၁၉၂၁—လွန်ခဲ့တဲ့ နှစ်တစ်ရာ
၁၉၂၁၊ ဇန်နဝါရီ ၁ ရက်ထုတ် ကင်းမျှော်စင် မှာ စာဖတ်သူတွေကို “ဒီနှစ်အတွင်း ဘယ်အထူးလုပ်ငန်း လုပ်ဆောင်ကြမလဲ” လို့ မေးခဲ့တယ်။ ပြီးနောက် ဟေရှာယ ၆၁:၁၊ ၂ (ယုဒသန်ကျမ်း) ကို ကိုးကားပြီး ‘ဆင်းရဲသားတို့အား ဝမ်းမြောက်စရာ သတင်းကို ကြားပြောစေခြင်းငှာ၊ ထာဝရဘုရား၏ မင်္ဂလာနှစ်နှင့် ငါတို့ ဘုရားသခင် အပြစ်ပေးတော်မူရာ နေ့ရက်ကာလကို ကြားပြောစေခြင်းငှာ ငါ့ကို ဘိသိက်ပေးတော်မူပြီ’ ဆိုတဲ့ သတင်းကောင်း ဟောပြောရမယ့် တာဝန်ကို သတိပေးခဲ့တယ်။
သတ္တိရှိတဲ့ ဟောပြောသူများ
တာဝန်ကို ပြီးမြောက်အောင် လုပ်နိုင်ဖို့ ကျမ်းစာကျောင်းသားတွေဟာ သတ္တိရှိရမယ်။ စိတ်နှိမ့်ချသူတွေကို “ဝမ်းမြောက်စရာ သတင်း” ကြေညာရုံသာမက လူဆိုးတွေကို ‘အပြစ်ပေးမယ့်နေ့အကြောင်း’ လည်း ကြေညာရမယ်။
ကနေဒါက ညီအစ်ကို ဂျေ အိတ်ခ်ျ ဟော့စ်ကင်းဟာ အတိုက်အခံတွေကြား မကြောက်မရွံ့ ဟောပြောခဲ့တယ်။ ၁၉၂၁၊ နွေဦးမှာ မက်သဒစ် ဓမ္မဆရာ တစ်ယောက်နဲ့ ဆုံတယ်။ ဆွေးနွေးပွဲ အစမှာ ညီအစ်ကို ဟော့စ်ကင်းက “ကျမ်းစာထဲက သဘောတူညီနိုင်တဲ့ အချက်တွေကို ပြောကြတာပေါ့။ မတူညီတဲ့ အပိုင်းတွေ ရှိလာရင်လည်း မိတ်ဆွေတွေအဖြစ်နဲ့ပဲ အေးအေးဆေးဆေး လမ်းခွဲကြတာပေါ့” လို့ ပြောတယ်။ ဒါပေမဲ့ အဲဒီအတိုင်း မဖြစ်ခဲ့ဘူး။ “ကျွန်တော်တို့ မိနစ်အနည်းငယ်လောက်ပဲ စကားပြောရသေးတယ်။ သူ တံခါးကို ဝုန်းခနဲ ထုလိုက်လို့ တံခါးမှန်တွေ ကွဲကျတော့မယ်လို့တောင် ထင်မိတာ” ဆိုပြီး ညီအစ်ကို ဟော့စ်ကင်း ပြောတယ်။
“ခရစ်ယာန် မဟုတ်တဲ့သူတွေဆီ ဘာလို့ သွားမဟောတာလဲ” ဆိုပြီး အော်ပြောတယ်။ ညီအစ်ကို ဟော့စ်ကင်း ဘာမှ ပြန်မပြောဘဲ ထွက်လာခဲ့တယ်။ စိတ်ထဲမှာတော့ ‘ခရစ်ယာန် မဟုတ်တဲ့သူကိုပဲ ငါပြောနေတာလေ’ ဆိုပြီး စဉ်းစားနေမိတယ်။
နောက်တစ်နေ့ ချာ့ခ်ျမှာ ဓမ္မဆရာ တရားဟောတဲ့အခါ ညီအစ်ကို ဟော့စ်ကင်းကို တိုက်ခိုက်ပြောဆိုတယ်။ “ကျွန်တော်နဲ့ပတ်သက်ပြီး သူ့အသင်းသားတွေကို သတိပေးတယ်။ ဒီမြို့ကို လာတဲ့ လူတွေထဲမှာ ကျွန်တော်ဟာ အဆိုးဆုံး လူလိမ်လူညာပဲ၊ သတ်ပစ်သင့်တယ်လို့တောင် ပြောတယ်” ဆိုပြီး ညီအစ်ကို ဟော့စ်ကင်း ပြောပြတယ်။ ဒါပေမဲ့ နည်းနည်းလေးတောင် မတွန့်ဆုတ်ဘဲ ဆက်ဟောပြောလို့ အောင်မြင်မှုတွေ ရလာတယ်။ “ဟောပြောခြင်းမှာ အပျော်ရွှင်ရဆုံး အချိန်တွေပဲ။ တချို့သူတွေဆို ‘ခင်ဗျားက ဘုရားသခင်ရဲ့ လူပဲ’ လို့ ပြောပြီး လိုအပ်တာ ရှိရင် ကူညီပေးမယ်လို့ ကမ်းလှမ်းကြတယ်။”
မိသားစုလိုက်ရော ကိုယ်ပိုင်ပါ ကျမ်းစာလေ့လာ
စိတ်ဝင်စားသူတွေ တိုးတက်အောင် ကူညီပေးဖို့ ကျမ်းစာကျောင်းသားတွေ ထုတ်ဝေတဲ့ ရွှေခေတ် * စာစောင်မှာ ကျမ်းစာလေ့လာမှု အစီအစဉ်တွေကို ထည့်သွင်းခဲ့တယ်။ အဲဒီထဲမှာ မိဘနဲ့ သားသမီးတွေ ဆွေးနွေးနိုင်တဲ့ ကျမ်းစာမေးခွန်းတွေ ပါတယ်။ မိဘတွေက “အဲဒီမှာ ပါတဲ့ မေးခွန်းတွေကို မေးပြီး ကလေးတွေ ကျမ်းစာထဲကနေ အဖြေ ရှာတွေ့အောင် ကူညီပေးကြတယ်။” “ကျမ်းစာထဲမှာ ကျမ်းစောင် ဘယ်နှစောင် ပါသလဲ” စတဲ့ မေးခွန်းတွေက အခြေခံအကြောင်းတွေ သိအောင် ကူညီပေးတယ်။ “စစ်မှန်တဲ့ ခရစ်ယာန်တွေဟာ နှိပ်စက်ညှဉ်းပန်းမှု တစ်မျိုးမျိုးကို ကြုံရနိုင်သလား” စတဲ့ မေးခွန်းတွေက သတ္တိရှိရှိ ဟောပြောနိုင်ဖို့ ကူညီပေးတယ်။
ခေတ်များတစ်လျှောက် ဘုရားသခင့် အစီအစဉ်ကို ထပ်ဆင့် လေ့လာခြင်း ဆိုတဲ့ အစီအစဉ်ကတော့ ရင့်ကျက်တဲ့ ကျမ်းစာကျောင်းသားတွေအတွက် ဖြစ်တယ်။ ဒီအစီအစဉ်မှာ ကျမ်းစာမှ လေ့လာစရာများ ပထမတွဲကို အခြေခံတဲ့ စိတ်ဝင်စားစရာ မေးခွန်းတွေ ပါတယ်။ ဒီအစီအစဉ်ကနေ စာဖတ်သူများစွာ အကျိုးရခဲ့ကြတယ်။ ဒါပေမဲ့ ၁၉၂၁၊ ဒီဇင်ဘာ ၂၁ ရက်ထုတ် ရွှေခေတ် စာစောင်မှာ အဲဒီအစီအစဉ် နှစ်ခုစလုံး ရပ်ဆိုင်းမှာ ဖြစ်ကြောင်း ကြေညာခဲ့တယ်။ ဘာကြောင့်လဲ။
စာအုပ်သစ်
ကျမ်းစာသင်သား အသစ်တွေ အခြေခံ အမှန်တရားကို စနစ်တကျ လေ့လာဖို့ လိုမှန်း ဦးဆောင်သူတွေ သတိထားမိကြတယ်။ ဒါကြောင့် ၁၉၂၁၊ နိုဝင်ဘာမှာ ဘုရားသခင့် စောင်းတော် စာအုပ်ကို ထုတ်ဝေခဲ့တယ်။ စာအုပ်ကို လက်ခံတဲ့ စိတ်ဝင်စားသူတွေဟာ ကိုယ်ပိုင် ကျမ်းစာလေ့လာမှု သင်တန်းမှာ ပါဝင်ဖို့ စာရင်းပေးနိုင်တယ်။ ဒီသင်တန်းက “လူသားတွေကို ထာဝရ အသက် ကောင်းချီးပေးမယ့် ဘုရားသခင့် အစီအစဉ်” အကြောင်း စာဖတ်သူတွေကို သိရှိစေတယ်။ အဲဒါ ထိရောက်ရဲ့လား။
စာအုပ်ကို လက်ခံတဲ့သူဟာ ဖတ်ရှုခြင်း အစီအစဉ် တာဝန်ကတ်ကိုလည်း ရတယ်။ နောက်အပတ်မှာ သူဖတ်ထားတဲ့ အပိုင်းထဲက မေးခွန်းတွေ ပါတဲ့ နောက်ကတ်တစ်ခု ရတယ်။ အဲဒီကတ်ရဲ့ အဆုံးပိုင်းမှာ နောက်အပတ်အတွက် ဖတ်ရှုရမယ့် အပိုင်း ပါတယ်။
သင်သားဟာ ၁၂ ပတ်အထိ အပတ်တိုင်း ကတ်အသစ်တွေကို အနီးဆုံး အသင်းတော်ကနေ ရနေမှာ ဖြစ်တယ်။ အများအားဖြင့် အသင်းတော်မှာ ရှိတဲ့ အသက်ကြီးသူတွေ ဒါမှမဟုတ် တစ်အိမ်တက်ဆင်း မသွားနိုင်သူတွေက ပို့ပေးကြတယ်။ ဥပမာ၊ အမေရိကန်၊ ပင်စီဗေးနီးယားပြည်နယ်၊ မီဗယ်လီမြို့က အဲန်နာ ကေ ဂတ်နာက “ဘုရားသခင့် စောင်းတော် စာအုပ် ထုတ်ဝေလိုက်တော့ ကျန်းမာရေး မကောင်းတဲ့ အစ်မ သဲလ်လည်း အပတ်တိုင်း မေးခွန်းကတ်လေးတွေ ပို့ပြီး အမှုဆောင်မှာ ပိုပါဝင်နိုင်လာတယ်” လို့ ပြောတယ်။ အဲဒီအစီအစဉ် ပြီးသွားတဲ့အခါ သင်သား ကျမ်းစာ ဆက်လေ့လာနိုင်ဖို့ အသင်းတော်က တစ်ယောက်ယောက် သွားကူညီပေးတယ်။
ရှေ့ဆက် လုပ်ငန်း
နှစ်ကုန်ပိုင်းရောက်တော့ ညီအစ်ကို ဂျေ အပ်ဖ် ရပ်သဖော့က အသင်းတော် အားလုံးဆီ စာတစ်စောင် ပို့တယ်။ စာထဲမှာ “နိုင်ငံတော်အကြောင်း သက်သေခံတာဟာ ရိတ်သိမ်းရာကာလ တခြား နှစ်တွေထက် ဒီနှစ် ပိုကျယ်ပြန့်တယ်၊ ပိုထိရောက်တယ်” လို့ ပြောတယ်။ ရှေ့ဆက် “လုပ်စရာတွေ အများကြီး ရှိနေတယ်။ ဒီလုပ်ငန်းမှာ ပါဝင်ဖို့ တခြားသူတွေကို အားပေးကြပါ” လို့ ဆက်ပြောတယ်။ အဲဒီအကြံပေးချက်ကို ကျမ်းစာကျောင်းသားတွေ လိုက်နာခဲ့ကြတာ ထင်ရှားတယ်။ ၁၉၂၂၊ နိုင်ငံတော်သတင်း ကြေညာခြင်းလုပ်ငန်းမှာ အရင်ကထက် သတ္တိရှိရှိ ပါဝင်ခဲ့ကြတယ်။
^ အပိုဒ်၊ 9 ရွှေခေတ် ကို ၁၉၃၇ မှာ နှစ်သိမ့်မှု၊ ၁၉၄၆ မှာ နိုးလော့! လို့ နာမည်ပြောင်းခဲ့တယ်။