မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၄၁

သင် စစ်မှန်တဲ့ ပျော်ရွှင်မှု ရရှိနိုင်

သင် စစ်မှန်တဲ့ ပျော်ရွှင်မှု ရရှိနိုင်

“ယေဟောဝါကို ကြောက်ရွံ့​ရိုသေပြီး ကိုယ်တော်​ရဲ့ လမ်းစဉ်​တွေ​အတိုင်း လျှောက်လှမ်း​သူဟာ ပျော်ရွှင်​ချမ်းမြေ့​တယ်။”—ဆာ. ၁၂၈:၁

သီချင်း  ၁၁၀ ‘ယေဟောဝါ ပေးတဲ့ ဝမ်းမြောက်ခြင်း’

အကြို​သုံးသပ်ချက် *

၁။ “ဘုရားသခင်ကို မှီခို​ဖို့ လိုအပ်” တာနဲ့ ပျော်ရွှင်တာ ဘယ်လို ဆက်စပ်သလဲ။

 စစ်မှန်​တဲ့ ပျော်ရွှင်မှု​ဆိုတာ ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်တတ်တဲ့ ခံစားချက်​လောက်​ပဲ မဟုတ်ဘူး။ တစ်​ဘဝ​စာ ဖြစ်နိုင်တယ်။ ဘယ်လိုနည်းနဲ့လဲ။ “ဘုရားသခင်ကို မှီခို​ဖို့ လိုအပ်မှန်း သိမြင်​သူ​တွေ ပျော်ရွှင်​ချမ်းမြေ့​တယ်” လို့ တောင်ပေါ်​တရားတော်​မှာ ယေရှု ပြောတယ်။ (မ. ၅:၃) လူတွေဟာ ဖန်ဆင်း​ရှင် ယေဟောဝါ​ဘုရားကို သိကျွမ်း၊ ဝတ်ပြု၊ မှီခို​အားကိုးချင်တဲ့ ပြင်းပြ​တဲ့ ဆန္ဒ ထည့်သွင်း​ဖန်ဆင်း​ခံရ​မှန်း ယေရှု သိတယ်။ ယေဟောဝါဟာ “ပျော်ရွှင်တဲ့ ဘုရားသခင်” ဖြစ်လို့ ဘုရားကို ဝတ်ပြုသူ​တွေ ပျော်ရွှင်နိုင်တယ်။—၁ တိ. ၁:၁၁

“ဖြောင့်မှန်​ရာ​ကို လုပ်တဲ့အတွက် နှိပ်စက်​ခံရသူ​တွေ ပျော်ရွှင်​ချမ်းမြေ့​တယ်။”—မ. ၅:၁၀ (စာပိုဒ် ၂-၃ ကို ကြည့်ပါ) *

၂-၃။ (က) ယေရှုရဲ့​စကားအရ ဘယ်သူတွေ ပျော်ရွှင်နိုင်သလဲ။ (ခ) ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။ ဘာကြောင့်လဲ။

ပျော်ရွှင်မှု​ဟာ ဘဝ​အခြေအနေနဲ့ ဆိုင်​သ​လား။ မဆိုင်ပါဘူး။ တောင်ပေါ်​တရားတော်​မှာ ထူးခြားတာတစ်ခု ယေရှု ပြောတယ်။ ကိုယ့်​အပြစ်ကြောင့် ဖြစ်ဖြစ်၊ စိတ်ပျက်​စ​ရာ ဘဝ​အခြေအနေကြောင့် ဖြစ်ဖြစ် “ဝမ်းနည်းပူဆွေး​သူ​တွေ” ပျော်ရွှင်နိုင်တယ်တဲ့။ “ဖြောင့်မှန်​ရာ​ကို လုပ်တဲ့အတွက် နှိပ်စက်​ခံရသူ​တွေ၊” ခရစ်တော်နောက် လိုက်လို့ ‘ကဲ့ရဲ့​ခံရသူ​တွေ’ လည်း ပျော်ရွှင်တယ်လို့ ယေရှု ဆက်ပြောတယ်။ (မ. ၅:၄၊ ၁၀၊ ၁၁) ဒါပေမဲ့ အဲဒီလို အခြေအနေမှာ အမှန်တကယ် ပျော်ရွှင်​ဖို့ ဖြစ်နိုင်ပါ့မလား။

ပျော်ရွှင်မှု​ဆိုတာ ဘဝ​အခြေအနေနဲ့ မဆိုင်​ကြောင်း၊ ဘုရားရေးရာ လိုအပ်ချက်ကို ဖြည့်ဆည်း​မှ၊ ဘုရားနဲ့ ရင်းနှီး​နေ​မှ ရမှာ ဖြစ်ကြောင်း ယေရှု သင်ပေးတယ်။ (ယာ. ၄:၈) ဘယ်လိုနည်းနဲ့ အဲဒီလို လုပ်နိုင်သလဲ။ စစ်မှန်တဲ့ ပျော်ရွှင်မှု ရ​စေနိုင်​တဲ့ အခြေခံ အချက်​သုံးချက်​ကို ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။

ကျမ်းစာ ဖတ်ရှု​လေ့လာ​ပါ

၄။ စစ်မှန်တဲ့ ပျော်ရွှင်မှု ရစေတဲ့ ပထမ​အချက်က ဘာလဲ။ (ဆာလံ ၁:၁-၃)

အချက် ၁– စစ်မှန်တဲ့ ပျော်ရွှင်မှု ရဖို့ ကျမ်းစာ ဖတ်ရှု​လေ့လာ​ရမယ်။ ကျမ်းစာကို အစာနဲ့ ယေရှု ခိုင်းနှိုင်း​တယ်။ လူတွေ၊ တိရစ္ဆာန်​တွေ အသက်ရှင်ဖို့ အစာစား​ရမယ်။ ဒါပေမဲ့ ကျမ်းစာ​ကိုတော့ လူတွေပဲ ဖတ်နိုင်တယ်။ ဖတ်​ဖို့လည်း လိုအပ်တယ်။ “လူဟာ အစားအစာနဲ့ပဲ အသက်ရှင်​ရမှာ မဟုတ်ဘူး၊ ယေဟောဝါရဲ့ နှုတ်ထွက်​စကား မှန်သမျှနဲ့ အသက်ရှင်​ရမယ်” လို့ ယေရှု ပြောတယ်။ (မ. ၄:၄) ဒါကြောင့် ကျမ်းစာ မဖတ်လိုက်ဘဲ တစ်နေ့တာ မကုန်ပါစေနဲ့။ ‘ယေဟောဝါရဲ့ ပညတ်​မှာ ပျော်မွေ့ပြီး ပညတ်တော်​ကို နေ့​ည​မပြတ် ဖတ်ရွတ်​ဆင်ခြင်​သူဟာ ပျော်ရွှင်​ချမ်းမြေ့​တယ်’ လို့ ဆာလံဆရာ ပြောတယ်။ဆာလံ ၁:၁-၃ ကို ဖတ်ပါ။

၅-၆။ (က) ကျမ်းစာကနေ ဘာတွေ သိရသလဲ။ (ခ) ကျမ်းစာ​ဖတ်တာက ဘယ်လို ကူညီပေးနိုင်သလဲ။

ပျော်ရွှင်တဲ့ ဘဝ ရနိုင်ပုံ​ကို ကျမ်းစာမှာ ယေဟောဝါ မေတ္တာပါစွာ ဖော်ပြ​ပေးတယ်။ ကျွန်တော်တို့ ဘဝ​အတွက် ဘုရား​ရည်ရွယ်ချက်က ဘာလဲ၊ ဘုရားနဲ့ ရင်းနှီးအောင်၊ အပြစ်တွေ ခွင့်လွှတ်ခံရအောင် ဘာလုပ်ရမလဲ၊ ဘုရားပေးထားတဲ့ အနာဂတ် မျှော်လင့်ချက်က ဘာလဲ ဆိုတာ​တွေ ကျွန်တော်တို့ သိလာတယ်။ (ယေ. ၂၉:၁၁) ကျမ်းစာကနေ သိလာတဲ့ အဲဒီ​အမှန်တရားတွေ​က ကျွန်တော်တို့ကို ပျော်ရွှင်စေတယ်။

ကျမ်းစာမှာ နေ့စဉ်​ဘဝ​အတွက် လက်တွေ့ကျ အကြံဉာဏ် အပြည့် ပါတယ်။ အဲဒီအတိုင်း လိုက်ရင် ပျော်ရွှင်နိုင်တယ်။ ဘဝ​ပြဿနာတွေကြောင့် စိတ်ဓာတ်ကျတိုင်း ကျမ်းစာ ဖတ်​ဖို့၊ တွေးတော​ဆင်ခြင်​ဖို့ အချိန် ပိုယူပါ။ “ဘုရားသခင်ရဲ့ တရားစကားကို ကြားနာပြီး လိုက်လျှောက်တဲ့​သူဟာ ပိုပြီး ပျော်ရွှင်​ချမ်းမြေ့​တယ်” လို့ ယေရှု ပြောတယ်။—လု. ၁၁:၂၈

၇။ ကျမ်းစာ​ဖတ်တဲ့အခါ အကျိုး အများဆုံး ရဖို့ ဘာလုပ်နိုင်သလဲ။

ကျမ်းစာ ဖတ်တဲ့အခါ အချိန်ပေးပြီး အရသာခံ ဖတ်ပါ။ ဥပမာ၊ တစ်ယောက်ယောက်က ကိုယ်​အကြိုက်ဆုံး အစားအစာ ချက်ပေးတယ် ဆိုပါစို့။ အချိန် မရှိလို့ ဖြစ်ဖြစ်၊ အာရုံများ​နေ​လို့ ဖြစ်ဖြစ် သေသေချာချာ အရသာ မခံဘဲ မျိုချ​လိုက်တယ်။ စားပြီး​မှ အလောတကြီး စားလိုက်မှန်း သိလိုက်တယ်။ အချိန်ယူပြီး တစ်လုတ်ချင်း အရသာခံ စားမိရင် ကောင်းသား​လို့ တွေးမိတယ်။ ကျမ်းစာ​ဖတ်တဲ့အခါလည်း သေသေချာချာ အရသာမခံဘဲ လောလောလောလော ဖတ်​လိုက်တာမျိုး ဖြစ်ဖူးသလား။ ကျမ်းစာ​ဖတ်တဲ့အခါ အချိန်ယူပြီး အရသာခံ ဖတ်ပါ။ အဖြစ်အပျက်​ကို မြင်ယောင်​ပါ။ အသံ​တွေ ကြားယောင်​ပါ။ ဖတ်တာကို တွေးတောပါ။ ဒါဆိုရင် ဖတ်​ရတာ ပိုပျော်ရွှင်လာပါလိမ့်မယ်။

၈။ “သစ္စာနဲ့ သတိပညာရှိတဲ့ ကျွန်” က မိမိ​တာဝန် ကျေအောင် ဘယ်လို လုပ်ဆောင်နေသလဲ။ (အောက်ခြေမှတ်ချက်ကိုလည်း ကြည့်ပါ။)

ဘုရားနဲ့​ပတ်သက်တဲ့ အချိန်တန်​အစာ ကျွေးဖို့ “သစ္စာနဲ့ သတိပညာရှိတဲ့ ကျွန်” ကို ယေရှု ခန့်အပ်​ထားလို့ ကျွန်တော်တို့ ဝဝလင်လင် စားနေရတယ်။ * (မ. ၂၄:၄၅) သစ္စာရှိ​ကျွန် ပြင်ဆင်ပေးသမျှမှာ အဓိက ပါဝင်​ပစ္စည်း​ဟာ စွမ်းအားတော် လမ်းညွှန်မှုနဲ့ ရေးထားတဲ့ ကျမ်းစာပါ။ (၁ သက်. ၂:၁၃) အချိန်တန်​အစာ​က ကျမ်းစာမှာ ဖော်ပြထားတဲ့ ယေဟောဝါရဲ့ စဉ်းစားပုံကို သိအောင် ကူညီပေးတယ်။ ဒါကြောင့် ကင်းမျှော်စင်၊ နိုးလော့!၊ jw.org ဆောင်းပါးတွေ ကျွန်တော်တို့ ဖတ်​ကြတယ်။ အစည်းအဝေး​အားလုံး​အတွက် ပြင်ဆင်​ကြတယ်။ လတိုင်း JW ရုပ်သံထုတ်လွှင့်မှု® အစီအစဉ် ကြည့်ကြတယ်။ အဲဒါတွေ​က စစ်မှန်တဲ့ ပျော်ရွှင်မှု ရစေတဲ့ ဒုတိယ​အချက်ကို လုပ်ဆောင်ဖို့ ကူညီပေးပါလိမ့်မယ်။

ယေဟောဝါရဲ့ စံနှုန်းတွေအတိုင်း နေထိုင်ပါ

၉။ စစ်မှန်တဲ့ ပျော်ရွှင်မှု ရစေတဲ့ ဒုတိယ​အချက်က ဘာလဲ။

အချက် ၂– စစ်မှန်တဲ့ ပျော်ရွှင်မှု ရဖို့ ယေဟောဝါရဲ့ စံနှုန်းတွေအတိုင်း နေထိုင်ဖို့ လိုတယ်။ “ယေဟောဝါကို ကြောက်ရွံ့​ရိုသေပြီး ကိုယ်တော်​ရဲ့ လမ်းစဉ်​တွေ​အတိုင်း လျှောက်လှမ်း​သူဟာ ပျော်ရွှင်​ချမ်းမြေ့​တယ်” လို့ ဆာလံဆရာ ရေးတယ်။ (ဆာ. ၁၂၈:၁) ယေဟောဝါကို ကြောက်ရွံ့​တယ်ဆိုတာ ဘုရားကို ရိုသေ​လေးစား​လွန်းလို့ ဘုရား မကြိုက်တာ မလုပ်မိအောင် ရှောင်တာကို ဆိုလိုတယ်။ (ပညာ. ၁၆:၆) ဒါကြောင့် ကျမ်းစာပါ ဘုရားရဲ့ အမှားအမှန် စံနှုန်းတွေအတိုင်း ကျွန်တော်တို့ အတတ်နိုင်ဆုံး နေထိုင်ကြတယ်။ (၂ ကော. ၇:၁) ယေဟောဝါ နှစ်သက်​မြတ်နိုး​တာကို လုပ်ပြီး ဘုရား မုန်းတာကို ရှောင်မယ်​ဆိုရင် ကျွန်တော်တို့ ပျော်ရွှင်​ပါလိမ့်မယ်။—ဆာ. ၃၇:၂၇။ ၉၇:၁၀။ ရော. ၁၂:၉

၁၀။ ရောမ ၁၂:၂ အရ ကျွန်တော်တို့ရဲ့ တာဝန်​က ဘာလဲ။

၁၀ ရောမ ၁၂:၂ ကို ဖတ်ပါ။ အမှားအမှန် စံနှုန်း သတ်မှတ်ပိုင်ခွင့် ယေဟောဝါ​မှာ ရှိ​မှန်း လူတစ်ယောက် သိရုံနဲ့ မပြီးဘူး။ အဲဒီ​စံနှုန်းတွေကို လိုက်နာ​ဖို့လည်း လိုတယ်။ ဥပမာ၊ အစိုးရ​မှာ အဝေးပြေးလမ်း​အတွက် အမြန်နှုန်း သတ်မှတ်ပိုင်ခွင့် ရှိ​မှန်း သိပေမဲ့ မလိုက်နာဘူးဆိုရင် မောင်းသင့်တဲ့ နှုန်းထက် ပိုမြန်မြန် မောင်းမိနိုင်တယ်။ ကျွန်တော်တို့လည်း ယေဟောဝါရဲ့ စံနှုန်းတွေကို လိုက်လျှောက်တာ အကောင်းဆုံး ဘဝ​လမ်းစဉ် ဖြစ်မှန်း ယုံကြည်တယ်ဆိုတာကို ကိုယ့်​အပြုအမူ​အားဖြင့် ပြကြတယ်။ (ပညာ. ၁၂:၂၈) “ကိုယ်တော်ကြောင့် အသက်​လမ်းကို ကျွန်တော် သိရှိ​ရတယ်။ ရှေ့တော်မှာ နေခွင့်​ရလို့ သိပ်ပျော်တယ်။ ကိုယ်တော့်​ညာဘက်​မှာ နေခွင့်​ရလို့ ထာဝစဉ် ကြည်နူး​တယ်” လို့ ပြောခဲ့တဲ့ ဒါဝိဒ် အဲဒီလို ခံစားရတယ်။—ဆာ. ၁၆:၁၁

၁၁-၁၂။ (က) အခက်အခဲ ကြုံတဲ့အခါ၊ စိတ်ဓာတ်ကျတဲ့အခါ ဘာကို သတိထား​ရမလဲ။ (ခ) ဖိလိပ္ပိ ၄:၈ မှာ ပါတဲ့ စကားတွေက ဖျော်ဖြေမှု ရွေးချယ်ရာ​မှာ ဘယ်လို ကူညီပေးနိုင်သလဲ။

၁၁ အခက်အခဲ ကြုံတဲ့အခါ၊ စိတ်ဓာတ်ကျတဲ့အခါ တစ်နည်းနည်းနဲ့ စိတ်​ကို ထွက်ပေါက်​ပေးဖို့ လိုတယ်လို့ ခံစားရနိုင်တယ်။ အဲဒါ မမှားပါဘူး။ ဒါပေမဲ့ ယေဟောဝါ မုန်းတာကို မလုပ်မိဖို့ သတိထား​ရမယ်။—ဧ. ၅:၁၀-၁၂၊ ၁၅-၁၇

၁၂ ဖိလိပ္ပိ အသင်းတော်ကို တမန်တော် ပေါလု ရေးတဲ့ စာမှာ ‘ဖြောင့်မတ်တဲ့အရာ၊ စင်ကြယ်တဲ့​အရာ၊ မေတ္တာ​တိုးစေတဲ့အရာ၊ မွန်မြတ်တဲ့​အရာ’ တွေ​ကို အမြဲ ဆင်ခြင်​သုံးသပ်​နေဖို့ အားပေးထားတယ်။ (ဖိလိပ္ပိ ၄:၈ ကို ဖတ်ပါ။) ဖျော်ဖြေရေး​အကြောင်း ပေါလု သတ်သတ်မှတ်မှတ် ပြောနေတာ မဟုတ်ပေမဲ့ သူ​ပြောတဲ့ အချက်တွေ​က ကျွန်တော်တို့ ရွေးချယ်တဲ့ ဖျော်ဖြေမှု​အပေါ် အကျိုးသက်ရောက်မှု ရှိသင့်တယ်။ ကျမ်းချက်မှာ ပါတဲ့ “အရာ” ဆိုတဲ့ နေရာတိုင်းမှာ “သီချင်း၊” “ရုပ်ရှင်၊” “ဝတ္ထု၊” “ဂိမ်း” ဆိုတဲ့ စကားလုံး​တွေ အစားထိုးကြည့်ပါ။ အဲဒါက ဘုရား​အမြင်မှာ လက်ခံနိုင်တာ၊ လက်မခံနိုင်တာကို သိဖို့ ကူညီပေးနိုင်တယ်။ ယေဟောဝါရဲ့ မြင့်မားတဲ့ စံနှုန်းတွေနဲ့​အညီ ကျွန်တော်တို့ နေထိုင်ချင်ကြတယ်။ (ဆာ. ၁၁၉:၁-၃) ဒါဆိုရင် စစ်မှန်တဲ့ ပျော်ရွှင်မှု ရစေတဲ့ နောက်တစ်ချက်​ကို ကြည်လင်တဲ့ သိစိတ်နဲ့ လုပ်ဆောင်​နိုင်မယ်။—တ. ၂၃:၁

ဝတ်ပြုရေးကို ဦးစားထားပါ

၁၃။ စစ်မှန်တဲ့ ပျော်ရွှင်မှု ရစေတဲ့ တတိယ​အချက်က ဘာလဲ။ (ယောဟန် ၄:၂၃၊ ၂၄)

၁၃ အချက် ၃– ဝတ်ပြုရေးကို ဘဝမှာ အမြဲ ဦးစားထားပါ။ ယေဟောဝါဟာ ဖန်ဆင်း​ရှင် ဖြစ်လို့ ကျွန်တော်တို့ရဲ့ ဝတ်ပြုမှု ရထိုက်တယ်။ (ဗျာ. ၄:၁၁။ ၁၄:၆၊ ၇) ဒါကြောင့် ဘဝမှာ အရေးကြီးဆုံး​က “စွမ်းအားတော် လမ်းပြမှု​နဲ့​အညီ၊ အမှန်တရားနဲ့​အညီ” ဘုရား နှစ်သက်တဲ့​နည်းအတိုင်း ကိုးကွယ်​ဖို့ ဖြစ်သင့်တယ်။ (ယောဟန် ၄:၂၃၊ ၂၄ ကို ဖတ်ပါ။) ကျမ်းစာ အမှန်တရားနဲ့​အညီ ဝတ်ပြုနိုင်ဖို့ စွမ်းအားတော် လမ်းပြမှု​ကို ခံယူ​ရမယ်။ အဖွဲ့အစည်း လုပ်ငန်း ကန့်သတ်ခံရ၊ ပိတ်ပင်​ခံရတဲ့ နေရာမှာ နေထိုင်​ရင်တောင် ဝတ်ပြုရေးကို အဓိကထား​ရမယ်။ ယေဟောဝါ​သက်သေ ဖြစ်ရုံနဲ့ ညီအစ်ကို/မ ၁၀၀ ကျော် လောလောဆယ် ထောင်ချခံထားရတယ်။ * ဒါတောင် ဆုတောင်းဖို့၊ လေ့လာဖို့၊ ဘုရားနဲ့ နိုင်ငံတော်​အကြောင်း တခြားသူတွေကို ပြောပြဖို့ သူတို့ အတတ်နိုင်ဆုံး ပျော်ပျော်ရွှင်ရွှင် ကြိုးစား​နေ​ကြတယ်။ ကဲ့ရဲ့​ခံရ၊ နှိပ်စက်ခံရချိန်မှာ ကျွန်တော်တို့နဲ့​အတူ ယေဟောဝါ ရှိတယ်၊ ဆုချမယ်ဆိုတာ သိလို့ ပျော်ရွှင်ကြတယ်။—ယာ. ၁:၁၂။ ၁ ပေ. ၄:၁၄

ဖြစ်ရပ်မှန် တွေ့ကြုံမှု

၁၄။ တာဂျစ်ကစ္စတန်​က လူငယ်​ညီအစ်ကို ဘာကြုံရသလဲ။ ဘာကြောင့်လဲ။

၁၄ ဖြစ်ရပ်မှန် တွေ့ကြုံမှုတွေ​က ကျွန်တော်တို့ရဲ့ ဘဝ အခြေအနေ ဘယ်လိုပဲ ရှိပါစေ အထက်မှာ လေ့လာခဲ့​တဲ့ အချက်​သုံးချက်ကြောင့် စစ်မှန်တဲ့ ပျော်ရွှင်မှု ရနိုင်​ကြောင်း အတည်ပြု​ပေးတယ်။ တာဂျစ်ကစ္စတန်​နိုင်ငံ​က အသက် ၁၉ နှစ်အရွယ် ညီအစ်ကို ဂျိုဗီဒွန် ဘာဘာဟာနို့ဗ် စစ်မှု မထမ်းလို့ ဘာကြုံရကြောင်း လေ့လာကြည့်ပါ။ ၂၀၁၉၊ အောက်တိုဘာ ၄ ရက်မှာ နေအိမ်ကနေ အတင်း​အဓမ္မ ခေါ်ဆောင်​သွားခံရပြီး လ​များစွာ ဖမ်းချုပ်​ခံရတယ်။ ရာဇဝတ်သား​တစ်ယောက်လို ဆက်ဆံခံရတယ်။ သူ ကြုံရတဲ့ မတရားမှု​အကြောင်း နိုင်ငံ​အတော်များများ​ရဲ့ သတင်းမှာ ပါလာတယ်။ စစ်တပ်​ရဲ့ သစ္စာ​အဓိဋ္ဌာန် ဆိုဖို့၊ စစ်​ယူနီဖောင်း ဝတ်ဖို့ အတင်း​ဖိအား​ပေးတဲ့အနေနဲ့ ရိုက်နှက်​ခံရတယ်။ အပြစ်ရှိတယ်လို့ စီရင်ခံရပြီး အလုပ်ကြမ်း စခန်း​ကို ပို့ခံရတယ်။ နောက်ဆုံး၊ တာဂျစ်ကစ္စတန် သမ္မတ​အမိန့်နဲ့ လွတ်ငြိမ်းခွင့် ရပြီး လွတ်လာတယ်။ အဲဒီအချိန်​တစ်လျှောက်​လုံး ဂျိုဗီဒွန် သမာဓိ စောင့်ထိန်းပြီး ပျော်ရွှင်မှု မပျောက်ဆုံးအောင် ဆက်ထိန်းခဲ့တယ်။ ဘယ်လိုနည်းနဲ့လဲ။ ဘုရားကို မှီခို​ဖို့ လိုအပ်မှန်း အမြဲ အသိအမှတ်ပြုပြီး အဲဒီ​လိုအပ်ချက်ကို ဖြည့်ဆည်း​လို့​ပါပဲ။

ဂျိုဗီဒွန် ကျမ်းစာ ဖတ်ရှု​လေ့လာ၊ ဘုရား စံနှုန်းတွေအတိုင်း နေထိုင်၊ ဘဝမှာ ဝတ်ပြုရေးကို ဦးစားထား (စာပိုဒ် ၁၅-၁၇ ကို ကြည့်ပါ)

၁၅။ ဂျိုဗီဒွန် ထောင်ကျ​နေတုန်း ယေဟောဝါအကြောင်း ဘယ်လို ဆက်လေ့လာသလဲ။

၁၅ ဂျိုဗီဒွန် ထောင်ကျ​နေတုန်း ကျမ်းစာ၊ ကျမ်းစာ​စာပေ တစ်ခုမှ မရှိတာတောင် ယေဟောဝါအကြောင်း ဆက်လေ့လာတယ်။ ဘယ်လိုနည်းနဲ့လဲ။ ဒေသခံ ညီအစ်ကို/မတွေ​က အစားအစာ ယူလာပေးတဲ့အခါ ထည့်ပေးတဲ့ အိတ်တွေပေါ်မှာ နေ့စဉ်​ကျမ်းချက် ရေးပေးကြတယ်။ ဒါကြောင့် ဂျိုဗီဒွန် နေ့တိုင်း ကျမ်းစာ ဖတ်နိုင်ပြီး တွေးတော​ဆင်ခြင်​နိုင်ခဲ့တယ်။ ထောင်ကနေ လွတ်လာပြီးနောက် “ကိုယ်​လွတ်လပ်​နေချိန်မှာ ကျမ်းစာနဲ့ ကျမ်းစာ စာပေတွေကို ဖတ်ရှုခြင်း​အားဖြင့် ယေဟောဝါအကြောင်း ပိုသိကျွမ်းအောင် လုပ်ဖို့ သိပ်အရေးကြီးတယ်” လို့ ပြင်းထန်တဲ့ စမ်းသပ်မှု မကြုံရသေးသူတွေကို အကြံပေးတယ်။

၁၆။ ဂျိုဗီဒွန် ဘာကို အာရုံစိုက် တွေးတောသလဲ။

၁၆ ဂျိုဗီဒွန်ဟာ ယေဟောဝါရဲ့ စံနှုန်းတွေအတိုင်း နေထိုင်တယ်။ မကောင်းတဲ့ ဆန္ဒ​တွေ​အကြောင်း​ပဲ စဉ်းစားပြီး မကောင်းတာတွေ လုပ်မယ့်​အစား ယေဟောဝါအကြောင်း၊ ဘုရား တန်ဖိုးထားတဲ့ အရာတွေအကြောင်း အဓိက စဉ်းစားတယ်။ ဘုရား ဖန်ဆင်းခြင်း​လက်ရာတွေ​ရဲ့ လှပမှု​ကို အံ့ဩ​မိတယ်။ မနက်တိုင်း ငှက်​တေးသီသံနဲ့ နိုးထပြီး ညဘက်​ဆိုရင်လည်း လ​နဲ့ ကြယ်တွေ​ကို ငေးမောတယ်။ “ယေဟောဝါ​ပေးတဲ့ အဲဒီ​လက်ဆောင်​တွေ​က ကျွန်တော့်ကို ပျော်ရွှင်၊ အားတက်စေတယ်” လို့ ပြောတယ်။ ယေဟောဝါရဲ့ ဘုရားရေးရာပိုင်း၊ ရုပ်ပိုင်း ပြင်ဆင်ပေးချက်တွေကို ကျေးဇူး​တင်တာက ကျွန်တော်တို့ကို ပျော်ရွှင်စေတယ်။ အဲဒီ​ပျော်ရွှင်မှု​က ခံရပ်​နိုင်စွမ်း တိုးများ​စေနိုင်​တယ်။

၁၇။ ၁ ပေတရု ၁:၆၊ ၇ မှာ ပါတဲ့ စကားတွေက ဂျိုဗီဒွန်​လို အခြေအနေ ကြုံရ​သူ​တွေ​နဲ့ ဘယ်လို သက်ဆိုင်သလဲ။

၁၇ ဂျိုဗီဒွန်ဟာ ဝတ်ပြုရေးကိုလည်း ဦးစားထား​တယ်။ စစ်မှန်တဲ့ ဘုရားကို သမာဓိ စောင့်သိဖို့ အရေးကြီးကြောင်း သိတယ်။ “ယေဟောဝါ​ဘုရားကို ကိုးကွယ်​ရမယ်။ ကိုယ်တော်​တစ်ပါးတည်းကိုပဲ ဝတ်ပြု​ရမယ်” လို့ ယေရှု ပြောတယ်။ (လု. ၄:၈) စစ်ဘက် အရာရှိတွေ၊ စစ်သားတွေက ဂျိုဗီဒွန်ကို ယေဟောဝါ​သက်သေ အဖြစ်ကနေ နုတ်ထွက်​စေချင်တယ်။ ဒါပေမဲ့ ယုံကြည်ချက်ကို အလျှော့မပေး​မိအောင် ကူညီပေးဖို့ ယေဟောဝါဆီ နေ့တိုင်း၊ ညတိုင်း ဂျိုဗီဒွန် ဆုတောင်းတယ်။ မတရား​ဆက်ဆံ​ခံရပေမဲ့ လုံးဝ အလျှော့မပေးဘူး။ ရလဒ်အနေနဲ့ အဖမ်းမခံရခင်၊ အရိုက်မခံရခင်၊ ထောင်ချ မခံရခင်က မရှိခဲ့တာကို အခု ပိုင်ဆိုင်​ထားလို့ အလွန်​ဝမ်းသာ​နေ​တယ်။ အဲဒါကတော့ အစမ်းသပ်ခံ ယုံကြည်ခြင်းပါပဲ။၁ ပေတရု ၁:၆၊ ၇ ကို ဖတ်ပါ။

၁၈။ ပျော်ရွှင်မှု ဘယ်လို ဆက်​ထိန်းထား​နိုင်သလဲ။

၁၈ စစ်မှန်တဲ့ ပျော်ရွှင်မှု ရဖို့ ကျွန်တော်တို့ ဘာလိုတယ်ဆိုတာ ယေဟောဝါ သိတယ်။ ဒါကြောင့် စစ်မှန်တဲ့ ပျော်ရွှင်မှု ရစေတဲ့ အချက်​သုံးချက်​ကို လိုက်နာမယ်​ဆိုရင် အခက်အခဲတွေ​ကြားမှာ​တောင် သင် ပျော်ရွှင်မှု ဆက်ထိန်းထားနိုင်ပါလိမ့်မယ်။ “ယေဟောဝါကို ဘုရားသခင်​အဖြစ် ကိုးကွယ်​နေ​သူ​တွေ ပျော်ရွှင်​ချမ်းမြေ့​တယ်” လို့ ပြောနိုင်ပါလိမ့်မယ်။—ဆာ. ၁၄၄:၁၅

သီချင်း ၈၉ နားထောင်၊ နာခံ၊ ကောင်းချီးစံ

^ လူများစွာက အပျော်အပါး၊ ချမ်းသာ​ကြွယ်ဝမှု၊ နာမည်​ကျော်ကြားမှု၊ ဩဇာ​အာဏာ​တို့​ကနေ ပျော်ရွှင်မှု ရဖို့ ရှာနေတဲ့​အတွက် စစ်မှန်တဲ့ ပျော်ရွှင်မှု ရဖို့ ခက်နေကြတယ်။ ယေရှု မြေကြီးပေါ် ရှိတုန်းက စစ်မှန်တဲ့ ပျော်ရွှင်မှု ဘယ်လို ရနိုင်မလဲ​ဆိုတာ သွန်သင်​ခဲ့တယ်။ စစ်မှန်တဲ့ ပျော်ရွှင်မှု ရအောင် ကူညီပေးနိုင်တဲ့ အချက် သုံးချက်​ကို ဒီဆောင်းပါးမှာ ဆွေးနွေးကြပါမယ်။

^ ၂၀၁၄၊ ဩဂုတ် ၁၅ ကင်းမျှော်စင် “သင် ‘အချိန်တန်​အစာ’ ရရှိနေသလား” ဆောင်းပါးကို ကြည့်ပါ။

^ အသေးစိတ် သိချင်ရင် jw.org မှာ တင်ထားတဲ့ “ယုံကြည်ချက်ကြောင့် ထောင်ချ​ခံရ” မှာ ရှာဖွေပါ။

^ ပုံအညွှန်း– ပြန်သရုပ်ဖော်ထားတဲ့ ဒီပုံမှာ ညီအစ်ကိုတစ်ယောက် ဖမ်းဆီးခံရပြီး တရားရုံး ခေါ်သွားခံရ။ ညီအစ်ကို/မတွေ သူ့ကို အားပေးထောက်မနေ။