မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၄၂

အမှန်တရားကို ခိုင်မာတဲ့ ယုံကြည်စိတ်ချမှုနဲ့ ဆုပ်ကိုင်ထားပါ

အမှန်တရားကို ခိုင်မာတဲ့ ယုံကြည်စိတ်ချမှုနဲ့ ဆုပ်ကိုင်ထားပါ

“အရာရာကို မှန်​မမှန် အသေအချာ စစ်ဆေး​ပါ။ ပြီး​တဲ့​နောက် ကောင်းမွန်​ရာ​ကို စွဲကိုင်​ထား​ပါ။”—၁ သက်. ၅:၂၁

သီချင်း ၁၄၂ မျှော်လင့်ချက်ကို ကိုင်စွဲ​ထားခြင်း

အကြို​သုံးသပ်ချက် *

၁။ လူများစွာ ဘာကြောင့် စိတ်ရှုပ်​နေကြ​သလဲ။

ဘုရား နှစ်သက်တဲ့​ နည်း​အတိုင်း ဝတ်ပြု​နေတယ်လို့ ပြော​တဲ့ ခရစ်ယာန် ဘာသာရေး အဖွဲ့အစည်း ထောင်နဲ့​ချီ ရှိတယ်။ ဒါ​ကြောင့် လူတွေ တော်​တော်​ စိတ်ရှုပ်​နေကြ​တာ မဆန်းပါဘူး။ “စစ်မှန်တဲ့ ဘာသာ တစ်ခု ရှိသလား၊ ဒါမှ​မဟုတ် ဘာသာ​အားလုံး​ကို ဘုရား နှစ်သက်​လက်ခံ​သလား” လို့ သူတို့ မေးကြတယ်။ ကျွန်တော်​တို့ သွန်သင်​နေတာ​တွေ အမှန်တရား ဖြစ်​ကြောင်း၊ ဒီနေ့​ခေတ် ယေဟောဝါသက်သေ​တွေ​ရဲ့ ဝတ်ပြုရေး ပုံစံ​ကို ဘုရား နှစ်သက်​လက်ခံ​ကြောင်း တကယ် ယုံကြည်​စိတ်ချ​သလား။ အဲဒီလို ယုံကြည်​စိတ်ချမှု​မျိုး ရှိဖို့ တကယ် ဖြစ်​နိုင်​ပါ့​မလား။ အထောက်အထား​တွေ​ကို သုံးသပ်ကြည့်​ကြ​စို့။

၂။ အမှန်တရားကို တမန်တော် ပေါလု ဘာကြောင့် အခိုင်အမာ ယုံကြည်​စိတ်ချ​သလဲ။ (၁ သက်သာလောနိတ် ၁:၅)

အမှန်တရားကို တမန်တော် ပေါလု အခိုင်အမာ ယုံကြည်​စိတ်ချ​တယ်။ (၁ သက်သာလောနိတ် ၁:၅ ကို ဖတ်ပါ။) အဲဒီ​ယုံကြည်​စိတ်ချမှု​ဟာ စိတ်​ခံစားချက်​ သက်​သက် မဟုတ်ဘူး။ ပေါလု​ဟာ ကျမ်းစာ​ကို ထက်ထက်သန်သန် လေ့လာသူ ဖြစ်တယ်။ “ကျမ်းစောင်​အားလုံး​ဟာ ဘုရားသခင့် စွမ်းအားတော်​ရဲ့ လမ်းညွှန်မှုနဲ့ ရေးထား” ကြောင်း ယုံကြည်တယ်။ (၂ တိ. ၃:၁၆) ကျမ်းစာ လေ့လာ​တဲ့​အခါ ပေါလု ဘာ​သိလာ​သလဲ။ ယေရှုဟာ ကတိထားရာ မေရှိယ ဖြစ်​ကြောင်း မငြင်း​နိုင်​တဲ့ အထောက်အထား​တွေ သိလာတယ်။ အဲဒီ​အထောက်အထား​တွေ​ကို ဂျူး​ဘာသာရေး ခေါင်းဆောင်​တွေ ငြင်းပယ်​ကြတယ်။ ဘုရား​အကြောင်း အမှန်တရား သွန်သင်​တယ်လို့ ပြော​ပေမဲ့ သူတို့ရဲ့ လုပ်ရပ်က​တော့ ဘုရား​ကို ငြင်းပယ်​ကြတယ်။ (တိ. ၁:၁၆) ပေါလု​က​တော့ သူတို့​လို မဟုတ်ဘူး။ ကျမ်းစာ​ထဲ​က ကိုယ်​ကြိုက်​တဲ့ အပိုင်း​တချို့​ကိုပဲ လက်ခံမယ့်​အစား “ဘုရားသခင်ရဲ့ ရည်ရွယ်ချက် မှန်သမျှ” ကို သွန်သင်၊ ကျင့်သုံး​ဖို့ အသင့်​ရှိတယ်။—တ. ၂၀:၂၇

၃။ ခိုင်မာ​တဲ့ ယုံကြည်​စိတ်ချမှု ရှိဖို့ မေးခွန်း​အားလုံး​ရဲ့ အဖြေကို သိဖို့ လိုသလား။ (“ ယေဟောဝါ​ရဲ့ လုပ်ဆောင်မှုတွေ၊ အကြံအစည်​တွေ ‘ပြော​မကုန်နိုင်​အောင် များ​လှ’” လေးထောင့်ကွက်​ကို ကြည့်​ပါ။)

စစ်မှန်တဲ့ ဘာသာ​ဆိုရင် မေးခွန်း​တိုင်း၊ ကျမ်းစာ​မှာ တိတိကျကျ မဖော်​ပြ​ထား​တဲ့ မေးခွန်းတွေကို​တောင် ဖြေပေး​နိုင်​ရမယ်​လို့ တချို့ ယူဆကြတယ်။ အဲဒါ လက်တွေ့ကျ​သလား။ ပေါလု​အကြောင်း စဉ်းစား​ကြည့်​ပါ။ “အရာရာကို မှန်​မမှန် အသေအချာ စစ်ဆေး” ဖို့ ယုံကြည်သူချင်းတွေကို ပေါလု အားပေး​ပေမဲ့ ကိုယ်တိုင် နားမလည်​တာ များစွာ​ရှိကြောင်း​လည်း ဝန်ခံတယ်။ (၁ သက်. ၅:၂၁) “ကျွန်တော်​တို့​ရဲ့ အသိပညာ​ဟာ အပြည့်အစုံ မဟုတ်ဘူး” လို့ ပြော​တယ်။ “ကြေး​မုံ​မှာ မြင်​သလို မှုန်ဝါးဝါး​ပဲ မြင်ရ​တယ်” လို့​လည်း ပြော​တယ်။ (၁ ကော. ၁၃:၉၊ ၁၂) ပေါလု​ဟာ အရာအားလုံးကို နားလည်တာ မဟုတ်ဘူး။ ဒါပေမဲ့ အမှန်တရား ဖြစ်​ကြောင်း ယုံကြည်​စိတ်ချ​ဖို့ လိုအပ်​တဲ့ အခြေခံ အမှန်တရားတွေကို​တော့ သိထားတယ်။

၄။ ယုံကြည်​စိတ်ချမှု ခိုင်မာ​အောင် ဘယ်လို လုပ်နိုင်သလဲ။ ခရစ်ယာန်​စစ်​တွေ​နဲ့​ပတ်သက်ပြီး ဘာ​ဆွေးနွေး​ကြ​မလဲ။

ယုံကြည်​စိတ်ချမှု ခိုင်မာ​အောင် လုပ်နိုင်တဲ့ တစ်နည်း​က​တော့ ယေရှု ချမှတ်​ခဲ့​တဲ့ ဝတ်ပြုမှု ပုံစံ​ကို ဒီနေ့​ခေတ် ယေဟောဝါသက်သေ​တွေ​ရဲ့ ဝတ်ပြုမှု ပုံစံ​နဲ့ နှိုင်းယှဉ်​ခြင်း​အားဖြင့်​ပါ​ပဲ။ ခရစ်ယာန်​စစ်​တွေ​ဟာ (၁) ရုပ်တု​ကိုးကွယ်​မှု​ကို ငြင်းပယ်​ကြောင်း၊ (၂) ယေဟောဝါ​ရဲ့ နာမည်​ကို လေးစားကြောင်း၊ (၃) အမှန်တရားကို ချစ်​ကြောင်း၊ (၄) အချင်းချင်း နှစ်နှစ်ကာကာ ချစ်​ကြောင်း ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​ကြ​ပါ​မယ်။

ရုပ်တု​ကိုးကွယ်​မှု​ကို ငြင်းပယ်​ကြ

၅။ ဘုရား​ကို နည်း​မှန်​လမ်း​ကျ ဝတ်ပြု​တာ​နဲ့​ပတ်သက်ပြီး ယေရှု​ဆီကနေ ဘာ​သိရသလဲ။ ယေရှုရဲ့ သွန်သင်ချက်​ကို ဘယ်လို ကျင့်သုံး​နိုင်​သလဲ။

ယေရှုဟာ ဘုရား​ကို နှစ်နှစ်ကာကာ ချစ်​လို့ ကောင်းကင်​မှာ​ရော မြေကြီးပေါ် ရှိ​ချိန်မှာ​ပါ အကြွင်းမဲ့ ဆည်းကပ်​ဝတ်ပြုတယ်။ (လု. ၄:၈) တပည့်​တွေ​ကိုလည်း အဲဒီလို ဝတ်ပြုဖို့ သွန်သင်​တယ်။ ယေရှု​ရော သစ္စာရှိ တပည့်​တွေ​ပါ ဝတ်ပြုရေးမှာ ရုပ်တုတွေ အသုံးမပြု​ကြဘူး။ ဘုရားသခင်ဟာ နာမ်ဝိညာဉ်​ ပုဂ္ဂိုလ် ဖြစ်​တဲ့​အတွက် လူ​လုပ်တဲ့​အရာ တစ်ခု​မှ ယေဟောဝါ ဘုန်းတော်​ရဲ့ ခြေဖျား​တောင် မမီ​နိုင်ဘူး။ (ဟေရှာ. ၄၆:၅) သူတော်စင် ရုပ်တုတွေ လုပ်ပြီး သူတို့ဆီ ဆုတောင်း​တာ​ကော။ ပညတ်တော် ဆယ်ပါး​ထဲ​က ဒုတိယ​ပညတ်​မှာ “အထက်​ မိုးကောင်းကင်​ပေါ်​က၊ အောက်​အရပ်​ မြေကြီးပေါ်​က၊ . . . အရာ​တစ်ခုခု​နဲ့ ပုံသဏ္ဌာန်​ တူ​တာ​ကို​ဖြစ်စေ၊ ရုပ်တုကို​ဖြစ်စေ မလုပ်နဲ့။ အဲဒါတွေကို ဦး​မချ​နဲ့” လို့ ယေဟောဝါ ပြော​တယ်။ (ထွ. ၂၀:၄၊ ၅) ဘုရား​နှစ်သက်မှု ရ​ချင်​သူတွေ​အတွက် အဲဒီ​စကား​တွေ​က ရှင်း​ပါ​တယ်။

၆။ ဒီနေ့​ခေတ် ယေဟောဝါသက်သေ​တွေ ဘယ်​ဝတ်ပြုမှု ပုံစံ​ကို လိုက်နေ​ကြသလဲ။

အစောပိုင်း ခရစ်ယာန်​တွေ ဘုရား​တစ်ပါး​တည်း​ကိုပဲ အကြွင်းမဲ့ ဆည်းကပ်​ဝတ်ပြု​ကြောင်း သမိုင်း​ပညာရှင်​တွေ အသိအမှတ်ပြု​တယ်။ ဥပမာ၊ အစောပိုင်း ခရစ်ယာန်​တွေ​ဟာ ဝတ်ပြုရေးမှာ ရုပ်တု အသုံးပြုတဲ့ အယူအဆကို “ရွံမုန်း​ကြ​မှာပဲ” လို့ စာအုပ်​တစ်အုပ် (History of the Christian Church) မှာ ဖော်ပြ​တယ်။ ဒီနေ့​ခေတ် ယေဟောဝါသက်သေ​တွေ​လည်း အစောပိုင်း ခရစ်ယာန်​တွေ ချမှတ်​ခဲ့​တဲ့ ပုံစံ​ကို လိုက်လျှောက်​ကြတယ်။ “သူတော်စင်” ဒါမှ​မဟုတ် ကောင်းကင်တမန် ရုပ်တုတွေ​ရှေ့ ဆု​မ​တောင်း​ကြဘူး။ ယေရှု​ဆီ​ကို​တောင် ဆု​မ​တောင်း​ကြဘူး။ အလံ အလေးမပြု​ဘူး။ အစိုးရ​ကို ကိုးကွယ်​ရာ ရောက်​စေမယ့် ဘယ်အရာ​ကို​မှ မလုပ်ကြဘူး။ ဘာပဲ​ ကြုံ​ရ​ပါစေ “ယေဟောဝါ​ဘုရား​ကို ကိုးကွယ်​ရမယ်” ဆို​တဲ့ ယေရှုရဲ့ စကား​ကို နာခံ​ဖို့ စိတ်ပိုင်း​ဖြတ်​ထား​ကြတယ်။—မ. ၄:၁၀

၇။ ယေဟောဝါသက်သေ​တွေ​နဲ့ တခြား ဘာသာရေး​တွေ ဘယ်လို သိသိသာသာ ကွဲပြား​သလဲ။

ဒီနေ့​ခေတ်​မှာ လူများစွာဟာ နာမည်​ကျော် တရားဟော​ဆရာ​တွေ​နောက် လိုက်ကြတယ်။ သူတို့ကို ကြည်ညို​လေးစား​လွန်းလို့ ကိုးကွယ်​ခါနီး​ပဲ။ သူတို့​ ဟောတဲ့ ဘုရားကျောင်း​ကို သွား​ကြတယ်။ သူတို့ ​ရေး​တဲ့ စာအုပ်​တွေ ဝယ်​ဖတ်​ကြတယ်။ သူတို့ အားပေး​ထောက်ခံ​တဲ့ အဖွဲ့အစည်း​တွေ​ကို အလှူငွေ အမြောက်အမြား ထည့်ဝင်​ကြတယ်။ သူတို့ ပြော​သမျှ ယုံကြ​တယ်။ ယေရှုကို တွေ့ရ​ရင်တောင် အဲဒီလောက် ပျော်​ကြ​မှာ မဟုတ်ဘူး။ ယေဟောဝါ​ကို စစ်မှန်တဲ့​နည်းနဲ့ ဝတ်ပြု​နေ​သူတွေမှာ​တော့ ဓမ္မ​ဆရာ အတန်းအစား မရှိဘူး။ ဦးဆောင်​နေသူတွေကို လေးစားပေမဲ့ “ခင်ဗျား​တို့အားလုံး​ဟာ ညီအစ်ကို​တွေ​ပဲ” ဆို​တဲ့ ယေရှုရဲ့ ရှင်းလင်း​တဲ့ သွန်သင်ချက်​ကို လက်ခံကြတယ်။ (မ. ၂၃:၈-၁၀) ဘာသာရေး ခေါင်းဆောင်​ဖြစ်စေ၊ နိုင်ငံ့​ခေါင်းဆောင်​ဖြစ်စေ ဘယ်​လူသားကို​မှ ဘုရား​နေရာ မထားဘူး။ သူတို့ရဲ့ ဦးတည်ချက်​ ပန်းတိုင်​တွေ​ကို မထောက်ခံ​ဘူး။ နိုင်ငံရေး​မှာ ကြားနေ​ပြီး လောက​နဲ့ မပတ်သက်​ဘူး။ ဒီ​ကဏ္ဍ​တွေ​မှာ အမည်ခံ ခရစ်ယာန် အုပ်စု​များစွာ​နဲ့ ကျွန်တော်​တို့ သိသိသာသာ ကွဲပြား​ကြတယ်။—ယော. ၁၈:၃၆

ယေဟောဝါ​ရဲ့ နာမည်​ကို လေးစား​ကြ

ယေဟောဝါ​အကြောင်း တခြား​သူတွေကို ပြောပြ​ရတာ ခရစ်ယာန်​စစ်​တွေ ဂုဏ်ယူ​ကြ (စာပိုဒ် ၈-၁၀ ကို ကြည့်​ပါ) *

၈။ မိမိ​နာမည်​ကို ယေဟောဝါ ဘုန်း​ထင်ရှားစေ​ချင်​ကြောင်း၊ လူအများ​ကို သိစေချင်​ကြောင်း ဘယ်လို သိရသလဲ။

“အဖ၊ အဖရဲ့ နာမည်​ကို ဘုန်း​ထင်ရှား​စေပါ” လို့ တစ်ကြိမ်​မှာ ယေရှု ဆုတောင်း​တယ်။ ဆုတောင်းချက်​ကို ယေဟောဝါ ကောင်းကင်​ကနေ ကျယ်လောင်​တဲ့​ အသံနဲ့ အဖြေပေး​ပြီး ဘုန်းထင်ရှား​စေဦးမယ်​လို့ ကတိ​ပေးတယ်။ (ယော. ၁၂:၂၈) အမှုဆောင်​လုပ်ငန်း လုပ်ဆောင်​ချိန်​တစ်လျှောက် ဖခင်​ရဲ့ နာမည်​ကို ယေရှု ဘုန်း​ထင်ရှား​စေတယ်။ (ယော. ၁၇:၂၆) ဒါ​ကြောင့် ခရစ်ယာန်​စစ်​တွေ​ဟာ ဘုရား​နာမည် သုံး​ရတာ၊ တခြား​သူတွေ သိအောင် လုပ်​ခွင့်​ ရတာကို ဂုဏ်ယူ​ကြတယ်။

၉။ ပထမ​ရာစု ခရစ်ယာန်​တွေ ဘုရား​နာမည်​ကို လေးစားကြောင်း ဘယ်လို သက်သေထူ​ခဲ့​ကြသလဲ။

ပထမ​ရာစု ခရစ်ယာန် အသင်းတော် တည်ထောင်​ပြီး မကြာခင် ယေဟောဝါ​က “လူမျိုးခြား​တွေ​ကို သတိ​ရပြီး နာမတော်​အတွက် သူတို့​ထဲ​ကနေ လူတွေကို ရွေးချယ်​လိုက်” တယ်။ (တ. ၁၅:၁၄) ပထမ​ရာစု ခရစ်ယာန်​တွေ​ဟာ ဘုရား​နာမည် သုံး​ရတာ၊ တခြား​သူတွေ သိအောင် လုပ်​ခွင့်​ ရတာကို ဂုဏ်ယူ​ကြတယ်။ အမှုဆောင်မှာ၊ ကျမ်းစောင်​တွေ ရေးသား​ချိန်မှာ ဘုရား​နာမည်​ကို တွင်​တွင်ကျယ်​ကျယ် သုံးခဲ့​ကြတယ်။ * ဘုရား​နာမတော်​အတွက် လူမျိုး​ ဖြစ်​ကြောင်း သက်သေထူ​ခဲ့​ကြတယ်။—တ. ၂:၁၄၊ ၂၁

၁၀။ ယေဟောဝါ​သက်သေတွေဟာ နာမတော်​အတွက် လူမျိုး ဖြစ်ကြောင်း ဘယ်​အထောက်အထား ရှိသလဲ။

၁၀ ယေဟောဝါသက်သေ​တွေ​ကော ယေဟောဝါ​ရဲ့ နာမတော်​အတွက် လူမျိုး ဖြစ်​သလား။ အထောက်အထား​တွေ​ကို သုံးသပ်ကြည့်​ပါ။ ဒီနေ့​ခေတ်​မှာ ဘာသာရေး ခေါင်းဆောင်​များစွာ​က ဘုရားသခင်မှာ ကိုယ်ပိုင်​နာမည် ရှိတယ်ဆိုတဲ့ အချက်​ကို ဖုံးကွယ်​ဖို့ အစွမ်းကုန် ကြိုးစား​ကြတယ်။ ဘာသာပြန်​ ကျမ်းစာ​တွေ​ထဲ​ကနေ ဘုရား​နာမည်​ကို ထုတ်ပစ်​ကြတယ်။ ချာ့ခ်ျ​ဝတ်ပြု​ဆုတောင်းချိန်​တွေ​မှာ ဘုရား​နာမည် သုံးတာ​ကို ပိတ်ပင်​တားမြစ်​ကြတယ်။ * ယေဟောဝါသက်သေ​တွေ​ပဲ ယေဟောဝါ​နာမည်​ကို လေးစား​ဂုဏ်တင်​တယ်​ဆိုတာ ဘယ်သူ ငြင်း​နိုင်​မှာ​လဲ။ ဘုရား​နာမည်​ကို လူသိ​များ​အောင် တခြား ဘာသာရေး​အုပ်စု​တွေ​ထက် ပို​လုပ်ဆောင်နေ​ကြတယ်။ ယေဟောဝါသက်သေ​ဆိုတဲ့ နာမည်​နဲ့​အညီ အတတ်နိုင်ဆုံး အသက်​ရှင်​နေကြ​တယ်။ (ဟေရှာ. ၄၃:၁၀-၁၂) ကမ္ဘာသစ် ဘာသာပြန်​ကျမ်း သန်း ၂၄၀ ကျော် ထုတ်ဝေ​ထားပြီး တခြား ဘာသာပြန်​ကျမ်း​တွေ​မှာ ထုတ်​ပယ်​ထား​တဲ့ ယေဟောဝါ​ရဲ့ နာမည်​ကို သူ့​နေရာ​နဲ့​သူ ပြန်​ထည့်​ထား​တယ်။ ယေဟောဝါ​နာမည် သုံး​ထား​တဲ့ ကျမ်းစာ အခြေပြု​စာပေ​တွေ​ကိုလည်း ဘာသာ​စကား ၁၀၀၀ ကျော်​နဲ့ ထုတ်ဝေ​နေတယ်။

အမှန်တရားကို ချစ်​မြတ်နိုးကြ

၁၁။ အစောပိုင်း ခရစ်ယာန်​တွေ အမှန်တရားကို ချစ်​မြတ်နိုး​ကြောင်း ဘယ်လို ဖော်ပြ​ကြသလဲ။

၁၁ ဘုရား​နဲ့​ပတ်သက်​တဲ့၊ ဘုရား​ရည်ရွယ်ချက်​တွေ​နဲ့​ပတ်သက်​တဲ့ အမှန်တရားကို ယေရှု ချစ်​မြတ်နိုးတယ်။ အဲဒီ​အမှန်တရား​နဲ့​အညီ နေထိုင်တယ်။ တခြား​သူတွေ သိလာအောင် ကူညီ​ပေးတယ်။ (ယော. ၁၈:၃၇) ယေရှုရဲ့ နောက်လိုက်စစ်​တွေ​လည်း အမှန်တရားကို ချစ်​မြတ်နိုး​ကြတယ်။ (ယော. ၄:၂၃၊ ၂၄) ခရစ်ယာန်​ လမ်းစဉ်ဟာ “အမှန်တရား လမ်းစဉ်” ဖြစ်တယ်လို့ တမန်တော် ပေတရု ပြော​တယ်။ (၂ ပေ. ၂:၂) အမှန်တရားကို ချစ်​မြတ်နိုးတဲ့​အတွက် အစောပိုင်း ခရစ်ယာန်​တွေ​ဟာ အမှန်တရား​နဲ့ မကိုက်ညီ​တဲ့ ဘာသာရေး အယူအဆ​တွေ၊ ယဉ်ကျေးမှု ဓလေ့​ထုံးစံတွေ၊ ကိုယ်ပိုင် ထင်မြင်​ယူဆချက်တွေကို လက်မခံကြဘူး။ (ကော. ၂:၈) ဒီနေ့​ခေတ်​မှာလည်း ခရစ်ယာန်​စစ်​တွေ​ဟာ ယုံကြည်ချက်​နဲ့ ဘဝ​လမ်းစဉ်​ကို ယေဟောဝါ​ရဲ့ တရား​စကား​ပေါ် အတိအကျ အခြေခံ​ခြင်း​အားဖြင့် “အမှန်တရား​ လမ်းစဉ်​မှာ အမြဲ လျှောက်လှမ်း” ဖို့ ကြိုးစား​နေကြ​တယ်။—၃ ယော. ၃၊ ၄

၁၂။ အမှန်တရား​နဲ့​ပတ်သက်​တဲ့ နားလည်မှု​တချို့ ပြုပြင်​ဖို့ လို​မှန်း ဦးဆောင်​သူတွေ သိလာတဲ့​အခါ ဘာလုပ်​ကြသလဲ။ ဘာကြောင့်လဲ။

၁၂ ဒီနေ့​ခေတ် ဘုရား​လူမျိုးဟာ အမှန်တရားကို အပြည့်အဝ နားလည်တယ်​လို့​တော့ မပြောကြဘူး။ တစ်ခါ​တ​လေ အယူဝါဒ​ပိုင်း နားလည်မှု၊ အဖွဲ့အစည်း​ပိုင်း လမ်းညွှန်မှု မှားတဲ့​အခါ​တွေ ရှိတယ်။ ဒါကို မ​အံ့ဩ​သင့်​ပါ​ဘူး။ တိကျ​မှန်ကန်​တဲ့ အသိပညာ တဖြည်းဖြည်း တိုးများ​လာမယ်လို့ ကျမ်းစာ​မှာ ရှင်းရှင်းလင်းလင်း ပြော​ထား​တယ်။ (ကော. ၁:၉၊ ၁၀) အမှန်တရားကို ယေဟောဝါ တဖြည်းဖြည်း ဖွင့်ပြ​တယ်။ အမှန်တရား အလင်း ပို​ထွန်းလင်း​လာချိန်​အထိ ကျွန်တော်​တို့ စိတ်ရှည်ရှည် စောင့်ဆိုင်း​ရမယ်။ (ပညာ. ၄:၁၈) အမှန်တရား​နဲ့​ပတ်သက်​တဲ့ နားလည်မှု​တချို့ ပြုပြင်​ဖို့ လို​မှန်း ဦးဆောင်​သူတွေ သိလာတဲ့​အခါ လိုအပ်​သလို ချက်ချင်း ပြုပြင်​ပြောင်းလဲ​ကြတယ်။ ဒီနေ့​ခေတ် ချာ့ခ်ျ​များစွာ​လည်း အပြောင်းအလဲ​တွေ လုပ်ကြ​ပေမဲ့ အသင်းသားတွေရဲ့ အကြိုက် လိုက်​ဖို့၊ ထင်ပေါ်​ကျော်ကြား​ဖို့​ပဲ။ ယေဟောဝါသက်သေ​တွေ ပြောင်းလဲ​တာ​ကျ​တော့ ဘုရား​နဲ့ ပို​ရင်းနှီး​ဖို့၊ ယေရှုရဲ့ လမ်းစဉ်​အတိုင်း ဘုရား​ကို ဝတ်ပြု​နိုင်​ဖို့​ပါ။ (ယာ. ၄:၄) ကျွန်တော်​တို့ ပြုပြင်​ပြောင်းလဲ​တာ​ဟာ လောကက လူ့​အတွေးအခေါ်​တွေ ပြောင်းလဲ​သွား​လို့ မဟုတ်ဘူး။ ကျမ်းစာ​ကို ပို​နားလည်​လာလို့​ပါ။ အမှန်တရားကို ကျွန်တော်​တို့ ချစ်​မြတ်နိုး​ကြတယ်။—၁ သက်. ၂:၃၊ ၄

အချင်းချင်း နှစ်နှစ်ကာကာ ချစ်​ကြ

၁၃။ ခရစ်ယာန်​စစ်​တွေ​ရဲ့ အဓိက အရည်အသွေး​က ဘာလဲ။ အဲဒါကို ဒီနေ့ခေတ် ယေဟောဝါသက်သေ​တွေ ဘယ်လို ပြ​နေကြ​သလဲ။

၁၃ ပထမ​ရာစု ခရစ်ယာန်​တွေ​မှာ ရှိတဲ့ အရည်အသွေးတွေ​ထဲမှာ အထင်ရှားဆုံး​က​တော့ မေတ္တာပါ။ “အချင်းချင်း ချစ်မယ်​ဆိုရင် ခင်ဗျား​တို့​ဟာ ကျွန်တော့်​တပည့်​တွေ​ပဲ​ဆိုတာ လူတွေ သိ​လိမ့်မယ်” လို့ ယေရှု ပြော​တယ်။ (ယော. ၁၃:၃၄၊ ၃၅) ဒီနေ့​ခေတ် ယေဟောဝါ​သက်သေတွေဟာ ကမ္ဘာချီ အတိုင်းအတာ​နဲ့ ချစ်ခင်​စည်းလုံး​နေကြ​တယ်။ တခြား​အဖွဲ့အစည်း​တွေ​နဲ့ မတူဘဲ နိုင်ငံ၊ လူမျိုး၊ လူမှုရေး ခွဲခြား​မှု လုံးဝ မရှိဘူး။ အစည်းအဝေး၊ စည်းဝေးပွဲ၊ ခရိုင်​အစည်းအဝေးတွေမှာ စစ်မှန်တဲ့ မေတ္တာ အထောက်အထား​ကို တွေ့ရ​တယ်။ အဲဒီ​အထောက်အထား​ကြောင့် ကျွန်တော်​တို့​ရဲ့ ဝတ်ပြုမှု ပုံစံ​ကို ယေဟောဝါ နှစ်သက်​လက်ခံ​မှန်း ပို​ယုံကြည်​စိတ်ချ​ကြတယ်။

၁၄။ ကောလောသဲ ၃:၁၂-၁၄ အရ အချင်းချင်း နှစ်နှစ်ကာကာ ချစ်​ကြောင်း ပြ​နိုင်​တဲ့ အရေးကြီး နည်း​တစ်နည်း​က ဘာလဲ။

၁၄ “အချင်းချင်း နှစ်နှစ်ကာကာ ချစ်” ဖို့ ကျမ်းစာ​မှာ အားပေးထား​တယ်။ (၁ ပေ. ၄:၈) အဲဒီလို​ချစ်​ကြောင်း ပြ​နိုင်​တဲ့ တစ်နည်း​က​တော့ အချင်းချင်း ခွင့်လွှတ်​ခြင်း၊ မစုံလင်မှုတွေ​ကို သည်းခံခြင်း​အားဖြင့်​ပါ​ပဲ။ ကိုယ့်ကို စိတ်​ထိခိုက်အောင် လုပ်​သူတွေ အပါအဝင် အသင်းတော်မှာ ရှိသူ အားလုံး​ကို ရက်ရော​ဖို့၊ ဧည့်​ဝတ်ပြုဖို့ ကျွန်တော်​တို့ အခွင့်အရေး ရှာကြတယ်။ (ကောလောသဲ ၃:၁၂-၁၄ ကို ဖတ်ပါ။) အဲဒီလို မေတ္တာ​နှောင်ကြိုး​ဟာ ခရစ်ယာန်​စစ်​တွေ​ရဲ့ အထူးခြားဆုံး အမှတ်အသား​ပါ​ပဲ။

‘ယုံကြည်ခြင်း တစ်မျိုးတည်း’

၁၅။ ပထမ​ရာစု ခရစ်ယာန်​တွေ ချမှတ်​ခဲ့​တဲ့ ဝတ်ပြုမှု ပုံစံ​ကို တခြား ဘယ်​နည်းတွေနဲ့ ကျွန်တော်​တို့ လိုက်နေ​သလဲ။

၁၅ ပထမ​ရာစု ခရစ်ယာန် အသင်းတော် ချမှတ်​ခဲ့​တဲ့ ဝတ်ပြုမှု ပုံစံ​ကို တခြား​နည်းတွေနဲ့​လည်း ကျွန်တော်​တို့ လိုက်နေ​ကြတယ်။ ဥပမာ၊ နယ်လှည့်​ကြီးကြပ်မှူး၊ အကြီးအကဲ၊ အသင်းတော် အမှုထမ်း အပါအဝင် အဖွဲ့အစည်း​ရဲ့ တည်ဆောက်​ပုံ​ဟာ ပထမ​ရာစု တမန်တော်​တွေ ချမှတ်​ခဲ့​တဲ့ ပုံစံ​အတိုင်းပဲ။ (ဖိ. ၁:၁။ တိ. ၁:၅) လိင်​နဲ့ ထိမ်းမြားခြင်း​အပေါ် ကျွန်တော်​တို့​ရဲ့ သဘောထား၊ သွေးရဲ့ မြင့်မြတ်မှု​ကို လေးစားခြင်း၊ နောင်တ​မယူ​တဲ့ အပြစ်ကျူးလွန်​သူတွေရဲ့ ဩဇာ​လွှမ်းမိုးမှု​ကနေ အသင်းတော်ကို ကာကွယ်​ခြင်း စတာ​အားလုံး ပထမ​ရာစု ပုံစံ​ကို အခြေခံ​တယ်။—တ. ၁၅:၂၈၊ ၂၉။ ၁ ကော. ၅:၁၁-၁၃။ ၆:၉၊ ၁၀။ ဟီ. ၁၃:၄

၁၆။ ဧဖက် ၄:၄-၆ မှာ ပါ​တဲ့ စကား​ကနေ ဘာ​သိရသလဲ။

၁၆ မိမိ​တပည့်​လို့ ပြော​ပေမဲ့ အားလုံး​က​တော့ တပည့်စစ် ဖြစ်​မှာ မဟုတ်ဘူးလို့ ယေရှု ပြော​တယ်။ (မ. ၇:၂၁-၂၃) နောက်ဆုံး​ကာလ​မှာ အများစုက “ဘုရားတရား ကြည်ညို​ဟန်” ရှိကြမယ်​လို့ ကျမ်းစာ​မှာ သတိ​ပေးတယ်။ (၂ တိ. ၃:၁၊ ၅) ဒါပေမဲ့ ‘ယုံကြည်ခြင်း တစ်မျိုးတည်း’ ကိုပဲ ဘုရား နှစ်သက်​လက်ခံတယ်။ဧဖက် ၄:၄-၆ ကို ဖတ်ပါ။

၁၇။ ဒီနေ့​ခေတ်​မှာ ယေရှု​နောက် လိုက်နေတာ၊ စစ်မှန်တဲ့ ယုံကြည်ခြင်း တစ်မျိုးတည်း​ကို လက်ခံ​ကျင့်သုံး​နေတာ ဘယ်သူတွေလဲ။

၁၇ ဒီနေ့​ခေတ်​မှာ စစ်မှန်တဲ့ ယုံကြည်ခြင်း တစ်မျိုးတည်း​ကို လက်ခံ​ကျင့်သုံး​နေတာ ဘယ်သူတွေလဲ။ အထောက်အထား​တွေ​ကို သုံးသပ်​ခဲ့​ကြပြီ။ ယေရှု သွန်သင်​ခဲ့​တဲ့၊ ပထမ​ရာစု ခရစ်ယာန်​တွေ လိုက်လျှောက်ခဲ့တဲ့ ဝတ်ပြုမှု ပုံစံ​ကိုလည်း လေ့လာခဲ့​ကြပြီ။ အဖြေ​တစ်ခု​ပဲ ရှိတယ်။ ယေဟောဝါသက်သေ​တွေ​ပါ​ပဲ။ ယေဟောဝါ​ရဲ့ လူမျိုး ဖြစ်ခွင့်၊ ယေဟောဝါ​နဲ့ ရည်ရွယ်ချက်​တွေ​အကြောင်း သိခွင့် ရတာ တကယ့် အခွင့်ထူးပါပဲ။ အမှန်တရားကို ယုံကြည်​စိတ်ချမှု အပြည့်​နဲ့ ဆက်​ဆုပ်ကိုင်​ထား​ကြပါစို့။

သီချင်း ၃ တို့​မျှော်လင့်​ကိုးစားရာ

^ အပိုဒ်၊ 5 ယေရှု ချမှတ်​ခဲ့​တဲ့ စစ်မှန်တဲ့ ဝတ်ပြုရေး ပုံစံ​အကြောင်း၊ အဲဒီ​ပုံစံ​အတိုင်း အစောပိုင်း​ တပည့်တွေ ဘယ်လို လိုက်လျှောက်​ခဲ့​ကြောင်း ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​ကြပါမယ်။ ဒီနေ့​ခေတ် ယေဟောဝါသက်သေ​တွေ အဲဒီ​ပုံစံ​ကို လိုက်လျှောက်​နေကြောင်း အထောက်အထား​တွေ​ကိုလည်း သုံးသပ်ကြ​ပါ​မယ်။

^ အပိုဒ်၊ 9 ၂၀၁၀၊ ဇူလိုင် ၁ ရက်ထုတ် ကင်းမျှော်စင် စာ. ၆၊ “ဘုရားသခင့်​ နာမတော်​ကို ကနဦး​ ခရစ်ယာန်​များ အသုံးပြု​ခဲ့​ကြ​သလော” လေးထောင့်ကွက်​ကို ကြည့်​ပါ။

^ အပိုဒ်၊ 10 ဥပမာ၊ ၂၀၀၈ မှာ ဆယ့်ခြောက်​ယောက်​မြောက် ပုပ်​ရဟန်း​မင်း ဘင်နီဒစ်​က ကက်သလစ် ဝတ်ပြု​ဆုတောင်းပွဲ​တွေ၊ သီချင်းတွေ​မှာ ဘုရား​နာမည်​ကို “မ​သုံး​ရ​ဘူး၊ အသံထွက် မဆို​ရ​ဘူး” လို့ တားမြစ်​တယ်။

^ အပိုဒ်၊ 63 ပုံ​အညွှန်း– ယေဟောဝါ​ရဲ့ အဖွဲ့အစည်း​ဟာ ကမ္ဘာသစ် ဘာသာပြန်​ကျမ်း ကို ဘာသာ​စကား​ပေါင်း ၂၀၀ ကျော်​နဲ့ ထုတ်ဝေ​ထား​တဲ့​အတွက် ဘုရား​နာမည် ပါ​တဲ့ ကျမ်းစာ​ကို ကိုယ့်​မိခင်​ဘာသာ​စကားနဲ့ ဖတ်နိုင်ကြပြီ။