မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

မက်ဆေ့ခ်ျ ပို့​တဲ့ အပလီကေးရှင်းတွေ သုံးတဲ့​အခါ ခရစ်ယာန်​တွေ ဘာကြောင့် သတိထား​သင့်သလဲ

မိသားစု​တွေ၊ ညီအစ်ကို/မ​တွေ​နဲ့ ဆက်သွယ်​ဖို့ ခေတ်​နည်း​ပညာ​တွေ​ကို ခရစ်ယာန်​တချို့ သုံး​ကြတယ်။ ဒါပေမဲ့ “အမြော်အမြင်​ရှိသူက အန္တရာယ်ကို ကြိုမြင်​ပြီး ပုန်း​နေတတ်တယ်။ အတွေ့အကြုံ မရှိသူ​က​တော့ သွား​မြဲ သွား​နေလို့ ဆိုးကျိုး​တွေ​ပဲ ခံရ​တတ်တယ်” ဆို​တဲ့ အကြံဉာဏ်​ကို ရင့်ကျက်တဲ့ ခရစ်ယာန်​တွေ လိုက်နာကြတယ်။—ပညာ. ၂၇:၁၂

ကျွန်တော်​တို့ကို ယေဟောဝါ ကာကွယ်​ပေး​ချင်​တယ်​ဆိုတာ နားလည်တယ်။ ဒါ​ကြောင့် စိတ်ဝမ်း​ကွဲပြား​အောင် လုပ်​သူ၊ နှင်ထုတ်​ခံ​ထား​ရသူ၊ မှားယွင်း​တဲ့ အတွေးအခေါ် သွန်သင်ပေး​သူတွေနဲ့ အပေါင်းအသင်း မလုပ်ကြဘူး။ (ရော. ၁၆:၁၇။ ၁ ကော. ၅:၁၁။ ၂ ယော. ၁၀၊ ၁၁) ဒါပေမဲ့ အသင်းတော်ထဲမှာ အသရေ​ရှိ​ရှိ မပြုမူ​သူတချို့ ရှိ​နိုင်တယ်။ (၂ တိ. ၂:၂၀၊ ၂၁) ဒါကြောင့် အပေါင်းအသင်း ရွေးချယ်​တဲ့​အခါ သတိထား​ရတယ်။ မက်ဆေ့ခ်ျ ပို့​တဲ့ အပလီ​ကေးရှင်း သုံးတဲ့​အခါ အပေါင်းအသင်းကောင်း ရွေးချယ်​ဖို့ ခက်​နိုင်တယ်။

အထူးသဖြင့် အုပ်စုကြီး​တွေ ဖွဲ့​ပြီး မက်ဆေ့ခ်ျ ပို့​တဲ့​အခါ ပို​သတိထား​သင့်တယ်။ ခရစ်ယာန်​တချို့ အဲဒီလို​အုပ်စု​တွေ​မှာ ပါ​မိ​ပြီး ဆိုးကျိုး​တွေ ကြုံ​ခဲ့​ရတယ်။ လူ​ရာ​ချီ၊ ထောင်ချီ ပါ​တဲ့ အုပ်စု ဖြစ်​မယ်​ဆိုရင် ယောက်တိုင်းရဲ့ သရုပ်မှန်​နဲ့ ဘုရားရေးရာ အခြေအနေ​တွေ​ကို သိဖို့ မဖြစ်​နိုင်​တော့​ဘူး။ “လူလိမ်​လူညာတွေနဲ့ မပေါင်း​ဘူး။ သရုပ်မှန် ဖုံးကွယ်​ထား​သူတွေကို ရှောင်တယ်” လို့ ဆာလံ ၂၆:၄ မှာ ပြော​တယ်။ ကိုယ်​သိတဲ့​သူတွေနဲ့​ပဲ မက်ဆေ့ခ်ျ ပို့​သင့်တယ်​ဆိုတာ​ကို ဒီ​အချက်​က ဖော်ပြ​နေတယ်။

အုပ်စု ငယ်​ရင်တောင် အချိန် ဘယ်လောက် သုံးတယ်၊ ဘာတွေ ပြော​တယ်​ဆိုတာ ဂရုစိုက်​ရမယ်။ မက်ဆေ့ခ်ျ​တိုင်း​ကို အကြောင်း​ပြန်​ရမယ်​လို့ မခံစား​သင့်​ဘူး။ “အတင်းအဖျင်း ပြောတဲ့​သူတွေ၊ သူတစ်ပါး​ကိစ္စ​မှာ ဝင်စွက်​ပြီး မပြော​သင့်​တာ​ကို ပြော​တဲ့​သူတွေ ဖြစ်သွား​နိုင်တယ်” လို့ တိမောသေ​ကို ပေါလု သတိပေး​တယ်။ (၁ တိ. ၅:၁၃) ဒီနေ့လည်း အီလက်ထရောနစ် နည်း​ပညာ​ကို သုံးပြီး အဲဒီလို ဖြစ်သွား​နိုင်တယ်။

ရင့်ကျက်တဲ့ ခရစ်ယာန်​တစ်ယောက်​ဟာ ညီအစ်ကို/မ​တွေ​ရဲ့ မကောင်းကြောင်း ဒါမှ​မဟုတ် လျှို့ဝှက်ချက်​တွေ​ကို ပြော​မှာ၊ နားထောင်​မှာ မဟုတ်ဘူး။ (ဆာ. ၁၅:၃။ ပညာ. ၂၀:၁၉) ပုံကြီးချဲ့​ထား​တဲ့ သတင်းတွေ၊ မခိုင်လုံ​တဲ့ သတင်းတွေကို ရှောင်တယ်။ (ဧ. ၄:၂၅) jw.org ဝက်ဘ်ဆိုက်၊ လစဉ် JW ရုပ်သံ​ထုတ်လွှင့်​မှု® အစီအစဉ်တွေ​က​တစ်ဆင့် ကျမ်းစာ​အကြောင်းအရာတွေ၊ ယုံကြည်​စိတ်ချ​ရတဲ့ နောက်ဆုံး​သတင်းတွေ ကျွန်တော်​တို့ အလျှံပယ် ရ​နေတယ်။

သက်သေခံ​တချို့က မက်ဆေ့ခ်ျ ပို့​တဲ့ အပလီကေးရှင်းတွေ သုံးပြီး အရောင်းအဝယ် လုပ်တယ်၊ ကုန်ပစ္စည်း​တွေ ကြော်ငြာ​တယ်၊ အလုပ်တွေ အပ်​ကြတယ်။ ဒါဟာ စီးပွားရေး ကိစ္စ ဖြစ်​ပြီး ဝတ်ပြုရေး​နဲ့ မရော​ထွေး​သင့်​ဘူး။ “ငွေ​တပ်မက်​တာ​ကို ရှောင်” ချင်​တဲ့ ခရစ်ယာန်​တွေ​ဟာ စီးပွားရေး အကျိုးအမြတ်​အတွက် ညီအစ်ကို/မ​တွေ​ကို အသုံးချ​မှာ မဟုတ်ဘူး။—ဟီ. ၁၃:၅

အကူအညီ လိုအပ်​နေတဲ့ ညီအစ်ကို/မ​တွေ​အတွက်၊ သဘာဝဘေး ကယ်ဆယ်​ရေး​အတွက် ရန်ပုံငွေ ကောက်ဖို့ မက်ဆေ့ခ်ျ ပို့တဲ့ အပလီကေးရှင်းတွေ အသုံးပြုသင့်​သလား။ ညီအစ်ကို/မ​တွေ​ကို ချစ်​ပြီး စိတ်ဝင်တစား ရှိတဲ့​အတွက် ကျွန်တော်​တို့ အချင်းချင်း ကူညီ​အားပေးကြတယ်။ (ယာ. ၂:၁၅၊ ၁၆) ဒါပေမဲ့ မက်ဆေ့ခ်ျ ပို့​တဲ့ အုပ်စုကြီး​တွေ​မှာ အဲဒီလို လုပ်မယ်ဆိုရင် ဌာနခွဲရုံး ဒါမှ​မဟုတ် အသင်းတော် အကြီးအကဲ​တွေ စီစဉ်​တာ​ကို အနှောင့်အယှက် ဖြစ်စေ​နိုင်တယ်။ (၁ တိ. ၅:၃၊ ၄၊ ၉၊ ၁၀၊ ၁၆) ဘုရားသခင့် သိုးတော်စု​ကို ကြည့်ရှု​စောင့်ရှောက်​ဖို့ ကျွန်တော်​တို့ အထူး​တာဝန် ရထားတဲ့​ပုံ​မျိုး မထွက်​ချင်​ကြ​ပါ​ဘူး။

ဘုရား ဘုန်းတော် ထင်ရှားစေ​မယ့်​အရာ​တွေ​ကို ကျွန်တော်​တို့ လုပ်ဆောင်​ချင်​တယ်။ (၁ ကော. ၁၀:၃၁) ဒါ​ကြောင့် မက်ဆေ့ခ်ျ ပို့​တဲ့ အပလီ​ကေး​ရှင်း ဒါမှ​မဟုတ် တခြား ခေတ်​နည်း​ပညာ​တွေ​ကို အသုံးပြုတဲ့​အခါ ဖြစ်လာ​နိုင်​တဲ့ အန္တရာယ်​တွေ​ကို ထည့်​စဉ်းစားပါ။ သတိရှိ​ပါ။