မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

၂၀၁၂၊ ယူကရိန်း​နိုင်ငံ၊ ညှာယက်အက်ပ်ရှာ​မြို့ ခရိုင်​အစည်းအဝေး

စပါးရိတ်စရာ များစွာရှိ

စပါးရိတ်စရာ များစွာရှိ

ယေရှု​က နောက်ဆုံး​ကာလမှာ ရိတ်သိမ်း​စ​ရာ များစွာ​ရှိလိမ့်မယ်လို့ နောက်လိုက်​တွေကို ကြို​ပြောခဲ့တယ်။ (မ. ၉:၃၇။ ၂၄:၁၄) ဒီ​စကား​တွေ ဘယ်လောက်​မှန်တယ်​ဆိုတာကို ယူကရိန်း​နိုင်ငံ၊ ထရန်စ​ကာ​ပါ​သီ​ယား​ဒေသ​မှာ တွေ့နိုင်တယ်။ အဲဒီ​ဒေသက မြို့​သုံးမြို့မှာ အသင်းတော် ၅၀ ရှိနေ​ပြီး ကြေညာသူ ၅,၄၀​၀ ကျော် ရှိနေတယ်။ * ယေဟောဝါသက်သေတွေ​ဟာ အဲဒီမြို့​သုံး​မြို့​က လူဦးရေ​ရဲ့ ၄ ပုံ ၁ ပုံ​လောက် ရှိနေတယ်။

ဒေသခံ​တွေ​က ဘယ်လို လူတွေ​လဲ။ “လူတွေဟာ ကျမ်းစာကို လေးမြတ်​တယ်။ တရားမျှတ​တာကို တန်ဖိုးထားတယ်။ မိသားစု စည်းလုံး​ကြတယ်။ ရိုးသား​ပြီး ကူညီ​ရိုင်းပင်း​တတ်ကြတယ်။ ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းကို အမြဲ​သဘောတူတာတော့ မဟုတ်ပေ​မဲ့ ကျမ်းစာထဲက​နေ ဖတ်ပြ​ရင်​တော့ ဂရုတစိုက် နားထောင်ကြ​တယ်” လို့ ဒေသခံ​ညီအစ်ကို ဗာစီလီ ပြောပြ​တယ်။

ကြေညာသူ​များတဲ့ ဒီ​ဒေသ​မှာ ထူးခြားတဲ့ တခြား​စိန်ခေါ်မှု​တွေကို ညီအစ်ကို/မတွေ ကြုံရတယ်။ ဥပမာ၊ အသင်းတော်​တစ်ခုမှာ ကြေညာသူ ၁၃၄ ယောက်​ရှိပြီး အိမ်ခြေ ၅၀ လောက်​ပဲ ရှိတယ်။ ဒီ​အခြေအနေကို ကြေညာသူတွေ ဘယ်လို ကိုင်တွယ်​ကြသလဲ။

ညီအစ်ကို/မများ​စွာ​ဟာ ပိုလိုအပ်တဲ့​နေရာတွေမှာ သွားပြီး ဟောပြော​ကြတယ်။ အသက် ၉၀ ရှိတဲ့ ညီအစ်ကို ယိုနက်ရှ်က “ကျွန်တော်တို့ အသင်းတော်​ရပ်ကွက်မှာ ကြေညာသူနဲ့ အိမ်ခြေ​က ၁ အချိုး ၂ ဖြစ်နေတယ်။ အခုတော့ ကျန်းမာရေး​မကောင်း​လို့ ဒီ​ရွာ​မှာပဲ ဟော​တယ်။ အရင်က​ဆို မိုင် ၁၀၀ လောက်​ဝေး​တဲ့ မခန့်အပ်​ရ​သေး​တဲ့ ရပ်ကွက်ကို သွားပြီး ဟန်​ဂေ​ရီ​စကားနဲ့ ဟော​တယ်” လို့ ပြောတယ်။ ကြေညာသူတွေဟာ တခြား​ရပ်ကွက်​တွေ​မှာ သွား​ဟောပြော​နိုင်ဖို့ စွန့်လွှတ်​အနစ်နာခံ​ကြတယ်။ ယိုနက်ရှ်က “ရထား​မီ​ဖို့ မနက် ၄:၀​၀ နာရီ​မှာ ထ​ရတယ်။ ရထား​ပြန်​ထွက်​တဲ့ ညနေ ၆:၀​၀ နာရီ​အထိ ဟော​တယ်။ တစ်ပတ်ကို နှစ်ကြိမ် သုံးကြိမ်​လောက် အဲဒီလို လုပ်တယ်” လို့​ပြောတယ်။ လုပ်​ရ​ကျိုး​နပ်​ရဲ့​လား။ “ဒီလို သွားပြီး အမှုဆောင်​ရတာ သိပ်ပျော်တာပဲ။ သီးခြား​ဖြစ်နေတဲ့ မိသားစု​တစ်စုကို အမှန်တရား သိလာအောင် ကူညီပေး​ခွင့်​ရခဲ့တယ်” လို့ ဆက်ပြောတယ်။

အသင်းတော်​တွေ​မှာ ရှိတဲ့​သူအား​လုံး ခရီးဝေး သွား​နိုင်မှာ မဟုတ်ဘူးဆိုတာ နားလည်​နိုင်ပါတယ်။ ဒါပေမဲ့ သက်ကြီးရွယ်အို​တွေ အပါအဝင် ကြေညာသူ​အားလုံး ကိုယ့်​အသင်းတော်​ရပ်ကွက်မှာ စေ့စေ့စပ်စပ် ဟောပြော​ကြတယ်။ ရလဒ်အနေနဲ့ ၂၀၁၇၊ အောက်မေ့ရာပွဲ​မှာ တက်ရောက်သူ စုစုပေါင်း​က ကြေညာသူ​အရေအတွက်​ရဲ့ ၂ ဆ​နီးပါး၊ မြို့​သုံး​မြို့​ပေါင်း လူဦးရေ​ရဲ့ ထက်ဝက် ရှိတယ်။ ဒါကြောင့် ဘယ်​နေရာမှာပဲ အမှုဆောင်​ပါ​စေ ‘သခင့်​အလုပ်မှာ လုပ်စရာ​အများကြီး’ ရှိနေဆဲပါ။—၁ ကော. ၁၅:၅၈

^ စာပိုဒ်၊ 2 မြို့​သုံး​မြို့​က ဟဲဘိုကီ ပို​တစ်၊ ဆီ​ရက်​နေ ဗိုဒိုင်ယာနီ၊ ညှာယက်အက်ပ်ရှာတို့ ဖြစ်တယ်။