မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အပြောင်းအလဲတွေကြား စိတ်ငြိမ်သက်မှု ဆက်ထိန်းပါ

အပြောင်းအလဲတွေကြား စိတ်ငြိမ်သက်မှု ဆက်ထိန်းပါ

“[ကျွန်တော်​] စိတ်အေး​လက်​အေး​နဲ့ ငြိမ်သက်​နေ​ပါတယ်။”—ဆာ. ၁၃၁:၂

သီချင်း​– ၁၂၈၊ ၁၂၉

၁၊ ၂။ (က) မမျှော်လင့်တဲ့ အပြောင်းအလဲ​တွေ​က ကျွန်တော်​တို့ကို ဘယ်လို ထိခိုက်​နိုင်သလဲ။ (ဆောင်းပါး​အစမှာ​ပါတဲ့ ပုံကို ကြည့်ပါ။) (ခ) ဆာလံ ၁၃၁ အရ ဘယ်​သဘောထား​က စိတ်​ငြိမ်သက်မှု ရစေ​နိုင်သလဲ။

ဗေသလ​မှာ ၂၅ နှစ်ကျာ် အမှု​ဆောင်ခဲ့တဲ့ လွိုက်နဲ့ အ​လက်​ဇ​န်ဒ​ရာ​ဟာ ရှေ့ဆောင်​အဖြစ်​ ပြန်​တာဝန်​ကျတယ်။ အစပိုင်းမှာ အတော်​စိတ်ထိခိုက်​ကြတယ်။ “ဗေသလ​နဲ့ အလုပ်​တာဝန်ကို ကိုယ်​နဲ့ တစ်သားတည်းလို့ ယူဆ​ခဲ့​တာ။ အပြောင်း​အလဲ​ကို စိတ်​က လက်ခံပေမဲ့ တကယ်တမ်း ကြာ​လာတဲ့အခါ​ ငြင်းပယ်​ခံရ​သလို ခံစား​လာ​ရတယ်။ စိတ်​က အခု​တစ်မျိုး၊ တော်​ကြာ​တစ်မျိုး။ အပြုသဘော ဝင်လိုက်၊​ အပျက်သဘော ဝင်​လိုက်​ပဲ” လို့ လွိုက် ပြော​တယ်။

ဘဝမှာ မမျှော်လင့်တဲ့ အပြောင်းအလဲ ကြုံရတဲ့​အခါ​ စိုးရိမ်​ပူပန်​လာနိုင်တယ်။ (ပညာ. ၁၂:၂၅) လက်ခံဖို့ ခက်​နိုင်တယ်။ ဒီလို​အချိန်​မှာ ဘယ်လို “စိတ်အေး​လက်​အေး​နဲ့ ငြိမ်သက်​နေ” နိုင်မလဲ။ (ဆာလံ ၁၃၁:၁-၃ ကိုဖတ်ပါ။) အခြေအနေ အပြောင်းအလဲ​တွေ​ကြား စိတ်​ငြိမ်သက်မှု ဆ​က်​ထိန်း​ခဲ့​တဲ့ ကျမ်းစာ​ခေတ်​နဲ့ ခေတ်​သစ် ပုံ​န​မူနာ​တချို့​ကို သုံးသပ်ကြည့်​ကြစို့။

ဘုရား​သခင့်​ငြိမ်သက်ခြင်း” ခံစား​ရ

၃။ ယောသပ် ဘာ​အပြောင်းအလဲ​တွေ ကြုံခဲ့​ရသလဲ။

ယောသပ် အသက် ၁၇ နှစ်မှာ အစ်ကို​တွေ​က မနာလို​ဖြစ်ပြီး ကျွန်​အဖြစ်​ ရောင်းစား​လိုက်ကြတယ်။ ယောသပ်​ဟာ ယာကုပ်ရဲ့ အချစ်ဆုံး​သားပါ။ (က. ၃၇:၂-၄၊ ၂၃-၂၈) ချစ်​ရတဲ့​ဖခင်​နဲ့ အလှမ်းဝေး​တဲ့ အီဂျစ်​ပြည်မှာ ကျွန်​နဲ့ အကျဉ်းသား​အဖြစ်​ ၁၃ နှစ်လောက် ဒုက္ခ​ခံရတယ်။ စိတ်မပျက်​ဖို့၊ မ​နာကြည်း​ဖို့ ယောသပ်​ကို ဘာက ကူညီ​ပေး​သလဲ။

၄။ (က) ထောင်​ထဲမှာ ယောသပ် ဘာကို အာရုံစိုက်​သလဲ။ (ခ) ယောသပ်ရဲ့ ဆုတောင်း​ချက်ကို ဘုရား​ ဘယ်လို အဖြေပေး​သလဲ။

ထောင်​ထဲမှာ ယောသပ်ဟာ ယေဟော​ဝါရဲ့ ကောင်းချီးတွေကို အာရုံစိုက်ခဲ့​မှာ​ပဲ။ (က. ၃၉:၂၁။ ဆာ. ၁၀၅:၁၇-၁၉) ငယ်​ဘဝ​တုန်း​က ရခဲ့တဲ့ အနာဂတ်​ဆိုင်ရာ အိပ်မက်ကလည်း ယေဟော​ဝါရဲ့ မျက်နှာသာ ရရှိ​ထားကြောင်း ယုံကြည်​စိတ်ချ​စေမှာ​ပဲ။ (က. ၃၇:၅-၁၁) စိုးရိမ်​သောကတွေ​ကိုလည်း ယေဟော​ဝါ​ဆီ အကြိမ်ကြိမ် ရင်ဖွင့်​ဆုတောင်း​ခဲ့​မှာ​ပဲ။ (ဆာ. ၁၄၅:၁၈) ဆုတောင်း​ချက်ကို အဖြေ​ပေးတဲ့​အနေနဲ့ အခက်အခဲ ကြုံရချိန်​တစ်လျှောက်လုံး ယောသပ်နဲ့ “အတူ​ရှိ” မယ်​ဆိုပြီး ယေဟော​ဝါ စိတ်ချ​စေခဲ့တယ်။—တ. ၇:၉၊ ၁၀ *

၅။ စိုးရိမ်​သောက ဖိစီး​ချိန်မှာ “ဘုရား​သခင့်​ငြိမ်သက်ခြင်း” က ဘယ်လို ကူညီ​ပေးနိုင်​သလဲ။

ကျွန်တော်​တို့လည်း အခြေအနေ​ဆိုး​တွေ ကြုံရတဲ့​အခါ​ ဉာဏ်ရည်ဉာဏ်စွမ်းကို စောင့်ရှောက်​ပေးတဲ့ “ဘုရား​သခင့်​ငြိမ်သက်ခြင်း” ခံစား​ရနိုင်တယ်။ (ဖိလိပ္ပိ ၄:၆၊ ၇ ကိုဖတ်ပါ။) စိုးရိမ်​သောက ဖိစီး​ချိန်မှာ ဘုရား​သခင့်​ငြိမ်သက်ခြင်းက ဆ​က်​အမှု​ဆောင်ဖို့၊ လက်မလျှော့​ဖို့ ကူညီ​ပေး​နိုင်တယ်။ ဒါမျိုး​ကြုံခဲ့​ရတဲ့ ခေတ်​သစ် နမူနာ​တချို့​ကို သုံးသပ်ကြည့်​ကြစို့။

စိတ်​ငြိမ်သက်မှု​ရဖို့ ယေဟော​ဝါ​ဆီ ဆုတောင်း​ပါ

၆၊ ၇။ သတ်သတ်​မှတ်မှတ်​ ဆုတောင်း​ခြင်းက စိတ်​ငြိမ်သက်မှု ရဖို့ ဘယ်လို ကူညီ​နိုင်သလဲ။ ဥပမာ​ပေးပါ။

ရိုင်ယန်နဲ့ ဂျူလီယက်ဟာ ယာယီ​အထူး​ရှေ့ဆောင် တာဝန် ပြီးဆုံး​ကြောင်း သိလိုက်​ရတဲ့အခါ​ စိတ်ဓာတ်ကျ​သွားတယ်။ “ယေဟော​ဝါ​ဆီ ချက်ချင်း ဆုတောင်း​တယ်။ ဒါဟာ ဘုရား​ကို ယုံကြည်​ကိုးစား​ကြောင်း​ ပြနိုင်​တဲ့ အခွင့်အရေး​ပဲ။ အသင်း​တော်မှာ​ရှိတဲ့ လူသစ်တွေ​အတွက်​ ပုံသက်သေကောင်း ပြ​နိုင်ဖို့ ကူညီ​ပေးပါ​ဆိုပြီး ဆုတောင်း​တယ်” လို့ ရိုင်ယန် ပြော​တယ်။

သူတို့ရဲ့ ဆုတောင်း​ချက်ကို ယေဟော​ဝါ ဘယ်လို ဖြေပေး​သလဲ။ “ဆုတောင်း​ပြီးတာနဲ့ အပျက်သဘော​တွေ၊ စိုးရိမ်​သောကတွေ ချက်ချင်း ပျောက်​သွားတယ်။ ဘုရား​သခင့်​ငြိမ်သက်ခြင်းက စိတ်နှလုံး​နဲ့ ဉာဏ်ရည်ဉာဏ်စွမ်းကို စောင့်ရှောက်​ပေး​တယ်။ သဘောထား​မှန် ဆ​က်​ထိန်းထား​ရင် ယေဟော​ဝါ​အတွက်​ အသုံးဝင်​သူတွေ ဖြစ်နိုင်မှန်း ကျွန်တော်​တို့ သိတယ်” လို့ ရိုင်ယန် ပြော​တယ်။

၈-၁၀။ (က) စိုးရိမ်​သောက ရောက်တဲ့အခါ​ ဘုရား​ရဲ့ စွမ်းအား​တော်​က ဘယ်လို ကူညီ​နိုင်သလဲ။ (ခ) ဘုရား​အမှု​ဆောင်ဖို့ အာရုံစိုက်​တဲ့အခါ​ ယေဟော​ဝါ ဘယ်လို ကူညီ​ပေးနိုင်​သလဲ။

ဘုရား​သခင့် စွမ်းအား​တော်ကလည်း ဘုရား​ရေးရာ​ကို ဦးစား​ထားဖို့ ကူညီ​ပေးနိုင်တဲ့ ကျမ်းချက်တွေကို ပြန်​အမှတ်ရ​စေပါလိမ့်မယ်။ (ယောဟန် ၁၄:၂၆၊ ၂၇ ကိုဖတ်ပါ။) ဗေသလ​မှာ ၂၅ နှစ်​နီးပါး အမှုဆောင်ခဲ့တဲ့​ ဖိလစ်​နဲ့ မေရီ​တို့အကြောင်း​ သုံးသပ်​ကြည့်ပါ။ ဗေသလ​က​ ထွက်ပြီးနောက်ပိုင်း​ နှစ်ယောက်စလုံးရဲ့ အမေ​တွေ​နဲ့ ဆွေမျိုး​တစ်ယောက် လေးလ​အတွင်း သေဆုံးသွား​တယ်။ နောက်ပြီး​ စိတ်​ဝေဒနာ​ ခံစား​နေ​ရတဲ့​ မေရီ့​အဖေ​ကိုလည်း​ ပြုစုနေရတယ်။

ဖိလစ် ဒီလို​ပြော​တယ်– “အတော်လေး အဆင်ပြေ​နေတယ်လို့ ထင်ရပေမဲ့ တစ်ခုခု လို​နေ​သလိုပဲ။ ကင်းမျှော်စင်​ ဆောင်းပါး​တစ်ခုမှာ ကောလောသဲ ၁:၁၁ ကို ဖတ်​မိတယ်။ ခံရပ်​နေတာ မှန်ပေမဲ့ အပြည့်အဝ​တော့ မဟုတ်​သေး​ဘူး။ ‘ဝမ်းမြောက်​စွာ၊ စိတ်ရှည်​စွာ ခံရပ်’​ ဖို့ လိုတယ်။ ဝမ်းမြောက်မှု​ဆိုတာ ကိုယ့်​အခြေအနေ​အပေါ်​ မဟုတ်​ဘဲ စွမ်းအား​တော် သက်ရောက်မှု​အပေါ် မူတည်​မှန်း ဒီ​ကျမ်းချက်​က အမှတ်ရ​စေတယ်။”

၁၀ ဖိလစ်​နဲ့ မေရီ​ဟာ ဘုရား​အမှု​ဆောင်ဖို့ ဆ​က်​​အာရုံ​စိုက်လို့ ကောင်းချီး​များစွာ ခံစား​ခဲ့​ရတယ်။ ဗေသလက​ ထွက်ပြီး မကြာခင်မှာပဲ တစ်ပတ်ကို တစ်ကြိမ်​ထက်မက သင်ယူ​ချင်တဲ့ သင်အံမှု​တွေ ရခဲ့တယ်။ “သူတို့​ကြောင့် သိပ်​ပျော်​ရတယ်။ အားလုံး အဆင်ပြေ​သွားမှာပါ​လို့ ယေဟော​ဝါ ပြော​နေ​သလို​ပါပဲ” ဆိုပြီး မေရီ ပြော​တယ်။

ယေဟော​ဝါ ကောင်းချီး​ပေးနိုင်​အောင် လုပ်ဆောင်ပါ

ဘဝမှာ ဘာပဲ​ကြုံရပါစေ ယောသပ်ရဲ့ ပုံသက်သေကို ဘယ်လို တုပ​နိုင်သလဲ (အပိုဒ် ၁၁-၁၃ ကို​ကြည့်ပါ)

၁၁၊ ၁၂။ (က) ယေဟော​ဝါ ကောင်းချီး​ပေးနိုင်​အောင် ယောသပ် ဘာလုပ်​ဆောင်ခဲ့​သလဲ။ (ခ) ယောသပ်ရဲ့ ခံနိုင်ရည်ကြောင့် ဘာ​ကောင်းချီးတွေ ရခဲ့​သလဲ။

၁၁ ရုတ်တရက် အပြောင်းအလဲ​တွေ ကြုံရတဲ့​အခါ​ ရှေ့ရေး​တွေး​ပြီး စိုးရိမ်​မိ​နိုင်တယ်။ ယောသပ် အဲဒီ​လို​ဖြစ်နိုင်တယ်။ ဒါပေမဲ့​ လက်ရှိ​အခြေအနေ​မှာ အကောင်းဆုံး လုပ်ဆောင်ခဲ့တယ်။ ပေါတိဖာ​ဆီမှာ​လို​ပဲ ထောင်​ထဲ​မှာလည်း ထောင်မှူး​ပေးအပ်​တဲ့ တာဝန်​တိုင်း​ကို ကြိုးစား​လုပ်ဆောင်ခဲ့တယ်။ ဒါကြောင့်​ ယေဟော​ဝါ ကောင်းချီး​ပေး​နိုင်ခဲ့တယ်။—က. ၃၉:၂၁-၂၃

၁၂ တစ်နေ့​၊ ဖာရောရဲ့ နန်းတွင်း​အရာရှိ နှစ်ဦး​ကို ကြည့်​ပေးဖို့ ယောသပ် တာဝန်​ရတယ်။ နှစ်ယောက်စလုံး​က အခက်အခဲ​တွေ​နဲ့ စိတ်ရှုပ်စရာ အိပ်မက်​တွေ​အကြောင်း​ သဘော​ကောင်းတဲ့ ယောသပ်​ကို ပြောပြ​ကြတယ်။ (က. ၄၀:၅-၈) ဒါဟာ ထောင်​က​လွတ်ဖို့ လမ်းစ​ဖြစ်မှန်း အဲဒီ​တုန်းက ယောသပ် မသိ​ဘူး။ နှစ်နှစ်​ကြာပြီးနောက် ထောင်​ထဲ​က​လွတ်​လာပြီး နိုင်ငံမှာ ဒုတိယ​အာဏာ​အရှိဆုံး​ပုဂ္ဂိုလ် ဖြစ်လာတယ်။—က. ၄၁:၁၊ ၁၄-၁၆၊ ၃၉-၄၁

၁၃။ ဘယ်​အခြေအနေ​မှာ​ပဲ​ဖြစ်ဖြစ် ယေဟော​ဝါ ကောင်းချီး​ပေးနိုင်​အောင် ဘာ​လုပ်နိုင်သလဲ။

၁၃ ကျွန်တော်​တို့လည်း ယောသပ်​လို ကိုယ်​မထိန်းချုပ်​နိုင်တဲ့ အခြေအနေ​တွေ ကြုံရ​နိုင်တယ်။ ဒါပေမဲ့​ စိတ်ရှည်​ပြီး လက်ရှိ​အခြေအနေ​မှာ အကောင်းဆုံး လုပ်ဆောင်​မယ်​ဆိုရင် ယေဟော​ဝါ ကောင်းချီး​ပေးပါလိမ့်မယ်။ (ဆာ. ၃၇:၅) “ကြံရာမရ​ဖြစ်နေပေမဲ့ ထွက်ပေါက်​မရှိ​ဘဲ မနေပါဘူး” လို့ တမန်တော်​ပေါလု​ ပြောခဲ့​တယ်။ (၂ ကော. ၄:၈) အမှု​ဆောင်​လုပ်ငန်းကို အာရုံစိုက်​နေမယ်​ဆိုရင် ယေဟော​ဝါ ကူညီ​ပါ​လိမ့်မယ်။

အမှု​ဆောင်​လုပ်ငန်းကို အာရုံစိုက်ပါ

၁၄-၁၆။ သတင်းကောင်း​ဟော​သူ ဖိလိပ္ပုဟာ အခြေအနေ​တွေ ပြောင်းလဲ​ချိန်မှာတောင် အမှု​ဆောင်​လုပ်ငန်းကို ဘယ်လို အာရုံစိုက်ခဲ့​သလဲ။

၁၄ သတင်းကောင်း​ဟော​သူ ဖိလိပ္ပုဟာ အခြေအနေ အပြောင်းအလဲ​တွေ​ကြား အမှု​ဆောင်​လုပ်ငန်းကို အာရုံ​စိုက်ခဲ့​တယ်။ ဂျေရု​ဆလင်​မြို့မှာ သူ တာဝန်​အသစ်​တစ်ခု ရတယ်။ (တ. ၆:၁-၆) ဒါပေမဲ့​ အခြေအနေ​တွေ ပြောင်းလဲ​သွားတယ်။ သတေဖန် အသတ်ခံရ​ပြီးတဲ့နောက် * ခရစ်ယာန်​တွေ နှိပ်စက်​ညှဉ်းပန်း​ခံရပြီး တ​ကွဲ​တ​ပြား ဖြစ်သွားတယ်။ ဖိလိပ္ပု​ကတော့ အမှု​ဆောင်​လုပ်ငန်းကို ဆ​က်​အာရုံစိုက်​ပြီး သတင်းကောင်း မဟော​ရသေးတဲ့ ရှမာရိ​မြို့ကို ပြောင်း​သွားတယ်။—မ. ၁၀:၅။ တ. ၈:၁၊ ၅

၁၅ စွမ်းအား​တော် စေလွှတ်တဲ့ ဘယ်​နေရာကို​မဆို​ ဖိလိပ္ပု​ သွားချင်တဲ့​အတွက်​ နယ်မြေသစ်​တွေ ဖွင့်​ဖို့ ယေဟော​ဝါ အသုံးပြုခဲ့တယ်။ ဂျူးတွေ​က ရှမာရိ​လူတွေကို အထင်သေး​ပေမဲ့ ဖိလိပ္ပု​ကတော့ မခွဲခြား​ဘဲ ဟောပြောတဲ့​အတွက်​ သူတို့ “အာရုံစိုက်​နားထောင်” ခဲ့​ကြတယ်။—တ. ၈:၆-၈

၁၆ အဲဒီ​နောက် လူမျိုးခြားတွေ နေထိုင်တဲ့ အာဇုတ်​နဲ့ ကဲသရိ​မြို့ကို သွားဖို့ ဖိလိပ္ပု​ကို စွမ်းအား​တော် လမ်းညွှန်တယ်။ (တ. ၈:၃၉၊ ၄၀) ရှမာရိမှာ စဟော​ပြီး နှစ်ပေါင်း​ ၂၀ လောက်​ကြာတဲ့အခါ​ ဖိလိပ္ပုရဲ့ အခြေအနေ ပြောင်း​သွား​ပြန်တယ်။ အခု အိမ်ထောင်​ကျ​ပြီး ကဲသရိ​မြို့မှာ အခြေကျ​နေပြီ။ အခြေအနေ ပြောင်းသွားပေမဲ့ အမှု​ဆောင်​လုပ်ငန်းကို ဆ​က်​အာရုံစိုက်​တဲ့​အတွက်​ မိသား​စု​လိုက် ယေဟော​ဝါရဲ့ ကောင်းချီး ခံစား​ခဲ့​ရတယ်။—တ. ၂၁:၈၊ ၉

၁၇၊ ၁၈။ အမှု​ဆောင်​လုပ်ငန်းကို အာရုံစိုက်​တာ​က အပြောင်းအလဲ​တွေ​ကြား ဟန်ချက်ညီ​ဖို့ ဘယ်လို ကူညီ​နိုင်သလဲ။

၁၇ အမှု​ဆောင်​လုပ်ငန်းကို အာရုံစိုက်​တာ​က အခြေအနေ အပြောင်းအလဲ​တွေ​ကြား ဟန်ချက်ညီ​ဖို့ ကူညီ​ပေးတယ်လို့ အချိန်​ပြည့်​အမှု​ဆောင်​တွေ ပြော​ကြတယ်။ တောင်အာဖရိက,က အောဇဘွန်​နဲ့ ပိုလိုက်​တို့ ဇနီးမောင်နှံဟာ ဗေသလ​က ထွက်တာ​နဲ့ အချိန်​ပိုင်း​အလုပ်နဲ့ နေစရာ ရမယ်လို့ ထင်​ခဲ့​တာ။ “မျှော်လင့်​ထား​သလို ချက်ချင်း အလုပ် ရှာ​မရဘူး” လို့ အောဇဘွန် ပြော​တယ်။ “သုံးလလောက် အလုပ်​လက်မဲ့​ဖြစ်နေတယ်။ စုဆောင်း​ထားတာလည်း မရှိ​တော့ သိပ်​ခက်တယ်” လို့ ပိုလိုက်​ ပြော​တယ်။

၁၈ ဒီ​အခြေအနေကို ရင်ဆိုင်ဖို့ သူတို့ကို ဘာက ကူညီ​ပေး​သလဲ။ “အသင်း​တော်​နဲ့​အတူ​ ဟောပြောခြင်းက အာရုံ​မ​ပျံ့လွင့်​ဖို့၊ အပြုသဘော​ရှိဖို့ ကူညီ​ပေး​တယ်။ ထိုင်ပြီး တွေးပူ​နေမယ့်​အစား ဟောပြောခြင်း​မှာ စိတ်​နှစ်​ထားလို့ သိပ်​ပျော်​ခဲ့​ရတယ်။ အလုပ်​ကိုလည်း ကြိုးစားရှာ​တဲ့​အတွက်​ နောက်ဆုံး ရသွားတယ်” လို့ အောဇဘွန် ပြော​တယ်။

ယေဟော​ဝါကို စိတ်ရှည်​စွာ စောင့်ဆိုင်းပါ

၁၉-၂၁။ (က) စိတ်​ငြိမ်သက်မှု ဆက်ရှိ​အောင် ဘာက ကူညီ​ပေး​မလဲ။ (ခ) အခြေအနေ​သစ်​နဲ့​အညီ အလိုက်သင့်​ပြောင်းလဲ​ရင် ဘာ​အကျိုး ရနိုင်သလဲ။

၁၉ လက်ရှိ​အခြေအနေ​မှာ အကောင်းဆုံး လုပ်ဆောင်​ပြီး ယေဟော​ဝါကို ယုံကြည်​စိတ်ချ​စွာ စောင့်ဆိုင်းမယ်​ဆိုရင် စိတ်​ငြိမ်သက်မှုကို ဆ​က်​ထိန်း​နိုင်ကြောင်း အထက်ပါ ပုံနမူနာ​တွေ​က ဖော်ပြတယ်။ (မိက္ခာ ၇:၇ ကိုဖတ်ပါ။) အခြေအနေ​သစ်​နဲ့​အညီ အလိုက်သင့် ပြောင်းလဲခြင်းက ယေဟော​ဝါနဲ့ ပို​ရင်းနှီး​စေ​ကြောင်း​လည်း သိလာ​နိုင်တယ်။ “အခက်အခဲ​တွေ​ကြား ယေဟော​ဝါကို အားကိုးခြင်းက ဘာကို ဆိုလို​မှန်း သိလာ​တယ်။ ဘုရား​နဲ့ ပို​ရင်းနှီး​လာတယ်” လို့ ပိုလိုက် ပြော​တယ်။

၂၀ အထက်မှာ ဖော်ပြခဲ့တဲ့ မေရီ​ဟာ ရှေ့ဆောင်​လုပ်​ရင်း သက်ကြီးရွယ်အို ဖခင်​ကို ပြု​စုတယ်။ “စိုးရိမ်​လာတဲ့အခါ​ စိတ်​ငြိမ်ငြိမ်​ထားပြီး ဆုတောင်း​တတ်လာတယ်။ ပြဿနာတွေကို ယေဟော​ဝါ​လက်ထဲ အပ်​ထားဖို့​ဆိုတဲ့ အရေး​ကြီးဆုံး သင်ခန်းစာ​ကို သိလာတယ်။ အဲဒီ​လို​လုပ်ဖို့ ရှေ့လျှောက်လည်း လို​နေ​ဦး​မှာ” လို့ သူပြောတယ်။

၂၁ အခြေအနေ အပြောင်းအလဲ​တွေ​က မမျှော်လင့်​ထားတဲ့​နည်းနဲ့ ယုံကြည်ခြင်း စမ်းသပ်မှု ဖြစ်​စေခဲ့တယ်လို့ ဆောင်းပါး​အစမှာ​ပါတဲ့ လွိုက်နဲ့ အ​လက်​ဇ​န်ဒ​ရာ ပြော​တယ်။ “ယုံကြည်ခြင်း စမ်းသပ်မှုတွေ​က ကိုယ့်​ယုံကြည်​ခြင်း ဘယ်လောက် စစ်မှန်​ပြီး ခက်ခဲချိန်မှာ ဘယ်လောက် အားပေး​ထောက်မ​နိုင်ကြောင်း သိလာ​စေတယ်။ စိတ်ထား​ပို​ကောင်း​သူတွေ ဖြစ်လာ​စေတယ်” လို့​ပြော​တယ်။

မမျှော်လင့်တဲ့ အပြောင်းအလဲ​တွေ​က မမျှော်လင့်တဲ့ ကောင်းချီးတွေ ရစေ (အပိုဒ် ၁၉-၂၁ ကို​ကြည့်ပါ)

၂၂။ လက်ရှိ​အခြေအနေ​မှာ အကောင်းဆုံး လုပ်ဆောင်​သွား​ရင် ဘာကို​စိတ်ချ​နိုင်သလဲ။

၂၂ ဘဝမှာ မမျှော်လင့်​ထားတဲ့ အပြောင်းအလဲ​တွေ ကြုံရ​နိုင်တယ်။ တာဝန်​ပြောင်း​တာ၊ ကျန်းမာရေး ချို့ယွင်း​တာ၊ မိသား​စု​တာဝန်သစ် ရလာတာတွေ ဖြစ်နိုင်တယ်။ သင့်ကို ယေဟော​ဝါ ဂရုစိုက်​ကြောင်း၊ အချိန်​ကိုက် ကူညီ​မှာ​ဖြစ်ကြောင်း စိတ်ချပါ။ (ဟီ. ၄:၁၆။ ၁ ပေ. ၅:၆၊ ၇) လက်ရှိ​အခြေအနေ​မှာ အကောင်းဆုံး ကြိုးစားပါ။ ဘုရား​ဆီ ဆုတောင်း​ပါ။ အရာရာကို ဘုရား​လက်ထဲ ပုံအပ်ဖို့ သင်ယူပါ။ ဒါဆိုရင် အခြေအနေ​တွေ ဘယ်လိုပဲ ပြောင်းလဲပါစေ စိတ်​ငြိမ်သက်မှုကို ဆက်​ထိန်းထား​နိုင်​ပါလိမ့်မယ်။

^ အပိုဒ်၊ 4 နောက်ပိုင်းမှာ ယောသပ်​က ‘ငါ​ကြုံရတဲ့​ဆင်းရဲ​ဒုက္ခတွေကို ဘုရား​သခင်​ မေ့ပျောက်​စေပြီ’ လို့​ပြောပြီး သားဦး​ကို မနာရှေ​လို့ နာမည်​ပေး​တယ်။ မိမိ​ကို နှစ်သိမ့်​ပေးဖို့ ဒီ​သားကို ယေဟော​ဝါ ပေး​မှန်း ယောသပ် နားလည်​တာ ထင်ရှား​တယ်။—က. ၄၁:၅၁၊ အောက်ခြေမှတ်ချက်။

^ အပိုဒ်၊ 14 ဒီ​စာစောင်​ထဲ​က “သင် သိပါသလား” ဆောင်းပါးကို ကြည့်ပါ။