မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၂၂

သင့်ရဲ့ လေ့လာမှု အလေ့အကျင့်ကို တိုးတက်စေပါ

သင့်ရဲ့ လေ့လာမှု အလေ့အကျင့်ကို တိုးတက်စေပါ

‘ပို​အရေးကြီးတဲ့​အရာတွေကို ပိုင်းခြား​သိပါ။’ —ဖိ. ၁:၁၀

သီချင်း ၃၅ ‘ပို​အရေးကြီးတဲ့​အရာတွေကို ပိုင်းခြား​သိပါ’

အကြို​သုံးသပ်ချက် *

၁။ တချို့ ဘာကြောင့် လေ့လာမှု မ​လုပ်နိုင်​ကြသလဲ။

ဒီခေတ်​ကြီး​မှာ လူတွေဟာ ရှင်သန်​ဖို့ ကြိုးစား​ရုန်းကန်​နေ​ရတယ်။ ညီအစ်ကို​တွေဟာ မိသားစုရဲ့ အခြေခံ​လိုအပ်ရာတွေကို ထောက်ပံ့​နိုင်ဖို့ နာရီ​ပေါင်း​​များစွာ အလုပ်လုပ်​ရတယ်။ အလုပ် အသွားအပြန်​အတွက် နာရီ​ပေါင်း​များစွာ အချိန်ကုန်​နေကြ​တယ်။ တချို့က ကိုယ့်ကိုယ်ကိုယ် ထောက်ပံ့ဖို့ အလုပ်ကြမ်း လုပ်ကြ​ရတယ်။ တစ်နေ့​တာ​အကုန်​မှာ ဒီ​ညီအစ်ကို/မ​တွေဟာ မောပန်း​နေတဲ့​အတွက် လေ့လာမှု မ​လုပ်နိုင်​ကြ​တော့​ဘူး။

၂။ သင် ဘယ်​အချိန်မှာ လေ့လာသလဲ။

ကျမ်းစာနဲ့ ကျမ်းစာ​စာပေတွေ လေ့လာဖို့ ကျွန်တော်တို့ အချိန် ပေးရ​မယ်။ ယေဟောဝါနဲ့ ဆက်ဆံရေး​ကောင်း​ရှိဖို့၊ ထာဝရ​အသက် ရဖို့ လေ့လာမှု မရှိမဖြစ် လိုအပ်တယ်။ (၁ တိ. ၄:၁၅) တချို့က တစ်အိမ်လုံး တိတ်ဆိတ်​နေချိန်၊ စိတ်​လန်းဆန်း​နေချိန် မနက်စောစော​မှာ လေ့လာမှု လုပ်ကြတယ်။ တချို့ကျတော့ ညဘက်မှာ မိနစ်​အနည်းငယ် အချိန်​ယူပြီး လေ့လာ တွေးတော​ကြတယ်။

၃-၄။ စာပေ​ထုတ်ဝေ​မှု​နဲ့​ပတ်သက်ပြီး ဘယ်​ပြုပြင်​ပြောင်းလဲမှု​တွေ လုပ်ခဲ့သလဲ။ ဘာကြောင့်လဲ။

လေ့လာမှု​အတွက် အချိန်​ပေးဖို့ အရေးကြီး​မှန်း သင် သဘောတူ​မှာ သေချာ​ပါတယ်။ ဒါပေမဲ့ ဘာကို လေ့လာသင့်သလဲ။ ‘ဖတ်​စရာတွေ များ​လွန်း​လို့ လိုက်​မ​မီ​တော့​ဘူး’ လို့ သင် ပြောကောင်း​ပြောမယ်။ တချို့က ဘုရား ပြင်ဆင်​ပေး​ထားသမျှ​ကနေ အကျိုး​အပြည့်အဝ ရ​နေပေမဲ့ တချို့ကတော့ အချိန်​ပေးဖို့ မနည်း ရုန်းကန်​နေ​ရတယ်။ ဒါကို အုပ်ချုပ်ရေးအဖွဲ့ သိပါတယ်။ ဒါကြောင့် မကြာသေးခင်က ပုံနှိပ်​စာပေ​နဲ့ ဒီဂျစ်တယ်​စာပေ ထုတ်ဝေ​မှု​ပမာဏ​ကို လျှော့ချဖို့ ညွှန်ကြားခဲ့တယ်။

ဥပမာ၊ jw.org® နဲ့ လစဉ် JW ရုပ်သံ® အစီအစဉ်မှာ အားရှိစရာ တွေ့ကြုံမှု​တွေ ပါဝင်တဲ့​အတွက် ယေဟောဝါသက်သေများရဲ့ နှစ်ချုပ်​စာအုပ်ကို မ​ထုတ်​တော့​ဘူး။ ကင်းမျှော်စင် လူထု​စာစောင်​နဲ့ နိုးလော့! မဂ္ဂဇင်း​ကိုလည်း တစ်နှစ် သုံးကြိမ်​ပဲ ထုတ်ဝေ​တော့​တယ်။ တခြား​ကိစ္စ​တွေ​အတွက် အချိန်​ရအောင် ဒီ​ပြုပြင်​ပြောင်းလဲမှု​တွေ လုပ်တာ မဟုတ်ပါဘူး။ “ပို​အရေးကြီးတဲ့​အရာတွေကို” အာရုံစိုက်​နိုင်ဖို့ ဖြစ်တယ်။ (ဖိ. ၁:၁၀) ပို​အရေးကြီးတဲ့​အရာကို ဦးစား​ထား​နိုင်ပုံ​နဲ့ ကိုယ်ပိုင်​လေ့လာမှု​ကနေ အကျိုး​အပြည့်အဝ ရ​နိုင်ပုံကို သုံးသပ်​ကြည့်ကြစို့။

ပို​အရေးကြီးတဲ့​အရာကို ဦးစား​ထားပါ

၅-၆။ ဘယ်​စာပေတွေကို လေ့လာသင့်သလဲ။

ဦးစား​ထား​ရမယ့်​အရာတွေ​ထဲမှာ ဘာ​ပါဝင်သင့်သလဲ။ ကျမ်းစာကို နေ့စဉ် ဖတ်ဖို့ အချိန်ပေးသင့်တယ်။ အသင်းတော်ရဲ့ ပတ်စဉ် ကျမ်းစာ​ဖတ်ရှုခြင်း အစီအစဉ်မှာ ဖတ်​ရမယ့် အခန်း​တွေကို လျှော့​ထားတယ်။ ဒါက တွေးတော​ဆင်ခြင်ဖို့၊ ထပ်ဆင့် ရှာဖွေ​ဖို့ အချိန်​ရစေတယ်။ ကျွန်တော်တို့ရဲ့ ပန်းတိုင်​က ဖတ်ပြီးရုံ​လောက်သာ မဟုတ်ဘဲ နှလုံး​ထဲ​ရောက်​ပြီး ယေဟောဝါနဲ့ ပို​ရင်းနှီး​လာဖို့ ဖြစ်သင့်တယ်။—ဆာ. ၁၉:၁၄

နောက်ထပ် ဘာတွေ လေ့လာသင့်သလဲ။ ကင်းမျှော်​စင် သင်တန်း၊ အသင်းတော် ကျမ်းစာ​လေ့လာမှု​နဲ့ ကြား​ရက် အစည်းအဝေးတွေ​အတွက် ပြင်ဆင်သင့်တယ်။ ကင်းမျှော်​စင်၊ နိုးလော့! လထုတ်​တိုင်း​ကို အမီ​ဖတ်သင့်တယ်။

၇။ jw.org ဝက်ဘ်ဆိုက်​နဲ့ JW ရုပ်သံ​မှာ တင်ဆက်​ထားတာ မှန်သမျှကို အမီ​မလိုက်​နိုင်တဲ့အခါ စိတ်ဓာတ်ကျသင့်သလား။

‘jw.org ဝက်ဘ်ဆိုက်၊ JW ရုပ်သံ​မှာ တင်ဆက်​ထားတာတွေကို​ကော။ သိပ်​များ​လွန်း​တယ်’ လို့ သင်​ပြော​နိုင်တယ်။ ဒီ​ဥပမာ​ကို သုံးသပ်​ကြည့်ပါ။ စားသောက်​ဆိုင်​မှာ အစားအစာ အမျိုးမျိုး တည်ခင်း​ထား​ပေးတယ် ဆိုပါစို့။ လာ​စားတဲ့​သူတွေက ဟင်း​ပွဲ​တိုင်း​ကို စား​မှာ မဟုတ်ဘူး။ တချို့ကိုပဲ စား​ကြတယ်။ အဲဒီလိုပဲ အီလက်ထရောနစ်​ပုံစံ​နဲ့ ပြင်ဆင်​ပေးထား​တာ မှန်သမျှကို အမီ​မလိုက်​နိုင်တဲ့အခါ စိတ်ဓာတ်​မကျပါနဲ့။ ကိုယ်​နိုင်သလောက် ဖတ်ပါ၊ ကြည့်ပါ။ လေ့လာမှု​မှာ ဘာ​ပါဝင်​ကြောင်း၊ လေ့လာမှု​ကနေ ဘယ်လို အကျိုး​အပြည့်အဝ ရ​နိုင်ကြောင်း ဆွေးနွေးကြစို့။

လေ့လာတယ်​ဆိုတာ အလုပ်ပဲ

၈။ ကင်းမျှော်စင် လေ့လာတဲ့​အခါ ဘယ်​အဆင့်​တွေကို လုပ်ဆောင်​နိုင်သလဲ။ ဘာ​အကျိုး​တွေ ရနိုင်သလဲ။

လေ့လာတယ်​ဆိုတာ ရည်ရွယ်ချက်​ရှိ​ရှိ အာရုံစိုက် ဖတ်ရှု​တာ​ဖြစ်တယ်။ အပေါ်ယံ ဖတ်ပြီး အဖြေကို မျဉ်းသား​ရုံ​လောက်သာ မဟုတ်ဘူး။ ဥပမာ၊ ကင်းမျှော်စင် သင်တန်း​အတွက် ပြင်ဆင်​တဲ့အခါ ဆောင်းပါး​အစမှာ ပါတဲ့ အကြို​သုံးသပ်ချက်​ကို ဖတ်ပါ။ ခေါင်းစဉ်၊ ခေါင်းစဉ်​ငယ်၊ ပြန်လည်​သုံးသပ်ခြင်း မေးခွန်းတွေကို တွေးတောပါ။ အဲဒီနောက် ဆောင်းပါးကို ဖြည်းဖြည်းချင်း ဂရုတစိုက် ဖတ်ပါ။ အပိုဒ်​တစ်​ပိုဒ်​စီ​မှာ အဓိက​ဝါကျ​ဖြစ်လေ့​ရှိတဲ့ ဦးဆုံး​ဝါကျ​တွေကို မှတ်သားပါ။ အဲဒါက အပိုဒ်​ရဲ့ အဓိက​အချက်ကို သိစေတယ်။ ဆောင်းပါးကို ဖတ်တဲ့အခါ အပိုဒ်​ တစ်ပိုဒ်​စီ​ဟာ ခေါင်းစဉ်​ငယ်၊ ဆောင်းပါး​ခေါင်းစဉ်​နဲ့ ဘယ်လို ဆက်နွှယ်​နေကြောင်း တွေးတောပါ။ အကျွမ်းတဝင် မရှိတဲ့ စကားလုံးတွေကို မှတ်ထား​ပြီး နောက်ပိုင်း ပြန်​ရှာဖွေ​လေ့လာပါ။

၉။ (က) ကင်းမျှော်စင် လေ့လာတဲ့​အခါ ကျမ်းချက်တွေကို ဘာကြောင့်၊ ဘယ်လို အထူး အာရုံစိုက်သင့်သလဲ။ (ခ) ယောရှု ၁:၈ အရ ကျမ်းချက်တွေကို ဖတ်​တဲ့​အပြင် ဘာ​လုပ်သင့်သလဲ။

ကင်းမျှော်စင် သင်တန်း​ဟာ ကျမ်းစာကို နားလည်အောင် လေ့လာတာ​ဖြစ်တယ်။ ဒါကြောင့် ကျမ်းချက်တွေ၊ အထူးသဖြင့် ဖတ်​ရမယ့် ကျမ်းချက်တွေကို အာရုံစိုက်ပါ။ ကျမ်းချက်မှာ​ပါတဲ့ အဓိက​စကားလုံးတွေ၊ စကားစု​တွေ​က အပိုဒ်​ရဲ့ အဓိက​အချက်ကို ဘယ်လို ပေါ်လွင်​စေ​ကြောင်း သတိပြုပါ။ ဖတ်​တဲ့ ကျမ်းချက်ကို ကိုယ့်​အသက်တာမှာ ဘယ်လို လက်တွေ့ ကျင့်သုံး​နိုင်ကြောင်း အချိန်​ယူ တွေးတော​ပါ။ယောရှု ၁:၈ ကိုဖတ်ပါ။

မိဘတို့၊ ဘယ်လို လေ့လာ​ရမယ်ဆိုတာ သားသမီးတွေကို သင်ပေးပါ (အပိုဒ် ၁၀ ကို​ကြည့်ပါ) *

၁၀။ ဟီဘရူး ၅:၁၄ အရ မိဘတွေဟာ ဘယ်လို ရှာဖွေ​လေ့လာ​ရမယ်ဆိုတာ သားသမီးတွေကို မိသားစု​ဝတ်ပြုမှု​မှာ ဘာကြောင့် သင်ပေးသင့်သလဲ။

၁၀ မိဘတွေဟာ ပတ်စဉ် မိသားစု ဝတ်ပြုမှု​မှာ သားသမီးတွေကို ပျော်​စေချင်တယ်။ မိသားစု ဝတ်ပြုမှု​မှာ ဘာ​လေ့လာမယ်​ဆိုတာ စီစဉ်​ထားသင့်​ပေမဲ့ ပတ်​တိုင်း ထူးထူးခြားခြား ဖြစ်နေဖို့ မလိုပါဘူး။ လစဉ် JW ရုပ်သံ အစီအစဉ်ကို ကြည့်တာ၊ နောဧသင်္ဘော ဆောက်​တာ​လို​မျိုး အထူး​အစီအစဉ်တွေ လုပ်​နိုင်ပေမဲ့ ဘယ်လို လေ့လာ​ရမယ်ဆိုတာ​လည်း သင်ပေးဖို့ အရေးကြီးတယ်။ အစည်းအဝေးတွေ​အတွက် ဘယ်လို ပြင်ဆင်​ရမယ်၊ ကျောင်းမှာ ကြုံရတဲ့ ပြဿနာ​တွေ​အတွက် ဘယ်လို ရှာဖွေ​လေ့လာ​ရမယ်ဆိုတာ သားသမီးတွေ သိဖို့ လိုတယ်။ (ဟီဘရူး ၅:၁၄ ကိုဖတ်ပါ။) အိမ်မှာ အချိန်​ယူ လေ့လာတဲ့​အကျင့် ရှိ​ထားရင် ဗီဒီယို​မပါတဲ့ အစည်းအဝေး၊ အစည်းအဝေးပွဲ၊ အစည်းအဝေးကြီး အစီအစဉ်တွေကို အာရုံစိုက်​ဖို့ ပိုလွယ်ကူ​ပါလိမ့်မယ်။ ဘယ်လောက်​ကြာကြာ လေ့လာမယ်​ဆိုတာ ကလေးရဲ့ အသက်အရွယ်နဲ့ ပင်ကို​အရည်အသွေး​ပေါ် မူတည်တယ်။

၁၁။ ကိုယ်ပိုင်လေ့လာမှု ထိထိရောက်ရောက် လုပ်တတ်​အောင် ကျမ်းစာသင်သားတွေကို သင်ပေးဖို့ ဘာကြောင့် အရေးကြီးသလဲ။

၁၁ ကျမ်းစာသင်သားတွေ​လည်း ဘယ်လို လေ့လာ​ရမယ်ဆိုတာ သိဖို့ လိုတယ်။ ကျမ်းစာ လေ့လာ​ခါ​စ​မှာ ကျမ်းစာ​သင်အံမှု​အတွက်၊ အစည်းအဝေး​အတွက် အဖြေ​တွေ မျဉ်းသား​ထားတာ တွေ့​ရင် ကျွန်တော်တို့ ဝမ်းသာ​ကြတယ်။ ဒါပေမဲ့ ဘယ်လို ရှာဖွေ​လေ့လာ​ရမယ်ဆိုတာ သင်ပေးဖို့ လိုတယ်။ ဒါမှ ပြဿနာ​ကြုံ​တဲ့အခါ အသင်းတော်ထဲက​ တခြား​တစ်ယောက်​ဆီမှာ အကူအညီ​တောင်း​မယ့်​အစား လက်တွေ့ကျ အကြံဉာဏ်​ရဖို့ ကိုယ်တိုင် ရှာဖွေ​လေ့လာ​တတ်လာမယ်။

ပန်းတိုင်​ထားပြီး လေ့လာပါ

၁၂။ လေ့လာတဲ့​အခါ ဘာ​ပန်းတိုင်တွေ ထား​နိုင်သလဲ။

၁၂ သင်ဟာ စာဖတ်​ဝါသနာ မပါရင် လေ့လာ​ရတာကို နှစ်သက်​လာမယ်လို့ ဘယ်တော့မှ ထင်​မှာ မဟုတ်ဘူး။ ဒါပေမဲ့ သင် နှစ်သက်​လာနိုင်​ပါတယ်။ တဖြည်းဖြည်း အချိန်​နည်းနည်း​စီ တိုး​ပြီး လေ့လာ​နိုင်တယ်။ ပန်းတိုင်​ထားပါ။ အဓိက​ပန်းတိုင်​ကတော့ ယေဟောဝါနဲ့ ရင်းနှီး​လာဖို့​ပဲ။ လောလောဆယ် ပန်းတိုင်​ကတော့ တခြားသူ မေး​လာတဲ့ မေးခွန်း​ကို ဖြေနိုင်​ဖို့၊ ကြုံနေ​ရတဲ့ ပြဿနာ​အတွက် ရှာဖွေ​လေ့လာဖို့ ဖြစ်နိုင်တယ်။

၁၃။ (က) ကျောင်းမှာ ကိုယ့်​ယုံကြည်ချက်​အကြောင်း ရှင်းပြ​နိုင်ဖို့ ဘာတွေ လုပ်နိုင်သလဲ။ (ခ) ကောလောသဲ ၄:၆ မှာပါတဲ့ အကြံပြုချက်ကို ဘယ်လို လိုက်နာ​နိုင်သလဲ။

၁၃ သင်ဟာ ကျောင်းနေ​တဲ့ လူငယ်​လား။ အတန်းဖော်​တွေ မွေးနေ့ပွဲ ကျင်းပ​ကြမှာပဲ။ မွေးနေ့ပွဲ​မှာ သင် မပါ​ရတဲ့ အကြောင်းရင်းကို ကျမ်းစာနဲ့ ရှင်းပြ​ချင်​ပေမဲ့ မရှင်းပြ​နိုင်ဘူး​လို့ ခံစား​နေ​ရတယ်။ ဒါဆို လေ့လာမှု​လုပ်ဖို့ လိုနေပြီ။ ထား​နိုင်တဲ့ ပန်းတိုင် နှစ်ခု​က (၁) မွေးနေ့​ပွဲကို ဘုရား မနှစ်သက်ဘူး​ဆိုတဲ့ ယုံကြည်ချက် ခိုင်မာ​အောင် လုပ်ဖို့၊ (၂) အမှန်တရားကို ရှင်းပြ​နိုင်စွမ်း တိုးတက်စေဖို့ ဖြစ်တယ်။ (မ. ၁၄:၆-၁၁။ ၁ ပေ. ၃:၁၅) ‘အတန်းဖော်​တွေ ဘာကြောင့် မွေးနေ့ပွဲ လုပ်ကြသလဲ’ ဆိုတာ ဦးဆုံး စဉ်းစားပါ။ အဖွဲ့အစည်းထုတ် စာပေတွေမှာ အသေအချာ ရှာဖွေ​လေ့လာပါ။ ကိုယ့်​ယုံကြည်ချက်ကို ခုခံ​ကာကွယ်​တာ ထင်သလောက် မ​ခက်​ပါဘူး။ လူအများစုက မွေးနေ့​ပွဲကို တခြားသူတွေ လုပ်လို့ လိုက်လုပ်​ကြ​တာ ဖြစ်တယ်။ အချက်တစ်ချက် နှစ်ချက်​လောက် ရှာ​ထားမယ်​ဆိုရင် စိတ်ရင်းမှန်နဲ့ မေး​သူတွေကို အဖြေပေး​နိုင်​ပါလိမ့်မယ်။ကောလောသဲ ၄:၆ ကိုဖတ်ပါ။

လေ့လာ​လို​စိတ် တိုးများ​စေပါ

၁၄-၁၆။ (က) သင် အကျွမ်းတဝင် မရှိတဲ့ ကျမ်းစောင်​ကို ပို​နားလည်​နိုင်ဖို့ ဘာ​လုပ်နိုင်သလဲ။ (ခ) ကိုးကား​ထားတဲ့ ကျမ်းချက်တွေ​က အာမုတ်ကျမ်း​ကို ပို​နားလည်အောင် ဘယ်လို ကူညီ​ကြောင်း ရှင်းပြပါ။ (“ ကျမ်းစာ​ဇာတ်​ကောင်​တွေ​ကို အသက်​ဝင်စေပါ” လေးထောင့်ကွက်​ကိုလည်း ကြည့်ပါ။)

၁၄ လာမယ့် အသင်းတော် အစည်းအဝေး​မှာ ကိုယ်​နဲ့ သိပ်​အကျွမ်းတဝင် မရှိတဲ့ ပရောဖက်ပြုချက် ကျမ်းစောင်​အတိုတစ်ခုကို လေ့လာ​ကြမယ် ဆိုပါစို့။ ပထမ​အဆင့်​အနေနဲ့ ပရောဖက်​က ဘာတွေ ရေးခဲ့သလဲ​ဆိုတာ သိချင်စိတ် ရှိအောင် လုပ်ရမယ်။ ဒါကို ဘယ်လို လုပ်နိုင်သလဲ။

၁၅ ဦးဆုံး၊ ‘ကျမ်းရေးသူ​ကြောင်း ငါ ဘာ​သိထားသလဲ။ သူ ဘယ်သူ​လဲ။ ဘယ်မှာ နေသလဲ။ ဘာ​အလုပ် လုပ်သလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ ကျမ်းရေးသူ​ရဲ့ နောက်ခံ​ကို သိ​ရင် သူ​သုံးနှုန်း​တဲ့ စကားလုံး​နဲ့ ဥပမာ​တွေကို ပို​နားလည်​လာမယ်။ ကျမ်းစာ ဖတ်တဲ့အခါ ကျမ်းရေးသူ​ရဲ့ စရိုက်​ကို ပေါ်လွင်​စေတဲ့ စကားစု​တွေကို ရှာ​ကြည့်ပါ။

၁၆ နောက်​တစ်ဆင့်​က ရေး​တဲ့အချိန်​ကို သိအောင် ရှာဖွေပါ။ ကမ္ဘာသစ်​ဘာသာပြန်ကျမ်းရဲ့ နောက်မှာ​ပါတဲ့ “ကျမ်းစာစောင်​ဇယား” မှာ ရှာ​ကြည့်ပါ။ နောက်ဆက်တွဲ က​၆ မှာပါတဲ့ ပရောဖက်​များ၊ ဘုရင်များ ဇယား​မှာလည်း ကြည့်နိုင်တယ်။ ပရောဖက်​ကျမ်းစောင်​ကို လေ့လာ​နေတယ်​ဆိုရင် အဲဒီခေတ်​က လူတွေရဲ့ ဘဝ​အခြေအနေကို သိထားတာ ပို​ကောင်းတယ်။ မကောင်းတဲ့ ဘယ်သဘောထား​နဲ့ အကျင့်ဆိုးတွေကို ပရောဖက်​က တည့်မတ်​ပေးချင်သလဲ။ သူ့ရဲ့ တစ်ခေတ်တည်းသား​တွေ​က ဘယ်သူတွေလဲ။ ပို​နားလည်​နိုင်အောင် တခြား​ကျမ်းစောင်တွေကို​လည်း လေ့လာဖို့ လိုတယ်။ ဥပမာ၊ ပရောဖက် အာမုတ် အသက်ရှင်ခဲ့​ချိန်​က ဖြစ်ပျက်ခဲ့တာ​တွေကို ပို​သိနိုင်ဖို့ အာမုတ် ၁:၁ ရဲ့ ကျမ်းညွှန်း​တွေ​ဖြစ်တဲ့ ၂ ဘုရင်များ၊ ၂ ရာဇဝင်ချုပ်​ကျမ်းတွေကို ဖတ်ပါ။ အာမုတ်​နဲ့ တစ်ခေတ်တည်းသား​ဖြစ်နိုင်တဲ့ ဟောရှေရဲ့ ကျမ်း​ကိုလည်း သုံးသပ်​နိုင်တယ်။ ဒါတွေ​က အာမုတ် အသက်ရှင်ခဲ့​တဲ့ ခေတ်​အခြေအနေကို ပို​နားလည်စေ​နိုင်တယ်။—၂ ဘု. ၁၄:၂၅-၂၈။ ၂ ရာ. ၂၆:၁-၁၅။ ဟော. ၁:၁-၁၁။ အာ. ၁:၁

အသေးစိတ်​အချက်တွေကို အာရုံစိုက်ပါ

၁၇-၁၈။ အရေး​မပါဘူး​လို့ ထင်ရတဲ့ အသေးစိတ်​အချက်တွေကို အာရုံစိုက်​တာ​က သင့်ရဲ့ ကျမ်းစာ​လေ့လာမှု​ကို ပျော်စရာ​ဖြစ်စေ​နိုင်ကြောင်း အပိုဒ်​ထဲမှာ​ပါတဲ့ ဥပမာ ဒါမှမဟုတ် ကိုယ်ပိုင် ရှာဖွေ​တွေ့ရှိချက်​ကို သုံးပြီး ပြောပြပါ။

၁၇ ကျမ်းစာ ဖတ်တဲ့အခါ သိချင်​စိတ်နဲ့ ဖတ်တာ ကောင်းတယ်။ ဥပမာ၊ မေရှိယ သေဆုံးခြင်း​အကြောင်း ကြို​ဟောထားတဲ့ ဇာခရိ အခန်းကြီး ၁၂ ကို ဖတ်တယ် ဆိုပါစို့။ (ဇာ. ၁၂:၁၀) အခန်းငယ် ၁၂ မှာ “နာသန်​အမျိုး​ရဲ့ မိသားစု” ဟာ မေရှိယ သေဆုံး​လို့ ငိုကြွေး​မြည်တမ်း​လိမ့်မယ်လို့ ပြော​ထားတယ်။ အပေါ်ယံ ဖတ်​သွားမယ့်​အစား ခဏ​ရပ်​ပြီး ‘နာသန်​အမျိုး​ရဲ့ မိသားစုနဲ့ မေရှိယ ဘယ်လို ဆက်စပ်​နေသလဲ။ ပို​သိအောင် ဘယ်မှာ ရှာ​ရမလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ နည်းနည်းလေး ပို​စူးစမ်း​ရှာဖွေ​လိုက်တဲ့အခါ ကျမ်းညွှန်း​မှာ ၂ ရှမွေလ ၅:၁၃၊ ၁၄ ကို တွေ့ရတယ်။ နာသန်ဟာ ဘုရင်​ဒါဝိဒ်ရဲ့ သားတစ်ယောက် ဖြစ်တယ်လို့ ပြော​ထားတယ်။ ဒုတိယ​ကျမ်းညွှန်း လုကာ ၃:၂၃၊ ၃၁ မှာ​တော့ ယေရှုဟာ မာရိ​ရဲ့ ဘိုးဘေး နာသန်​ကနေ ဆင်းသက်လာ​ကြောင်း ဖော်ပြ​ထားတယ်။ (ကလ၁၆.၃ ၉ ပိုဒ်. ၁-၃ ကို​ကြည့်ပါ။) စိတ်ဝင်စားစရာပါပဲ မဟုတ်လား။ ယေရှုဟာ ဒါဝိဒ်​ကနေ ဆင်းသက်​လာမယ်လို့ ကြို​ဟောထား​ကြောင်း သင်​သိထားတယ်။ (မ. ၂၂:၄၂) ဒါပေမဲ့ ဒါဝိဒ်​မှာ သား ၂၀ ကျော် ရှိတယ်။ ယေရှု သေဆုံးခြင်း​ကြောင့် နာသန်​အမျိုး​ရဲ့ မိသားစု ငိုကြွေး​တယ်လို့ ဇာခရိ သတ်သတ်မှတ်မှတ် ဖော်ပြတာ အံ့ဩစရာ​ပဲ မဟုတ်လား။

၁၈ နောက်​ဥပမာ​တစ်ခုကို သုံးသပ်​ကြည့်ပါ။ လုကာ အခန်းကြီး​တစ်​မှာ ကောင်းကင်တမန် ဂါဗြေလ​က မာရိ​ဆီ ရောက်လာပြီး သားတစ်ယောက် မွေးဖွား​မယ်​ဆိုတဲ့​အကြောင်း ပြောတယ်– “အဲဒီသားဟာ အရေးပါ​သူ ဖြစ်လိမ့်မယ်။ အမြင့်ဆုံး​အရှင်ရဲ့ သားလို့ အခေါ်​ခံရလိမ့်မယ်။ ယေဟောဝါ​ဘုရားက သူ့ကို ဖခင်​ဒါဝိဒ်ရဲ့ ရာဇ​ပလ္လင် အပ်နှင်း​လိမ့်မယ်။ သူက ယာကုပ်​အမျိုး​ကို ထာဝစဉ်​ အုပ်စိုး​လိမ့်မယ်။ သူ့ရဲ့​အုပ်ချုပ်မှုဟာ အဆုံးတိုင်​မှာ မဟုတ်ဘူး။” (လု. ၁:၃၂၊ ၃၃) ယေရှုကို “အမြင့်ဆုံး​အရှင်ရဲ့ သား” လို့ ခေါ်​​ကြ​လိမ့်မယ်​ဆိုတဲ့ ပထမ​အပိုင်းကိုပဲ ကျွန်တော်တို့ အာရုံစိုက်မိ​နိုင်တယ်။ ဒါပေမဲ့ ဘုရင်အဖြစ် ယေရှု “အုပ်စိုး​လိမ့်မယ်” လို့​လည်း ဂါဗြေလ ကြို​ပြောတယ်။ အဲဒီ​စကားကို ကြားတဲ့​အခါ မာရိ ဘယ်လိုများ တွေး​နေမလဲလို့ ကျွန်တော်တို့ စဉ်းစားမိ​နိုင်တယ်။ အစ္စရေး​ဘုရင်အဖြစ် ဟေရုဒ်​နေရာ ဒါမှမဟုတ် ဟေရုဒ်​ကို ဆက်ခံသူ​တစ်ဦးဦး​နေရာမှာ ယေရှု အစားဝင်​လိမ့်မယ်လို့ သူ ယူဆ​ခဲ့သလား။ ယေရှုသာ ဘုရင်ဖြစ်လာ​ရင် မာရိလည်း ဘုရင့်​မယ်တော်​ဖြစ်လာမယ်၊ မိသားစု​လိုက် နန်းတော်မှာ နေခွင့်​ရကြမယ်။ ဒါပေမဲ့ ဂါဗြေလကို မာရိ အဲဒီ​အကြောင်း မေးခဲ့တယ်​ဆိုတဲ့ မှတ်တမ်း မရှိဘူး။ ယေရှု​တပည့်​နှစ်ယောက်​လို နိုင်ငံတော်မှာ အခွင့်ထူး​ပေးဖို့ တောင်းဆိုခဲ့တယ်​လို့​လည်း မဖတ်​ရ​ဘူး။ (မ. ၂၀:၂၀-၂၃) ဒီ​အသေးစိတ် အချက်အလက်​တွေ​က မာရိဟာ အလွန်​နှိမ့်ချတဲ့​သူ​ဖြစ်ကြောင်း ထပ်ဆင့် သိစေတယ်။

၁၉-၂၀။ ယာကုပ် ၁:၂၂-၂၅ နဲ့ ၄:၈ အရ လေ့လာမှု​လုပ်​ရတဲ့ အဓိက ပန်းတိုင်​က ဘာလဲ။

၁၉ ကျမ်းစာနဲ့ ကျမ်းစာ​စာပေတွေကို လေ့လာတဲ့​အခါ အဓိက ပန်းတိုင်​က ယေဟောဝါနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး​ရှိဖို့ ဖြစ်ကြောင်း သတိရ​ကြပါစို့။ ကိုယ်ဟာ ဘယ်လို လူစားမျိုး​ဖြစ်ကြောင်း၊ ဘုရား​နှစ်သက်မှု​ရဖို့ ဘာ​ပြုပြင်​ပြောင်းလဲမှု​တွေ လုပ်ဖို့​လို​ကြောင်း သိလာအောင်​လည်း ပန်းတိုင်​ထားသင့်​တယ်။ (ယာကုပ် ၁:၂၂-၂၅။ ၄:၈ ကိုဖတ်ပါ။) လေ့လာမှု စ​တိုင်း စွမ်းအား​တော်​ရဖို့ ယေဟောဝါ​ဆီ ဆုတောင်းသင့်တယ်။ အကြောင်း​အရာ​ကနေ အကျိုး​အပြည့်အဝ ရအောင်၊ ပြုပြင်​ဖို့ လို​တဲ့​အရာတွေကို မြင်​နိုင်အောင် ကူညီ​ပေးဖို့ ဆုတောင်းသင့်တယ်။

၂၀ ဘုရားရဲ့ သစ္စာရှိ​ကျွန်​အကြောင်း ဆာလံဆရာ ဒီလို​ပြောတယ်– “သူဟာ ယေဟောဝါရဲ့ ပညတ်​မှာ ပျော်မွေ့ပြီး ပညတ်တော်ကို နေ့ညမပြတ် ဖတ်ရွတ်​ဆင်ခြင်တယ်။ . . . လုပ်သမျှ အောင်မြင်လိမ့်မယ်။” ကျွန်တော်တို့​အားလုံး အဲဒီသစ္စာရှိ​ကျွန်​လို ဖြစ်နိုင်​ကြပါစေ။—ဆာ. ၁:၂၊ ၃

သီချင်း ၈၈ ကိုယ်တော့်​လမ်းစဉ်​တွေ​အကြောင်း သိ​နားလည်​စေပါ

^ အပိုဒ်၊ 5 ယေဟောဝါ​က ကျွန်တော်တို့ ကြည့်ဖို့၊ ဖတ်ဖို့၊ လေ့လာဖို့ အကြောင်းအရာတွေ အလျှံပယ် ပြင်ဆင်​ပေးထားတယ်။ ဘာကို လေ့လာ​ရမယ်ဆိုတာ သိဖို့ ဒီ​ဆောင်းပါး​က ကူညီ​ပေးပါလိမ့်မယ်။ ကိုယ်ပိုင် လေ့လာမှု​ကနေ အကျိုး​အပြည့်အဝ ရစေမယ့် လက်တွေ့ကျ အကြံပြုချက်တွေ ကို​လည်း ဆွေးနွေး​ထားတယ်။

^ အပိုဒ်၊ 61 ပုံ​အညွှန်း– မိဘတွေက ကလေးတွေကို ပတ်စဉ် ကင်းမျှော်စင် သင်တန်း​အတွက် ပြင်ဆင်​နိုင်ပုံကို သင်​ပေးနေ။

^ အပိုဒ်၊ 63 ပုံ​အညွှန်း– ညီအစ်ကို​တစ်ယောက်က ကျမ်းရေးသူ အာမုတ်​အကြောင်း ရှာဖွေ​လေ့လာ​နေ။ နောက်ခံ​ပုံ​တွေ​က ကျမ်းစာ မှတ်တမ်း​ကို ဖတ်ရှု​တွေးတော​ရင်း စိတ်ကူး​ပုံဖော်​ကြည့် နေ​ပုံ​ဖြစ်။