အရိမသဲမြို့သား ယောသပ် ရင်ဆိုင်ရပ်တည်
ရောမဘုရင်ခံ ပုန္တိပိလတ်ကို ဝင်တွေ့ဖို့ သတ္တိ ဘယ်လိုရခဲ့မှန်း အရိမသဲမြို့သား ယောသပ် မသိလိုက်ဘူး။ ပုန္တိပိလတ်ဟာ အတော် ခေါင်းမာသူ ဖြစ်တယ်။ ယေရှုကို သိက္ခာရှိရှိ သင်္ဂြိုဟ်ပေးဖို့ တစ်ယောက်ယောက်က ယေရှုရဲ့အလောင်းကို ပိလတ်ဆီ ဝင်တောင်းရမယ်။ မျက်နှာချင်းဆိုင် တွေ့ဆုံမှုက ယောသပ်အတွက် ထင်သလောက်တော့ မခက်ခဲ့ပါဘူး။ ယေရှု သေပြီဆိုတာ အတည်ပြုပြီးနောက် တောင်းဆိုချက်ကို ပိလတ် လိုက်လျောပေးလိုက်တယ်။ ယောသပ် ဝမ်းနည်းနေပေမဲ့ ကွပ်မျက်တဲ့နေရာကို အမြန်သွားတယ်။ —မာ. ၁၅:၄၂-၄၅။
-
အရိမသဲမြို့သား ယောသပ်က ဘယ်သူလဲ။
-
ယေရှုနဲ့ ဘယ်လို ပတ်သက်သလဲ။
-
သူ့အကြောင်း ဘာကြောင့် စိတ်ဝင်စားသင့်သလဲ။
ဂျူးတရားရုံးချုပ် အဖွဲ့ဝင်
မာကုခရစ်ဝင်ကျမ်းမှာ ယောသပ်ကို “ဂုဏ်အသရေရှိသူ ကောင်စီအဖွဲ့ဝင်” လို့ ခေါ်ထားတယ်။ ကောင်စီဆိုတာ ဂျူးတရားရုံးချုပ်ကို ဆိုလိုတယ်။ (မာ. ၁၅:၁၊ ၄၃) ဒါကြောင့် ယောသပ်ဟာ ဂျူးလူမျိုးရဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်တယ်။ ဒါကြောင့်လည်း ရောမဘုရင်ခံကို ဝင်တွေ့ခွင့် ရတာပေါ့။ ချမ်းသာကြွယ်ဝသူလည်း ဖြစ်တယ်။—မ. ၂၇:၅၇။
ယေရှုကို ဘုရင်အဖြစ် အသိအမှတ်ပြုရဲတဲ့သတ္တိ ရှိသလား
အုပ်စုလိုက်အနေနဲ့ ဂျူးတရားရုံးချုပ်က ယေရှုကို ရန်လိုမုန်းထားတယ်။ အဖွဲ့ဝင်တွေက ယေရှုကို သတ်ဖို့ ကြံစည်ကြတယ်။ ယောသပ်ကတော့ “လူကောင်း၊ ဖြောင့်မတ်တဲ့သူ” ဖြစ်တယ်။ (လု. ၂၃:၅၀) ဂျူးတရားရုံးချုပ် အဖွဲ့ဝင်အများစုနဲ့ မတူဘဲ ယောသပ်ဟာ ရိုးသားတယ်၊ ကိုယ်ကျင့်တရား ကောင်းတယ်၊ ဘုရားသခင့် ပညတ်တွေကို အတတ်နိုင်ဆုံး နာခံတယ်။ “ဘုရားသခင့် နိုင်ငံတော်ကို စောင့်မျှော်နေသူ” လည်း ဖြစ်တယ်။ ဒါကြောင့်လည်း ယေရှုရဲ့ တပည့် ဖြစ်လာတာပေါ့။ (မာ. ၁၅:၄၃။ မ. ၂၇:၅၇) အမှန်တရားနဲ့ တရားမျှတမှုကို နှစ်သက်တဲ့အတွက် ယေရှုရဲ့ သတင်းစကားကို ကြိုက်နှစ်သက်ခဲ့တယ်။
လူမသိသူမသိ တပည့်
ယောဟန် ၁၉:၃၈ မှာ ယောသပ်ဟာ “ဂျူးတွေကို ကြောက်လို့ ယေရှုရဲ့တပည့်ဖြစ်မှန်း လူသိမခံရဲတဲ့သူပဲ” လို့ ပြောထားတယ်။ ယောသပ် ဘာကို ကြောက်တာလဲ။ ယေရှုကို ဂျူးတွေ အထင်သေးမှန်း၊ ယေရှုကို ယုံကြည်တယ်လို့ ပြောတဲ့သူတိုင်းကို တရားဇရပ်ကနေ နှင်ထုတ်ဖို့ ဆုံးဖြတ်ထားကြမှန်း ယောသပ် သိတယ်။ (ယော. ၇:၄၅-၄၉။ ၉:၂၂) တရားဇရပ်ကနေ နှင်ထုတ်ခံရရင် လှောင်ပြောင်ခံရမယ်၊ အကြဉ်ခံရမယ်၊ ပစ်ပယ်ခံရမယ်။ ဒါကြောင့် ယေရှုကို ယုံကြည်တယ်လို့ ယောသပ် အတိအလင်း ဝန်မခံရဲတာပေါ့။ ဝန်ခံလိုက်ရင် ရာထူးပြုတ်ပြီး သိက္ခာကျသွားနိုင်တယ်။
ယောသပ်တစ်ယောက်တည်း မဟုတ်ပါဘူး။ ယောဟန် ၁၂:၄၂ အရ “မင်းအရာရှိ အတော်များများ ယုံကြည်သက်ဝင်လာပေမဲ့ ဖာရိရှဲတွေကို ကြောက်လို့ ယေရှုကို အသိအမှတ် မပြုကြဘူး။ တရားဇရပ်ကနေ နှင်ထုတ်ခံရမှာကို စိုးရိမ်ကြတယ်။” ယောသပ်လို နောက်တစ်ယောက်ကတော့ နိကောဒင်ပါ။ သူလည်း ဂျူးတရားရုံးချုပ် အဖွဲ့ဝင်ပဲ။—ယော. ၃:၁-၁၀။ ၇:၅၀-၅၂။
ယောသပ်ကတော့ တပည့် ဖြစ်ပေမဲ့ ပွင့်ပွင့်လင်းလင်း မပြောရဲဘူး။ အဲဒါ တကယ့်ပြဿနာပဲ။ “လူတွေရှေ့မှာ ကျွန်တော့်ကို အသိအမှတ်ပြုသူတိုင်းကို ကောင်းကင်အဖရှေ့မှာ ကျွန်တော် အသိအမှတ်ပြုမယ်။ လူတွေရှေ့မှာ ကျွန်တော့်ကို ငြင်းပယ်သူကိုတော့ ကောင်းကင်အဖရှေ့မှာ ငြင်းပယ်မယ်” လို့ ယေရှု ပြောခဲ့တယ်။ (မ. ၁၀:၃၂၊ ၃၃) ယောသပ်က ယေရှုကို ငြင်းပယ်တာ မဟုတ်ပေမဲ့ ဝန်ခံဖို့လည်း သတ္တိမရှိပြန်ဘူး။ သင်ကော။
ယောသပ်ရဲ့ ကောင်းကွက်ကတော့ ယေရှုကို သတ်ဖို့ ဂျူးတရားရုံးချုပ် ကြံစည်မှုကို မထောက်ခံခဲ့တာပဲ။ လု. ၂၃:၅၁) တချို့အဆိုအရ ယေရှုကို စစ်မေးချိန်မှာ ယောသပ် မရှိတာ ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် ဒီလောက်ဆိုးရွားတဲ့မတရားမှုကို ယောသပ် အတော်ရွံမုန်းခဲ့မှာပဲ။ ဒါပေမဲ့ ဘာမှ မတတ်နိုင်ခဲ့ဘူး။
(ပြတ်ပြတ်သားသား လုပ်ဆောင်လာ
ယေရှု သေဆုံးချိန်မှာ ယောသပ်ဟာ ကြောက်စိတ်ကို အနိုင်ယူပြီး ယေရှုရဲ့ နောက်လိုက်တွေကို ကူညီပေးဖို့ ဆုံးဖြတ်ခဲ့တယ်။ “ပိလတ်မင်းကို အရဲစွန့် ဝင်တွေ့ပြီး ယေရှုအလောင်းကို တောင်းတယ်” ဆိုတဲ့ မာကု ၁၅:၄၃ ပါစကားက အဲဒီဆုံးဖြတ်ချက်ကို ဖော်ပြတယ်။
ယေရှု သေဆုံးချိန်မှာ ယောသပ် ရှိနေပုံရတယ်။ ယေရှု သေဆုံးပြီဖြစ်ကြောင်း ပိလတ်မင်းထက် အရင်သိနေတယ်။ ဒါကြောင့် ရုပ်အလောင်းကို ယောသပ် ဝင်တောင်းတဲ့အခါ ပိလတ်က “ယေရှု သေမသေ သိချင်” ခဲ့တယ်။ (မာ. ၁၅:၄၄) သစ်တိုင်ပေါ် ယေရှု ဝေဒနာခံရတာကို ယောသပ် မြင်ခဲ့လို့ မိမိသိစိတ်ကို ဆန်းစစ်ဖို့၊ အမှန်တရားဘက် ရပ်တည်ဖို့ ဆုံးဖြတ်ခဲ့တာလား။ ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ယောသပ် လက်တွေ့လုပ်ပြလိုက်ပါပြီ။ လူမသိသူမသိ တပည့် မဟုတ်တော့ဘူး။
ယေရှုကို ယောသပ် သင်္ဂြိုဟ်ပေး
ဂျူးပညတ်အရ သေဒဏ်ခံရသူတွေကို နေမဝင်ခင် သင်္ဂြိုဟ်ရမယ်။ (တရား. ၂၁:၂၂၊ ၂၃) ဒါပေမဲ့ ရောမတွေကြောင့် ကွပ်မျက်ခံရတဲ့ ရာဇဝတ်သားတွေရဲ့ ရုပ်အလောင်းကို သစ်တိုင်ပေါ်မှာ ပုပ်တဲ့အထိ ထားကြတယ်။ ဒါမှမဟုတ် သင်္ချိုင်းမှာ ပစ်ထားကြတယ်။ ယေရှုကိုတော့ ယောသပ် အဲဒီလို မဖြစ်စေချင်ဘူး။ ကွပ်မျက်တဲ့နေရာနားမှာ ယောသပ်ရဲ့ ကျောက်ထွင်းဂူအသစ် ရှိတယ်။ ဂူကို မသုံးရသေးလို့ အရိမသဲမြို့ကနေ * ဂျေရုဆလင်ကို ယောသပ် ပြောင်းလာခါစဖြစ်ကြောင်း၊ ဒီဂူကို မိသားစုသင်္ချိုင်းအဖြစ် ရည်ရွယ်ထားကြောင်း ဖော်ပြတယ်။ (လု. ၂၃:၅၃။ ယော. ၁၉:၄၁) ကိုယ့်ဂူထဲမှာ ယေရှုကို သင်္ဂြိုဟ်ခြင်းက ယောသပ် ရက်ရောကြောင်း ဖော်ပြတယ်။ မေရှိယဟာ “သူဌေးတွေနဲ့” သင်္ဂြိုဟ်ခံရမယ်ဆိုတဲ့ ပရောဖက်ပြုချက်ကို ပြည့်စုံစေတယ်။—ဟေရှာ. ၅၃:၅၊ ၈၊ ၉။
ယေဟောဝါနဲ့ ဆက်ဆံရေးထက် ပိုအလေးပေးနေတဲ့ အရာတစ်ခုခု ရှိသလား
ယောသပ်က ယေရှုရဲ့ရုပ်အလောင်းကို သစ်တိုင်ပေါ်ကနေ ချပြီးနောက် သန့်ရှင်းတဲ့ ပိတ်ချောနဲ့ ပတ်ရစ်၊ မိမိရဲ့ သင်္ချိုင်းဂူအသစ်ထဲ ထည့်တယ်လို့ ခရစ်ဝင်ကျမ်း လေးကျမ်းစလုံးမှာ ဖော်ပြထားတယ်။ (မ. ၂၇:၅၉-၆၁။ မာ. ၁၅:၄၆၊ ၄၇။ လု. ၂၃:၅၃၊ ၅၅။ ယော. ၁၉:၃၈-၄၀) ယောသပ်ကို ကူညီပေးခဲ့တယ်လို့ ဖော်ပြခံရသူတစ်ယောက်ကတော့ နိကောဒင်ပါပဲ။ နံ့သာပေါင်းတွေကို ယူလာတယ်။ လူကြီးလူကောင်းတွေ ဆိုတော့ ရုပ်အလောင်းကို နှစ်ယောက်တည်း ရွှေ့ခဲ့တာတော့ မဖြစ်နိုင်ဘူး။ သယ်ဖို့၊ မြှုပ်ဖို့ အစေခံတွေကို ခိုင်းစေခဲ့မှာပဲ။ ဘာပဲဖြစ်ဖြစ် ဒီလူနှစ်ယောက်ရဲ့ လုပ်ရပ်ဟာ သေးသေးသောသောတော့ မဟုတ်ဘူး။ လူသေကို ကိုင်မိသူဟာ ခုနစ်ရက် ညစ်ညူးသွားပြီး ထိသမျှလည်း မသန့်ရှင်းတော့ဘူး။ (တော. ၁၉:၁၁။ ဟဂ္ဂဲ ၂:၁၃) ဒါကြောင့် ပသခါပွဲအပတ်မှာ လူတွေနဲ့ သီးခြားနေရမှာဖြစ်ပြီး ပွဲတော်မှာ ပါဝင်လိုက်ရမှာ မဟုတ်ဘူး။ (တော. ၉:၆) ယေရှုကို သင်္ဂြိုဟ်ဖို့ စီစဉ်ခြင်းအားဖြင့် အဖွဲ့ဝင်တွေရဲ့ ကဲ့ရဲ့လှောင်ပြောင်မှုကိုလည်း ယောသပ် ခံရနိုင်တယ်။ ဒီတစ်ကြိမ်မှာတော့ ယေရှုကို သိက္ခာရှိရှိ သင်္ဂြိုဟ်ပေးလို့၊ ခရစ်တော်ရဲ့ တပည့်ဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ဖော်ပြလို့ ရလာတဲ့အကျိုးဆက်တွေကို ခံယူဖို့ အသင့်ဖြစ်နေပြီ။
ယောသပ်ရဲ့ ဇာတ်လမ်းအဆုံး
ယေရှုကို သင်္ဂြိုဟ်တဲ့အကြောင်း ခရစ်ဝင်ကျမ်း မှတ်တမ်းကလွဲလို့ ကျမ်းစာမှာ အရိမသဲမြို့သား ယောသပ်အကြောင်း မတွေ့ရတော့ဘူး။ ဒါကြောင့် သူ ဘာဖြစ်သွားသလဲဆိုတဲ့ မေးခွန်း ပေါ်လာတယ်။ အဖြေကတော့ ကျွန်တော်တို့ မသိရဘူး။ ဒါပေမဲ့ အထက်မှာ ဆွေးနွေးခဲ့တာတွေအရ မိမိကိုယ်မိမိ ခရစ်ယာန်အဖြစ် ပွင့်ပွင့်လင်းလင်း ဖွင့်ဟကြေညာလိုက်ပုံရတယ်။ စမ်းသပ်ခံရတဲ့အခါ ယောသပ်ရဲ့ ယုံကြည်ခြင်းနဲ့ သတ္တိ လျော့ပါးမသွားဘဲ ပိုတိုးများလာတယ်။ အဲဒါ ကောင်းတဲ့လက္ခဏာပဲ။
ဒီအဖြစ်က ရာထူး၊ အလုပ်အကိုင်၊ ချမ်းသာကြွယ်ဝမှု၊ မိသားစုသံယောဇဉ်၊ လွတ်လပ်မှု တစ်ခုခုကို ကျွန်တော်တို့နဲ့ ယေဟောဝါရဲ့ ဆက်ဆံရေးထက် ပိုဦးစားပေးနေသလားဆိုတဲ့ စဉ်းစားစရာ မေးခွန်း ပေါ်လာစေတယ်။
^ စာပိုဒ်၊ 18 အရိမသဲမြို့ဟာ ရာမမြို့ ဖြစ်နိုင်တယ်။ မျက်မှောက်ခေတ် ရန်တစ္စမြို့ ဖြစ်တယ်။ ပရောဖက် ရှမွေလရဲ့ ဇာတိမြို့ဖြစ်ပြီး ဂျေရုဆလင်မြို့ အနောက်မြောက်ဘက် ၂၂ မိုင် (၃၅ ကီလိုမီတာ) အကွာလောက်မှာ တည်ရှိတယ်။—၁ ရှ. ၁:၁၉၊ ၂၀။