မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါနဲ့ ဆက်ဆံရေး ပြန်ကောင်းအောင် တည်ဆောက်ပါ

ယေဟောဝါနဲ့ ဆက်ဆံရေး ပြန်ကောင်းအောင် တည်ဆောက်ပါ

နှစ်​တိုင်း အဖိုးတန် သိုးများစွာ ခရစ်ယာန် အသင်းတော်​ထဲ ပြန်​ရောက်လာ​နေတယ်။ တစ်ယောက် ပြန်လာ​တိုင်း ‘ကောင်းကင်​မှာ ဝမ်းမြောက်’ မယ်​ဆိုတာ မြင်ယောင်​ကြည့်​ပါ။ (လု. ၁၅:၇၊ ၁၀) သင်ဟာ အသင်းတော်​ထဲ ပြန်​ရောက်လာ​သူ ဖြစ်​မယ်​ဆိုရင် အမှန်တရား​ဘက် ပြန်​ရပ်တည်​လို့ ယေရှု၊ ကောင်းကင်တမန်​တွေ​နဲ့ ယေဟောဝါ သိပ်​ဝမ်းသာ​မယ်​ဆိုတာ စိတ်ချ​ပါ။ ဒါပေမဲ့ ယေဟောဝါ​နဲ့ ဆက်ဆံ​ရေး ပြန်ကောင်း​အောင် တည်ဆောက်​ချိန်မှာ အခက်အခဲ​တွေ ကြုံ​ရနိုင်တယ်။ အခက်အခဲ​တချို့က ဘာတွေလဲ။ ဘာက ကူညီ​ပေး​နိုင်​သလဲ။

အခက်အခဲ​တွေ​က ဘာတွေလဲ

အသင်းတော်​ထဲ ပြန်ရောက်​လာပြီး​နောက် အပျက်​သဘောထားတွေကို လူများစွာ တိုက်လှန်​ကြရတယ်။ ဘုရင် ဒါဝိဒ်ရဲ့ ခံစားချက်​ကို သင် နားလည်​နိုင်​ပါ​လိမ့်မယ်။ အပြစ်တွေ ခွင့်လွှတ်​ခံရ​ပြီး​နောက်​မှာ​တောင် ‘အမှားတွေ လွှမ်းမိုး​နေတယ်’ လို့ ဒါဝိဒ် ပြော​တယ်။ (ဆာ. ၄၀:၁၂။ ၆၅:၃) လူတစ်ယောက်ဟာ ယေဟောဝါ​ဆီ ပြန်လာ​ပြီး​နောက် အပြစ်​ရှိတယ်၊ ရှက်​တယ်​ဆို​တဲ့ ခံစားချက် နှစ်ပေါင်း​များစွာ ဆက်​ရှိ​နိုင်တယ်။ “ယေဟောဝါ ခွင့်လွှတ်​တယ်​ဆိုတာ​ကို လက်ခံဖို့ သိပ်​ခက်တယ်” လို့ နှစ် ၂၀ ကျော် နှင်ထုတ်​ခံ​ခဲ့​ရတဲ့ အ​စ္စ​ဘဲ ပြော​တယ်။ * သင် စိတ်ဓာတ်ကျ​နေမယ်​ဆိုရင် ဘုရားရေးရာ​ဘက် ပြန်​အားနည်း​သွားနိုင်တယ်။ (ပညာ. ၂၄:၁၀) အဲဒီလို မဖြစ်ပါစေနဲ့။

တချို့က ယေဟောဝါ​နဲ့ ဆက်ဆံ​ရေး ပြန်ကောင်း​အောင် လိုအပ်​တဲ့​အရာ မှန်သမျှ မလုပ်နိုင်ဘူး​လို့ ခံစား​ကြရတယ်။ အသင်းတော်​ထဲ ပြန်ရောက်​လာပြီး​နောက် “အရင် သက်သေခံ ဖြစ်​တုန်း​က လုပ်ခဲ့တာ အားလုံး မေ့သွား​ပြီ​လို့ ခံစား​ရတယ်” ဆိုပြီး အန်တွိုင်း ပြော​တယ်။ အဲဒီ​ခံစားချက်​တွေ​ကြောင့် ဘုရားရေးရာ လုပ်ဆောင်မှုတွေမှာ အပြည့်အဝ ပါဝင်​ဖို့ တချို့ တွန့်ဆုတ်​နေတာ ဖြစ်​နိုင်တယ်။

ဟာရီကိန်း မုန်တိုင်း​ကြောင့် ကိုယ်​သိပ်​ကြိုက်​တဲ့ အိမ်​လေး အကြီးအကျယ် ပျက်စီး​သွားတယ် ဆိုပါစို့။ ပြန်​ပြင်​ဖို့ အချိန်နဲ့ ခွန်အား ဘယ်လောက် ကုန်​မယ်​ဆိုတာ တွေးမိ​တဲ့​အခါ စိုးရိမ်​မိ​နိုင်တယ်။ အဲဒီလိုပဲ၊ ကြီး​လေး​တဲ့ အပြစ် လုပ်မိ​လို့ ယေဟောဝါ​နဲ့ ဆက်ဆံ​ရေး အကြီးအကျယ် ထိခိုက်​ပျက်စီး​သွားတယ်​ဆိုရင် ဆက်ဆံ​ရေး​ကောင်း ပြန်​တည်ဆောက်​ဖို့ တော်​တော် ကြိုးစား​ရမှာပဲ​လို့ ခံစား​ရနိုင်တယ်။ ဒါပေမဲ့ အကူအညီ ရနိုင်ပါတယ်။

“လာ​ကြ။ ငါ​တို့​ရဲ့​ အမှုကို ဖြေရှင်း​ကြ​စို့” လို့ ယေဟောဝါ ဖိတ်ခေါ်​ထား​တယ်။ (ဟေရှာ. ၁:၁၈) “အမှုကို ဖြေရှင်း” ဖို့ သင် ကြိုးစား​ခဲ့ပြီ။ အဲဒီလို ကြိုးစား​ခဲ့လို့ သင့်ကို ယေဟောဝါ ချစ်တယ်။ စာတန် မုသာကောင် ဖြစ်​ကြောင်း ချေပ​နိုင်တယ်။—ပညာ. ၂၇:၁၁

ယေဟောဝါ​ဆီ ပြန်လာ​ခြင်း​အားဖြင့် ဘုရား​နဲ့ ရင်းနှီးအောင် သင် ကြိုးစား​ခဲ့ပြီ။ ဘုရား​လည်း သင်နဲ့ ရင်းနှီးမယ်​လို့ ကတိပေး​ထား​တယ်။ (ယာ. ၄:၈) အသင်းတော်ဝင် ပြန်​ဖြစ်​ပြီ​လို့ ယူမှတ်​ခံရတာ ကောင်း​ပါ​တယ်။ ဒါပေမဲ့ ဒီ့ထက်​မ​က လုပ်​ရမှာ​တွေ ရှိသေးတယ်။ ဖခင်​နဲ့ မိတ်ဆွေ ယေဟောဝါ​ကို ချစ်တဲ့ မေတ္တာ တိုးများ​လာအောင် လုပ်ရမယ်။ ဘယ်လို လုပ်မလဲ။

လက်လှမ်းမီ​နိုင်​တဲ့ ပန်းတိုင်​တွေ ချပါ

လက်လှမ်းမီ​နိုင်​တဲ့ ပန်းတိုင်​တွေ ချပါ။ ယေဟောဝါ​အကြောင်း၊ အနာဂတ် ကတိတော်​တွေ​အကြောင်း အခြေခံ အသိပညာ​တွေ​ကို သင် မှတ်မိ​နေဆဲ ဖြစ်​မယ်။ ဒါပေမဲ့ ပုံမှန် သတင်းကောင်း ဟောပြောတာ၊ အစည်းအဝေး တက်တာ၊ ညီအစ်ကို/မ​တွေ​နဲ့ ပေါင်းသင်း​တာ​လို​မျိုး လုပ်ရိုးလုပ်စဉ်​ကောင်း​တွေ ပြန်​ရှိအောင် လုပ်ရမယ်။ အောက်ပါ​ပန်းတိုင်​တွေ​ကို စဉ်းစား​ကြည့်​ပါ။

ယေဟောဝါ​နဲ့ မကြာမကြာ စကား​ပြောပါ။ အပြစ်​ရှိတယ်လို့ ခံစား​နေရ​တဲ့​အတွက် ဆုတောင်း​ဖို့ ခက်​နိုင်တယ်​ဆိုတာ ဖခင်​ ယေဟောဝါ နားလည်တယ်။ (ရော. ၈:၂၆) ဒါပေမဲ့ ယေဟောဝါ​နဲ့ ဘယ်လောက်တောင် မိတ်ဆွေ ဖြစ်ချင်​ကြောင်း ပြောပြ​ပြီး “ဇွဲ​မလျှော့​တမ်း ဆုတောင်း​ပါ။” (ရော. ၁၂:၁၂) “အပြစ် ကြီး​လိုက်တာ​လို့ ခံစား​ရတယ်။ ရှက်​လည်း ရှက်​တယ်။ ဒါပေမဲ့ ဆုတောင်း​ပြီး​တဲ့ အကြိမ်တိုင်း အဲဒီ​ခံစားချက်​တွေ လျော့​သွားတယ်။ ပို​ပြီး စိတ်​ငြိမ်သက်​လာတယ်” လို့ အန်ဒြေ ပြော​တယ်။ ဘာ​ဆုတောင်း​ရမယ်ဆိုတာ မသိ​ရင် ဆာလံ ၅၁ နဲ့ ၆၅ မှာ ပါ​တဲ့ ဘုရင် ဒါဝိဒ်ရဲ့ နောင်တ​နဲ့​ပတ်သက်​တဲ့ ဆုတောင်းချက်​တွေ​ကို ပြန်​သုံးသပ်ပါ။

ကျမ်းစာ ပုံမှန် လေ့လာ​ပါ။ ဒါက ယုံကြည်ခြင်း ခိုင်ခံ့​ဖို့၊ ယေဟောဝါ​ကို ချစ်တဲ့ မေတ္တာ တိုးများ​လာဖို့ ကူညီ​ပေး​ပါ​လိမ့်မယ်။ (ဆာ. ၁၉:၇-၁၁) “ဘုရားရေးရာ လုပ်ရိုးလုပ်စဉ်​တွေ​ကို ဦးစား​မထား​လို့ ယုံကြည်ခြင်း အားနည်း​လာပြီး ယေဟောဝါ စိတ်​ထိခိုက်အောင် လုပ်မိတာ။ အဲဒီလို အမှား​မျိုး ထပ်​မမှား​ချင်​တော့​ဘူး။ ဒါ​ကြောင့် ပုံမှန် လေ့လာ​ဖို့ ကျွန်တော် ဆုံးဖြတ်ထား​တယ်” လို့ ဖိလစ်​ပီ ပြော​တယ်။ သင်လည်း အဲဒီလို လုပ်နိုင်ပါတယ်။ ဘာ​အကြောင်း လေ့လာ​ရမယ်​မှန်း ဝေခွဲမရ ဖြစ်နေရင် ရင့်ကျက်တဲ့ မိတ်ဆွေ​တစ်ယောက်​ဆီ အကူအညီ တောင်း​ပါ။

ညီအစ်ကို/မ​တွေ​နဲ့ ပြန်​ခင်မင်​ရင်းနှီးအောင် ကြိုးစား​ပါ။ အသင်းတော်​ထဲ ပြန်​ရောက်လာ​သူတချို့​ဟာ ကိုယ့်ကို တခြား​သူတွေ မကောင်းမြင်​မှာ စိုးရိမ်​ကြတယ်။ “ကျွန်မ သိပ်​ရှက်​တယ်။ အသင်းတော်ကို သစ္စာဖောက်​သွား​သူ​လို့ ခံစား​ရတယ်။ အချိန် အတော်ကြာ​အောင် အဲဒီလို ခံစား​ခဲ့​ရတယ်” လို့ လာရီ​ဆာ ပြော​တယ်။ ယေဟောဝါ​နဲ့ သင် ဆက်ဆံ​ရေး ပြန်ကောင်း​လာအောင် အကြီးအကဲ​တွေ​နဲ့ တခြား ရင့်ကျက်သူတွေ ကူညီ​ပေး​ချင်​ကြောင်း စိတ်ချ​ပါ။ (“ အကြီးအကဲ​တွေ လုပ်ဆောင်​နိုင်ရာ” လေးထောင့်ကွက်​ကို ကြည့်​ပါ။) သင် ပြန်လာ​လို့ သူတို့ ဝမ်းသာ​နေကြ​တယ်။ သင့်ကို ပျော်ရွှင်​စေ​ချင်​ကြတယ်။—ပညာ. ၁၇:၁၇

ညီအစ်ကို/မ​တွေ​နဲ့ ခင်မင်​ရင်းနှီးအောင် ဘာလုပ်​နိုင်​သလဲ။ အစည်းအဝေး၊ အမှုဆောင် စတဲ့ အသင်းတော် လုပ်ဆောင်မှုတွေမှာ အပြည့်အဝ ပါဝင်​ပါ။ ဒါတွေ​က ဘယ်လို ကူညီ​ပေး​နိုင်​သလဲ။ “ကျွန်တော် ပြန်လာ​ဖို့ အသင်းတော်က မျှော်နေ​တယ်။ တန်ဖိုး​ထား​ခံရ​တယ်လို့ ခံစား​ရတယ်။ မိသားစုဝင် ဖြစ်အောင်၊ ခွင့်လွှတ်​တယ်လို့ ခံစား​ရအောင်၊ ရှေ့ဆက်​နိုင်အောင် အားလုံး ဝိုင်းကူ​ညီ​ပေး​ကြတယ်” လို့ ဖီ​လစ် ပြော​တယ်။—“ သင် လုပ်ဆောင်​နိုင်ရာ” လေးထောင့်ကွက်​ကို ကြည့်​ပါ။

လက်မလျှော့​ပါ​နဲ့

ယေဟောဝါ​နဲ့ ဆက်ဆံ​ရေး ပြန်ကောင်း​အောင် ကြိုးစား​နေချိန်မှာ သင် အားနည်း​သွား​အောင် “မုန်တိုင်း​တွေ” တစ်ခု​ပြီး​ တစ်ခု စာတန် ဖြစ်ပေါ်​စေ​လိမ့်မယ်။ (လု. ၄:၁၃) ကိုယ့်ရဲ့ ယုံကြည်ခြင်း​အိမ် ခိုင်ခံ့​အောင် ဆောက်​ထားခြင်း​အားဖြင့် အသင့်ပြင်​ထား​ပါ။

“ပျောက်​တဲ့​ သိုး​ကို လိုက်ရှာ​မယ်။ လမ်းလွဲ​တဲ့​ သိုး​ကို ပြန်​ခေါ်လာ​မယ်။ ဒဏ်ရာ​ရတဲ့​ သိုး​ကို ပတ်တီး​စည်းပေး​မယ်။ အားနည်းတဲ့​ သိုး​ကို အားပြည့်​အောင် လုပ်ပေးမယ်” လို့ ယေဟောဝါ ကတိပေး​ထား​တယ်။ (ယေဇ. ၃၄:၁၆) မိမိ​နဲ့ ဆက်ဆံ​ရေး ပြန်ကောင်း​အောင် တည်ဆောက်သူ များစွာ​ကို ယေဟောဝါ ကူညီ​ပေး​ခဲ့တယ်။ သင့်ကိုလည်း ကူညီ​ပေး​ချင်​တယ်​ဆိုတာ စိတ်ချ​ပါ။

^ အပိုဒ်၊ 4 အမည်​လွှဲ​များ။