မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၁၀

ကျမ်းစာသင်သား နှစ်ခြင်းခံတဲ့အထိ တိုးတက်လာအောင် အသင်းတော်မှာ ရှိသူတိုင်း ကူညီပေးနိုင်ပုံ

ကျမ်းစာသင်သား နှစ်ခြင်းခံတဲ့အထိ တိုးတက်လာအောင် အသင်းတော်မှာ ရှိသူတိုင်း ကူညီပေးနိုင်ပုံ

‘ကိုယ်​အင်္ဂါအသီးသီး​က ဆိုင်ရာ​တာဝန်​ကို လုပ်ဆောင်တဲ့​အခါ ခန္ဓာကိုယ်​တစ်ခုလုံး ကြီးထွား​လာတယ်။’—ဧ. ၄:၁၆

သီချင်း ၈၅ အချင်းချင်း​ကို ကြိုဆို​လက်ခံ​ကြ

အကြို​သုံးသပ်ချက် *

၁-၂။ ကျမ်းစာ​သင်သား နှစ်ခြင်း​ခံ​တဲ့​အထိ တိုးတက်​လာဖို့ ဘယ်သူတွေ ကူညီပေး​နိုင်​သလဲ။

“ကျမ်းစာ​သင်အံမှု​ကနေ သိလာတာတွေကို ကျွန်မ တကယ် နှစ်သက်တယ်။ အမှန်တရား​ပဲ ဆိုတာ​လည်း သိတယ်။ ဒါပေမဲ့ ညီအစ်ကို/မ​တွေ​နဲ့ ပေါင်းသင်း​ပြီး​နောက်မှ လိုအပ်​တဲ့ ပြုပြင်​ပြောင်းလဲမှု​တွေ လုပ်နိုင်​ပြီး နှစ်ခြင်း​ခံ​တဲ့​အထိ ကျွန်မ တိုးတက်​လာတာ” လို့ ဖီဂျီ​မှာ နေတဲ့ အေမီ ပြော​တယ်။ ကျမ်းစာ​သင်သား​အနေနဲ့ အသင်းတော်မှာ ရှိတဲ့ ညီအစ်ကို/မ​တွေ​ဆီက အကူအညီ ရတဲ့အခါ နှစ်ခြင်း​ခံ​တဲ့​အထိ တိုးတက်​ဖို့ ပို​လွယ်တယ်​ဆိုတဲ့ အရေးကြီး အချက်​ကို အေမီ​ရဲ့ တွေ့ကြုံမှု​က ပေါ်လွင်​စေတယ်။

လူသစ်တွေကို ကူညီပေး​ရာ​မှာ ကြေညာသူ​တိုင်း ပါဝင်​နိုင်တယ်။ (ဧ. ၄:၁၆) “‘ပြိုင်တူ​တွန်း​လျှင် ရွေ့​နိုင်​ပါ​သည်’ ဆို​တဲ့ စကား​အတိုင်းပဲ တပည့်​ဖြစ်စေ​ခြင်း လုပ်ငန်းမှာလည်း အသင်းတော်​တစ်ခုလုံး​ရဲ့ ပူးပေါင်း​လုပ်ဆောင်မှု လိုအပ်​တယ်” လို့ ဗန်ဝါတူး​မှာ နေတဲ့ ရှေ့ဆောင် ညီအစ်မ လာလာနီ ပြော​တယ်။ ကလေး​တစ်ယောက်ကို အားပေးခြင်း၊ သွန်သင်​ဆုံးမခြင်း​အားဖြင့် မိသားစု၊ မိတ်ဆွေ၊ ဆရာ/ဆရာမ​တွေ​အားလုံး ဝိုင်း​ပျိုးထောင်​ပေး​ကြတယ်။ အဲဒီလိုပဲ ကြေညာသူ​တွေ​ဟာ ကျမ်းစာ​သင်သားတွေကို အကြံပေး၊ အားပေးခြင်း၊ ပုံသက်သေ ပြ​ခြင်း​အားဖြင့် နှစ်ခြင်း​ခံ​တဲ့​အထိ တိုးတက်​လာဖို့ ကူညီပေး​နိုင်တယ်။—ပညာ. ၁၅:၂၂

၃။ အန်​နာ၊ ဒိုရင်း၊ လာ​လာ​နီ​တို့​ရဲ့ စကား​ကနေ ဘာ​သိရသလဲ။

ကျမ်းစာ​သင်အံမှု ကျင်းပ​တဲ့ ကြေညာသူ​ဟာ တခြား​ကြေညာသူ​တွေ​ရဲ့ အကူအညီကို ဘာကြောင့် လက်ခံသင့်​သလဲ။ “သင်သား စ​တိုးတက်​လာတဲ့အခါ သူ့လိုအပ်​ရာ​အားလုံး​ကို တစ်ယောက်တည်း အား​နဲ့ မကူညီ​ပေး​နိုင်​တော့​ဘူး” လို့ မော်လ်ဒိုဗာ​မှာ နေတဲ့ အထူး​ရှေ့ဆောင် ညီအစ်မ အန်နာ ပြော​တယ်။ မော်လ်ဒိုဗာ​က နောက်​အထူး​ရှေ့ဆောင် ညီအစ်ကို ဒိုရင်း​က​လည်း “တစ်ခါ​တလေ တခြား​ကြေညာသူ​တွေ ပြော​လိုက်တာ တစ်ခုခု​က သင်သားရဲ့ စိတ်ကို ထိမိ​သွားစေတယ်။ အဲဒီလို ပြော​ဖို့ ကျွန်တော်​ဆို တစ်ခါမှ မတွေးဖူးဘူး” လို့ ပြော​တယ်။ တခြား​ကြေညာသူ​တွေ​ရဲ့ အကူအညီကို လက်ခံသင့်​တဲ့ နောက်​အကြောင်းရင်း တစ်ခု​ကို လာလာနီ ဒီလို ပြော​တယ်– “ညီအစ်ကို/မ​တွေ​ရဲ့ မေတ္တာ၊ ဂရုစိုက်​မှု​ကို ခံစား​ရတဲ့အခါ ဘုရား​လူမျိုး ဘယ်သူတွေလဲ​ဆိုတာ သင်သား ခွဲခြား​သိမြင်ဖို့ ပိုလွယ်ကူလာနိုင်တယ်။”—ယော. ၁၃:၃၅

၄။ ဒီ​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေး​မလဲ။

‘ငါ​က ကျမ်းစာ​သင်ပေးတဲ့​သူ​မှ မဟုတ်တာ။ သင်သား တိုးတက်​ဖို့ ဘာလုပ်​ပေး​နိုင်​မှာ​မို့​လို့လဲ’ လို့ သင် တွေးမိ​နိုင်တယ်။ ကျမ်းစာ​သင်အံမှု လိုက်​ဖို့ ဖိတ်ခေါ်​ခံရတဲ့​အခါ၊ သင်သား အစည်းအဝေးတွေ စတက်​လာတဲ့အခါ ဘာလုပ်​နိုင်​ကြောင်း ဆွေးနွေး​ကြ​စို့။ သင်သား နှစ်ခြင်း​ခံ​တဲ့​အထိ တိုးတက်​လာဖို့ အကြီးအကဲ​တွေ ဘယ်လို ကူညီပေး​နိုင်​ကြောင်း​လည်း ဆွေးနွေး​ပါ​မယ်။

ကျမ်းစာ​သင်အံမှု လိုက်​ဖို့ ဖိတ်ခေါ်​ခံရတဲ့​အခါ

ကျမ်းစာ​သင်အံမှု လိုက်​ဖို့ ဖိတ်ခေါ်​ခံရတဲ့​အခါ ဆွေးနွေး​မယ့် အကြောင်းအရာကို ကြိုတင်​ပြင်ဆင်​ပါ (စာပိုဒ် ၅-၇ ကိုကြည့်ပါ)

၅။ ကျမ်းစာ​သင်အံမှု လိုက်​ဖို့ ဖိတ်ခေါ်​ခံရတဲ့​အခါ သင့်တာဝန်​က ဘာလဲ။

ကျမ်းစာ​သင်အံမှု​မှာ သင်သား ကျမ်းစာ နားလည်အောင် ကူညီ​ပေးဖို့ အဓိက တာဝန် ရှိသူဟာ သင်ပေး​သူ ဖြစ်တယ်။ တကယ်လို့ သင်အံမှု လိုက်​ဖို့ သင် ဖိတ်ခေါ်​ခံရ​တယ်​ဆိုရင် ကိုယ့်ကိုယ်ကိုယ် တွဲဖက်​အဖြစ် ရှုမြင်ပါ။ သင့်တာဝန်​ဟာ ကျမ်းစာ​သင်ပေး​သူကို ထောက်မ​ဖို့ ဖြစ်တယ်။ (ဒေ. ၄:၉၊ ၁၀) ဒါဆိုရင် တွဲဖက်​ကောင်း ဖြစ်​ဖို့ သင် ဘာလုပ်​နိုင်​သလဲ။

၆။ သင်အံမှု လိုက်​ဖို့ ဖိတ်ခေါ်​ခံရတဲ့​အခါ ပညာအလိမ္မာ ၂၀:၁၈ မှာပါတဲ့ ကျမ်းစာမူ​ကို ဘယ်လို လက်တွေ့​ကျင့်သုံး​နိုင်​မလဲ။

ကျမ်းစာ​သင်အံမှု​အတွက် ကြိုတင်​ပြင်ဆင်​ပါ။ ဦးဆုံး၊ သင်သား​အကြောင်း နည်းနည်း​ပါးပါး မေးမြန်း​ထား​ပါ။ (ပညာအလိမ္မာ ၂၀:၁၈ ကို​ဖတ်ပါ။) “သင်သားရဲ့ နောက်ခံ​က ဘာလဲ။ ဘာ​အကြောင်း ဆွေးနွေး​ကြ​မလဲ။ ဒီတစ်ခေါက် သင်အံမှု​မှာ ဘယ်​အချက်​ကို ပေါ်လွင်​စေ​ချင်​သလဲ။ ပြော​သင့်၊ မပြော​သင့်၊ လုပ်သင့်၊ မလုပ်သင့်တာတွေ​များ ရှိသလား။ သင်သား တိုးတက်​ဖို့ ဘယ်လို အားပေး​ရမလဲ” စတာ​တွေ မေး​ထား​ပါ။ ကျမ်းစာ​သင်ပေး​သူက သင်သားရဲ့ အတွင်းရေး​တွေ​ကို ပြောပြ​မှာ မဟုတ်ပေမဲ့ သူ ပြောပြ​သလောက်​နဲ့​တင် အကူအညီ ဖြစ်​နိုင်​ပါ​တယ်။ ဂျွိုင်း​လို့ ခေါ်​တဲ့ သာသနာပြု ညီအစ်မ​က သင်အံမှု လိုက်မယ့်​သူနဲ့ အဲဒီလို ကြို​ဆွေးနွေး​လေ့​ရှိတယ်။ “ဒါက တွဲဖက်​အနေ​နဲ့ သင်သားကို စိတ်ဝင်တစား ရှိဖို့၊ ဘာ​ပြော​ရမလဲ သိဖို့ ကူညီပေး​တယ်” လို့ ညီအစ်မ ဂျွိုင်း ပြော​တယ်။

၇။ သင်အံမှု လိုက်တဲ့အခါ ဘာကြောင့် ကြိုတင်​ပြင်ဆင်​သင့်သလဲ။

သင်အံမှု လိုက်​ဖို့ ဖိတ်​ခေါ်​ခံရတဲ့​အခါ ဆွေးနွေး​မယ့် အကြောင်းအရာကို ကြိုတင်​ပြင်ဆင်​ပါ။ (ဧဇ. ၇:၁၀) “ကိုယ့်​တွဲဖက်​က သင်အံမှု​အတွက် ကြိုတင်​ပြင်ဆင်​လာပြီး အကူအညီ ဖြစ်စေ​တဲ့ အချက်​တွေ ဝင်​ပြော​တဲ့​အခါ ကျွန်တော် သိပ်​ကျေးဇူး​တင်​တယ်” လို့ အစောပိုင်းမှာ ဖော်ပြ​ခဲ့​တဲ့ ဒိုရင်း ပြော​တယ်။ ဒါ့အပြင် နှစ်ယောက်စလုံး ကောင်းကောင်း ပြင်ဆင်​လာတာဟာ သင်သား​အတွက် ပုံသက်သေ​ကောင်း​လည်း ဖြစ်တယ်။ အကြောင်းအရာကို အသေးစိတ် မပြင်ဆင်​နိုင်​ရင်တောင် အဓိက အချက်​တွေ​လောက်​တော့ သိအောင် လုပ်ထား​သင့်တယ်။

၈။ သင်အံမှု​မှာ ဆုတောင်းပေး​တဲ့​အခါ ထိရောက်​မှု ရှိဖို့ ဘာလုပ်​နိုင်​သလဲ။

ဆုတောင်းခြင်း​ဟာ ကျမ်းစာ​သင်အံမှုရဲ့ အရေးကြီး အပိုင်း​တစ်ပိုင်း ဖြစ်တယ်။ ဒါ​ကြောင့် ဆုတောင်း​ပေးဖို့ တောင်းဆို​ခံရ​ရင် ဘာတွေ ထည့်​တောင်း​မယ်​ဆိုတာ ကြို​စဉ်းစား​ထား​ပါ။ ဒါဆိုရင် ထိထိရောက်ရောက် ဆုတောင်းပေး​နိုင်​ပါ​လိမ့်မယ်။ (ဆာ. ၁၄၁:၂) ဂျပန်​နိုင်ငံ​မှာ နေတဲ့ ဟာနာ့အဲ​က သူ့ကို ကျမ်းစာ​သင်ပေး​သူနဲ့ လိုက်​လာတဲ့ ညီအစ်မတစ်ယောက်​ရဲ့ ဆုတောင်းချက်​ကို အခုထိ မှတ်မိ​နေတယ်။ “အဲဒီ​ညီအစ်မ ယေဟောဝါ​နဲ့ ဆက်ဆံ​ရေး​ကောင်း ရှိ​မှန်း သတိထား​မိ​ပြီး ကျွန်မလည်း သူ့လို ဖြစ်ချင်​လာတယ်။ ဆုတောင်းချက်​မှာ ကျွန်မနာမည် ထည့်​တောင်းပေး​လို့ ကျွန်မကို ချစ်တယ်​လို့ ခံစား​ရတယ်” ဆိုပြီး ဟာနာ့အဲ ပြော​တယ်။

၉။ ယာကုပ် ၁:၁၉ အရ ကျမ်းစာ​သင်အံမှု​မှာ တွဲဖက်​ကောင်း ဖြစ်​ဖို့ ဘာလုပ်​နိုင်​သလဲ။

သင်အံမှု​မှာ ကျမ်းစာ​သင်ပေး​သူကို ထောက်မပါ။ “တွဲဖက်​ကောင်း​ဟာ သင်အံမှု​တစ်လျှောက် ကောင်းကောင်း နားထောင်တယ်။ မှတ်ချက်ကောင်းတွေ ဝင်​ပြော​ပေမဲ့ စကား​အများကြီး မပြောဘူး။ သင်အံမှု​ကို အဓိက ဦးဆောင်​ကျင်းပ​နေ​သူဟာ ကျမ်းစာ​သင်ပေး​သူ ဖြစ်​မှန်း အသိအမှတ်ပြု​တယ်” လို့ နိုင်ဂျီးရီးယား​နိုင်ငံ​က အထူး​ရှေ့ဆောင် ညီအစ်မ အိုမာမူ​ယိုဗီ ပြော​တယ်။ ဒါဆိုရင် ဘယ်​အချိန်၊ ဘာ​ပြော​ရမယ်ဆိုတာ ဘယ်လို သိနိုင်​မလဲ။ (ပညာ. ၂၅:၁၁) ကျမ်းစာ​သင်ပေး​သူနဲ့ သင်သား ဆွေးနွေး​နေချိန်မှာ အာရုံစိုက် နားထောင်ပါ။ (ယာကုပ် ၁:၁၉ ကို​ဖတ်ပါ။) ဒါမှ သင့်တော်​တဲ့​အခါ ဝင်​ပြော​ဖို့ အဆင်သင့် ဖြစ်နေ​မှာ။ မပြော​ခင် စဉ်းစား​ဖို့​တော့ လိုတယ်။ ဥပမာ၊ ကိုယ် အများကြီး ဝင်​ပြော​မိ​လိုက်လို့ ကျမ်းစာ​သင်ပေး​သူ ရှင်းပြ​နေတဲ့ အကြောင်းအရာ အဆက်​ပြတ်​သွားတာမျိုး၊ နောက်​အကြောင်းအရာ​တစ်ခု​ကို စ​ပြော​မိ​တာ​မျိုး မဖြစ်အောင် သတိထား​ရမယ်။ ဒါပေမဲ့ တိုတုတ်​တဲ့ မှတ်ချက်၊ ဥပမာ၊ မေးခွန်းတွေ​အားဖြင့် သင်​နေတဲ့ အချက်​ကို ပို​နားလည်အောင် ကူညီပေး​နိုင်တယ်။ တစ်ခါ​တလေ ဘာမှ ထပ်​ဖြည့်စွက်​ဖို့ မလို​တဲ့​အချိန်တွေ ရှိ​နိုင်တယ်။ ဒါဆိုရင် သင်သားကို ချီးမွမ်း​စကား ပြော​နိုင်တယ်။ စိတ်ဝင်စားမှု ပြ​နိုင်တယ်။ ဒါက သင်သား တိုးတက်​လာဖို့ အကူအညီ ဖြစ်စေ​ပါ​လိမ့်မယ်။

၁၀။ သင့်​တွေ့ကြုံမှု​က သင်သားကို ဘယ်လို ကူညီပေး​နိုင်​သလဲ။

၁၀ ကိုယ့်​တွေ့ကြုံမှု​ကို ပြောပြ​ပါ။ အမှန်တရား ဘယ်လို သိလာတယ်၊ အခက်အခဲ​တစ်ခု​ကို ဘယ်လို အောင်မြင်​ကျော်လွှား​နိုင်​ခဲ့တယ်၊ ယေဟောဝါ ဘယ်လို ကူညီပေး​ခဲ့တယ်​ဆိုတာ အခါ​အခွင့် သင့်တဲ့​အခါ သင်သားကို အတိုချုပ် ပြောပြ​နိုင်တယ်။ (ဆာ. ၇၈:၄၊ ၇) သင့်​တွေ့ကြုံမှု​ဟာ သင်သား ကြား​ဖို့ လိုအပ်​နေတာ​နဲ့ ကွက်တိ ဖြစ်​နိုင်တယ်။ သင်သားရဲ့ ယုံကြည်ခြင်းကို ခိုင်ခံ့​စေနိုင်​တယ်။ နှစ်ခြင်း​ခံ​တဲ့​အထိ ဆက်​တိုးတက်​ဖို့ အားပေးမှု ဖြစ်စေ​နိုင်တယ်။ သူ ကြုံနေ​ရတဲ့ အခက်အခဲ​ကို ဘယ်လို အောင်မြင်​ကျော်လွှား​နိုင်တယ်​ဆိုတာ သိသွား​နိုင်တယ်။ (၁ ပေ. ၅:၉) ဘရာဇီး​နိုင်ငံ​မှာ နေတဲ့ ရှေ့ဆောင် ညီအစ်ကို ဂါဘရီယယ်​က ကျမ်းစာ​သင်သား​ဘဝ​တုန်း​က သူ့​အတွက် အကူအညီ ဖြစ်စေ​တဲ့​အရာ​ကို မှတ်မိ​နေတုန်းပဲ။ “ညီအစ်ကို​တွေ​ရဲ့ တွေ့ကြုံမှု​တွေ ကြား​တဲ့​အခါ ကိုယ်​ကြုံနေ​ရတဲ့ အခက်အခဲတွေကို ယေဟောဝါ မြင်တယ်၊ တခြား​သူတွေ ကျော်လွှား​နိုင်​ရင် ကိုယ်​လည်း ကျော်လွှား​နိုင်တယ်​ဆိုတာ သိလာတယ်” လို့ ဂါဘရီယယ် ပြော​တယ်။

ကျမ်းစာ​သင်သား အစည်းအဝေးတွေ စတက်​တဲ့​အခါ

သင်သား အစည်းအဝေးတွေ ဆက်​တက်​ဖို့ ကျွန်တော်​တို့​အားလုံး အားပေးနိုင် (စာပိုဒ် ၁၁ ကိုကြည့်ပါ)

၁၁-၁၂။ အစည်းအဝေး လာ​တက်​တဲ့ ကျမ်းစာ​သင်သားကို ဘာကြောင့် လှိုက်လှိုက်လှဲလှဲ ကြိုဆို​သင့်သလဲ။

၁၁ ကျမ်းစာ​သင်သား​တစ်ယောက် နှစ်ခြင်း​ခံ​တဲ့​အထိ တိုးတက်​ဖို့​ဆိုရင် အသင်းတော် အစည်းအဝေးတွေ မှန်မှန် တက်ပြီး အကျိုး​ရယူ​နေဖို့ လိုတယ်။ (ဟီ. ၁၀:၂၄၊ ၂၅) ဦးဆုံး​အကြိမ် အစည်းအဝေး လာ​တက်​ဖို့ သင်သားကို ဖိတ်​တာ ကျမ်းစာ​သင်ပေး​သူ ဖြစ်​နိုင်တယ်။ ဒါပေမဲ့ ဆက်​တက်​ဖို့​ကို​တော့ ကျွန်တော်​တို့အားလုံး ဝိုင်း​အားပေးနိုင်တယ်။ ဘယ်လို အားပေးနိုင်​သလဲ။

၁၂ သင်သားကို လှိုက်လှိုက်လှဲလှဲ ကြိုဆို​ပါ။ (ရော. ၁၅:၇) ကြိုဆို​ခံရ​တယ်လို့ သင်သား ခံစားရ​ရင် အစည်းအဝေး ဆက်​တက်​ချင်စိတ် ပေါ်လာ​နိုင်တယ်။ သင်သားကို အနေ​ရ​မခက်​စေမယ့်​နည်းနဲ့ လှိုက်လှိုက်လှဲလှဲ ကြိုဆို​ပါ။ တခြား​သူတွေနဲ့ မိတ်ဆက်​ပေး​ပါ။ ဂရုစိုက်​ပေး​မယ့်​သူ တစ်ယောက်ယောက် ရှိ​မှာ​ပါ​လို့ မတွေးပါနဲ့။ ကျမ်းစာ​သင်ပေး​သူ မရောက်​သေး​တာ ဒါမှ​မဟုတ် တခြား​တာဝန်​တွေ​နဲ့ အလုပ်​ရှုပ်​နေတာ ဖြစ်​နိုင်​လို့ သင်သားကို အဖော်​လုပ်ပေး​ပါ။ သင်သား ပြော​တာ​ကို အာရုံစိုက် နားထောင်ပါ။ စိတ်ဝင်တစား ရှိပါ။ သင့်ရဲ့ လှိုက်လှဲ​တဲ့ ကြိုဆို​မှု​က သင်သား​အတွက် ဘယ်လို အကူအညီ ဖြစ်စေ​နိုင်​သလဲ။ လွန်ခဲ့တဲ့ နှစ်​အနည်းငယ်​က နှစ်ခြင်း​ခံ​ပြီး အခု အသင်းတော် အမှုထမ်း​အဖြစ် အမှုဆောင်​နေတဲ့ ညီအစ်ကို ဒီမီထရီ​အကြောင်း သုံးသပ်ကြည့်​ပါ။ “နိုင်ငံတော်​ခန်းမ အပြင်ဘက်မှာ ကျွန်တော် ယောင်​လည်လည် ဖြစ်နေ​တာ​ကို ညီအစ်ကို​တစ်ယောက် တွေ့​ပြီး ခန်းမထဲ ခေါ်သွား​ပေး​တယ်။ ညီအစ်ကို/မ အများကြီး လာ​နှုတ်ဆက်​လို့ သိပ်​အံ့ဩ​သွားတယ်။ သဘောကျ​လွန်းလို့ ဒီလို အစည်းအဝေး​မျိုး နေ့တိုင်း ရှိရင် ကောင်း​မှာပဲ​လို့ တွေးမိ​တဲ့​အထိ​ပဲ။ ဒီလို ခံစားချက်​မျိုး တခြား​ဘယ်​နေရာမှာ​မှ မရဖူး​ဘူး” လို့ ဦးဆုံး​အကြိမ် အစည်းအဝေး တက်​တုန်း​က​အကြောင်း ဒီမီထရီ ပြောပြ​တယ်။

၁၃။ သင့်​ပုံသက်သေ​ကောင်း​က ကျမ်းစာ​သင်သားကို ဘယ်လို ကူညီပေး​နိုင်​သလဲ။

၁၃ ပုံသက်သေ​ကောင်း ပြ​ပါ။ ယေဟောဝါ​သက်သေတွေဟာ ခရစ်ယာန်စစ်​တွေ ဖြစ်​ကြောင်း သင်သား ယုံကြည်​စိတ်ချ​စေဖို့ သင့်​ပုံသက်သေ​က များစွာ ကူညီပေး​နိုင်တယ်။ (မ. ၅:၁၆) အခု မော်လ်ဒိုဗာ​မှာ ရှေ့ဆောင်​အဖြစ် အမှုဆောင်​နေတဲ့ ညီအစ်ကို ဗီတာ​လီ​က “အသင်းတော်မှာ ရှိသူတွေ ဘယ်လို နေထိုင်၊ တွေးခေါ်၊ ပြုမူ​တယ်​ဆိုတာ ကျွန်တော် သတိထား​မိတယ်။ ဒါက ယေဟောဝါ​သက်သေတွေဟာ ခရစ်ယာန်စစ်​တွေ ဖြစ်​ကြောင်း ကျွန်တော့်​ကို ယုံကြည်​စိတ်ချ​စေတယ်” လို့ ပြော​တယ်။

၁၄။ သင့်​ပုံသက်သေ​က ကျမ်းစာ​သင်သား ဆက်​တိုးတက်​ဖို့ ဘယ်လို အကူအညီ ဖြစ်စေ​နိုင်​သလဲ။

၁၄ နှစ်ခြင်း​ခံ​တဲ့​အထိ တိုးတက်​ဖို့​ဆိုရင် သင်သားဟာ သိလာတာတွေကို လက်တွေ့​ကျင့်​ဖို့ လိုတယ်။ လွယ်​တော့ မလွယ်​ဘူး။ ဒါပေမဲ့ ကျမ်းစာ​မူတွေ​အတိုင်း နေထိုင်​လို့ သင် ဘယ်လို အကျိုး ရ​နေမှန်း သင်သား မြင်တဲ့အခါ သင့်ကို တုပ​ချင်စိတ် ပေါ်လာ​နိုင်တယ်။ (၁ ကော. ၁၁:၁) အစောပိုင်းမှာ ဖော်ပြ​ခဲ့​တဲ့ ဟာနာ့အဲ​ရဲ့ တွေ့ကြုံမှု​ကို စဉ်းစား​ကြည့်​ပါ။ “ညီအစ်ကို/မတွေ​က ကျွန်မ လေ့လာ​နေတဲ့​အရာ​တွေ​ကို လက်တွေ့​ကျင့်​နေကြ​တယ်။ တခြား​သူတွေကို ဘယ်လို အားပေး​ရမယ်၊ ခွင့်လွှတ်​ရမယ်၊ မေတ္တာပြ​ရမယ်ဆိုတာ ကျွန်မ သိလာတယ်။ ညီအစ်ကို/မတွေ​က တခြား​သူတွေ​အကြောင်း အမြဲ အကောင်း​ပဲ ပြော​တယ်။ သူတို့ကို ကျွန်မ တုပ​ချင်​တယ်” လို့ ဟာနာ့အဲ ပြော​တယ်။

၁၅။ ကျမ်းစာ​သင်သားနဲ့​ပတ်သက်ပြီး ပညာအလိမ္မာ ၂၇:၁၇ ကို ဘယ်လို လက်တွေ့​ကျင့်သုံး​နိုင်​သလဲ။

၁၅ သင်သားနဲ့ မိတ်ဖွဲ့​ပါ။ သင်သား အစည်းအဝေးတွေ ဆက်​တက်​တဲ့​အခါ သူ့ကို စိတ်ဝင်တစား ရှိပါ။ (ဖိ. ၂:၄) သူ့​အကြောင်း ပို​သိအောင် လုပ်ပါ။ အတွင်းရေး​တွေ မမေး​ဘဲ ကျမ်းစာ​သင်အံမှု​အကြောင်း၊ မိသားစု​အကြောင်း၊ အလုပ်​အကြောင်း မေးမြန်းပါ။ တိုးတက်​လာတာ​တွေ​အတွက် ချီးမွမ်း​ပေး​ပါ။ ဒါဆိုရင် သူနဲ့ ပို​ရင်းနှီး​လာနိုင်တယ်။ နှစ်ခြင်း​ခံ​တဲ့​အထိ သူ တိုးတက်​ဖို့ အကူအညီ ဖြစ်​နိုင်တယ်။ (ပညာအလိမ္မာ ၂၇:၁၇ ကို​ဖတ်ပါ။) အခု​ဆိုရင် ဟာနာ့အဲ​ဟာ မှန်မှန်ရှေ့ဆောင် ဖြစ်နေ​ပြီ။ အစည်းအဝေး စတက်​ခါ​စ​အချိန်​အကြောင်း သူ ဒီလို​ပြောပြ​တယ်– “အသင်းတော်မှာ ရှိတဲ့ ညီအစ်ကို/မတွေ​နဲ့ ခင်​လာတဲ့အခါ အစည်းအဝေး တက်ဖို့ မျှော်နေ​တတ်တယ်။ ပင်ပန်း​နေရင်တောင် ကြိုးစား​တက်တယ်။ မိတ်ဆွေသစ်​တွေ ရလာ​လို့ သိပ်​ပျော်​တယ်။ ယုံကြည်ခြင်း မတူတဲ့ အပေါင်းအသင်းတွေ​နဲ့ အဆက်​ဖြတ်ဖို့ ပို​လွယ်​လာတယ်။ ယေဟောဝါ​နဲ့​ကော ညီအစ်ကို/မတွေ​နဲ့​ပါ ပို​ရင်းနှီး​ချင်​လာတယ်။ ဒါ​ကြောင့် နှစ်ခြင်း​ခံ​ဖို့ ဆုံးဖြတ်​လိုက်တယ်။”

၁၆။ ကျမ်းစာ​သင်သားကို အသင်းတော်​ဝင် ဖြစ်တယ်​လို့ ခံစား​ရစေဖို့ ဘာလုပ်​နိုင်​သေး​သလဲ။

၁၆ သင်သား ဆက်​တိုးတက်​နေပြီး အပြောင်းအလဲ​တွေ လုပ်​လာတာ​နဲ့​အမျှ အသင်းတော်​ဝင် ဖြစ်တယ်​လို့ ခံစားရ​စေပါ။ ဧည့်ဝတ်​ပြုခြင်း​က အဲဒီလို ခံစား​ရအောင် ကူညီပေး​နိုင်တယ်။ (ဟီ. ၁၃:၂) အခု မော်လ်ဒိုဗာ​မှာ အမှုဆောင်​နေတဲ့ ဒန်းနစ်​က သင်သား​ဘဝ​တုန်း​က​အကြောင်း အခုလို ပြန်​ပြောပြ​တယ်– “ညီအစ်ကို/မတွေ​က ကျွန်တော်​တို့ ဇနီး​မောင်နှံ​ကို ပေါင်းသင်းမှု​တွေ​မှာ ပါဝင်​ဖို့ မကြာခဏ ဖိတ်တယ်။ သူတို့ကို ယေဟောဝါ ဘယ်လို ကူညီပေး​ခဲ့တယ်​ဆိုတာ ပြောပြ​ကြတယ်။ အဲဒါ​က အားပေးမှု ဖြစ်စေ​တယ်။ ယေဟောဝါ​ကို ဝတ်ပြု​ချင်စိတ် ပို​ခိုင်မာ​စေတယ်။ ပျော်ရွှင်ဖွယ် အသက်တာ ရမယ်ဆိုတာ ပို​ယုံကြည်​စိတ်ချ​လာ​စေတယ်။” ကျမ်းစာ​သင်သား ကြေညာသူ ဖြစ်လာ​ပြီ​ဆိုရင် ကိုယ်​နဲ့ တွဲ​အမှုဆောင်ဖို့ ဖိတ်နိုင်​တယ်။ ဘရာဇီး​နိုင်ငံ​က ကြေညာသူ ဒီယေဂို​က “အမှုဆောင်မှာ တွဲ​ဖို့ ကျွန်တော့်​ကို ညီအစ်ကို​တွေ ဖိတ်တယ်။ ဒါက သူတို့​အကြောင်း ပို​သိဖို့ အကောင်းဆုံးနည်း​ပဲ။ အတူ တွဲ​အမှုဆောင်တဲ့​အခါ အများကြီး သင်ယူ​ရတယ်။ ယေဟောဝါ​နဲ့​ကော ယေရှုနဲ့​ပါ ပို​ရင်းနှီး​လာတယ်” လို့ ပြော​တယ်။

အကြီးအကဲ​တွေ ဘယ်လို ကူညီ​နိုင်​သလဲ

အကြီးအကဲ​တို့၊ သင်တို့ရဲ့ မေတ္တာပါ ဂရုစိုက်​မှု​က သင်သား ဆက်​တိုးတက်​ဖို့ အကူအညီ ဖြစ်​စေနိုင် (စာပိုဒ် ၁၇ ကိုကြည့်ပါ)

၁၇။ ကျမ်းစာ​သင်သားတွေကို အကြီးအကဲ​တွေ ဘယ်လို ကူညီပေး​နိုင်​သလဲ။

၁၇ ကျမ်းစာ​သင်သားတွေကို အချိန်ပေး​ပါ။ အကြီးအကဲ​တို့၊ သင်တို့ရဲ့ မေတ္တာပါ ဂရုစိုက်​မှု​က သင်သား နှစ်ခြင်း​ခံ​တဲ့​အထိ တိုးတက်​ဖို့ အကူအညီ ဖြစ်စေ​နိုင်တယ်။ အစည်းအဝေး​မှာ သင်သားတွေ​နဲ့ မှန်မှန် စကားပြော​ဖို့ အချိန်ပေး​နိုင်​မလား။ အထူးသဖြင့် မှတ်ချက် စ​ပေး​ချိန်မှာ နာမည် မှတ်မိ​နေရင် ဂရုစိုက်​ခံရ​တယ်လို့ သင်သား ခံစား​ရမယ်။ ကြေညာသူ​တွေ​နဲ့ သင်အံမှု လိုက်​ဖို့ စီစဉ်​နိုင်​မလား။ သင် ထင်ထား​တာ​ထက် သင်သား​အတွက် များစွာ အထောက်အကူ ဖြစ်​နိုင်တယ်။ နိုင်ဂျီးရီးယား​နိုင်ငံ​မှာ နေတဲ့ ရှေ့ဆောင် ညီအစ်မ ဂျက်​ကီ ဒီလို​ပြော​တယ်– “သင်အံမှု အတူ​လိုက်​လာတဲ့ ညီအစ်ကို​ဟာ အကြီးအကဲ ဖြစ်​မှန်း သင်သားတွေ သိတဲ့​အခါ သိပ်​အံ့ဩ​ကြတယ်။ ‘ကျွန်တော့် ပါစတာ​ဆိုရင် ဘယ်တော့မှ အဲဒီလို လုပ်မှာ မဟုတ်ဘူး။ ချမ်းသာ​တဲ့​သူ၊ အလှူငွေ ပေးတဲ့​သူ​ဆီ​ပဲ သွားတာ’ လို့ မိသားစု​လိုက် ကျမ်းစာ​သင်​နေတဲ့ သင်သား​တစ်ယောက် ပြော​တယ်။” အခု သူတို့ အစည်းအဝေးတွေ တက်​နေပြီ။

၁၈။ တမန်​တော် ၂၀:၂၈ ကို အကြီးအကဲ​တွေ ဘယ်လို လက်တွေ့​ကျင့်​နိုင်​သလဲ။

၁၈ ကျမ်းစာ​သင်ပေး​သူကို လေ့ကျင့်ပေး​ပါ၊ အားပေးပါ။ အကြီးအကဲ​တို့၊ အမှုဆောင်​နဲ့ ကျမ်းစာ​သင်အံမှု​မှာ ထိရောက်​မှု ရှိဖို့ ကြေညာသူ​တွေ​ကို ကူညီပေး​ရမယ့် အရေးကြီး​တာဝန် သင်တို့မှာ ရှိတယ်။ (တမန်​တော် ၂၀:၂၈ ကို​ဖတ်ပါ။) သင့်​ရှေ့မှာ ကျမ်းစာ​သင်အံမှု လုပ်ဖို့ ကြေညာသူ မဝံ့​မရဲ ဖြစ်နေ​တယ်​ဆိုရင် သင်အံမှု ကိုင်​ပေး​ပါ။ “အကြီးအကဲ​တွေ​က သင်သားတွေ​အကြောင်း ပုံမှန် သတင်း​မေးတယ်။ သင်အံမှု ကျင်းပ​ရာ​မှာ အခက်အခဲ ကြုံနေ​ရတယ်​ဆိုရင် အထောက်အကူ ဖြစ်​မယ့် အကြံဉာဏ်​တွေ ပေးကြတယ်” လို့ အစောပိုင်းမှာ ဖော်ပြ​ခဲ့​တဲ့ ညီအစ်မ ဂျက်​ကီ ပြော​တယ်။ ကြေညာသူ​တွေ​ကို အားပေးဖို့ အကြီးအကဲ​တွေ လုပ်နိုင်တာ အများကြီး ရှိပါတယ်။ (၁ သက်. ၅:၁၁) “ကျွန်မရဲ့ ကြိုးစား​လုပ်ဆောင်မှုတွေ​အတွက် အကြီးအကဲ​တွေ ကျေးဇူး​တင်​စကား၊ အားပေး​စကား ပြော​တဲ့​အခါ ကျွန်မ သိပ်​ပျော်​တယ်။ အဲဒီ​စကား​တွေ​က နေ​ပူပူ​မှာ သောက်​လိုက်ရ​တဲ့ ရေအေး​တစ်ခွက်​လို​ပဲ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်​စိတ်ချမှု ပို​ရှိလာ​စေတယ်။ ကျမ်းစာ​သင်အံမှု လုပ်​ရတာ ပို​ပျော်​လာ​စေတယ်” လို့ ဂျက်​ကီ ဆက်​ပြော​တယ်။—ပညာ. ၂၅:၂၅

၁၉။ ကျွန်တော်​တို့အားလုံး ဘယ်​ပျော်ရွှင်မှု ရနိုင်သလဲ။

၁၉ လောလောဆယ် အခြေအနေ​အရ သင်အံမှု မလုပ်နိုင်​ရင်တောင် သင်သား​တစ်ယောက်ယောက် နှစ်ခြင်း​ခံ​တဲ့​အထိ တိုးတက်​လာအောင် ကျွန်တော်တို့ ကူညီပေး​နိုင်​ပါ​တယ်။ ကျမ်းစာ​သင်အံမှု​မှာ စကား​အများကြီး မပြောပါနဲ့။ ကောင်းစွာ ပြင်ဆင်​ထား​တဲ့ မှတ်ချက်​တွေ​အားဖြင့် ကျမ်းစာ​သင်ပေး​သူကို ထောက်မပါ။ သင်သားတွေ အစည်းအဝေး လာ​တက်​တဲ့​အခါ သူတို့နဲ့ မိတ်ဖွဲ့​ပါ။ ပုံသက်သေ​ကောင်း ပြပါ။ အကြီးအကဲ​တို့၊ သင်သားကို အချိန်ပေး​ခြင်း၊ သင်ပေး​သူကို လေ့ကျင့်၊ ချီးမွမ်း​ခြင်း​အားဖြင့် အားပေးပါ။ အဖ​ယေဟောဝါ​ကို ချစ်​ပြီး ဝတ်ပြု​လာဖို့ တစ်ယောက်ယောက်​ကို ကူညီပေး​ရာ​မှာ တစ်ထောင့်​တစ်နေရာ​ကနေ ပါဝင်ခွင့် ရတယ်ဆိုတဲ့ အသိစိတ်​လောက် ပျော်ရွှင်​စေ​တာ မရှိတော့ဘူး။

သီချင်း ၇၉ ကြံ့ကြံ့ခံ​ ရပ်တည်​နိုင်အောင် သင်ပေးပါ

^ အပိုဒ်၊ 5 လောလောဆယ် အခြေအနေအရ ကျမ်းစာ​သင်အံမှု မလုပ်နိုင်တဲ့ ညီအစ်ကို/မတ​ချို့ ရှိတယ်။ ဒါပေမဲ့ သင်သား​တစ်ယောက် နှစ်ခြင်း​ခံ​တဲ့​အထိ တိုးတက်​လာဖို့ အားလုံး ကူညီပေး​နိုင်တယ်။ ဘယ်လို ကူညီ​နိုင်​ကြောင်း ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​ပါ​မယ်။