မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၄၂

ယေဟောဝါအပေါ် သမာဓိ စောင့်ထိန်းသူတွေ ပျော်ရွှင်ကြ

ယေဟောဝါအပေါ် သမာဓိ စောင့်ထိန်းသူတွေ ပျော်ရွှင်ကြ

“ယေဟောဝါက သမာဓိ​ရှိတဲ့​လမ်းစဉ်​မှာ လျှောက်လှမ်း​သူတွေကို ကောင်းမွန်​ရာ​တွေ မပေးဘဲ မနေဘူး။” —ဆာ. ၈၄:၁၁

သီချင်း  ၁၂၄ သစ္စာမြဲပါ

အကြို​သုံးသပ်ချက် *

ယေဟောဝါရဲ့ ပိုင်သအုပ်စိုးမှုအပေါ် သစ္စာစောင့်သိ​လို့ ထောင်ချခံရတဲ့ သတ္တိ​ရှိတဲ့ ညီအစ်ကို/မတချို့ (စာပိုဒ် ၁-၂ ကို ကြည့်ပါ)

၁-၂။ (က) ယေဟောဝါရဲ့ လူမျိုးကို အစိုးရ​တချို့ ဘယ်လို ဆန့်ကျင်ကြသလဲ။ ဘုရား​လူမျိုး ဘယ်လို တုံ့ပြန်သလဲ။ (ခ) နှိပ်စက်​ညှဉ်းပန်းမှု​က ဘယ်လို ပျော်ရွှင်စေနိုင်သလဲ။ (မျက်နှာဖုံးပုံနဲ့ပတ်သက်ပြီး မှတ်ချက်​ပေးပါ။)

 ကမ္ဘာ​တစ်ဝန်း နိုင်ငံ​ဒေသပေါင်း ၃၀ ကျော်​မှာ အဖွဲ့အစည်း လုပ်ငန်း ကန့်သတ်၊ ပိတ်ပင်ခံထားရတယ်။ နိုင်ငံ​တချို့​မှာ ညီအစ်ကို/မတွေ ထောင်ချခံနေရတယ်။ ဘာအပြစ် လုပ်မိလို့လဲ။ ယေဟောဝါကတော့ သူတို့မှာ အပြစ် ရှိတယ်လို့ မယူဆ​ဘူး။ သူတို့​လုပ်တာဆိုလို့ ကျမ်းစာ ဖတ်ရှု​လေ့လာ၊ ယုံကြည်ချက်​အကြောင်း တခြားသူတွေကို ပြောပြ၊ ယုံကြည်သူချင်းတွေ​နဲ့​အတူ အစည်းအဝေး တက်တာ​ပဲ ရှိတယ်။ နိုင်ငံရေး ကိစ္စတွေမှာ ဘယ်ဘက်​မှ မ​ပါ​ကြ​ဘူး။ ပြင်းထန်တဲ့ ဆန့်ကျင်မှု ကြုံရ​ရင်တောင် သမာဓိ စောင့်ထိန်း​ကြတယ်။ * ယေဟောဝါကို အကြွင်းမဲ့ ဆည်းကပ်​ဝတ်ပြု​ကြတယ်။ အဲဒီလို လုပ်ရတာကို သူတို့ ပျော်ရွှင်ကြတယ်။

သတ္တိ​ရှိတဲ့ အဲဒီ​သက်သေခံ​တချို့​ရဲ့ ဓာတ်ပုံတွေကို သင် မြင်ဖူး​မှာ​ပါ။ သူတို့​မျက်နှာ ပြုံးပျော်ရွှင်နေတာပဲ။ သူတို့ရဲ့ သမာဓိကို ယေဟောဝါ နှစ်​သက်​မှန်း သိထားကြလို့ပဲ။ (၁ ရာ. ၂၉:၁၇) “ဖြောင့်မှန်​ရာ​ကို လုပ်တဲ့အတွက် နှိပ်စက်​ခံရသူ​တွေ ပျော်ရွှင်​ချမ်းမြေ့​တယ်။ ခင်ဗျားတို့ ရမယ့်​ဆု​ဟာ ကြီးမြတ်တဲ့အတွက် ဝမ်းမြောက် ရွှင်လန်းကြပါ” လို့ ယေရှု ပြောတယ်။—မ. ၅:၁၀-၁၂

ကျွန်တော်တို့အတွက် စံနမူနာ

တရားရုံး ရောက်ပြီး ကိုယ့်​ယုံကြည်ချက်ကို ခုခံ​ကာကွယ်​ရမယ့် ခေတ်သစ် ခရစ်ယာန်တွေ​အတွက် ပေတရု​နဲ့ ယောဟန် စံနမူနာ ချမှတ် (စာပိုဒ် ၃-၄ ကို ကြည့်ပါ)

၃။ တမန်တော် ၄:၁၉၊ ၂၀ အရ နှိပ်စက်​ခံရတဲ့အခါ တမန်တော်တွေ ဘယ်လို တုံ့ပြန်သလဲ။ ဘာကြောင့်လဲ။

ယေရှုအကြောင်း ဟော​လို့ နှိပ်စက်​ခံရတဲ့ ပထမ​ရာစု​ခေတ် တမန်တော်တွေ​လို ညီအစ်ကို/မတွေ ကြုံနေရတယ်။ ဂျူး​တရား​ရုံးချုပ် တရားသူကြီးတွေ​က “ယေရှုရဲ့​နာမည်ကို အမှီပြုပြီး မဟောပြောဖို့” တမန်တော်တွေကို အကြိမ်ကြိမ် “အမိန့်ပေးတယ်။” (တ. ၄:၁၈။ ၅:၂၇၊ ၂၈၊ ၄၀) တမန်တော်တွေ ဘယ်လို တုံ့ပြန်သလဲ။ (တမန်တော် ၄:၁၉၊ ၂၀ ကို ဖတ်ပါ။) ဂျူး​တရားရုံးချုပ်ထက် ပိုကြီးမြတ်သူက ခရစ်တော်​အကြောင်း ‘ဟောပြောပြီး စေ့စေ့စပ်စပ် သက်သေခံဖို့ မှာ​ကြားခဲ့’ မှန်း သူတို့ သိတယ်။ (တ. ၁၀:၄၂) ဒါကြောင့် အဲဒီ​တရားသူကြီးတွေ​ထက် ဘုရားကို နာခံ​မယ့်​အကြောင်း၊ ယေရှုအကြောင်း မဟောဘဲ မနေ​မယ့်​အကြောင်း တခြား​တမန်တော်တွေ​ကိုယ်စား ပေတရု​နဲ့ ယောဟန် ပြောတယ်။ တကယ်တော့ ‘ဘုရား​အမိန့်ထက် ခင်ဗျားတို့ရဲ့ အမိန့်ကို ပိုနာခံသင့်တယ်လို့ ထင်နေလား’ ဆိုပြီး မေးလိုက်တာပါပဲ။

၄။ တမန်တော် ၅:၂၇-၂၉ အရ ခရစ်ယာန်​စစ် အားလုံး​အတွက် တမန်တော်တွေ ဘယ်​ပုံသက်သေ ချမှတ်သလဲ။ ကျွန်တော်တို့ ဘယ်လို အတုယူနိုင်သလဲ။

“လူ့​စကား​ထက် အုပ်စိုးရှင် ဘုရားသခင်ရဲ့ စကားကို နားထောင်” တဲ့ တမန်တော်တွေရဲ့ ပုံသက်သေ​ကို ခရစ်ယာန်​စစ် အားလုံး လိုက်လျှောက်နေကြတယ်။ (တမန်တော် ၅:၂၇-၂၉ ကို ဖတ်ပါ။) သမာဓိ စောင့်ထိန်း​လို့ ရိုက်နှက်​ခံရ​ပြီးနောက် တမန်တော်တွေက “ယေရှုရဲ့​နာမည်ကြောင့် အရှက်ခွဲခံရတာကို ဂုဏ်ယူ​စ​ရာ​အဖြစ် ယူမှတ်ပြီး ဂျူး​တရား​ရုံးချုပ်​ကနေ ဝမ်းမြောက်ဝမ်းသာ ထွက်သွား​ကြတယ်။” ဆက်ဟောပြောကြတယ်။—တ. ၅:၄၀-၄၂

၅။ ဘယ်မေးခွန်းတွေကို ဆွေးနွေးကြမလဲ။

တမန်တော်တွေရဲ့ ပုံသက်သေကြောင့် မေးခွန်း​တချို့ ပေါ်လာတယ်။ လူ့​စကား​ထက် ဘုရား​စကားကို နားထောင်မယ်​ဆိုတဲ့ စိတ်ပိုင်းဖြတ်ချက်​နဲ့ ‘အထက်အာဏာပိုင်တွေကို လက်အောက်ခံ​ပါ’ ဆိုတဲ့ ကျမ်းစာ​မိန့်မှာချက်​ကို ပထမ​ရာစု ခရစ်ယာန်တွေ ဘယ်လို ဟန်ချက်ညီစေခဲ့သလဲ။ (ရော. ၁၃:၁) တမန်တော် ပေါလုလို​ပဲ ကျွန်တော်တို့လည်း ‘အစိုးရ​နဲ့ အာဏာပိုင်တွေကို နာခံ’ ရင်း အကြီးမြတ်ဆုံး အုပ်စိုးရှင် ဘုရားကို ဘယ်လို ဆက်​သမာဓိ စောင့်ထိန်း​နိုင်သလဲ။—တိ. ၃:၁

“အထက်အာဏာပိုင်တွေ”

၆။ (က) ရောမ ၁၃:၁ မှာ ပါတဲ့ “အထက်အာဏာပိုင်တွေ” ဆိုတာ ဘယ်သူတွေလဲ။ သူတို့ကို ကျွန်တော်တို့ ဘယ်လို ဆက်ဆံသင့်သလဲ။ (ခ) လူ့​အုပ်စိုးရှင် အားလုံးမှာ အခွင့်အာဏာ ဘယ်လောက် ရှိသလဲ။

ရောမ ၁၃:၁ ကို ဖတ်ပါ။ ဒီ​ကျမ်းချက်မှာ “အထက်အာဏာပိုင်တွေ” ဆိုတာ တခြားသူတွေ​အပေါ် ဩဇာ​အာဏာ ရှိပြီး ထိန်းချုပ်နိုင်တဲ့ လူ့​အုပ်စိုးရှင်​တွေ​ကို ဆိုလိုတယ်။ သူတို့ကို ခရစ်ယာန်တွေ လက်အောက်ခံ​ရမယ်။ သူတို့က တိုင်းပြည်​မှာ ငြိမ်ဝပ်ပိပြားမှု ရှိစေတယ်။ ဥပဒေ​ကို လိုက်နာစေတယ်။ တစ်ခါတလေ ဘုရား​လူမျိုးကို ကာကွယ်ပေးကြတယ်။ (ဗျာ. ၁၂:၁၆) ဒါကြောင့် သူတို့ သတ်မှတ်ထားတဲ့ အခွန်​အကောက်​တွေ ပေးသင့်တယ်။ သူတို့ကို ကြောက်ရွံ့​ရိုသေ​သင့်​တယ်။ (ရော. ၁၃:၇) ဒါပေမဲ့ ယေဟောဝါ ခွင့်ပြုထားလို့သာ သူတို့မှာ အခွင့်အာဏာ ရှိနေတာ။ ရောမ​ဘုရင်ခံ ပုန္တိပိလတ် စစ်မေးချိန်မှာ အဲဒီအချက်ကို ယေရှု ရှင်းရှင်းလင်းလင်း ပြောတယ်။ ယေရှုကို လွှတ်ပေးနိုင်သလို သတ်နိုင်တယ်လို့ ပိလတ် ပြောချိန်မှာ ယေရှု​က “ဘုရားသခင်ကသာ အခွင့်မပေးရင် ကျွန်တော့်ကို မင်းကြီး ဘာမှ လုပ်ပိုင်ခွင့်မရှိဘူး” လို့ ပြန်ပြော​တယ်။ (ယော. ၁၉:၁၁) ပိလတ်​လို​ပဲ ဒီနေ့ခေတ် လူ့​အုပ်စိုးရှင်​တွေ​နဲ့ နိုင်ငံရေးသမား​အားလုံးရဲ့ အခွင့်အာဏာ အကန့်အသတ် ရှိတယ်။

၇။ ဘယ်အခြေအနေတွေမှာ လူ့​အုပ်စိုးရှင်​တွေ​ကို လက်အောက်မခံသင့်သလဲ။ သူတို့ ဘာကို သတိပြုသင့်သလဲ။

ဘုရား​ပညတ်​နဲ့ မဆန့်ကျင်သရွေ့ လူ့အစိုးရ ဥပဒေတွေကို ခရစ်ယာန်တွေ လက်အောက်ခံ​ကြတယ်။ ဒါပေမဲ့ ဘုရား တားမြစ်​တာကို လုပ်ဖို့၊ ဘုရား တောင်းဆို​တာကို မ​လုပ်ဖို့ ပြောလာရင်တော့ မနာခံကြဘူး။ ဥပမာ၊ လူငယ်တွေ လက်နက်ကိုင် တိုက်ခိုက်ဖို့ သူတို့ တောင်းဆို​လာနိုင်တယ်။ * ကျမ်းစာ၊ ကျမ်းစာ​အခြေပြု စာပေတွေကို ပိတ်ပင်​လာနိုင်တယ်။ မဟောဖို့၊ အတူ မ​စည်းဝေး​ဖို့ တားဆီး​လာနိုင်တယ်။ ခရစ်တော်ရဲ့ တပည့်တွေကို နှိပ်စက်​ညှဉ်းပန်းတာလိုမျိုး အခွင့်အာဏာ တလွဲ​သုံးတာ​တွေ လုပ်ရင် ယေဟောဝါ​ဘုရားနဲ့ သူတို့ စာရင်းရှင်းရမယ်။ ဘုရား စောင့်ကြည့်နေတယ်။—ဒေ. ၅:၈

၈။ “အထက်” နဲ့ “အမြင့်မြတ်ဆုံး” ဘာကွာခြားသလဲ။ အဲဒါ ဘာကြောင့် အရေးကြီးသလဲ။

“အထက်” ဆိုတဲ့ စကားလုံးဟာ “ပိုကောင်း၊ ပိုကြီးမြတ်၊ ရာထူး ပိုမြင့်” တာကို ဆိုလိုနိုင်ပေမဲ့ “အကောင်းဆုံး၊ အကြီးမြတ်ဆုံး၊ ရာထူး အမြင့်ဆုံး” ကိုတော့ မဆိုလိုဘူး။ အဲဒါတွေ​အတွက် “အမြင့်မြတ်ဆုံး” ဆိုတဲ့ စကားလုံးကို သုံးတယ်။ လူ့​အုပ်စိုးရှင်​တွေ​ဟာ “အထက်အာဏာပိုင်တွေ” ဖြစ်ပေမဲ့ သူတို့ထက် ရာထူး ပိုမြင့်သူ ရှိတယ်။ ကျမ်းစာမှာ ယေဟောဝါ​ဘုရားကို “အမြင့်မြတ်ဆုံး​အရှင်” လို့ လေးကြိမ် ခေါ်ဆိုထားတယ်။—ဒံ. ၇:၁၈၊ ၂၂၊ ၂၅၊ ၂၇

“အမြင့်မြတ်ဆုံး​အရှင်”

၉။ စိတ်အာရုံတွေမှာ ပရောဖက် ဒံယေလ ဘာမြင်ရသလဲ။

အုပ်စိုးရှင်​အားလုံး​ထက် ယေဟောဝါ ပိုကြီးမြတ်​ကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြတဲ့ စိတ်​အာရုံ​တွေ ပရောဖက် ဒံယေလ မြင်ရတယ်။ အရင် ကမ္ဘာ့အာဏာစက်တွေ ဖြစ်တဲ့ ဗာဗုလုန်၊ မီးဒီးယား-ပါးရှား၊ ဂရိ၊ ရောမ၊ ဒီနေ့ခေတ် အင်္ဂလိပ်-အမေရိကန်​ကို ဖော်ပြတဲ့ သားရဲကြီး လေးကောင်​ကို ဒံယေလ မြင်ရတယ်။ (ဒံ. ၇:၁-၃၊ ၁၇) ကောင်းကင် ရာဇ​ပလ္လင်ပေါ် ယေဟောဝါ​ဘုရား ထိုင်နေတာ​ကိုလည်း မြင်တယ်။ (ဒံ. ၇:၉၊ ၁၀) ဒံယေလ ဆက်မြင်တဲ့အရာက ဒီနေ့ခေတ် အုပ်စိုးရှင်​တွေ​အတွက် သတိပေးချက် ဖြစ်သင့်တယ်။

၁၀။ ဒံယေလ ၇:၁၃၊ ၁၄၊ ၂၇ အရ ဘယ်သူတွေကို ယေဟောဝါ အခွင့်အာဏာ လွှဲအပ်သလဲ။ အဲဒါက ဘုရားအကြောင်း ဘာဖော်ပြသလဲ။

၁၀ ဒံယေလ ၇:၁၃၊ ၁၄၊ ၂၇ ကို ဖတ်ပါ။ လူ့အစိုးရတွေဆီက အခွင့်အာဏာ​အားလုံး ဘုရား ရုပ်သိမ်း​လိုက်ပြီး ပိုထိုက်တန်သူ၊ ပိုတန်ခိုးကြီးသူတွေကို ပေးတယ်။ ဘယ်သူတွေလဲ။ “လူသားနဲ့​တူတဲ့​သူ​တစ်ယောက်” ဆိုတာ ယေရှုခရစ် ဖြစ်ပြီး “အမြင့်မြတ်ဆုံး​အရှင်ရဲ့ သန့်ရှင်းသူတွေ” ဆိုတာ “အစဉ်​ထာဝရ” အုပ်ချုပ်ခွင့် ရမယ့် ၁၄၄,၀၀၀ ဖြစ်တယ်။ (ဒံ. ၇:၁၈) အဲဒီလို လုပ်နိုင်​တဲ့ အခွင့်အာဏာ ယေဟောဝါ​မှာ​ပဲ ရှိတဲ့အတွက် “အမြင့်မြတ်ဆုံး​အရှင်” ဟာ ယေဟောဝါ​ဘုရား ဖြစ်တာ ထင်ရှားတယ်။

၁၁။ ယေဟောဝါ အမြင့်မြတ်ဆုံး ဖြစ်တာကို ဖော်ပြဖို့ ဒံယေလ ဘာဆက်​ပြောသလဲ။

၁၁ စိတ်အာရုံမှာ ဒံယေလ မြင်ရတာ​က အစောပိုင်းမှာ သူ ဖော်ပြတာနဲ့ ကိုက်ညီတယ်။ ‘ကောင်းကင်​အုပ်စိုးရှင် ဘုရားသခင်က ဘုရင်တွေကို နန်းတင်​နန်းချ​တယ်’ လို့ ဒံယေလ ပြောတယ်။ ‘အမြင့်ဆုံး​အရှင်ဟာ လူ့​နိုင်ငံ​တွေ​ရဲ့ အုပ်စိုးရှင်​ဖြစ်ပြီး နိုင်ငံ​ကို သူ​ပေးချင်တဲ့သူကို ပေးတယ်’ လို့လည်း ပြောတယ်။ (ဒံ. ၂:၁၉-၂၁။ ၄:၁၇) အုပ်စိုးရှင်​တွေ​ကို ယေဟောဝါ နန်းတင်​နန်းချ လုပ်ခဲ့တာ ရှိသလား။ ရှိပါတယ်။

ဗေလရှာဇာ​ဆီ​က ယေဟောဝါ နိုင်ငံ နုတ်ယူပြီး မီးဒီးယား-ပါးရှား​ဆီ ပေးအပ် (စာပိုဒ် ၁၂ ကို ကြည့်ပါ)

၁၂။ အရင်တုန်းက ဘုရင်တွေကို ယေဟောဝါ ဘယ်လို နန်းချသလဲ။ ဥပမာ ပေးပါ။ (ရုပ်ပုံကို ကြည့်ပါ။)

၁၂ “အထက်အာဏာပိုင်တွေ” ထက် ကြီးမြတ်​ကြောင်း ယေဟောဝါ အထင်အရှား ဖော်ပြတဲ့ ဥပမာ​သုံးခု သုံးသပ်ကြည့်ပါ။ အီဂျစ်​ဘုရင် ဖာရော​က ယေဟောဝါ​လူမျိုးကို ကျွန်ပြုထားပြီး လွှတ်ပေးဖို့ အကြိမ်ကြိမ် ငြင်းဆို​တယ်။ သူတို့ကို ဘုရား လွှတ်ပေးတယ်။ ဖာရောကိုတော့ ပင်လယ်နီ​မှာ အဆုံးစီရင်​ခဲ့တယ်။ (ထွ. ၁၄:၂၆-၂၈။ ဆာ. ၁၃၆:၁၅) ဗာဗုလုန်​ဘုရင် ဗေလရှာဇာ စားသောက်ပွဲ ကျင်းပ​နေတုန်း “ကောင်းကင်ဘုံ​ရှင်​ကို ဆန့်ကျင်ပြီး ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်” တဲ့​အပြင် ယေဟောဝါ​အစား ‘ငွေ​ဘုရား၊ ရွှေ​ဘုရားတွေ​ကို ချီးမွမ်း​တယ်။’ (ဒံ. ၅:၂၂၊ ၂၃) ဒါပေမဲ့ အဲဒီ​မာနကြီးသူကို ဘုရား နှိမ့်ချ​လိုက်တယ်။ “အဲဒီ​ညမှာ​ပဲ” ဗေလရှာဇာ အသတ်ခံရတယ်။ သူ့​နိုင်ငံ​ကို မီးဒီးယား-ပါးရှား​တွေ လက်ထဲ ဘုရား အပ်လိုက်တယ်။ (ဒံ. ၅:၂၈၊ ၃၀၊ ၃၁) ပါလက်စတိုင်း ဘုရင် ဟေရုဒ် အဂရိပ္ပ​က တမန်တော် ယာကုပ်​ကို သတ်ပြီး တမန်တော် ပေတရု​ကို သတ်ပစ်ဖို့ ထောင်ချ​ထားတယ်။ အဲဒီ​အကြံကို ဘုရား တားဆီး​တယ်။ “သူ့ကို ယေဟောဝါရဲ့ ကောင်းကင်တမန် ဒဏ်ခတ်လိုက်တဲ့အတွက်” သေဆုံး​သွားတယ်။—တ. ၁၂:၁-၅၊ ၂၁-၂၃

၁၃။ အုပ်စိုးရှင်​တွေ စုပေါင်း​ထားတဲ့ မဟာမိတ်အဖွဲ့တွေကို ယေဟောဝါ ဘယ်လို ရှုံးနိမ့်စေကြောင်း ဥပမာ ပေးပါ။

၁၃ ယေဟောဝါက အုပ်စိုးရှင်​တွေ စုပေါင်း​ထားတဲ့ မဟာမိတ်အဖွဲ့တွေကိုလည်း မိမိ အမြင့်မြတ်ဆုံး ဖြစ်တာကို ဖော်ပြတယ်။ ခါနန်​ဘုရင် ၃၁ ပါး အဖွဲ့ကို ဖျက်ဆီးပြီး ကတိထားရာပြည်​ထဲက နယ်မြေ​တွေ သိမ်းပိုက်ဖို့ အစ္စရေးတွေဘက်ကနေ တိုက်ခိုက်ပေးတယ်။ (ယောရှု ၁၁:၄-၆၊ ၂၀။ ၁၂:၁၊ ၇၊ ၂၄) အစ္စရေး​ကို လာတိုက်တဲ့ ဘုရင် ဗင်ဟာဒဒ်​နဲ့ ဆီးရီးယား​ဘုရင် ၃၂ ပါး​ကို အနိုင်ရဖို့လည်း ကူညီပေးတယ်။—၁ ဘု. ၂၀:၁၊ ၂၆-၂၉

၁၄-၁၅။ (က) ယေဟောဝါရဲ့ အချုပ်အခြာအာဏာ​အကြောင်း ဘုရင် နေဗုခဒ်နေဇာ​နဲ့ ဒါရိ ဘာပြောသလဲ။ (ခ) ယေဟောဝါနဲ့ ဘုရားလူမျိုးအကြောင်း ဆာလံဆရာ ဘာပြောသလဲ။

၁၄ ယေဟောဝါ အမြင့်မြတ်ဆုံး ဖြစ်တာ အကြိမ်ကြိမ် သက်သေပြတယ်။ ဗာဗုလုန်​ဘုရင် နေဗုခဒ်နေဇာဟာ ယေဟောဝါကို ဂုဏ်တင်​ချီးမွမ်း​မယ့်​အစား မိမိ ‘ဘုန်းတန်ခိုး အစွမ်း​ခွန်အား’ အကြောင်း ဝါကြွား​ပြောဆိုတဲ့အခါ ရူးသွပ်သွားအောင် ဘုရား ဒဏ်ခတ်​တယ်။ နေဗုခဒ်နေဇာ ပြန်ကောင်းလာပြီးနောက် “အမြင့်ဆုံး​အရှင်ကို ချီးမွမ်း” တယ်။ ယေဟောဝါရဲ့ ‘အုပ်ချုပ်ခွင့်​အာဏာ ထာဝစဉ်​တည်တံ့’ ကြောင်း၊ ဘုရားကို ‘တားဆီးနိုင်တဲ့သူ တစ်ယောက်မှ မရှိ’ ကြောင်း အသိအမှတ် ပြုတယ်။ (ဒံ. ၄:၃၀၊ ၃၃-၃၅) ယေဟောဝါအပေါ် သမာဓိ စောင့်ထိန်းတဲ့ ဒံယေလကို ခြင်္သေ့တွင်းထဲကနေ ဘုရား ကယ်တင်​ပြီးနောက် ဘုရင် ဒါရိ​က ‘လူအားလုံး ဒံယေလ ကိုးကွယ်တဲ့ ဘုရားသခင်ကို ကြောက်ရွံ့​ရိုသေကြစေ။ အဲဒီ​ဘုရားသခင်ဟာ အသက်ရှင်​တဲ့​ဘုရား၊ ထာဝစဉ်တည်တဲ့​အရှင် ဖြစ်တယ်။ သူ့​နိုင်ငံဟာ ဘယ်တော့မှ မပျက်စီးဘူး။ အုပ်ချုပ်ခွင့်​အာဏာ​ဟာ ထာဝစဉ် တည်တံ့​တယ်’ လို့ အမိန့်ထုတ်တယ်။—ဒံ. ၆:၇-၁၀၊ ၁၉-၂၂၊ ၂၆၊ ၂၇

၁၅ “ယေဟောဝါက လူမျိုး​တွေ​ရဲ့ အကြံအစည်​ကို ပျက်ပြား​စေတယ်။ လူတွေရဲ့ အစီအစဉ်ကို ဖျက်ဆီး​တယ်” လို့ ဆာလံဆရာ ပြောတယ်။ “ယေဟောဝါကို ဘုရားသခင်​အဖြစ် ကိုးကွယ်တဲ့​လူမျိုး၊ ပိုင်ဆိုင်ရာ​အဖြစ် ဘုရား​ရွေးချယ်ထားတဲ့ လူတွေဟာ ပျော်ရွှင်​ချမ်းမြေ့​တယ်” လို့လည်း ဆက်ပြောတယ်။ (ဆာ. ၃၃:၁၀၊ ၁၂) ယေဟောဝါအပေါ် သမာဓိ စောင့်ထိန်း​သင့်​တဲ့ အကြောင်းကောင်းပါပဲ။

နောက်ဆုံး​စစ်ပွဲ

နိုင်ငံပေါင်းစုံ စုပေါင်း​ထားတဲ့ မဟာမိတ်အဖွဲ့ ယေဟောဝါရဲ့ ကောင်းကင်​စစ်တပ်​ကို လုံး​၀ ယှဉ်နိုင်မှာ မဟုတ် (စာပိုဒ် ၁၆-၁၇ ကို ကြည့်ပါ)

၁၆။ “ကြီးစွာသောဒုက္ခ” နဲ့ပတ်သက်ပြီး ဘာကို စိတ်ချနိုင်သလဲ။ ဘာကြောင့်လဲ။ (ရုပ်ပုံကို ကြည့်ပါ။)

၁၆ အတိတ်က ယေဟောဝါ လုပ်ဆောင်ခဲ့တာတွေအကြောင်း သိခဲ့​ရပြီ။ မဝေးတော့​တဲ့ အနာဂတ်မှာ ဘာဖြစ်​လာမယ်​လို့ မျှော်လင့်နိုင်သလဲ။ လာမယ့် “ကြီးစွာသောဒုက္ခ” အတွင်း သစ္စာရှိ ကျေးကျွန်တွေကို ယေဟောဝါ ကယ်တင်မယ်​ဆိုတာ စိတ်ချနိုင်ပါတယ်။ (မ. ၂၄:၂၁။ ဒံ. ၁၂:၁) ယေဟောဝါရဲ့ သစ္စာရှိ ကျေးကျွန်တွေကို မာဂေါဂပြည်က ဂေါဂ​မင်း​လို့ သိထားတဲ့ နိုင်ငံပေါင်းစုံ မဟာမိတ်အဖွဲ့ ကမ္ဘာချီ ရက်ရက်စက်စက် တိုက်ခိုက်ချိန်မှာ အဲဒီလို ကယ်တင်​လိမ့်မယ်။ အဲဒီ​အဖွဲ့ထဲမှာ ကမ္ဘာ့​ကုလသမဂ္ဂ အဖွဲ့ဝင် ၁၉၃ နိုင်ငံ​အားလုံး ပါ​ရင်တောင် အမြင့်မြတ်ဆုံး​အရှင်​နဲ့ ကောင်းကင်​စစ်တပ်​ကို လုံးဝ ယှဉ်နိုင်မှာ မဟုတ်ဘူး။ “လူမျိုး​အမြောက်အမြား​ရှေ့ ငါ့​ကိုယ်​ငါ ဂုဏ်တင်​ချီးမြှောက်​မယ်။ ငါ့​ကိုယ်​ငါ သန့်ရှင်းမြင့်မြတ်စေပြီး ငါ​ဘယ်သူလဲဆိုတာ သိစေ​မယ်။ ငါဟာ ယေဟောဝါ​ပဲ​ဆိုတာ သူတို့ သိရ​လိမ့်မယ်” လို့ ယေဟောဝါ ကတိပေးထားတယ်။—ယေဇ. ၃၈:၁၄-၁၆၊ ၂၃။ ဆာ. ၄၆:၁၀

၁၇။ မြေတစ်ပြင်လုံးမှာ​ရှိတဲ့ ဘုရင်တွေအကြောင်း၊ ယေဟောဝါအပေါ် သမာဓိ စောင့်ထိန်း​သူ​တွေ​ရဲ့ အနာဂတ်အကြောင်း ကျမ်းစာ ဘာကြိုပြောသလဲ။

၁၇ ဂေါဂ​ရဲ့ တိုက်ခိုက်မှု​က အာမဂေဒုန်​စစ်ပွဲ​ကို ဦးတည်စေလိမ့်မယ်။ အဲဒီ​စစ်ပွဲ​မှာ “လူ​နေထိုင်ရာ မြေတစ်ပြင်လုံးမှာ​ရှိတဲ့ ဘုရင်တွေ” ကို ယေဟောဝါ ဖျက်ဆီး​မယ်။ (ဗျာ. ၁၆:၁၄၊ ၁၆။ ၁၉:၁၉-၂၁) ပြီးနောက် ‘ကမ္ဘာမြေပေါ်မှာ စိတ်ရိုးဖြောင့်သူတွေပဲ နေထိုင်​ရလိမ့်မယ်။ အပြစ်​ပြောစရာ မရှိသူတွေ [တစ်နည်းအားဖြင့်၊ သမာဓိ စောင့်ထိန်း​သူ​တွေ] ပဲ အမြဲ နေ​ရလိမ့်မယ်။’—ပညာ. ၂:၂၁

သမာဓိ စောင့်ထိန်း​ရမယ်

၁၈။ ခရစ်ယာန်​စစ်​များစွာ ဘာလုပ်ဖို့ လိုလိုလားလား ရှိ​ကြသလဲ။ ဘာကြောင့်လဲ။ (ဒံယေလ ၃:၂၈)

၁၈ နှစ်တွေ​တစ်လျှောက် ခရစ်ယာန်​စစ်​များစွာ​ဟာ အချုပ်အခြာ အာဏာရှင် ယေဟောဝါကို ချစ်တဲ့ မေတ္တာကြောင့် လွတ်လပ်မှုနဲ့ အသက်ကိုတောင် စတေး​ခဲ့ကြတယ်။ အမြင့်မြတ်ဆုံး​အရှင်ကို သစ္စာစောင့်သိ​လို့ မီး​ထဲကနေ ကယ်တင်​ခံရတဲ့ ဟီဘရူး သုံးယောက်လိုပဲ ယေဟောဝါအပေါ် သမာဓိ စောင့်ထိန်း​ဖို့ သူတို့ စိတ်ပိုင်းဖြတ်ထားကြတယ်။ဒံယေလ ၃:၂၈ ကို ဖတ်ပါ။

၁၉။ လူတွေကို ဘာအပေါ် မူတည်ပြီး ယေဟောဝါ တရားစီရင်​မလဲ။ အခုကတည်းက ဘာလုပ်ဖို့ လိုသလဲ။

၁၉ ဘုရားအပေါ် သမာဓိ စောင့်ထိန်းခြင်းရဲ့ အရေးကြီးမှုကို ဆာလံဆရာ ဒါဝိဒ် ဒီလို ပြောတယ်– “လူတွေကို ယေဟောဝါ ပြစ်ဒဏ်​ချမှတ်​လိမ့်မယ်။ အို ယေဟောဝါ၊ ကျွန်တော် ဖြောင့်မတ်တဲ့​အတိုင်း၊ သမာဓိ​ရှိတဲ့​အတိုင်း တရားစီရင်​ပေးပါ။” (ဆာ. ၇:၈) “သမာဓိ​နဲ့ ဖြောင့်မှန်​မှု​က ကျွန်တော့်ကို ကာကွယ်​စောင့်ရှောက်ပါစေ” လို့လည်း ဒါဝိဒ် ပြောတယ်။ (ဆာ. ၂၅:၂၁) ဘာပဲ ကြုံရပါစေ ယေဟောဝါအပေါ် ဆက်သစ္စာ​ရှိနေတာ အကောင်းဆုံး ဘဝ​လမ်းစဉ် ဖြစ်တယ်။ ဒါဆိုရင် “ယေဟောဝါက သမာဓိ​ရှိတဲ့​လမ်းစဉ်​မှာ လျှောက်လှမ်း​သူတွေကို ကောင်းမွန်​ရာ​တွေ မပေးဘဲ​မနေဘူး” လို့ ပြောတဲ့ ဆာလံဆရာ​လို​ပဲ ခံစားရပါလိမ့်မယ်။—ဆာ. ၁၁၉:၁

သီချင်း  ၁၂၂ မယိမ်းမယိုင် ကြံ့ကြံ့ခံရပ်တည်နေကြ

^ ဒီ​လောက အုပ်စိုးရှင်​တွေ၊ အထက်အာဏာပိုင်တွေကို နာခံဖို့ ခရစ်ယာန်တွေကို ကျမ်းစာ ​တိုက်တွန်း​တယ်။ ဒါပေမဲ့ အစိုးရ​တချို့က ယေဟောဝါနဲ့ ဘုရား​ကျေးကျွန်တွေကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ကြတယ်။ ​ယေဟောဝါအပေါ် သမာဓိ ​စောင့်ထိန်းရင်း တစ်ချိန်တည်းမှာ လူ့​အုပ်စိုးရှင်​တွေ​ကို ကျွန်တော်တို့ ဘယ်လို နာခံ​နိုင်သလဲ။

^ စကားလုံး ရှင်းလင်းချက်– ခက်ခဲချိန်မှာတောင် ယေဟောဝါနဲ့ ဘုရားရဲ့ အုပ်ချုပ်ပိုင်ခွင့်အပေါ် ဆက်​သစ္စာစောင့်သိ​ခြင်းအားဖြင့် ကျွန်တော်တို့ သမာဓိ စောင့်ထိန်း​ကြတယ်။