မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၄၁

“ကရုဏာ ကြီးမားလှတဲ့ ဘုရားသခင်” ကို ကျွန်တော်တို့ ဝတ်ပြုကြ

“ကရုဏာ ကြီးမားလှတဲ့ ဘုရားသခင်” ကို ကျွန်တော်တို့ ဝတ်ပြုကြ

“ယေဟောဝါ​ဟာ သက်ရှိ​အားလုံး​အပေါ် ကောင်းမြတ်​တယ်။ လုပ်ဆောင်မှု​တိုင်း​မှာ ကရုဏာတော်​ကို အထင်အရှား တွေ့မြင်​ရတယ်။”—ဆာ. ၁၄၅:၉

သီချင်း ၄၄ နိမ့်ကျ​သူရဲ့ ဆုတောင်း​စကား

အကြို​သုံးသပ်ချက် *

၁။ ကရုဏာ​ရှိသူ​လို့ ပြောလိုက်​ရင် စိတ်ထဲ ဘာ​ပေါ်လာ​နိုင်​သလဲ။

ကရုဏာ​ရှိသူ​လို့ ပြောလိုက်​ရင် ကြင်နာ​သူ၊ လှိုက်လှဲ​နွေးထွေး​သူ၊ ထောက်ထား​စာနာ​သူ၊ ရက်ရော​သူကို မျက်စိ​ထဲ မြင်ယောင်မိ​မယ်။ ယေရှု ပြော​တဲ့ ရှမာရိ​လူ ပုံ​ဥပမာ​လည်း စိတ်ထဲ ပေါ်လာ​နိုင်တယ်။ လူမျိုးခြား ဖြစ်​တဲ့ ရှမာရိ​လူဟာ ဓားပြ​တိုက်ခံ​ရလို့ ဒဏ်ရာ​ရ​နေတဲ့ ဂျူး​ကို တွေ့​တဲ့​အခါ “သနား​သွား” ပြီး “သနားစိတ်နဲ့ ကူညီ” ပေးတယ်။ (လု. ၁၀:၂၉-၃၇) ဒီ​ဥပမာ​က ဘုရား​ရဲ့ ကရုဏာ​ကို ပေါ်လွင်​စေတယ်။ ကရုဏာ​ဟာ ဘုရား​မေတ္တာရဲ့ အစိတ်အပိုင်း​တစ်ခု ဖြစ်တယ်။ ကျွန်တော်​တို့ကို ဘုရားသခင် နေ့တိုင်း ကရုဏာ​ရှိ​ရှိ ဆက်ဆံ​တယ်။

၂။ ကရုဏာ ပြ​နိုင်​တဲ့ နောက်တစ်နည်း​က ဘာလဲ။

ကရုဏာ ပြ​နိုင်​တဲ့ နောက်တစ်နည်း ရှိသေးတယ်။ ပြစ်ဒဏ် ခံထိုက်​သူကို ပြစ်ဒဏ် မပေးဖို့ ဆုံးဖြတ်ခြင်း ဖြစ်တယ်။ ယေဟောဝါ​ဟာ အဲဒီနည်းနဲ့ ကျွန်တော်​တို့ကို ကရုဏာ​ပြ​တယ်။ “ငါ​တို့ကို အပြစ်​ရှိတဲ့​အလျောက် ဒဏ်​မပေးဘူး” လို့ ဆာလံဆရာ ပြော​တယ်။ (ဆာ. ၁၀၃:၁၀) ဒါပေမဲ့ အပြစ်​ပြုသူ​ကို ပြတ်ပြတ်သားသား ဆုံးမ​တဲ့​အခါတွေလည်း ရှိတယ်။

၃။ ဘယ်​မေးခွန်းတွေကို ဆွေးနွေး​ကြ​မလဲ။

ဒီ​ဆောင်းပါး​မှာ မေးခွန်း သုံးခု​ကို ဆွေးနွေးပါ​မယ်– ယေဟောဝါ ဘာကြောင့် ကရုဏာ ပြသ​လဲ။ ဆုံးမ​တာ​နဲ့ ကရုဏာ ပြ​တာ ဆက်စပ်​သလား။ ကရုဏာ ပြဖို့ ဘာက ကူညီ​ပေး​နိုင်​သလဲ။ အဲဒီ​မေးခွန်းတွေကို ကျမ်းစာ​မှာ ဘယ်လို ဖြေ​ထား​ကြောင်း ကြည့်​ကြ​စို့။

ယေဟောဝါ ဘာကြောင့် ကရုဏာ ပြသ​လဲ

၄။ ယေဟောဝါ ဘာကြောင့် ကရုဏာ ပြသ​လဲ။

မေတ္တာ ရှိလို့ ယေဟောဝါ ကရုဏာ ပြ​တယ်။ ဘုရားသခင်ဟာ ‘ကရုဏာ ကြီးမား​တယ်’ လို့ တမန်တော် ပေါလု ပြော​တယ်။ မစုံလင်​တဲ့ ဘိသိက်ခံ ကျေးကျွန်​တွေ​ကို ကောင်းကင်​အသက်တာ မျှော်လင့်ချက် ​ပေး​တဲ့ ဘုရား​ကရုဏာ​အကြောင်း ပေါလု ပြော​နေတာ။ (ဧ. ၂:၄-၇) ဒါပေမဲ့ ဘိသိက်ခံ​တွေ​ကိုပဲ ယေဟောဝါ ကရုဏာ ပြ​တာ မဟုတ်ဘူး။ “ယေဟောဝါ​ဟာ သက်ရှိ​အားလုံး​အပေါ် ကောင်းမြတ်​တယ်။ လုပ်ဆောင်မှု​တိုင်း​မှာ ကရုဏာတော်​ကို အထင်အရှား တွေ့မြင်​ရတယ်” လို့ ဆာလံဆရာ ဒါဝိဒ် ပြော​တယ်။ (ဆာ. ၁၄၅:၉) လူတွေကို ယေဟောဝါ ချစ်တဲ့​အတွက် ကရုဏာ ပြ​သင့်တဲ့ အကြောင်းရင်း ရှိ​တိုင်း ကရုဏာ ပြ​တယ်။

၅။ ယေဟောဝါ ကရုဏာ ရှိကြောင်း ယေရှု ဘယ်လို သိလာ​သလဲ။

ကရုဏာ ပြ​ရတာကို ယေဟောဝါ ဘယ်လောက် နှစ်သက်​ကြောင်း တခြား​ဘယ်သူ​ထက်​မဆို ယေရှု ပို​သိတယ်။ မြေကြီးပေါ် မလာခင် နှစ်ထောင်​ပေါင်း​များစွာ ဖခင်​နဲ့​အတူ ကောင်းကင်​မှာ ရှိခဲ့တယ်။ (ပညာ. ၈:၃၀၊ ၃၁) အပြစ်​ရှိတဲ့ လူသားတွေကို ဖခင် ဘယ်လို ကရုဏာ ​ပြ​ကြောင်း အကြိမ်ကြိမ် တွေ့​ခဲ့တယ်။ (ဆာ. ၇၈:၃၇-၄၂) ဒါကြောင့် ဖခင်​ရဲ့ ကရုဏာ​အကြောင်း မကြာခဏ အလေးပေး သွန်သင်​တယ်။

သားမိုက် အိမ်ပြန်လာ​ချိန်မှာ ဖခင် အရှက်​မ​ခွဲ​ဘဲ လှိုက်လှဲ​စွာ ကြိုဆို (စာပိုဒ် ၆ ကို ကြည့်​ပါ) *

၆။ ဖခင်​ရဲ့ ကရုဏာ​ကို နားလည်​ဖို့ ယေရှု ဘယ်လို ဥပမာ​ ပေး​သလဲ။

ရှေ့​ဆောင်းပါး​မှာ သိ​ရတဲ့​အတိုင်း ကရုဏာ ပြ​ရတာကို ယေဟောဝါ ဘယ်လောက် နှစ်သက်​ကြောင်း သားမိုက် ပုံ​ဥပမာ​ကို သုံးပြီး ယေရှု သွန်သင်​ပေးတယ်။ သား​ဖြစ်သူ​ဟာ အိမ်ကနေ ထွက်သွား​တယ်။ “အပျော်အပါး လိုက်စား​ပြီး ပိုင်ဆိုင်​သမျှ​ကို သုံးဖြုန်း​ပစ်​တယ်။” (လု. ၁၅:၁၃) နောက်ပိုင်း၊ အကျင့်ပျက်လမ်းစဉ် လိုက်​မိ​လို့ နောင်တ​ရတယ်။ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချ​ပြီး အိမ်​ပြန်​လာတယ်။ ဖခင် ဘယ်လို တုံ့ပြန်​မလဲ​ဆိုတာ သိဖို့ ကြာကြာ မစောင့်​လိုက်ရ​ပါ​ဘူး။ “ဖခင်​က သားကို အဝေးကနေ လှမ်းမြင်တဲ့​အခါ သနားစိတ် ယိုဖိတ်​လာတော့ ပြေးဖက်​ပြီး နမ်းတယ်” လို့ ယေရှု ပြော​တယ်။ သားကို အရှက်​မခွဲ​ဘူး။ ကရုဏာ ရှေ့​ထားပြီး ခွင့်လွှတ်​တယ်။ လှိုက်လှိုက်လှဲလှဲ ကြိုဆို​တယ်။ သား​ဖြစ်သူ ကြီးလေး​တဲ့ အပြစ် လုပ်ခဲ့ပေမဲ့ နောင်တ​ ရတဲ့အခါ ခွင့်လွှတ်​ပေးတယ်။ ပုံ​ဥပမာ​ထဲ​က ကရုဏာ ရှိတဲ့ ဖခင်​ဟာ ယေဟောဝါ​ကို ပုံဆောင်​တယ်။ အပြစ်ကျူးလွန်​သူတွေ​သာ စစ်မှန်တဲ့ နောင်တ ရမယ်​ဆိုရင် ယေဟောဝါ လိုလိုလားလား ခွင့်လွှတ်​မှာ ဖြစ်​ကြောင်း ပုံ​ဥပမာ​ကနေ ယေရှု ဖော်ပြ​တယ်။—လု. ၁၅:၁၇-၂၄

၇။ ယေဟောဝါ​ရဲ့ ဉာဏ်ပညာ​နဲ့ ကရုဏာ ဘယ်လို ဆက်စပ်​သလဲ။

ဉာဏ်ပညာ ရှိလို့ ယေဟောဝါ ကရုဏာ ပြ​တယ်။ ယေဟောဝါ​ရဲ့ ဉာဏ်ပညာ​ဟာ ခံစားချက် မပါတဲ့ အသိပညာ သက်သက်​ပဲ မဟုတ်ဘူး။ “အထက်​က​ လာတဲ့ ဉာဏ်ပညာ” ဟာ “ကရုဏာ​တွေ၊ အကျင့်ကောင်း​တွေ​နဲ့ ပြည့်စုံ​တယ်” လို့ ကျမ်းစာ​မှာ ပြော​ထား​တယ်။ (ယာ. ၃:၁၇) မေတ္တာ​ရှိတဲ့ မိဘ​လို​ပဲ ကရုဏာ​ဟာ သားသမီးတွေကို အကျိုးပြု​မှန်း ယေဟောဝါ သိတယ်။ (ဆာ. ၁၀၃:၁၃။ ဟေရှာ. ၄၉:၁၅) ကျွန်တော်​တို့ မစုံလင်​ပေမဲ့ ဘုရား​ကရုဏာ​ကြောင့် မျှော်လင့်ချက် ရှိ​လာတယ်။ ယေဟောဝါ​ဟာ ဉာဏ်ပညာ ရှိတဲ့​အတွက် ကရုဏာ ပြ​သင့်တဲ့ အကြောင်းရင်း ရှိ​တိုင်း ကရုဏာ ပြ​တယ်။ ဒါပေမဲ့ ယေဟောဝါ​ရဲ့ ကရုဏာ​ဟာ မျှတမှု ရှိတယ်။ အမှား​လုပ်တာကို ခွင့်ပြု​တဲ့​အထိ​တော့ ကရုဏာ မပြ​ဘူး။

၈။ တစ်ခါ​တ​လေ အပြစ်​ကျူး​လွန်​သူကို ဘာလုပ်ဖို့ လိုသလဲ။ ဘာကြောင့်လဲ။

ဘုရား​ကျေးကျွန်​တစ်ယောက် တမင်တကာ အပြစ်​လမ်းစဉ် လိုက်နေ​တယ် ဆိုပါစို့။ ကျွန်တော်​တို့ ဘာ​လုပ်သင့်သလဲ။ ‘သူနဲ့ မပေါင်းဖော်​နဲ့’ လို့ အသင်းတော်ကို ပေါလု ပြော​တယ်။ (၁ ကော. ၅:၁၁) နောင်တ မယူ​တဲ့ အပြစ်ကျူးလွန်​သူတွေကို အသင်းတော်​ကနေ နှင်ထုတ်​တယ်။ သစ္စာရှိ ညီအစ်ကို/မ​တွေ​ကို ကာကွယ်​ဖို့၊ ယေဟောဝါ​ရဲ့ စံနှုန်း​တွေ​ကို ထောက်ခံကြောင်း ပြဖို့​ပါ။ ဒါပေမဲ့ နှင်ထုတ်ခြင်း အစီအစဉ်ကို ဘုရား​ကရုဏာ​အဖြစ် ရှုမြင်ဖို့ တချို့​အတွက် ခက်​နိုင်တယ်။ တကယ်ပဲ ဘုရား ကရုဏာ မရှိတာ​လား။ ကြည့်​ကြ​စို့။

နှင်ထုတ်ခြင်း​ဟာ ကရုဏာ ပြ​ရာ ရောက်​သလား

ဖျားနာ​နေတဲ့ သိုး​ကို သီးသန့်​ခွဲထား​ပေမဲ့ သိုးထိန်း ဂရုစိုက်​စောင့်ရှောက်​နေဆဲပဲ (စာပိုဒ် ၉-၁၁ ကို ကြည့်​ပါ)

၉-၁၀။ ဟီဘရူး ၁၂:၅၊ ၆ အရ နှင်ထုတ်ခြင်း​ဟာ ကရုဏာ​ ရှိတဲ့ အစီအစဉ် ဖြစ်တယ်လို့ ဘာကြောင့် ပြော​နိုင်​သလဲ။ ဥပမာ​ ပေး​ပါ။

ကိုယ်​သိကျွမ်း​ချစ်ခင်​သူ တစ်ယောက်ယောက်​ကို “ယေဟောဝါသက်သေ​တစ်ဦး မဟုတ်​တော့​ပါ” လို့ အသင်းတော် အစည်းအဝေး​မှာ ကြေညာ​တဲ့​အခါ ကျွန်တော်​တို့ အကြီးအကျယ် စိတ်ထိခိုက်​ကြတယ်။ နှင်ထုတ်​တဲ့​အထိ လုပ်ဖို့ လို​လို့လား​ဆိုပြီး စဉ်းစားမိ​နိုင်တယ်။ နှင်ထုတ်​တာ​ဟာ တကယ်ပဲ ကရုဏာ ပြ​ရာ ရောက်​သလား။ ရောက်​ပါ​တယ်။ ဆုံးမ​သင့်​သူကို မဆုံးမ​ဘဲ နေတာဟာ ပညာ ရှိရာ၊ ကရုဏာ ပြရာ၊ မေတ္တာ ရှိရာ မ​ရောက်​ဘူး။ (ပညာ. ၁၃:၂၄) နှင်ထုတ်​ခံရ​သူဟာ နောင်တ​ ရပြီး လမ်းစဉ် ပြောင်း​နိုင်​သလား။ ပြောင်း​နိုင်​ပါ​တယ်။ နှင်ထုတ်​ခံ​လိုက်​ရလို့ ကိုယ့်​အပြစ် ဘယ်လောက် ကြီး​မှန်း၊ နောင်တ​ယူပြီး အကျင့်​ပြောင်း​ဖို့ လို​မှန်း၊ ယေဟောဝါ​ဆီ ပြန်လာ​ဖို့ လို​မှန်း သိလာတယ်​လို့ အပြစ်ကျူးလွန်​မိ​ခဲ့​သူ များစွာ ပြော​ကြတယ်။ဟီဘရူး ၁၂:၅၊ ၆ ကို ဖတ်ပါ။

၁၀ ဥပမာတစ်ခု စဉ်းစား​ကြည့်​ပါ။ သိုး​တစ်ကောင် နာ​နေတာ သိုးထိန်း သတိထား​မိတယ်။ သိုး​ကို ကုသ​ပေး​နေတုန်း တခြား​သိုး​တွေ​နဲ့ ခွဲထား​ရမယ်ဆိုတာ သိုးထိန်း သိတယ်။ ဒါပေမဲ့ သိုး​ဆိုတာ အုပ်စု​လိုက် နေတတ်​တဲ့ သတ္တဝါ​မျိုး​ပါ။ သိုးအုပ်​နဲ့​အတူ နေချင်​တယ်။ ခွဲထား​ခံရတဲ့​အခါ စိတ်​အနှောင့်အယှက် ဖြစ်​နိုင်တယ်။ ဒါပေမဲ့ ဒီလို​ခွဲထား​လို့ သိုးထိန်း ကြမ်းတယ်၊ ရက်စက်​တယ်လို့ ပြော​လို့ ရမလား။ မရပါ​ဘူး။ နာနေတဲ့ သိုး​ကို တခြား​သိုး​တွေ​နဲ့ ရော​ထား​ရင် ရောဂါ ကူးစက်​သွား​နိုင်​မှန်း သိုးထိန်း သိတယ်။ ခွဲထား​တာ​က သိုးအုပ်​တစ်အုပ်လုံး​ကို ကာကွယ်​ရာ​ ရောက်တယ်။—ဝတ်ပြုရာ ၁၃:၃၊ ၄ နဲ့ နှိုင်းယှဉ်ပါ။

၁၁။ (က) နှင်ထုတ်​ခံရ​သူဟာ ဖျားနာ​နေတဲ့ သိုး​နဲ့ ဘယ်လို တူ​နိုင်​သလဲ။ (ခ) နှင်ထုတ်​ခံရ​သူဟာ ဘယ်​ပြင်ဆင်​ပေး​ချက်​တွေ​ကနေ အကူအညီ ရနိုင်သလဲ။

၁၁ ခရစ်ယာန်​တစ်ယောက် နှင်ထုတ်​ခံရတဲ့​အခါ သူ့ကို ဖျားနာ​နေတဲ့ သိုး​အဖြစ် ယူမှတ်​နိုင်တယ်။ ဘုရားရေးရာ​ဘက် ဖျားနာ​နေတာ။ (ယာ. ၅:၁၄) ဘုရားရေးရာ​ဘက် ဖျားနာ​တာ​ဟာ​လည်း ပကတိ ဖျားနာ​သလိုပဲ ကူးစက်​နိုင်တယ်။ ဒါကြောင့် အခြေအနေ​တချို့​မှာ အသင်းတော်​နဲ့ သီးခြား ခွဲ​ထား​ဖို့ လိုတယ်။ ဒီ​ဆုံးမမှု​ဟာ သိုးတော်စု​ထဲ​က သစ္စာ​ရှိသူတွေ​အတွက် ယေဟောဝါ​ရဲ့ မေတ္တာကို ဖော်ပြ​တယ်။ အမှား​လုပ်​သူကိုလည်း မိမိ​အပြစ် ဘယ်လောက် ကြီး​လေး​ကြောင်း သိလာဖို့၊ နောင်တ​ ရဖို့ ကူညီ​ပေး​နိုင်တယ်။ နှင်ထုတ်​ခံရ​သူ​ဟာ နှင်ထုတ်​ခံရ​ချိန်​အတွင်း အစည်းအဝေးတွေ တက်​နိုင်တယ်။ ဒီလို​နည်းနဲ့ ကျမ်းစာ လမ်းညွှန်ချက်တွေ ရပြီး ဘုရားရေးရာ​ဘက် ပြန်​ကျန်းမာ​လာနိုင်တယ်။ ကိုယ်ပိုင်​အတွက် ကျမ်းစာ​စာပေ​တွေ ရယူ​နိုင်တယ်။ JW ရုပ်သံ® အစီအစဉ်တွေ​လည်း ကြည့်​နိုင်တယ်။ တိုးတက်မှု​ကို အကြီးအကဲ​တွေ သတိထား​မိ​တဲ့​အခါ သီးသန့် အကြံဉာဏ်​တွေ၊ လမ်းညွှန်ချက်တွေ မကြာမကြာ ပေး​ပြီး ဘုရားရေးရာ​ဘက် ကျန်းမာ​လာအောင် ကူညီ​ပေး​နိုင်တယ်။ အချိန်တန်​တဲ့​အခါ ယေဟောဝါသက်သေ​တစ်ယောက်​အဖြစ် ပြန်​လက်ခံ​နိုင်တယ်။ *

၁၂။ နောင်တ​မယူ​တဲ့ အပြစ်ကျူးလွန်​သူကို အကြီးအကဲ​တွေ ဘယ်လို မေတ္တာက​ရု​ဏာ ပြ​နိုင်​သလဲ။

၁၂ နောင်တ မယူ​တဲ့ အပြစ်ကျူးလွန်​သူကိုသာ နှင်ထုတ်​ကြောင်း သတိ​ရဖို့ အရေးကြီးတယ်။ နှင်ထုတ်ခြင်း​ဟာ ကြီးလေး​တဲ့​ ကိစ္စ ဖြစ်​ကြောင်း၊ ပေါ့ပေါ့တန်တန် သဘော​မထားသင့်​ကြောင်း၊ “တော်သင့်ရုံ​ပဲ” ယေဟောဝါ ဆုံးမ​ကြောင်း အကြီးအကဲ​တွေ သိကြတယ်။ (ယေ. ၃၀:၁၁) အကြီးအကဲ​တွေ​ဟာ ညီအစ်ကို/မ​တွေ​ကို ချစ်​ကြတယ်။ ညီအစ်ကို/မ​တွေ​နဲ့ ဘုရား ဆက်ဆံ​ရေး ထိခိုက်​စေမယ့်​အရာ တစ်ခု​မှ သူတို့ လုပ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ တစ်ခါ​တ​လေ​မှာ​တော့ အပြစ်ကျူးလွန်​သူကို အသင်းတော်​ကနေ အချိန်​အတိုင်းအတာ တစ်ခု​အထိ နှင်ထုတ်​တာ​ဟာ မေတ္တာကရု​ဏာ ပြ​ရာ ရောက်တယ်။

၁၃။ ကောရိန္သု​မြို့က ခရစ်ယာန်​ တစ်ယောက်ကို ဘာကြောင့် နှင်ထုတ်ဖို့ လိုသလဲ။

၁၃ ပထမ​ရာစု​မှာ နောင်တ မရတဲ့ အပြစ်ကျူးလွန်​သူ တစ်ယောက်ကို တမန်တော် ပေါလု ဘယ်လို ဆက်ဆံ​ကြောင်း စဉ်းစား​ကြည့်​ပါ။ ကောရိန္သု​မြို့က ခရစ်ယာန်​ တစ်ယောက်​ဟာ ဖခင်​ရဲ့ ဇနီး​နဲ့ ဖောက်ပြန်​နေတယ်။ ထိတ်လန့်​တုန်လှုပ်​စ​ရာ​ပါ​ပဲ။ ရှေး​အစ္စရေး​ခေတ်​မှာ “ဖခင်​ရဲ့​ မိန်းမ​နဲ့ ဖောက်ပြန်တဲ့​သူဟာ ဖခင်​ကို အရှက်ခွဲ​ရာ​ ရောက်တယ်။ နှစ်ယောက်စလုံး​ကို သေဒဏ်​ပေး​ရမယ်” လို့ ယေဟောဝါ မိန့်မှာ​ထား​တယ်။ (ဝတ်. ၂၀:၁၁) ဒီ​လူကို သေဒဏ်​ပေးဖို့​တော့ ပေါလု ပြော​လို့ မရဘူး။ ဒါပေမဲ့ နှင်ထုတ်ဖို့​တော့ ညွှန်ကြား​တယ်။ အဲဒီ​လူရဲ့ အကျင့်ပျက်မှု​က အသင်းတော်မှာ ရှိတဲ့ တခြား​သူတွေကို ထိခိုက်​နေပြီ။ တချို့​ဆိုရင် ဒီ​လုပ်ရပ်​ကို ကြီး​လေး​တဲ့​ အပြစ်​လို့​တောင် မယူမှတ်​ကြ​တော့​ဘူး။—၁ ကော. ၅:၁၊ ၂၊ ၁၃

၁၄။ ကောရိန္သု​မြို့က နှင်ထုတ်​ခံရ​သူကို ပေါလု ဘယ်လို ကရုဏာ ပြသ​လဲ။ ဘာကြောင့်လဲ။ (၂ ကောရိန္သု ၂:၅-၈၊ ၁၁)

၁၄ နောက်ပိုင်း၊ အချိန်​နည်းနည်း ကြာ​တော့ အဲဒီ​လူ အကြီးအကျယ် ပြောင်းလဲ​တာ​ကို ပေါလု သိလာတယ်။ သူ တကယ် နောင်တ​ ရ​နေပြီ။ သူ့​လုပ်ရပ်က အသင်းတော်ကို အရှက်တကွဲ ဖြစ်စေ​ခဲ့​ပေမဲ့ ပေါလု “ပြင်းပြင်းထန်ထန်” မဆုံးမ​ချင်ဘူး။ သူ့ကို “ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်​ပြီး နှစ်သိမ့်​ပေး​ကြ” ဖို့၊ “ဒီလို​မှ​ မဟုတ်​ရင် သူ ဖြေမဆည်​နိုင်အောင် ဝမ်းနည်း​နေလိမ့်မယ်” ဆိုပြီး အကြီးအကဲ​တွေ​ကို ပေါလု ပြော​တယ်။ နောင်တ​ယူ​တဲ့​လူကို ပေါလု သနား​စာနာ​တယ်။ လုပ်မိတဲ့ အပြစ်​အတွက် ဝမ်းနည်း​ကြေကွဲ​လွန်း​ပြီး ခွင့်လွှတ်​မှု ရဖို့ မကြိုးစား​တော့​တဲ့​အထိ ဖြစ်သွား​မှာ ပေါလု စိုးရိမ်​တယ်။၂ ကောရိန္သု ၂:၅-၈၊ ၁၁ ကို ဖတ်ပါ။

၁၅။ အကြီးအကဲ​တွေ​ဟာ ပြတ်ပြတ်သားသား ဆုံးမ​တာ​နဲ့ ကရုဏာ ပြ​တာ​ကို ဘယ်လို ဟန်ချက်ညီ​စေ​ကြသလဲ။

၁၅ ယေဟောဝါ​ကို တုပ​တဲ့​အနေ​နဲ့ အကြီးအကဲ​တွေ​ဟာ ကရုဏာ ပြ​ရမယ်။ လိုအပ်​လာတဲ့အခါ ပြတ်ပြတ်သားသား ဆုံးမ​ပေမဲ့ ကရုဏာ​ပြဖို့ အကြောင်းရင်း ရှိတဲ့​အခါတိုင်း အတတ်နိုင်ဆုံး ကရုဏာ ပြ​ကြတယ်။ မဆုံးမ​ဘဲ လွှတ်ထား​တာ​ဟာ ကရုဏာ ပြ​တာ မဟုတ်ဘူး။ ဒါဆိုရင် အကြီးအကဲ​တွေ​ပဲ ကရုဏာ ပြဖို့ လို​တာ​လား။

ကရုဏာ ပြဖို့ ကျွန်တော်​တို့အားလုံး​ကို ဘာက ကူညီ​ပေး​နိုင်​သလဲ

၁၆။ ပညာအလိမ္မာ ၂၁:၁၃ အရ ကရုဏာ မပြ​သူကို ယေဟောဝါ ဘာလုပ်​မလဲ။

၁၆ ခရစ်ယာန်​အားလုံး ယေဟောဝါ​ရဲ့ ကရုဏာ​ကို တုပ​ဖို့ ကြိုးစား​ကြတယ်။ ဘာကြောင့်လဲ။ အကြောင်းရင်း တစ်ခု​က​တော့ တခြား​သူတွေကို ကရုဏာ မပြ​သူရဲ့ ဆုတောင်းချက်​ကို ယေဟောဝါ နားထောင်​မှာ မဟုတ်လို့​ပဲ။ (ပညာအလိမ္မာ ၂၁:၁၃ ကို ဖတ်ပါ။) ကိုယ့်​ဆုတောင်းချက်​ကို ယေဟောဝါ နားမထောင်​တာ​မျိုး ကျွန်တော်​တို့ တစ်ယောက်မှ မဖြစ်ချင်​ကြဘူး။ ဒါ​ကြောင့် အကြင်နာ​မဲ့တဲ့ သဘောထားမျိုး မဝင်​အောင် ကြိုးစား​ကြတယ်။ စိတ်နာကျင်​ကြေကွဲ​နေတဲ့ ခရစ်ယာန်​ တစ်ယောက် ပြော​တာ​ကို နားပိတ်​ထား​မယ့်​အစား “ဆင်းရဲသား​ရဲ့ အော်ဟစ်သံ​ကို” လိုလိုလားလား နားထောင်ပေး​ကြတယ်။ “ကရုဏာ မပြ​တဲ့​သူကို ဘုရားသခင်​က​လည်း ကရုဏာ မပြ​ဘဲ တရား​စီရင်​လိမ့်မယ်” ဆို​တဲ့ ကျမ်းစာ အကြံဉာဏ်​ကို နှလုံး​သွင်း​ကြတယ်။ (ယာ. ၂:၁၃) ကိုယ်တိုင် ကရုဏာ ပြ​ခံရ​ဖို့ ဘယ်လောက် လိုအပ်ကြောင်း နှိမ့်ချစွာ သတိရ​မယ်​ဆိုရင် တခြား​သူတွေကို ကရုဏာ ပြဖို့ ပို​လွယ်​လာပါလိမ့်မယ်။ အထူးသဖြင့် နောင်တ​ယူ​တဲ့ အပြစ်ကျူးလွန်​သူ အသင်းတော်​ထဲ ပြန်လာတဲ့​အခါ ကရုဏာ ပြဖို့ လိုတယ်။

၁၇။ ဘုရင် ဒါဝိဒ် ဘယ်လို ကရုဏာ ပြသ​လဲ။

၁၇ ကျမ်းစာ ပုံ​နမူနာ​တွေ​က ကရုဏာ ပြဖို့၊ ရက်စက်​ကြမ်းတမ်း​တဲ့ သဘောထားကို ရှောင်​ဖို့ ကူညီ​ပေး​နိုင်တယ်။ ဥပမာ၊ ဘုရင် ဒါဝိဒ်​အကြောင်း စဉ်းစား​ကြည့်​ပါ။ ဒါဝိဒ်ဟာ ကရုဏာ ပြ​လေ့​ရှိသူ ဖြစ်တယ်။ ဘိသိက်ခံ​ ဘုရင် ရှောလု မိမိကို လိုက်​သတ်​နေတာ​တောင် လက်စားမချေ​ဘူး။ အငြိုး​မထားဘူး။—၁ ရှ. ၂၄:၉-၁၂၊ ၁၈၊ ၁၉

၁၈-၁၉။ ဒါဝိဒ် ကရုဏာ မပြ​ခဲ့​တဲ့ ဖြစ်ရပ်​နှစ်ခု​ကို ပြောပြ​ပါ။

၁၈ ဒါဝိဒ် အမြဲ​တော့ ကရုဏာ ပြ​တာ မဟုတ်ဘူး။ တစ်ကြိမ်​မှာ စရိုက်​ကြမ်း​တဲ့ နာဗလ မလေးမစား ပြော​ပြီး ဒါဝိဒ်​နဲ့ လူတွေကို အစားအစာ မပေးဘူး။ အဲဒီအခါ ဒါဝိဒ် ဒေါသ​ထွက်​ပြီး နာဗလ​နဲ့ အိမ်သား ယောက်ျား​အားလုံး​ကို သတ်​ဖို့ ဆုံးဖြတ်​လိုက်တယ်။ နာဗလရဲ့ ကြင်နာ​တတ်​တဲ့ ဇနီး အဘိဂဲလ ချက်ချင်း ဝင်ကူ​လို့ လူ​မသတ်​မိအောင် ဒါဝိဒ် ရှောင်နိုင်​ခဲ့တယ်။—၁ ရှ. ၂၅:၉-၂၂၊ ၃၂-၃၅

၁၉ နောက်​တစ်ကြိမ်​မှာ ပရောဖက် နာသန်​က ဆင်းရဲ​တဲ့ အိမ်နီးချင်း​ဆီက ချစ်​ရတဲ့ သိုး​ကို လုယူ​တဲ့ သူဌေး​အကြောင်း ဒါဝိဒ်​ကို ပြော​တယ်။ “အသက်ရှင်​နေတဲ့​ ဘုရား ယေဟောဝါ​ကို တိုင်တည်​ပြီး ငါ​ပြော​မယ်။ အဲဒီ​လူဟာ သေဒဏ်​ခံထိုက်​တယ်” လို့ ဒါဝိဒ် ဒေါသတကြီး တုံ့ပြန်​တယ်။ (၂ ရှ. ၁၂:၁-၆) သိုး​ကို ခိုး​တဲ့​သူဟာ လေးဆ ပြန်​လျော်​ရမယ်ဆို​တဲ့ မောရှေ​ပညတ်​ကို ဒါဝိဒ် သိတယ်။ (ထွ. ၂၂:၁) ဒါပေမဲ့ သေဒဏ်​ခံထိုက်​တယ်လို့ ဒါဝိဒ် ပြော​တာ​ဟာ ပြင်းထန်​တဲ့ စီရင်ချက်​ပဲ။ တကယ်တော့ ဒါဝိဒ်​ကိုယ်တိုင်​ရဲ့ အပြစ်ဟာ ဒီ့ထက်​ အဆ​မတန် ကြီး​လေး​ကြောင်း နားလည်အောင် ပုံ​ဥပမာ သုံးပြီး နာသန် ကူညီ​ပေး​နေတာ။ နာသန်​ရဲ့ ပုံ​ဥပမာ​ထဲ​က သိုး​လုယူ​သူကို ဒါဝိဒ် စီရင်​တာ​ထက် ဒါဝိဒ်​ကို ယေဟောဝါ အဆ​မတန် ကရုဏာ ပြ​ခဲ့တယ်။—၂ ရှ. ၁၂:၇-၁၃

နာသန်​ ပြော​တဲ့ ပုံ​ဥပမာ​ထဲ​က လူကို ဘုရင် ဒါဝိဒ် ကရုဏာ မပြ (စာပိုဒ် ၁၉-၂၀ ကို ကြည့်​ပါ) *

၂၀။ ဒါဝိဒ်ရဲ့ ပုံ​နမူနာ​ကနေ ဘာ​သိရသလဲ။

၂၀ ဒါဝိဒ် ဒေါသ​ထွက်​တဲ့​အခါ နာဗလ​နဲ့ အိမ်သား ယောက်ျား​အားလုံး​ကို သတ်​ဖို့ ဆုံးဖြတ်​တယ်။ နောက်​တစ်ကြိမ်​မှာလည်း နာသန်​ရဲ့ ပုံ​ဥပမာ​ထဲ​က လူ သေဒဏ်​ခံထိုက်​တယ်လို့ ပြော​တယ်။ ပုံမှန်​အားဖြင့် စိတ်​နူးညံ့​သူ​ တစ်ယောက်​ဟာ သိုး​လုယူ​သူကို ဘာကြောင့် ဒီလောက် ပြင်းပြင်းထန်ထန် စီရင်​ရတာလဲ​လို့ ကျွန်တော်​တို့ တွေးမိ​နိုင်တယ်။ အဲဒီတုန်းက ဒါဝိဒ်ရဲ့ အခြေအနေ​ကို စဉ်းစား​ကြည့်​ပါ။ ကိုယ်တိုင် အပြစ်​လုပ်ထား​လို့ သိစိတ် ညစ်ညူး​နေတယ်။ ကြမ်းတမ်း​တဲ့၊ ပြစ်တင်​စီရင်​လို​တဲ့ သဘောထား​ဟာ ဘုရား​နဲ့ ဆက်ဆံ​ရေး​ကောင်း ရှိတဲ့ လက္ခဏာ မဟုတ်ဘူး။ တကယ်တော့ ဆန့်ကျင်ဘက်​ပဲ။ “ကိုယ်တိုင် ဝေဖန်​အကဲဖြတ် မခံ​ရဖို့ သူတစ်ပါးကို ဝေဖန်​အကဲဖြတ်တာ​မျိုး မလုပ်ပါနဲ့​တော့။ သူတစ်ပါးကို ဝေဖန်​အကဲဖြတ်​တဲ့​အတိုင်း ကိုယ်တိုင် ပြန်​ခံရ​လိမ့်မယ်” လို့ နောက်လိုက်​တွေ​ကို ယေရှု ပြင်းပြင်းထန်ထန် သတိ​ပေးတယ်။ (မ. ၇:၁၊ ၂) ဒါ​ကြောင့် ကြမ်းတမ်း​ခက်ထန်​တဲ့ သဘောထားကို ရှောင်​ဖို့၊ ဘုရားသခင်​လို​ပဲ “ကရုဏာ ကြီးမား” ဖို့ ကြိုးစား​ကြပါစို့။

၂၁-၂၂။ ကရုဏာ ပြ​နိုင်​တဲ့ လက်တွေ့ကျ နည်း​တချို့က ဘာတွေလဲ။

၂၁ ကရုဏာ​ဟာ ခံစားချက်​လောက်​သာ မဟုတ်ဘူး။ “လုပ်ရပ်​နဲ့ ပြ​တဲ့ စာနာမှု” ဖြစ်တယ်လို့ အဓိပ္ပာယ် ဖွင့်ကြ​တယ်။ ဒါ​ကြောင့် မိသားစု၊ အသင်းတော်၊ ပတ်ဝန်းကျင်​မှာ အကူအညီ လို​နေသူတွေကို ရှာပါ။ တကယ်တော့ ကရုဏာ ပြဖို့ အခွင့်အရေး များစွာ ရှိနေတယ်။ တစ်ယောက်ယောက် နှစ်သိမ့်မှု လို​နေ​သလား။ စားစရာ​လေး ပေး​တာ​ဖြစ်စေ၊ တခြား တစ်နည်း​နည်းနဲ့​ဖြစ်စေ လက်တွေ့ကျကျ ကူညီ​ပေး​နိုင်​မလား။ အသင်းတော်​ထဲ ပြန်​ရောက်လာ​တဲ့ ခရစ်ယာန်​ တစ်ယောက်ကို နှစ်သိမ့်​ပေးဖို့၊ အားရှိ​အောင် ပေါင်းသင်း​ပေးဖို့ လို​နေ​သလား။ တခြား​သူတွေကို နှစ်သိမ့်မှု ဖြစ်စေ​တဲ့ သတင်းကောင်း ဝေမျှပေး​နိုင်​မလား။ အဲဒါဟာ ကျွန်တော်​တို့ ဆုံတွေ့​ရသူ​တိုင်း​ကို ကရုဏာ ပြ​နိုင်​တဲ့ အကောင်းဆုံး နည်း​တစ်နည်း ဖြစ်တယ်။—ယောဘ ၂၉:၁၂၊ ၁၃။ ရော. ၁၀:၁၄၊ ၁၅။ ယာ. ၁:၂၇

၂၂ ကျွန်တော်​တို့​သာ မျက်စိရှင်ရှင် ထား​မယ်​ဆိုရင် ကရုဏာ ပြဖို့ အခွင့်အရေး များစွာ ရှိကြောင်း သိလာ​ပါ​လိမ့်မယ်။ ကျွန်တော်​တို့ ကရုဏာ ပြ​တဲ့​အခါ “ကရုဏာ​ ကြီးမား​လှတဲ့” ကောင်းကင်​ဖခင် ဘုရားသခင် သိပ်​ဝမ်းသာ​မှာ သေချာ​ပါ​တယ်။

သီချင်း ၄၃ ကျေးဇူး​တင်​ချီးမွမ်း​တဲ့ ဆုတောင်း​စကား

^ အပိုဒ်၊ 5 ကရုဏာ​ဟာ ယေဟောဝါ​ရဲ့ စွဲမက်​ဖွယ် အကောင်းဆုံး အရည်အသွေး​တစ်ခု ဖြစ်တယ်။ ကျွန်တော်​တို့​ယောက်​တိုင်း ဒီ​အရည်အသွေးကို မွေးမြူဖို့ လိုတယ်။ ယေဟောဝါ ဘာကြောင့် ကရုဏာ ပြ​ကြောင်း၊ ဘုရားသခင့် ဆုံးမမှု​မှာ အမြဲ ကရုဏာ ပါ​တယ်လို့ ဘာကြောင့် ပြော​နိုင်​ကြောင်း၊ ကျွန်တော်​တို့ ဘယ်လို ပြ​နိုင်​ကြောင်း ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​ကြ​ပါ​မယ်။

^ အပိုဒ်၊ 11 အသင်းတော်​ထဲ ပြန်​ရောက်လာ​သူ ဘုရား​နဲ့ ဆက်ဆံ​ရေး ပြန်ကောင်း​အောင် ဘယ်လို လုပ်ဆောင်​နိုင်​ကြောင်း၊ အကြီးအကဲ​တွေ ဘယ်လို ကူညီ​ပေး​နိုင်​ကြောင်း သိဖို့ ဒီ​စာစောင်​ရဲ့ “ယေဟောဝါ​နဲ့ ဆက်ဆံ​ရေး ပြန်ကောင်း​အောင် တည်ဆောက်​ပါ” ဆောင်းပါး​ကို ကြည့်​ပါ။

^ အပိုဒ်၊ 60 ပုံ​အညွှန်း– ဖခင်​ဟာ သားမိုက် အိမ်ပြန်လာ​တာ​ကို အိမ်မိုးပြား​ပေါ်ကနေ လှမ်းမြင်​ပြီး ကြို​ဖို့ ပြေး​သွား။

^ အပိုဒ်၊ 64 ပုံ​အညွှန်း– အပြစ်​လုပ်မိ​ထား​လို့ စိတ်ဖိစီး​နေတဲ့ ဘုရင် ဒါဝိဒ်ဟာ နာသန်​ရဲ့ ပုံ​ဥပမာ ကြား​တဲ့​အခါ ဒေါသတကြီး ဖြစ်​ပြီး သူဌေး သေဒဏ်​ခံထိုက်​တယ်လို့ ပြော။