မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နှစ်ခြင်း—ခရစ်ယာန်တွေအတွက် လိုအပ်ချက်

နှစ်ခြင်း—ခရစ်ယာန်တွေအတွက် လိုအပ်ချက်

“အခုအချိန်မှာ ခင်ဗျားတို့​ကို ကယ်တင်​တဲ့​အရာ​ဟာ နှစ်ခြင်း​ပဲ။”—၁ ပေ. ၃:၂၁

သီချင်း– ၅၂၊ ၄၁

၁၊ ၂။ (က) ကိုယ့်​ကလေး နှစ်ခြင်းခံ​ချင်​တယ်လို့ ပြောတဲ့အခါ ခရစ်ယာန်​မိဘ​တချို့ ဘယ်လို တုံ့ပြန်ကြသလဲ။ (ခ) ယေဟောဝါ​ဆီ ဆက်ကပ်​အပ်နှံ​ပြီးပြီ​လား​လို့ နှစ်ခြင်းခံ​မယ့်​သူ​ကို ဘာကြောင့် မေး​တာလဲ။ (ဆောင်းပါး​အစမှာ​ပါတဲ့ ပုံကို ကြည့်ပါ။)

မာ​ရီ​ယာ​လို့ ကျွန်တော်တို့​ခေါ်​မယ့် မိန်းကလေး နှစ်ခြင်းခံ​မယ့် တခြား​သူတွေ​နဲ့အတူ ထ​ရပ်​တာကို မိဘတွေ ကြည့်​နေတယ်။ ဟောပြောသူ​မေးတဲ့ မေးခွန်း နှစ်ခု​ကို မိန်းကလေး ရှင်းလင်းပြတ်သား​စွာ ဖြေဆို​ပြီးနောက် နှစ်ခြင်းခံ​လိုက်တယ်။

ယေဟောဝါ​ဆီ ဆက်ကပ်​အပ်နှံ​ပြီး နှစ်ခြင်းခံ​မယ်ဆို​တဲ့ ဆုံးဖြတ်ချက်​ကို မာရီယာ​ရဲ့ မိဘတွေ ဂုဏ်ယူ​ကြ​တယ်။ ဒါပေမဲ့ အစပိုင်းမှာ အမေ​ဖြစ်သူ စိုးရိမ်​မိတယ်။ ‘နှစ်ခြင်း​ခံဖို့ ငယ်လွန်း​နေ​သလား။ နှစ်ခြင်း​ရဲ့ အရေးကြီးမှု​ကို နားလည်​ရဲ့​လား။ နည်းနည်း ထပ်​စောင့်​ခိုင်း​ရင် ကောင်း​မလား’ ဆိုပြီး စဉ်းစား​မိတယ်။ ကိုယ့်​ကလေး နှစ်ခြင်းခံ​ချင်​တယ်လို့ ပြောတဲ့အခါ မိဘ​အတော်များများ အဲဒီလို စိုးရိမ်​တတ်ကြတယ်။ (ဒေ. ၅:၅) ဆက်ကပ်​အပ်နှံခြင်း​နဲ့ နှစ်ခြင်း​ဟာ ခရစ်ယာန်​တစ်ယောက်​ရဲ့ ဘဝ​မှာ အရေးကြီးဆုံး​ပါပဲ။—“ ယေဟောဝါ​ဆီ ဆက်ကပ်​အပ်နှံ​ပြီးပြီ​လား” လေးထောင့်ကွက်​ကို ကြည့်ပါ။

၃၊ ၄။ (က) နှစ်ခြင်း​ရဲ့ အရေးကြီးမှု​ကို တမန်တော် ပေတရု ဘယ်လို ဖော်ပြ​ခဲ့သလဲ။ (ခ) နှစ်ခြင်း​ကို နောဧ သင်္ဘော​ဆောက်​တာနဲ့ ဘာကြောင့် နှိုင်းယှဉ်​နိုင်သလဲ။

နှစ်ခြင်း​အကြောင်း ဆွေးနွေး​ချိန်မှာ တမန်တော် ပေတရု​က နောဧ သင်္ဘော​ဆောက်​တာကို ရည်ညွှန်း​ပြီး “အဲဒါ​နဲ့​ဆင်တူ​တဲ့​အရာ၊ အခုအချိန်မှာ ခင်ဗျားတို့​ကို ကယ်တင်​တဲ့​အရာ​ဟာ နှစ်ခြင်း​ပဲ” လို့ပြောတယ်။ (၁ ပေတရု ၃:၂၀၊ ၂၁ ကို​ဖတ်ပါ။) ဘုရားသခင့် အလိုတော် ထမ်းဆောင်ဖို့ နောဧ စိတ်ပိုင်းဖြတ်​ထားကြောင်း ခိုင်လုံတဲ့ သက်သေ​ဟာ သင်္ဘော​ပါပဲ။ ယေဟောဝါ​ပေးတဲ့ အလုပ်တာဝန်​ကို နောဧ သစ္စာရှိရှိ ထမ်းဆောင်​ခဲ့တယ်။ ယုံကြည်ခြင်း​လုပ်ရပ်တွေ​ကြောင့် ရေလွှမ်းမိုးဘေး​က​နေ နောဧ​နဲ့ မိသားစု ကယ်တင်​ခံ​ခဲ့ရတယ်။ ပေတရု ဘာ​ပြော​ချင်​တာလဲ။

သင်္ဘော​ဟာ နောဧ​ရဲ့ ယုံကြည်ခြင်း​ကို ဖော်ပြ​တဲ့ သက်သေ​ဖြစ်တယ်။ ဒါဆို လူတွေ​ရှေ့ နှစ်ခြင်းခံ​တာ​က ဘာကို သက်သေပြ​နေသလဲ။ ရှင်ပြန်ထမြောက်​ပြီး​ဖြစ်တဲ့ ခရစ်တော်​ကို ယုံကြည်ခြင်း​အပေါ် အခြေခံပြီး ယေဟောဝါ​ဆီ ဆက်ကပ်​အပ်နှံ​ထားကြောင်း သက်သေပြ​တယ်။ ဆက်ကပ်​အပ်နှံ​ပြီးသား တပည့်​တွေဟာ နောဧ​လိုပဲ ဘုရားပေး အလုပ်တာဝန်​ကို နာခံမှု​ရှိရှိ ထမ်းဆောင်ကြတယ်။ ရေလွှမ်းမိုးဘေး​က​နေ နောဧ ကယ်တင်ခံရ​သလို နှစ်ခြင်းခံ​ပြီးသား သစ္စာ​ရှိ​သူတွေ​လည်း ဒီ​စနစ်ဆိုး အဆုံးတိုင်​တဲ့အခါ ကယ်တင်ခံရ​ပါလိမ့်မယ်။ (မာ. ၁၃:၁၀။ ဗျာ. ၇:၉၊ ၁၀) ဒါကြောင့် ဆက်ကပ်​အပ်နှံခြင်း​နဲ့ နှစ်ခြင်း​ဟာ အလွန်​အရေးကြီးတယ်။ နှစ်ခြင်း​ခံဖို့ မလိုအပ်ဘဲ အချိန်ဆွဲ​နေရင် ထာဝရ​အသက် အလားအလာ ဆုံးရှုံး​နိုင်တယ်။

၅။ ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးသုံးသပ်​ကြ​မ​လဲ။

နှစ်ခြင်း​ရဲ့ အရေးကြီးမှု​ကြောင့် မေးခွန်း​သုံးခု​ကို စဉ်းစား​သုံးသပ်ထိုက်​တယ်။ နှစ်ခြင်း​အကြောင်း ကျမ်းစာ ဘာပြောသလဲ။ နှစ်ခြင်း​မခံ​ခင် ဘာတွေ​လုပ်​ရ​မ​လဲ။ သားသမီး ဒါမှမဟုတ် ကျမ်းစာသင်သား​ကို သင်ပေး​တဲ့အခါ နှစ်ခြင်း​ရဲ့ အရေးကြီးမှု​ကို ကိုယ်တိုင် ဘာကြောင့် နားလည်​ထား​သင့်သလဲ။

ကျမ်းစာမှာ​ပါတဲ့ နှစ်ခြင်း

၆၊ ၇။ (က) ယောဟန်​ပေးတဲ့ နှစ်ခြင်း​က ဘာကို ဖော်ပြသလဲ။ (ခ) ဘယ်​ထူးခြားတဲ့ နှစ်ခြင်း​ကို ယောဟန် ပေး​ခွင့်​ရခဲ့​သလဲ။

နှစ်ခြင်း​ဆရာ ယောဟန်ရဲ့ နှစ်ခြင်း​အကြောင်း ကျမ်းစာမှာ ဦးဆုံး​ဖတ်​ရတယ်။ (မ. ၃:၁-၆) မောရှေ​ပညတ် ချိုးဖောက်​မိ​တဲ့ အပြစ်​တွေအတွက် နောင်တရ​ကြောင်း ပြဖို့ လူတွေ ယောဟန်ဆီ​မှာ နှစ်ခြင်းခံ​ကြ​တယ်။ ဒါပေမဲ့ ယောဟန်​ပေးခဲ့တဲ့ အရေးကြီးဆုံး​နှစ်ခြင်း​က​တော့ နောင်တ​နဲ့ မသက်ဆိုင်​ဘူး။ ယောဟန်​ဟာ ဘုရားသခင်ရဲ့​သားတော်၊ စုံလင်သူ ယေရှုကို နှစ်ခြင်းပေး​ခွင့် ရခဲ့တယ်။ (မ. ၃:၁၃-၁၇) ယေရှု အပြစ်​မရှိတဲ့အတွက် နောင်တ​ယူဖို့ မလိုဘူး။ (၁ ပေ. ၂:၂၂) ယေရှုရဲ့ နှစ်ခြင်း​ဟာ ဘုရားသခင့် အလိုတော်​ဆောင်​ဖို့ ကိုယ့်ကိုယ်ကိုယ် ပေးဆက်​ထားကြောင်း ဖော်ပြတယ်။—ဟီ. ၁၀:၇

ယေရှု မြေကြီး​ပေါ် အမှုဆောင်ချိန်​အတွင်း တပည့်​တွေလည်း နှစ်ခြင်းပေး​ခဲ့ကြတယ်။ (ယော. ၃:၂၂။ ၄:၁၊ ၂) ယောဟန်​ပေးတဲ့ နှစ်ခြင်း​လိုပဲ မောရှေ​ပညတ် ချိုးဖောက်​မိ​လို့ နောင်တရ​ကြောင်း ဖော်ပြ​တဲ့ နှစ်ခြင်း​မျိုး​ဖြစ်တယ်။ ဒါပေမဲ့ ယေရှု သေဆုံး၊ ထမြောက်ပြီး​နောက်မှာ​တော့ နှစ်ခြင်း​ရဲ့ အဓိပ္ပာယ် ပြောင်းလဲ​သွားတယ်။

၈။ (က) ယေရှု ရှင်ပြန်ထမြောက်​ပြီးနောက် နောက်လိုက်​တွေကို ဘာ​မိန့်မှာ​ခဲ့သလဲ။ (ခ) ခရစ်ယာန်​နှစ်ခြင်း​ရဲ့ အရေးကြီးမှု​အကြောင်း ရှင်းပြပါ။

ရှင်ပြန်ထမြောက်​လာတဲ့ ယေရှုဟာ အေဒီ ၃၃ မှာ အမျိုးသား/သမီး၊ ကလေး ၅၀​၀ ကျော်​ရှေ့ ကိုယ်ထင်ရှား​ပြခဲ့တယ်။ အဲဒီ​အချိန်မှာ​ပဲ ဒီစကားတွေကို ပြောခဲ့​တာ​ဖြစ်နိုင်တယ်– “ဒါကြောင့် လူမျိုးတကာ​ဆီ သွား​ပြီး လူတွေကို ကျွန်တော့်​တပည့် ဖြစ်​လာအောင် သွန်သင်ပေး​ကြပါ။ အဖ​ဘုရားရဲ့​နာမည်၊ သားတော်​ရဲ့​နာမည်၊ သန့်ရှင်းသော စွမ်းအားတော်​ရဲ့​နာမည်နဲ့ နှစ်ခြင်းပေး​ကြပါ။ ကျွန်တော် မိန့်မှာ​ထားသမျှကို လိုက်နာ​ဖို့ သွန်သင်ပေး​ကြပါ။” (မ. ၂၈:၁၉၊ ၂၀။ ၁ ကော. ၁၅:၆) တပည့်ဖြစ်စေ​ပါ​ဆိုတဲ့ မိန့်မှာချက်ကို ရာနဲ့ချီ​တဲ့ နောက်လိုက်​တွေ ကြားခဲ့​ပုံ​ရတယ်။ နှစ်ခြင်း​ဟာ တပည့်ဖြစ်​ချင်​သူ​တိုင်း​အတွက် လိုအပ်ချက်​ဖြစ်ကြောင်း ယေရှု ဖော်ပြခဲ့တယ်။ (မ. ၁၁:၂၉၊ ၃၀) ယေဟောဝါ​ကို ကိုးကွယ်​ချင်​သူ​တိုင်း ဘုရား​ရည်ရွယ်ချက်မှာ ယေရှုရဲ့ အခန်းကဏ္ဍ​ကို အသိအမှတ်ပြု လက်ခံ​ရမယ်။ ဒါမှ နှစ်ခြင်းခံ​နိုင်မယ်။ အဲဒါဟာ ဘုရား​လက်ခံ​တဲ့ တစ်ခုတည်း​သော ရေနှစ်ခြင်း ဖြစ်တယ်။ နှစ်ခြင်း​ရဲ့ အရေးကြီးမှု​ကို ပထမရာစု တပည့်သစ်​တွေ နားလည်​ကြောင်း ဖော်ပြ​တဲ့ ကျမ်းစာ​မှတ်တမ်း များစွာ​ရှိတယ်။ နှစ်ခြင်း​ခံဖို့ မလိုအပ်ဘဲ အချိန်​မ​ဆွဲ​ခဲ့​ကြဘူး။—တ. ၂:၄၁။ ၉:၁၈။ ၁၆:၁၄၊ ၁၅၊ ၃၂၊ ၃၃

အချိန်​မ​ဆွဲပါ​နဲ့

၉၊ ၁၀။ အီသီယိုးပီးယား​လူနဲ့ တမန်တော် ပေါလု​ဆီကနေ နှစ်ခြင်း​အကြောင်း ဘာသင်ယူနိုင်သလဲ။

တမန်တော် ၈:၃၅၊ ၃၆ ကို​ဖတ်ပါ။ ဂျေရုဆလင်​မြို့မှာ ဝတ်ပြု​ပြီး ပြန်လာတဲ့ အီသီယိုးပီးယား​လူမျိုး ဘာသာပြောင်းဝင်​လာ​သူ​အကြောင်း စဉ်းစားကြည့်ပါ။ သူ့​ဆီ​သွား​ပြီး “ယေရှု​အကြောင်း သတင်းကောင်းကို ဟောပြော” ဖို့ ဖိလိပ္ပု​ကို ယေဟောဝါရဲ့ ကောင်းကင်တမန် လှုံ့ဆော်​ခဲ့တယ်။ အီသီယိုးပီးယား​လူ ဘယ်လို တုံ့ပြန်​သလဲ။ သူ့ရဲ့​တုံ့ပြန်ပုံ​က သိလာတဲ့ အမှန်တရားကို တန်ဖိုးထားကြောင်း ရှင်းလင်း​စွာ ဖော်ပြတယ်။ ယေဟောဝါရဲ့ အစီအစဉ်​အတိုင်း လုပ်ဆောင်​ချင်​တဲ့အတွက် အချိန်​မ​ဆွဲ​ဘဲ နှစ်ခြင်း​ခံခဲ့တယ်။

၁၀ ဒုတိယ ပုံနမူနာ​က​တော့ ခရစ်ယာန်​တွေကို ညှဉ်းပန်းနှိပ်စက်​ခဲ့တဲ့ ဂျူး​တစ်ယောက်​ပဲ။ ဂျူး​တွေဟာ မွေး​ကတည်းက ဘုရား​သခင်​ဆီ ဆက်ကပ်​အပ်နှံ​ထားပြီး​သား ဖြစ်တယ်။ ဒါပေမဲ့ ဘုရားသခင့်​မျက်နှာသာ ဆုံးရှုံး​ခဲ့တယ်။ သူ​ဟာ ဂျူး​ဓလေ့ထုံးစံ​တွေမှာ စိတ်ထက်သန်​ပေ​မဲ့ ပိုကောင်းတဲ့ လမ်းစဉ်​ကို တွေ့​ခဲ့တယ်။ ရှင်ပြန်ထမြောက်​ပြီး​ဖြစ်တဲ့ ယေရှု​ခရစ် စကားပြောတာ​ကို ကိုယ်တိုင် ကြုံတွေ့​ခဲ့ရတယ်။ ဘယ်လို တုံ့ပြန်​ခဲ့သလဲ။ တပည့်တော် အာနနိ​ရဲ့ အကူအညီ​ကို လက်ခံ​ခဲ့တယ်။ “အဲဒီနောက် သူ ထပြီး နှစ်ခြင်းခံ​တယ်” လို့ ကျမ်းစာ​ပြောတယ်။ (တ. ၉:၁၇၊ ၁၈။ ဂ​လ. ၁:၁၄) အဲဒီ​လူက​တော့ တမန်တော် ပေါလု​လို့ လူသိများ​လာ​သူ​ပါပဲ။ ဘုရား​ရည်ရွယ်ချက်မှာ ယေရှုရဲ့ အခန်းကဏ္ဍ​ကို သိလာ​တာနဲ့ ပေါလု ချက်ချင်း နှစ်ခြင်း​ခံခဲ့တယ်။ အချိန်​မ​ဆွဲ​ခဲ့ဘူး။တမန်တော် ၂၂:၁၂-၁၆ ကို​ဖတ်ပါ။

၁၁။ (က) နှစ်ခြင်း​ခံဖို့ ကျမ်းစာသင်သား​ကို ဘာက လှုံ့ဆော်​သလဲ။ (ခ) နှစ်ခြင်းခံ​တဲ့​သူတွေကို မြင်ရ​တဲ့အခါ ကျွန်တော်တို့ ဘယ်လို ခံစားရ​သလဲ။

၁၁ အခုခေတ် ကျမ်းစာသင်သား လူကြီးလူငယ်​တွေလည်း အဲဒီလို​ပါပဲ။ ကျမ်းစာ အမှန်တရားကို ယုံကြည်ပြီး တန်ဖိုးထား​လေးမြတ်သူ​တွေဟာ ဆက်ကပ်​အပ်နှံ၊ နှစ်ခြင်း​ခံချင်ကြတယ်။ အစည်းအဝေး​ပွဲ​တွေ၊ ခရိုင်​အစည်းအဝေးတွေမှာ ထူးခြားချက်​တစ်ခု​က နှစ်ခြင်း​ဟောပြောချက်​ပါပဲ။ ကျမ်းစာသင်သား​တစ်ယောက် အမှန်တရားကို လက်ခံ​ပြီး နှစ်ခြင်းခံ​တဲ့အခါ ယေဟောဝါ​သက်သေ​တွေ ဝမ်းသာ​ကြ​တယ်။ ခရစ်ယာန်​မိဘတွေ​လည်း သားသမီး​တွေ နှစ်ခြင်းခံ​တဲ့အခါ ဝမ်းသာ​ကြ​တယ်။ ၂၀၁၇ လုပ်ငန်းတော်​နှစ်မှာ “စိတ်ရင်းမှန်နဲ့ ကြိုးစား​တဲ့​သူ” ၂၈​၄,၀​၀​၀ ကျော် ယေဟောဝါ​ဆီ ဆက်ကပ်​အပ်နှံ နှစ်ခြင်းခံခဲ့​ကြ​တယ်။ (တ. ၁၃:၄၈) နှစ်ခြင်း​ဆိုတာ ခရစ်ယာန်​တွေအတွက် လိုအပ်ချက်​ဖြစ်မှန်း သူတို့ ကောင်းကောင်း​နားလည်​ကြ​တယ်။ နှစ်ခြင်းခံ​နိုင်ဖို့ ဘာတွေ​လုပ်​ရ​မ​လဲ။

၁၂။ နှစ်ခြင်းခံ​နိုင်ဖို့ ကျမ်းစာသင်သား ဘာတွေ​လုပ်​ရ​မ​လဲ။

၁၂ နှစ်ခြင်းခံ​နိုင်ဖို့ ဘုရား​သခင်၊ ဘုရား​ရည်ရွယ်ချက်၊ ကယ်တင်ခြင်း​အတွက် ဘုရားရဲ့ အစီအစဉ်​တွေအကြောင်း တိကျ​မှန်ကန်စွာ သိရှိ​ပြီး ယုံကြည်ဖို့ လိုတယ်။ (၁ တိ. ၂:၃-၆) ဘုရား မနှစ်သက်​တာတွေကို မ​လုပ်ဖို့၊ ယေဟောဝါရဲ့ ဖြောင့်မတ်​တဲ့ စံနှုန်းတွေကို လိုက်နာ​ဖို့ ယုံကြည်ခြင်းက လှုံ့ဆော်​ပေးတယ်။ (တ. ၃:၁၉) နိုင်ငံ​တော် ဝင်ခွင့်​မရ​စေတဲ့ လုပ်ရပ်တွေ လုပ်​ရင်းနဲ့ ဆက်ကပ်​အပ်နှံ​တာကို ဘုရား​လက်မခံ​ဘူး။ (၁ ကော. ၆:၉၊ ၁၀) ဒါပေမဲ့ ယေဟောဝါရဲ့ မြင့်မားတဲ့ ကိုယ်ကျင့်တရား စံနှုန်းတွေ လိုက်နာ​နေ​ရုံ​နဲ့ မလုံလောက်​ဘူး။ အသင်းတော် အစည်းအဝေး​တွေ တက်ဖို့၊ အသက်ကယ်​တဲ့ ဟောပြောခြင်း​နဲ့ တပည့်​ဖြစ်စေ​ခြင်း လုပ်ငန်းမှာ ပါဝင်ဖို့​လည်း လိုတယ်။ တပည့်စစ်​တွေ အဲဒီလို လုပ်ဆောင်ကြ​မယ်လို့ ယေရှု​ပြောခဲ့တယ်။ (တ. ၁:၈) အဲဒါတွေ လုပ်ဆောင်​ပြီးမှ​ပဲ ယေဟောဝါ​ဆီ ကိုယ်တိုင် ဆုတောင်း​အပ်နှံ​ပြီး လူတွေ​ရှေ့ နှစ်ခြင်းခံ​နိုင်မယ်။

ကျမ်းစာသင်သား​ရဲ့ ပန်းတိုင်

နှစ်ခြင်း​ရဲ့ အရေးကြီးမှု​အ​ကြေင်း သင်သားကို ကောင်းကောင်း ရှင်းပြ​သလား (အပိုဒ် ၁၃ ကိုကြည့်ပါ)

၁၃။ နှစ်ခြင်း​ဆိုတာ ခရစ်ယာန်​တွေအတွက် လိုအပ်ချက်​ဖြစ်မှန်း ဘာကြောင့် သိထား​ဖို့ လို​သလဲ။

၁၃ သားသမီး​တွေ၊ ကျမ်းစာ​သင်သားတွေ​ကို တပည့်ဖြစ်​လာအောင် ကူညီပေး​ရာမှာ နှစ်ခြင်းခံ​တာ​လည်း ပါဝင်​မှန်း ကိုယ်တိုင် သိထား​ဖို့ လိုတယ်။ ဒါမှ ဆက်ကပ်​အပ်နှံ၊ နှစ်ခြင်းခံခြင်း​ရဲ့ အရေးကြီးမှု​ကို သင့်တော်​တဲ့​အချိန်မှာ ပြောပြ​နိုင်မယ်။ သားသမီး​တွေ၊ ကျမ်းစာ​သင်သားတွေ​ကို နှစ်ခြင်းခံ​တဲ့​အထိ တိုးတက်စေ​ချင်​ကြ​တယ်။

၁၄။ နှစ်ခြင်း​ခံဖို့ ဘာကြောင့် ဖိအား​မပေး​သင့်သလဲ။

၁၄ မိဘ၊ ကျမ်းစာသင်ပေး​သူ ဒါမှမဟုတ် တစ်ယောက်ယောက်​က နှစ်ခြင်း​ခံဖို့ ဖိအား​မပေး​သင့်ဘူး။ ယေဟောဝါ​လည်း ဖိအား​မပေး​ဘူး။ (၁ ယော. ၄:၈) ဒါကြောင့် ကျမ်းစာသင်ပေး​တဲ့အခါ သင်သား​နဲ့ ယေဟောဝါ ဆက်ဆံရေးကောင်း​ဖို့​ပဲ အလေးပေး​သင့်တယ်။ အမှန်တရားကို တန်ဖိုးထား​စိတ်၊ တပည့်​ဖြစ်စေ​ခြင်း​တာဝန်ကို ထမ်းဆောင်​ချင်စိတ်​က နှစ်ခြင်း​ခံဖို့ သင်သားကို လှုံ့ဆော်ပေး​ပါလိမ့်မယ်။—၂ ကော. ၅:၁၄၊ ၁၅

၁၅၊ ၁၆။ (က) နှစ်ခြင်း​ခံဖို့ အသက်အရွယ် ကန့်သတ်​ထား​သလား။ ရှင်းပြပါ။ (ခ) တခြား​ဘာသာ​မှာ နှစ်ခြင်းခံခဲ့​ပြီးရင်​တောင် ယေဟောဝါ​သက်သေ​တစ်​ဦး​အဖြစ် ဘာကြောင့် နှစ်ခြင်း​ခံဖို့ လို​သလဲ။

၁၅ နှစ်ခြင်း​ခံဖို့ အသက်အရွယ် ကန့်သတ်​မထား​ဘူး။ သင်သားတွေ​ရဲ့ တိုးတက်မှု​နဲ့ ရင့်ကျက်မှု​နှုန်း မတူ​ကြဘူး။ ငယ်ငယ်ရွယ်ရွယ်နဲ့ နှစ်ခြင်းခံ​ပြီး ယေဟောဝါ​ကို သစ္စာ​ရှိနေ​သူတွေ​လည်း အများကြီး​ပါပဲ။ တချို့​ကျတော့ အသက်ကြီး​မှ၊ အသက် ၁၀၀ ကျော်​မှ ကျမ်းစာ​လေ့လာပြီး နှစ်ခြင်းခံ​ကြ​တယ်။

၁၆ သက်ကြီး​သင်သား​တစ်ယောက်က တခြား​ဘာသာ​မှာ နှစ်ခြင်းခံ​ပြီးသား​ဖြစ်လို့ ထပ်​ပြီး​နှစ်ခြင်း​ခံဖို့ လို​သေး​လား​လို့ မေးတယ်။ ကျမ်းစာသင်ပေး​သူက သက်ဆိုင်ရာ ကျမ်းချက်​တွေနဲ့ ရှင်းပြ​တဲ့အခါ သင်သား သဘောပေါက်​သွား​ပြီး အသက် ၈၀ နား​နီး​နေ​ပေ​မဲ့ နှစ်ခြင်းခံ​လိုက်တယ်။ မှန်ပါတယ်။ ယေဟောဝါ​လက်ခံ​တဲ့ နှစ်ခြင်း​ဆိုတာ အလိုတော်ကို တိကျ​မှန်ကန်စွာ သိရှိခြင်း​အပေါ် အခြေခံ​တယ်။ ဒါကြောင့် လူသစ်​တွေဟာ တခြား​ဘာသာ​မှာ နှစ်ခြင်းခံခဲ့​ပြီးရင်​တောင် ထပ်​နှစ်ခြင်း​ခံဖို့ လိုတယ်။တမန်တော် ၁၉:၃-၅ ကို​ဖတ်ပါ။

၁၇။ နှစ်ခြင်းခံ​တဲ့​နေ့​မှာ ဘာအကြောင်း အလေးအနက် စဉ်းစား​သင့်သလဲ။

၁၇ နှစ်ခြင်းခံ​တဲ့​နေ့​ဟာ အ​ပျော်ရွှင်​ရဆုံး​နေ့​ပါပဲ။ အလေးအနက် စဉ်းစား​ရမယ့် အချိန်​လည်း ဖြစ်တယ်။ ဆက်ကပ်​အပ်နှံမှု​နဲ့အညီ အသက်ရှင်ဖို့ ကြိုးစား​အားထုတ်​ရမယ်။ ဒါကြောင့် ယေရှု​က တပည့်ဖြစ်​ခြင်း​ကို ထမ်းပိုး​နဲ့ ခိုင်းနှိုင်း​ခဲ့တာ။ ယေရှုရဲ့ တပည့်​တွေဟာ “ကိုယ့်​အတွက် အသက်မရှင်​တော့​ဘဲ ကိုယ့်​အတွက် အသေခံပြီး အသက်ပြန်ရှင်​လာတဲ့ ခရစ်တော်​အတွက် အသက်ရှင်​သင့်တယ်။”—၂ ကော. ၅:၁၅။ မ. ၁၆:၂၄

၁၈။ နောက်​ဆောင်းပါး​မှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။

၁၈ ဆောင်းပါး​အစမှာ​ပါတဲ့ မာ​ရီ​ယာ​ရဲ့ မိခင်​လည်း အဲဒီလို စဉ်းစား​ခဲ့တာ ဖြစ်နိုင်တယ်။ သင်ဟာ မိဘဖြစ်​ရင် ‘ငါ့​ကလေး နှစ်ခြင်း​ခံဖို့ တကယ် အသင့်ဖြစ်​ပြီ​လား။ ဆက်ကပ်​အပ်နှံ​နိုင်ဖို့ အသိပညာ အလုံအလောက် ရှိပြီ​လား။ ပညာရေး၊ အလုပ်​နဲ့ပတ်သက်တဲ့ ပန်းတိုင်တွေ​ကော။ နှစ်ခြင်းခံ​ပြီးမှ ကြီးလေးတဲ့ အပြစ်​လုပ်မိ​ရင်​ကော’ ဆိုပြီး စဉ်းစား​မိမှာပဲ။ ဒီအကြောင်း​တွေအပြင် နှစ်ခြင်း​အပေါ် မိဘတွေ မျှတတဲ့​အမြင် ရှိ​နိုင်​ပုံကို နောက်​ဆောင်းပါး​မှာ ဆွေးနွေး​ကြပါ​မယ်။