆုံးမမှုက ဘုရားသခင့် ပုံသွင်းနည်း ဖြစ်နိုင်တဲ့အတွက် ပုံသွင်းလို့ရတဲ့သူ ဖြစ်နေကြပါစို့။
၁၁ တတိယ၊ ရှေဗနကို ယေဟောဝါ ဆက်ဆံပုံက မိဘ၊ ခရစ်ယာန် ကြီးကြပ်မှူးစတဲ့ အခွင့်အာဏာရှိသူတွေအတွက် အဖိုးတန် သင်ခန်းစာပါပဲ။ ယေဟောဝါရဲ့ ဆုံးမမှုက အပြစ်ကို မုန်းကြောင်း၊ အပြစ်ကျူးလွန်သူအတွက် စိုးရိမ်မကင်းဖြစ်ကြောင်း ဖော်ပြတယ်။ မိဘ၊ ကြီးကြပ်မှူးအဖြစ် ဆုံးမရတော့မယ်ဆိုရင် အမှားကို မုန်းပြီး ကလေး၊ ယုံကြည်သူချင်းရဲ့ ကောင်းကွက်ကို ရှာခြင်းအားဖြင့် ယေဟောဝါကို တုပမလား။—ယု. ၂၂၊ ၂၃။
၁၂-၁၄။ (က) ဘုရားသခင်ရဲ့ ဆုံးမမှုကို တချို့ ဘယ်လို တုံ့ပြန်ကြသလဲ။ (ခ) ညီအစ်ကိုတစ်ယောက် သဘောထား ပြောင်းလဲဖို့ ကျမ်းစာက ဘယ်လို ကူညီပေးသလဲ။ ဘာရလဒ် ရခဲ့သလဲ။
၁၂ တချို့က ဆုံးမခံရပြီးနောက် နာကျင်ခံစားရပြီး ဘုရားသခင်နဲ့ အသင်းတော်ကို စွန့်ခွာသွားကြတယ်။ (ဟီ. ၃:၁၂၊ ၁၃) သူတို့ကို ကူညီပေးလို့ မရနိုင်တော့ဘူးလား။ နှင်ထုတ်ခံရပြီးနောက်ပိုင်း အသင်းတော်ထဲ ပြန်ရောက်လာပေမဲ့ မလှုပ်မရှား ပြန်ဖြစ်သွားတဲ့ ဂရေဟမ်အကြောင်း သုံးသပ်ကြည့်ပါ။ အကြီးအကဲတစ်ယောက်က သူနဲ့ ရင်းနှီးဖို့ ကြိုးစားတယ်။ နောက်ပိုင်း ကျမ်းစာသင်ပေးဖို့ အဲဒီအကြီးအကဲကို ဂရေဟမ် တောင်းဆိုခဲ့တယ်။
၁၃ အကြီးအကဲ ဒီလိုပြောတယ်– “ဂရေဟမ်ဟာ မာနကြီးတယ်။ သူ့ကို နှင်ထုတ်ခဲ့တဲ့ အကြီးအကဲတွေကို ပြစ်တင်ဝေဖန်တယ်။ ဒါကြောင့် မာနနဲ့ မာနရဲ့ ဆိုးကျိုးတွေအကြောင်း ဖော်ပြထားတဲ့ ကျမ်းချက်တွေကို ဆွေးနွေးခဲ့ကြတယ်။ ကျမ်းစာကြေးမုံထဲမှာ သူ့ကိုယ်သူ ရှင်းရှင်းလင်းလင်း မြင်လာပြီး မကြိုက်တော့ဘူး။ မာနဆိုတဲ့ ‘သစ်သားချောင်း’ ခံနေလို့ ဘာကိုမှ မမြင်နိုင်အောင် ဖြစ်ခဲ့ကြောင်း၊ ပြစ်တင်ဝေဖန်တတ်တဲ့ အားနည်းချက်ရှိကြောင်း သိလာပြီး ချက်ချင်း ပြုပြင်ပြောင်းလဲခဲ့တယ်။ အစည်းအဝေးတွေ ပုံမှန်ပြန်တက်လာတယ်။ ကျမ်းစာကို ထက်ထက်သန်သန် လေ့လာပြီး နေ့တိုင်း ဆုတောင်းတဲ့အကျင့် ရှိလာတယ်။ အိမ်ထောင်ဦးစီးအဖြစ် ဘုရားပေးတာဝန်တွေကိုလည်း ကျေပွန်အောင် ထမ်းဆောင်တဲ့အတွက် မိသားစုအားလုံး ပျော်ရွှင်လာကြတယ်။”—လု. ၆:၄၁၊ ၄၂။ ယာ. ၁:၂၃-၂၅။
၁၄ အကြီးအကဲ ဆက်ပြောတယ်– “တစ်နေ့၊ ဂရေဟမ်ရဲ့ စကားကြောင့် ကျွန်တော် စိတ်ထိမိသွားတယ်။ ‘အမှန်တရား သိလာတာ နှစ်ပေါင်းများစွာရှိပြီ။ ရှေ့ဆောင်တောင် လုပ်ခဲ့သေးတယ်။ ဒါပေမဲ့ ယေဟောဝါကို ချစ်တယ်လို့ အခုမှပဲ ပြောနိုင်တော့တယ်’ ဆိုပြီး ဂရေဟမ် ပြောတယ်။ သိပ်မကြာခင်မှာပဲ နိုင်ငံတော်ခန်းမမှာ မိုက်ခရိုဖုန်းကိုင်ဖို့ တာဝန်ရတယ်။ အဲဒီအခွင့်ထူးကို သူ သိပ်တန်ဖိုးထားတယ်။ ဆုံးမမှုကို လက်ခံပြီး ဘုရားသခင်ရှေ့ နှိမ့်ချမယ်ဆိုရင် ကောင်းချီးတွေ ခံစားရမှာဖြစ်ကြောင်း သူ့ပုံသက်သေက သင်ပေးတယ်။”
ဆုံးမတဲ့အခါ ဘုရားသခင်နဲ့ ခရစ်တော်ကို တုပပါ
၁၅။ ထိရောက်စွာ ဆုံးမနိုင်ဖို့ ဘာလုပ်ရမလဲ။
၁၅ ဆရာကောင်းဖြစ်ဖို့ အရင်ဆုံး တပည့်ကောင်း ဖြစ်ရမယ်။ (၁ တိ. ၄:၁၅၊ ၁၆) အလားတူပဲ ဆုံးမဖို့ ဘုရားပေးအခွင့်အာဏာ ရရှိထားသူတွေလည်း ဘုရားသခင့်လမ်းညွှန်မှုကို ကိုယ်တိုင် လိုလိုလားလား လက်အောက်ခံရမယ်။ ဒီနည်းအားဖြင့် တခြားသူတွေကို လေ့ကျင့် တည့်မတ်တဲ့အခါ လွတ်လပ်စွာ ပြောဆိုခွင့်ရှိပြီး လေးစားခံရမယ်။ ယေရှုရဲ့ ပုံသက်သေကို သုံးသပ်ကြည့်ပါ။
၁၆။ ထိရောက်တဲ့ ဆုံးမသွန်သင်မှုအကြောင်း ယေရှုဆီကနေ ဘာသင်ယူနိုင်သလဲ။
၁၆ ယေရှုဟာ ခက်ခဲတဲ့အချိန်တွေမှာတောင် ဖခင်ကို အမြဲ နာခံခဲ့တယ်။ (မ. ၂၆:၃၉) မိမိရဲ့ သွန်သင်ချက်နဲ့ ဉာဏ်ပညာအတွက် ဖခင်ကို အမြဲဂုဏ်တင်တယ်။ (ယော. ၅:၁၉၊ ၃၀) ယေရှုရဲ့ နှိမ့်ချမှု၊ နာခံမှုက ထောက်ထားစာနာ၊ ယဉ်ကျေးသိမ်မွေ့တဲ့ ဆရာဖြစ်စေပြီး စိတ်ရိုးဖြောင့်သူတွေကို ဆွဲဆောင်တယ်။ (မဿဲ ၁၁:၂၉ ကိုဖတ်ပါ။) ကြင်နာမှုရှိတဲ့ စကားတွေက နင်းခြေခံရတဲ့ ကျူပင်လို၊ ငြိမ်းခါနီး မီးစာလို ဖြစ်နေသူတွေကို အားရှိစေတယ်။ (မ. ၁၂:၂၀) စိတ်ရှည်မှု စမ်းသပ်ခံရချိန်မှာတောင် မေတ္တာနဲ့ ကြင်နာမှု တင်ပြခဲ့တယ်။ အတ္တကြီးပြီး ရည်မှန်းချက်ကြီးတဲ့အတွက် တမန်တော်တွေကို ဆုံးမချိန်မှာ အဲဒီအချက် ထင်ရှားတယ်။—မာ. ၉:၃၃-၃၇။ လု. ၂၂:၂၄-၂၇။
၁၇။ ဘယ်အရည်အသွေးတွေက သိုးထိန်းကောင်းဖြစ်ဖို့ အကြီးအကဲတွေကို ကူညီပေးမလဲ။
၁၇ ကျမ်းစာကို အခြေခံပြီး ဆုံးမဖို့ အခွင့်အာဏာရထားသူအားလုံး ခရစ်တော်ရဲ့ ပုံသက်သေကို တုပသင့်တယ်။ ဒီနည်းအားဖြင့် ဘုရားသခင်နဲ့ သားတော်ရဲ့ ပုံသွင်းမှုကို ခံယူလိုကြောင်း တင်ပြကြတယ်။ “ခင်ဗျားတို့ဆီ ပေးအပ်ထားတဲ့ ဘုရားသခင့် သိုးတော်စုကို ထိန်းကျောင်းကြပါ။ ကြီးကြပ်သူတွေအဖြစ် အမှုဆောင်ကြပါ။ တာဝန်အရလုပ်တာမျိုး မဟုတ်ဘဲ ဘုရားသခင်ရှေ့မှာ စိတ်ပါလက်ပါ လုပ်ဆောင်ကြပါ၊ မသမာတဲ့နည်းနဲ့ အမြတ်ထုတ်ချင်လို့ မဟုတ်ဘဲ စေတနာစိတ်နဲ့ လုပ်ဆောင်ကြပါ။ ဘုရားသခင်ပိုင်ဆိုင်တဲ့ လူတွေကို ပိုင်စိုးပိုင်နင်း မလုပ်ဘဲ သိုးတော်စုရှေ့မှာ စံနမူနာပြကြပါ” လို့ တမန်တော် ပေတရု ရေးခဲ့တယ်။ (၁ ပေ. ၅:၂-၄) ကြီးကြပ်မှူးတွေဟာ ဘုရားသခင်နဲ့ အသင်းတော်ရဲ့ ဦးခေါင်း ခရစ်တော်ကို ဝမ်းမြောက်စွာ လက်အောက်ခံတဲ့အခါ ကိုယ်တိုင်ကိုရော မိမိတို့ ထိန်းကျောင်းနေသူတွေကိုပါ အကျိုးပြုတယ်။—ဟေရှာ. ၃၂:၁၊ ၂၊ ၁၇၊ ၁၈။
၁၈။ (က) မိဘတွေဆီကနေ ယေဟောဝါ ဘာတောင်းဆိုသလဲ။ (ခ) မိဘတာဝန် ကျေပွန်အောင် ဘုရားသခင် ဘယ်လို ကူညီပေးသလဲ။
၁၈ မိသားစုမှာလည်း အလားတူပဲ။ “သားသမီးတွေကို စိတ်ဆိုးအောင် မလုပ်ပါနဲ့။ ယေဟောဝါ မိန့်မှာတဲ့အတိုင်း သူတို့ကို ဆုံးမသွန်သင်ပြီး ပြုစုပျိုးထောင်ကြပါ” လို့ အိမ်ထောင်ဦးစီးတွေကို မိန့်မှာထားတယ်။ (ဧ. ၆:၄) ဒါ ဘယ်လောက် အရေးကြီးသလဲ။ “မျှော်လင့်ချက်ရှိနေတုန်းမှာ သားကို ဆုံးမပါ။ ကိုယ့်ကြောင့် သူသေရတာမျိုး မဖြစ်ပါစေနဲ့” လို့ ပညာအလိမ္မာ ၁၉:၁၈ မှာ ဖော်ပြတယ်။ ခရစ်ယာန်မိဘတွေဟာ သားသမီးကို လိုအပ်သလို မဆုံးမရင် ယေဟောဝါရှေ့ စာရင်းရှင်းရမယ်။ (၁ ရှ. ၃:၁၂-၁၄) ဒါပေမဲ့ ယေဟောဝါဆီ နှိမ့်ချစွာ ဆုတောင်းမယ်၊ လမ်းညွှန်မှုရဖို့ ကျမ်းစာနဲ့ သန့်ရှင်းသော စွမ်းအားတော် အကူအညီကို မျှော်ကိုးမယ်ဆိုရင် လိုအပ်တဲ့ ဉာဏ်ပညာနဲ့ ခွန်အား ရနိုင်တယ်။—ယာကုပ် ၁:၅ ကိုဖတ်ပါ။
ငြိမ်းချမ်းစွာ ထာဝစဉ်အသက်ရှင်နိုင်ဖို့ သင်ယူခြင်း
၁၉၊ ၂၀။ (က) ဘုရားသခင့် ဆုံးမမှုကို လက်ခံရင် ဘာကောင်းချီးတွေ ရရှိသလဲ။ (ခ) နောက်ဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။
၁၉ ဘုရားသခင့်ဆုံးမမှုကို လက်ခံခြင်း၊ ဆုံးမရာမှာ ယေဟောဝါနဲ့ ယေရှုကို တုပခြင်းက ကောင်းချီးများစွာ ခံစားရစေပါလိမ့်မယ်။ မိသားစုနဲ့ အသင်းတော်က ငြိမ်းချမ်းတဲ့ ရိပ်မြုံလေး ဖြစ်လာမယ်။ လူတိုင်း မေတ္တာ၊ တန်ဖိုးထားမှု၊ လုံခြုံမှု ခံစားကြရမယ်။ အနာဂတ်မှာခံစားရမယ့် ကောင်းချီးတွေရဲ့ အမြည်းသဘောပါပဲ။ (ဆာ. ၇၂:၇) ဘုရားသခင့် ဆုံးမမှုက ဖခင်ယေဟောဝါရဲ့ ဦးစီးမှုအောက် ငြိမ်သက်စည်းလုံးတဲ့ မိသားစုအဖြစ် အတူတကွ ထာဝစဉ် အသက်ရှင်နိုင်အောင် သွန်သင်ပေးတယ်။ (ဟေရှာယ ၁၁:၉ ကိုဖတ်ပါ။) ဒါကို အမှတ်ရနေမယ်ဆိုရင် ဘုရားသခင့် မေတ္တာဖော်ပြနည်းဖြစ်တဲ့ ဆုံးမမှုကို ပိုတန်ဖိုးထားတတ်လာပါလိမ့်မယ်။
၂၀ မိသားစုနဲ့ အသင်းတော်အတွင်း ဆုံးမမှုအကြောင်း နောက်ဆောင်းပါးမှာ ထပ်လေ့လာကြပါမယ်။ ကိုယ့်ကိုယ်ကိုယ် ဆုံးမခြင်းအကြောင်း၊ ဆုံးမမှုကြောင့် ခံရတဲ့ နာကျင်မှုထက် ပိုဆိုးတဲ့အရာအကြောင်းလည်း ဆွေးနွေးကြပါမယ်။