မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရှေးအစ္စရေးတွေ စစ်တိုက်ခဲ့ပေမဲ့ ကျွန်တော်တို့ ဘာကြောင့် စစ်မတိုက်ကြ

ရှေးအစ္စရေးတွေ စစ်တိုက်ခဲ့ပေမဲ့ ကျွန်တော်တို့ ဘာကြောင့် စစ်မတိုက်ကြ

“ပြင်သစ်​ကို ဖြစ်ဖြစ်၊ အင်္ဂလန်​ကို ဖြစ်ဖြစ် မတိုက်ရင် ခင်ဗျားတို့ တစ်ယောက်​မကျန် သေရ​မယ်” လို့ ဒုတိယ ကမ္ဘာစစ်အတွင်း ယေဟောဝါ​သက်သေ​အုပ်စုကို နာဇီ​အရာရှိ​တစ်ယောက် အော်ပြော​တယ်။ လက်နက်​အပြည့် ကိုင်ထားတဲ့ အက်စ်​အက်စ် (SS) စစ်သားတွေ အနားမှာ ရပ်နေတာတောင် ညီအစ်ကို တစ်ယောက်မှ အလျှော့​မပေးကြဘူး။ ရဲရဲတောက် သတ္တိ​ပါပဲ။ ဒီ​ဥပမာ​က ကမ္ဘာ့​စစ်ပွဲတွေ​မှာ ဝင်မတိုက်ခိုက်ဘူး ဆိုတဲ့ ယေဟောဝါသက်သေတွေရဲ့ အမြင်ကို ပေါ်လွင်​စေတယ်။ သတ်ပစ်​မယ်​လို့ ခြိမ်းခြောက်ခံရချိန်မှာတောင် ကမ္ဘာ့​ပဋိပက္ခ​တွေ​မှာ ကျွန်တော်တို့ ဘယ်ဘက်​မှ မ​ပါ​ကြ​ဘူး။

ခရစ်ယာန် အမည်ခံသူတိုင်း အဲဒီလိုတော့ မဟုတ်ကြဘူး။ ခရစ်ယာန်​တစ်ယောက်ဟာ ကိုယ့်​တိုင်းပြည်​ကို ကာကွယ်နိုင်ပြီး ကာလည်း ကာကွယ်​သင့်​တယ်လို့ အများစု ယူဆကြတယ်။ ‘ရှေးအစ္စရေးတွေ​တောင် ဘုရား​လူမျိုး ဖြစ်ပြီး စစ်တိုက်ခဲ့ကြရင် ဒီနေ့ခေတ် ခရစ်ယာန်တွေ​လည်း တိုက်သင့်တယ်’ လို့ သူတို့ တွေးမိနိုင်တယ်။ သင် ဘယ်လို ဖြေမလဲ။ ရှေးအစ္စရေး အခြေအနေနဲ့ ဒီနေ့ခေတ် ဘုရား​လူမျိုး အခြေအနေ အလွန် ကွာခြားတယ်လို့ ရှင်းပြ​နိုင်တယ်။ ကွာခြားချက် ငါးခုကို ဆွေးနွေး​ကြည့်ရအောင်။

၁။ ဘုရား​လူမျိုးဟာ လူမျိုး​တစ်မျိုးတည်း ဖြစ်

အရင်တုန်းက မိမိလူမျိုးကို အစ္စရေး​လူမျိုး တစ်မျိုးတည်းအဖြစ် ယေဟောဝါ စုသိမ်း​တယ်။ အစ္စရေးတွေ​ကို ‘လူမျိုး​အားလုံး​ထဲ​မှာ တန်ဖိုးအထားရဆုံး​လူမျိုး’ အဖြစ် ဘုရား ခေါ်တယ်။ (ထွ. ၁၉:၅) နယ်မြေ​လည်း သတ်သတ်မှတ်မှတ် ခွဲဝေ​ပေးတယ်။ တခြား​လူမျိုးတွေကို စစ်တိုက်တဲ့အခါ ယေဟောဝါကို ဝတ်ပြုသူ အချင်းချင်း မတိုက်ခိုက်ဖို့၊ မသတ်ဖို့ ဘုရား မိန့်မှာတယ်။ *

ဒီနေ့ခေတ်​မှာ ယေဟောဝါကို စစ်မှန်တဲ့ နည်းနဲ့ ဝတ်ပြု​နေ​သူ​တွေ​ဟာ “လူမျိုး​တွေ၊ မျိုးနွယ်​တွေ၊ လူစု​တွေ၊ ဘာသာစကားအမျိုးမျိုး ပြောဆိုသူ​တွေ​ထဲက” ဖြစ်ကြတယ်။ (ဗျာ. ၇:၉) ဘုရား​လူမျိုးသာ စစ်တိုက်​မယ်​ဆိုရင် ဝတ်ပြုသူ အချင်းချင်း တိုက်ခိုက်​သတ်ဖြတ်​မိ​နိုင်တယ်။

၂။ စစ်တိုက်ဖို့ အစ္စရေးတွေ​ကို ယေဟောဝါ မိန့်မှာ

အရင်တုန်းက အစ္စရေးတွေ ဘယ်အချိန်မှာ ဘာကြောင့် စစ်တိုက်​ရမယ်ဆိုတာ ယေဟောဝါ ဆုံးဖြတ်​ပေးတယ်။ ဥပမာ၊ အယူမှား ကိုးကွယ်မှု၊ လိင်အကျင့်ယိုယွင်းမှု၊ ကလေး ယဇ်ပူဇော်မှုတွေကြောင့် နာမည်ဆိုး ကျော်​တဲ့ ခါနန်​လူမျိုး​တွေ​အပေါ် ဘုရားရဲ့ တရားစီရင်ချက်​အတိုင်း အရေးယူ​ဆောင်ရွက်ဖို့၊ ကတိထားရာပြည်မှာ သူတို့ရဲ့​မကောင်းတဲ့ ဩဇာ​လွှမ်းမိုးမှု မ​ရှိအောင် ဖယ်ရှား​ဖို့ အစ္စရေးတွေ​ကို ဘုရား ညွှန်ကြားတယ်။ (ဝတ်. ၁၈:၂၄၊ ၂၅) ကတိထားရာပြည်မှာ အစ္စရေးတွေ အခြေချ​ပြီးနောက် တစ်ခါတလေ ဖိနှိပ်​ညှဉ်းပန်းတဲ့ ရန်သူ့​လက်ကနေ ကာကွယ်ဖို့ စစ်တိုက်​ပါ​လို့ ဘုရား မိန့်မှာတယ်။ (၂ ရှ. ၅:၁၇-၂၅) ဒါပေမဲ့ ကိုယ့်​ဘာသာ​ကိုယ် ဆုံးဖြတ်ပြီး စစ်တိုက်တာကိုတော့ ယေဟောဝါ ခွင့်မပြုဘူး။ အစ္စရေးတွေ အဲဒီလို တိုက်တဲ့အခါ အရှုံး​နဲ့​ပဲ ရင်ဆိုင်​ရလေ့​ရှိတယ်။—တော. ၁၄:၄၁-၄၅။ ၂ ရာ. ၃၅:၂၀-၂၄

ဒီနေ့ခေတ်မှာ လူတွေ စစ်တိုက်ဖို့ ယေဟောဝါ အခွင့်အာဏာ ပေးမထားဘူး။ နိုင်ငံ​တွေ စစ်တိုက်တာ ဘုရားအတွက် မဟုတ်ဘဲ ကိုယ့်​အတွက်​ကိုယ် တိုက်နေကြတာ။ နယ်မြေ​လု​ဖို့၊ စီးပွားရေး၊ နိုင်ငံရေး အကျိုးအမြတ် ရဖို့ တိုက်နေကြတာ။ ဒါပေမဲ့ ဝတ်ပြုရေးကို ကာကွယ်ဖို့၊ ဘုရား​ရန်သူတွေကို ချေမှုန်း​ဖို့ ဘုရား​နာမည်နဲ့ တိုက်ခိုက်​နေတယ်လို့ ပြော​နေ​ကြ​သူ​တွေ​ကော။ အနာဂတ် အာမဂေဒုန်​စစ်ပွဲ​မှာ ယေဟောဝါက မိမိကို ဝတ်ပြု​သူတွေကို ကာကွယ်ပြီး ရန်သူတွေကို ဖျက်ဆီးပစ်ပါလိမ့်မယ်။ (ဗျာ. ၁၆:၁၄၊ ၁၆) အဲဒီ​စစ်ပွဲ​မှာ တိုက်ခိုက်​မယ့် ဘုရား​စစ်တပ်ဟာ ကောင်းကင်​စစ်တပ် ဖြစ်တယ်။ ယေဟောဝါကို ဝတ်ပြုတဲ့ လူသားတွေ မဟုတ်ဘူး။—ဗျာ. ၁၉:၁၁-၁၅

၃။ ယုံကြည်​ကြောင်း ပြသူတွေကို အစ္စရေးတွေ အသက်ချမ်းသာပေးကြ

ယေရိခေါမြို့ကို တိုက်တဲ့ ယေဟောဝါရဲ့ စစ်ပွဲ​က ရာခပ်​နဲ့ မိသားစုကို အသက်ချမ်းသာ ပေးသလို ဒီနေ့ခေတ် စစ်ပွဲတွေက ယုံကြည်သူတွေကို အသက်ချမ်းသာ ပေးသလား

အရင်တုန်းက အစ္စရေး စစ်တပ်ဟာ ဘုရားကို ယုံကြည်​ကြောင်း ပြသူတွေကို ကရုဏာ ပြလေ့ ရှိပြီး သေဒဏ်ခံသင့်တယ်လို့ ယေဟောဝါ စီရင်သူတွေကိုတော့ သတ်ပစ်လေ့ ရှိတယ်။ ဖြစ်ရပ် နှစ်ခုကို သုံးသပ်ကြည့်ပါ။ ယေရိခေါမြို့ကို ဖျက်ဆီး​ဖို့ ယေဟောဝါ မိန့်မှာတဲ့အခါ ရာခပ်​ရဲ့ ယုံကြည်ခြင်းကြောင့် သူနဲ့ မိသားစုကို အစ္စရေးတွေ အသက်ချမ်းသာ​ပေးခဲ့တယ်။ (ယောရှု ၂:၉-၁၆။ ၆:၁၆၊ ၁၇) နောက်ပိုင်း၊ ဘုရားကို ကြောက်ရွံ့​ရိုသေ​ကြောင်း ဂိဗောင်​မြို့သားတွေ ပြပြီးနောက် တစ်မြို့လုံး​ကိုလည်း အစ္စရေးတွေ အသက်ချမ်းသာ​ပေးခဲ့တယ်။ —ယောရှု ၉:၃-၉၊ ၁၇-၁၉

ဒီနေ့ခေတ်မှာ နိုင်ငံ​တွေ စစ်တိုက်တဲ့အခါ ယုံကြည်​ကြောင်း ပြသူတွေကို အသက်ချမ်းသာ မပေးကြဘူး။ တစ်ခါတလေ အပြစ်မဲ့ ပြည်သူတွေ သေကြ​ရတယ်။

၄။ ဘုရားသခင့် စစ်ပွဲ​စည်းကမ်း​တွေ​ကို အစ္စရေးတွေ လိုက်နာ​ရ

အရင်တုန်းက ဘုရား ညွှန်ကြားချက်​အတိုင်း အစ္စရေး စစ်သားတွေ စစ်တိုက်​ရတယ်။ ဥပမာ၊ မြို့​တစ်မြို့ကို မတိုက်ခင် “ငြိမ်းချမ်းရေး​စကား” ပြောဖို့ တစ်ခါတလေ ဘုရား ညွှန်ကြားတယ်။ (တရား. ၂၀:၁၀) အစ္စရေး စစ်သားတွေ​ရော တပ်​စခန်း​ပါ ကိုယ်​ခန္ဓာပိုင်း၊ ကိုယ်ကျင့်တရားပိုင်း သန့်ရှင်းဖို့ ယေဟောဝါ မျှော်လင့်တယ်။ (တရား. ၂၃:၉-၁၄) ပတ်ဝန်းကျင် နိုင်ငံ​က စစ်တပ်​တွေ စစ်နိုင်ရင် အဲဒီ​နယ်မြေမှာ ရှိတဲ့ အမျိုးသမီးတွေကို မုဒိမ်းကျင့်ကြတယ်။ ယေဟောဝါကတော့ အဲဒီလို မ​လုပ်ဖို့ တားမြစ်​တယ်။ မြို့ကို သိမ်းပိုက်ပြီး တစ်လကြာမှ သုံ့ပန်း အမျိုးသမီးကို လက်ထပ်ခွင့် ရှိတယ်။—တရား. ၂၁:၁၀-၁၃

ဒီနေ့ခေတ်မှာ နိုင်ငံ​အများစုဟာ အပြည်ပြည်ဆိုင်ရာ စစ်ပွဲ သဘောတူညီချက်တွေကို လက်မှတ်ထိုး​ကြတယ်။ ပြည်သူတွေ​ကို ကာကွယ်ဖို့ ရည်ရွယ်ပေမဲ့ အဲဒီ​သဘောတူညီချက်တွေကို ချိုးဖောက်လေ့ရှိတာ ဝမ်းနည်းစရာပါပဲ။

၅။ မိမိလူမျိုးအတွက် ဘုရား တိုက်ခိုက်ပေး

ယေရိခေါမြို့မှာ အစ္စရေးတွေ​အတွက် ဘုရား တိုက်ခိုက်​ပေးခဲ့​သ​လို ဒီနေ့ခေတ် နိုင်ငံ​တစ်နိုင်ငံ​အတွက် တိုက်ခိုက်​ပေးသလား

အရင်တုန်းက အစ္စရေးတွေ​အတွက် ယေဟောဝါ တိုက်ခိုက်ပေးတယ်။ တစ်ခါတလေ အံ့ဖွယ်​နည်းနဲ့ အောင်ပွဲ ရစေတယ်။ ဥပမာ၊ ယေရိခေါမြို့ကို အနိုင်​ရဖို့ အစ္စရေးတွေ​ကို ယေဟောဝါ ဘယ်လို ကူညီပေးသလဲ။ ယေဟောဝါရဲ့ ညွှန်ကြားချက်​အရ “အော်ပြီး စစ်ငြာသံ ပေးလိုက်တာနဲ့ မြို့ရိုး လုံးဝ ပြိုကျ​သွား” တယ်။ မြို့ကို အလွယ်တကူ သိမ်းပိုက်​နိုင်ခဲ့တယ်။ (ယောရှု ၆:၂၀) အာမောရိတွေကိုရော ဘယ်လို အနိုင်ရခဲ့သလဲ။ ‘ယေဟောဝါက မိုးသီးကြီးတွေ ကျစေတယ်။ အစ္စရေးတွေ​ရဲ့ ဓားချက်ကြောင့် သေတာထက် မိုးသီးကြောင့် သေတာ ပိုများ​တယ်။’—ယောရှု ၁၀:၆-၁၁

ဒီနေ့ခေတ်မှာ မြေကြီးပေါ်က ဘယ်​နိုင်ငံ​အတွက်​မှ ယေဟောဝါ မတိုက်ခိုက်ပေးဘူး။ ဘုရင် ယေရှု ဦးဆောင်​တဲ့ ဘုရားနိုင်ငံဟာ “ဒီ​လောက​နဲ့ မပတ်သက်ဘူး။” (ယော. ၁၈:၃၆) လူ့အစိုးရ​အားလုံးကို ကြိုးကိုင်​နေ​သူဟာ စာတန်ပဲ။ ကြောက်မက်ဖွယ် ကမ္ဘာ့​စစ်ပွဲတွေက စာတန့်​စရိုက်​ကို ထင်ဟပ်ပြနေတယ်။—လု. ၄:၅၊ ၆။ ၁ ယော. ၅:၁၉

ခရစ်ယာန်စစ်တွေဟာ ငြိမ်သက်မှု ရှိအောင် လုပ်ဆောင်သူတွေ ဖြစ်ကြ

ဒီနေ့ခေတ် အခြေအနေနဲ့ ရှေးအစ္စရေး အခြေအနေ အလွန် ကွာခြား​ကြောင်း သိခဲ့​ရပြီ။ ဒါပေမဲ့ အဲဒီ​ကွာခြားချက်တွေကြောင့်ပဲ ကျွန်တော်တို့ စစ်မတိုက်ကြတာ မဟုတ်ဘူး။ တခြား​အကြောင်းရင်းတွေ ရှိသေးတယ်။ ဥပမာ၊ နောက်ဆုံး​ကာလမှာ ဘုရား​သွန်သင်မှု ခံယူ​သူ​တွေ​ဟာ စစ်ပွဲ​မှာ ပါဝင်ဖို့ မပြော​နဲ့၊ ‘စစ်အတတ်ပညာကို​တောင် မသင်ကြတော့ဘူး။’ (ဟေရှာ. ၂:၂-၄) မိမိ​တပည့်တွေ ‘ဒီ​လောက​နဲ့ ဘာမှ မပတ်သက်ဘူး၊’ လောက အရေးကိစ္စတွေမှာ ဘယ်ဘက်​မှ မပါဘူး​လို့ ခရစ်တော် ပြောတယ်။—ယော. ၁၅:၁၉

ဒီထက်မက လုပ်ဆောင်ဖို့လည်း နောက်လိုက်တွေကို ခရစ်တော် တိုက်တွန်း​တယ်။ “ငြိမ်သက်မှု ရှိအောင် လုပ်ဆောင်” ဖို့၊ နာကြည်းမှု၊ ဒေါသ၊ စစ်ပွဲတွေ ဖြစ်စေတဲ့ သဘောထားတွေကို ရှောင်ဖို့၊ ရန်သူတွေကိုတောင် ချစ်ဖို့ မိန့်မှာ​ထားတယ်။—မ. ၅:၉၊ ၂၁၊ ၂၂၊ ၄၄

ကျွန်တော်တို့ တစ်ဦးစီ​ကော ဘယ်လိုလဲ။ စစ်​မတိုက်ချင်ကြပေမဲ့ အသင်းတော်မှာ အငြင်းပွားစေတဲ့၊ စိတ်ဝမ်းကွဲစေတဲ့ ရန်လို​မုန်းတီးမှု​တွေ စိတ်နှလုံးထဲ ရှိနေ​သ​လား။ အဲဒီလို ခံစားချက်တွေကို စိတ်ထဲကနေ အမြစ်ပါ မကျန် ထုတ်ပစ်ဖို့ ဆက်ကြိုးစား​ကြပါစို့။—ယာ. ၄:၁၊ ၁၁

စစ်ပွဲတွေ​မှာ ပါဝင်​ပတ်သက်မယ့်အစား အချင်းချင်း​ကြားမှာ ငြိမ်သက်မှု၊ မေတ္တာ ရှိနေဖို့ ကျွန်တော်တို့ ကြိုးစားကြတယ်။ (ယော. ၁၃:၃၄၊ ၃၅) စစ်ပွဲ​အားလုံးကို ယေဟောဝါ ထာဝစဉ် အဆုံးတိုင်စေမယ့်နေ့ကို စောင့်မျှော်ရင်း ဆက်​ကြားနေဖို့ စိတ်ပိုင်းဖြတ်ထားကြပါစို့။—ဆာ. ၄၆:၉

^ တစ်ခါတလေ အစ္စရေး အချင်းချင်း တိုက်ခိုက်ကြတာတွေ​ရှိတယ်။ ဒါပေမဲ့ ယေဟောဝါ မနှစ်သက်ဘူး။ (၁ ဘု. ၁၂:၂၄) မျိုးနွယ်​တချို့ ဘုရားကို သစ္စာ မရှိတဲ့အခါ၊ ကြီးလေးတဲ့ အပြစ်တွေ ကျူးလွန်တဲ့အခါမှာတော့ အဲဒီလို တိုက်ခိုက်တာတွေကို ဘုရား ခွင့်ပြုတယ်။—သူကြီး. ၂၀:၃-၃၅။ ၂ ရာ. ၁၃:၃-၁၈။ ၂၅:၁၄-၂၂။ ၂၈:၁-၈