မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၄၀

စစ်မှန်တဲ့ နောင်တဆိုတာ ဘာလဲ

စစ်မှန်တဲ့ နောင်တဆိုတာ ဘာလဲ

‘ကျွန်တော်​ လာတာ အပြစ်သားတွေ နောင်တ​ ရစေဖို့ လာတာ။’—လု. ၅:၃၂

သီချင်း ၃၆ နှလုံးကို စောင့်ကြပ်​စို့

အကြို​သုံးသပ်ချက် *

၁-၂။ ဘုရင်​နှစ်ပါး ဘာ​ခြားနား​သလဲ။ ဘယ်​မေးခွန်းတွေကို ဆွေးနွေး​ကြ​မလဲ။

ရှေးခေတ် ဘုရင်​နှစ်ပါး​အကြောင်း ဆွေးနွေး​ကြ​စို့။ တစ်ပါး​က အစ္စရေး ဆယ်နွယ်​နိုင်ငံ​ရဲ့ ဘုရင်။ နောက်​တစ်ပါး​က ယုဒ နှစ်နွယ်​နိုင်ငံ​ရဲ့ ဘုရင်။ အသက်ရှင်ခဲ့​တဲ့ အချိန်ကာလ မတူကြ​ပေမဲ့ သူတို့မှာ တူညီချက် များစွာ ရှိတယ်။ နှစ်ပါးစလုံး ယေဟောဝါ​ကို ပုန်ကန်​တယ်။ ဘုရား​လူမျိုးကို အပြစ်ကျူးလွန်​စေတယ်။ ရုပ်တု​ကိုးကွယ်​တယ်။ လူသတ်​တယ်။ ခြားနား​ချက် တစ်ခု​တော့ ရှိတယ်။ တစ်ပါး​က သေဆုံး​ချိန်​အထိ မိုက်တွင်း​နက်​တယ်။ တစ်ပါး​က​တော့ နောင်တ​ယူ​လို့ အပြစ်တွေ ခွင့်လွှတ်​ခံရ​တယ်။ အဲဒီ​ဘုရင်​နှစ်ပါး​က ဘယ်သူတွေလဲ။

အစ္စရေး​ဘုရင် အာဟပ်​နဲ့ ယုဒဘုရင် မနာရှေ​ပါ။ ဘုရင်​နှစ်ပါး​ရဲ့ ခြားနား​ချက်​တွေ​ကနေ အရေးကြီး​ကိစ္စ ဖြစ်​တဲ့ နောင်တ​အကြောင်း များစွာ သိနိုင်တယ်။ (တ. ၁၇:၃၀။ ရော. ၃:၂၃) နောင်တ​ဆိုတာ ဘာလဲ။ နောင်တ​ ရ​ကြောင်း ဘယ်လို ပြ​မလဲ။ ဒီ​အကြောင်း သိဖို့ လိုတယ်။ အပြစ်​လုပ်မိတဲ့​အခါ ယေဟောဝါ​ရဲ့ ခွင့်လွှတ်​မှု ရ​ချင်​ကြလို့ပဲ။ အဲဒီ​မေးခွန်းတွေရဲ့ အဖြေ သိဖို့ ဘုရင်​နှစ်ပါး​ရဲ့ အသက်တာ​အကြောင်း၊ ဘာတွေ သင်ယူ​နိုင်​ကြောင်း၊ နောင်တ​နဲ့​ပတ်သက်ပြီး ယေရှု ဘာ​သင်ပေး​ကြောင်း ဆွေးနွေး​ကြ​ပါ​မယ်။

ဘုရင် အာဟပ်ရဲ့ ပုံ​နမူနာ​ကနေ ဘာ​သင်ယူ​နိုင်​သလဲ

၃။ ဘုရင်​အာဟပ်ဟာ ဘယ်လို လူစားမျိုး​လဲ။

အာဟပ်ဟာ အစ္စရေး ဆယ်နွယ်​နိုင်ငံ​ရဲ့ ခုနစ်​ပါး​မြောက် ဘုရင် ဖြစ်တယ်။ မြောက်ပိုင်း ချမ်းသာ​တဲ့ ဆိုင်ဒုန်​ပြည်​က ဘုရင့်​သမီး ယေဇဗေလ​နဲ့ လက်ထပ်​လိုက်လို့ အစ္စရေး​နိုင်ငံ ချမ်းသာ​ကြွယ်ဝ​ဖို့ အခွင့်အလမ်းတွေ ပွင့်​လာ​မှာပဲ။ ဒါပေမဲ့ ယေဟောဝါ​နဲ့ ဆက်ဆံ​ရေး​တော့ ပို​ပျက်စီး​သွားတယ်။ ဗာလ ဝတ်ပြုသူ ယေဇဗေလဟာ ဗာလ​ ဝတ်ပြုရေးမှာ ပါဝင်​ဖို့ အာဟပ်​ကို သွေးဆောင်တယ်။ ဗိမာန်တော်မှာ ပြည့်တန်ဆာ ထား​တာ၊ ကလေး ယဇ်​ပူဇော်​တာ​တွေ​တောင် လုပ်တယ်။ ယေဇဗေလ မိဖုရား ဖြစ်နေ​ချိန်​အတွင်း ယေဟောဝါ​ရဲ့ ပရောဖက်​တွေ အန္တရာယ် ရှိ​လာတယ်။ အတော်များများ အသတ်​ခံရ​တယ်။ (၁ ဘု. ၁၈:၁၃) အာဟပ်လည်း “ယေဟောဝါ​ရှေ့မှာ မကောင်းတာတွေ ဆက်​လုပ်တယ်၊ အရင်က​ ဘုရင်​တွေ​ထက် ပို​ဆိုးတယ်။” (၁ ဘု. ၁၆:၃၀) အာဟပ်​နဲ့ ယေဇဗေလ​ရဲ့ လုပ်ရပ်​ကို ယေဟောဝါ မမြင်​ဘဲ မနေဘူး။ အကုန် သိတယ်။ ဒါ​ကြောင့် အချိန် မနှောင်း​ခင် လမ်းစဉ်​ ပြောင်း​နိုင်အောင် လူမျိုးတော်ကို သတိ​ပေးဖို့ ပရောဖက် ဧလိယ​ကို စေလွှတ်တယ်။ ဒါပေမဲ့ အာဟပ်​နဲ့ ယေဇဗေလ နားမထောင်ဘူး။

၄။ အာဟပ် ဘယ်လို ပြစ်ဒဏ် ခံရ​မလဲ။ အာဟပ် ဘယ်လို တုံ့ပြန်​သလဲ။

နောက်ဆုံး၊ ယေဟောဝါ​ရဲ့ စိတ်ရှည်မှု အဆုံးတိုင်​သွားတယ်။ အာဟပ်​နဲ့ ယေဇဗေလ​ကို ပြစ်ဒဏ် စီရင်​မယ့်​အကြောင်း၊ တစ်မျိုးလုံး အသတ်ခံရမယ့်​အကြောင်း ဧလိယ​ကို သွား​ပြော​ခိုင်းတယ်။ ဧလိယ​ရဲ့ စကား​ကြောင့် အာဟပ် တော်တော် စိတ်ထိခိုက်​သွားပြီး ကိုယ့်ကိုယ်ကိုယ် “နှိမ့်ချ” လိုက်တယ်။ မာနကြီးတဲ့ ဘုရင် ဒီလိုလုပ်​တာ အံ့ဩစရာ​ပါ​ပဲ။—၁ ဘု. ၂၁:၁၉-၂၉

ဘုရင် အာဟပ် စစ်မှန်တဲ့ နောင်တ မရတဲ့​အတွက် ဘုရားသခင့် ပရောဖက်​ကို ထောင်ချ (စာပိုဒ် ၅-၆ ကို ကြည့်​ပါ) *

၅-၆။ အာဟပ် တကယ် နောင်တ မရ​ကြောင်း ဘာက ဖော်ပြ​သလဲ။

ဒီ​တစ်ကြိမ်​မှာ အာဟပ် ကိုယ့်ကိုယ်ကိုယ် နှိမ့်ချ​လိုက်​ပေမဲ့ နောက်ပိုင်း လုပ်ရပ်တွေ​က တကယ် နောင်တ မရ​ကြောင်း ပြ​တယ်။ တိုင်းပြည်​ကနေ ဗာလ​ ဝတ်ပြုရေးကို မဖယ်ရှား​ဘူး။ ယေဟောဝါ​ရဲ့ ဝတ်ပြုရေးကို အား​မပေးဘူး။ တကယ် နောင်တ မရဘူး​ဆိုတာ တခြား​လုပ်ရပ်တွေ​က​လည်း ပြ​တယ်။

နောက်ပိုင်း၊ ဆီးရီးယား​ကို စစ်တိုက်​ချိန်မှာ ပူးပေါင်း​ဖို့ ယုဒပြည်​က မင်းကောင်း ယောရှဖတ်​ကို အာဟပ် ဖိတ်ခေါ်တယ်။ စစ်​မတိုက်​ခင် ယေဟောဝါ​ရဲ့ ပရောဖက်​ကို မေး​ဖို့ ယောရှဖတ် အကြံ​ပေးတယ်။ အစပိုင်း​မှာ အာဟပ်​က “လူတစ်ယောက်​တော့ ကျန်​သေး​တယ်။ . . . သူက​တစ်ဆင့် ယေဟောဝါ​ဘုရား​ကို မေးမြန်း​လို့​ ရတယ်။ ဒါပေမဲ့ သူ့ကို ငါ​သိပ်​မုန်းတယ်။ အဲဒီ​လူက ငါ​နဲ့​ပတ်သက်ပြီး ဘယ်တော့မှ အကောင်း မဟော​တတ်​ဘူး။ မကောင်းတာတွေကို​ပဲ ဟော​တတ်တယ်” လို့ ပြော​ပြီး လက်မခံ​ဘူး။ အဲဒီ​လူက ပရောဖက် မိက္ခာ​ပါ။ ဘာပဲ​ဖြစ်ဖြစ် သူ့ကို ခေါ်​မေးလိုက်တယ်။ အာဟပ် ထင်သလို သတင်းဆိုး​ပဲ ကြား​ရတယ်။ ဒါတောင် နောင်တ​ယူပြီး ယေဟောဝါ​ဆီက ခွင့်လွှတ်​မှု တောင်းခံ​မယ့်​အစား ပရောဖက်​ကို ထောင်ချ​လိုက်တယ်။ (၁ ဘု. ၂၂:၇-၉၊ ၂၃၊ ၂၇) ယေဟောဝါ​ရဲ့ ပရောဖက်​ကို ထောင်ချ​လိုက်​နိုင်​ပေမဲ့ ကြို​ဟောချက် မပြည့်စုံ​အောင်​တော့ အာဟပ် မတားဆီး​နိုင်ဘူး။ တိုက်ပွဲ​မှာ အာဟပ် သေဆုံး​သွားတယ်။—၁ ဘု. ၂၂:၃၄-၃၈

၇။ အာဟပ် သေဆုံး​ပြီး​နောက် အာဟပ်​အကြောင်း ယေဟောဝါ ဘယ်လို ပြော​သလဲ။

အာဟပ် သေဆုံး​ပြီး​နောက် အာဟပ်​ကို ဘယ်လို ရှုမြင်​ကြောင်း ယေဟောဝါ ပြော​တယ်။ မင်းကောင်း ယောရှဖတ် ဘေးကင်း​စွာ နန်းတော် ပြန်ရောက်​သွား​ချိန်မှာ ပရောဖက် ယေဟု​ကို ယေဟောဝါ စေလွှတ်​ပြီး အာဟပ်​နဲ့ ပေါင်း​လို့ ပြစ်တင်​ဆုံးမ​တယ်။ “မင်းကြီး၊ ဆိုးညစ်​သူကို ကူညီ​သင့်​သလား။ ယေဟောဝါ​ဘုရား​ကို မုန်းတဲ့​သူတွေကို ချစ်​သင့်​သလား” လို့ ယေဟု ပြော​တယ်။ (၂ ရာ. ၁၉:၁၊ ၂) စဉ်းစား​ကြည့်​ပါ– အာဟပ်​သာ စစ်မှန်တဲ့ နောင်တ ရတယ်​ဆိုရင် ယေဟောဝါ​ကို မုန်းတဲ့ ဆိုးညစ်သူ​လို့ အာဟပ်​ကို ပရောဖက် ပြော​ပါ့​မလား။ နောင်တ​ ရ​ကြောင်း အာဟပ် အတိုင်းအတာ တစ်ခု​အထိ ပြ​ပေမဲ့ အပြည့်အဝ နောင်တ မရတာ ထင်ရှား​တယ်။

၈။ နောင်တ​နဲ့​ပတ်သက်ပြီး အာဟပ်ရဲ့ ပုံ​နမူနာ​ကနေ ဘာ​သိရသလဲ။

အာဟပ်ရဲ့ ပုံ​နမူနာ​ကနေ ဘာ​သင်ယူ​နိုင်​သလဲ။ တစ်မျိုးလုံး ဘေးဆိုး ကြုံ​မယ့်​အကြောင်း ဧလိယ​ရဲ့ သတင်းစကားကို ကြား​တဲ့​အခါ အစပိုင်း​မှာ အာဟပ် နှိမ့်ချတယ်။ အစ​ကောင်း​ပါ​ပဲ။ ဒါပေမဲ့ နောက်ပိုင်း လုပ်ရပ်တွေ​က စစ်မှန်တဲ့ နောင်တ မရ​ကြောင်း ပြ​တယ်။ ဒါ​ကြောင့် နောင်တ​ဆိုတာ ဝမ်းနည်း​ကြောင်း ခဏ​တစ်ဖြုတ် ဖော်ပြ​ရုံ​လောက်​ပဲ မဟုတ်ဘူး။ စစ်မှန်တဲ့ နောင်တ​မှာ ဘာတွေ ပါဝင်​ကြောင်း နားလည်​ဖို့ နောက်​ပုံ​နမူနာ​ တစ်ခု သုံးသပ်ကြည့်​ရအောင်။

ဘုရင် မနာရှေ​ရဲ့ ပုံ​နမူနာ​ကနေ ဘာ​သင်ယူ​နိုင်​သလဲ

၉။ မနာရှေ​ဟာ ဘယ်လို ဘုရင်​မျိုး​လဲ။

နှစ်ပေါင်း နှစ်​ရာ​လောက် ကြာပြီး​နောက် ယုဒပြည်မှာ မနာရှေ ဘုရင် ဖြစ်​လာတယ်။ သူဟာ အာဟပ်​ထက်​တောင် ပို​ဆိုး​တဲ့​ပုံ​ပဲ။ “ယေဟောဝါ​ရှေ့မှာ မကောင်းတာတွေ အများကြီး လုပ်ပြီး အမျက်ထွက်​စေတယ်” လို့ ကျမ်းစာ ပြောတယ်။ (၂ ရာ. ၃၃:၁-၉) အယူမှား ဘုရား​တွေ​အတွက် ပူဇော်ရာ ​ပလ္လင်​တွေ တည်​တယ်။ လိင်​ကိုးကွယ်မှု အမှတ်အသား ဖြစ်ပုံရ​တဲ့ ကိုးကွယ်​ရာ​ သစ်တိုင်ကို ထွင်းထု​ပြီး ယေဟောဝါ​ရဲ့ သန့်ရှင်းတဲ့ ဗိမာန်တော်​ထဲမှာ ထားတယ်။ မှော်အတတ်၊ နတ်ဆိုး​အတတ်၊ ပယောဂ​အတတ်​တွေ လိုက်စားတယ်။ “အပြစ်မဲ့​သူတွေကို သတ်” တယ်။ မှားယွင်းတဲ့ ဘုရား​တွေ​ရှေ့ “ကိုယ့်​သားတွေကို မီးရှို့​ပူဇော်​တယ်။”—၂ ဘု. ၂၁:၆၊ ၇၊ ၁၀၊ ၁၁၊ ၁၆

၁၀။ မနာရှေ​ကို ယေဟောဝါ ဘယ်လို ဆုံးမ​သလဲ။ ဘုရင် ဘယ်လို တုံ့ပြန်​သလဲ။

၁၀ အာဟပ်​လို​ပဲ မနာရှေ​ဟာ ပရောဖက်​တွေ​က​တစ်ဆင့် ယေဟောဝါ​ရဲ့ သတိပေး​ချက်​တွေ​ကို ခေါင်းမာမာ လျစ်လျူ​ရှု​တယ်။ နောက်ဆုံး၊ “ယေဟောဝါ​က အဆီးရီးယား​ ဘုရင်​ရဲ့ တပ်မှူး​တွေ လွှတ်​ပြီး တိုက်ခိုက်​စေတယ်။ မနာရှေ​ကို ချိတ်​တွေ​နဲ့ ဖမ်း၊ ကြေးနီ​ခြေကျဉ်း​တွေ ခတ်​ပြီး ဗာဗုလုန်​မြို့​ဆီ ခေါ်သွား​ကြတယ်။” ဗာဗုလုန်​မှာ အကျဉ်း​ကျနေ​ရင်း အရင်က​ လုပ်မိတဲ့ အမှားတွေကို မနာရှေ သေသေချာချာ ပြန်တွေး​ခဲ့​ပုံ​ပဲ။ “ဘိုးဘေး​တို့​ရဲ့ ဘုရားသခင်​ရှေ့မှာ အကြီးအကျယ် စိတ်​နှိမ့်ချ​လိုက်တယ်။” အဲဒီအပြင် “ယေဟောဝါ​ဘုရား​ရဲ့ မျက်နှာသာ​ ရဖို့ အသနားခံ” တယ်။ “အမြဲ ဆုတောင်း​တယ်။” လူဆိုး​ကြီး ပြောင်းလဲ​သွားပြီ။—၂ ရာ. ၃၃:၁၀-၁၃

ဘုရင် မနာရှေ စစ်မှန်တဲ့ နောင်တ ရတဲ့​အတွက် မှားယွင်းတဲ့ ဝတ်ပြုရေးကို ဆန့်ကျင် (စာပိုဒ် ၁၁ ကို ကြည့်​ပါ) *

၁၁။ ၂ ရာဇဝင်ချုပ် ၃၃:၁၅၊ ၁၆ အရ နောင်တ​စစ် ရ​ကြောင်း မနာရှေ ဘယ်လို ပြသ​လဲ။

၁၁ မနာရှေ​ရဲ့ ဆုတောင်းချက်​တွေ​ကို နားထောင်​လိုက်​ရုံ​နဲ့ စိတ်သဘော ပြောင်းလဲ​မှန်း ဘုရား မြင်တယ်။ အချိန်တန်​တော့ မနာရှေ အသနားခံ ဆုတောင်း​တာ​ကို အဖြေပေး​ပြီး ထီးနန်း ပြန်​ပေးတယ်။ ဒီ​အခွင့်အရေး​ကို မနာရှေ အပြည့်အဝ အသုံးချပြီး စစ်မှန်တဲ့ နောင်တ ရ​ကြောင်း သက်သေပြ​တယ်။ အာဟပ် လုံးဝ မလုပ်ခဲ့တာကို မနာရှေ လုပ်တယ်။ အကျင့် ပြောင်းလဲ​တယ်။ မှားယွင်းတဲ့ ဝတ်ပြုရေးကို ဆန့်ကျင်​တယ်။ စစ်မှန်တဲ့ ဝတ်ပြုရေးကို အားပေးတယ်။ (၂ ရာဇဝင်ချုပ် ၃၃:၁၅၊ ၁၆ ကို ဖတ်ပါ။) အဲဒီလိုလုပ်ဖို့ သတ္တိနဲ့ ယုံကြည်ခြင်း လိုတယ်။ မိသားစု၊ မင်းသား​မှူးမတ်၊ လူမျိုးတော်​ရှေ့ နှစ်ပေါင်း​များစွာ မကောင်းတဲ့ ပုံသက်သေ ပြ​ခဲ့လို့​ပဲ။ အခု၊ အသက်ကြီး​လာချိန်​မှာ အရင်က​ လုပ်ခဲ့တဲ့ မကောင်းမှု​တချို့​ကို ပြန်​ပြုပြင်​ဖို့ ကြိုးစား​တယ်။ သူ့​လုပ်ရပ်က မြေး ဖြစ်သူ ယောရှိ​အပေါ် ကောင်း​တဲ့​ ဩဇာ သက်ရောက်​ခဲ့​ပုံ​ရတယ်။ နောက်ပိုင်း​မှာ ယောရှိ​ဟာ မင်းကောင်း ဖြစ်​လာတယ်။—၂ ဘု. ၂၂:၁၊ ၂

၁၂။ မနာရှေ​ရဲ့ ပုံ​နမူနာ​ကနေ ဘာ​သင်ယူ​နိုင်​သလဲ။

၁၂ မနာရှေ​ရဲ့ ပုံ​နမူနာ​ကနေ ဘာ​သင်ယူ​နိုင်​သလဲ။ မနာရှေ​ဟာ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချ​ရုံ​ထက်မက လုပ်ဆောင်ခဲ့တယ်။ ကရုဏာ ပြ​ခံရ​ဖို့ အသနားခံ ဆုတောင်း​တယ်။ ဘဝ​လမ်းစဉ်​ကို ပြောင်းလဲ​တယ်။ ကိုယ့်​အမှား​ကြောင့် ထိခိုက်​သွားတာ​တွေ​ကို ပြန်​ပြုပြင်​ဖို့၊ ယေဟောဝါ​ကို အတတ်နိုင်ဆုံး ဝတ်ပြုဖို့ ကြိုးစား​တယ်။ တခြား​သူတွေကိုလည်း အဲဒီလို​လုပ်နိုင်အောင် ကူညီ​ပေးတယ်။ မနာရှေ​ရဲ့ အဖြစ်​က ကြီး​လေး​တဲ့ အပြစ် လုပ်မိ​သူတွေကို​တောင် မျှော်လင့်ချက် ရှိစေတယ်။ ယေဟောဝါ​ဘုရား​ဟာ ‘ကောင်းမြတ်​ပြီး ခွင့်လွှတ်​ဖို့ အသင့်​ရှိတယ်’ ဆို​တဲ့ သက်သေ​အထောက်အထား​ပါ​ပဲ။ (ဆာ. ၈၆:၅) စစ်မှန်တဲ့ နောင်တ ရ​ရင် ယေဟောဝါ ခွင့်လွှတ်​ပါ​လိမ့်မယ်။

၁၃။ နောင်တ​နဲ့​ပတ်သက်​တဲ့ အရေးကြီး သင်ခန်းစာ​ကို ဖော်ပြ​တဲ့ ဥပမာ တစ်ခု ပြောပြ​ပါ။

၁၃ မနာရှေ​ဟာ အပြစ်တွေ​အတွက် ဝမ်းနည်း​ရုံ​ထက်မက လုပ်ဆောင်ခဲ့တယ်။ ဒီကနေ နောင်တ​နဲ့​ပတ်သက်ပြီး အရေးကြီး သင်ခန်းစာ တစ်ခု သင်ယူနိုင်တယ်။ ဒီ​ဥပမာ​ကို စဉ်းစား​ကြည့်​ပါ– ပေါင်မုန့်​ဆိုင်​ကို သွားပြီး ပေါင်မုန့် ဝယ်တယ်။ ဆိုင်​ရှင်​က ပေါင်မုန့်​အစား ဂျုံမှုန့် ထုတ်ပေး​ရင် သင် ကျေနပ်​မလား။ ကျေနပ်​မှာ မဟုတ်ဘူး။ ပေါင်မုန့်​မှာ အဓိက ပါဝင်​တာ ဂျုံမှုန့်​ပဲ​လို့ ဆိုင်​ရှင် ပြော​ရင်​ရော ကျေနပ်​မလား။ ကျေနပ်​မှာ မဟုတ်ဘူး။ အဲဒီလိုပဲ၊ ယေဟောဝါ​က အပြစ်​လုပ်​သူကို နောင်တ​ ရဖို့ တောင်းဆို​တယ်။ အပြစ်​လုပ်​သူဟာ လုပ်မိတဲ့ အပြစ်​အတွက် ဝမ်းနည်း​တာ ကောင်း​ပါ​တယ်။ ဝမ်းနည်း​တာ နောင်တ​ရဲ့ အဓိက လက္ခဏာ ဖြစ်တယ်။ ဒါပေမဲ့ ဘာ​လို​သေး​လဲ။ ယေရှု ပြော​တဲ့ ပုံ​ဥပမာ​ကနေ များစွာ သင်ယူ​နိုင်​ပါ​တယ်။

စစ်မှန်တဲ့ နောင်တ ဖြစ်​မှန်း ဘယ်လို သိ​မလဲ

သားမိုက် အသိတရား ရပြီး​နောက် ခရီးရှည် နှင်​ပြီး အိမ်ပြန်လာ (စာပိုဒ် ၁၄-၁၅ ကို ကြည့်​ပါ) *

၁၄။ ယေရှုရဲ့ ပုံ​ဥပမာ​မှာ သားမိုက် နောင်တ​ ရ​ကြောင်း ဦးဆုံး ဘယ်​လက္ခဏာတွေ ပြသ​လဲ။

၁၄ ယေရှု ပြော​တဲ့ သားမိုက် ပုံ​ဥပမာ​ကို လုကာ ၁၅:၁၁-၃၂ မှာ တွေ့​နိုင်တယ်။ သားငယ်​ဟာ အဖေ​ကို ပုန်ကန်​ပြီး အိမ်ကနေ ထွက်သွား​တယ်။ “တိုင်းတစ်ပါး” ကို သွားပြီး အကျင့်ပျက် ပျော်ပါး​တယ်။ ဒုက္ခ​ရောက်လာ​တော့ ကိုယ်​လုပ်ခဲ့တာ​ကို သေသေချာချာ ပြန်တွေး​မိတယ်။ အဖေ့​အိမ်မှာ​တုန်း​က ဘယ်လောက် ကောင်းကောင်း နေခဲ့ရ​မှန်း သိလာတယ်။ ‘အသိတရား ရလာတယ်’ လို့ ယေရှု ပြော​တယ်။ အိမ်ပြန်​ပြီး အဖေ ခွင့်လွှတ်​အောင် ပြန်​တောင်းပန်​မယ်လို့ ဆုံးဖြတ်​လိုက်တယ်။ ကိုယ့်​လုပ်ရပ် ဘယ်လောက် မှား​ကြောင်း သိဖို့ အရေးကြီး​တာ မှန်ပေမဲ့ ဒီလောက်​နဲ့ လုံလောက်​ပြီ​လား။ မလုံလောက်​ပါ​ဘူး။ လုပ်သင့်တာကို ချက်ချင်း လုပ်ဖို့ လိုတယ်။

၁၅။ ယေရှုရဲ့ ပုံ​ဥပမာ​မှာ ပါတဲ့ သားမိုက် နောင်တ​ ရ​ကြောင်း ဘယ်လို သက်သေ​ပြသ​လဲ။

၁၅ လုပ်မိတာတွေ​အတွက် တကယ် နောင်တ​ ရ​ကြောင်း သားမိုက် သက်သေပြ​တယ်။ ခရီး​ဝေး နှင်​ပြီး အိမ်​ပြန်​လာတယ်။ “ကျွန်တော်​ဟာ ကောင်းကင်​မှာ စံမြန်း​တဲ့ ဘုရားသခင်​ကို​ရော အဖေ့ကိုပါ ပြစ်မှား​ပါ​ပြီ။ အဖေ့​သားလို့​တောင် အခေါ်​မခံထိုက်​တော့​ပါ​ဘူး” လို့ အဖေ​ကို ပြော​တယ်။ (လု. ၁၅:၂၁) ယေဟောဝါ​နဲ့ ဆက်ဆံ​ရေး ပြန်ကောင်း​ချင်​မှန်း သူ့​စကား​က ဖော်ပြ​တယ်။ ကိုယ့်​လုပ်ရပ်​ကြောင့် ဖခင် စိတ်ထိခိုက်​ရ​မှန်း​လည်း နားလည်တယ်။ ဖခင် မျက်နှာသာ ပြန်​ရအောင် ကြိုးစားဖို့၊ ဖခင်​ဆီ​မှာ အလုပ်သမား​အဖြစ်​ပဲ နေဖို့​တောင် စဉ်းစား​ထား​တယ်။ (လု. ၁၅:၁၉) ဒါဟာ စိတ်ထိမိ​စေ​တဲ့ ဇာတ်လမ်း​လောက်​ပဲ မဟုတ်ပါဘူး။ အပြစ်​လုပ်မိ​သူ တကယ် နောင်တ​ရ မရ ပိုင်းဖြတ်​နိုင်​ဖို့ အသင်းတော် အကြီးအကဲ​တွေ​ကို ပုံ​ဥပမာ​က အကူအညီ ဖြစ်စေ​သင့်တယ်။

၁၆။ တကယ် နောင်တ​ ရမရ ပိုင်းဖြတ်​ဖို့ အကြီးအကဲ​တွေ​အတွက် ဘာကြောင့် ခက်​နိုင်​သလဲ။

၁၆ အပြစ်​လုပ်မိ​သူ တကယ် နောင်တ​ရ မရ ပိုင်းဖြတ်​တာ​ဟာ အကြီးအကဲ​တွေ​အတွက် မလွယ်​ဘူး။ ဘာကြောင့်လဲ။ အကြီးအကဲ​တွေ​ဟာ တခြား​သူတွေရဲ့ စိတ်နှလုံး​ထဲ ဘာ​ရှိ​မှန်း မသိ​နိုင်ဘူး။ ဒါ​ကြောင့် အပြင်ပန်း အထောက်အထား​တွေ​ကိုပဲ ကြည့်​ပြီး ဆုံးဖြတ်​ရတယ်။ တစ်ခါ​တ​လေ အပြစ် ကြီး​လွန်းလို့ တကယ် နောင်တ ရ​မရ ဝေခွဲမရ​ဘဲ ဖြစ်​နိုင်တယ်။

၁၇။ (က) ဝမ်းနည်း​တယ်​ဆိုတာ ပြ​ရုံ​နဲ့ စစ်မှန်တဲ့ နောင်တ ရတယ်လို့ မပြော​နိုင်​ကြောင်း ဘယ်​ဥပမာ​က ဖော်ပြ​သလဲ။ (ခ) ၂ ကောရိန္သု ၇:၁၁ မှာ ဖော်ပြ​ထား​တဲ့​အတိုင်း စစ်မှန်တဲ့ နောင်တ ရသူ ဘာလုပ်ရမလဲ။

၁၇ ဥပမာတစ်ခု စဉ်းစား​ကြည့်​ပါ။ ညီအစ်ကို​ တစ်ယောက် အိမ်ထောင်ရေး ဖောက်ပြန်​နေတာ နှစ်ပေါင်း​များစွာ ရှိပြီ။ အကူအညီ တောင်းခံ​မယ့်​အစား ဇနီး၊ မိတ်ဆွေတွေနဲ့ အကြီးအကဲ​တွေ မသိအောင် ဖုံးထား​တယ်။ နောက်ပိုင်း၊ အပြစ် ပေါ်​သွားတယ်။ သက်သေ​အထောက်အထား​နဲ့​တကွ အကြီးအကဲ​တွေ ခေါ်​တွေ့​တဲ့​အခါ​ကျ​မှ ဝန်ခံတယ်။ အကြီးအကျယ် ဝမ်းနည်း​ပုံ​ပဲ။ ဒါပေမဲ့ ဒီလောက်​နဲ့ လုံလောက်​ပြီ​လား။ မလုံလောက်​ပါ​ဘူး။ ဝမ်းနည်း​ရုံ​ထက်မက လုပ်ဆောင်ဖို့ လိုတယ်။ သူ့​အမှား​က တစ်ကြိမ်​တစ်ခါ မှား​မိ​တာ မဟုတ်ဘူး။ ဒီလို​ဖြစ်နေ​တာ နှစ်ပေါင်း​များစွာ ရှိပြီ။ အပြစ်ကို​လည်း လိုလိုလားလား လာ​ဝန်ခံတာ မဟုတ်ဘဲ ဖော်ထုတ်​ခံ​လိုက်ရ​တာ။ ဒါ​ကြောင့် အပြစ်​လုပ်​သူရဲ့ သဘောထား၊ ခံစားချက်၊ အကျင့် ပြောင်းလဲ​တယ်​ဆို​တဲ့ သက်သေ​အထောက်အထား​ကို အကြီးအကဲ​တွေ မြင်​ဖို့ လိုတယ်။ (၂ ကောရိန္သု ၇:၁၁ ကို ဖတ်ပါ။) လိုအပ်​တဲ့ အပြောင်းအလဲ​တွေ လုပ်ဖို့ အချိန် အတော်အတန် လို​နိုင်တယ်။ အချိန်​အတိုင်းအတာ တစ်ခု​အထိ အသင်းတော်​ကနေ နှင်ထုတ်​ခံရတာ​မျိုး ဖြစ်​နိုင်တယ်။—၁ ကော. ၅:၁၁-၁၃။ ၆:၉၊ ၁၀

၁၈။ နှင်ထုတ်​ခံရ​သူ စစ်မှန်တဲ့ နောင်တ ရ​ကြောင်း ဘယ်လို ပြ​နိုင်​သလဲ။

၁၈ နှင်ထုတ်​ခံရ​သူဟာ စစ်မှန်တဲ့ နောင်တ ရ​ကြောင်း ပြဖို့ အစည်းအဝေးတွေ ပုံမှန် တက်​ရမယ်။ အကြီးအကဲ​တွေ​ရဲ့ အကြံဉာဏ်​အတိုင်း ပုံမှန် ဆုတောင်း၊ လေ့လာ​ရမယ်။ အမှား​လုပ်မိ​စေနိုင်​တဲ့ အခြေအနေ​တွေ​ကို ရှောင်ရမယ်။ ယေဟောဝါ​နဲ့ ဆက်ဆံ​ရေး ပြန်ကောင်း​အောင် ကြိုးစား​မယ်​ဆိုရင် ဘုရား အပြည့်အဝ ခွင့်လွှတ်​မယ်၊ အကြီးအကဲ​တွေ အသင်းတော်မှာ ပြန်​လက်ခံမယ်​ဆိုတာ စိတ်ချ​နိုင်တယ်။ အကြီးအကဲ​တွေ​ဟာ အပြစ်​လုပ်ထား​သူ တကယ် နောင်တ​ ရမရ​ ဆိုတာ​ကို ကိစ္စ​တစ်ခုစီ​အလိုက် သေသေချာချာ ဆန်းစစ်​ကြတယ်။ ပြင်းပြင်းထန်ထန် စီရင်​ဆုံးဖြတ်​တာ​မျိုး မလုပ်ကြဘူး။

၁၉။ စစ်မှန်တဲ့ နောင်တ​မှာ ဘာတွေ ပါဝင်​သလဲ။ (ယေဇကျေလ ၃၃:၁၄-၁၆)

၁၉ လေ့လာခဲ့​တဲ့​အတိုင်း စစ်မှန်တဲ့ နောင်တ ရသူဟာ လုပ်မိတဲ့ အပြစ်​အတွက် ဝမ်းနည်း​ရုံ​လောက်​သာ မဟုတ်ဘဲ အကျင့်ကောင်း​တွေ ကျင့်​နိုင်အောင် စိတ်သဘောကို ပြောင်းလဲ​ရမယ်။ အမှား​ကို စွန့်ပြီး ယေဟောဝါ​ရဲ့ နည်းလမ်း​အတိုင်း ပြန်နေ​ထိုင်​ဖို့ ကြိုးစား​ရမယ်။ (ယေဇကျေလ ၃၃:၁၄-၁၆ ကို ဖတ်ပါ။) အပြစ်​လုပ်မိ​သူ​အတွက် အရေးကြီးဆုံး​က ယေဟောဝါ​နဲ့ ဆက်ဆံ​ရေး ပြန်ကောင်း​အောင် ပြုပြင်​ဖို့ ဖြစ်​သင့်တယ်။

အပြစ်​လုပ်မိ​သူ နောင်တ​ ရဖို့ ကူညီ​ပါ

၂၀-၂၁။ တစ်ယောက်ယောက် ကြီးလေး​တဲ့ အပြစ် လုပ်မိရင် ဘယ်လို ကူညီ​ပေး​နိုင်​သလဲ။

၂၀ မိမိ အမှုဆောင်​လုပ်ငန်း လုပ်ဆောင်​ရတဲ့ အကြောင်းရင်း​တစ်ခု​က “အပြစ်သားတွေ နောင်တ​ ရစေဖို့” ဖြစ်တယ်လို့ ယေရှု ပြော​တယ်။ (လု. ၅:၃၂) ကျွန်တော်​တို့​ရဲ့ ဆန္ဒ​လည်း အဲဒီလိုပဲ ဖြစ်​သင့်တယ်။ မိတ်ဆွေရင်း​ တစ်ယောက် ကြီးလေး​တဲ့ အပြစ် လုပ်ထားတာ သိ​နေတယ် ဆိုပါစို့။ ဘာ​လုပ်သင့်သလဲ။

၂၁ အပြစ်ကို ဖုံးဖိ​ပေးဖို့ ကြိုးစား​မယ်​ဆိုရင် ကိုယ့်​မိတ်ဆွေပဲ ဒုက္ခ​ရောက်မယ်။ အရာအားလုံးကို ယေဟောဝါ မြင်​တဲ့​အတွက် ဘယ်လောက် ဖုံးဖုံး အလကားပဲ။ (ပညာ. ၅:၂၁၊ ၂၂။ ၂၈:၁၃) အကြီးအကဲ​တွေ ကူညီ​ပေး​ချင်​ကြောင်း မိတ်ဆွေ​ကို အသိပေး​ခြင်း​အားဖြင့် ကူညီ​ပေး​နိုင်တယ်။ အကြီးအကဲ​တွေ​ဆီ အပြစ် ဝန်ခံဖို့ သူ ငြင်းဆန်​နေမယ်​ဆိုရင် ကိုယ်တိုင် သွား​ပြောပြ​သင့်တယ်။ ဒါက မိတ်ဆွေ​ကို တကယ် ကူညီ​ပေး​ရာ​ ရောက်တယ်။ အဲဒီလို​မှ မဟုတ်​ရင် ယေဟောဝါ​နဲ့ သူ့​ဆက်ဆံ​ရေး ပျက်စီး​တော့​မှာ ဖြစ်လို့​ပဲ။

၂၂။ နောက်​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေး​ကြ​မလဲ။

၂၂ လူတစ်ယောက် လုပ်မိတဲ့​အပြစ် တော်တော် ကြီးလေး​ပြီး အပြစ်​လုပ်​နေတာလည်း အချိန် တော်​တော် ကြာပြီ​မို့ နှင်ထုတ်ဖို့ အကြီးအကဲ​တွေ ဆုံးဖြတ်​တယ် ဆိုရင်ကော။ ကရုဏာ မပြ​ရာ ကျ​သလား။ အပြစ်​လုပ်မိ​သူတွေကို ယေဟောဝါ ဘယ်လို ကရုဏာ​ရှိရှိ ဆုံးမ​ကြောင်း၊ ဘုရား​ကို ဘယ်လို တုပ​နိုင်​ကြောင်း နောက်​ဆောင်းပါး​မှာ ဆွေးနွေး​ကြ​ပါ​မယ်။

သီချင်း ၁၀၃ လူ့​အသွင်​ဆု သိုးထိန်း​များ

^ အပိုဒ်၊ 5 စစ်မှန်တဲ့ နောင်တ​ဆိုတာ လုပ်မိတဲ့​ အမှား​အတွက် ဝမ်းနည်း​တယ်လို့ ပြော​ရုံ​လောက်​သာ မဟုတ်ဘူး။ စစ်မှန်တဲ့ နောင်တ​ဆိုတာ ဘာကို ဆိုလို​ကြောင်း နားလည်စေဖို့ ဘုရင် အာဟပ်၊ ဘုရင် မနာရှေ၊ ယေရှု​ ပြော​တဲ့ သားမိုက် ပုံ​ဥပမာ​တွေ​ကို ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​ကြ​ပါမယ်။ ကြီးလေး​တဲ့ အပြစ် ကျူးလွန်​သူ​ တစ်ယောက် နောင်တ ရ​မရ သုံးသပ်​ချိန်မှာ အကြီးအကဲ​တွေ ထည့်​စဉ်းစား​ရမယ့် အချက်​တွေ​ကိုလည်း ဆွေးနွေး​ကြ​ပါ​မယ်။

^ အပိုဒ်၊ 60 ပုံ​အညွှန်း– ယေဟောဝါ​ရဲ့ ပရောဖက် မိက္ခာ​ကို ထောင်ချ​ထား​ဖို့ အစောင့်​တွေ​ကို ဘုရင် အာဟပ် ဒေါသတကြီး အမိန့်ပေး​နေ။

^ အပိုဒ်၊ 62 ပုံ​အညွှန်း– ဗိမာန်တော်မှာ ကိုယ်တိုင် တည်ထား​တဲ့ ရုပ်တုတွေကို ဖျက်ဆီး​ပစ်​ဖို့ အလုပ်သမားတွေကို ဘုရင် မနာရှေ ညွှန်ကြား​နေ။

^ အပိုဒ်၊ 64 ပုံ​အညွှန်း– ခရီး​ဝေး နှင်​လာ​ရလို့ မောပန်း​နေတဲ့ သားမိုက် အဝေးကနေ အိမ်ကို လှမ်းမြင်​ချိန်မှာ ဝမ်းသာ​သွား။