မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၉

လူငယ်တို့—တခြားသူတွေရဲ့ ယုံကြည်စိတ်ချမှု ဘယ်လို ရနိုင်မလဲ

လူငယ်တို့—တခြားသူတွေရဲ့ ယုံကြည်စိတ်ချမှု ဘယ်လို ရနိုင်မလဲ

လူငယ်​အမြောက်အမြား​လည်း နှင်း​စက်​တွေ​အလား သခင့်​ဆီ လာ​ကြလိမ့်မယ်။’—ဆာ. ၁၁၀:၃

သီချင်း ၃၉ ဘုရားသခင်​ရှေ့ နာမည်​ကောင်း ရှိနေ​စေပါ

အကြို​သုံးသပ်ချက် *

၁။ လူငယ်တွေ​မှာ ဘာ​အားသာချက်တွေ ရှိသလဲ။

လူငယ်တို့၊ သင်တို့ဟာ အသင်းတော်​အတွက် အသုံးဝင်​သူတွေ ဖြစ်​နိုင်တယ်။ ကျန်းမာ​သန်စွမ်း​ပြီး ခွန်အား ရှိကြတယ်။ (ပညာ. ၂၀:၂၉) ညီအစ်ကို/မ​တွေ​အတွက် တကယ် အားထား​ရသူတွေ ဖြစ်တယ်။ အသင်းတော် အမှုထမ်း​အဖြစ် ခန့်အပ်​ခံရ​မယ့်​အချိန်ကို သင်တို့ မျှော်လင့်​နေမှာ​ပဲ။ ဒါပေမဲ့ အရေးကြီး တာဝန်​တွေ ရဖို့ အသက်ငယ်​လွန်း​သေး​တယ်၊ အတွေ့အကြုံ သိပ်​နုသေး​တယ်လို့ တခြား​သူတွေ မြင်​နေတယ်​ဆိုပြီး ခံစား​နေရ​နိုင်တယ်။ အသက်ငယ်​ပေမဲ့ အသင်းတော်မှာ​ရှိတဲ့ ညီအစ်ကို/မ​တွေ​ရဲ့ ယုံကြည်​စိတ်ချမှု၊ လေးစားမှု ရဖို့ လောလောဆယ် လုပ်ဆောင်​နိုင်တာ​တွေ ရှိပါတယ်။

၂။ ဒီ​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေး​ကြ​မလဲ။

ဒီ​ဆောင်းပါး​မှာ ဘုရင်​ဒါဝိဒ်​အကြောင်း၊ အာသ​နဲ့ ယောရှဖတ်​ဆို​တဲ့ ယုဒဘုရင် နှစ်ပါး​အကြောင်း ဆွေးနွေး​ပါ​မယ်။ သူတို့ ဘယ်​အခက်အခဲ​တွေ ကြုံ​ရသလဲ၊ ဘယ်လို ဖြေရှင်း​ခဲ့​သလဲ၊ သူတို့ရဲ့ ပုံ​နမူနာ​ကနေ လူငယ်တွေ ဘာ​သင်ယူ​နိုင်​သလဲ​ဆိုတာ​လည်း သုံးသပ်​သွားပါမယ်။

ဘုရင်​ဒါဝိဒ်​ဆီကနေ သင်ယူပါ

၃။ အသင်းတော်မှာ​ရှိတဲ့ အသက်ကြီးသူ​တွေ​ကို လူငယ်တွေ ကူညီပေး​နိုင်​တဲ့ နည်း​တစ်နည်း​က ဘာလဲ။

ဒါဝိဒ်ဟာ လူငယ်​ဘဝမှာ​ကတည်းက တခြား​သူတွေ နှစ်သက်​အားကျ​ရတဲ့ စွမ်းရည်​တွေ သင်ယူ​တတ်မြောက်​ထား​တယ်။ ယေဟောဝါ​နဲ့ ရင်းနှီးတဲ့ ဆက်ဆံ​ရေး ရှိ​ထား​တယ်။ ဂီတ​စွမ်းရည်​လည်း ရှိတယ်။ အဲဒီ​စွမ်းရည်​ကို သုံးပြီး ဘုရား ခန့်အပ်​ထား​တဲ့ ဘုရင် ရှောလု​ကို ဖျော်ဖြေ​ပေး​တယ်။ (၁ ရှ. ၁၆:၁၆၊ ၂၃) လူငယ်တို့၊ သင်တို့မှာ​ကော အသင်းတော်မှာ​ရှိတဲ့ တခြား​သူတွေကို အထောက်အကူ​ပြု​မယ့် စွမ်းရည်​တစ်မျိုး​မျိုး ရှိ​ထား​သလား။ အများစုမှာ ရှိပါတယ်။ ဥပမာ၊ ကိုယ်ပိုင်​လေ့လာမှု​နဲ့ အသင်းတော် အစည်းအဝေးတွေ​အတွက် တက်ဘလက်၊ တခြား အီလက်ထရောနစ် ကိရိယာ​တွေ ဘယ်လို သုံး​ရမလဲ​ဆိုတာ ပြပေး​တဲ့​အခါ သက်ကြီး ညီအစ်ကို/မ​တွေ သိပ်​ကျေးဇူး​တင်​ကြ​မှာပဲ။ သင်တို့ရဲ့ နည်း​ပညာ ကျွမ်းကျင်​မှု​က သူတို့​အတွက် များစွာ အထောက်အကူ ဖြစ်​နိုင်တယ်။

ဖခင်​ရဲ့ သိုး​တွေ​ကို ထိန်းကျောင်း​ရာ​မှာ ဒါဝိဒ်ဟာ တာဝန်​သိ​တတ်​သူ၊ ယုံကြည်​စိတ်ချ​ရသူ ဖြစ်​ပြီး ဝက်ဝံ​ရန်​ကနေ သိုး​တွေ​ကို ကာကွယ်​ပေး​နေ (စာပိုဒ် ၄ ကိုကြည့်ပါ)

၄။ ဒါဝိဒ်လို​ပဲ ဘယ်​အရည်အသွေးတွေကို လူငယ်တွေ မွေးမြူ​နိုင်​သလဲ။ (မျက်နှာဖုံး​ပုံ​ကို ကြည့်​ပါ။)

ဒါဝိဒ်ဟာ တာဝန်​သိ​တတ်​သူ၊ ယုံကြည်​စိတ်ချ​ထိုက်​သူ ဖြစ်တယ်။ ဥပမာ၊ လူငယ် ဖြစ်​ပေမဲ့ ဖခင်​ရဲ့ သိုးအုပ်​ကို ကြိုးကြိုးစားစား ထိန်းကျောင်း​တယ်။ သိုးထိန်း​အလုပ်ဟာ အန္တရာယ် သိပ်​များတယ်။ “ကျွန်တော်​ဟာ အဖေ့​သိုးအုပ်​ကို ထိန်းကျောင်း​ရသူ​ပါ။ ခြင်္သေ့​တစ်ကောင်​က သိုး​ကို လာ​ဆွဲဖူး​တယ်။ ဝက်ဝံ​လည်း လာ​ဆွဲဖူး​တယ်။ ကျွန်တော် လိုက်ပြီး တိုက်ခိုက်​တော့ သိုး​ကို သားရဲ​ပါးစပ်​ထဲ​ကနေ ကယ်​နိုင်​ခဲ့တယ်” လို့ နောက်ပိုင်း​မှာ ဘုရင်​ရှောလု​ကို ဒါဝိဒ် ပြော​တယ်။ (၁ ရှ. ၁၇:၃၄၊ ၃၅) သိုး​တွေ​ကို ကာကွယ်​ဖို့ တာဝန်​ရှိတယ်လို့ ခံစား​ရတဲ့​အတွက် အန္တရာယ်​တွေ​ကို သတ္တိရှိရှိ ရင်ဆိုင်​တိုက်ခိုက်​ခဲ့တယ်။ လူငယ်တွေလည်း ပေးအပ်​ခံရ​တဲ့ ဘယ်​တာဝန်​ကို​မဆို ကျေပွန်​အောင် ထမ်းဆောင်ခြင်း​အားဖြင့် ဒါဝိဒ်​ကို တုပ​နိုင်တယ်။

၅။ ဆာလံ ၂၅:၁၄ အရ လူငယ်တွေ လုပ်ဆောင်​နိုင်​တဲ့ အရေးကြီးဆုံး အရာတစ်ခု​က ဘာလဲ။

လူငယ်​ဒါဝိဒ်ဟာ ယေဟောဝါ​နဲ့ ရင်းနှီးတဲ့ ဆက်ဆံ​ရေး ရှိအောင် ကြိုးစား​တယ်။ အဲဒီ​ဆက်ဆံ​ရေး​ဟာ ဒါဝိဒ်ရဲ့ ရဲစွမ်း​သတ္တိ၊ ဂီတ​စွမ်းရည်​ထက် ပို​အရေးကြီးတယ်။ ဒါဝိဒ်​အတွက် ယေဟောဝါ​ဟာ ဘုရား​သာမက အရင်းနှီးဆုံး မိတ်ဆွေ​လည်း ဖြစ်​ခဲ့တယ်။ (ဆာလံ ၂၅:၁၄ ကို​ဖတ်ပါ။) လူငယ်တို့၊ သင်တို့ လုပ်ဆောင်​နိုင်​တဲ့ အရေးကြီးဆုံး အရာတစ်ခု​က​တော့ ကောင်းကင်ဖခင်​နဲ့ ဆက်ဆံ​ရေး ခိုင်မြဲ​အောင် လုပ်ခြင်း​ပါ​ပဲ။ ဒါဆိုရင် ထပ်ဆင့်​အခွင့်ထူး​တွေ ရလာ​နိုင်တယ်။

၆။ ဒါဝိဒ်​ကို တခြား​သူတွေ ဘယ်လို မြင်ကြ​သလဲ။

ဒါဝိဒ် ကြုံ​ရတဲ့ အခက်အခဲ​တစ်ခု​က​တော့ တခြား​သူတွေရဲ့ အပျက်သဘောထား​ပဲ။ ဥပမာ၊ ဂေါလျတ်​ကို ဒါဝိဒ် ထွက်တိုက်​မယ်​လုပ်​တော့ ဘုရင် ရှောလု​က “မင်း​က ချာတိတ်​လေး​ပဲ ရှိသေးတာ” လို့ ပြော​ပြီး တား​ဖို့ ကြိုးစား​တယ်။ (၁ ရှ. ၁၇:၃၁-၃၃) အစောပိုင်း​တုန်း​က​လည်း ဒါဝိဒ်ရဲ့ အစ်ကို​က ဒါဝိဒ်​ကို တာဝန်​မသိ​တတ်​ဘူးလို့ စွပ်စွဲ​တယ်။ (၁ ရှ. ၁၇:၂၆-၃၀) ဒါပေမဲ့ ယေဟောဝါ​က​တော့ ဒါဝိဒ်​ကို ငယ်​လွန်း​တယ်၊ တာဝန်​မသိ​တတ်​ဘူးလို့ မယူဆ​ဘူး။ ဒါဝိဒ်​ကို ကောင်းကောင်း သိတယ်။ ဒါဝိဒ်ဟာ အစွမ်း​ခွန်အား ရဖို့ မိတ်ဆွေ ယေဟောဝါ​ကို အားကိုး​တဲ့​အတွက် ဂေါလျတ်​ကို အောင်နိုင်​ခဲ့တယ်။—၁ ရှ. ၁၇:၄၅၊ ၄၈-၅၁

၇။ ဒါဝိဒ်​ဆီကနေ ဘာ​သင်ယူ​နိုင်​သလဲ။

ဒါဝိဒ်​ဆီကနေ သင်ယူ​နိုင်တာ နောက်တစ်ခု​က​တော့ စိတ်ရှည်​ဖို့​ပါ​ပဲ။ ကိုယ့်ကို ငယ်ငယ်​လေး​ကတည်းက သိခဲ့​သူတွေက ကလေး​လို့​ပဲ မြင်​နေတုန်း ဖြစ်​နိုင်တယ်။ ဒါပေမဲ့ ယေဟောဝါ​က အပြင်ပန်း​ကိုပဲ မကြည့်​ဘူး၊ သင် ဘယ်သူလဲ၊ ဘာတွေ လုပ်နိုင်သလဲ​ဆိုတာ ကောင်းကောင်း သိကြောင်း စိတ်ချ​နိုင်​ပါ​တယ်။ (၁ ရှ. ၁၆:၇) ဒါ​ကြောင့် ဘုရား​နဲ့ ဆက်ဆံ​ရေး ခိုင်မြဲ​အောင် လုပ်ပါ။ ဒါဝိဒ်ဟာ ယေဟောဝါ​ရဲ့ ဖန်ဆင်း​ခြင်း လက်ရာတွေကို လေ့လာခြင်း၊ အဲဒီ​လက်ရာတွေ​က ဖန်ဆင်း​ရှင်​အကြောင်း ဘာ​သင်ပေး​သလဲ​ဆိုတာ တွေးတောခြင်း​အားဖြင့် ဘုရား​နဲ့ ဆက်ဆံ​ရေး ခိုင်မြဲ​အောင် လုပ်ခဲ့တယ်။ (ဆာ. ၈:၃၊ ၄။ ၁၃၉:၁၄။ ရော. ၁:၂၀) သင် လုပ်ဆောင်​နိုင်တာ နောက်တစ်ခု​က​တော့ အစွမ်း​ခွန်အား ရဖို့ ယေဟောဝါ​ကို အားကိုးခြင်း​ပါ​ပဲ။ ဥပမာ၊ ယေဟောဝါသက်သေ ဖြစ်နေ​လို့ အတန်းဖော်​တွေ လှောင်ပြောင်​သလား။ ဒါဆိုရင် ခံနိုင်ရည် ရှိအောင် ကူညီပေး​ပါ​လို့ ယေဟောဝါ​ဆီ ဆုတောင်း​ပါ။ ကျမ်းစာ၊ ကျမ်းစာ​အခြေပြု​စာပေ၊ ဗီဒီယိုတွေ​မှာ ပါ​တဲ့ လက်တွေ့ကျ အကြံပြုချက်တွေကို ကျင့်သုံး​ပါ။ အ​ခ​က်​အခဲ​တစ်ခု​ကို ရင်ဆိုင်​ဖြေရှင်း​နိုင်အောင် ယေဟောဝါ ကူညီပေး​တာ​ကို မြင်ရ​တိုင်း ဘုရား​အပေါ် ယုံကြည်​စိတ်ချမှု တိုးများ​လာပါလိမ့်မယ်။ အဲဒီအပြင် ယေဟောဝါ​ကို သင် ယုံကြည်​အားကိုးမှန်း တခြား​သူတွေ မြင်တဲ့အခါ သင့်ကို ယုံကြည်​စိတ်ချ​လာပါလိမ့်မယ်။

လူငယ်တွေဟာ တခြား​သူတွေကို နည်းလမ်း​များစွာနဲ့ နှိမ့်ချမှု​ရှိရှိ ကူညီပေး​နိုင် (စာပိုဒ် ၈-၉ ကိုကြည့်ပါ)

၈-၉။ ဘုရင် ဖြစ်​မလာခင် စိတ်ရှည်​စွာ စောင့်ဆိုင်း​ဖို့ ဒါဝိဒ်​ကို ဘာက ကူညီပေး​သလဲ။ ဒါဝိဒ်​ဆီကနေ လူငယ်တွေ ဘာ​သင်ယူ​နိုင်​သလဲ။

ဒါဝိဒ် ကြုံ​ရတဲ့ နောက်​အခက်အခဲ​တစ်ခု ရှိသေးတယ်။ ဘုရင်​အဖြစ် ဘိသိက်ပေး​ခံရ​ပြီး​နောက်​မှာ​တောင် အစ္စရေး​ဘုရင်​အဖြစ် တရားဝင် နန်းထိုင်​ဖို့ နှစ်ပေါင်း​များစွာ စောင့်ခဲ့​ရတယ်။ (၁ ရှ. ၁၆:၁၃။ ၂ ရှ. ၂:၃၊ ၄) အဲဒီ​အတောအတွင်း စိတ်ရှည်​စွာ စောင့်ဆိုင်း​ဖို့ ဘာက ကူညီပေး​သလဲ။ စိတ်ဓာတ်ကျ​မယ့်​အစား လုပ်နိုင်တာ​ကို အာရုံစိုက်​တယ်။ ဥပမာ၊ ဖိလိတိ​ပြည်​မှာ ဝရမ်းပြေး​အဖြစ် နေထိုင်​တုန်း​က အစ္စရေး​လူမျိုး​ရဲ့ ရန်သူတွေကို တိုက်ခိုက်​ခြင်း​အားဖြင့် ရတဲ့ အခွင့်အရေး​ကို အကောင်းဆုံး အသုံးချပြီး အစ္စရေး ပိုင်နက်​ကို ကာကွယ်​ပေး​တယ်။—၁ ရှ. ၂၇:၁-၁၂

ဒါဝိဒ်​ဆီကနေ လူငယ်တွေ ဘာ​သင်ယူ​နိုင်​သလဲ။ ရလာတဲ့ အခွင့်အရေး မှန်သမျှကို သုံးပြီး ညီအစ်ကို/မ​တွေ​ရဲ့ အကျိုး သယ်ပိုး​ပါ။ ညီအစ်ကို ရီ​ကာ​ဒို​အကြောင်း စဉ်းစား​ကြည့်​ပါ။ * ဆယ်ကျော်သက်​အရွယ်​ကတည်းက မှန်မှန်ရှေ့ဆောင်​အဖြစ် အမှုဆောင်​ချင်​တယ်။ ဒါပေမဲ့ အဆင်သင့် မဖြစ်သေး​ဘူးလို့ အကြီးအကဲ​တွေ ပြော​တယ်။ ရီ​ကာ​ဒို လက်လျှော့၊ စိတ်ဓာတ်ကျ​မယ့်​အစား အမှုဆောင်မှာ ပို​ပါဝင်​တယ်။ “ပြန်​တွေးကြည့်​လိုက်​တော့ အဲဒီတုန်းက ကျွန်တော့်​မှာ တိုးတက်စရာ​တွေ ရှိသေးတယ်။ ဒါ​ကြောင့် စိတ်ဝင်စားသူ​တိုင်း​ဆီ ပြန်​သွားဖို့ ကြိုးစား​တယ်။ ပြန်လည်ပတ်မှု​တိုင်း​အတွက် ကြိုတင်​ပြင်ဆင်​တယ်။ ဦးဆုံး​ကျမ်းစာ​သင်အံမှု​ကို​တောင် စ​နိုင်​ခဲ့တယ်။ အတွေ့အကြုံ ရလာ​တာ​နဲ့​အမျှ ကိုယ့်ကိုယ်ကိုယ် ယုံကြည်​စိတ်ချမှု တိုးများ​လာတယ်” လို့ ရီ​ကာ​ဒို ပြော​တယ်။ အခု ရီ​ကာ​ဒို​ဟာ မှန်မှန်ရှေ့ဆောင်​နဲ့ အသင်းတော် အမှုထမ်း​အဖြစ် အမှုဆောင်​နေပြီ။

၁၀။ တစ်ကြိမ်​မှာ အရေးကြီး ဆုံးဖြတ်ချက် မချခင် ဒါဝိဒ် ဘာ​လုပ်သလဲ။

၁၀ ဒါဝိဒ် ကြုံ​ရတဲ့ နောက်​အခြေအနေ​တစ်ခု​ကို စဉ်းစား​ကြည့်​ပါ။ ဒါဝိဒ်​နဲ့ သူ့​လူတွေ ဝရမ်းပြေး​ဘဝ​တုန်း​က တစ်ကြိမ်​မှာ မိသားစုကို ထားရစ်​ခဲ့​ပြီး ရန်သူတွေကို သွားတိုက်​ကြတယ်။ သူတို့ မရှိ​တုန်း ကျန်ရစ်​ခဲ့​တဲ့ မိသားစုကို ရန်သူတွေ ဝင်​တိုက်​ပြီး ဖမ်းခေါ်​သွားတယ်။ အတွေ့အကြုံ​ရှိ စစ်သည်​တစ်ယောက်​အနေ​နဲ့ ဖမ်း​ခေါ်သွား​ခံရ​သူတွေကို ပြန်​ကယ်​ဖို့ ဒါဝိဒ် ချက်ချင်း စီစဉ်​မယ်​ဆိုရင် စီစဉ်​နိုင်တယ်။ ဒါပေမဲ့ လမ်းညွှန်မှု ရဖို့ ယေဟောဝါ​ကို အားကိုး​တယ်။ ပုရောဟိတ် အ​ဗျာ​သာ​က​တစ်ဆင့် “ဒီ​ဓားပြ​တွေ​နောက်ကို လိုက်ရ​မလား” ဆိုပြီး ယေဟောဝါ​ကို မေးတယ်။ လိုက်ပါ၊ နိုင်​မယ်​လို့ ယေဟောဝါ ဖြေတယ်။ (၁ ရှ. ၃၀:၇-၁၀) ဒီ​အဖြစ်အပျက်ကနေ ဘာ​သင်ယူ​နိုင်​သလဲ။

အကြီးအကဲ​တွေ​ဆီကနေ လူငယ်တွေ အကြံဉာဏ်​တောင်း​သင့် (စာပိုဒ် ၁၁ ကိုကြည့်ပါ)

၁၁။ ဆုံးဖြတ်ချက် မချခင် ဘာလုပ်​နိုင်​သလဲ။

၁၁ ဆုံးဖြတ်ချက် မချခင် အကြံဉာဏ် တောင်း​ပါ။ မိဘတွေ​နဲ့ တိုင်ပင်​ပါ။ အတွေ့အကြုံ​ရှိ အကြီးအကဲ​တွေ​နဲ့ စကားပြော​ခြင်း​အားဖြင့်လည်း အကြံဉာဏ်​ကောင်း​တွေ ရနိုင်တယ်။ အဲဒီ​ခန့်အပ်​ခံ အမျိုးသားတွေကို ယေဟောဝါ ယုံကြည်​စိတ်ချ​လို့ သင်လည်း စိတ်ချ​နိုင်​ပါ​တယ်။ သူတို့ကို အသင်းတော်​အတွက် “လက်ဆောင်” အဖြစ် ယေဟောဝါ ပေး​ထား​တာ။ (ဧ. ၄:၈) အကြီးအကဲ​တွေ​ရဲ့ ယုံကြည်ခြင်းကို တုပခြင်း၊ သူတို့ရဲ့ ပညာရှိ အကြံဉာဏ်​တွေ​ကို လိုက်နာခြင်း​အားဖြင့် သင် အကျိုး​ရနိုင်တယ်။ အခု ဘုရင်​အာသ​ဆီကနေ ဘာ​သင်ယူ​နိုင်​ကြောင်း ဆွေးနွေး​ကြ​စို့။

ဘုရင်​အာသ​ဆီကနေ သင်ယူပါ

၁၂။ နန်းတက်စ​တုန်း​က ဘုရင်​အာသ​မှာ ဘယ်​အရည်အသွေးတွေ ရှိသလဲ။

၁၂ ဘုရင်​အာသ​ဟာ လူငယ်​ဘဝမှာ နှိမ့်ချ​ပြီး ရဲစွမ်းသတ္တိ​ရှိသူ ဖြစ်တယ်။ ဥပမာ၊ ဖခင်​အ​ဘိ​ယ​ရဲ့ ထီးနန်း​ကို ဆက်ခံ​တဲ့​အခါ တစ်ပြည်လုံး​မှာ ရှိတဲ့ ရုပ်တုတွေကို ဖယ်ရှား​တယ်။ “ဘိုးဘေး​တို့​ရဲ့ ဘုရား ယေဟောဝါ​ကို ရှာ​ဖို့၊ ပညတ်တရား​နဲ့ မိန့်မှာချက်ကို လိုက်နာ​ဖို့ ယုဒ​လူတွေကို တိုက်တွန်း​တယ်။” (၂ ရာ. ၁၄:၁-၇) ယုဒပြည်​ကို တိုက်​ဖို့ အီသီယိုးပီးယား​လူမျိုး ဇေရ စစ်သည် ၁,၀၀၀,၀၀၀ နဲ့ ချီတက်​လာတဲ့အခါ “ယေဟောဝါ​ဘုရား၊ ကိုယ်တော်​က အင်အားကြီး​သူတွေကို​ဖြစ်စေ၊ အင်အား​နည်း​သူတွေကို​ဖြစ်စေ ကူညီပေး​နိုင်​ပါ​တယ်။ ကျွန်တော်​တို့​ရဲ့ ဘုရား ယေဟောဝါ၊ ကိုယ်တော့်​ကို အားကိုး​တဲ့​အတွက် ကူညီပေး​ပါ” ဆိုပြီး ယေဟောဝါ​ဆီ အာသ အားကိုးတကြီး အကူအညီ တောင်း​တယ်။ ယေဟောဝါ​ရဲ့ ကယ်တင်​နိုင်စွမ်း​ကို အာသ ဘယ်လောက် ယုံကြည်​စိတ်ချကြောင်း အဲဒီ​စကား​တွေ​က ဖော်ပြ​တယ်။ ကောင်းကင်ဖခင်​ကို အာသ ယုံကြည်​ကိုးစား​တဲ့​အတွက် ‘ယေဟောဝါ​က အီသီယိုးပီးယား​လူတွေကို ရှုံးနိမ့်​စေတယ်။’—၂ ရာ. ၁၄:၈-၁၂

၁၃။ နောက်ပိုင်း အာသ ဘာ​ဖြစ်သွား​သလဲ။ ဘာကြောင့်လဲ။

၁၃ စစ်သည် ၁,၀၀၀,၀၀၀ ဆိုတာ နည်းနည်း​နော​နော အင်အား မဟုတ်ဘူး။ ဒါတောင် ယေဟောဝါ​ကို အားကိုး​တဲ့​အတွက် အာသ အောင်မြင်​ခဲ့တယ်။ ဒါပေမဲ့ နောက်​အခက်အခဲ​တစ်ခု ကြုံရ​ချိန်မှာ​တော့ ယေဟောဝါ​ကို အာသ အားမကိုး​တော့​ဘူး။ အစ္စရေး မင်းဆိုး ဗာရှာ စစ်ချီ​လာတဲ့အခါ အကူအညီ ရဖို့ ဆီးရီးယား ဘုရင်​ကို အာသ အားကိုး​တယ်။ အဲဒီ​ဆုံးဖြတ်ချက်​ကြောင့် အဖြစ်ဆိုး​တွေ ကြုံ​ရတယ်။ “မင်းကြီး​က ယေဟောဝါ​ဘုရား​ကို အားမကိုး​ဘဲ ဆီးရီးယား​ဘုရင်​ကို အားကိုး​တဲ့​အတွက် ဆီးရီးယား​ဘုရင်​ရဲ့ စစ်တပ်​ဟာ မင်းကြီး​လက်ထဲ​ကနေ လွတ်မြောက်သွား​ပြီ” လို့ အာသ​ကို ယေဟောဝါ​ရဲ့ ပရောဖက် ဟာ​နေ​နိ ပြော​တယ်။ တကယ်လည်း အဲဒီ​အချိန်​ကစပြီး အာသ​နဲ့ ဗာရှာ အမြဲ စစ်ဆင်နွှဲ​ခဲ့​ကြတယ်။ (၂ ရာ. ၁၆:၇၊ ၉။ ၁ ဘု. ၁၅:၃၂) ဘာ​သင်ခန်းစာ ရသလဲ။

၁၄။ ယေဟောဝါ​ကို အားကိုး​ကြောင်း ဘယ်လို ပြ​နိုင်​သလဲ။ ၁ တိမောသေ ၄:၁၂ အရ ယေဟောဝါ​ကို အားကိုး​ရင် ဘာ​အကျိုး​ရမလဲ။

၁၄ နှိမ့်ချ​နေပါ။ ယေဟောဝါ​ကို ဆက်​အားကိုး​နေပါ။ သင် နှစ်ခြင်း​ခံ​တုန်း​က ယေဟောဝါ​ကို ယုံကြည်​ကိုးစား​ကြောင်း ပြ​ခဲ့​ပြီးပြီ။ ယေဟောဝါ​က​လည်း သင့်ကို မိသားစုဝင် ဖြစ်ခွင့် ဝမ်းမြောက်​ဝမ်းသာ ပေး​ခဲ့ပြီ။ အဓိက​က ယေဟောဝါ​ကို ဆက်​အားကိုး​နေဖို့​ပဲ။ အရေးကြီး ဆုံးဖြတ်ချက်​တွေ ချတဲ့​အခါ ယေဟောဝါ​ကို အားကိုး​ဖို့ သိပ်​လွယ်တယ်။ ဒါပေမဲ့ တခြား​အချိန်တွေမှာ​ကော။ ဖျော်ဖြေရေး၊ အလုပ်အကိုင်၊ ဘဝ​ပန်းတိုင်​တွေ အပါအဝင် ဆုံးဖြတ်ချက်​တွေ ချ​တဲ့​အခါ ယေဟောဝါ​ကို အားကိုး​ဖို့ သိပ်​အရေးကြီးတယ်။ ကိုယ့်​ဉာဏ်ပညာ​ကို အားမကိုး​ပါ​နဲ့။ ကိုယ့်​အခြေအနေ​နဲ့ သက်ဆိုင်​မယ့် ကျမ်းစာ​မူတွေ ရှာဖွေပါ။ အဲဒီအတိုင်း လက်တွေ့​ကျင့်သုံး​ပါ။ (ပညာ. ၃:၅၊ ၆) အဲဒီလို လုပ်မယ်ဆိုရင် ယေဟောဝါ​ကို စိတ်ပျော်​ရွှင်​စေမယ်။ အသင်းတော်မှာ​ရှိတဲ့ ညီအစ်ကို/မ​တွေ​ရဲ့ လေးစားမှုကိုလည်း ရ​လာမယ်။၁ တိမောသေ ၄:၁၂ ကို​ဖတ်ပါ။

ဘုရင်​ယောရှဖတ်​ဆီကနေ သင်ယူပါ

၁၅။ ၂ ရာဇဝင်ချုပ် ၁၈:၁-၃ နဲ့ ၁၉:၂ အရ ဘုရင် ယောရှဖတ် ဘာ​အမှားတွေ လုပ်သလဲ။

၁၅ ကျွန်တော်​တို့အားလုံး မစုံလင်​တဲ့​အတွက် အမှားတွေ လုပ်မိ​နိုင်တယ်။ ဒါပေမဲ့ အမှား​လုပ်မိ​မှာ စိုးလို့​ဆိုပြီး ယေဟောဝါ​ရဲ့ အမှုတော်မှာ အစွမ်း​ရှိသလော​က် မပါဝင်ဘဲ နေတာမျိုး မဖြစ်သင့်ဘူး။ ဘုရင်​ယောရှဖတ်​အကြောင်း စဉ်းစား​ကြည့်​ပါ။ ယောရှဖတ်​မှာ အရည်အသွေးကောင်း​များစွာ ရှိတယ်။ လူငယ်​ဘဝမှာ​ကတည်းက ‘ခမည်းတော်​ရဲ့ ဘုရားသခင်​ကို ရှာဖွေတယ်။ ဘုရား​ရဲ့ ပညတ်ချက်​အတိုင်း လိုက်လျှောက်​တယ်။’ မှူးမတ်​တွေ​ကို ယုဒ​မြို့​တွေ​ဆီ စေလွှတ်​ပြီး ယေဟောဝါ​အကြောင်း သွန်သင်​ခိုင်းတယ်။ (၂ ရာ. ၁၇:၄၊ ၇) ဒါပေမဲ့ ဆုံးဖြတ်ချက် မှားတဲ့​အချိန်တွေလည်း ရှိတယ်။ တစ်ကြိမ်​မှာ ယောရှဖတ် ဆုံးဖြတ်ချက် မှားသွား​လို့ ယေဟောဝါ​က လူတစ်ယောက် စေလွှတ်​ပြီး​တော့​တောင် ဆုံးမ​ခဲ့​ရတယ်။ (၂ ရာဇဝင်ချုပ် ၁၈:၁-၃။ ၁၉:၂ ကို​ဖတ်ပါ။) ဘာ​သင်ခန်းစာ ရသလဲ။

အလုပ်​ကြိုးစား​ပြီး ယုံကြည်​စိတ်ချ​ထိုက်တဲ့ လူငယ်တွေဟာ တခြား​သူတွေရဲ့ လေးစားမှု ရ​ကြ (စာပိုဒ် ၁၆ ကိုကြည့်ပါ)

၁၆။ ရာ​ဂျစ်​ရဲ့ တွေ့ကြုံမှု​ကနေ ဘာ​သင်ယူ​နိုင်​သလဲ။

၁၆ အကြံပေး​တာ​ကို လက်ခံ၊ လိုက်နာပါ။ လူငယ်များစွာ​လို​ပဲ သင်လည်း ဘဝမှာ ယေဟောဝါ​ရဲ့ အမှုတော်ကို ဦးစားထား​ဖို့ ခက်​နေတာ ဖြစ်​နိုင်တယ်။ ဒါပေမဲ့ စိတ်ဓာတ်​မကျပါနဲ့။ ညီအစ်ကို ရာ​ဂျစ်​အကြောင်း စဉ်းစား​ကြည့်​ပါ။ ဆယ်ကျော်သက်​တုန်း​က​အကြောင်း ရာ​ဂျစ် ဒီလို​ပြော​တယ်– “ဘဝမှာ လမ်းပျောက်​နေတဲ့ အချိန်တွေ ရှိခဲ့​ဖူး​တယ်။ တခြား​လူငယ်တွေ​လို​ပဲ အစည်းအဝေး၊ အမှုဆောင် သွားဖို့​ထက် အားကစား​နဲ့ အပျော်အပါး​ကိုပဲ စိတ်​ရောက်နေတယ်။” ဒါကို အကြီးအကဲ​တစ်ယောက် သတိထား​မိ​ပြီး အကြံပေး​တယ်။ “၁ တိမောသေ ၄:၈ မှာပါတဲ့ ကျမ်းစာမူ​ကို သုံးသပ်​ဖို့ အဲဒီ​အကြီးအကဲ ကူညီပေး​တယ်” လို့ ရာဂျစ် ပြော​တယ်။ အကြံဉာဏ်​ကို ရာ​ဂျစ် နှိမ့်ချစွာ လက်ခံ​ပြီး ဦးစားထားရာ​တွေ​ကို ပြန်​ဆန်းစစ်​တယ်။ “ဘုရားရေးရာ ပန်းတိုင်​တွေ​ကို ဦးစားပေး​ချမှတ်​ဖို့ ဆုံးဖြတ်​လိုက်တယ်” လို့ ရာဂျစ် ပြော​တယ်။ ဘာ​ရလဒ် ရသလဲ။ “အကြံပေး​ခံရ​ပြီး နှစ်​အနည်းငယ် အကြာမှာ အသင်းတော် အမှုထမ်း​အဖြစ် အမှုဆောင်ဖို့ အရည်အချင်း ပြည့်မီ​လာတယ်” လို့ ရာဂျစ် ပြော​တယ်။

ကောင်းကင်ဖခင်​ကို စိတ်​ရွှင်လန်း​စေပါ

၁၇။ ယေဟောဝါ​အတွက် အမှုဆောင်​နေတဲ့ လူငယ်တွေကို အသက်ကြီး​သူတွေ ဘယ်လို သဘောထား​သလဲ။

၁၇ သက်ကြီး ညီအစ်ကို/မ​တွေ​ဟာ မိမိတို့​နဲ့​အတူ ယေဟောဝါ​ကို “စည်းလုံးစွာ” ဝတ်ပြု​နေတဲ့ လူငယ်တွေကို သိပ်​တန်ဖိုး​ထား​တယ်။ (ဇေ. ၃:၉) လူငယ်တွေရဲ့ စိတ်အား​ထက်သန်မှု၊ တက်ကြွ​မှု​ကို သူတို့ သိပ်​နှစ်သက်​မြတ်နိုး​ကြတယ်။—၁ ယော. ၂:၁၄

၁၈။ ပညာအလိမ္မာ ၂၇:၁၁ အရ အမှုတော်မှာ ပါဝင်​နေတဲ့ လူငယ်တွေ​နဲ့​ပတ်သက်ပြီး ယေဟောဝါ ဘယ်လို ခံစား​ရသလဲ။

၁၈ လူငယ်တို့၊ သင်တို့ကို ယေဟောဝါ ချစ်​ပြီး ယုံကြည်​စိတ်ချ​တယ်​ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။ နောက်ဆုံး​ကာလ​မှာ စေတနာ​စိတ်​နဲ့ ကိုယ့်ကိုယ်ကိုယ် ပေးဆက်​မယ့် လူငယ်များစွာ ရှိမယ်လို့ ဘုရား ကြို​ဟောထား​တယ်။ (ဆာ. ၁၁၀:၁-၃) ဘုရား​ကို သင်တို့ ချစ်​ပြီး အကြွင်းမဲ့ အမှုဆောင်​ချင်​ကြ​မှန်း ဘုရား သိတယ်။ ဒါ​ကြောင့် တခြား​သူတွေကို​ရော ကိုယ့်ကိုယ်ကိုယ်​ပါ စိတ်ရှည်ပါ။ အမှား လုပ်မိတဲ့​အခါ ရလာတဲ့ အကြံပေး​ဆုံးမမှု​ကို ယေဟောဝါ​ဆီက​လို့ သဘောထား​ပြီး လက်ခံပါ။ (ဟီ. ၁၂:၆) ပေးအပ်​ခံရ​တဲ့ ဘယ်​တာဝန်​ကို​မဆို ကြိုးကြိုးစားစား လုပ်ဆောင်ပါ။ အရေးကြီးဆုံး​ကတော့ ကောင်းကင်ဖခင်​ကို စိတ်​ရွှင်လန်း​စေပါ။ပညာအလိမ္မာ ၂၇:၁၁ ကို​ဖတ်ပါ။

သီချင်း ၁၃၅ ယေဟောဝါ​ရဲ့ မေတ္တာ​ရပ်ခံ​ချက်– ‘ငါ့​သား၊ ပညာ​ရှိပါ’

^ အပိုဒ်၊ 5 လူငယ်တွေ ဘုရားရေးရာ​ဘက် ရင့်ကျက်​လာတာ​နဲ့​အမျှ ယေဟောဝါ​ရဲ့ အမှုတော်မှာ ထပ်ဆင့်​နည်းလမ်းတွေနဲ့ ပါဝင်​ချင်​လာကြတယ်။ အသင်းတော် အမှုထမ်း​အဖြစ် အရည်အချင်း ပြည့်မီ​ဖို့ အသင်းတော်မှာ​ရှိတဲ့ ညီအစ်ကို/မ​တွေ​ရဲ့ လေးစားမှု ရထား​ရမယ်။ ဘယ်လို ရနိုင်မလဲ။

^ အပိုဒ်၊ 9 အမည်​လွှဲ​များ။