ကောင်းမြတ်ခြင်း—ဘယ်လို မွေးမြူနိုင်မလဲ
ကျွန်တော်တို့အားလုံး လူကောင်းလို့ အထင်ခံချင်ကြတယ်။ ဒါပေမဲ့ ဒီနေ့ခေတ်မှာ လူကောင်းဖြစ်ဖို့ မလွယ်ဘူး။ လူများစွာက “ကောင်းမြတ်ရာကို မုန်းတီး” ကြတယ်။ (၂ တိ. ၃:၃) အမှားအမှန်နဲ့ပတ်သက်ရင် ကိုယ့်စံနှုန်းအတိုင်း လိုက်ကြတယ်။ “အကောင်းကို အဆိုး၊ အဆိုးကို အကောင်း” လို့ ပြောကြတယ်။ (ဟေရှာ. ၅:၂၀) ကျွန်တော်တို့အားလုံးက ဘဝနောက်ခံကြောင့်၊ မစုံလင်မှုကြောင့် လူကောင်းဖြစ်ဖို့ သိပ်ခက်တယ်။ ဒါကြောင့် ယေဟောဝါကို နှစ်ပေါင်းများစွာ ဝတ်ပြုခဲ့တဲ့ ညီအစ်မတစ်ယောက်က “ကျွန်မ လူကောင်း ဖြစ်နိုင်မယ်လို့ မထင်ဘူး” ဆိုပြီး ပြောတယ်။ ကျွန်တော်တို့လည်း အဲဒီလို ခံစားမိနိုင်တယ်။
ကျွန်တော်တို့အားလုံး ကောင်းမြတ်ခြင်းကို မွေးမြူနိုင်ပါတယ်။ ကောင်းမြတ်ခြင်းဟာ ဘုရားသခင့် သန့်ရှင်းသော စွမ်းအားတော် အရည်အသွေးတစ်ခု ဖြစ်တယ်။ ကျွန်တော်တို့ ကြုံရနိုင်တဲ့ ဘယ်အခက်အခဲထက်မဆို စွမ်းအားတော်က တန်ခိုးကြီးတယ်။ ကောင်းမြတ်ခြင်းဆိုတာ ဘာလဲ၊ ဘယ်လို တင်ပြနိုင်မလဲဆိုတာ လေ့လာကြည့်ကြစို့။
ကောင်းမြတ်ခြင်းဆိုတာ ဘာလဲ
ကောင်းမြတ်ခြင်းဆိုတာ ကောင်းမြတ်တဲ့ အရည်အသွေး၊ ကောင်းမြတ်တဲ့ အခြေအနေ ဖြစ်တယ်။ ကောင်းမြတ်တဲ့သူက ကိုယ်ကျင့်တရား စင်ကြယ်တယ်။ မကောင်းမှု ကင်းစင်တယ်။ တခြားသူတွေကို ကောင်းကျိုးပြုတယ်။ လုပ်ရပ်တွေအားဖြင့် လက်တွေ့ ကူညီပေးတယ်။
မိသားစု၊ မိတ်ဆွေတွေအပေါ် ကောင်းရုံနဲ့ လုံလောက်ပြီလား။ “ကောင်းတာတွေ အမြဲလုပ်ပြီး အပြစ်မလုပ်ဖူးတဲ့ ဖြောင့်မတ်သူဆိုတာ ကမ္ဘာပေါ်မှာ မရှိဘူး” လို့ ကျမ်းစာပြောတဲ့အတွက် ဒီအရည်အသွေးကို ကျွန်တော်တို့ အပြည့်အဝတော့ တင်ပြနိုင်မှာ မဟုတ်ဘူး။ (ဒေ. ၇:၂၀) “ကျွန်တော့်ဆီမှာ တစ်နည်းအားဖြင့် ကျွန်တော့်ကိုယ်ခန္ဓာထဲမှာ ကောင်းတာတစ်ခုမှ မရှိမှန်း သိပါတယ်” လို့ တမန်တော် ပေါလု ပြောတယ်။ (ရော. ၇:၁၈) ဒါကြောင့် ကောင်းမြတ်ခြင်း အရည်အသွေး မွေးမြူချင်ရင် ကောင်းမြတ်ခြင်းရဲ့ ရင်းမြစ်ဖြစ်တဲ့ ယေဟောဝါဆီက သင်ယူရမယ်။
‘ယေဟောဝါဟာ ကောင်းမြတ်တယ်’
ကောင်းမွန်ရာနဲ့ပတ်သက်ပြီး ယေဟောဝါ စံနှုန်းချမှတ်ထားတယ်။ “ကိုယ်တော်ဟာ ကောင်းမြတ်တယ်။ ကိုယ်တော်ရဲ့ လုပ်ဆောင်မှုတွေကလည်း ကောင်းမြတ်တယ်။ ကိုယ်တော်ရဲ့ စည်းမျဉ်းတွေအကြောင်း သင်ကြားပေးလှည့်ပါ” လို့ ကျမ်းစာပြောတယ်။ (ဆာ. ၁၁၉:၆၈) အဲဒီကျမ်းချက်မှာ ပါတဲ့ ယေဟောဝါရဲ့ ကောင်းမြတ်မှု ကဏ္ဍနှစ်ခုအကြောင်း သုံးသပ်ကြည့်ကြစို့။
ယေဟောဝါဟာ ကောင်းမြတ်တယ်။ ကောင်းမြတ်ခြင်းဟာ ယေဟောဝါရဲ့ ပင်ကိုအရည်အသွေး ဖြစ်တယ်။ “ငါ့ရဲ့ ကောင်းမြတ်မှု မှန်သမျှကို မြင်ခွင့်ပေးမယ်” လို့ မောရှေကို ယေဟောဝါ ပြောတဲ့အချိန်မှာ ဘာဖြစ်ခဲ့ကြောင်း စဉ်းစားကြည့်ပါ။ ယေဟောဝါဟာ ကောင်းမြတ်ခြင်း အပါအဝင် မိမိဘုန်းတော်ကို ဖော်ပြတဲ့အခါ ‘ယေဟောဝါဟာ ကရုဏာရှိပြီး သနားစာနာတတ်တဲ့ဘုရား၊ အမျက်ထွက်နှေးပြီး ခိုင်မြဲတဲ့မေတ္တာနဲ့ သစ္စာတရား ကြီးမားတဲ့ဘုရား၊ လူထောင်ပေါင်းများစွာကို ခိုင်မြဲတဲ့မေတ္တာပြတဲ့ဘုရား၊ အမှားတွေ၊ ကျူးလွန်မှုတွေ၊ အပြစ်တွေကို ခွင့်လွှတ်ပေမဲ့ ပြစ်မှားသူကို ဒဏ်မပေးဘဲမနေတဲ့ဘုရားပဲ’ ဆိုတဲ့ အသံကို မောရှေ ကြားလိုက်ရတယ်။ (ထွ. ၃၃:၁၉။ ၃၄:၆၊ ၇) ယေဟောဝါဟာ နည်းမျိုးစုံနဲ့ ကောင်းမြတ်ကြောင်း နားလည်နိုင်ပါတယ်။ ယေရှုဟာ လူသားဘဝတုန်းက အကောင်းဆုံးပုဂ္ဂိုလ်ဖြစ်ပေမဲ့ “ဘုရားသခင်ကလွဲလို့ ကောင်းမြတ်တဲ့သူ ဘယ်သူမှ မရှိဘူး” လို့ ပြောခဲ့တယ်။—လု. ၁၈:၁၉။
ယေဟောဝါရဲ့ လုပ်ဆောင်မှုတွေဟာ ကောင်းမြတ်တယ်။ ဘုရားသခင်ရဲ့ လုပ်ဆောင်မှု အားလုံးမှာ ကောင်းမြတ်ခြင်း ပေါ်လွင်တယ်။ “ယေဟောဝါဟာ သက်ရှိအားလုံးအပေါ် ကောင်းမြတ်တယ်။ လုပ်ဆောင်မှုတိုင်းမှာ ကရုဏာတော်ကို အထင်အရှား တွေ့မြင်ရတယ်။” (ဆာ. ၁၄၅:၉) ယေဟောဝါဟာ မျက်နှာမလိုက်ဘူး။ လူတွေကို အသက်နဲ့ အသက်ရှင်ဖို့ လိုအပ်ရာမှန်သမျှ ပေးထားတယ်။ (တ. ၁၄:၁၇) ဘုရားရဲ့ ခွင့်လွှတ်မှုမှာလည်း ကောင်းမြတ်ခြင်း ပေါ်လွင်တယ်။ “အို ယေဟောဝါ၊ ကိုယ်တော်ဟာ ကောင်းမြတ်တယ်၊ ခွင့်လွှတ်ဖို့ အသင့်ရှိတယ်” လို့ ဆာလံဆရာ ရေးတယ်။ (ဆာ. ၈၆:၅) “ယေဟောဝါက သမာဓိရှိတဲ့လမ်းစဉ်မှာ လျှောက်လှမ်းသူတွေကို ကောင်းမွန်ရာတွေ မပေးဘဲ မနေ” ကြောင်း စိတ်ချနိုင်ပါတယ်။—ဆာ. ၈၄:၁၁။
“ကောင်းတာလုပ်ဖို့ သင်ယူပါ”
ကျွန်တော်တို့ဟာ ဘုရားရဲ့ပုံသဏ္ဌာန်နဲ့အညီ ဖန်ဆင်းခံရတဲ့အတွက် လူကောင်းတွေ ဖြစ်နိုင်ပြီး ကောင်းတာတွေ လုပ်နိုင်တယ်။ (က. ၁:၂၇) “ကောင်းတာလုပ်ဖို့ သင်ယူပါ” လို့ ကျမ်းစာမှာ တိုက်တွန်းထားတယ်။ (ဟေရှာ. ၁:၁၇) ကောင်းတာလုပ်ဖို့ ဘယ်လို သင်ယူရမလဲ။ နည်းသုံးနည်းကို ကြည့်ကြစို့။
ဦးဆုံး၊ သန့်ရှင်းသော စွမ်းအားတော်ရဖို့ ဆုတောင်းနိုင်တယ်။ စွမ်းအားတော်က ကောင်းမြတ်ခြင်းကို မွေးမြူဖို့ ကူညီပေးနိုင်တယ်။ (ဂလ. ၅:၂၂) ကောင်းတဲ့အရာကို မြတ်နိုးဖို့၊ မကောင်းတဲ့အရာကို မုန်းဖို့ ကူညီပေးနိုင်တယ်။ (ရော. ၁၂:၉) “ကောင်းမွန်ရာကို အမြဲပြောဆိုပြီး လုပ်ဆောင်” ဖို့ ယေဟောဝါ ကူညီနိုင်တယ်လို့ ကျမ်းစာမှာ ပြောတယ်။—၂ သက်. ၂:၁၆၊ ၁၇။
ဒုတိယ၊ စွမ်းအားတော် လမ်းညွှန်မှုနဲ့ ရေးထားတဲ့ ကျမ်းစာကို ဖတ်သင့်တယ်။ ကျမ်းစာဖတ်တဲ့အခါ “မွန်မြတ်တဲ့ လမ်းစဉ်မှန်သမျှကို” သိလာတဲ့အတွက် “မွန်မြတ်တဲ့အလုပ် အမျိုးမျိုးကို လုပ်ဆောင်ဖို့ အရည်အချင်း ပြည့်ဝလာ” မယ်။ (ပညာ. ၂:၉။ ၂ တိ. ၃:၁၇) ကျမ်းစာ ဖတ်ခြင်း၊ တွေးတောဆင်ခြင်ခြင်းအားဖြင့် ဘုရားသခင်အကြောင်း၊ အလိုတော်အကြောင်း ကောင်းတဲ့အရာတွေ စိတ်ထဲ ပြည့်နေပါလိမ့်မယ်။ အဲဒါတွေက နောက်ပိုင်း ကျွန်တော်တို့ကို ကူညီပေးပါလိမ့်မယ်။—လု. ၆:၄၅။ ဧ. ၅:၉။
တတိယ၊ “အကောင်းကို အတုယူ” ဖို့ ကြိုးစားပါ။ (၃ ယော. ၁၁) ကျမ်းစာမှာ တုပနိုင်တဲ့ ပုံသက်သေကောင်းသူတွေ ရှိတယ်။ အကောင်းဆုံး ပုံသက်သေကတော့ ယေဟောဝါနဲ့ ယေရှုပါပဲ။ လူကောင်းတွေအဖြစ် လူသိများသူတွေလည်း ရှိတယ်။ နှစ်ယောက်ကတော့ တဗိသနဲ့ ဗာနဗ။ (တ. ၉:၃၆။ ၁၁:၂၂-၂၄) သူတို့ရဲ့မှတ်တမ်းကို သုံးသပ်ပြီး တခြားသူတွေကို ဘယ်လို လက်တွေ့ကျကျ ကူညီခဲ့ကြောင်း မှတ်သားပါ။ မိသားစုမှာ၊ အသင်းတော်မှာ သင် ဘယ်လို ကူညီပေးနိုင်မလဲဆိုတာ စဉ်းစားပါ။ ကောင်းမြတ်မှုကြောင့် တဗိသနဲ့ ဗာနဗ ဘယ်လို အကျိုးရကြောင်းလည်း စဉ်းစားပါ။ သင်လည်း အလားတူ ကောင်းကျိုးရနိုင်တယ်။
ဒီနေ့ခေတ် ပုံသက်သေတွေကိုလည်း စဉ်းစားနိုင်တယ်။ ဥပမာ၊ “ကောင်းမြတ်တဲ့အရာကို နှစ်သက်” ပြီး အလုပ်ကြိုးစားတဲ့ အကြီးအကဲတွေ၊ အပြောနဲ့ အလုပ်အားဖြင့် “ကောင်းမွန်ရာကို သွန်သင်ပေး” တဲ့ သစ္စာရှိ ညီအစ်မတွေ ဖြစ်တယ်။ (တိ. ၁:၈။ ၂:၃) ညီအစ်မ ရိုစလင်း ဒီလိုပြောတယ်– “သူငယ်ချင်းတစ်ယောက်က အသင်းတော်မှာ ရှိတဲ့သူတွေကို ကူညီအားပေးတယ်။ သူတို့အခြေအနေကို စဉ်းစားပြီး လက်ဆောင်လေးတွေ ပေးလေ့ရှိတယ်။ လက်တွေ့ကျကျ ကူညီပေးတတ်တယ်။ သိပ်ကောင်းတဲ့ ညီအစ်မပဲ။”
“ကောင်းမှုကို ရှာ” ဖို့ ယေဟောဝါ အားပေးတယ်။ (အာ. ၅:၁၄) အဲဒီလို လုပ်ခြင်းအားဖြင့် ဘုရားစံနှုန်းတွေကို မြတ်နိုးလာရုံသာမက ကောင်းတာ လုပ်ဖို့ စိတ်ပိုင်းဖြတ်ချက် ပိုခိုင်မာလာပါလိမ့်မယ်။
ကောင်းမြတ်ဖို့၊ ကောင်းတာ လုပ်ဖို့ ကျွန်တော်တို့ ကြိုးစားကြ
ကောင်းမြတ်ကြောင်း ပြဖို့ ထူးထူးခြားခြား လုပ်ပြစရာ၊ စျေးကြီးတဲ့ လက်ဆောင်ပေးစရာ မလိုပါဘူး။ ဥပမာ၊ အပင်လေးတစ်ပင် ကြီးထွားဖို့ ရေကို တစ်ကြိမ်တည်း ပုံးလိုက် မလောင်းရဘူး။ နည်းနည်းစီ အကြိမ်များစွာ လောင်းပေးရတယ်။ အလားတူပဲ သေးငယ်တဲ့ လုပ်ရပ်ကောင်း များစွာက ကျွန်တော်တို့ရဲ့ ကောင်းမြတ်မှုကို ဖော်ပြတယ်။
ကောင်းမှုပြုရာမှာ ‘အသင့်ရှိဖို့၊’ “အသင့်ဖြစ်နေဖို့” ကျမ်းစာ တိုက်တွန်းထားတယ်။ (၂ တိ. ၂:၂၁။ တိ. ၃:၁) တခြားသူတွေရဲ့ အခြေအနေကို မျက်စိရှင်ရှင် ကြည့်မယ်ဆိုရင် “သူတို့အကျိုးအတွက် အားပေးမှုဖြစ်စေမယ့် အရာတွေကို လုပ်ဆောင်” နိုင်ပါလိမ့်မယ်။ (ရော. ၁၅:၂) အဲဒီထဲမှာ ကိုယ့်မှာ ရှိတာကို ဝေမျှတာလည်း ပါတယ်။ (ပညာ. ၃:၂၇) ဥပမာ၊ ထမင်းတစ်နပ် ကျွေးဖို့၊ စုဆုံပေါင်းသင်းဖို့ ဖိတ်ခေါ် နိုင်တယ်။ တစ်ယောက်ယောက် ဖျားနေမှန်း သိရင် ကတ်ရေးပို့နိုင်တယ်၊ သွားလည်နိုင်တယ်၊ ဖုန်းဆက်နိုင်တယ်။ “နားထောင်သူအတွက် အကျိုးရှိစေတဲ့စကား ဖြစ်နိုင်ဖို့ အချိန်အခါကိုကြည့်ပြီး ကောင်းတဲ့စကားကိုပဲ အပြုသဘောပါပါ ပြော” ဖို့ အခွင့်အရေးများစွာ ရှာနိုင်တယ်။—ဧ. ၄:၂၉။
ကျွန်တော်တို့ဟာ ယေဟောဝါလိုပဲ လူအားလုံးအပေါ် ကောင်းဖို့ ကြိုးစားကြတယ်။ မျက်နှာမလိုက်ဘူး။ လူအားလုံးကို နိုင်ငံတော်သတင်း ဟောပြောတယ်။ ယေရှု မိန့်မှာသလို ကိုယ့်ကို မုန်းတဲ့သူတွေကိုတောင် ကောင်းမှုပြုဖို့ ကြိုးစားကြတယ်။ (လု. ၆:၂၇) လူတွေအပေါ် ကြင်နာမှုပြတာ၊ ကောင်းမှုပြုတာ ဘယ်တော့မှ မမှားပါဘူး။ “အဲဒါတွေကို ဆန့်ကျင်တဲ့ ပညတ်ဆိုတာ မရှိဘူး။” (ဂလ. ၅:၂၂၊ ၂၃) ဆန့်ကျင်မှု၊ စမ်းသပ်မှု ကြုံရချိန်မှာတောင် ကောင်းတဲ့အကျင့် တင်ပြခြင်းအားဖြင့် တခြားသူတွေကို အမှန်တရားထဲ ဆွဲဆောင်နိုင်ပြီး ဘုရားရဲ့ ဘုန်းထင်ရှားစေနိုင်တယ်။—၁ ပေ. ၃:၁၆၊ ၁၇။
ကောင်းမြတ်ခြင်းကြောင့် ကောင်းကျိုး ရ
“လူကောင်းကတော့ ကိုယ့်လုပ်ရပ်ရဲ့ ကောင်းကျိုးတွေကို ခံစားရလိမ့်မယ်။” (ပညာ. ၁၄:၁၄) ဘာကောင်းကျိုးတွေလဲ။ တခြားသူတွေအပေါ် ကောင်းရင် ကိုယ့်အပေါ် ပြန်ကောင်းကြလိမ့်မယ်။ (ပညာ. ၁၄:၂၂) အဲဒီလို မဟုတ်ရင်တောင် ဇွဲမလျှော့ဘဲ ကောင်းမှုပြုခြင်းအားဖြင့် သူတို့ရဲ့ သဘောထား ပျော့ပျောင်းလာပြီး မာကျောတဲ့စိတ် အရည်ပျော်လာနိုင်တယ်။—ရော. ၁၂:၂၀။
ကောင်းတာကို လုပ်ပြီး မကောင်းတာကို ရှောင်လို့ လူများစွာ အကျိုးခံစားနေရတယ်။ နန်စီရဲ့ အဖြစ်ကို သုံးသပ်ကြည့်ပါ။ “ကျွန်မက စရိုက်ကြမ်းတယ်။ အကျင့်ပျက်တယ်။ ဂျစ်ကန်ကန်နဲ့။ ဒါပေမဲ့ ဘုရားရဲ့ ကောင်းမြတ်မှု စံနှုန်းတွေကို သိလာပြီး ကျင့်သုံးတဲ့အခါ ပိုပျော်လာတယ်။ ကိုယ့်ကိုယ်ကိုယ် လေးစားမှု ရှိလာတယ်” လို့ သူပြောတယ်။
ကောင်းမြတ်ခြင်းကို မွေးမြူသင့်တဲ့ အဓိကအကြောင်းရင်းကတော့ ယေဟောဝါကို ပျော်ရွှင်စေလို့ပဲ။ ကိုယ့်လုပ်ရပ်ကို တခြားသူတွေ မမြင်ရင်တောင် ယေဟောဝါ မြင်တယ်။ ကောင်းမွန်တဲ့ လုပ်ရပ်နဲ့ အတွေးတွေကိုလည်း သိတယ်။ (ဧ. ၆:၇၊ ၈) ဘုရား ဘယ်လို ဆုချမလဲ။ “သူတော်ကောင်းဟာ ယေဟောဝါရဲ့ မျက်နှာသာကို ရတတ်တယ်။” (ပညာ. ၁၂:၂) ဒါကြောင့် ကောင်းမြတ်ခြင်းကို ဆက်မွေးမြူကြပါစို့။ ‘ကောင်းတဲ့အကျင့် ကျင့်သူတိုင်း ဘုန်းအသရေနဲ့ ငြိမ်သက်ခြင်း ခံစားရမယ်’ လို့ ယေဟောဝါ ကတိပေးထားတယ်။—ရော. ၂:၁၀။