မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၁၁

ကျမ်းစာကနေ ခွန်အား ရယူနိုင်ပုံ

ကျမ်းစာကနေ ခွန်အား ရယူနိုင်ပုံ

‘ခံနိုင်ရည် ပေးသနား​တဲ့ ဘုရားသခင်။’—ရော. ၁၅:၅

သီချင်း ၉၄ နှုတ်မြွက်တော်​ကျမ်းစာ​အတွက် ကျေးဇူး​တင်

အကြို​သုံးသပ်ချက် *

၁။ ဘယ်​စမ်းသပ်မှု​တွေ​ကို ယေဟောဝါ​ရဲ့ လူမျိုး ရင်ဆိုင်​နေရ​သလဲ။

ခက်ခဲ​တဲ့ စမ်းသပ်မှု​တစ်ခု ရင်ဆိုင်​နေရ​သလား။ အသင်းတော်​ထဲ​က တစ်ယောက်ယောက်​ကြောင့် စိတ်ထိခိုက်​နေတာ ဖြစ်​နိုင်တယ်။ (ယာ. ၃:၂) ယေဟောဝါ​ကို ဝတ်ပြုလို့ အလုပ်ဖော်၊ အတန်းဖော်​တွေ​ရဲ့ လှောင်ပြောင်မှု ခံ​နေရ​တာ ဖြစ်​နိုင်တယ်။ (၁ ပေ. ၄:၃၊ ၄) အစည်းအဝေး မတက်ဖို့၊ ယုံကြည်ချက်​အကြောင်း တခြား​သူတွေကို မပြောဖို့ မိသားစုဝင်​တွေ တားဆီး​နေတာ ဖြစ်​နိုင်တယ်။ (မ. ၁၀:၃၅၊ ၃၆) သိပ်​ခက်ခဲ​တဲ့ စမ်းသပ်မှု ဖြစ်​မယ်​ဆိုရင် လက်လျှော့​အရှုံးပေး​ချင်စိတ် ပေါ်လာ​နိုင်တယ်။ ဒါပေမဲ့ ဘယ်လို အခက်အခဲ​ပဲ ကြုံ​ရ​ပါစေ ရင်ဆိုင်​ဖြေရှင်း​နိုင်အောင် ယေဟောဝါ ဉာဏ်ပညာ ပေး​မယ်၊ ခံရပ်​နိုင်အောင် ခွန်အား ပေး​မယ်​ဆိုတာ စိတ်ချ​နိုင်​ပါ​တယ်။

၂။ ရောမ ၁၅:၄ အရ ကျမ်းစာ​ဖတ်ရှုခြင်း​က ကျွန်တော်​တို့ကို ဘယ်လို ကူညီပေး​နိုင်​သလဲ။

ခက်ခဲ​တဲ့ စမ်းသပ်မှု​တွေ​ကို မစုံလင်သူ​တွေ ဘယ်လို ရင်ဆိုင်​ဖြေရှင်း​ခဲ့​ကြောင်း ကျမ်းစာ​မှာ ယေဟောဝါ အသေးစိတ် ထည့်သွင်း​ဖော်ပြ​ထား​တယ်။ ဘာကြောင့်လဲ။ အဲဒီ​မှတ်တမ်းတွေက​နေ သင်ယူ​နိုင်​ဖို့​ပါ။ တမန်​တော် ပေါလု အဲဒီလိုပဲ ရေးခဲ့တယ်။ (ရောမ ၁၅:၄ ကို​ဖတ်ပါ။) ကျမ်းစာ​မှတ်တမ်းတွေကို ဖတ်​တဲ့​အခါ နှစ်သိမ့်မှုနဲ့ မျှော်လင့်ချက် အတော်အတန် ရနိုင်တယ်။ ဒါပေမဲ့ ဖတ်​ရုံ​လောက်​နဲ့ အကျိုး​ရမှာ မဟုတ်ဘူး။ ကိုယ့်​အတွေးအခေါ်နဲ့ ခံစားချက်​အပေါ် အကျိုး​သက်ရောက်​တဲ့​အထိ ဖြစ်စေ​ရမယ်။ ဥပမာ၊ အခက်အခဲ​တစ်ခု​ကို ဖြေရှင်းဖို့ အကြံဉာဏ် လို​နေရင် ဘာလုပ်​နိုင်​သလဲ။ ဒီ​အဆင့် လေးဆင့်​ကို လုပ်​နိုင်တယ်– (၁) ဆုတောင်း​ပါ၊ (၂) မြင်ယောင်​ပါ၊ (၃) တွေးတောပါ၊ (၄) လက်တွေ့​ကျင့်​ပါ။ အဲဒီ​အဆင့် တစ်ဆင့်​စီ​မှာ ဘာတွေ ပါဝင်​ကြောင်း ဆွေးနွေး​ကြည့်​ကြ​စို့။ * ဘုရင် ဒါဝိဒ်​နဲ့ တမန်​တော် ပေါလု​ရဲ့ ဘဝ​မှတ်တမ်း​ကို အဲဒီ​အဆင့်​တွေ​အတိုင်း လေ့လာ​ပြီး ဘာ​သင်ယူ​နိုင်​ကြောင်း ကြည့်​ကြ​စို့။

၁။ ဆုတောင်းပါ

ကျမ်းစာ​မှတ်တမ်း​တစ်ခု​ကို မဖတ်​ခင် ဘယ်လို အကျိုး​ရမလဲ​ဆိုတာ သိနိုင်ဖို့ ယေဟောဝါ​ဆီ အကူအညီ တောင်း​ပါ (စာပိုဒ် ၃ ကိုကြည့်ပါ)

၃။ ကျမ်းစာ မဖတ်​ခင် ဘာ​လုပ်သင့်သလဲ။ ဘာကြောင့်လဲ။

(၁) ဆုတောင်း​ပါ။ ဖတ်​တဲ့​အကြောင်းအရာ​ကနေ အကျိုး​ရဖို့ ကျမ်းစာ စ​မဖတ်​ခင် ယေဟောဝါ​ဆီ အကူအညီ​တောင်း​ပါ။ ဥပမာ၊ ပြဿနာ​တစ်ခု​ကို ဘယ်လို ဖြေရှင်း​ရမလဲ​ဆို​တဲ့ အကြံဉာဏ် လို​နေတယ်​ဆိုရင် အဲဒါနဲ့ သက်ဆိုင်​တဲ့ ကျမ်းစာ​မူတွေ ရှာတွေ့​နိုင်အောင် ကူညီ​ပေးဖို့ ယေဟောဝါ​ဆီ ဆုတောင်း​ပါ။—ဖိ. ၄:၆၊ ၇။ ယာ. ၁:၅

၂။ မြင်ယောင်ပါ

ကျမ်းစာ​မှတ်တမ်း​ထဲ​က အဓိက​ဇာတ်ကောင်​နေရာမှာ ဝင်​ခံစား​ကြည့်​ပါ (စာပိုဒ် ၄ ကို​ကြည့်​ပါ)

၄။ ဘယ်လိုနည်းနဲ့ ကျမ်းစာ​မှတ်တမ်း​တစ်ခု​ကို အသက်ဝင်​စေနိုင်​သလဲ။

(၂) မြင်ယောင်​ပါ။ ယေဟောဝါ​က မြင်ယောင်​နိုင်စွမ်း​ဆို​တဲ့ အံ့ဖွယ်​ဆုကျေးဇူး ကျွန်တော်​တို့ကို ပေး​ထား​တယ်။ ကျမ်းစာ​မှတ်တမ်း​တစ်ခု အသက်ဝင်​လာစေဖို့ အဖြစ်အပျက်​ကို မြင်ယောင်​ကြည့်​ပါ။ အဓိက​ဇာတ်ကောင် နေရာမှာ ဝင်​ခံစား​ကြည့်​ပါ။ သူ တွေ့​တာ​ကို တွေ့​ဖို့၊ သူ ခံစား​သလို ခံစား​ဖို့ ကြိုးစား​ပါ။

၃။ တွေးတောပါ

ကိုယ်​ဖတ်​တဲ့ အရာ​အကြောင်း၊ ကိုယ်​နဲ့ သက်ဆိုင်ပုံ​အကြောင်း သေသေချာချာ စဉ်းစားပါ (စာပိုဒ် ၅ ကို​ကြည့်​ပါ)

၅။ တွေးတော​တယ်​ဆိုတာ ဘာလဲ။ ဘယ်လို တွေးတော​နိုင်​သလဲ။

(၃) တွေးတောပါ။ တွေးတော​တယ်​ဆိုတာ ဖတ်​တဲ့​အရာ​အကြောင်း၊ ကိုယ်​နဲ့ သက်ဆိုင်ပုံ​အကြောင်း သေသေချာချာ စဉ်းစား​တာ​ကို ဆိုလို​တယ်။ အဲဒီလို တွေးတော​တာ​က ဖတ်​တဲ့ အကြောင်းအရာကို အချိတ်အဆက်မိမိ နားလည်​စေတယ်။ မတွေး​တော​ဘဲ ဖတ်​လိုက်တာ​က ရုပ်ဆက်​ကစား​နည်း​မှာ ပါ​တဲ့ အပိုင်းအစ​တွေ​ကို မဆက်​ဘဲ ထိုင်​ကြည့်​နေတာ​နဲ့ တူတယ်။ ရုပ်ပုံ​တစ်ခုလုံး​ကို မြင်​မှာ မဟုတ်ဘူး။ တွေးတော​တာ​က​တော့ ရုပ်ပုံ​တစ်ခုလုံး​ကို မြင်​နိုင်အောင် အဲဒီ​အပိုင်းအစ​တွေ​ကို ဆက်​လိုက်တာနဲ့ တူတယ်။ တွေးတော​တဲ့​အခါ အထောက်အကူ ဖြစ်စေ​ဖို့ ဒီ​မေးခွန်းတွေ မေး​နိုင်တယ်– ‘ဒီ​မှတ်တမ်းမှာ အဓိက​ဇာတ်ကောင်​က ပြဿနာ​ကို ဘယ်လို ဖြေရှင်း​သလဲ။ ယေဟောဝါ ဘယ်လို ကူညီပေး​သလဲ။ ဒီ​သင်ခန်းစာ​က အခက်အခဲတွေကို ခံရပ်​နိုင်အောင် ငါ့ကို ဘယ်လို ကူညီပေး​သလဲ။’

၄။ လက်တွေ့ကျင့်ပါ

ဆုံးဖြတ်ချက် ကောင်းကောင်း ချ​နိုင်​ဖို့၊ ပို​စိတ်​တည်ငြိမ်​ဖို့၊ ယုံကြည်ခြင်း ပို​ခိုင်မာ​ဖို့ သိလာတာကို လက်တွေ့​ကျင့်​ပါ (စာပိုဒ် ၆ ကို​ကြည့်​ပါ)

၆။ သိလာတာတွေကို ဘာကြောင့် လက်တွေ့​ကျင့်​ရမလဲ။

(၄) လက်တွေ့​ကျင့်​ပါ။ သိ​တာတွေကို လက်တွေ့ မကျင့်​သူဟာ သဲ​ပေါ် အိမ်ဆောက်​သူနဲ့ တူတယ်​လို့ ယေရှု ပြော​တယ်။ ကြိုးကြိုးစားစား ဆောက်​ပေမဲ့ အလကား ဖြစ်သွား​တယ်။ လေမုန်တိုင်း ကျ​တဲ့​အခါ အိမ်​ပြို​သွား​လို့​ပဲ။ (မ. ၇:၂၄-၂၇) အဲဒီလိုပဲ ဆုတောင်း​တယ်၊ မြင်ယောင်​တယ်၊ တွေးတော​တယ်၊ ဒါပေမဲ့ သိလာတာကို လက်တွေ့ မကျင့်​ရင် ကျွန်တော်​တို့​ရဲ့ ကြိုးစား​မှု​တွေ အလကား ဖြစ်သွား​လိမ့်မယ်။ အခက်အခဲ​တွေ၊ နှိပ်စက်​ညှဉ်းပန်းမှု​တွေ ကြုံ​ရတဲ့အခါ ယုံကြည်ခြင်း ခိုင်မာ​နေမှာ မဟုတ်ဘူး။ ဒါပေမဲ့ လေ့လာ​ပြီး သိလာတာကို လက်တွေ့​ကျင့်သုံး​မယ်​ဆိုရင် ဆုံးဖြတ်ချက် ကောင်းကောင်း ချ​နိုင်​မယ်၊ ပို​စိတ်​တည်ငြိမ်​လာမယ်၊ ယုံကြည်ခြင်း ပို​ခိုင်မာ​လာမယ်။ (ဟေရှာ. ၄၈:၁၇၊ ၁၈) အထက်မှာ ဆွေးနွေး​ခဲ့​တဲ့ အဆင့်​လေးဆင့်​ကို သုံးပြီး ဘုရင် ဒါဝိဒ်ရဲ့ ဘဝ​မှတ်တမ်းကနေ ဘာ​သင်ယူ​နိုင်​ကြောင်း ဆွေးနွေး​ကြည့်​ကြ​စို့။

ဘုရင်​ဒါဝိဒ်​ဆီကနေ ဘာ​သင်ယူ​နိုင်​သလဲ

၇။ ဘယ်​ကျမ်းစာ​မှတ်တမ်း​ကို သုံးသပ်ကြ​မလဲ။

မိတ်ဆွေ ဒါမှ​မဟုတ် မိသားစုဝင်​တစ်ယောက်​ရဲ့ သစ္စာဖောက်​တာ​ကို ခံ​နေရ​သလား။ ဒါဆိုရင် ဘုရင်​ဒါဝိဒ်ရဲ့ သား အဗရှလုံ​အကြောင်း သုံးသပ်ခြင်းကနေ အကျိုး​ရပါမယ်။ အဗရှလုံ​ဟာ အဖေ​ကို သစ္စာဖောက်​ပြီး ထီးနန်း​လု​ဖို့​တောင် ကြိုးစား​ခဲ့တယ်။—၂ ရှ. ၁၅:၅-၁၄၊ ၃၁။ ၁၈:၆-၁၄

၈။ ယေဟောဝါ​ဆီက အကူအညီ ရဖို့ ဘာလုပ်​နိုင်​သလဲ။

(၁) ဆုတောင်း​ပါ။ တခြား​သူတွေ ကိုယ့်ကို ကောင်းကောင်း မဆက်ဆံ​လို့ ဘယ်လို ခံစား​နေရ​တယ်​ဆိုတာ ယေဟောဝါ​ကို ပြောပြ​ပါ။ (ဆာ. ၆:၆-၉) တိတိကျကျ ပြောပြ​ပါ။ ပြီး​နောက် ဒီ​အခက်အခဲ​ကို ရင်ဆိုင်​ဖြေရှင်း​နိုင်အောင် ကူညီပေး​မယ့် ကျမ်းစာ​မူတွေ ရှာတွေ့​ဖို့ ယေဟောဝါ​ဆီ အကူအညီ တောင်း​ပါ။

၉။ ဒါဝိဒ်​နဲ့ အဗရှလုံ မှတ်တမ်း​ကို အကျဉ်းချုပ် ပြောပြ​ပါ။

(၂) မြင်ယောင်​ပါ။ မှတ်တမ်း​ကို ဖတ်​ရင်း ဘုရင် ဒါဝိဒ် ဘယ်လို ခံစား​နေရမယ်​ဆိုတာ မြင်ယောင်​ပါ။ ဒါဝိဒ်ရဲ့ သား အဗရှလုံ​ဟာ လူတွေရဲ့ မေတ္တာကို အရ​ယူဖို့ နှစ်ပေါင်း​များစွာ ကျိတ်​ကြံစည်​ခဲ့တယ်။ (၂ ရှ. ၁၅:၇) အချိန်​ကျ​ပြီ​လို့ ယူဆတဲ့​အခါ အဗရှလုံ​ဟာ အစ္စရေး တစ်နိုင်ငံ​လုံး​ဆီ သူလျှိုတွေ စေလွှတ်​ပြီး ဘုရင်​အဖြစ် ထောက်ခံ​ပေး​မယ့်​သူတွေကို စီစဉ်​ထား​တယ်။ ဒါဝိဒ်ရဲ့ အချစ်ဆုံး သူငယ်ချင်း​လည်း ဖြစ်၊ အကြံပေး​အရာရှိ​လည်း ဖြစ်​တဲ့ အဟိသောဖေလ​ကို​တောင် ပုန်ကန်မှု​မှာ ပါ​အောင် စည်းရုံး​ခဲ့တယ်။ ပြီး​နောက် ကိုယ့်ကိုယ်ကိုယ် ဘုရင်မြှောက်​ပြီး အဲဒီအချိန်မှာ နာမကျန်း ဖြစ်နေ​တဲ့ ဒါဝိဒ်​ကို ဖမ်းဆီး​သတ်ဖြတ်​ဖို့ ကြိုးစား​တယ်။ (ဆာ. ၄၁:၁-၉) အဲဒီ​အကြံအစည်​ကို ဒါဝိဒ် သိသွား​လို့ ဂျေရုဆလင်​ကနေ ထွက်ပြေး​ခဲ့​ရတယ်။ နောက်ဆုံး၊ အဗရှလုံ​ရဲ့ စစ်တပ်​နဲ့ ဒါဝိဒ်ရဲ့ စစ်တပ် တိုက်​ကြတယ်။ ပုန်ကန်​သူတွေ ကျရှုံး​သွားပြီး ဒါဝိဒ်ရဲ့ သား အဗရှလုံ အသတ်ခံ​လိုက်ရတယ်။

၁၀။ ဘုရင် ဒါဝိဒ် ဘာတွေ လုပ်မိ​နိုင်​သလဲ။

၁၀ ဒီ​အဖြစ်အပျက်​တွေ တစ်လျှောက်​လုံး​မှာ ဒါဝိဒ် ဘယ်လို ခံစား​ရမယ်ဆိုတာ မြင်ယောင်​ကြည့်​ပါ။ ဒါဝိဒ်ဟာ အဗရှလုံ​ကို သိပ်​ချစ်တယ်။ အဟိသောဖေလ​ကို သိပ်​ယုံတယ်။ ဒါပေမဲ့ သူတို့​နှစ်ယောက်စလုံး သစ္စာဖောက်​သွား​ကြတယ်။ ဒါဝိဒ်​ကို အကြီးအကျယ် စိတ်​ထိခိုက်အောင် လုပ်ပြီး သတ်ဖို့​တောင် ကြံစည်​ကြတယ်။ ဒါ​ကြောင့် တခြား​မိတ်ဆွေတွေကိုပါ ဒါဝိဒ် အယုံအကြည် ပျက်​ပြီး အဗရှလုံ​ဘက် ပါသွား​ပြီ​လားလို့ သံသယ ဝင်​မိ​နိုင်တယ်။ ကိုယ့်​အတွက်ပဲ ကြည့်​ပြီး တစ်ယောက်တည်း ထွက်ပြေး​ချင်စိတ် ပေါက်​မိ​နိုင်တယ်။ ဒါမှ​မဟုတ် စိတ်ဓာတ်ကျ​ပြီး လက်မြှောက် အရှုံးပေး​မိ​နိုင်တယ်။ ဒါပေမဲ့ ဒါဝိဒ် အဲဒီလို မလုပ်​ဘူး။ ဒီ​အခက်အခဲ​ကို ရင်ဆိုင်​ကျော်ဖြတ်​နိုင်​ခဲ့တယ်။ ဘာကြောင့်လဲ။

၁၁။ အခက်အခဲ​ကို ဒါဝိဒ် ဘယ်လို ဖြေရှင်း​သလဲ။

၁၁ (၃) တွေးတောပါ။ ဒီ​မှတ်တမ်းကနေ ဘာ​သင်ယူ​နိုင်​သလဲ။ “အခက်အခဲ​ကို ဒါဝိဒ် ဘယ်လို ဖြေရှင်း​သလဲ” ဆိုတဲ့ မေးခွန်း​ကို ဖြေကြည့်ပါ။ ဒါဝိဒ် ထိတ်ထိတ်ပျာပျာ မဖြစ်​ဘူး။ ပညာမဲ့​တဲ့ ဆုံးဖြတ်ချက်​တွေ အလျင်စလို မချ​ဘူး။ ကြောက်စိတ်​ကြောင့် ခြေမကိုင်မိ၊ လက်မကိုင်​မိ ဖြစ်​ပြီး အချိန် ရွှေ့ဆိုင်း​တာ​မျိုး​လည်း မလုပ်​ဘူး။ ယေဟောဝါ​ဆီ ဆုတောင်း​ပြီး အကူအညီ တောင်း​တယ်။ မိတ်ဆွေ​တွေ​ဆီ​လည်း အကူအညီ တောင်း​တယ်။ ချထား​တဲ့ ဆုံးဖြတ်ချက်​တွေ​အတိုင်း ချက်ချင်း လုပ်ဆောင်တယ်။ အကြီးအကျယ် စိတ်ထိခိုက်​နေပေမဲ့ လူတိုင်းကို သံသယ မျက်လုံးနဲ့ လိုက်ကြည့်​နေတာမျိုး၊ စိတ်​နာကြည်း​နေတာမျိုး မဖြစ်​ဘူး။ ယေဟောဝါ​နဲ့ မိတ်ဆွေတွေကို ဆက်​ယုံကြည်​အားကိုးခဲ့​တယ်။

၁၂။ ဒါဝိဒ်​ကို ယေဟောဝါ ဘယ်လို ကူညီပေး​သလဲ။

၁၂ ဒါဝိဒ်​ကို ယေဟောဝါ ဘယ်လို ကူညီပေး​သလဲ။ ဒီ​အခက်အခဲ​ကို ခံရပ်​နိုင်​ဖို့ လိုအပ်​တဲ့ အစွမ်း​ခွန်အား​ကို ယေဟောဝါ ပေး​ခဲ့​ကြောင်း ရှာဖွေ​လေ့လာ​ကြည့်​ရင် သိလာ​ပါ​လိမ့်မယ်။ (ဆာ. ၃:၁-၈၊ ထိပ်စီး) ဒါဝိဒ်ရဲ့ ဆုံးဖြတ်ချက်​တွေ​ကို ယေဟောဝါ ကောင်းချီး​ပေး​တယ်။ ဒါဝိဒ်​ကို ကာကွယ်​တိုက်ခိုက်​ပေး​တဲ့ သစ္စာရှိ မိတ်ဆွေတွေကိုလည်း ယေဟောဝါ ထောက်မပေး​တယ်။

၁၃။ တစ်ယောက်ယောက် စိတ်​ထိခိုက်အောင် လုပ်တဲ့​အခါ ဒါဝိဒ်​ကို ဘယ်လို တုပ​နိုင်​သလဲ။ (မဿဲ ၁၈:၁၅-၁၇)

၁၃ (၄) လက်တွေ့​ကျင့်​ပါ။ ‘ဒါဝိဒ်​ကို ဘယ်လို တုပ​နိုင်​သလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ။ မဿဲ အခန်းကြီး ၁၈ မှာ​ပါတဲ့ ယေရှုရဲ့ အကြံဉာဏ်​ကို လိုက်လျှောက်ပြီး ပြဿနာ​ကို ချက်ချင်း ဖြေရှင်းဖို့ လိုကောင်း​လိုမယ်။ (မဿဲ ၁၈:၁၅-၁၇ ကို​ဖတ်ပါ။) ဒါပေမဲ့ စိတ်လိုက်​မာန်ပါ ဆုံးဖြတ်​လိုက်တာမျိုး မဖြစ်သင့်ဘူး။ တည်တည်ငြိမ်ငြိမ် ရှိဖို့၊ လိုအပ်​တဲ့ ဉာဏ်ပညာ ပေးဖို့ ယေဟောဝါ​ဆီ ဆုတောင်း​သင့်တယ်။ မိတ်ဆွေ​တွေ​အပေါ် အယုံအကြည် မပျက်​ပါ​နဲ့။ သူတို့ ပေး​တဲ့ အကူအညီကို လိုလိုလားလား လက်ခံပါ။ (ပညာ. ၁၇:၁၇) အရေးကြီးဆုံး​က​တော့ ကျမ်းစာ​က​တစ်ဆင့် ယေဟောဝါ ပေး​တဲ့ အကြံဉာဏ်​ကို လိုက်နာပါ။—ပညာ. ၃:၅၊ ၆

ပေါလု​ဆီကနေ ဘာ​သင်ယူ​နိုင်​သလဲ

၁၄။ ၂ တိမောသေ ၁:၁၂-၁၆၊ ၄:၆-၁၁၊ ၁၇-၂၂ က ဘယ်​အခြေအနေ​တွေ​မှာ သင့်ကို ခွန်အား ရှိစေ​နိုင်​သလဲ။

၁၄ မိသားစုဝင်​တွေ​ရဲ့ ဆန့်ကျင်မှု ကြုံနေ​ရ​သလား။ ယေဟောဝါ​လူမျိုး​ရဲ့ လုပ်ငန်း​ကို ကန့်သတ်၊ ပိတ်ပင်​ထား​တဲ့ နိုင်ငံ​မှာ နေထိုင်​နေ​သလား။ ဒါဆိုရင် ၂ တိမောသေ ၁:၁၂-၁၆၊ ၄:၆-၁၁၊ ၁၇-၂၂ ကို ဖတ်ရှုခြင်း​အားဖြင့် ခွန်အား ရနိုင်ပါတယ်။ * အဲဒီ​ကျမ်းချက်​တွေ​ကို ပေါလု ထောင်ကျ​နေတုန်း ရေးခဲ့တာ။

၁၅။ ယေဟောဝါ​ဆီ ဘာတွေ ဆုတောင်း​နိုင်​သလဲ။

၁၅ (၁) ဆုတောင်း​ပါ။ အဲဒီ​ကျမ်းချက်​တွေ​ကို မဖတ်​ခင် ကိုယ့်​ပြဿနာ​က ဘာလဲ၊ ဘယ်လို ခံစား​နေရ​သလဲ​ဆိုတာ ယေဟောဝါ​ကို ပြောပြ​ပါ။ တိတိကျကျ ပြောပြ​ပါ။ ပေါလု ကြုံ​ရတဲ့ အဖြစ်အပျက်ကနေ ကိုယ့်​အခြေအနေ​နဲ့ သက်ဆိုင်​တဲ့ ကျမ်းစာ​မူတွေ ရှာတွေ့​နိုင်အောင် ကူညီ​ပေးဖို့ ယေဟောဝါ​ဆီ ဆုတောင်း​ပါ။

၁၆။ ပေါလု​ရဲ့ အခြေအနေ​ကို အကျဉ်းချုပ် ဖော်ပြ​ပါ။

၁၆ (၂) မြင်ယောင်​ပါ။ ပေါလု​နေရာမှာ ဝင်​ခံစား​ကြည့်​ပါ။ ပေါလု​ဟာ ရောမမြို့မှာ အကျဉ်း​ကျနေ​တယ်။ အရင်က​လည်း အကျဉ်း​ကျ​ဖူး​ပေမဲ့ ဒီ​တစ်ခါ​မှာ​တော့ အသတ်​ခံရ​မှာ သေချာ​နေပြီ။ မိတ်ဆွေ​တချို့ ကျောခိုင်း​သွား​လို့​လည်း ပေါလု စိတ်ပန်း​လူပန်း ဖြစ်နေ​တယ်။—၂ တိ. ၁:၁၅

၁၇။ ပေါလု ဘာဖြစ်​မိ​နိုင်​သလဲ။

၁၇ ပေါလု နောက်ကြောင်း​ပြန်​တွေး​ရင်း ခရစ်ယာန်​သာ ဖြစ်​မလာ​ရင် အခုလို အဖမ်းခံရ​မှာ မဟုတ်ဘူးလို့ စဉ်းစားမိ​နိုင်တယ်။ သူ့ကို ကျောခိုင်း​သွားတဲ့ အာရှနယ်​က လူတွေကို စိတ်​နာကြည်း​မိ​နိုင်တယ်။ တခြား​မိတ်ဆွေတွေကို​ပါ အယုံအကြည် ပျက်​သွားနိုင်တယ်။ ဒါပေမဲ့ ပေါလု အဲဒီလို မဖြစ်ခဲ့ဘူး။ ပေါလု​မှာ ဘာကြောင့် ယုံကြည်​စိတ်ချမှု​နဲ့ မျှော်လင့်ချက် ဆက်​ရှိနေ​တာလဲ။

၁၈။ ကြုံ​ရတဲ့ အခက်အခဲ​ကို ပေါလု ဘယ်လို ဖြေရှင်း​သလဲ။

၁၈ (၃) တွေးတောပါ။ “ပြဿနာ​ကို ပေါလု ဘယ်လို ဖြေရှင်း​ခဲ့​သလဲ” လို့ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ။ မကြာခင် သေ​ရတော့မယ်​ဆိုတာ သိပေမဲ့ အကြီးမားဆုံး အရေးကိစ္စ ဖြစ်​တဲ့ ယေဟောဝါ ဘုန်းထင်ရှား​ရေး​ကို ပေါလု မမေ့ဘူး။ တခြား​သူတွေကို ဘယ်လို အားပေးနိုင်​မလဲ​ဆိုတာ ဆက်​အာရုံစိုက်​တယ်။ မှန်မှန် ဆုတောင်း​ပြီး ယေဟောဝါ​ကို မှီခို​အားထား​တယ်။ (၂ တိ. ၁:၃) ကိုယ့်ကို ကျောခိုင်း​သွား​သူတွေ​အကြောင်း​ပဲ တနုံ့နုံ့ တွေး​နေမယ့်​အစား လောလောဆယ် လက်တွေ့ကျ​နည်းတွေနဲ့ သစ္စာရှိ​ရှိ ထောက်မပေး​နေတဲ့ မိတ်ဆွေတွေကို ကျေးဇူး​တင်​ကြောင်း ပြော​တယ်။ ကျမ်းစာ​ကိုလည်း ဆက်​လေ့လာ​တယ်။ (၂ တိ. ၃:၁၆၊ ၁၇။ ၄:၁၃) အရေးကြီးဆုံး​က​တော့ မိမိကို ယေဟောဝါ​နဲ့ ယေရှု ချစ်​ကြောင်း၊ စွန့်ပစ်​မှာ မဟုတ်​ကြောင်း၊ သစ္စာရှိ​ရှိ အမှုဆောင်တဲ့​အတွက် ဆုချ​မှာ ဖြစ်​ကြောင်း အကြွင်းမဲ့ ယုံကြည်​စိတ်ချ​နေတယ်။

၁၉။ ပေါလု​ကို ယေဟောဝါ ဘယ်လို ကူညီပေး​သလဲ။

၁၉ ခရစ်ယာန် ဖြစ်​လို့ နှိပ်စက်​ညှဉ်းပန်း​ခံရ​မယ်​ဆိုတာ ပေါလု​ကို ယေဟောဝါ အသိပေး​ပြီး​သား ဖြစ်တယ်။ (တ. ၂၁:၁၁-၁၃) နောက်ထပ် ဘယ်လို ဆက်​ကူညီပေး​သလဲ။ ဆုတောင်းချက်​တွေ​ကို ဖြေပေး​တယ်။ အကြိမ်ကြိမ် ခွန်အား​ပေး​တယ်။ (၂ တိ. ၄:၁၇) ပေါလု လိုချင်​လွန်းလို့ အပြင်းအထန် ကြိုးစား​နေတဲ့ ဆုကျေးဇူး ရမယ်ဆိုတာ အာမခံတယ်။ လက်တွေ့ကျကျ ကူညီ​ပေးဖို့ သစ္စာရှိ မိတ်ဆွေတွေကိုလည်း လှုံ့ဆော်ပေး​တယ်။

၂၀။ ရောမ ၈:၃၈၊ ၃၉ မှာ ဖော်ပြ​ထား​တဲ့ ပေါလု​ရဲ့ ယုံကြည်​စိတ်ချမှု​မျိုး ရှိအောင် ဘာလုပ်​နိုင်​သလဲ။

၂၀ (၄) လက်တွေ့​ကျင့်​ပါ။ ‘ပေါလု​ကို ဘယ်လို တုပ​နိုင်​သလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ ကျွန်တော်​တို့​လည်း ပေါလု​လို​ပဲ ယုံကြည်ခြင်း​ကြောင့် နှိပ်စက်​ညှဉ်းပန်း​ခံရ​မယ်​ဆိုတာ မျှော်လင့်​ထား​သင့်တယ်။ (မာ. ၁၀:၂၉၊ ၃၀) အခက်အခဲ ကြုံရ​ချိန်မှာ သမာဓိ ရှိနေဖို့ ယေဟောဝါ​ဆီ အားကိုး​တကြီး ဆုတောင်း​ပါ။ လေ့လာမှု အလေ့အထ​ကောင်း ဆက်​ရှိနေ​စေပါ။ ယေဟောဝါ​ရဲ့ ဘုန်းထင်ရှား​ဖို့​က အရေးကြီးဆုံး ဖြစ်​ကြောင်း အမြဲ သတိရပါ။ ကျွန်တော်​တို့ကို ယေဟောဝါ ဘယ်တော့မှ စွန့်ပစ်​မှာ မဟုတ်​ကြောင်း၊ ကျွန်တော်​တို့​အပေါ် ထား​တဲ့ မေတ္တာကို ဘာကမှ မတားဆီး​နိုင်​ကြောင်း စိတ်ချ​နိုင်​ပါ​တယ်။ရောမ ၈:၃၈၊ ၃၉ ကို​ဖတ်ပါ။ ဟီ. ၁၃:၅၊ ၆

တခြား ကျမ်းစာ​ဇာတ်ကောင်​တွေ​ဆီကနေ သင်ယူပါ

၂၁။ ကြုံနေ​ရတဲ့ အခက်အခဲ​ကို ကျော်ဖြတ်​ဖို့ အာယာ​နဲ့ ဟက်တာ​ကို ဘာက ကူညီပေး​သလဲ။

၂၁ ကျွန်တော်​တို့​ရဲ့ အခြေအနေ ဘယ်လိုပဲ ဖြစ်​နေပါ​စေ ကျမ်းစာ ပုံ​နမူနာ​တွေ​ကနေ ခွန်အား ရယူ​နိုင်တယ်။ ဥပမာ၊ ဂျပန်​နိုင်ငံ​မှာ နေတဲ့ ရှေ့ဆောင်​ညီအစ်မ အာယာ​ဟာ အများ​ရှေ့ သက်သေခံခြင်း​မှာ ပါဝင်​ဖို့ ကြောက်​နေပေမဲ့ ယောန​မှတ်တမ်းက ကြောက်စိတ် ပျောက်​အောင် ကူညီပေး​တယ်လို့ ပြော​တယ်။ အင်ဒိုနီးရှား​နိုင်ငံ​မှာ နေတဲ့ လူငယ်​ညီအစ်ကို ဟက်တာ​ရဲ့ မိဘတွေဟာ ယေဟောဝါ​ကို ဝတ်မပြု​သူတွေ ဖြစ်တယ်။ ယေဟောဝါ​အကြောင်း သင်ယူဖို့၊ ယေဟောဝါ​ကို ဝတ်ပြုဖို့ ရုသရဲ့ ပုံ​နမူနာ​က ဟက်တာ​ကို လှုံ့ဆော်ပေး​ခဲ့တယ်။

၂၂။ ကျမ်းစာ​ဇာတ်လမ်း​တွေ၊ “သူတို့ရဲ့ ယုံကြည်ခြင်းကို တုပ​ပါ” ဆောင်းပါးတွဲ​တွေ​ကနေ ပို​အကျိုး​ရအောင် ဘာလုပ်ရမလဲ။

၂၂ ခွန်အား ရှိစေ​မယ့် ကျမ်းစာ ပုံ​နမူနာ​တွေ​ကို ဘယ်မှာ ရှာတွေ့နိုင်​သလဲ။ ဗီဒီယိုတွေ၊ အသံ​ဇာတ်လမ်း​တွေ၊ “သူတို့ရဲ့ ယုံကြည်ခြင်းကို တုပ​ပါ” ဆောင်းပါးတွဲ​တွေ​က ကျမ်းစာ​မှတ်တမ်းတွေကို အသက်ဝင်​စေတယ်။ * သေသေချာချာ ရှာဖွေ​လေ့လာ​ထား​တဲ့ အဲဒီ​မှတ်တမ်းတွေကို မကြည့်​ခင်၊ နားမထောင်​ခင်၊ မဖတ်​ခင် ကိုယ်လက်​တွေ့​ကျင့်သုံး​နိုင်​မယ့် သတ်သတ်မှတ်မှတ် အချက်​တွေ​ကို ရှာတွေ့​နိုင်အောင် ယေဟောဝါ​ဆီ အကူအညီ တောင်း​ပါ။ အဓိက​ဇာတ်ကောင်​နေရာမှာ ဝင်​ခံစား​ကြည့်​ပါ။ ယေဟောဝါ​ရဲ့ အဲဒီ​သစ္စာရှိ​ကျေးကျွန်​တွေ ဘာလုပ်ခဲ့​တယ်၊ အခက်အခဲတွေကို ကျော်ဖြတ်​ဖို့ ဘုရား ဘယ်လို ကူညီပေး​တယ်​ဆိုတာ တွေးတောပါ။ ပြီး​နောက် ကိုယ့်​အခြေအနေ​နဲ့ သက်ဆိုင်​တဲ့ သင်ခန်းစာတွေကို လက်တွေ့​ကျင့်​ပါ။ ယေဟောဝါ ပေး​နေတဲ့ အကူအညီ​တွေ​အတွက် ကျေးဇူး​တင်​ပါ။ တခြား​သူတွေကို အားပေး​ထောက်မနိုင်​မယ့် အခွင့်အရေးတွေ ရှာ​ခြင်း​အားဖြင့် ကျေးဇူး​တင်​ကြောင်း ပြ​ပါ။

၂၃။ ဟေရှာယ ၄၁:၁၀၊ ၁၃ မှာ ယေဟောဝါ ဘာ​ကတိ​ပေး​ထား​သလဲ။

၂၃ စာတန် ထိန်းချုပ်​ထား​တဲ့ ဒီ​လောကမှာ အခက်အခဲ​တွေ ကြုံ​ရနိုင်တယ်။ တစ်ခါ​တ​လေ ဘာလုပ်​ရ​မှန်း မသိအောင် ဖြစ်​မိ​နိုင်တယ်။ (၂ တိ. ၃:၁) ဒါပေမဲ့ မစိုးရိမ်ပါနဲ့။ မကြောက်ပါနဲ့။ ကျွန်တော်​တို့ ဘာ​ကြုံနေ​ရတယ်ဆိုတာ ယေဟောဝါ သိတယ်။ လဲကျ​သွားတဲ့အခါ ညာလက်​နဲ့ မြဲမြဲ ကိုင်​မယ်​လို့ ကတိပေး​ထား​တယ်။ (ဟေရှာယ ၄၁:၁၀၊ ၁၃ ကို​ဖတ်ပါ။) ယေဟောဝါ ကူညီ​ထောက်မပေး​မယ်၊ ဘယ်​အခက်အခဲ​ကို​မဆို ရင်ဆိုင်​နိုင်အောင် ကျမ်းစာ​က​တစ်ဆင့် ခွန်အား ပေးမယ်​ဆိုတာ အပြည့်အဝ ယုံကြည်​စိတ်ချ​နိုင်​ပါ​တယ်။

သီချင်း ၉၆ ဘုရားသခင့်​ကျမ်းစာ မြတ်​ရတနာ

^ အပိုဒ်၊ 5 ကျေးကျွန်​တွေ​ကို ယေဟောဝါ ချစ်ကြောင်း၊ ဘယ်​အခက်အခဲ​ကို​မဆို ခံရပ်​နိုင်အောင် ကူညီပေး​မှာ ဖြစ်​ကြောင်း ကျမ်းစာ​မှတ်တမ်းများ​စွာ​က ဖော်ပြ​တယ်။ ကိုယ်​ဖတ်​တဲ့ ကျမ်းစာ​မှတ်တမ်းတွေက​နေ ပို​အကျိုး​ရအောင် ဘယ်လို လုပ်ဆောင်​နိုင်​ကြောင်း ဒီဆောင်းပါး​မှာ ဆွေးနွေး​ပါ​မယ်။

^ အပိုဒ်၊ 2 ဒီ​ဆောင်းပါး​မှာ ဖော်ပြ​ထား​တဲ့ လေ့လာနည်း​ဟာ အကြံပြုချက် တစ်ခု​သာ ဖြစ်တယ်။ ယေဟောဝါသက်သေ​တွေ​အတွက် ကျမ်းစာ​လေ့လာမှု လမ်းညွှန် စာအုပ်၊ “သမ္မာကျမ်းစာ၊” “ကျမ်းစာ ဖတ်ရှုခြင်း​နဲ့ နားလည်ခြင်း” ခေါင်းစဉ်​ငယ်​အောက်မှာ တခြား လေ့လာနည်း​တွေ​ကို အကြံပြု​ထား​တယ်။

^ အပိုဒ်၊ 14 အသင်းတော် ကင်းမျှော်စင် သင်တန်း​မှာ အဲဒီ​ကျမ်းချက်​တွေ​ကို ဖတ်​ဖို့ မလိုပါ။

^ အပိုဒ်၊ 22 jw.org မှာ “သူတို့ရဲ့ ယုံကြည်ခြင်းကို တုပ​ပါ—ကျမ်းစာ​ပါ အမျိုးသား၊ အမျိုးသမီးများ” ကို ကြည့်​ပါ။ (သမ္မာကျမ်းစာ သွန်သင်ချက်​များ > ဘုရား​ကို ယုံကြည်ပါ မှာ ကြည့်​ပါ။)