မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၄၄

ခရစ်ယာန် မျှော်လင့်ချက်ကို ခိုင်မာနေစေပါ

ခရစ်ယာန် မျှော်လင့်ချက်ကို ခိုင်မာနေစေပါ

“ယေဟောဝါကို မျှော်လင့်ပါ။”—ဆာ. ၂၇:၁၄

သီချင်း  ၁၄၄ ဆုလာဘ်တော်ကို မျက်ခြည်မပြတ်စေနဲ့

အကြို​သုံးသပ်ချက် *

၁။ ကျွန်တော်တို့ကို ယေဟောဝါ ဘယ်​မျှော်လင့်ချက် ပေးထားသလဲ။

 သိပ်ကောင်းတဲ့ ထာဝရ​အသက် မျှော်လင့်ချက် ယေဟောဝါ ပေးထားတယ်။ တချို့က ကောင်းကင်မှာ မသေနိုင်တဲ့ နာမ်ဝိညာဉ် ပုဂ္ဂိုလ်တွေ​အဖြစ် ထာဝစဉ် အသက်ရှင်ဖို့၊ အများစုကတော့ မြေကြီးပေါ်မှာ ဒေါင်ဒေါင်မြည် ကျန်းမာရေး​နဲ့ ပျော်ပျော်ရွှင်ရွှင် ထာဝစဉ် အသက်ရှင်ဖို့ မျှော်လင့်​နေ​ကြတယ်။ (၁ ကော. ၁၅:၅၀၊ ၅၃။ ဗျာ. ၂၁:၃၊ ၄) ကောင်းကင်မှာ ဖြစ်ဖြစ်၊ မြေကြီး​မှာ ဖြစ်ဖြစ် ကျွန်တော်တို့အတွက် ထာဝရ​အသက် မျှော်လင့်ချက်​ဟာ တကယ့်ကို အဖိုးတန်​တဲ့ မျှော်လင့်ချက်ပါပဲ။

၂။ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်က ဘယ်​အပေါ် အခြေခံသလဲ။ ဘာကြောင့် အဲဒီလို ပြော​နိုင်သလဲ။

ကျမ်းစာမှာ သုံးထားတဲ့ “မျှော်လင့်ချက်” ဆိုတဲ့ စကားလုံးကို “ကောင်းတာတွေ ဖြစ်​လာတော့​မယ့် မျှော်လင့်ချက်” လို့ အဓိပ္ပာယ် ဖွင့်နိုင်တယ်။ ယေဟောဝါဆီက လာတာ ဖြစ်လို့ ကျွန်တော်တို့ရဲ့ အနာဂတ် မျှော်လင့်ချက် သိပ်သေချာတယ်။ (ရော. ၁၅:၁၃) ဘုရား ဘာတွေ ကတိ​ပေးထားကြောင်း၊ အဲဒီကတိတွေကို အမြဲ ပြည့်စုံစေကြောင်း ကျွန်တော်တို့ သိကြတယ်။ (တော. ၂၃:၁၉) ကတိ မှန်သမျှကို ဖြည့်ဆည်း​ပေးချင်​တဲ့ ဆန္ဒ​နဲ့ တန်ခိုး ယေဟောဝါ​မှာ ရှိကြောင်း​လည်း သိကြတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်​ဟာ စိတ်ကူးယဉ်​သက်​သက် မဟုတ်ဘူး။ အထောက်အထား​တွေ​နဲ့ အရှိတရားပေါ် အခြေခံ​တယ်။

၃။ ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။ (ဆာလံ ၂၇:၁၄)

ကျွန်တော်တို့ကို ကောင်းကင်ဘုံစံ အဖ​ဘုရား ချစ်တယ်။ မိမိကို ယုံကြည်​ကိုးစားစေချင်တယ်။ (ဆာလံ ၂၇:၁၄ ကို ဖတ်ပါ။) ယေဟောဝါကို အခိုင်အမာ မျှော်လင့်​မယ်​ဆိုရင် အခက်အခဲတွေကို ခံရပ်နိုင်မယ်။ အနာဂတ်​ကို ပျော်ရွှင်စွာ သတ္တိရှိရှိ ရင်ဆိုင်နိုင်မယ်။ မျှော်လင့်ချက်က ဘယ်လို ကာကွယ်ပေးကြောင်း သုံးသပ်ကြစို့။ အရင်ဆုံး၊ မျှော်လင့်ချက်​ဟာ ကျောက်ဆူး၊ သံခမောက်​နဲ့ ဘယ်လို တူကြောင်း ဆွေးနွေးပါမယ်။ မျှော်လင့်ချက်ကို ဘယ်လို ခိုင်မာ​စေနိုင်​ကြောင်း​လည်း ဆွေးနွေးကြပါမယ်။

ကျောက်ဆူးလို မျှော်လင့်ချက်

၄။ မျှော်လင့်ချက်က ကျောက်ဆူး​နဲ့ ဘယ်လို တူသလဲ။ (ဟီဘရူး ၆:၁၉)

ဟီဘရူး ခရစ်ယာန်တွေ​ဆီ တမန်တော် ပေါလု ရေးတဲ့ စာမှာ မျှော်လင့်ချက်ကို ကျောက်ဆူး​နဲ့ ခိုင်းနှိုင်း​တယ်။ (ဟီဘရူး ၆:၁၉ ကို ဖတ်ပါ။) ပေါလု​ဟာ ပင်လယ်​ခရီး သွားလေ့ ရှိသူ ဖြစ်လို့ သင်္ဘော မျောပါ မသွားအောင် ကျောက်ဆူး ချကြတာ သိတယ်။ တစ်ကြိမ်မှာ မုန်တိုင်း မိတယ်။ မုန်တိုင်း​အတွင်း ကျောက်ဆောင်​တွေ​နဲ့ မတိုက်မိအောင် သင်္ဘော​ကို ကာကွယ်ဖို့ သင်္ဘောသားတွေ ကျောက်ဆူး ချကြတာ ပေါလု မြင်တယ်။ (တ. ၂၇:၂၉၊ ၃၉-၄၁) ကျောက်ဆူး​က သင်္ဘော​ကို တည်ငြိမ်စေသလို မျှော်လင့်ချက်က ကျွန်တော်တို့ ဒုက္ခရောက်ချိန်မှာ တည်ငြိမ်စေပြီး ယေဟောဝါနဲ့ တရွေ့ရွေ့ ဝေးမသွားအောင် ကာကွယ်ပေးတယ်။ ခိုင်မာတဲ့ မျှော်လင့်ချက်က မုန်တိုင်း​ပြီးရင် လေပြေ လာမယ်​ဆိုတာ စိတ်ချစေလို့ အခက်အခဲတွေကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်ဖို့ ကူညီပေးတယ်။ ကျွန်တော်တို့ ညှဉ်းဆဲ​ခံရမယ်လို့ ယေရှု သတိပေးခဲ့တာ မမေ့ပါနဲ့။ (ယော. ၁၅:၂၀) ဒါကြောင့် ယေဟောဝါ ကတိပေးထားတဲ့ အနာဂတ်အကြောင်း တွေးတောဆင်ခြင်တာက ခရစ်ယာန် လမ်းစဉ်​မှာ စွဲမြဲ​နေဖို့ ကူညီပေးတယ်။

၅။ သေခြင်းနဲ့ ရင်ဆိုင်​ရချိန်မှာ မျှော်လင့်ချက်က ယေရှုကို ဘယ်လို ခွန်အား ရှိစေသလဲ။

ဝေဒနာ ခံစားပြီး သေရတော့မယ်ဆိုတာ သိတာ​တောင် ဆက်သစ္စာရှိနေဖို့ ယေရှုကို မျှော်လင့်ချက်က ဘယ်လို ကူညီပေးကြောင်း စဉ်းစားကြည့်ပါ။ ယေရှု ဘယ်လောက် စိတ်​တည်ငြိမ်​နေတယ်ဆိုတာ ပြောဖို့ အေဒီ ၃၃၊ ပင်တေကုတ္တေပွဲ​နေ့မှာ ဆာလံ​ကျမ်း ပရောဖက်ပြုချက်​တစ်ခုကို တမန်တော် ပေတရု ဒီလို​ကိုးကား​တယ်– “မျှော်လင့်ချက်​နဲ့ အသက်ရှင်​မယ်။ ကိုယ်တော်​က ကျွန်တော့်ကို သင်္ချိုင်း​မှာ ပစ်ထား​မှာ မဟုတ်ဘူး။ သစ္စာစောင့်သိ​သူကို ပုပ်ပျက်​သွားတဲ့​အဖြစ်မျိုး တွေ့ကြုံ​ခွင့်ပြုမှာ မဟုတ်ဘူး။ . . . ကျွန်တော့်ကို ရှေ့တော်မှာ နေခွင့်ပြုပြီး ဝမ်းမြောက်​စေတယ်။” (တ. ၂:၂၅-၂၈။ ဆာ. ၁၆:၈-၁၁) သေရတော့မယ်ဆိုတာ သိပေမဲ့ ဘုရား ထမြောက်​ပေးမယ်၊ ကောင်းကင်မှာ ဘုရားနဲ့ ပြန်ဆုံဆည်းခွင့် ရမယ်ဆိုတဲ့ ခိုင်မာတဲ့ မျှော်လင့်ချက် ယေရှုမှာ ရှိတယ်။—ဟီ. ၁၂:၂၊ ၃

၆။ မျှော်လင့်ချက်​အကြောင်း ညီအစ်ကို​တစ်ယောက် ဘာပြောသလဲ။

ခရစ်ယာန် မျှော်လင့်ချက်က ညီအစ်ကို/မများစွာ​ကို ခံနိုင်ရည် ရှိစေတယ်။ အင်္ဂလန်​နိုင်ငံ​က သစ္စာရှိ ညီအစ်ကို လဲနာ့ဒ် ချင်း အကြောင်း စဉ်းစားကြည့်ပါ။ ပထမ ကမ္ဘာစစ်အတွင်း စစ်မှုမထမ်းလို့ ထောင်ချခံရတယ်။ နှစ်လ တိုက်ပိတ် ခံရ​ပြီးနောက် အလုပ်ကြမ်း လုပ်ရတယ်။ “ခံနိုင်ရည် ရှိစေတဲ့ မျှော်လင့်ချက် ရှိဖို့ ဘယ်လောက် အရေးကြီး​မှန်း ကျွန်တော့်​အဖြစ်​က နားလည်စေတယ်။ ယေရှု၊ တမန်တော်တွေ၊ ပရောဖက်တွေ​ရဲ့ ပုံသက်သေတွေ ကျွန်တော်တို့ သိထားတယ်။ ကျမ်းစာမှာ ပါတဲ့ အဖိုးတန် ကတိတွေ​လည်း ရထားတယ်။ အဲဒါတွေ​အားလုံးက အနာဂတ် မျှော်လင့်ချက်​နဲ့ ခံနိုင်ရည်​ခွန်အား ရှိစေတယ်” လို့ ပြောတယ်။ လဲနာ့ဒ်​အတွက် မျှော်လင့်ချက်​ဟာ ကျောက်ဆူးလို ဖြစ်ခဲ့​သ​လို ကျွန်တော်တို့အတွက်​လည်း ဖြစ်နိုင်ပါတယ်။

၇။ အခက်အခဲတွေ​က မျှော်လင့်ချက်ကို ဘယ်လို ပိုခိုင်မာစေသလဲ။ (ရောမ ၅:၃-၅။ ယာကုပ် ၁:၁၂)

အခက်အခဲတွေ ကြုံရတဲ့အခါ ယေဟောဝါရဲ့ အကူအညီနဲ့ ခံရပ်နိုင်​လို့ ဘုရား​မျက်နှာသာ ရ​နေမှန်း သိလာတယ်။ အဲဒါက မျှော်လင့်ချက် ပိုခိုင်မာစေတယ်။ (ရောမ ၅:၃-၅။ ယာကုပ် ၁:၁၂ ကို ဖတ်ပါ။) ဒီလိုနဲ့ သတင်းကောင်း ဦးဆုံး​လက်ခံချိန်ကထက် မျှော်လင့်ချက် ပိုခိုင်မာလာတယ်။ အခက်အခဲတွေ​ကြား ခေါင်း​မ​ထောင်​နိုင်အောင် စာတန် ဖြစ်စေချင်ပေမဲ့ ယေဟောဝါရဲ့ အကူအညီနဲ့ ကျွန်တော်တို့ အောင်မြင်စွာ ခံရပ်နိုင်ပါတယ်။

သံခမောက်​လို မျှော်လင့်ချက်

၈။ မျှော်လင့်ချက်က သံခမောက်​နဲ့ ဘယ်လို တူသလဲ။ (၁ သက်သာလောနိတ် ၅:၈)

ကျမ်းစာမှာ မျှော်လင့်ချက်ကို သံခမောက်​နဲ့ ခိုင်းနှိုင်းထားတယ်။ (၁ သက်သာလောနိတ် ၅:၈ ကို ဖတ်ပါ။) ရန်သူ့​လက်ချက်ကြောင့် ခေါင်း​မထိအောင် ကာကွယ်ဖို့ စစ်သားတွေ သံခမောက် ဆောင်းကြတယ်။ စာတန်နဲ့ တိုက်တဲ့ တိုက်ပွဲ​မှာ​လည်း ကျွန်တော်တို့ရဲ့ ဉာဏ်စွမ်း​ကို ကာကွယ်​ရမယ်။ အတွေးအခေါ်ကို ပျက်စီး​စေနိုင်​တဲ့ သွေးဆောင်မှု၊ အယူအဆ အမျိုးမျိုး စာတန် သုံး​နေ​တယ်။ သံခမောက်​က စစ်သားရဲ့ ခေါင်းကို ကာကွယ်ပေးသလို မျှော်လင့်ချက်က ယေဟောဝါကို ဆက်သစ္စာရှိနိုင်ဖို့ ကျွန်တော်တို့ရဲ့ အတွေးအခေါ်ကို ကာကွယ်ပေးတယ်။

၉။ လူတွေ မျှော်လင့်ချက် မရှိလို့ ဘာဖြစ်​နေ​ကြသလဲ။

ထာဝရ​အသက် မျှော်လင့်ချက်က ဉာဏ်ပညာ၊ ပိုင်းခြား​သိမြင်မှု ရှိရှိ လုပ်ဆောင်ဖို့ ကူညီပေးပါလိမ့်မယ်။ ဒါပေမဲ့ မျှော်လင့်ချက် မခိုင်မာဘူး၊ ကိုယ့်​အလိုဆန္ဒတွေကို​ပဲ စိတ်ထဲ စဉ်းစား​လာပြီ​ဆိုရင် ထာဝရ​အသက် ပန်းတိုင်ကို မျက်ခြည်ပြတ်​သွားနိုင်တယ်။ ကောရိန္သု​မြို့က ရှေးခရစ်ယာန်​တချို့​အကြောင်း စဉ်းစားကြည့်ပါ။ ဘုရားသခင် ပေးထားတဲ့ အဓိက ကတိ​တစ်ခု ဖြစ်တဲ့ ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်ကို မယုံကြတော့ဘူး။ (၁ ကော. ၁၅:၁၂) ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက် မရှိသူတွေဟာ လက်ရှိ​အတွက်ပဲ အသက်ရှင်ကြတယ်လို့ ပေါလု ပြောတယ်။ (၁ ကော. ၁၅:၃၂) ဒီနေ့လည်း ဘုရား​ကတိတွေကို မ​မျှော်လင့်​သူ​များစွာ​ဟာ လောလောဆယ် ပျော်ပျော်​နေ​ရဖို့​လောက်​ပဲ စိတ်​ဝင်စား​ကြတယ်။ ကျွန်တော်တို့ကတော့ ဘုရား​ကတိပေးထားတဲ့ အနာဂတ်​ကို ယုံကြည်တယ်။ အဲဒီ​မျှော်လင့်ချက်​ဟာ သံခမောက်​လို​ပဲ အတွေးအခေါ် ကို ကာကွယ်ပေးတယ်။ ကိုယ့်​အတွက်ပဲ စဉ်းစားပြီး ယေဟောဝါနဲ့ ဆက်ဆံရေး ပျက်စေမယ့် ဘဝ​ပုံစံကို ရှောင်ဖို့ ကူညီပေးတယ်။—၁ ကော. ၁၅:၃၃၊ ၃၄

၁၀။ မျှော်လင့်ချက်က မှားယွင်းတဲ့ အတွေးအခေါ် မဝင်အောင် ဘယ်လို ကာကွယ်​ပေးနိုင်သလဲ။

၁၀ ယေဟောဝါရဲ့ နှစ်သက်မှု ရဖို့ ကြိုးစား​နေလို့လည်း ဘာမှ မထူးပါဘူးဆိုတဲ့ အတွေးအခေါ် ဝင်မလာအောင်လည်း မျှော်လင့်ချက်က ကာကွယ်ပေးတယ်။ ဥပမာ၊ ‘ထာဝစဉ် အသက်ရှင်​ရမယ့်​သူ​တွေ​ထဲ ငါ ဘယ်တော့မှ ပါ​မှာ မဟုတ်ဘူး။ အဲဒီလောက် ငါ မလိမ္မာဘူး။ ဘုရား​စံနှုန်းတွေကို ဘယ်တော့မှ ပြည့်မီမှာ မဟုတ်ဘူး’ လို့ တချို့ စဉ်းစားမိနိုင်တယ်။ ယောဘရဲ့ မိတ်ဆွေ အတုအယောင် ဧလိဖတ် အလားတူ ပြောခဲ့တာ သတိပြု​ပါ။ “သေမျိုး​ဖြစ်တဲ့​လူဟာ ဘယ်လို​လုပ် စင်ကြယ်နိုင်မှာလဲ။” “ကြည့်လေ။ ဘုရားက သန့်ရှင်းသူတွေကိုတောင် မယုံဘူး။ မိုးကောင်းကင်​တောင် ရှေ့တော်မှာ မစင်ကြယ်ဘူး” လို့ ဧလိဖတ် ပြောတယ်။ (ယောဘ ၁၅:၁၄၊ ၁၅) တကယ့် လိမ်လည်မှုကြီးပါပဲ။ အဲဒီလို အတွေးအခေါ်ရဲ့ နောက်ကွယ်​မှာ စာတန် ရှိနေတာ သတိရပါ။ သင် အဲဒီလို တွေးလာရင် မျှော်လင့်ချက် မှေးမှိန်​လာမယ်​ဆိုတာ စာတန် သိတယ်။ ဒါကြောင့် အဲဒီလို အလိမ်အညာတွေကို ငြင်းပယ်ပါ။ ယေဟောဝါရဲ့ ကတိတွေကို အာရုံစိုက်ပါ။ သင့်ကို ဘုရား ထာဝစဉ် အသက်ရှင်စေချင်ကြောင်း၊ အဲဒီလို ထာဝစဉ် အသက်ရှင်နိုင်ဖို့ ကူညီပေးမှာ ဖြစ်ကြောင်း ဘယ်တော့မှ သံသယ မဝင်ပါနဲ့။—၁ တိ. ၂:၃၊ ၄

မျှော်လင့်ချက် ခိုင်မာနေစေပါ

၁၁။ မျှော်လင့်ချက် ပြည့်စုံမယ့် အချိန်ကို စောင့်ဆိုင်းရင်း စိတ်ရှည်ဖို့ ဘာကြောင့် လိုသလဲ။

၁၁ မျှော်လင့်ချက် ခိုင်မာ​နေဖို့ အမြဲတော့ မလွယ်ဘူး။ ဘုရားကို စောင့်ဆိုင်းရင်း စိတ်မရှည် ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ ယေဟောဝါဟာ ထာဝစဉ် တည်လို့ အချိန်နဲ့​ပတ်သက်တဲ့ ဘုရား​အမြင်ဟာ ကျွန်တော်တို့ အမြင်နဲ့ မတူဘူး။ (၂ ပေ. ၃:၈၊ ၉) မိမိ​ရည်ရွယ်ချက်ကို ဘုရား အကောင်းဆုံးနည်းနဲ့ အကောင်အထည် ဖော်မှာ ဖြစ်ပေမဲ့ ကျွန်တော်တို့ မျှော်လင့်​ထားတဲ့ အချိန်​အတိုင်း ဖြစ်ချင်​မှ ဖြစ်မယ်။ ကတိတွေ ဘုရား ပြည့်စုံစေမယ့် အချိန်ကို ကျွန်တော်တို့ စိတ်ရှည်ရှည် စောင့်ဆိုင်းရင်း မျှော်လင့်ချက် ခိုင်မာနေအောင် ဘာက ကူညီပေးနိုင်သလဲ။—ယာ. ၅:၇၊ ၈

၁၂။ ဟီဘရူး ၁၁:၁၊ ၆ အရ မျှော်လင့်ချက်​ဟာ ယုံကြည်ခြင်း​နဲ့ ဘယ်လို ဆက်စပ်နေသလဲ။

၁၂ မျှော်လင့်ချက် ပြည့်စုံအောင် လုပ်ပေးမယ်လို့ ကတိပြုထားတဲ့​အရှင် ယေဟောဝါနဲ့ ဆက်​ရင်းနှီးအောင် ကြိုးစား​နေမယ်​ဆိုရင် မျှော်လင့်ချက် ခိုင်မာ​နေပါလိမ့်မယ်။ “ဘုရားသခင် တည်ရှိတယ်၊” “မိမိကို ထက်ထက်သန်သန် ရှာဖွေသူကို ဆုချ​တဲ့​အရှင်” ဖြစ်တယ်ဆိုတာ ယုံကြည်​မှ မျှော်လင့်ချက် ရှင်သန်​နေမယ်။ (ဟီဘရူး ၁၁:၁၊  ကို ဖတ်ပါ။) ယေဟောဝါကို ပိုယုံကြည်လေ ကတိ မှန်သမျှကို ပြည့်စုံစေမယ်ဆိုတာ ပိုစိတ်ချလေ ဖြစ်လာမယ်။ ယေဟောဝါနဲ့ ဆက်ဆံရေး ပိုကောင်းအောင်၊ မျှော်လင့်ချက် ပိုခိုင်မာအောင် ကူညီပေးမယ့် လက်တွေ့ကျ အချက်တွေကို ဆွေးနွေး​ကြည့်ကြစို့။

ဆုတောင်းတာ၊ တွေးတောတာက မျှော်လင့်ချက် ခိုင်မာနေစေ (စာပိုဒ် ၁၃-၁၅ ကို ကြည့်ပါ) *

၁၃။ ဘုရားနဲ့ ဘယ်လို ရင်းနှီး​နိုင်သလဲ။

၁၃ ယေဟောဝါဆီ ဆုတောင်းပါ။ ကျမ်းစာ ဖတ်ပါ။ ယေဟောဝါကို မမြင်နိုင်ပေမဲ့ ဘုရားနဲ့ ရင်းနှီး​နိုင်တယ်။ ဘုရား နားထောင်ပေးမယ်ဆိုတာ စိတ်ချပြီး ဆုတောင်း​စကားပြောနိုင်တယ်။ (ယေ. ၂၉:၁၁၊ ၁၂) ကျမ်းစာ ဖတ်ခြင်း၊ တွေးတောဆင်ခြင်ခြင်းအားဖြင့် ဘုရား ပြောတာ နားထောင်နိုင်တယ်။ ရှေးသစ္စာရှိ ကျေးကျွန်တွေကို ယေဟောဝါ ဘယ်လို ဂရုစိုက်ကြောင်း ဖတ်ရတဲ့အခါ မျှော်လင့်ချက် ပိုခိုင်မာလာပါလိမ့်မယ်။ ကျမ်းစာမှာ ရေးထားသမျှဟာ “ကျွန်တော်တို့ကို သွန်သင်​ဆုံးမ​ဖို့ ဖြစ်တယ်။ ကျမ်းစာက ကျွန်တော်တို့ကို ခံနိုင်ရည်နဲ့ နှစ်သိမ့်မှု ပေးတဲ့အတွက် မျှော်လင့်ချက် ရှိစေတယ်။”—ရော. ၁၅:၄

၁၄။ တခြားသူတွေ​အတွက် ယေဟောဝါ လုပ်ပေးတာ​တွေ​ကို ဘာကြောင့် တွေးတောသင့်သလဲ။

၁၄ ကတိတွေကို ယေဟောဝါ ဘယ်လို ပြည့်စုံစေကြောင်း တွေးတောပါ။ အာဗြဟံ​နဲ့ စာရာ​အတွက် ဘုရား ဘာလုပ်​ပေးတယ်ဆိုတာ စဉ်းစားကြည့်ပါ။ သားသမီး မရနိုင်တော့တဲ့ အသက်အရွယ်မှာ သားတစ်ယောက် ရမယ်လို့ ဘုရား ကတိပေးတယ်။ (က. ၁၈:၁၀) အာဗြဟံ ဘယ်လို တုံ့ပြန်သလဲ။ ‘လူမျိုး​များစွာ​ရဲ့ ဖခင် ဖြစ်လာမယ် ဆိုတဲ့ ကတိတော်ကို’ အာဗြဟံ ‘ယုံကြည်တယ်’ လို့ ကျမ်းစာ ပြောတယ်။ (ရော. ၄:၁၈) လူ့ရှုထောင့်က ကြည့်ရင် မ​ဖြစ်နိုင်​ပုံ ပေါက်ပေမဲ့ ယေဟောဝါ ကတိ ပြည့်စုံစေမယ်ဆိုတာ အာဗြဟံ ယုံကြည်​စိတ်ချတယ်။ အဲဒီ​သစ္စာရှိသူ စိတ်မပျက်ခဲ့ရပါဘူး။ (ရော. ၄:၁၉-၂၁) ဘယ်လောက်ပဲ မ​ဖြစ်နိုင်​ပုံ ပေါက်နေရင်တောင် ကတိတွေကို ယေဟောဝါ ပြည့်စုံစေမယ်ဆိုတာ အမြဲ စိတ်ချနိုင်ကြောင်း အဲဒီလို မှတ်တမ်းတွေက သင်ပေးတယ်။

၁၅။ ကျွန်တော်တို့အတွက် ဘုရား လုပ်ပေးတာ​တွေ​ကို ဘာကြောင့် တွေးတောသင့်သလဲ။

၁၅ သင့်အတွက် ယေဟောဝါ လုပ်ပေးတာ​တွေ​ကို တွေးတောပါ။ ကျမ်းစာပါ ဘုရား​ကတိတွေ ပြည့်စုံတာ​ကနေ သင် ဘယ်လို သတ်သတ်မှတ်မှတ် အကျိုးရသလဲဆိုတာ စဉ်းစားကြည့်ပါ။ ဥပမာ၊ ဘဝ လိုအပ်ရာတွေ ဘုရား ထောက်မ​ပေးမယ်​လို့ ယေရှု ကတိပေးတယ်။ (မ. ၆:၃၂၊ ၃၃) သန့်ရှင်းသော စွမ်းအားတော် တောင်းရင် ယေဟောဝါ ပေးမယ်လို့လည်း အာမခံတယ်။ (လု. ၁၁:၁၃) အဲဒီကတိတွေ ယေဟောဝါ တည်ပါတယ်။ သင့်အတွက် ဘုရား ပြည့်စုံစေခဲ့တဲ့ တခြား​ကတိတွေ​လည်း ရှိမှာ​ပါ။ ဥပမာ၊ သင့်ကို ခွင့်လွှတ်​မယ်၊ နှစ်သိမ့်ပေးမယ်၊ အချိန်တန် ဘုရားရေးရာ အစာ ကျွေးမယ်လို့ ကတိပေးထားတယ်။ (မ. ၆:၁၄။ ၂၄:၄၅။ ၂ ကော. ၁:၃) သင့်အတွက် ဘုရား လုပ်​ပေးခဲ့တာ​တွေ​ကို တွေးတော​မယ်​ဆိုရင် အနာဂတ်မှာ ဘုရား လုပ်ပေးမယ့် အရာတွေ​အပေါ် မျှော်လင့်ချက် ပိုခိုင်မာလာပါလိမ့်မယ်။

မျှော်လင့်ချက်ကြောင့် ဝမ်းမြောက်နေပါ

၁၆။ မျှော်လင့်ချက်​ဟာ ဘာကြောင့် အဖိုးတန် လက်ဆောင် ဖြစ်သလဲ။

၁၆ ထာဝရ​အသက် မျှော်လင့်ချက်​ဟာ ဘုရားပေး အဖိုးတန် လက်ဆောင်​ပါ။ သိပ်ကောင်းတဲ့ အနာဂတ်​ကို ကျွန်တော်တို့ စောင့်မျှော်နေတယ်။ အဲဒီ​အနာဂတ် ကျိန်းသေ ရမယ်ဆိုတာ စိတ်ချနိုင်တယ်။ မျှော်လင့်ချက်​ဟာ ကျောက်ဆူး​လို​ပဲ အခက်အခဲ၊ နှိပ်စက်​ညှဉ်းပန်းမှု၊ သေခြင်းကိုတောင် တည်တည်ငြိမ်ငြိမ် ခံရပ်​စေနိုင်​တယ်။ သံခမောက်​လို​ပဲ အမှားကို ရှောင်ပြီး အမှန်အတိုင်း လုပ်နိုင်အောင် အတွေးအခေါ်ကို ကာကွယ်ပေးတယ်။ ကျမ်းစာ​အခြေပြု မျှော်လင့်ချက်က ဘုရားနဲ့ ရင်းနှီး​စေတယ်။ ကျွန်တော်တို့ကို ဘုရား ဘယ်လောက် ချစ်ကြောင်း သိစေတယ်။ မျှော်လင့်ချက် ခိုင်မာအောင် လုပ်နေ​ရင် အကျိုး များစွာ ရရှိမယ်။

၁၇။ မျှော်လင့်ချက်က ဘာကြောင့် ဝမ်းမြောက်စေသလဲ။

၁၇ “မျှော်လင့်ချက်ကြောင့် ဝမ်းမြောက်နေပါ” လို့ ရောမ​အသင်းတော်ဆီ ရေးတဲ့ စာမှာ တမန်တော် ပေါလု အားပေးတယ်။ (ရော. ၁၂:၁၂) ဆက်သစ္စာရှိနေရင် ကောင်းကင်မှာ ထာဝရ​အသက် ရမယ်ဆိုတာ သေချာ​လို့ ပေါလု ဝမ်းမြောက်နိုင်တယ်။ ကျွန်တော်တို့လည်း ကတိတွေကို ယေဟောဝါ ပြည့်စုံစေမယ်ဆိုတာ စိတ်ချ​လို့ မျှော်လင့်ချက်ကြောင့် ဝမ်းမြောက်နိုင်ကြတယ်။ ဆာလံဆရာ ပြောသလို ‘အမြဲ သစ္စာရှိတဲ့​အရှင် ယေဟောဝါကို မျှော်လင့်တဲ့​သူဟာ ပျော်ရွှင်​ချမ်းမြေ့​ပါတယ်။’—ဆာ. ၁၄၆:၅၊ ၆

သီချင်း ၁၃၉ မြင်ယောင်ကြည့်ပါ၊ ကမ္ဘာသစ်မှာ

^ သိပ်ကောင်းတဲ့ အနာဂတ် မျှော်လင့်ချက် ယေဟောဝါ ပေးထားတယ်။ အဲဒီ​မျှော်လင့်ချက်က ကျွန်တော်တို့ကို အားရှိစေတယ်။ အခု ကြုံနေရတဲ့ ပြဿနာတွေကို အာရုံမစိုက်​ဖို့ ကူညီပေးတယ်။ ဘယ်အခက်အခဲ​ပဲ ကြုံရပါစေ ဆက်သစ္စာရှိနေဖို့ ခွန်အားပေးတယ်။ အတွေးအခေါ် မမှားဖို့ ကူညီပေးတယ်။ ခရစ်ယာန် မျှော်လင့်ချက် ခိုင်မာနေစေသင့်တဲ့ အကြောင်းရင်းတွေကို ဒီဆောင်းပါးမှာ ဆွေးနွေးကြပါမယ်။

^ ပုံအညွှန်း – သံခမောက်က စစ်သားရဲ့ ခေါင်းကို ကာကွယ်ပေးသလို၊ ကျောက်ဆူးက သင်္ဘောကို တည်ငြိမ်စေသလို ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်က အတွေးအခေါ်ကို ကာကွယ်ပေးပြီး အခက်အခဲတွေ ကြုံရချိန်မှာ တည်ငြိမ်စေတယ်။ ညီအစ်မတစ်ယောက် ယေဟောဝါဆီ စိတ်ချလက်ချ ဆုတောင်းနေ။ အာဗြဟံအတွက် ကတိတွေ ဘုရား ဘယ်လို ပြည့်စုံစေကြောင်း ညီအစ်ကိုတစ်ယောက် တွေးတောနေ။ ကိုယ့်ကို ဘုရား ဘယ်လို ကောင်းချီးပေးတယ်ဆိုတာ နောက်ညီအစ်ကိုတစ်ယောက် စဉ်းစားနေ။