မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၂၁

‘လောက ဉာဏ်ပညာ’ ရဲ့ လှည့်စားမှုကို မခံကြနဲ့

‘လောက ဉာဏ်ပညာ’ ရဲ့ လှည့်စားမှုကို မခံကြနဲ့

“လောကရဲ့ ဉာဏ်ပညာဟာ ဘုရားသခင်​ရှေ့မှာ မိုက်မဲ​တဲ့​အရာ​ပဲ။” ၁ ကော. ၃:၁၉

သီချင်း ၉၈ စွမ်းအားတော် လမ်းညွှန်မှုနဲ့ ရေး​တဲ့ ကျမ်းစာ

အကြို​သုံးသပ်ချက် *

၁။ ကျမ်းစာမှာ ကျွန်တော်တို့​အတွက် ဘာ​ပြင်ဆင်​ပေးထားသလဲ။

မဟာသွန်သင်ရှင် ယေဟောဝါရဲ့ အကူအညီ​နဲ့ ဘယ်​ပြဿနာကို​မဆို ကျွန်တော်တို့ ဖြေရှင်း​နိုင်တယ်။ (ဟေရှာ. ၃၀:၂၀၊ ၂၁) “မွန်မြတ်တဲ့​အလုပ် အမျိုးမျိုးကို လုပ်ဆောင်ဖို့ အရည်အချင်း ပြည့်ဝ​လာပြီး လုံးလုံးလျားလျား အသင့်​ဖြစ်” အောင် လိုအပ်​တာ မှန်သမျှကို ကျမ်းစာမှာ ပြင်ဆင်​ပေးထားတယ်။ (၂ တိ. ၃:၁၇) ကျမ်းစာ​သွန်သင်ချက်တွေကို လိုက်နာတဲ့အခါ “လောကရဲ့ ဉာဏ်ပညာ” လိုက်စားသူ​တွေ​ထက် ကျွန်တော်တို့ ပို​ပညာရှိ​လာတယ်။—၁ ကော. ၃:၁၉။ ဆာ. ၁၁၉:၉၇-၁၀၀

၂။ ဒီ​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေးကြမလဲ။

လောကရဲ့ ဉာဏ်ပညာက ကျွန်တော်တို့ရဲ့ သွေးသား​ဆန္ဒ​အတွက် နှစ်သက်စရာ​ကောင်းတယ်။ ဒါကြောင့် လောက​နဲ့​ပတ်သက်​သူတွေလို မစဉ်းစားမိအောင်၊ မလုပ်မိအောင် တွန်းလှန်ဖို့ ခက်​နိုင်တယ်။ “အတွေးအခေါ်​တွေ၊ အဓိပ္ပာယ်​မဲ့တဲ့ လှည့်ဖြားမှု​တွေ​နဲ့ ထောင်ချောက်​ဆင်​ဖမ်း​မယ့်​သူတွေကို သတိ​ထားကြပါ။ အဲဒါတွေဟာ. . . လူ့​ထုံးတမ်းစဉ်လာတွေ​ကို အခြေခံတယ်” လို့ ကျမ်းစာမှာ ပြော​ထားတယ်။ (ကော. ၂:၈) ဒီ​ဆောင်းပါး​မှာ စာတန်ရဲ့ အဓိပ္ပာယ်​မဲ့တဲ့ လှည့်ဖြားမှု နှစ်ခု​ကို လူတွေ ဘယ်လို ယုံကြည်​လာ​ကြ​ကြောင်း သုံးသပ်ပါမယ်။ လောကရဲ့ ဉာဏ်ပညာက ဘာကြောင့် မိုက်မဲ​ကြောင်း၊ ကျမ်းစာပါ ဘုရားရဲ့ ဉာဏ်ပညာက လောက ကမ်းလှမ်း​တဲ့​အရာ မှန်သမျှ​ထက် ဘာကြောင့် သာလွန်ကြောင်းကိုလည်း သိလာ​ပါလိမ့်မယ်။

အကျင့်​စာရိတ္တ​နဲ့​ပတ်သက်ပြီး ရှုမြင်ပုံ ပြောင်းလာ

၃-၄။ ၂၀ ရာစု​အစောပိုင်း အမေရိကန်မှာ အကျင့်​စာရိတ္တ​နဲ့​ပတ်သက်ပြီး ရှုမြင်ပုံ ဘယ်လို ပြောင်းလဲ​လာသလဲ။

နှစ်ဆယ်ရာစု​အစောပိုင်း အမေရိကန်မှာ အကျင့်​စာရိတ္တ​နဲ့​ပတ်သက်ပြီး လူတွေရဲ့ ရှုမြင်ပုံ အကြီးအကျယ် ပြောင်းလဲ​လာတယ်။ အရင်တုန်းက လိင်​ကိစ္စ​ကို အိမ်ထောင်သည်တွေ​အတွက်ပဲ​လို့ ယူဆ​ပြီး လူအများရှေ့ ထုတ်ပြောလေ့ မရှိဘူး။ ဒါပေမဲ့ အဲဒီ​စံနှုန်းတွေ ပြောင်းလဲ​လာပြီး လိင်​နဲ့​ပတ်သက်တဲ့ အထိန်းအကွပ်မဲ့ သဘောထားတွေ ပျံ့နှံ့​လာတယ်။

၁၉၂၀-၁၉၂၉ ကြားမှာ လူတွေဟာ ကိုယ်ကျင့်တရား​ကို ဂရုမစိုက်​တော့ဘဲ အပျော်အပါး​နဲ့ ငွေကို ဦးစား​ထား​လာကြတယ်။ “ရုပ်ရှင်၊ ပြဇာတ်၊ သီချင်း၊ ဝတ္ထု၊ ကြော်ငြာတွေမှာ လိင်ကို အသားပေး​လာကြတယ်” လို့ သုတေသီ​တစ်ယောက် ပြောတယ်။ အဲဒီ​ဆယ်စုနှစ်​အတွင်း လိင်စိတ်​နှိုးဆွတဲ့ အက​ပုံစံ၊ အဝတ်အစား​ပုံစံ​တွေ ခေတ်စား​လာတယ်။ နောက်ဆုံး​ကာလ​နဲ့​ပတ်သက်ပြီး ကျမ်းစာ​ကြို​ပြောတဲ့​အတိုင်း လူတွေဟာ “အပျော်အပါး​ကိုသာ နှစ်သက်” လာကြတယ်။—၂ တိ. ၃:၄

ယေဟောဝါရဲ့ လူတွေဟာ လောကရဲ့ အကျင့်ပျက် စံနှုန်းတွေ​နောက် ပါ​မသွားကြ (အပိုဒ် ၅ ကို​ကြည့်ပါ) *

၅။ ၁၉၆၀ ပြည့်လွန်​နှစ်တွေ​က​စပြီး အကျင့်​စာရိတ္တ​နဲ့​ပတ်သက်တဲ့ လောကရဲ့​အမြင် ဘယ်လို ပြောင်းလဲ​လာသလဲ။

၁၉၆၀ ပြည့်လွန်​နှစ်တွေမှာ လက်မ​ထပ်​ဘဲ အတူ​နေခြင်း၊ လိင်​တူ​ဆက်ဆံခြင်း၊ ကွာရှင်းခြင်း​တွေ ခေတ်စား​လာတယ်။ ဖျော်ဖြေမှုတွေ​မှာ လိင်​အကြောင်း ပေါ်ပေါ်ထင်ထင် တင်ဆက်​လာကြတယ်။ ရလဒ်​အဖြစ် အကျင့်​စာရိတ္တ ယိုယွင်းခြင်း​ရဲ့ ဆိုးကျိုး​ကို ခံစား​ကြရတယ်။ မိသားစု​ပြိုကွဲ​တာ၊ ကြင်ဖော်မဲ့​မိဘအဖြစ် ကျန်​ခဲ့​တာ၊ စိတ်ဒဏ်ရာ​ရတာ၊ ညစ်ညမ်း​ရုပ်ပုံ စွဲ​တာ စ​တာ​တွေဟာ “လိင်​အကျင့် ယိုယွင်းခြင်း​ရဲ့ ဆိုးကျိုး​တွေ​ပါပဲ” လို့ စာရေး​ဆရာ​တစ်ယောက် ပြောတယ်။ အေအိုင်ဒီအက်စ်​လို​မျိုး လိင်ဆိုင်ရာ ကူးစက်​ရောဂါတွေ ပျံ့နှံ့​လာ​ခြင်း​ဟာ လောက​ဉာဏ်ပညာရဲ့ မိုက်မဲမှု သာဓက​တစ်ခုပါပဲ။—၂ ပေ. ၂:၁၉

၆။ လိင်​နဲ့​ပတ်သက်တဲ့ လောကရဲ့ ရှုမြင်ပုံ​က ဘယ်လိုနည်းနဲ့ စာတန့်​အကြိုက် ဖြစ်သလဲ။

လိင်​နဲ့​ပတ်သက်တဲ့ လောကရဲ့ ရှုမြင်ပုံဟာ စာတန့်​အကြိုက်​ပါပဲ။ ဘုရားပေး လက်ဆောင်​ဖြစ်တဲ့ လိင်ကို လူတွေ အလွဲသုံးစား​လုပ်ပြီး အိမ်ထောင်မင်္ဂလာ​ကို မလေးမစား လုပ်တဲ့​အခါ စာတန် ပျော်တယ်။ (ဧ. ၂:၂) လိင်​အကျင့်ပျက်သူ​တွေဟာ ယေဟောဝါ​ပေးထားတဲ့ မျိုးပွား​နိုင်စွမ်း ဆုကျေးဇူး​ကို တန်ဖိုး​မထား​ကြောင်း ဖော်ပြရာ​ရောက်တယ်။ ထာဝရ​အသက်ရှင်ခွင့်​လည်း ဆုံးရှုံး​သွားနိုင်တယ်။—၁ ကော. ၆:၉၊ ၁၀

လိင်​အကျင့်​ယိုယွင်းခြင်း​နဲ့​ပတ်သက်တဲ့ ကျမ်းစာ​အမြင်

၇-၈။ လိင်​နဲ့​ပတ်သက်တဲ့ ကျမ်းစာရဲ့ ရှုမြင်ပုံ​က လောကရဲ့​ရှုမြင်ပုံ​ထက် ဘာကြောင့် သာလွန်သလဲ။

လောက​ဉာဏ်ပညာ​အတိုင်း လိုက်တဲ့​သူတွေက ကျမ်းစာရဲ့ ကိုယ်ကျင့်တရား​စံနှုန်းတွေ လက်တွေ့​မကျ​ဘူးလို့ လှောင်ပြောင်​ကြတယ်။ ‘ဘုရားက လိင်ဆန္ဒ​တော့ ထည့်​ပေးပြီး ဘာကြောင့် တားမြစ်​ချုပ်ချယ်​နေတာလဲ’ လို့ ပြောကြမယ်။ အဲဒါက ‘ဘာပဲ​ဖြစ်ဖြစ် ကိုယ်​ကြိုက်​တာ ကိုယ်​လုပ်​နိုင်တယ်’ ဆိုတဲ့ အတွေးအခေါ်​အမှား​ကို အခြေခံတယ်။ ကျမ်းစာမှာတော့ အဲဒီလို မပြော​ထားဘူး။ မသင့်လျော်တဲ့ ဆန္ဒတွေကို ထိန်းချုပ်နိုင်စွမ်း ပေးထားခြင်း​အားဖြင့် လူတွေကို ယေဟောဝါ ဂုဏ်​တင်တယ်​လို့ သွန်သင်တယ်။ (ကော. ၃:၅) အဲဒီအပြင် သင့်လျော်​တဲ့ လိင်ဆန္ဒ​ကို ဖြည့်ဆည်း​ဖို့ အိမ်ထောင်မင်္ဂလာ ဆုကျေးဇူး​ကိုလည်း ယေဟောဝါ ပေးထားတယ်။ (၁ ကော. ၇:၈၊ ၉) အိမ်ထောင်​အတွင်းမှာ လင်ယောက်ျား​နဲ့ ဇနီး​ဟာ လိင်​အကျင့်ပျက်ခြင်းရဲ့ နောင်တ​တွေ၊ စိုးရိမ်​စရာတွေ မရှိဘဲ လိင်ဆန္ဒ​ကို ဖြည့်ဆည်း​နိုင်တယ်။

လောက​ဉာဏ်ပညာနဲ့ မတူဘဲ ကျမ်းစာဟာ လိင်​နဲ့​ပတ်သက်ပြီး မှန်ကန်တဲ့​အမြင် ရှိဖို့ ကူညီ​ပေးတယ်။ လိင်​ကိစ္စဟာ ပျော်ရွှင်​ကြည်နူး​စေတယ်လို့ ပြောတယ်။ (ပညာ. ၅:၁၈၊ ၁၉) ဒါပေမဲ့ “ခင်ဗျားတို့​အားလုံး သန့်ရှင်း​သူတွေ၊ ဂုဏ်​အသရေ​ရှိသူတွေ ဖြစ်နိုင်ဖို့ ခန္ဓာကိုယ်ကို ဘယ်လို ထိန်းချုပ်​ရမယ်ဆိုတာ သိရမယ်။ လောဘ​ကြီး​တာ​မျိုး၊ ဘုရားသခင်ကို မသိတဲ့ လူမျိုးခြားတွေ​လို ရမ္မက်​ဆန္ဒ​ကို မချုပ်တည်း​တာ​မျိုး မဖြစ်​ရ​ဘူး” လို့ သတိ​ပေးထားတယ်။—၁ သက်. ၄:၄၊ ၅

၉။ (က) ၂၀ ရာစု​အစောပိုင်းမှာ ယေဟောဝါရဲ့​လူမျိုးဟာ ကျမ်းစာရဲ့ သာလွန်​တဲ့ ဉာဏ်ပညာ​အတိုင်း လိုက်​ဖို့ ဘယ်လို အားပေး​ခံခဲ့ရသလဲ။ (ခ) ၁ ယောဟန် ၂:၁၅၊ ၁၆ မှာ ဘယ်​ပညာရှိ အကြံဉာဏ် ပါသလဲ။ (ဂ) ရောမ ၁:၂၄-၂၇ မှာပါတဲ့ ဘယ်​အကျင့်​ယိုယွင်းမှုတွေကို တွန်းလှန်​ရမလဲ။

နှစ်ဆယ်ရာစု​အစောပိုင်းမှာ ယေဟောဝါရဲ့​လူမျိုးဟာ “ကိုယ်ကျင့်တရား မရှိ” သူတွေရဲ့ လှည့်စားမှု​နောက် ပါ​မသွား​ခဲ့​ကြဘူး။ (ဧ. ၄:၁၉) ယေဟောဝါရဲ့ စံနှုန်း​အတိုင်း လိုက်ခဲ့ကြတယ်။ ၁၉၂၆၊ မေလ ၁၅ ရက်ထုတ် ကင်းမျှော်စင် မှာ “အထူးသဖြင့် ဆန့်ကျင်ဘက်​လိင်​နဲ့​ပတ်သက်လာရင် ကိုယ့်​အတွေး​နဲ့ လုပ်ရပ်တွေဟာ သန့်ရှင်း​စင်ကြယ်​နေသင့်တယ်” လို့ ဖော်ပြ​ထားတယ်။ လောကမှာ ဘာတွေ​ပဲ ဖြစ်နေပါစေ ယေဟောဝါရဲ့ လူမျိုး​ကတော့ ကျမ်းစာရဲ့ သာလွန်​တဲ့ ဉာဏ်ပညာ​အတိုင်း လိုက်ကြတယ်။ (၁ ယောဟန် ၂:၁၅၊ ၁၆ ကိုဖတ်ပါ။) ကျမ်းစာ ရထားလို့ အလွန် ကျေးဇူး​တင်စရာ​ပါပဲ။ အကျင့်​စာရိတ္တ​နဲ့​ပတ်သက်ပြီး လောက​ဉာဏ်ပညာရဲ့ လှည့်စားမှု​နောက် ပါ​မသွားဖို့ ယေဟောဝါ ပြင်ဆင်​ပေးတဲ့ အချိန်တန်​အစာ​အတွက်လည်း ကျေးဇူးတင်စရာ​ပါပဲ။ *ရောမ ၁:၂၄-၂၇ ကိုဖတ်ပါ။

ကိုယ့်ကိုယ်ကိုယ် ချစ်ခြင်း​နဲ့​ပတ်သက်တဲ့ ရှုမြင်ပုံ ပြောင်းလာ

၁၀-၁၁။ နောက်ဆုံး​ကာလမှာ ဘာတွေ ဖြစ်လာမယ်လို့ ကျမ်းစာ သတိ​ပေးထားသလဲ။

၁၀ နောက်ဆုံး​ကာလမှာ လူတွေဟာ “ကိုယ့်ကိုယ်ကိုယ်​ပဲ ချစ်တဲ့​သူ” တွေ ဖြစ်လာမယ်လို့ ကျမ်းစာ သတိ​ပေးတယ်။ (၂ တိ. ၃:၁၊ ၂) လောကက တစ်ကိုယ်ကောင်းစိတ်​ကို အားပေး​အား​မြှောက်​လုပ်တယ်။ ၁၉၇၀ ပြည့်လွန်​နှစ်တွေမှာ “ဘဝ​အောင်မြင်​နည်း စာအုပ်တွေ အများကြီး ထုတ်ဝေ​ခဲ့​တယ်” လို့ စာအုပ်​တစ်အုပ်​မှာ ပြောတယ်။ စာအုပ်​တချို့က “ကိုယ့်ကိုယ်ကိုယ် အရှိအတိုင်း လက်ခံ​ပြီး ဂုဏ်ယူ​လိုက်ပါ​လို့ စာဖတ်​သူတွေကို အားပေးတယ်။” “သင်ဟာ အလှ​ဆုံး၊ အတော်​ဆုံး၊ တန်ဖိုး​အရှိဆုံး​ဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် ချစ်ပါ” လို့ စာအုပ်​တစ်အုပ်​က ဆိုတယ်။ “ကိုယ့်ကိုယ်ကိုယ်သာ ကိုးကွယ်ရာ​အဖြစ် ယူမှတ်​ပြီး ကိုယ့်​သိစိတ်​အတိုင်း ဆုံးဖြတ် လုပ်ကိုင်​ဖို့၊ စိတ်​စေ​ညွှန်​ရာ​အတိုင်း လိုက်လုပ်ဖို့” အားပေးတယ်။

၁၁ အဲဒီလို အတွေးအခေါ်​မျိုးကို သင် ကြားဖူးသလား။ အဲဒီလို လုပ်ဖို့ ဧဝကို စာတန် အားပေးခဲ့တယ်။ “အကောင်း​အဆိုးကို သိလာပြီး ဘုရား​လို ဖြစ်လာမယ်” လို့ ပြောတယ်။ (က. ၃:၅) ဒီနေ့လည်း လူများစွာက ကိုယ့်​ရှုမြင်ချက်​ကသာ အကောင်းဆုံး​ဖြစ်ပြီး အမှားအမှန်​ကို ဘုရားက​တောင် လာ​ပြောစရာ မလိုဘူးလို့ ထင်မှတ်​ကြတယ်။ အထူးသဖြင့် အိမ်ထောင်နဲ့​ပတ်သက်တဲ့ ရှုမြင်ပုံ​မှာ ဒီသဘောထားတွေ ပေါ်လွင်​နေတယ်။

ခရစ်ယာန်​တစ်ယောက်ဟာ တခြားသူတွေ၊ အထူးသဖြင့် အိမ်ထောင်ဖက်ရဲ့ လိုအပ်ရာကို ဦးစား​ပေး (အပိုဒ် ၁၂ ကို​ကြည့်ပါ) *

၁၂။ အိမ်ထောင်နဲ့​ပတ်သက်တဲ့ ဘယ်​ရှုမြင်ပုံကို လောကက အားပေးသလဲ။

၁၂ လင်​နဲ့ မယား​ဟာ အချင်းချင်း​ကို ဂုဏ်တင်​ပြီး အိမ်ထောင်​ကတိသစ္စာကို စောင့်ထိန်း​ဖို့ ကျမ်းစာ အားပေး​ထားတယ်။ “ယောက်ျား​က မိဘကို​ထားခဲ့ပြီး ဇနီးနဲ့ မခွဲအတူ နေလိမ့်မယ်။ သူတို့ဟာ တစ်သားတစ်ကိုယ်တည်း ဖြစ်လိမ့်မယ်” ဆိုပြီး အိမ်ထောင်​ကတိသစ္စာကို အလေးအနက်​ထားဖို့ တိုက်တွန်း​တယ်။ (က. ၂:၂၄) လောကရဲ့ ဉာဏ်ပညာ​ကို လိုက်​သူတွေကတော့ အိမ်ထောင်မှာ ကိုယ့်​ဆန္ဒ​ကိုပဲ ရှေ့တန်း​တင်​ကြတယ်။ “မင်္ဂလာပွဲ​တချို့မှာ ကတိသစ္စာဆို​တဲ့အခါ ‘အသက်ရှင်​နေသရွေ့ ပေါင်းသင်း​ပါ့​မယ်’ လို့ ပြောမယ့်​အစား ‘ချစ်​နေသရွေ့ ပေါင်းသင်း​ပါ့​မယ်’ လို့ ပြော​လာကြတယ်” ဆိုပြီး ကွာရှင်းခြင်း​အကြောင်း စာအုပ်​တစ်အုပ်​မှာ ပြောတယ်။ အဲဒီသဘောထား​ကြောင့် အိမ်ထောင်​ပြိုကွဲမှု​တွေ များ​လာပြီး အကြီးအကျယ် စိတ်ဒဏ်ရာ ရလာ​ကြတယ်။ အိမ်ထောင်​ကို မလေးစားတဲ့ လောကရဲ့ ရှုမြင်ပုံဟာ တကယ်​မိုက်မဲ​ကြောင်း ထင်ရှားတယ်။

၁၃။ မာန​ကြီးသူတွေ​ကို ယေဟောဝါ ရွံ​ရတဲ့ အကြောင်းရင်း​တစ်ခုက ဘာလဲ။

၁၃ “စိတ်​ကြီး​ဝင်​နေသူကို ယေဟောဝါ ရွံရှာတယ်” လို့ ကျမ်းစာ ပြောတယ်။ (ပညာ. ၁၆:၅) မာန​ကြီးသူတွေ​ကို ယေဟောဝါ ဘာကြောင့် ရွံ​တာလဲ။ အကြောင်းရင်း​တစ်ခုကတော့ မာနကြီး​သူတွေဟာ စာတန်​လို​ပဲ ကိုယ့်ကိုယ်ကိုယ် အလွန်အကျွံ ချစ်တဲ့​စိတ် ရှိကြ​လို့​ပဲ။ စာတန်ဟာ အရာခပ်သိမ်း ဖန်ဆင်းရာမှာ ယေဟောဝါ သုံးခဲ့​တဲ့ ယေရှု​တောင် မိမိကို ဦးချ​ဝတ်ပြုသင့်တယ်လို့ ထင်ခဲ့တယ်။ (မ. ၄:၈၊ ၉။ ကော. ၁:၁၅၊ ၁၆) အဲဒီလို ကိုယ့်ကိုယ်ကိုယ် အလွန်အကျွံ အလေးထား​သူတွေဟာ လောကရဲ့ ဉာဏ်ပညာ မိုက်မဲ​ကြောင်း ထင်ရှားစေတယ်။

ကိုယ့်ကိုယ်ကိုယ် အလေးထား​ခြင်းနဲ့​ပတ်သက်တဲ့ ကျမ်းစာ​အမြင်

၁၄။ ရောမ ၁၂:၃ က ကိုယ့်ကိုယ်ကိုယ် မျှမျှတတ ရှုမြင်​တတ်ဖို့ ဘယ်လို ကူညီပေးသလဲ။

၁၄ ကျမ်းစာက ကိုယ့်ကိုယ်ကိုယ် မျှမျှတတ ရှုမြင်ဖို့ ကူညီ​ပေးတယ်။ အတိုင်းအတာ​တစ်ခု​အထိ ကိုယ့်ကိုယ်ကိုယ် ချစ်တာ သင့်လျော်​ကြောင်း အသိအမှတ်​ပြုတယ်။ “လူလူချင်းကို ကိုယ်​နဲ့​ထပ်တူ ချစ်ပါ” ဆိုတဲ့ ယေရှုရဲ့ စကားက ကိုယ့်ကိုယ်ကိုယ် အတိုင်းအတာ​တစ်ခု​အထိ ဂရုစိုက်သင့်​ကြောင်း ဖော်ပြတယ်။ (မ. ၁၉:၁၉) ဒါပေမဲ့ တခြားသူတွေ​ထက် ပို​အရေးပါတယ်လို့ မထင်​ဖို့ ကျမ်းစာ သွန်သင်တယ်။ “ငြင်းခုံ​ရန်​တွေ့ချင်တဲ့​စိတ်၊ အတ္တ​စိတ်နဲ့ ဘာမှ​မ​လုပ်ကြပါ​နဲ့။ စိတ်​နှိမ့်ချ​ကြပါ၊ သူတစ်ပါး​ကို ကိုယ့်ထက်သာတယ်လို့ သဘော​ထားပါ” လို့ ပြော​ထားတယ်။—ဖိ. ၂:၃။ ရောမ ၁၂:၃ ကိုဖတ်ပါ။

၁၅။ ကိုယ့်ကိုယ်ကိုယ် အလေးထား​ခြင်းနဲ့​ပတ်သက်တဲ့ ကျမ်းစာ​အကြံ​ဉာဏ်​ဟာ လက်တွေ့​ကျတယ်​လို့ ဘာကြောင့် ထင်သလဲ။

၁၅ ဒီနေ့​ခေတ်မှာ ပညာတတ်​လို့ ယူဆ​သူများစွာ​ဟာ ကိုယ့်ကိုယ်ကိုယ် အလေးထား​ခြင်းနဲ့​ပတ်သက်တဲ့ ကျမ်းစာ​အကြံဉာဏ်​ကို ကဲ့ရဲ့​ကြတယ်။ တခြားသူကို ကိုယ့်ထက် သာတယ်လို့ ယူဆ​ရင် သိမ်ငယ်စိတ် ဝင်လာ​မယ်၊ အမြတ်​ထုတ် ခံရမယ်လို့ ပြော​ကြတယ်။ စာတန့်​လောက အားပေး​အား​မြှောက်​လုပ်တဲ့ ‘ငါသာ ပဓာန’ သဘောထား​ကြောင့် ဘာ​ရလဒ်​တွေ ရလာသလဲ။ သင် ဘာတွေ သတိထား​မိသလဲ။ အတ္တ​ကြီးသူတွေ ပျော်​ကြသလား။ သူတို့ရဲ့ မိသားစု ပျော်​ကြသလား။ သူတို့မှာ မိတ်ဆွေစစ်​တွေ ရှိသလား။ ဘုရားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိကြသလား။ လောက​ဉာဏ်ပညာ​အတိုင်း လိုက်တာနဲ့ ကျမ်းစာ​ဉာဏ်ပညာ​အတိုင်း လိုက်တာ ဘယ်ဟာ​က ကောင်းကျိုး​ရစေသလဲ။

၁၆-၁၇။ ဘာ​အတွက် ကျေးဇူးတင်သင့်သလဲ။ ဘာကြောင့်လဲ။

၁၆ ပညာ​ရှိတယ်လို့ လောကက ရှုမြင်​သူတွေရဲ့ အကြံဉာဏ်​ကို လိုက်နာတာ​ဟာ လမ်းပျောက်​နေ​သူ အချင်းချင်း လမ်း​မေး​တာ​နဲ့ တူတယ်။ ယေရှု​က မိမိ​ခေတ်မှာ​ရှိတဲ့ “ပညာတတ်​တွေ” နဲ့​ပတ်သက်ပြီး “သူတို့ဟာ မျက်​ကန်း​လမ်းပြ​တွေ​ပဲ။ မျက်​ကန်း​ချင်း လမ်းပြ​ရင် နှစ်ယောက်စလုံး တွင်း​ထဲ​ကျသွား​မယ်” လို့​ပြောတယ်။ (မ. ၁၅:၁၄) မှန်ပါတယ်။ လောကရဲ့ ဉာဏ်ပညာဟာ ဘုရား​ရှေ့မှာ မိုက်မဲ​တယ်။

ယေဟောဝါရဲ့ အမှုတော်မှာ ပါဝင်​ခဲ့​ချိန်​က ပျော်စရာ အမှတ်တရ​ပုံတွေကို ပြန်​ကြည့်နေ (အပိုဒ် ၁၇ ကို​ကြည့်ပါ) *

၁၇ ကျမ်းစာရဲ့ ပညာရှိ အကြံဉာဏ်ဟာ “လူတွေကို သွန်သင်တဲ့​အခါ၊ အမှားတွေ ဖော်ထုတ်​တဲ့အခါ၊ ပဲ့ပြင်​တဲ့အခါ၊ ဖြောင့်မတ်​လာ​အောင် ဆုံးမ​တဲ့အခါ အကျိုး​ဖြစ်ထွန်း​စေတယ်။” (၂ တိ. ၃:၁၆) လောက​ဉာဏ်ပညာ​အတိုင်း မလိုက်​အောင် ကျွန်တော်တို့ကို အဖွဲ့အစည်း​က​တစ်ဆင့် ကာကွယ်ပေး​နေတဲ့​အတွက် ယေဟောဝါကို အလွန် ကျေးဇူးတင်စရာ​ပါပဲ။ (ဧ. ၄:၁၄) ဘုရား ပြင်ဆင်​ပေးတဲ့ အချိန်တန်​အစာ​က ကျမ်းစာ​စံနှုန်းတွေ​အတိုင်း လိုက်နာ​အောင် ကူညီ​ပေးတယ်။ ကျမ်းစာ​ဉာဏ်ပညာ​အတိုင်း လိုက်​ဖို့ လမ်းညွှန်​ခံရ​တာ အခွင့်ထူးပါပဲ။

သီချင်း ၅၄ ‘ဒီ​လမ်း​ပါပဲ’

^ အပိုဒ်၊ 5 ယေဟောဝါသာ အကောင်းဆုံး လမ်းညွှန်​ပေးနိုင်ကြောင်း ယုံကြည်​စိတ်ချဖို့ ဒီ​ဆောင်းပါး​က ကူညီ​ပေးပါလိမ့်မယ်။ လောက​ဉာဏ်ပညာရဲ့ ဆိုးကျိုး​တွေ​အပြင် ကျမ်းစာ​ဉာဏ်ပညာ လိုက်နာခြင်းရဲ့ ကောင်းကျိုးတွေကိုလည်း ဖော်ပြပါ​မယ်။

^ အပိုဒ်၊ 50 ပုံ​အညွှန်း– ခေတ်​တစ်လျှောက် သက်သေခံ​ မောင်နှံ တစ်စုံ​ရဲ့ ဘဝပုံရိပ်​တချို့။ ၁၉၆၀ ပြည့်လွန်​နှစ်တွေ​အတွင်း ဟောပြောခြင်း​လုပ်ငန်းမှာ သူတို့ ပါဝင်​နေ။

^ အပိုဒ်၊ 52 ပုံ​အညွှန်း– ၁၉၈၀ ပြည့်လွန်​နှစ်တွေမှာ နေမကောင်း​ဖြစ်နေတဲ့ ဇနီးကို လင်​ယော​က်ျား ပြုစု​နေတုန်း သမီး​ဖြစ်သူ ကြည့်နေ။

^ အပိုဒ်၊ 54 ပုံ​အညွှန်း– အခု အဲဒီ​မောင်နှံဟာ ယေဟောဝါရဲ့ အမှုတော်မှာ ပါဝင်​ခဲ့​ချိန်​က ပျော်စရာ အမှတ်တရ​ပုံတွေကို ပြန်​ကြည့်နေ။ သူတို့နဲ့အတူ သမီးရဲ့ မိသားစု ပျော်ရွှင်​နေ။