မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ခံနိုင်ရည်ရှိရှိ သီးပွင့်ဖြစ်ထွန်း” သူတွေကို ယေဟောဝါ ချစ်မြတ်နိုး

“ခံနိုင်ရည်ရှိရှိ သီးပွင့်ဖြစ်ထွန်း” သူတွေကို ယေဟောဝါ ချစ်မြတ်နိုး

“ကောင်းတဲ့​မြေ​မှာ မျိုးစေ့​ကျ​တယ်​ဆိုတဲ့ အဓိပ္ပာယ်​က . . . ခံနိုင်ရည်ရှိရှိ သီးပွင့်ဖြစ်ထွန်းတာကို ဆိုလိုတယ်။”—လု. ၈:၁၅

သီချင်း– ၆၈၊ ၇၂

၁၊ ၂။ (က) တုံ့ပြန်မှု​မရှိတဲ့ ရပ်ကွက်မှာ သစ္စာရှိရှိ ဟောပြောနေ​သူတွေဟာ ဘာကြောင့် အားပေးမှု ဖြစ်စေ​သလဲ။ (ဆောင်းပါး​အစမှာ​ပါတဲ့ ပုံကို ကြည့်ပါ။) (ခ) “နေရင်း​ဒေသ” မှာ ဟောပြောတာနဲ့​ပတ်သက်ပြီး ယေရှု ဘာ​ပြောခဲ့​သလဲ။ (အောက်ခြေမှတ်ချက်ကို ကြည့်ပါ။)

အမေရိကန်​က ဆာဂျီယိုနဲ့ အို​လင်း​ဒါ​တို့ဟာ အသက် ၈၀ လောက်​ရှိတဲ့ ရှေ့ဆောင်​မောင်နှံ​တွေ ဖြစ်တယ်။ နောက်ပိုင်း ခြေထောက်​တွေ​နာ​တော့ သွားလာ​ရ ခက်​လာတယ်။ ဒါပေမဲ့ ဆယ်စုနှစ်ချီ လုပ်ခဲ့တဲ့​အတိုင်း လူစည်ကားတဲ့ မြို့ရင်ပြင်ကို လမ်းလျှောက်​ပြီး မနက် ၇:၀​၀ နာရီ​အရောက် သွား​လေ့ရှိတယ်။ ကား​မှတ်တိုင်​နား​မှာ နေရာ​ယူပြီး ဖြတ်​သွားတဲ့​သူတွေကို ကျမ်းစာစာပေ​တွေ ဝေငှ​လေ့ရှိတယ်။ လူအများစုက ဂရုမစိုက်​ပေ​မဲ့ သူတို့က​တော့ ကြည့်​တဲ့​သူတွေကို ပြန်​ပြုံးပြ​ကြတယ်။ နေ့လယ်​ဆို ဖြည်းဖြည်းချင်း လမ်းလျှောက်​ပြီး အိမ်​ပြန်သွားတယ်။ နောက်​နေ့ မနက် ၇:၀​၀ နာရီ​ဆိုရင် အဲဒီ​နေရာမှာ ရောက်နေ​ပြီ။ ဒီ​သစ္စာရှိတဲ့ မောင်နှံ​ဟာ နှစ်​တိုင်း တစ်ပတ်ကို ခြောက်ရက် နိုင်ငံ​တော်​သတင်း ဟောပြောခြင်း​မှာ အလုပ်​များနေ​တယ်။

ဆာဂျီယိုနဲ့ အို​လင်း​ဒါ​တို့​လိုပဲ ကမ္ဘာ​တစ်ဝန်း​က သစ္စာရှိ ညီအစ်ကို/မများ​စွာ​ဟာ တုံ့ပြန်မှု​မရှိတဲ့ ရပ်ကွက်​တွေ​မှာ နှစ်ပေါင်း​များစွာ ဟော​နေကြတယ်။ သင်လည်း အဲဒီလိုမျိုး ကြုံနေ​ရတယ်ဆိုရင် ခံနိုင်ရည်အတွက် ချီးမွမ်း​ပါတယ်။ * ယေဟောဝါရဲ့ အမှုတော်မှာ စွဲစွဲမြဲမြဲ ပါဝင်​နေတာ​က လူများစွာအတွက်၊ အတွေ့အကြုံ​ရှိ ယုံကြည်သူချင်းတွေ​အတွက်​ပါ အားပေးမှု​ဖြစ်စေတယ်။ တိုက်နယ်ကြီးကြပ်မှူး​တွေ ဒီလိုပြောတယ်– “ဒီလို​သစ္စာရှိ ညီအစ်ကို/မတွေနဲ့အတူ အမှုဆောင်တဲ့အခါ သူတို့ရဲ့ ပုံသက်သေ​ကြောင့် အား​ရှိသွား​တယ်။” “သူတို့ရဲ့ သစ္စာရှိမှု​က စွဲစွဲမြဲမြဲ၊ သတ္တိရှိရှိ အမှုဆောင်ဖို့ အားပေးမှု ဖြစ်စေတယ်။” “သူတို့ရဲ့ ပုံသက်သေ​က ကျွန်တော့်ကို စိတ်ကြည်နူး​စေတယ်။”

၃။ ဘယ်​မေးခွန်း သုံးခုကို သုံးသပ်ကြ​မ​လဲ။ ဘာကြောင့်လဲ။

ယေရှု​ပေးအပ်​ထားတဲ့ ဟောပြောခြင်း​လုပ်ငန်းကို ပြီးမြောက်​စေမယ်ဆိုတဲ့ ဆုံးဖြတ်ချက် ခိုင်မာ​စေဖို့ ဒီမေးခွန်း​သုံးခုကို သုံးသပ်ကြည့်​ရအောင်– တစ်ခါတလေ ဘာကြောင့် စိတ်ဓာတ်ကျ​နိုင်သလဲ။ ဘယ်လိုနည်းနဲ့ သီးပွင့်ဖြစ်ထွန်း​နိုင်မလဲ။ ခံနိုင်ရည်ရှိရှိ ဆက်​သီးပွင့်ဖြစ်ထွန်း​နိုင်ဖို့ ဘာက ကူညီပေး​မ​လဲ။

ဘာကြောင့် စိတ်ဓာတ်ကျ​နိုင်သလဲ

၄။ (က) ဂျူးတွေရဲ့​တုံ့ပြန်မှု​က ပေါလုကို ဘယ်လို ထိခိုက်​ခဲ့သလဲ။ (ခ) ပေါလု ဘာကြောင့် အဲဒီလို ခံစား​ရတာလဲ။

တုံ့ပြန်မှု​သိပ်​မရှိတဲ့ ရပ်ကွက်မှာ အမှုဆောင်​နေလို့ စိတ်ဓာတ်ကျ​လာတယ်ဆိုရင် တမန်တော်​ပေါလုကို သတိရ​လိုက်ပါ။ နှစ်ပေါင်း ၃၀ နီးပါး အမှုဆောင်ချိန်​အတွင်း လူများစွာကို ခရစ်တော်ရဲ့ တပည့်​တွေ​ဖြစ်အောင် ကူညီ​ပေးခဲ့တယ်။ (တ. ၁၄:၂၁။ ၂ ကော. ၃:၂၊ ၃) ဒါပေမဲ့ ဂျူး​များစွာကို​တော့ စစ်မှန်တဲ့ ဝတ်ပြုသူတွေ​ဖြစ်အောင် မ​လုပ်နိုင်​ခဲ့​ဘူး။ အများစုက ပေါလုကို လက်မခံ​တဲ့​အပြင် တချို့​ဆိုရင် နှိပ်စက်​ခဲ့​ကြတယ်။ (တ. ၁၄:၁၉။ ၁၇:၁၊ ၄၊ ၅၊ ၁၃) ဂျူးတွေရဲ့ ဆန့်ကျင်မှုက ပေါလုကို ဘယ်လို ထိခိုက်​ခဲ့သလဲ။ “ခရစ်တော်​နောက်လိုက်​အနေနဲ့ ကျွန်တော် အမှန်အတိုင်း ပြောမယ်။ . . . ကျွန်တော် သိပ်​ဝမ်းနည်း​နေတယ်။ ရင်ထဲမှာလည်း တနုံ့နုံ့ နာကျင်ခံစား​နေတယ်” လို့ သူပြောတယ်။ (ရော. ၉:၁-၃) ပေါလု ဘာကြောင့် အဲဒီလို ခံစား​ရတာလဲ။ ဟောပြောခြင်း​လုပ်ငန်းမှာ စိတ်​နှစ်​ထားပြီး ဂျူးတွေရဲ့ အကျိုး​အတွက် ဟော​ပေ​မဲ့ ဘုရားသခင်ရဲ့ ကရုဏာကို သူတို့​ငြင်းပယ်​ကြ​လို့​ပဲ။

၅။ (က) လူတွေကို ဟောပြော​ဖို့ ဘာက လှုံ့ဆော်ပေး​သလဲ။ (ခ) တစ်ခါတလေ စိတ်ဓာတ်ကျတာကို ဘာကြောင့် မအံ့သြသင့်​သလဲ။

ကျွန်တော်တို့လည်း ပေါလု​လိုပဲ လူတွေရဲ့ အကျိုး​အတွက် ဟောပြော​ကြတယ်။ (မ. ၂၂:၃၉။ ၁ ကော. ၁၁:၁) ယေဟောဝါကို ဝတ်ပြု​ဖို့ ဆုံးဖြတ်​တဲ့​သူတွေ ဘယ်လောက် ကောင်းချီး​ခံစားရ​မှန်း ကိုယ်တွေ့ သိထားကြ​လို့​ပဲ။ ရပ်ကွက်မှာ ရှိတဲ့​သူတွေအကြောင်း စဉ်းစား​လိုက်တဲ့အခါ ‘သူတို့ ဘာတွေ လက်လွတ်​ဆုံးၡုံး​နေမှန်း သိလာအောင် ကူညီပေးချင်​လိုက်တာ’ လို့ တွေးမိ​ကြတယ်။ ဒါကြောင့် ယေဟောဝါ​အကြောင်း၊ လူသားတွေအတွက် ဘုရား​ရည်ရွယ်ချက်​အကြောင်း သင်ယူ​ကြ​ဖို့ အားပေး​နေတာ။ ဟောပြောတာက ‘ခင်ဗျားတို့​အတွက် လက်ဆောင်​ယူလာ​ပေးတာ​ပါ။ လက်ခံ​ပါ’ လို့ ပြောတာနဲ့​တူတယ်။ ဒါပေမဲ့ လူတွေ လက်မခံ​တဲ့အခါ ကျွန်တော်တို့ “နာကျင်ခံစား” ရတာကို မအံ့သြ​သင့်​ဘူး။ အဲဒီလို​ခံစား​ရတာ ယုံကြည်ခြင်း​မရှိလို့ မဟုတ်ဘူး။ ဟောပြောခြင်း​လုပ်ငန်းမှာ စိတ်​နှစ်​ထား​လို့​ပဲ။ ဒါကြောင့် စိတ်ဓာတ်ကျ​စရာတွေ ရှိပေမဲ့ ခံနိုင်ရည်ရှိရှိ ဆက်​ဟော​နေကြတယ်။ ၂၅ နှစ်​ကျော် ရှေ့ဆောင်​လုပ်ခဲ့တဲ့ အ​ယ်​လာ​နာ​က “ဟောပြောခြင်း​လုပ်ငန်းမှာ အခက်အခဲ​တွေ ရှိပေမဲ့ ဒီ​အလုပ်ကိုပဲ ဆက်လုပ်​ချင်​တယ်” လို့ ပြောတယ်။

ဘယ်လို သီးပွင့်ဖြစ်ထွန်း​နိုင်မလဲ

၆။ ဘယ်​မေးခွန်း​ကို သုံးသပ်ကြ​မ​လဲ။

ဘယ်​နေရာမှာပဲ ဟောပြော​ရ​ပါ​စေ အမှုဆောင်လုပ်ငန်းမှာ သီးပွင့်ဖြစ်ထွန်း​နိုင်တယ်လို့ ဘာကြောင့် စိတ်ချ​နိုင်သလဲ။ အဖြေ​သိနိုင်ဖို့ “သီးပွင့်ဖြစ်ထွန်း” ဖို့ လို​တဲ့​အကြောင်း ပြော​သွားတဲ့ ယေရှုရဲ့ ပုံဥပမာ​နှစ်ခု​ကို သုံးသပ်ကြည့်​ကြစို့။ (မ. ၁၃:၂၃) ပထမ​ပုံဥပမာ​က စပျစ်ပင်​အကြောင်း ဖြစ်တယ်။

၇။ (က) “စိုက်ပျိုး​သူ၊” “စပျစ်ပင်” နဲ့ “စပျစ်​ကိုင်းတွေ” က ဘယ်သူတွေကို ပုံဆောင်​သလဲ။ (ခ) ဘယ်​မေးခွန်း​ရဲ့ အဖြေကို သိ​ဖို့ လို​သလဲ။

ယောဟန် ၁၅:၁-၅၊  ကိုဖတ်ပါ။ “အသီးများစွာ သီး​ပြီး ကျွန်တော့်​တပည့်​ဖြစ်မှန်း သက်သေပြ​ကြ​ပါ။ ဒါဆိုရင် အဖဘုရား ဘုန်းထင်ရှား​လိမ့်မယ်” ဆိုပြီး တမန်တော်​တွေကို ယေရှု ပြောခဲ့တယ်။ ယေဟောဝါကို “စိုက်ပျိုး​သူ၊” မိမိကိုယ်ကို “စစ်မှန်တဲ့​စပျစ်ပင်၊” တပည့်​တွေကို “စပျစ်​ကိုင်းတွေ” အဖြစ် ဖော်ပြခဲ့တယ်။ * ဒါဆို ဘယ်လိုအသီးမျိုးကို ယေရှုရဲ့ နောက်လိုက်​တွေ သီး​ရမှာ​လဲ။ ဒီ​ပုံဥပမာ​မှာ​တော့ ဘယ်လို​အသီး​ဆိုတာကို ယေရှု တိုက်ရိုက်​မပြောဘူး။ ဒါပေမဲ့ အဖြေကို သိနိုင်ဖို့ အရေးကြီးတဲ့ အသေးစိတ်​အချက်တွေကို​တော့ ဖော်ပြခဲ့တယ်။

၈။ (က) ဒီ​ပုံဥပမာ​မှာပါတဲ့ အသီး​တွေ​က တပည့်သစ်​တွေကို ဘာကြောင့် မဆိုလိုတာလဲ။ (ခ) ယေဟောဝါ ဘာကို​ပဲ တောင်းဆို​သလဲ။

“ကျွန်တော့်​ဆီမှာရှိတဲ့ အသီး​မ​သီး​တဲ့ အကိုင်း​တွေကို သူ​ခုတ်ပစ်​တယ်” လို့ ဖခင်​အကြောင်း ယေရှု​ပြောတယ်။ တစ်နည်းအားဖြင့် သီးပွင့်ဖြစ်ထွန်း​သူတွေကို​သာ မိမိ​ကျေးကျွန်​တွေ​အဖြစ် ယေဟောဝါ ရှုမြင်​တယ်။ (မ. ၁၃:၂၃။ ၂၁:၄၃) ဒီ​ပုံဥပမာ​အရ ခရစ်ယာန်​တွေ သီးပွင့်​ရမယ့် အသီး​ဟာ တပည့်သစ်​ဖြစ်လာစေခြင်းကို ဆိုလိုတာ မဖြစ်နိုင်ဘူး။ (မ. ၂၈:၁၉) အဲဒီလို​သာ​ဆိုလို​ခဲ့​ရင် တုံ့ပြန်မှု​မရှိတဲ့ ရပ်ကွက်မှာ တပည့်သစ်​ဖြစ်အောင် မလုပ်နိုင်တဲ့ သစ္စာရှိ​ခရစ်ယာန်​တွေ​ဟာ ယေရှုရဲ့ ပုံဥပမာ​ထဲက မ​သီးပွင့်​တဲ့ စပျစ်​ကိုင်းတွေ​လို ဖြစ်သွားလိမ့်မယ်။ အဲဒီလို ယူဆတာ မမှန်ဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့​က လူတွေကို တပည့်​ဖြစ်လာ​အောင် ဖိအားပေး​လို့ မရ​လို့​ပဲ။ ယေဟောဝါဟာ မေတ္တာရှင်​ဖြစ်တယ်။ ကျွန်တော်တို့ မတတ်​နိုင်တာကို အတင်း​လုပ်​ခိုင်း​မှာ မဟုတ်ဘူး။ တတ်​နိုင်တာကို​ပဲ တောင်းဆိုတယ်။—တရား. ၃၀:၁၁-၁၄

၉။ (က) ဘယ်​လုပ်ငန်းမှာ ပါဝင်တာက သီးပွင့်ဖြစ်ထွန်း​တာနဲ့​တူသလဲ။ (ခ) ဘယ်​ပုံဥပမာ​ကို သုံးသပ်ကြ​မ​လဲ။

ဒါဆိုရင် ဘယ်လို အသီး​တွေ သီးပွင့်​ရမှာ​လဲ။ အသီး​ဆို​တာ ကျွန်တော်တို့ လုပ်ဆောင်​နိုင်​တဲ့​အရာတွေကို ရည်ညွှန်း​တယ်။ ဘယ်​လုပ်ဆောင်မှု​က “သီးပွင့်ဖြစ်ထွန်း” တာနဲ့ တူသလဲ။ ဘုရားသခင့်​နိုင်ငံ​တော် သတင်းကောင်း ဟောပြောခြင်း​ပါ​ပဲ။ * (မ. ၂၄:၁၄) ယေရှုရဲ့ မျိုးကြဲသူ ပုံဥပမာ​က ဒီအချက်ကို ထောက်ခံ​တယ်။ အဲဒီ​ဒုတိယ​ပုံဥပမာ​ကို သုံးသပ်ကြည့်​ရအောင်။

၁၀။ (က) ဒီ​ပုံဥပမာ​မှာ မျိုးစေ့နဲ့ မြေ​က ဘာကို ပုံဆောင်​သလဲ။ (ခ) ဂျုံပင်​က​နေ ဘာ​သီးပွင့်ဖြစ်ထွန်း​လာသလဲ။

၁၀ လုကာ ၈:၅-၈၊ ၁၁-၁၅ ကိုဖတ်ပါ။ မျိုးကြဲသူ ပုံဥပမာ​မှာ မျိုးစေ့​ဟာ “ဘုရားသခင့် တရား​စကား၊” နိုင်ငံ​တော်​သတင်း ဖြစ်တယ်။ မြေ​ဟာ လူတစ်ဦး​ရဲ့ စိတ်​နှလုံးကို တင်စား​တယ်။ ကောင်းတဲ့​မြေ​မှာ​ကျတဲ့ မျိုးစေ့​က အမြစ်တွယ်၊ အညှောက်​ပေါက်​ပြီး အပင်​အဖြစ် ကြီးထွား​လာတယ်။ ပြီးတော့ “အဆ ၁၀၀ သီးပွင့်ဖြစ်ထွန်း​တယ်။” ဘာတွေ သီးပွင့်ဖြစ်ထွန်း​တာ​လဲ။ ဂျုံပင်​လေး​တွေ​လား။ မဟုတ်ပါဘူး။ မျိုးစေ့​အသစ်​တွေ​ပါ။ အဲဒီ​မျိုးစေ့​က နောက်ပိုင်းမှာ အပင်ပေါက်​လာနိုင်တယ်။ ဒီ​ပုံဥပမာ​မှာ မျိုးစေ့​တစ်​စေ့​က အစေ့​တစ်​ရာ​လောက် ဖြစ်ထွန်း​တယ်။ ကျွန်တော်တို့ရဲ့ အမှုဆောင်လုပ်ငန်း​နဲ့ ဘယ်လို သက်ဆိုင်​သလဲ။

ဘယ်နည်းနဲ့ “ခံနိုင်ရည်ရှိရှိ သီးပွင့်ဖြစ်ထွန်း” ကြသလဲ (အပိုဒ် ၁၁ ကို​ကြည့်ပါ)

၁၁။ (က) မျိုးကြဲသူ ပုံဥပမာ​က ကျွန်တော်တို့ရဲ့ အမှုဆောင်ခြင်းနဲ့ ဘယ်လို သက်ဆိုင်​သလဲ။ (ခ) နိုင်ငံ​တော်​မျိုးစေ့​သစ်​တွေ ဘယ်လို သီးပွင့်​နိုင်သလဲ။

၁၁ နှိုင်း​ပြ​ရ​ရင် နှစ်​အတော်ကြာ​တုန်းက မိဘတွေ၊ သက်သေခံ​တွေ​က ကျွန်တော်တို့ကို နိုင်ငံ​တော်​သတင်း ပြောပြ​တယ်။ မျိုးစေ့နဲ့​တူတဲ့ သတင်းတရားကို လက်ခံ​ချင်စိတ်​ရှိကြောင်း တွေ့​တဲ့အခါ သူတို့ သိပ်​ဝမ်းသာ​ကြတယ်။ ယေရှုရဲ့ ပုံဥပမာ​ထဲက ကောင်းတဲ့​မြေပေါ်​ကျတဲ့ မျိုးစေ့​လိုပဲ ကျွန်တော်တို့လည်း သတင်းကောင်းကို လက်ခံ​တုံ့ပြန်​ကြတယ်။ ရလဒ်အနေနဲ့ မျိုးစေ့နဲ့​တူတဲ့ နိုင်ငံ​တော်​သတင်း​က အမြစ်စွဲ၊ အပင်ပေါက်​လာပြီး အချိန်တန်​တဲ့အခါ သီးပွင့်ဖြစ်ထွန်း​ဖို့ အသင့်​ဖြစ်လာတယ်။ ဂျုံပင်​က ဂျုံပင်​ပေါက်​တွေ​မဟုတ်ဘဲ မျိုးစေ့​သစ်​တွေ သီးပွင့်ဖြစ်ထွန်း​သလို ကျွန်တော်တို့လည်း တပည့်သစ်​တွေကို မဟုတ်ဘဲ နိုင်ငံ​တော်​မျိုးစေ့​သစ်​တွေကို သီးပွင့်ဖြစ်ထွန်း​ကြတယ်။ * နိုင်ငံ​တော်​မျိုးစေ့​သစ်​တွေကို ဘယ်လို သီးပွင့်​ကြသလဲ။ နိုင်ငံတော်သတင်းကို နည်းအမျိုးမျိုးနဲ့ ကြေညာ​တိုင်း ကျွန်တော်တို့ရဲ့ စိတ်နှလုံး​ထဲ စိုက်ပျိုး​ထားတဲ့ မျိုးစေ့ကို ပြန်​ကြဲ​နေတာ​ဖြစ်တယ်။ (လု. ၆:၄၅။ ၈:၁) ဒီ​ပုံဥပမာ​အရ ကျွန်တော်တို့​က နိုင်ငံတော်သတင်းကို ကြေညာ​နေသရွေ့ “ခံနိုင်ရည်ရှိရှိ သီးပွင့်ဖြစ်ထွန်း” နေတယ်။

၁၂။ (က) ယေရှုရဲ့ စပျစ်ပင်​နဲ့ မျိုးကြဲသူ ပုံဥပမာ​က​နေ ဘာသင်ခန်းစာ ရနိုင်သလဲ။ (ခ) သင့်​အပေါ် ဘယ်လို အကျိုးသက်ရောက်​သလဲ။

၁၂ ယေရှုရဲ့ စပျစ်ပင်​နဲ့ မျိုးကြဲသူ ပုံဥပမာ​က​နေ ဘာသင်ခန်းစာ ရနိုင်သလဲ။ သီးပွင့်​နိုင်စွမ်း​ဆို​တာ ရပ်ကွက်မှာ​ရှိတဲ့ လူတွေရဲ့ တုံ့ပြန်မှု​အပေါ် မ​မူတည်​ဘဲ ကျွန်တော်တို့ရဲ့ သစ္စာရှိမှု​အပေါ် မူတည်​မှန်း နားလည်ဖို့ ကူညီပေးတယ်။ “တစ်ယောက်စီ​က ကိုယ့်ရဲ့​အားထုတ်မှု​နဲ့အညီ အကျိုး​ခံစားရ​လိမ့်မယ်” လို့ ပေါလု​ပြောတယ်။ (၁ ကော. ၃:၈) ကိုယ့်​ကြိုးစားအားထုတ်မှု​ရဲ့ ရလဒ်​တွေကို မဟုတ်ဘဲ ကိုယ့်​ကြိုးစားအားထုတ်မှုကို ယေဟောဝါ ကောင်းချီး​ပေးတယ်။ “ကျွန်မတို့ရဲ့ ကြိုးစားအားထုတ်မှုကို ယေဟောဝါ ကောင်းချီး​ပေး​မှန်း သိရ​လို့ သိပ်ပျော်​တယ်” ဆိုပြီး ရှေ့ဆောင်​လုပ်​နေတာ နှစ် ၂၀ ကြာ​ပြီ​ဖြစ်တဲ့ မာတီလ်ဒါ ပြောတယ်။

ခံနိုင်ရည်ရှိရှိ ဘယ်လို သီးပွင့်ဖြစ်ထွန်း​နိုင်သလဲ

၁၃၊ ၁၄။ ရောမ ၁၀:၁၊ ၂ အရ နိုင်ငံ​တော်​သတင်း လက်မခံ​သူတွေကို ပေါလု ဘာကြောင့် လက်မလျှော့​ခဲ့သလဲ။

၁၃ ခံနိုင်ရည်ရှိရှိ သီးပွင့်ဖြစ်ထွန်း​ဖို့ ဘာက ကူညီပေး​မ​လဲ။ နိုင်ငံတော်သတင်းတရားကို ဂျူးတွေ လျစ်လျူရှု​လို့ ပေါလု စိတ်ဓာတ်ကျ​ပေ​မဲ့ လက်မလျှော့​ခဲ့​ဘူး။ အဲဒီ​ဂျူးတွေ​နဲ့ပတ်သက်ပြီး ရောမမြို့​က ခရစ်ယာန်တွေဆီ ဒီလိုရေးခဲ့တယ်– “ကျွန်တော်က အစ္စရေး​လူမျိုး​ကို ကယ်တင်ခြင်း​ရ​စေချင်တဲ့ စေတနာ​နဲ့ ဘုရားသခင်​ဆီ တိုးလျှိုးအသနားခံ​ပေးပါတယ်။ သူတို့ဟာ ဘုရားသခင်အတွက် စိတ်ထက်သန်​သူတွေ​ဆို​တာ ကျွန်တော် တပ်အပ်​ပြောနိုင်​ပါတယ်။ ဒါပေမဲ့ တိကျ​မှန်ကန်တဲ့ အသိပညာ​အတိုင်း မဟုတ်ဘူး။” (ရော. ၁၀:၁၊ ၂) ဆက်​ဟောပြော​ရတဲ့ အကြောင်းရင်းကို ပေါလု ဘယ်လို ဖော်ပြသလဲ။

၁၄ ပထမ၊ ဂျူးတွေကို ဆက်​ဟောပြော​ရတဲ့ အကြောင်းရင်း​က ကယ်တင်ခြင်း ရ​စေချင်တဲ့ “စေတနာ” စိတ်ကြောင့်​လို့ ပေါလု ပြောခဲ့တယ်။ (ရော. ၁၁:၁၃၊ ၁၄) ဒုတိယ၊ “ဘုရားသခင်​ဆီ တိုးလျှိုးအသနားခံ​ပေး” တယ်လို့ ပေါလု ပြောတယ်။ နိုင်ငံတော်သတင်းကို လက်ခံဖို့ ဂျူးတွေကို ကူညီ​ပေးပါလို့ အသနားခံ ဆုတောင်း​ခဲ့​တယ်။ တတိယ၊ “သူတို့ဟာ ဘုရားသခင်အတွက် စိတ်ထက်သန်​သူတွေ” လို့ ပြောတယ်။ လူတွေရဲ့ ကောင်းကွက်ကို ပေါလု မြင်​တယ်။ မှန်ကန်တဲ့ စိတ်ထက်သန်မှု​က လူတွေကို ခရစ်တော်ရဲ့ တပည့်​အဖြစ် ပြောင်းလဲ​စေနိုင်​မှန်း သိတယ်။

၁၅။ ပေါလုကို ဘယ်လို တုပ​နိုင်သလဲ။ ဥပမာ ပေးပါ။

၁၅ ပေါလုကို ဘယ်လို တုပ​နိုင်သလဲ။ ပထမ၊ “ထာဝရ​အသက်​ရဖို့ စိတ်ရင်းမှန်နဲ့ ကြိုး​စားတဲ့​သူတွေ” ကို ရှာဖွေ​ချင်စိတ် ရှိရမယ်။ ဒုတိယ၊ စိတ်ရင်းမှန်​သူတွေရဲ့ နှလုံးကို ဖွင့်​ပေးဖို့ ယေဟောဝါ​ဆီ အသနားခံ ဆုတောင်း​ရမယ်။ (တ. ၁၃:၄၈။ ၁၆:၁၄) အနှစ် ၃၀ နီးပါး ရှေ့ဆောင်​လုပ်ခဲ့တဲ့ ဆီဗာနာက “အပြုသဘော​ရှိအောင် ကူညီ​ပေးပါလို့ အမှုဆောင် မသွား​ခင် ယေဟောဝါ​ဆီ ဆုတောင်း​တယ်” လို့ ပြောတယ်။ ကောင်းကင်တမန်တွေ​က​တစ်ဆင့် စိတ်ရင်းမှန်​သူတွေဆီ လမ်းညွှန်ပေးဖို့ ဆုတောင်း​နိုင်တယ်။ (မ. ၁၀:၁၁-၁၃။ ဗျာ. ၁၄:၆) နှစ် ၃၀ ကျော် ရှေ့ဆောင်​လုပ်ခဲ့တဲ့ ရောဘတ်​က “အိမ်ရှင်​တွေ​ရဲ့ အကြောင်းကို သိနေတဲ့ ကောင်းကင်တမန်တွေနဲ့ တွဲ​အမှုဆောင်​ရတာ စိတ်လှုပ်ရှားစရာ​ပဲ” လို့ ပြောတယ်။ တတိယ၊ လူတွေရဲ့ ကောင်းကွက်ကို ရှာ​ရမယ်။ နှစ်ခြင်းခံခဲ့​တာ နှစ်ပေါင်း ၅၀ ကျော်ပြီ​ဖြစ်တဲ့ အကြီးအကဲ ကား​လ်​က “ပြုံးပြတာ၊ ခင်ခင်မင်မင်​ကြည့်တာ၊ စိတ်ရင်းမှန်နဲ့ မေးခွန်းမေးတာ​စတဲ့ အရိပ်အမြွက်​လေး​တွေကို ရှာ​တယ်” လို့​ပြောတယ်။ ကျွန်တော်တို့လည်း ပေါလု​လိုပဲ ခံနိုင်ရည်ရှိရှိ သီးပွင့်ဖြစ်ထွန်း​နိုင်ပါတယ်။

“လက်ကို အနား​မပေး​ပါနဲ့”

၁၆၊ ၁၇။ (က) ဒေသနာ ၁၁:၆ က​နေ ဘာသင်ယူနိုင်သလဲ။ (ခ) မျိုးကြဲခြင်းက အကဲခတ်​ကြည့်​နေ​သူတွေကို ဘယ်လို အကျိုးသက်ရောက်​နိုင်​ကြောင်း ဖော်ပြပါ။

၁၆ နိုင်ငံတော်သတင်းတရားကို လူတွေ လက်မခံ​ပုံ​ပေါက်​ရင်တောင် မျိုးကြဲခြင်း​လုပ်ငန်း​ရဲ့ အကျိုးသက်ရောက်မှုကို လျှော့မတွက်​ပါနဲ့။ (ဒေသနာ ၁၁:၆ ကိုဖတ်ပါ။) လူများစွာက နားမထောင်​ပေ​မဲ့ ကျွန်တော်တို့ကို အကဲခတ် ကြည့်​နေကြတယ်။ သပ်ရပ်​တဲ့ အဝတ်အစား၊ ယဉ်ကျေးတဲ့ အမူအရာ၊ လှိုက်လှဲ​တဲ့ အပြုံး​တွေကို သတိပြုမိ​ကြတယ်။ နောက်ပိုင်းမှာ ကျွန်တော်တို့ရဲ့ အမူအကျင့်​ကြောင့် အကောင်းမြင်​လာနိုင်တယ်။ အဲဒါကို အစပိုင်းမှာ ဖော်ပြခဲ့တဲ့ ဆာဂျီယိုနဲ့ အို​လင်း​ဒါ​တို့ ကြုံခဲ့ရ​တယ်။

၁၇ ဆာဂျီယို ဒီလိုပြောတယ်– “နေမကောင်း​လို့ ရင်ပြင်ကို ခဏလောက် မသွား​ဖြစ်​ဘူး။ ပြန်​သွားတဲ့အခါ လမ်းသွားလမ်းလာ​တွေ​က ‘မတွေ့တာကြာပြီ။ သတိရ​နေတာ’ လို့​ပြောကြတယ်။” အို​လင်း​ဒါ​လည်း ဒီလိုပြောတယ်– “ကား​သမား​တွေ လက်ပြ​သွားကြတယ်။ တချို့​လည်း ‘ပြန်​တွေ့ရလို့ ဝမ်းသာ​တယ်’ လို့ပြောပြီး မဂ္ဂဇင်း​တွေတောင် တောင်း​သွားကြတယ်။” အမျိုးသား​တစ်ယောက် လက်​တွန်း​လှည်း​ရှေ့ ရပ်၊ ပန်း​စည်းပေး​ပြီး ကျေးဇူးတင်စကား ပြော​သွား​လို့ သူတို့ အံ့ဩ​ခဲ့​ရတယ်။

၁၈။ “ခံနိုင်ရည်ရှိရှိ သီးပွင့်ဖြစ်ထွန်း” ဖို့ ဘာကြောင့် စိတ်ပိုင်းဖြတ်​ထားသလဲ။

၁၈ နိုင်ငံ​တော်​မျိုးစေ့ ကြဲ​ရာမှာ “လက်ကို အနား​မပေး” သ​ရွေ့ “လူမျိုး​အားလုံး​အတွက် သက်သေ​ဖြစ်” စေ​ရာမှာ အရေးကြီးတဲ့​ကဏ္ဍ​က​နေ ပါဝင်နိုင်​ပါတယ်။ (မ. ၂၄:၁၄) “ခံနိုင်ရည်ရှိရှိ သီးပွင့်ဖြစ်ထွန်း” သူတွေကို ယေဟောဝါ ချစ်မြတ်နိုး​တယ်။ ယေဟောဝါရဲ့ မျက်နှာသာရ​မှန်း သိထား​လို့ ကျွန်တော်တို့ အလွန်​ပျော်ရွှင်​ကြတယ်။

^ စာပိုဒ်၊ 2 “နေရင်း​ဒေသ” မှာ ဟောပြောတာဟာ စိန်ခေါ်ချက်​တစ်ခု​ဖြစ်မှန်း ယေရှု​ပြောခဲ့တာကို ခရစ်ဝင်ကျမ်း လေးစောင်စလုံးမှာ မှတ်တမ်း​တင်ထားတယ်။—မ. ၁၃:၅၇။ မာ. ၆:၄။ လု. ၄:၂၄။ ယော. ၄:၄၄

^ စာပိုဒ်၊ 7 ဒီ​ပုံဥပမာ​မှာပါတဲ့ စပျစ်ကိုင်းတွေက ကောင်းကင်​အသက်တာ​ရမယ့်​သူတွေကို ဆိုလို​ပေ​မဲ့ ဘုရားသခင့်​ကျေးကျွန်​အားလုံး အကျိုးရယူ​နိုင်ပါတယ်။

^ စာပိုဒ်၊ 9 “သီးပွင့်ဖြစ်ထွန်း” ခြင်း​ဆို​တာ “စွမ်းအားတော်​ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေး​တွေ” တင်ပြတာကိုလည်း ဆိုလိုတယ်။ ဒီဆောင်းပါး​နဲ့ နောက်​ဆောင်းပါး​မှာ​တော့ နိုင်ငံ​တော်​သတင်း ဟောပြောခြင်းအားဖြင့် သီးပွင့်ဖြစ်ထွန်း​ခြင်း​အကြောင်း အာရုံစိုက်ပါမယ်။—ဂ​လ. ၅:၂၂၊ ၂၃

^ စာပိုဒ်၊ 11 တခြား​အချိန်တွေမှာ ယေရှု​က တပည့်​ဖြစ်စေခြင်းလုပ်ငန်းကို မျိုးကြဲခြင်း၊ ရိတ်သိမ်းခြင်းတို့နဲ့ ခိုင်းနှိုင်း​ဖော်ပြခဲ့တယ်။—မ. ၉:၃၇။ ယော. ၄:၃၅-၃၈