မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူငယ်တို့—မာရ်နတ်ကို ခုခံပြီး အခိုင်အမာရပ်တည်ကြပါ

လူငယ်တို့—မာရ်နတ်ကို ခုခံပြီး အခိုင်အမာရပ်တည်ကြပါ

“မာရ်နတ်​ရဲ့ ဉာဏ်နီဉာဏ်နက်​များတဲ့ လုပ်ရပ်​တွေကို ခုခံ​ပြီး အခိုင်အမာ​ရပ်တည်​နိုင်ဖို့ ဘုရားသခင်​ဆီက ချပ်ဝတ်တန်ဆာ အပြည့်အစုံကို ဝတ်ဆင်​ကြ​ပါ။”—ဧ. ၆:၁၁

သီချင်း– ၇၉၊ ၁၄၀

၁၊ ၂။ (က) နတ်ဆိုးတွေကို ခုခံ​ရာမှာ ခရစ်ယာန်​လူငယ်တွေ ဘာကြောင့် အောင်မြင်​နိုင်သလဲ။ (ဆောင်းပါး​အစမှာ​ပါတဲ့ ပုံကို ကြည့်ပါ။) (ခ) ဘာအကြောင်း သုံးသပ်ကြ​မ​လဲ။

တမန်တော် ပေါလုက ခရစ်ယာန်​အသက်တာကို တိုက်ပွဲဝင်​မယ့် စစ်သည်​တွေနဲ့ နှိုင်းယှဉ်​ထားတယ်။ ကျွန်တော်တို့ တိုက်​နေတာ ပကတိ​စစ်ပွဲ မဟုတ်ဘူး။ ဒါပေမဲ့ ရန်သူနဲ့တော့ တကယ်​ရင်ဆိုင်​နေရတာ ဖြစ်တယ်။ စာတန်​နဲ့ နတ်ဆိုးတွေဟာ ဝါရင့်​စစ်သည်​တွေနဲ့ တူတယ်။ သူတို့ကို အနိုင်ယူဖို့ မဖြစ်နိုင်ပုံပဲလို့ ထင်​ရတယ်။ အထူးသဖြင့် ခရစ်ယာန်​လူငယ်တွေဟာ အကာအကွယ်မဲ့​နေ​ပုံ​ရတယ်။ လူ​ထက် အစွမ်း​ကြီးတဲ့ နတ်ဆိုးတွေကို ဘယ်လို ရင်ဆိုင်​အောင်မြင်​နိုင်မလဲ။ လူငယ်တွေ အောင်မြင်​နိုင်ပါတယ်။ အောင်​လည်း အောင်မြင်​နေကြတယ်။ ဘာကြောင့်လဲ။ “ဘုရားသခင်​ဆီက တန်ခိုးကို ခံယူ” ကြ​လို့​ပဲ။ သူတို့ဟာ ကောင်းစွာ​လေ့ကျင့်​ခံ​ထားရတဲ့ စစ်သားတွေလို “ဘုရားသခင်​ဆီက ချပ်ဝတ်တန်ဆာ အပြည့်အစုံကို ဝတ်ဆင်” ထား​ကြတယ်။ဧဖက် ၆:၁၀-၁၂ ကိုဖတ်ပါ။

ရောမ​တပ်မှူး​တွေ ဝတ်ဆင်​တဲ့ ချပ်ဝတ်တန်ဆာ​တွေကို စိတ်ထဲ​ထားပြီး ပေါလု ပြော​နေတာ ဖြစ်မယ်။ (တ. ၂၈:၁၆) ဒီ​နှိုင်းယှဉ်​ချက်​က ဘာကြောင့် သင့်လျော်​သလဲ​ဆို​တာ သုံးသပ်ကြည့်​ကြစို့။ သုံးသပ်​ရင်းနဲ့ ဘုရားသခင်​ဆီက ချပ်ဝတ်တန်ဆာ ဝတ်ဆင်ခြင်း​ရဲ့ အခက်အခဲ​တွေ၊ အကျိုး​ကျေးဇူးတွေ​အကြောင်း လူငယ်​တချို့ ဘာပြောသလဲ​ဆို​တာ သတိပြု​ကြည့်ပါ။

သင် ချပ်ဝတ်တန်ဆာ အပြည့်အစုံ ဝတ်​ထား​သလား

“အမှန်တရား ခါးပန်း”

၃၊ ၄။ ကျမ်းစာ​အမှန်တရား​ဟာ ရောမ​စစ်သားရဲ့ ခါးပတ်​နဲ့ ဘယ်လို တူသလဲ။

ဧဖက် ၆:၁၄ ကိုဖတ်ပါ။ ရောမ​စစ်သားတွေ​ရဲ့ သတ္တု​ခါးပတ်​ပြား​က ခါးကို ကာကွယ်​ပေးတယ်။ အပေါ်ပိုင်း စစ်ဝတ်စုံ​ရဲ့ အလေးချိန်ကို သက်သာ​စေတယ်။ တချို့​ခါးပတ်​မှာ ဓား​နဲ့ ဓားမြှောင် ချိတ်​ဖို့ နေရာ​လည်း ရှိတယ်။ ခါးပတ်ကို တင်းတင်း​ပတ်​ထားတဲ့ စစ်သား​ဟာ ယုံကြည်စိတ်ချမှု​အပြည့်​နဲ့ တိုက်ပွဲ​ဝင်နိုင်​တယ်။

ကျမ်းစာက​နေ သိလာတဲ့ အမှန်တရားတွေဟာ မှားယွင်းတဲ့ သွန်သင်ချက်​တွေကြောင့် ဖြစ်လာနိုင်တဲ့ အန္တရာယ်​တွေကို ကာကွယ်​ပေးတယ်။ (ယော. ၈:၃၁၊ ၃၂။ ၁ ယော. ၄:၁) ကျမ်းစာ​အမှန်တရားကို မြတ်နိုး​လေ ဘုရားရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေနဲ့အညီ နေထိုင်မယ်ဆိုတဲ့ “ရင်အုပ်တန်ဆာ” ကို သယ်ဆောင်​ဖို့ ပိုလွယ်ကူ​လေ​ပဲ။ (ဆာ. ၁၁၁:၇၊ ၈။ ၁ ယော. ၅:၃) ဒါ့အပြင် ကျမ်းစာ​အမှန်တရားကို ရှင်းရှင်းလင်းလင်း သဘောပေါက်​မယ်ဆိုရင် ဆန့်ကျင်​သူတွေကို ခုခံ​ပြီး အခိုင်အမာ ရပ်တည်​နိုင်မယ်။—၁ ပေ. ၃:၁၅

၅။ ဘာကြောင့် အမှန်အတိုင်း ပြော​သင့်သလဲ။

ခါးပတ်ကို တင်းတင်း​ပတ်​ထား​သလို ကျမ်းစာ​အမှန်တရားကို အခိုင်အမာ ကိုင်စွဲ​ထားမယ်ဆိုရင် အချိန်တိုင်း အမှန်တရား​နဲ့အညီ နေထိုင်​ဖို့၊ မှန်ရာကို ပြောဖို့ လှုံ့ဆော်​ပေးပါလိမ့်မယ်။ လိမ်ညာ​တာကို ဘာကြောင့် ရှောင်ရ​မလဲ။ လိမ်ညာ​တာ​ဟာ စာတန် အသုံးတည့်​ဆုံး လက်နက်​တစ်ခု ဖြစ်လို့​ပါ​ပဲ။ လိမ်ညာတာက ပြောတဲ့​သူကို​ရော ယုံတဲ့သူကိုပါ ထိခိုက်​စေတယ်။ (ယော. ၈:၄၄) ကျွန်တော်တို့ မစုံလင်​ပေ​မဲ့ လိမ်ပြောတာကို အတတ်နိုင်ဆုံး ရှောင်ကြတယ်။ (ဧ. ၄:၂၅) ခက်​တော့ ခက်တယ်။ ဆယ့်ရှစ်နှစ်​အရွယ် အ​ဘိဂဲ​က “အမှန်အတိုင်း​ပြောတာ အမြဲ​တော့ အကျိုးရှိ​ပုံ မရဘူး။ အထူးသဖြင့် လိမ်ပြော​ရင် ပြဿနာ​က​နေ လွတ်သွားနိုင်တဲ့​အခါ​မျိုး​ပေါ့” လို့ ပြောတယ်။ ဒါဆို သူ ဘာကြောင့် အမှန်အတိုင်း​ပြောဖို့ အမြဲ​ကြိုးစားတာ​လဲ။ “အမှန်အတိုင်း ပြောတဲ့အခါ ယေဟောဝါ​ရှေ့မှာ စိတ်​ကြ​ည်​တယ်။ မိဘ​နဲ့ သူငယ်ချင်း​တွေ​ရဲ့ ယုံကြည်စိတ်ချမှုကို ရတယ်” လို့ ပြောတယ်။ ၂၃ နှစ်အရွယ် ဗ​စ်​တိုး​ရီး​ယား ဒီလိုပြောတယ်– “အမှန်အတိုင်း ပြောပြီး ယုံကြည်ချက်​အတိုင်း ရပ်တည်​တဲ့အခါ အနိုင်ကျင့်​ခံရ​နိုင်တယ်။ ဒါပေမဲ့ သိစိတ် ကြည်လင်​လာမယ်၊ ယေဟောဝါနဲ့ ရင်းနှီး​လာမယ်၊ ကိုယ့်ကို​ချစ်တဲ့​သူတွေရဲ့ လေးစားမှုကို ရမယ်။” “အမှန်တရား ခါးပန်းကို” အမြဲ​စည်းထား​ရ​ကျိုး နပ်​ပါတယ်။

အမှန်တရား​ခါးပန်း (အပိုဒ် ၃-၅ ကို​ကြည့်ပါ)

“ဖြောင့်မတ်ခြင်း ရင်အုပ်တန်ဆာ”

၆၊ ၇။ ဖြောင့်မတ်ခြင်းကို ရင်အုပ်တန်ဆာ​နဲ့ ဘာကြောင့် ခိုင်းနှိုင်း​ထားသလဲ။

ပထမရာစု ရောမ​စစ်သားတွေ ဝတ်​တဲ့ ရင်အုပ်တန်ဆာ တစ်မျိုး​ကို ထပ်​ထားတဲ့ သံ​ပြား​အ​ချ​ပ်​လေး​တွေနဲ့ လုပ်​ထားတယ်။ အဲဒီ​အ​ချ​ပ်​တွေကို ရင်ဘတ်​နဲ့ အံကိုက်​ဖြစ်အောင် ကွေး​ထားတယ်။ သတ္တု​ကွင်း​တွေ၊ ချိတ်​တွေ​က​တစ်ဆင့် သားရေ​ကြိုးတွေ​နဲ့ တင်း​အောင် ဆွဲ​ချည်​ထားတယ်။ ကျန်တဲ့ အပေါ်ပိုင်းကို သားရေ​ကြိုး​နဲ့ တွဲ​ချည်​ထားတဲ့ သံ​ပြား​အ​ချ​ပ်တွေ အုပ်​ထားတယ်။ ဒီ​ဝတ်စုံ​က လှုပ်ရှား​ဖို့ အတော်အတန် ခက်ခဲ​စေတယ်။ သံ​ပြား​ချ​ပ်တွေ အံဝင်ခွင်ကျ​ဖြစ်​မဖြစ် ပုံမှန်​စစ်ဆေး​ဖို့​လည်း လိုအပ်တယ်။ ဒါပေမဲ့ ဒီ​ဝတ်စုံ​က နှလုံး​နဲ့ အရေးကြီးတဲ့ အင်္ဂါ​တွေကို ဓားလှံ​တွေ မထိမှန်စေဖို့ ကာကွယ်​ပေးတယ်။

စိတ်​နှလုံးကို ကာကွယ်​ပေးတဲ့ ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေကို ထိထိရောက်ရောက် ပုံဖော်​ပေး​လိုက်တာ​ပဲ။ (ပညာ. ၄:၂၃) စစ်သား​တစ်ယောက်​ဟာ သံရင်အုပ်တန်ဆာကို အရည်အသွေး​မကောင်းတဲ့ ရင်အုပ်တန်ဆာ​နဲ့ လဲ​မှာ မဟုတ်သလို ကျွန်တော်တို့လည်း ယေဟောဝါရဲ့ စံနှုန်းတွေကို ကိုယ့်စံနှုန်းတွေနဲ့ မလဲ​ချင်​ကြ​ဘူး။ ကျွန်တော်တို့ရဲ့ စံနှုန်း​က လိုအပ်​တဲ့ ကာကွယ်မှု မပေးနိုင်​ဘူး။ (ပညာ. ၃:၅၊ ၆) ဒါကြောင့် နှလုံးကို ကာကွယ်ဖို့ ယေဟောဝါ​ပေးတဲ့ “ရင်အုပ်တန်ဆာ” ကို ကောင်းကောင်း ဝတ်ဆင်​နေရဲ့လား​ဆို​တာ ပုံမှန် စစ်ဆေး​ပါ။

၈။ ယေဟောဝါရဲ့ စံနှုန်းတွေ​အတိုင်း လိုက်တာ ဘာကြောင့် အကျိုးရှိ​သလဲ။

ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့​စံနှုန်းတွေ​က သင့်ရဲ့ လွတ်လပ်ခွင့်ကို ပိတ်ပင်​တယ်လို့ တစ်ခါတလေ ခံစားရ​သလား။ အသက် ၂၁ နှစ်အရွယ် ဒန်​နီ​ယ​ယ်​က “ကျမ်းစာ​စံနှုန်းတွေ​အတိုင်း နေထိုင်​လို့ ဆရာတွေ၊ ကျောင်းနေဖက်​တွေ လှောင်ပြောင်​ကြတယ်။ ဒါကြောင့် ခဏ​တော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိတော့​ဘဲ စိတ်ဓာတ်ကျ​လာတယ်” လို့​ပြောတယ်။ အခု​ကော။ “ယေဟောဝါရဲ့ စံနှုန်းတွေ​အတိုင်း နေထိုင်ခြင်း​ရဲ့ အကျိုးကျေးဇူးတွေကို မြင်​လာတယ်။ ‘သူငယ်ချင်း’ တချို့ မူးယစ်ဆေးစွဲ​ပြီး ကျောင်းထုတ်​ခံရတယ်။ အဲဒီလို​ဖြစ်သွား​တာ စိတ်မကောင်း​စ​ရာ​ပဲ။ ကျွန်တော်တို့ကို ယေဟောဝါ တကယ် ကာကွယ်​ပေးတယ်” လို့ သူပြောတယ်။ အသက် ၁၅ နှစ်အရွယ် မာဒီစန်လည်း ဒီလိုပြောတယ်– “ပျော်စရာ​ကောင်းတယ်​လို့ ရွယ်တူ​တွေ ထင်တာတွေကို လိုက်​မ​လုပ်ဖို့၊ ယေဟောဝါရဲ့ စံနှုန်းတွေ​အတိုင်း လိုက်​ဖို့ ခက်တယ်။” သူ ဘယ်လို ဖြေရှင်း​ခဲ့သလဲ။ “ယေဟောဝါရဲ့ နာမည်ကို ခံယူ​ထားမှန်း၊ သွေးဆောင်မှု​ဆို​တာ စာတန့် တိုက်ခိုက်​နည်း​ဖြစ်မှန်း ကိုယ့်ကိုယ်ကိုယ် သတိပေး​တယ်။ တစ်ခါ အောင်မြင်​တိုင်း ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူ​တယ်။”

ဖြောင့်မတ်ခြင်း ရင်အုပ်တန်ဆာ (အပိုဒ် ၆-၈ ကို​ကြည့်ပါ)

“ငြိမ်သက်ခြင်း​သတင်းကောင်း ဟော​ဖို့ အသင့်ရှိနေ​ခြင်း​ဆိုတဲ့ ဖိနပ်”

၉-၁၁။ (က) ခရစ်ယာန်​တွေ စီး​ထား​ရမယ့် ပုံဆောင်​ဖိနပ်​က ဘာလဲ။ (ခ) သတင်းကောင်း​ဟော​ဖို့ ဘာက ပိုလွယ်ကူ​စေနိုင်သလဲ။

ဧဖက် ၆:၁၅ ကိုဖတ်ပါ။ ဖိနပ်​မ​စီး​ထားတဲ့ ရောမ​စစ်သား​ဟာ တိုက်ပွဲဝင်​ဖို့ အသင့်​မဖြစ်​ဘူး။ ဖိနပ်​အောက်ခံ​ကို သားရေ​ပြား သုံး​ပြား​နဲ့ လုပ်​ထားတဲ့အတွက် အတော်​ခိုင်ခံ့​တယ်။ ရေရှည်​ခံ​ပြီး သက်သောင့်သက်သာ ရှိတယ်။

၁၀ ရောမ​စစ်သားတွေ​ရဲ့ ဖိနပ်​က တိုက်ပွဲဝင်​ဖို့ အသင့်​ဖြစ်စေ​သလို ခရစ်ယာန်တွေရဲ့ ပုံဆောင်​ဖိနပ်​က​လည်း ငြိမ်သက်ခြင်း သတင်း​ဟော​ဖို့ အသင့်​ဖြစ်စေတယ်။ (ဟေရှာ. ၅၂:၇။ ရော. ၁၀:၁၅) ဒါပေမဲ့ အခွင့်အရေး​ရတဲ့အခါ ဟော​နိုင်ဖို့ သတ္တိ​လိုတယ်။ အသက် ၂၀ အရွယ် ညီအစ်ကို ဘိုက “အတန်းဖော်​တွေကို သက်သေ​မခံ​ရဲဘူး။ ရှက်​တယ်။ ဘာကြောင့် အဲဒီလို​ဖြစ်မှန်း မသိ​ဘူး။ အခုတော့ အတန်းဖော်​တွေကို သက်သေခံ​ရတာ ပျော်​နေ​ပြီ” လို့ ပြောတယ်။

၁၁ သတင်းကောင်း​ဟော​ဖို့ ကောင်းကောင်း ပြင်ဆင်ထားမယ်ဆိုရင် ဟော​ဖို့ ပိုလွယ်ကူ​မှန်း လူငယ်များစွာ တွေ့ရှိခဲ့ကြတယ်။ ဘယ်လို အသင့်ပြင်​နိုင်မလဲ။ အသက် ၁၆ နှစ်အရွယ် ဂျူလီယာက “လွယ်အိတ်​ထဲမှာ စာပေ​တွေ အမြဲ​ထည့်​ထားတယ်။ အတန်းဖော်​တွေ​ရဲ့ သဘောထား၊ ယုံကြည်ချက်​တွေကို နားထောင်ပြီး ဘယ်လို ကူညီပေး​နိုင်မလဲ ဆို​တာ စဉ်းစား​တယ်။ အဲဒီလို အသင့်ပြင်​ထားတဲ့အခါ သူတို့အတွက် အကျိုးရှိ​မယ့်​အရာကို ပြောပြ​နိုင်တယ်” လို့ ပြောတယ်။ အသက် ၂၃ နှစ်အရွယ် မာ​ကန်​ဇီ​လည်း ဒီလိုပြောတယ်– “ကိုယ်က သဘော​ကောင်းပြီး ကောင်းကောင်း နားထောင်​ပေးမယ်​ဆိုရင် ရွယ်တူ​တွေ ဘာကြုံနေ​ရတယ်ဆိုတာ သိလာ​မယ်။ လူငယ်တွေအတွက် ထုတ်​ထားတဲ့ စာပေ​အားလုံးကို ကျွန်မ ဖတ်တယ်။ ဒါကြောင့် ကျမ်းစာ ဒါမှမဟုတ် jw.org ထဲက အကူအညီ​ဖြစ်စေ​မယ့်​အရာတွေကို ပြ​ပေးနိုင်တယ်။” ဟောပြော​ဖို့ အသင့်ပြင်ဆင်​ထားတာ​က “ဖိနပ်” ကို မြဲ​မြဲ​စီး​ထားတာနဲ့ တူပါလိမ့်မယ်။

အသင့်ရှိနေ​ခြင်း​ဆိုတဲ့ ဖိနပ် (အပိုဒ် ၉-၁၁ ကို​ကြည့်ပါ)

“ယုံကြည်ခြင်း ဒိုင်းလွှား​ကြီး”

၁၂၊ ၁၃။ စာတန်​ပစ်ခတ်​တဲ့ “မီး​မြား” တချို့က ဘာတွေလဲ။

၁၂ ဧဖက် ၆:၁၆ ကိုဖတ်ပါ။ ရောမ​စစ်သားတွေ ကိုင်ဆောင်​တဲ့ “ဒိုင်းလွှား​ကြီး” က လေးထောင့်ပုံ​ရှိပြီး ပခုံး​ကနေ ဒူး​အထိ ကာကွယ်​ပေးနိုင်တယ်။ ဓားလှံ​တွေ၊ မြှားတွေ မထိ​အောင် ကာကွယ်​ပေးတယ်။

၁၃ စာတန်​ပစ်ခတ်​တဲ့ “မီး​မြား​တွေ” ထဲမှာ ယေဟောဝါ​က သင့်ကို ဂရုမစိုက်​ဘူး၊ မချစ်​ဘူးဆိုတဲ့ အ​လိမ်​အ​ညာ​တွေ ပါတယ်။ အသက် ၁၉ နှစ်အရွယ် အီဒါက သူ့ကိုယ်သူ အသုံးမကျ​ဘူးဆိုပြီး ခံစား​နေရတယ်။ “ယေဟောဝါနဲ့ မရင်းနှီး​ဘူး၊ ယေဟောဝါ​က ကျွန်မ​နဲ့ မိတ်ဆွေ​မဖြစ်ချင်​ဘူးလို့ ခံစား​နေရတယ်” လို့​ပြောတယ်။ သူ​ဘယ်လို ဖြေရှင်း​ခဲ့သလဲ။ “အစည်းအဝေး​တွေ​က ယုံကြည်ခြင်းကို ပိုခိုင်ခံ့​စေတယ်။ အရင်က​ဆို အစည်းအဝေး​တွေ တက်​ပေ​မဲ့ ထိုင်​နားထောင်​ရုံပဲ။ ကျွန်မ​ပြောတာကို ဘယ်သူမှ နားထောင်ချင်​မှာ မဟုတ်ဘူးလို့ တွေး​ပြီး မှတ်ချက်​မပေးခဲ့​ဘူး။ အခုတော့ အစည်းအဝေး​တွေ​အတွက် ပြင်ဆင်​ပြီး နှစ်ကြိမ် သုံးကြိမ်​လောက် မှတ်ချက်​ပေးတယ်။ အဲဒီလို​လုပ်​ရတာ ခက်​ပေ​မဲ့ ပို​ပျော်​လာတယ်။ ညီအစ်ကို/မတွေ​က​လည်း အားပေးကြတယ်။ အစည်းအဝေး တက်ပြီး​တိုင်း ကျွန်မကို ယေဟောဝါ ချစ်​တယ်လို့ ခံစား​လာ​ရတယ်။”

၁၄။ အီဒါ​ရဲ့ အဖြစ်အပျက်က​နေ ဘာသိရသလဲ။

၁၄ အီဒါ​ရဲ့ အဖြစ်အပျက်က​နေ သိရှိ​ရတဲ့ အချက်​က​တော့ စစ်သား​တွေကိုင်​တဲ့ ပကတိ ဒိုင်းလွှား​က အရွယ်အစား မပြောင်းလဲ​ပေ​မဲ့ ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်း ဒိုင်းလွှား​က​တော့ ပြောင်းလဲ​နိုင်တယ် ဆို​တာ​ပဲ။ ကိုယ့်ရွေးချယ်မှု​ပေါ် မူတည်ပြီး ယုံကြည်ခြင်း အားနည်း​သွားနိုင်တယ်၊ ပို​ခိုင်ခံ့​လာနိုင်တယ်။ (မ. ၁၄:၃၁။ ၂ သက်. ၁:၃) ယုံကြည်ခြင်းကို တည်ဆောက်​နေဖို့ သိပ်​အရေးကြီးတယ်။

ယုံကြည်ခြင်း ဒိုင်းလွှား​ကြီး (အပိုဒ် ၁၂-၁၄ ကို​ကြည့်ပါ)

“ကယ်တင်ခြင်း သံခမောက်”

၁၅၊ ၁၆။ မျှော်လင့်ချက်​က သံခမောက်​နဲ့ ဘယ်လို တူသလဲ။

၁၅ ဧဖက် ၆:၁၇ ကိုဖတ်ပါ။ ရောမ​စစ်သားတွေ ဆောင်း​တဲ့ သံခမောက်​က ခေါင်း၊ လည်ပင်း၊ မျက်နှာကို ကာကွယ်​ပေးတယ်။ သံခမောက်​တချို့က လက်ကိုင်​ပါတဲ့​အတွက် လက်ထဲမှာ ကိုင်ထား​နိုင်တယ်။

၁၆ သံခမောက်​က စစ်သားရဲ့ ခေါင်းကို ကာကွယ်ပေး​သလို “ကယ်တင်ခြင်း​ရမယ်ဆိုတဲ့ မျှော်လင့်ချက်” က ကျွန်တော်တို့ရဲ့ စိတ်နဲ့ စဉ်းစား​တွေးခေါ်​နိုင်စွမ်း​ကို ကာကွယ်​ပေးတယ်။ (၁ သက်. ၅:၈။ ပညာ. ၃:၂၁) ဘုရားသခင့် ကတိ​တွေကို အာရုံစိုက်​စေပြီး ပြဿနာတွေကို အမှန်အတိုင်း ရှုမြင်​စေတယ်။ (ဆာ. ၂၇:၁၊ ၁၄။ တ. ၂၄:၁၅) “သံခမောက်” က​နေ ထိထိရောက်ရောက် အကာအကွယ်​ရနိုင်ဖို့ လက်​မှာ မကိုင်ဘဲ ခေါင်း​မှာ ဆောင်း​ထားရမယ်။

၁၇၊ ၁၈။ (က) သံခမောက်ကို ချွတ်​ဖို့ စာတန် ဘယ်လို သွေးဆောင်​သလဲ။ (ခ) စာတန်ရဲ့ လှည့်စားမှု​နောက် ပါ​မသွား​ကြောင်း ဘယ်လို ပြနိုင်သလဲ။

၁၇ သံခမောက်ကို ချွတ်​ဖို့ စာတန် ဘယ်လို သွေးဆောင်​သလဲ။ ယေရှုကို သွေးဆောင်ခဲ့တဲ့​နည်းအကြောင်း သုံးသပ်ကြည့်ပါ။ လူသားတွေကို ယေရှု တစ်ချိန်မှာ အုပ်ချုပ်ခွင့်​ရမယ်ဆိုတာ စာတန် သိတယ်။ ဒါပေမဲ့ ယေဟောဝါ သတ်မှတ်ထားတဲ့​အချိန်​အထိ ယေရှု စောင့်​ရမယ်။ ဒီ့​မတိုင်ခင် ဝေဒနာ​ခံစား​ပြီး သေဆုံး​ရမယ်။ ဒါကြောင့် မျှော်လင့်ချက်ကို ချက်ချင်း အကောင်အထည်ဖော်​ဖို့ စာတန် အခွင့်အရေး ပေးတယ်။ သူ့ကို တစ်ကြိမ်​ပဲ ရှိခိုး​ဦးချ​မယ်ဆိုရင် ချက်ချင်း အုပ်ချုပ်ခွင့် ရနိုင်မယ်လို့ ပြောတယ်။ (လု. ၄:၅-၇) အလားတူပဲ ကမ္ဘာသစ်မှာ ကျွန်တော်တို့ လိုအပ်တာမှန်သမျှ ယေဟောဝါ ပေးမယ်ဆိုတာ စာတန် သိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ စောင့်​ရမယ်။ ဒီ​အတောအတွင်း အခက်အခဲ​တွေ ကြုံရ​နိုင်တယ်။ ဒါကြောင့် သက်သောင့်သက်သာ ဘဝမျိုး​ကို အခု​ရယူဖို့ စာတန် သွေးဆောင်​တယ်။ ပစ္စည်းဥစ္စာကို အဓိက​ထားဖို့၊ ရ​သလောက် ယူဖို့၊ နိုင်ငံတော်ကို ဒုတိယ​နေရာမှာ ထားဖို့ အားပေးနေတယ်။—မ. ၆:၃၁-၃၃

၁၈ တခြား​ခရစ်ယာန်​လူငယ်တွေ​လိုပဲ အသက် ၂၀ အရွယ် ကီယာနာလည်း အဲဒီ​လှည့်စားမှု​နောက် ပါ​မသွားခဲ့​ဘူး။ “ပြဿနာ​အားလုံးကို ဖြေရှင်း​ပေးမယ့် တစ်ခုတည်း​သော မျှော်လင့်ချက်​က ဘုရားသခင့် နိုင်ငံ​တော်ပဲ​ဆို​တာ ကျွန်မ​သိတယ်” လို့ ပြောတယ်။ အဲဒီ​ခိုင်မာ​တဲ့ မျှော်လင့်ချက်​က သူ့ရဲ့​အတွေးအခေါ်၊ အ​ပြု​အမူ​အပေါ် ဘယ်လို အကျိုးသက်ရောက်​သလဲ။ “ပရဒိသု​မျှော်လင့်ချက်​က လောက​ပန်းတိုင်တွေ​အပေါ် အမြင်မှန် ရှိစေတယ်။ ကိုယ့်အစွမ်းအစတွေကို ချမ်းသာ​ဖို့၊ ကျော်ကြား​ဖို့​အတွက် အသုံး​မချ​ဘူး။ ကိုယ့်ရဲ့ အချိန်​နဲ့ ခွန်အားကို ဘုရားရေးရာ ပန်းတိုင်တွေ​အတွက်ပဲ မြှုပ်နှံထား​တယ်” လို့ ဆက်ပြောတယ်။

ကယ်တင်ခြင်း သံခမောက် (အပိုဒ် ၁၅-၁၈ ကို​ကြည့်ပါ)

ဘုရားသခင့်​တရား​စကား “စွမ်းအားတော်​ဓား”

၁၉၊ ၂၀။ ဘုရားသခင့် တရား​စကားကို ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်အောင် ဘယ်လို​လုပ်မလဲ။

၁၉ ပေါလု​ခေတ်​မှာ ရောမ​စစ်သားတွေ​သုံးတဲ့ ဓား​ဟာ လက်မ ၂၀ လောက် ရှည်​တယ်။ ရောမ​စစ်သားတွေဟာ နေ့တိုင်း လေ့ကျင့်​ရတဲ့အတွက် ဓား​ရေး​ကျွမ်းကျင်​ကြတယ်။

၂၀ ပေါလုဟာ ဘုရားသခင့် တရား​စကားကို ဓား​နဲ့ တင်စား​ထားတယ်။ ဒါပေမဲ့ ယုံကြည်ချက်​တွေကို ခုခံ​ကာကွယ်​ရာမှာ၊ အတွေးအခေါ်​တွေ ပြုပြင်​ရာမှာ ကျမ်းစာကို ကျွမ်းကျွမ်းကျင်ကျင် သုံး​တတ်ဖို့ သင်ယူရမယ်။ (၂ ကော. ၁၀:၄၊ ၅။ ၂ တိ. ၂:၁၅) ဘယ်လို ကျွမ်းကျင်​လာနိုင်သလဲ။ အသက် ၂၁ နှစ်အရွယ် စီဘတ်စီယန်းက “ကျမ်းစာ​ဖတ်တဲ့အခါ အခန်းကြီး​တိုင်းမှာ အကြိုက်ဆုံး အခန်းငယ်​တစ်ခု ချရေး​ပြီး စာရင်း​လုပ်​ထားတယ်။ ဒီနည်းနဲ့ ယေဟောဝါ စဉ်းစား​သလို ပို​စဉ်းစားတတ်​လာတယ်” လို့​ပြောတယ်။ အစောပိုင်း​မှာ ဖော်ပြခဲ့တဲ့ ဒန်​နီ​ယ​ယ်​က “ကျမ်းစာ​ဖတ်တဲ့အခါ အမှုဆောင်လုပ်ငန်းမှာ အသုံးဝင်​မယ်လို့​ထင်​တဲ့ အခန်းငယ်​တွေကို မှတ်​ထားတယ်။ လူတွေက ကျမ်းစာကို ကျွန်တော်တို့ မြတ်နိုး​ကြောင်း၊ သူတို့ကို အတတ်နိုင်ဆုံး ကူညီပေး​လို​ကြောင်း တွေ့​တဲ့အခါ ကောင်းကောင်း တုံ့ပြန်​လာကြတယ်” လို့ ပြောတယ်။

စွမ်းအားတော်​ဓား (အပိုဒ် ၁၉-၂၀ ကို​ကြည့်ပါ)

၂၁။ စာတန်​နဲ့ နတ်ဆိုးတွေကို ဘာကြောင့် ကြောက်ဖို့ မလို​သလဲ။

၂၁ ဒီဆောင်းပါးမှာ​ပါတဲ့ လူငယ်တွေ ပြော​သလို စာတန်​နဲ့ နတ်ဆိုးတွေကို ကြောက်ဖို့ မလို​ပါ​ဘူး။ သူတို့ ကြောက်ဖို့​ကောင်းပေမဲ့ သူတို့ကို အနိုင်ယူ​နိုင်ပါတယ်။ သူတို့ဟာ မသေနိုင်တဲ့သူတွေ မဟုတ်ဘူး။ မကြာခင်​ရောက်လာ​တော့မယ့် ခရစ်တော်ရဲ့ အနှစ်တစ်ထောင် အုပ်ချုပ်မှု​အတွင်း မလှုပ်ရှားနိုင်​အောင် ချုပ်နှောင်ခံရ​ပြီးနောက် ဖျက်ဆီး​ခံ​ရပါလိမ့်မယ်။ (ဗျာ. ၂၀:၁-၃၊ ၇-၁၀) ကျွန်တော်တို့​က ရန်သူ​အကြောင်း၊ သူ့​အကြံအစည်​နဲ့ ရည်ရွယ်ချက်​တွေ​အကြောင်း သိထားတယ်။ ယေဟောဝါရဲ့ အကူအညီ​နဲ့ သူ့ကို ခုခံ​ပြီး အခိုင်အမာ ရပ်တည်​နိုင်ပါတယ်။