မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၄၃

စစ်မှန်တဲ့ ဉာဏ်ပညာ ဟစ်အော်နေ

စစ်မှန်တဲ့ ဉာဏ်ပညာ ဟစ်အော်နေ

“စစ်မှန်တဲ့ ဉာဏ်ပညာ​က လမ်းပေါ်မှာ ဟစ်အော်​နေ​တယ်။ လူထု​ရင်ပြင်​တွေ​မှာ ကြွေးကြော်​နေ​တယ်။”—ပညာ. ၁:၂၀

သီချင်း ၈၈ ကိုယ်တော့်လမ်းစဉ်တွေအကြောင်း သိနားလည်စေပါ

အကြို​သုံးသပ်ချက် *

၁။ ဉာဏ်ပညာ ဟစ်အော်​တာကို လူ​များစွာ ဘယ်လို တုံ့ပြန်​ကြသလဲ။ (ပညာအလိမ္မာ ၁:၂၀၊ ၂၁)

 နိုင်ငံ​များစွာမှာ လမ်းပေါ် ဖြတ်သန်း​သွားလာ​သူတွေကို စာပေ ဝေငှ​နေတဲ့ သတင်းကောင်း ကြေညာသူတွေကို တွေ့ရလေ့ရှိတယ်။ အဲဒီ​အမှုဆောင်လုပ်ငန်းမှာ ပါဝင်ဖူး​သ​လား။ ပါ​ဝင်ဖူး​တယ်​ဆိုရင် မိမိ​စကားကို လူတွေ ကြားအောင် ဉာဏ်ပညာ ဟစ်အော်​နေ​တယ်​ဆိုတဲ့ ပညာအလိမ္မာ​ကျမ်း​ထဲက သရုပ်ဖော်ချက်ကို စဉ်းစားမိ​မှာ​ပဲ။ (ပညာအလိမ္မာ ၁:၂၀၊ ၂၁ ကို ဖတ်ပါ။) ကျမ်းစာ၊ ကျမ်းစာ​အခြေပြု စာပေတွေမှာ ယေဟောဝါရဲ့ ဉာဏ်ပညာ ဖြစ်တဲ့ “စစ်မှန်တဲ့ ဉာဏ်ပညာ” ပါတယ်။ အသက်​လမ်းပေါ် ခြေချနိုင်ဖို့ အဲဒီဉာဏ်ပညာကို လူတွေ လိုအပ်တယ်။ လူတစ်ယောက် စာပေ လက်ခံတဲ့အခါ ကျွန်တော်တို့ ဝမ်းသာတယ်။ ဒါပေမဲ့ လူတိုင်း လက်ခံတာတော့ မဟုတ်ဘူး။ တချို့က ကျမ်းစာ စိတ်မဝင်စားကြဘူး။ တချို့က ကျွန်တော်တို့ကို လှောင်ရယ်ကြတယ်။ ကျမ်းစာ ခေတ်​နောက်ကျ​သွားပြီ​လို့ ထင်ကြ​တယ်။ ကိုယ်ကျင့်တရား​နဲ့​ပတ်သက်တဲ့ ကျမ်းစာ သွန်သင်ချက်တွေကို ဝေဖန်​ကြတယ်။ အဲဒီအတိုင်း လိုက်လျှောက်​သူတွေကို အကြင်နာတရား မရှိသူတွေ၊ တစ်ယူသန်သမားတွေလို့ စွပ်စွဲ​ကြတယ်။ ဒါပေမဲ့ စစ်မှန်တဲ့ ဉာဏ်ပညာ လူတိုင်း ရအောင် ယေဟောဝါ ဆက်​စီစဉ်​ပေးနေတယ်။ ဘယ်နည်းတွေနဲ့လဲ။

၂။ စစ်မှန်တဲ့ ဉာဏ်ပညာကို ဒီနေ့ခေတ်မှာ ဘယ်လို ရနိုင်သလဲ။ လူ​အများစု ဘာလုပ်​ကြသလဲ။

စစ်မှန်တဲ့ ဉာဏ်ပညာကို ယေဟောဝါ ကြား​သိစေတဲ့ တစ်နည်းကတော့ ကျမ်းစာအားဖြင့်​ပါပဲ။ ကျမ်းစာကို လူတိုင်း​နီးပါး ရနိုင်ပြီ။ ကျမ်းစာ​အခြေပြု စာပေတွေ​ကော။ ယေဟောဝါရဲ့ ကောင်းချီးကြောင့် ဘာသာစကား ၁၀၀၀ ကျော်​နဲ့ ရနိုင်ပြီ။ အဲဒါတွေကို ဖတ်ရှု​လေ့လာ၊ လက်တွေ့​ကျင့်သုံး​သူ​တွေ အကျိုး ရ​ကြပါလိမ့်မယ်။ ဒါပေမဲ့ လူ​အများစုကတော့ စစ်မှန်တဲ့ ဉာဏ်ပညာ​ရဲ့ အသံကို ဂရုမစိုက်ကြဘူး။ ဆုံးဖြတ်ချက်တွေ ချတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဒါမှမဟုတ် လူလူချင်းကို​ပဲ အားကိုးချင်ကြတယ်။ ကျမ်းစာ​သွန်သင်ချက်​အတိုင်း လိုက်နာ​တဲ့ ကျွန်တော်တို့ကို အထင်တောင်သေးကြတယ်။ လူတွေ ဘာကြောင့် အဲဒီလို တုံ့ပြန်​ကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးကြပါမယ်။ ဦးဆုံး၊ ယေဟောဝါဆီက ဉာဏ်ပညာ ဘယ်လို ရနိုင်​ကြောင်း ဆွေးနွေးပါမယ်။

ယေဟောဝါနဲ့​ပတ်သက်တဲ့ အသိပညာက ဉာဏ်ပညာ ရ​ရှိစေ

၃။ စစ်မှန်တဲ့ ဉာဏ်ပညာ​မှာ ဘာပါဝင်သလဲ။

ဉာဏ်ပညာ​ဆိုတာ သိထားတာကို သုံးပြီး ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်စွမ်းကို ဆိုလိုတယ်။ ဒါပေမဲ့ စစ်မှန်တဲ့ ဉာဏ်ပညာ​မှာ အဲဒီထက်မက ပါဝင်တယ်။ “ယေဟောဝါကို ကြောက်ရွံ့​ရိုသေခြင်း​ဟာ ဉာဏ်ပညာ​ရဲ့ မူလအစ​ပဲ။ အသန့်ရှင်းဆုံး​အရှင်ရဲ့ အကြောင်းကို သိရှိခြင်း​ဟာ သိနားလည်မှု​ပဲ” လို့ ကျမ်းစာ ပြောတယ်။ (ပညာ. ၉:၁၀) ဒါကြောင့် အရေးကြီး ဆုံးဖြတ်ချက်တွေ ချဖို့ လိုလာတဲ့အခါ ‘အသန့်ရှင်းဆုံး​အရှင်​နဲ့​ပတ်သက်တဲ့ အသိပညာ၊’ တစ်နည်းအားဖြင့် ယေဟောဝါရဲ့ စဉ်းစားပုံကို အခြေခံ​သင့်​တယ်။ ကျမ်းစာ၊ ကျမ်းစာ​အခြေပြု စာပေတွေ ဖတ်ရှု​လေ့လာခြင်းအားဖြင့် အဲဒီလို လုပ်ဆောင်နိုင်တယ်။ ဒါဆိုရင် စစ်မှန်တဲ့ ဉာဏ်ပညာ ရှိကြောင်း ပြရာရောက်တယ်။—ပညာ. ၂:၅-၇

၄။ ယေဟောဝါ တစ်ပါးတည်းသာ ဘာကြောင့် စစ်မှန်တဲ့ ဉာဏ်ပညာ ပေးနိုင်သလဲ။

ယေဟောဝါ တစ်ပါးတည်းသာ စစ်မှန်တဲ့ ဉာဏ်ပညာ ပေးနိုင်တယ်။ (ရော. ၁၆:၂၇) ယေဟောဝါဟာ ဘာကြောင့် ဉာဏ်ပညာ ရင်းမြစ် ဖြစ်သလဲ။ ပထမ၊ ဖန်ဆင်း​ရှင် ဖြစ်တဲ့အတွက် ဖန်ဆင်းရာတွေ​အကြောင်း မသိတာ မရှိဘူး။ (ဆာ. ၁၀၄:၂၄) ဒုတိယ၊ ယေဟောဝါရဲ့ လုပ်ဆောင်မှု​အားလုံးမှာ ဉာဏ်ပညာ ပေါ်လွင်​ထင်ရှားတယ်။ (ရော. ၁၁:၃၃) တတိယ၊ ယေဟောဝါရဲ့ ပညာရှိ အကြံဉာဏ်ဟာ လိုက်နာ​ကျင့်သုံး​သူတွေကို အမြဲ အကျိုး​ရရှိစေတယ်။ (ပညာ. ၂:၁၀-၁၂) စစ်မှန်တဲ့ ဉာဏ်ပညာ ရဖို့​ဆိုရင် အဲဒီ အခြေခံ အမှန်တရားတွေကို လက်ခံရမယ်။ ဆုံးဖြတ်ချက် ချတဲ့အခါ ဖြစ်စေ၊ ဘာမဆို လုပ်ဆောင်တဲ့အခါ ဖြစ်စေ အဲဒါတွေ​ရဲ့ လမ်းညွှန်မှု ခံယူ​ရမယ်။

၅။ ယေဟောဝါကို စစ်မှန်တဲ့ ဉာဏ်ပညာ ရင်းမြစ်အဖြစ် အသိအမှတ် မပြုလို့ လူတွေ ဘာရလဒ် ရနေသလဲ။

အမှုဆောင်မှာ ဆုံတွေ့​ရသူ များစွာ​ဟာ သဘာဝတရား​ရဲ့ အံ့ဖွယ်​ဒီဇိုင်း​ကို အံ့ဩမိန်းမောကြပေမဲ့ ဖန်ဆင်း​ရှင်​ကိုတော့ ငြင်းပယ်​ကြတယ်။ ဆင့်ကဲအယူကို​ပဲ ထောက်ခံကြတယ်။ တချို့ကလည်း ဘုရားကို ယုံတယ်​လို့ ပြောပေမဲ့ ကျမ်းစာ စံနှုန်းတွေကို ခေတ်​နောက်ကျ​သွားပြီ​လို့ ယူဆကြတယ်။ ကိုယ့်လမ်းကိုယ်​လျှောက်ဖို့ ရွေးချယ်​ကြတယ်။ ဘာရလဒ် ရနေသလဲ။ ဘုရားသခင့် ဉာဏ်ပညာ​အစား ကိုယ့်​ဉာဏ်ပညာကို အားကိုးလို့ ပိုကောင်းတဲ့ ကမ္ဘာကြီး ဖြစ်လာသလား။ စစ်မှန်တဲ့ ပျော်ရွှင်မှု၊ အနာဂတ်​အတွက် ခိုင်မာတဲ့ မျှော်လင့်ချက် ရှိနေ​သ​လား။ ပတ်ဝန်းကျင်​မှာ မြင်တွေ့​နေ​ရတာတွေ​က “ယေဟောဝါကို ဆန့်ကျင်တဲ့ဘက်မှာ ဉာဏ်ပညာ၊ ပိုင်းခြား​သိမြင်မှု၊ အကြံဉာဏ် တစ်ခုမှ မရှိဘူး” ဆိုတဲ့ အမှန်တရားကို ထင်ရှားစေတယ်။ (ပညာ. ၂၁:၃၀) စစ်မှန်တဲ့ ဉာဏ်ပညာကို ရှာဖို့ လှုံ့ဆော်​ပေး​သင့်​တဲ့ အကြောင်းကောင်းပါပဲ။ လူ​အများစုကတော့ အဲဒီလို မရှာကြဘူး။ ဘာကြောင့်လဲ။

စစ်မှန်တဲ့ ဉာဏ်ပညာကို လူတွေ ဘာကြောင့် ငြင်းပယ်

၆။ ပညာအလိမ္မာ ၁:၂၂-၂၅ အရ စစ်မှန်တဲ့ ဉာဏ်ပညာကို ဘယ်သူတွေ ငြင်းပယ်​ကြသလဲ။

စစ်မှန်တဲ့ ဉာဏ်ပညာ “လမ်းပေါ်မှာ ဟစ်အော်” တာကို လူ​များစွာ နားမထောင်ကြဘူး။ ကျမ်းစာအရ ဉာဏ်ပညာကို ငြင်းပယ်​တဲ့ အုပ်စု သုံးစု ရှိတယ်။ “အတွေ့အကြုံ မရှိသူ၊” “လှောင်ပြောင်တတ်သူ၊” “လူမိုက်” တို့ ဖြစ်တယ်။ (ပညာအလိမ္မာ ၁:၂၂-၂၅ ကို ဖတ်ပါ။) သူတို့ ဘာကြောင့် ဘုရား​ဉာဏ်ပညာကို ငြင်းပယ်​ကြ​ကြောင်း၊ သူတို့​လို မဖြစ်အောင် ဘယ်လို ရှောင်နိုင်ကြောင်း ကြည့်ကြစို့။

၇။ တချို့က “အတွေ့အကြုံ မရှိသူတွေ” ဆက်​ဖြစ်ဖို့ ဘာကြောင့် ရွေးချယ်ကြသလဲ။

“အတွေ့အကြုံ မရှိသူတွေ” ဟာ ကြားသမျှ ယုံသူ​တွေ၊ အလွယ်တကူ လှည့်စားလို့ ရသူတွေ ဖြစ်တယ်။ (ပညာ. ၁၄:၁၅) အမှုဆောင်မှာ အဲဒီလို​လူတွေကို တွေ့ရလေ့ ရှိတယ်။ ဥပမာ၊ ဘာသာရေး၊ နိုင်ငံရေး ခေါင်းဆောင်တွေကြောင့် လှည့်စားခံနေရသူ သန်းပေါင်း​များစွာ​အကြောင်း စဉ်းစားကြည့်ပါ။ လှည့်စားခံနေရမှန်း သိလာတဲ့အခါ စိတ်ပျက်​သွား​ကြ​သူ တချို့တော့ ရှိပါတယ်။ ဒါပေမဲ့ ပညာအလိမ္မာ ၁:၂၂ မှာ ဖော်ပြထား​သူ​တွေ​ဟာ အတွေ့အကြုံ မရှိသူတွေ ဖြစ်ရတာကို ကြိုက်လို့ အဲဒီလို ဆက်ဖြစ်နေဖို့ ရွေးချယ်ကြတာ။ (ယေ. ၅:၃၁) ကိုယ်ကြိုက်တာ ကိုယ်​လုပ်ချင်ကြတယ်။ ကျမ်းစာကို စိတ်မဝင်စားဘူး။ ကျမ်းစာ​စံနှုန်းတွေအတိုင်း မလိုက်ချင်ဘူး။ ကနေဒါ​နိုင်ငံ၊ ကွီဘက်​မြို့မှာ နေတဲ့ ဘာသာတရား ကိုင်းရှိုင်း​တဲ့ အမျိုးသမီး တစ်ယောက်က “ကျွန်မတို့​ရဲ့ ဘုန်းကြီး လှည့်စားတယ်​ဆိုရင်လည်း အဲဒါ သူ့​အမှား။ ကျွန်မတို့ အမှား မဟုတ်ဘူး” လို့ ပြောတယ်။ လူ​များစွာ​လည်း အဲဒီလို ယူဆကြတယ်။ ဘုရား​ပညတ်​ကို တမင်တကာ ဂရုမစိုက်​သူ​တွေ​လို ကျွန်တော်တို့ မဖြစ်ချင်ကြပါဘူး။—ပညာ. ၁:၃၂။ ၂၇:၁၂

၈။ အတွေ့အကြုံကောင်း ရဖို့ ဘာက ကူညီပေးမလဲ။

အတွေ့အကြုံ မရှိသူတွေ ဆက်​မဖြစ်ဖို့၊ “အရွယ်ရောက်​သူ​တွေ​လို စဉ်းစား” ဖို့ ကျမ်းစာ အားပေးတယ်။ (၁ ကော. ၁၄:၂၀) ဘဝမှာ ကျမ်းစာ မူတွေ ကျင့်သုံးခြင်းအားဖြင့် အတွေ့အကြုံကောင်းတွေ ရ​လာနိုင်တယ်။ အဲဒီ​မူတွေ​က ပြဿနာတွေကို ရှောင်နိုင်ဖို့၊ ပညာရှိ ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ ဘယ်လို ကူညီပေးကြောင်း ကျွန်တော်တို့ တဖြည်းဖြည်း ကိုယ်တွေ့ သိလာကြပြီ။ ဒီကိစ္စမှာ ကိုယ့်​တိုးတက်မှုကို ပုံမှန် စစ်ဆေး​သင့်​တယ်။ သင်ဟာ ကျမ်းစာ လေ့လာ​နေပြီး အစည်းအဝေးတွေ တက်နေတာ အတော်ကြာနေပြီဆိုရင် ဘာကြောင့် ယေဟောဝါဆီ မအပ်နှံသေးတာလဲ၊ နှစ်ခြင်း မခံသေးတာလဲလို့ မေးကြည့်နိုင်တယ်။ နှစ်ခြင်း ခံပြီး​သား ဖြစ်မယ်ဆိုရင်လည်း သတင်းကောင်း ဟောပြော သွန်သင်သူ​အဖြစ် တိုးတက်​နေ​သ​လား။ ကျမ်းစာမူတွေရဲ့ လမ်းညွှန်မှု ခံယူ​နေတယ်ဆိုတာ ဆုံးဖြတ်ချက်တွေ​က ဖော်ပြနေသလား။ တခြားသူတွေ​နဲ့ ဆက်ဆံရာမှာ ခရစ်ယာန် အရည်အသွေးတွေ တင်ပြ​နေ​သ​လား။ တိုးတက်စရာ ရှိနေတယ်ဆိုရင် “အတွေ့အကြုံမရှိသူကို ဉာဏ်ပညာ​ရှိစေ” တဲ့ ယေဟောဝါရဲ့ သတိပေးချက်တွေကို အသေအချာ တွေးတော​သင့်​တယ်။—ဆာ. ၁၉:၇

၉။ ဉာဏ်ပညာကို ငြင်းပယ်​ကြောင်း “လှောင်ပြောင်တတ်သူတွေ” ဘယ်လို ပြကြသလဲ။

ဘုရား​ဉာဏ်ပညာကို ဂရုမစိုက်​တဲ့ ဒုတိယ​အုပ်စုကတော့ “လှောင်ပြောင်တတ်သူတွေ။” အမှုဆောင်မှာ အဲဒီလို လူတွေကို တွေ့ရလေ့ ရှိတယ်။ သူတို့က အလှောင်အပြောင်သန်သူတွေ ဖြစ်တယ်။ (ဆာ. ၁၂၃:၄) နောက်ဆုံး​ကာလမှာ လှောင်ပြောင်တတ်သူတွေ များလာမယ်​လို့ ကျမ်းစာမှာ သတိပေးတယ်။ (၂ ပေ. ၃:၃၊ ၄) ဖြောင့်မတ်သူ လောတရဲ့ သားမက်​တွေ​လို​ပဲ ဒီနေ့ခေတ် လူ​တချို့က ဘုရား​သတိပေးချက်တွေကို ဂရုမစိုက်ကြဘူး။ (က. ၁၉:၁၄) ကျမ်းစာမူတွေအတိုင်း နေထိုင်သူတွေကို လှောင်ပြောင်​ကြတယ်။ “ဘုရားတရားမဲ့​တဲ့ အလိုဆန္ဒတွေနောက် လိုက်” ကြတယ်။ (ယု. ၇၊ ၁၇၊ ၁၈) လှောင်ပြောင်​သူ​တွေ​နဲ့​ပတ်သက်တဲ့ ကျမ်းစာ​ဖော်ပြချက်​ဟာ အယူဖောက်ပြန်သူတွေ၊ ယေဟောဝါကို ငြင်းပယ်သူတွေ​ရဲ့ သဘောထား​နဲ့ တစ်ထပ်တည်း​ပါပဲ။

၁၀။ ဆာလံ ၁:၁ အရ လှောင်ပြောင်တတ်သူတွေ မဖြစ်အောင် ဘယ်လို ရှောင်နိုင်သလဲ။

၁၀ လှောင်ပြောင်တတ်သူတွေ မဖြစ်အောင် ဘယ်လို ရှောင်နိုင်သလဲ။ တစ်နည်းကတော့ ပြစ်တင်​ဝေဖန်တတ်သူတွေနဲ့ မပေါင်းခြင်းအားဖြင့်ပါပဲ။ (ဆာလံ ၁:၁ ကို ဖတ်ပါ။) အယူဖောက်ပြန်သူတွေ​ဆီ​က ဘာမှ နားမထောင်၊ မဖတ်ဖို့ ဆိုလိုတယ်။ သတိမထားဘူးဆိုရင် ပြစ်တင်​ဝေဖန်တတ်တဲ့ သဘော အလွယ်တကူ ကူးစက်​လာနိုင်တယ်။ ယေဟောဝါနဲ့ အဖွဲ့အစည်း လမ်းညွှန်ချက်ကို သံသယ ဝင်လာ​နိုင်တယ်။ အဲဒီလို မဖြစ်အောင် ကိုယ့်ကိုယ်ကိုယ် ဒီလို မေးသင့်တယ်– ‘လမ်းညွှန်ချက်၊ ရှင်းပြချက် အသစ်တွေ ရတဲ့အခါ ပြစ်တင်​ညည်းညူလေ့ ရှိသလား။ ဦးဆောင်​နေသူတွေကို အပြစ်ရှာလေ့ ရှိသလား။’ အဲဒီလို သဘောထားတွေကို ချက်ချင်း ပြုပြင်​မယ်​ဆိုရင် ယေဟောဝါရဲ့ နှစ်သက်မှု ရ​ပါလိမ့်မယ်။—ပညာ. ၃:၃၄၊ ၃၅

၁၁။ ယေဟောဝါရဲ့ ကိုယ်ကျင့်တရား စံနှုန်းတွေကို “လူမိုက်တွေ” ဘယ်လို ရှုမြင်​ကြသလဲ။

၁၁ ဉာဏ်ပညာကို ငြင်းပယ်​တဲ့ တတိယ အုပ်စုကတော့ “လူမိုက်တွေ။” ဘုရားသခင့် ကိုယ်ကျင့်တရား စံနှုန်းတွေကို လိုက်မယ့်​အစား ကိုယ်​မှန်တယ် ထင်တာ လုပ်တဲ့အတွက် မိုက်မဲကြတာ။ (ပညာ. ၁၂:၁၅) အဲဒီလို လူတွေဟာ ဉာဏ်ပညာ ရင်းမြစ် ယေဟောဝါကို ငြင်းပယ်​ကြတယ်။ (ဆာ. ၅၃:၁) အမှုဆောင်မှာ သူတို့နဲ့ ဆုံတဲ့အခါ ကျမ်းစာ စံနှုန်းတွေကို လေးမြတ်​တဲ့ ကျွန်တော်တို့ကို ကြမ်းကြမ်းတမ်းတမ်း ဝေဖန်လေ့ ရှိတယ်။ ဒါပေမဲ့ ပိုကောင်းတဲ့ အသက်တာ သူတို့ မပေးနိုင်ဘူး။ “လူမိုက်​က စစ်မှန်တဲ့​ဉာဏ်ပညာကို လက်လှမ်းမမီနိုင်ဘူး။ မြို့တံခါး​မှာ ထိုင်တဲ့အခါ သူ့မှာ ပြောစရာ ဘာမှမရှိဘူး” လို့ ကျမ်းစာ ပြောတယ်။ (ပညာ. ၂၄:၇) လူမိုက်တွေ​မှာ ဘာအကြံဉာဏ်ကောင်းမှ မရှိဘူး။ ဒါကြောင့် “လူမိုက်​ကို ဝေးဝေးရှောင်” ဖို့ ယေဟောဝါ သတိပေးတာ မဆန်းပါဘူး။—ပညာ. ၁၄:၇

၁၂။ လူမိုက်တွေရဲ့ လမ်းစဉ်ကို ရှောင်နိုင်ဖို့ ဘာက ကူညီပေးမလဲ။

၁၂ ဘုရားသခင့် အကြံဉာဏ်ကို မုန်းတီး​သူ​တွေ​လို မဟုတ်ဘဲ ကျွန်တော်တို့ကတော့ ဘုရားရဲ့ ကိုယ်ကျင့်တရား စံနှုန်းတွေ အပါအဝင် ဘုရား​နည်းလမ်းတွေကို မြတ်နိုး​စိတ် မွေးမြူ​ကြတယ်။ နာခံ​သူနဲ့ မနာခံ​သူ​တွေ ရတဲ့ ရလဒ်​တွေ​ကို နှိုင်းယှဉ်​ကြည့်ခြင်း​အားဖြင့် အဲဒီ​မြတ်နိုး​စိတ် တိုးများ​စေနိုင်​တယ်။ ယေဟောဝါရဲ့ ပညာရှိ အကြံဉာဏ်ကို မိုက်မဲစွာ ငြင်းပယ်​လို့ လူတွေ ဘာဒုက္ခတွေ ကြုံရသလဲ​ဆိုတာ သတိထား​ကြည့်ပါ။ ပြီးနောက် ဘုရားကို နာခံ​လို့ ကိုယ့်​ဘဝ ဘယ်လောက် တိုးတက်​ကောင်းမွန်လာကြောင်း စဉ်းစားပါ။—ဆာ. ၃၂:၈၊ ၁၀

၁၃။ မိမိရဲ့ ပညာရှိ အကြံဉာဏ်ကို နာခံဖို့ ယေဟောဝါ ဖိအား​ပေးသလား။

၁၃ လူတိုင်း ဉာဏ်ပညာ ရနိုင်အောင် ယေဟောဝါ စီစဉ်ပေး​ထားပေမဲ့ လက်ခံဖို့ အတင်းအကျပ် ဖိအား မပေးဘူး။ ဉာဏ်ပညာကို ငြင်းပယ်​ရင် ဘာရလဒ် ရမလဲ​ဆိုတာ ဖော်ပြ​ပေးတယ်။ (ပညာ. ၁:၂၉-၃၂) ယေဟောဝါကို နာမခံ​ဖို့ ရွေးချယ်သူ​တွေ​ဟာ “ကိုယ့်​လမ်းစဉ်​ရဲ့ အကျိုးဆက်တွေကို ပြန်ခံစားရလိမ့်မယ်။” သူတို့ရဲ့ ဘဝ​ပုံစံကြောင့် စိတ်ပျက်​စရာ၊ ဒုက္ခတွေ​ပဲ ကြုံရ​လိမ့်မယ်။ နောက်ဆုံး​မှာ ဖျက်ဆီး​ခံရ​လိမ့်မယ်။ ယေဟောဝါရဲ့ ပညာရှိ အကြံဉာဏ်ကို နားထောင်၊ ကျင့်သုံးသူတွေအတွက်တော့ ‘ငါ့​စကားကို နားထောင်သူက ဘေးကင်း​လုံခြုံစွာ နေ​ရလိမ့်မယ်။ ဘေးဆိုး​ကို မကြောက်ဘဲ အေးချမ်းစွာ နေ​ရလိမ့်မယ်’ လို့ ကျမ်းစာမှာ ကတိပေးထားတယ်။—ပညာ. ၁:၃၃

ကျွန်တော်တို့ကို အကျိုးပြုတဲ့ စစ်မှန်တဲ့ ဉာဏ်ပညာ

အစည်းအဝေးတွေမှာ ပါဝင်တာက ယေဟောဝါနဲ့ ပိုရင်းနှီးစေ (စာပိုဒ် ၁၅ ကို ကြည့်ပါ)

၁၄-၁၅။ ပညာအလိမ္မာ ၄:၂၃ ကနေ ဘာသိရသလဲ။

၁၄ ဘုရားသခင့် ဉာဏ်ပညာကို လိုက်နာကျင့်သုံးရင် အမြဲ အကျိုးရတယ်။ ဆွေးနွေးခဲ့တဲ့အတိုင်း ပညာရှိ အကြံဉာဏ် ဖောဖောသီသီ ရအောင် ယေဟောဝါ စီစဉ်ပေးတယ်။ ဥပမာ၊ ပညာအလိမ္မာကျမ်းမှာ အသက်တာကို တိုးတက်​စေနိုင်​တဲ့ လက်တွေ့ကျ အကြံဉာဏ်တွေ ပေးထားတယ်။ အဲဒီထဲက အကြံဉာဏ် လေးခုကို သုံးသပ်​ကြည့်ရအောင်။

၁၅ ပုံဆောင် စိတ်နှလုံးကို ကာကွယ်​ပါ။ “အသက်ဟာ စိတ်နှလုံး​မှာ တည်မှီ​နေ​လို့ အရာအားလုံး​ထက် စိတ်နှလုံးကို ကာကွယ်​စောင့်ရှောက်​ပါ” လို့ ကျမ်းစာ ပြောတယ်။ (ပညာ. ၄:၂၃) ပကတိ နှလုံးကို ကာကွယ်ဖို့ ကျန်းမာ​တဲ့ အစာ၊ လုံလောက်တဲ့ လေ့ကျင့်ခန်း လိုအပ်တယ်။ အကျင့်ဆိုးတွေ ရှောင်ရမယ်။ ပုံဆောင် စိတ်နှလုံးကို ကာကွယ်ဖို့လည်း အလားတူပဲ။ နေ့တိုင်း ကျမ်းစာ ဖတ်​ရမယ်။ အစည်းအဝေးတွေ ပြင်ဆင်၊ တက်ရောက်၊ ပါဝင်ရမယ်။ အမှုဆောင်မှာ ပုံမှန် တက်တက်ကြွကြွ ပါဝင်ရမယ်။ အကျင့်ပျက် ဖျော်ဖြေမှု၊ မကောင်းတဲ့ အပေါင်းအသင်း​လို​မျိုး အတွေးအခေါ်ကို ပျက်စီး​စေနိုင်​တဲ့ အရာ​မှန်သမျှကို ရှောင်ရမယ်။

ငွေ​အပေါ် မျှတတဲ့ အမြင်​က ရှိတာနဲ့ ရောင့်ရဲဖို့ ကူညီပေး (စာပိုဒ် ၁၆ ကို ကြည့်ပါ)

၁၆။ ဒီနေ့ခေတ်မှာ ပညာအလိမ္မာ ၂၃:၄၊ ၅ ဘာကြောင့် သိပ်လက်တွေ့ကျသလဲ။

၁၆ ကိုယ့်​မှာ ရှိတာနဲ့ ရောင့်ရဲ​ပါ။ “စည်းစိမ်​ဥစ္စာ​ရဖို့ ရေကုန်ရေခန်း မကြိုးစား​နဲ့။ . . . စည်းစိမ်​ဥစ္စာ​တွေ​ဟာ မျက်စိ​တစ်မှိတ်​အတွင်းမှာ ပျောက်သွားတတ်တယ်။ လင်းယုန်​လို အတောင်​တွေ ပေါက်ပြီး ကောင်းကင်ကို ပျံသွားလိမ့်မယ်” လို့ ကျမ်းစာ အကြံပေးတယ်။ (ပညာ. ၂၃:၄၊ ၅) ဥစ္စာ​ဆိုတာ မမြဲဘူး။ ဒီနေ့ခေတ် သူဌေး​ကော ဆင်းရဲသားတွေပါ ပိုက်ဆံနောက် တကောက်ကောက် လိုက်နေ​လို့ ဂုဏ်သိက္ခာ၊ ဆက်ဆံရေး၊ ကျန်းမာရေး​တွေ ထိခိုက်​ကြရတယ်။ (ပညာ. ၂၈:၂၀။ ၁ တိ. ၆:၉၊ ၁၀) ဒါပေမဲ့ ငွေကို မျှမျှတတ ရှုမြင်တတ်ဖို့၊ လောဘ မကြီးဖို့၊ ကျေနပ်​ရောင့်ရဲ၊ ပျော်ရွှင်စေဖို့ ဉာဏ်ပညာ​က ကူညီပေးတယ်။—ဒေ. ၇:၁၂

စကား​မပြောခင် စဉ်းစားတာက တခြားသူတွေကို ထိခိုက်စေမယ့် စကား မပြော​မိအောင် ကူညီပေး (စာပိုဒ် ၁၇ ကို ကြည့်ပါ)

၁၇။ ပညာအလိမ္မာ ၁၂:၁၈ မှာ ပါ​သ​လို ဘယ်လိုနည်းနဲ့ ‘ဉာဏ်ပညာ ရှိရှိ’ စကားပြော​နိုင်မလဲ။

၁၇ စကား​မပြောခင် စဉ်းစားပါ။ သတိမထားဘူးဆိုရင် ကိုယ့်​စကားကြောင့် အကြီးအကျယ် ထိခိုက်​မိ​စေနိုင်​တယ်။ “မစဉ်းစားဘဲ ပြောတဲ့ စကားဟာ ဓားနဲ့ ထိုးသလိုပဲ။ ဉာဏ်ပညာရှိသူရဲ့ စကားကတော့ ဒဏ်ရာ​ကို​တောင် ပျောက်ကင်းစေတယ်” လို့ ကျမ်းစာ ပြောတယ်။ (ပညာ. ၁၂:၁၈) တခြားသူတွေရဲ့ အပြစ်​အနာအဆာ​အကြောင်း အတင်းအဖျင်း မပြောခြင်းက ဆက်ဆံရေး အဆင်ပြေအောင် ကူညီပေးတယ်။ (ပညာ. ၂၀:၁၉) ထိခိုက်စေတဲ့ စကား​အစား ကုစားပေးတဲ့ စကား ပြောနိုင်ဖို့ စိတ်နှလုံးကို ဘုရားသခင့် တရားစကား ဖြည့်ထားရမယ်။ (လု. ၆:၄၅) ကျမ်းစာ ပြောတာ​တွေ​ကို တွေးတော​ဆင်ခြင်​မယ်​ဆိုရင် ကျွန်တော်တို့ရဲ့ စကားဟာ တခြားသူတွေကို လန်းဆန်းစေတဲ့ “ဉာဏ်ပညာ စမ်းရေတွင်း” လို ဖြစ်နိုင်ပါတယ်။—ပညာ. ၁၈:၄

အဖွဲ့အစည်း လမ်းညွှန်ချက်ကို လိုက်နာတာ​က အမှုဆောင်လုပ်ငန်းမှာ တိုးတက်ဖို့ ကူညီပေးနိုင် (စာပိုဒ် ၁၈ ကို ကြည့်ပါ)

၁၈။ ပညာအလိမ္မာ ၂၄:၆ ကို ကျင့်​သုံးတာ​က အမှုဆောင်လုပ်ငန်းမှာ အောင်မြင်အောင် ဘယ်လို ကူညီပေးနိုင်သလဲ။

၁၈ လမ်းညွှန်ချက်ကို လိုက်နာပါ။ “ကျွမ်းကျင်သူ လမ်းညွှန်​ပေးတဲ့​အတိုင်း စစ်ပွဲ​ကို ဆင်နွှဲ​ရမယ်။ အကြံပေးသူ​များရင် အောင်ပွဲဆင်​နိုင်တယ်” လို့ ကျမ်းစာ အကြံပေးတယ်။ (ပညာ. ၂၄:၆) အဲဒီ​မူကို ကျင့်သုံးခြင်း​က ဟောပြောခြင်းနဲ့ သွန်သင်ခြင်း လုပ်ငန်းမှာ ဘယ်လို အောင်မြင်စေကြောင်း စဉ်းစားကြည့်ပါ။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဟောပြော​သွန်သင်​မယ့်​အစား ရလာတဲ့ အကြံပြုချက်တွေကို လိုက်နာ​သင့်​တယ်။ အစည်းအဝေးတွေမှာ ပညာရှိ လမ်းညွှန်ချက်တွေ ရတယ်။ တခြားသူတွေရဲ့ ဟောပြောချက်၊ သရုပ်ပြ​တင်ဆက်မှု​တွေ​ကနေလည်း သင်ယူနိုင်တယ်။ ကျမ်းစာ နားလည်အောင် လူတွေကို ကူညီပေးနိုင်တဲ့ စာပေ၊ ဗီဒီယို​လို​မျိုး အသုံးဝင်တဲ့ ကိရိယာတွေကိုလည်း ယေဟောဝါရဲ့ အဖွဲ့အစည်း ပြင်ဆင်​ပေးထားတယ်။ အဲဒီ​ကိရိယာတွေကို ထိထိရောက်ရောက် သုံးတတ်အောင် သင်ယူပါ။

၁၉။ ယေဟောဝါ ပေးတဲ့ ဉာဏ်ပညာနဲ့​ပတ်သက်ပြီး သင် ဘယ်လို ခံစားရသလဲ။ (ပညာအလိမ္မာ ၃:၁၃-၁၈)

၁၉ ပညာအလိမ္မာ ၃:၁၃-၁၈ ကို ဖတ်ပါ။ ကျမ်းစာပါ လက်တွေ့ကျ အကြံဉာဏ်​အတွက် ကျေးဇူးတင်စရာပါပဲ။ အဲဒီအကြံဉာဏ်သာ မရှိရင် ဘဝက တော်တော် စိတ်ပျက်​စ​ရာ ဖြစ်​နေ​မှာ​ပဲ။ ပညာအလိမ္မာ​ကျမ်း​ထဲက လက်တွေ့ကျ ဉာဏ်ပညာ​တွေ​ကို ဒီဆောင်းပါးမှာ လေ့လာခဲ့ကြပြီ။ ကျမ်းစာ​တစ်အုပ်လုံး​မှာ ယေဟောဝါဆီက ပညာရှိ အကြံဉာဏ် အပြည့် ပါတယ်။ ယေဟောဝါ ပေးတဲ့ အကြံဉာဏ်ကို ဘဝ​ကဏ္ဍတိုင်းမှာ အမြဲ ကျင့်သုံးဖို့ စိတ်ပိုင်းဖြတ်ထားကြပါစို့။ လောက ဘယ်လိုပဲ ထင်ထင် ဘုရားသခင့် ဉာဏ်ပညာကို ‘မလွှတ်တမ်း ကိုင်စွဲထားသူတွေဟာ ပျော်ရွှင်​ချမ်းမြေ့​သူ​တွေ​လို့ သတ်မှတ်’ ခံရ​လိမ့်မယ်​ဆိုတာ ကျွန်တော်တို့ ယုံကြည်​စိတ်ချကြပါတယ်။

သီချင်း ၃၆ နှလုံးကို စောင့်ကြပ်စို့

^ ယေဟောဝါ ပေးတဲ့ ဉာဏ်ပညာဟာ လောက ပေးတဲ့ ဘယ်​ဉာဏ်ပညာထက်မဆို များစွာ သာလွန်တယ်။ လူထု​ရင်ပြင်မှာ ဟစ်အော်​နေတဲ့ ဉာဏ်ပညာနဲ့​ပတ်သက်တဲ့ ပညာအလိမ္မာ​ကျမ်း ဖော်ပြချက်​ကို ဒီဆောင်းပါးမှာ ဆွေးနွေးကြပါမယ်။ စစ်မှန်တဲ့ ဉာဏ်ပညာ ဘယ်လို ရနိုင်​ကြောင်း၊ ဉာဏ်ပညာစကားကို တချို့ ဘာကြောင့် နားမထောင်​ကြောင်း၊ နားထောင်​ရင် ဘာအကျိုး ရနိုင်​ကြောင်း​လည်း ဆွေးနွေးပါမယ်။