မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စင်မြင့်နဲ့ အပေါ်​က စာတန်း အနီးကပ်​ပုံ

၁၉၂၂—လွန်ခဲ့တဲ့ နှစ်တစ်ရာ

၁၉၂၂—လွန်ခဲ့တဲ့ နှစ်တစ်ရာ

‘ယေရှု​ခရစ်အားဖြင့် ငါတို့အား အောင်ခြင်း​အခွင့်ကို ဘုရားသခင် ပေးတော်မူ၏။’ (၁ ကော. ၁၅:၅၇၊ ယုဒသန်​ကျမ်း) ၁၉၂၂ အတွက် နှစ်ချုပ်​ကျမ်းချက်​အဖြစ် ရွေးထားတဲ့ အဲဒီစကားတွေက သစ္စာရှိမှုကြောင့် ဆုချ​ခံရမယ်ဆိုတာ ကျမ်းစာ​ကျောင်းသားတွေကို ယုံကြည်​စိတ်ချစေတယ်။ အဲဒီ​နှစ်အတွင်း ဇွဲရှိတဲ့ အဲဒီ​ဟောပြောသူတွေကို ယေဟောဝါ ဆုချခဲ့ပါတယ်။ စာပေတွေကို ကိုယ်တိုင် ပုံနှိပ်၊ ချုပ်လုပ်တာ၊ နိုင်ငံတော် အမှန်တရား ပျံ့နှံ့စေဖို့ ရေဒီယို အစီအစဉ် စ​သုံးတာ​တွေ​ကို ဘုရား ကောင်းချီးပေးတယ်။ ၁၉၂၂ ကုန်ခါနီး​မှာ လူမျိုးတော်ကို ယေဟောဝါ ကောင်းချီးပေးတာ ထပ်ထင်ရှားလာတယ်။ အမေရိကန်​နိုင်ငံ၊ အိုဟိုင်အို​ပြည်နယ်၊ စီဒါပွိုင့်​မြို့ သမိုင်းဝင် အစည်းအဝေးကြီးကို ကျမ်းစာ​ကျောင်းသားတွေ ကျင်းပနိုင်ခဲ့ကြတယ်။ အဲဒီ​အစည်းအဝေးဟာ ယေဟောဝါ အဖွဲ့အစည်းရဲ့ လုပ်ငန်း​အပေါ် ဒီနေ့​အထိ သက်ရောက်မှု ရှိနေဆဲပါ​ပဲ။

“တော်တော် စိတ်​လှုပ်ရှား​စ​ရာ​ပဲ”

ဟောပြောခြင်း​လုပ်ငန်း ကျယ်ပြန့်လာတာနဲ့အမျှ စာပေ တောင်းခံမှု တိုးများလာတယ်။ ဒါကြောင့် ဘရွတ်ကလင် ဗေသလ​က ညီအစ်ကိုတွေ မဂ္ဂဇင်း​တွေ ပိုထုတ်လုပ်လာရတယ်။ ဒါပေမဲ့ အဖုံးမာ စာအုပ်​တွေ​ကိုတော့ အပြင် ပုံနှိပ်စက်တွေမှာ ပုံနှိပ်​နေ​ရတုန်း​ပဲ။ လ​အတော်များများ အဲဒီ​စက်​တွေ စာပေ အလုံအလောက် မထုတ်ပေးနိုင်လို့ ဟောပြောခြင်း​လုပ်ငန်း နှောင့်နှေးလာတယ်။ ဒါကြောင့် ညီအစ်ကို ရပ်သဖော့​က ကိုယ်ပိုင် ပုံနှိပ်​ဖို့ ဖြစ်နိုင်​မလားလို့ စက်ရုံ​မန်နေဂျာ ရောဘတ် မာတင်​ကို မေးတယ်။

နယူးယောက်၊ ဘရွတ်ကလင်၊ ကန်ကော့ဒ်​လမ်း​က အဆောက်အအုံ

“ကိုယ်ပိုင် အပြီးအစီး ပုံနှိပ်၊ ချုပ်လုပ်​ရတော့မှာမို့ တော်တော် စိတ်​လှုပ်ရှား​စ​ရာ​ပဲ” လို့ ညီအစ်ကို မာတင် ပြောတယ်။ အမှတ် ၁၈၊ ဘရွတ်ကလင်၊ ကန်ကော့ဒ်​လမ်းမှာ နေရာ ငှားရမ်းလိုက်ပြီး လိုအပ်တဲ့ ပစ္စည်း​ကိရိယာတွေ​လည်း ရလာတယ်။

ဒီ​အစီအစဉ်သစ်​ကို လူတိုင်း သဘောကျတာတော့ မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ စာပေတွေ ပုံနှိပ်​ပေးခဲ့တဲ့ စက်ရုံ ဥက္ကဋ္ဌ အဆောက်အအုံသစ်ကို လာလည်တယ်။ “စက်​ပစ္စည်းတွေကတော့ အပျံစားပဲ။ ဒါပေမဲ့ ဘယ်လို သုံး​ရမယ်ဆိုတာ တစ်ယောက်မှ မသိကြဘူး။ နောက်ခြောက်လဆို အားလုံး ပလုံတော့မှာ” လို့ သူ ပြော​သွားတယ်။

“အဲဒီလို ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ယေဟောဝါ ကူညီပေးမှာ သိနေ​တယ်။ တကယ်လည်း ကူညီပေးခဲ့တယ်” လို့ ညီအစ်ကို မာတင် ပြောတယ်။ သူပြောတာ မှန်တယ်။ မကြာခင်​မှာ​ပဲ စက်ရုံသစ်မှာ တစ်ရက်ကို စာအုပ် ၂၀၀၀ ပုံနှိပ်​ထုတ်လုပ်နိုင်ခဲ့တယ်။

စက်ရုံ​ထဲက ပုံနှိပ်စက်တွေ ဘေးမှာ စက်ကိုင်သူတွေ ရပ်နေ

ရေဒီယို အစီအစဉ်​အားဖြင့် လူထောင်ပေါင်း​များစွာ​ဆီ ရောက်ရှိ

ယေဟောဝါရဲ့ လူမျိုးဟာ စာအုပ်​တွေ ကိုယ်တိုင် ပုံနှိပ်​တဲ့​အပြင် သတင်းကောင်း ပျံ့နှံ့စေဖို့ နည်းလမ်းသစ်​တစ်ခုကိုလည်း စ​သုံးကြတယ်။ ရေဒီယို အသံလွှင့် အစီအစဉ်ပါပဲ။ ၁၉၂၂၊ ဖေဖော်ဝါရီ ၂၆၊ တနင်္ဂနွေနေ့ မွန်းလွဲပိုင်းမှာ ညီအစ်ကို ရပ်သဖော့ ဦးဆုံး​အကြိမ် ရေဒီယို​ကနေ အသံလွှင့်​တယ်။ အမေရိကန်၊ ကယ်လီဖိုးနီးယား​ပြည်နယ်၊ လော့စ်အိန်ဂျလစ်​မြို့၊ ကေအိုဂျီ အသံလွှင့်ရုံ​ကနေ “ယနေ့ အသက်ရှင်​သူ သန်းပေါင်း​များစွာ ဘယ်တော့မှ မသေတော့” ဆိုတဲ့ ဟောပြောချက် ထုတ်လွှင့်​တယ်။

အစီအစဉ်ကို လူပေါင်း ၂၅,၀၀၀ လောက် ကြားနာခဲ့ကြတယ်။ တချို့ ကျေးဇူးတင်​စာတွေ ရေးပို့​ကြတယ်။ တစ်စောင်ကတော့ ကယ်လီဖိုးနီးယား​ပြည်နယ်၊ စန်တာ အယ်နာ​မြို့မှာ နေတဲ့ ဝီလာ့ဒ် အက်ရှ်ဖော့ဆီကပါ။ “အပန်း​လည်း ပြေ၊ စိတ်ဝင်စားစရာ​လည်း ကောင်းတဲ့” တင်ဆက်မှု​အတွက် ညီအစ်ကို ရပ်သဖော့​ကို သူ ကျေးဇူးတင်တယ်။ “အိမ်မှာ အပြင် မထွက်နိုင်တဲ့ လူ​မ​မာ သုံးယောက် ရှိနေတာ။ ဒီလိုသာ မလွှင့်ပေးရင် ဒီ​ဟောပြောချက်ကို ကျွန်တော်တို့ ဘယ်မှာ​မှ သွားနားထောင်နိုင်မှာ မဟုတ်ဘူး” လို့ သူ ပြောတယ်။

နောက်သီတင်းပတ်တွေမှာ ထပ်ထုတ်လွှင့်ပေးတယ်။ နှစ်ကုန်ပိုင်း​လောက်​မှာ ကင်းမျှော်စင် က “ရေဒီယို​ကတစ်ဆင့် အနည်းဆုံး လူ ၃၀၀,၀၀၀ လောက် သတင်းတရား ကြားခဲ့​ရတယ်” လို့ ပြောတယ်။

ရလဒ်ကောင်းတွေ ရလို့ ဘရွတ်ကလင် ဗေသလ​နဲ့ သိပ်မဝေးတဲ့ စတက်တင် အိုင်းလန်း​မြို့မှာ ဒဗလျူ ဘီဘီအာရ် (WBBR) လို့ ခေါ်တဲ့ ကိုယ်ပိုင် ရေဒီယို အသံလွှင့်ရုံ ဆောက်ဖို့ ကျမ်းစာ​ကျောင်းသားတွေ ဆုံးဖြတ်​လိုက်တယ်။ နောက်ပိုင်း​နှစ်တွေ​မှာ နိုင်ငံတော်သတင်း ကျယ်ပြန့်ဖို့ အဲဒီ​အသံလွှင့်ရုံကို အသုံးပြု​ခဲ့ကြတယ်။

“ADV”

၁၉၂၂၊ စက်တင်ဘာ ၅ ကနေ ၁၃ ရက်​အထိ အိုဟိုင်အို​ပြည်နယ်၊ စီဒါပွိုင့်​မြို့မှာ အစည်းအဝေးကြီး ကျင်းပ​မယ့်​အကြောင်း ၁၉၂၂၊ ဇွန် ၁၅၊ ကင်းမျှော်စင် မှာ ကြေညာ​တယ်။ စီဒါပွိုင့်​မြို့ကို ရောက်လာတဲ့ ကျမ်းစာ​ကျောင်းသားတွေ စိတ်​လှုပ်ရှား​နေ​ကြတယ်။

အဖွင့် ဟောပြောချက်မှာ ညီအစ်ကို ရပ်သဖော့​က “ဒီအစည်းအဝေးကြီးကို ဘုရားသခင် ကောင်းချီးပေးမယ်၊ ကမ္ဘာပေါ် မကြုံစဖူး အတိုင်းအတာနဲ့ ပိုကြီးမားတဲ့ သက်သေခံချက် ဖြစ်စေမယ်​ဆိုတာ ကျွန်တော် အပြည့်အဝ ယုံကြည်တယ်” လို့ ပြောတယ်။ အစည်းအဝေးကြီး ဟောပြောသူတွေ​က ဟောပြောခြင်း​လုပ်ငန်းမှာ ပါဝင်ဖို့ ညီအစ်ကို/မတွေကို ထပ်တလဲလဲ အားပေး​သွားကြတယ်။

၁၉၂၂၊ အိုဟိုင်အို၊ စီဒါပွိုင့် အစည်းအဝေးကြီး တက်ရောက်သူတွေ

စက်တင်ဘာ ၈၊ သောကြာနေ့မှာ တက်ရောက်သူ ၈၀၀၀ လောက်​က ညီအစ်ကို ရပ်သဖော့​ရဲ့ ဟောပြောချက်ကို မျှော်လင့်တကြီး စောင့်စားနေကြတယ်။ ဖိတ်စာပေါ် ရိုက်ထားတဲ့ “ADV” ရဲ့ အဓိပ္ပာယ် ရှင်းပြတော့မလားလို့ မျှော်နေကြတာ။ ခန်းမ​ထဲ နေရာ​ယူချိန်မှာ စင်မြင့်ပေါ်က အလိပ်ကြီး​တစ်ခုကို သတိထား​မိ​ကြတယ်။ အမေရိကန်၊ အိုကလာဟိုးမား​ပြည်နယ်၊ တူလ်ဆာ​မြို့ကနေ အစည်းအဝေး လာတက်တဲ့ အာသာ ကလော့စ်​က ဟောပြောချက် ကောင်းကောင်း ကြားနိုင်မယ့် နေရာမှာ ထိုင်ခုံ ရတယ်။ အဲဒီအချိန်တုန်းက အစည်းအဝေးမှာ အသံချဲ့စက်​တွေ၊ မိုက်တွေ မသုံးသေးလို့ ကောင်းကောင်း ကြားဖို့ ခက်တယ်။

“စကားလုံးတိုင်းကို ကျွန်တော်တို့ စူးစိုက်​နားထောင်​ကြတယ်”

အနှောင့်​အယှက် မဖြစ်စေဖို့ ညီအစ်ကို ရပ်သဖော့ ဟောပြော​နေချိန်​အတွင်း နောက်ကျလာသူ ဘယ်သူ့ကိုမှ ခန်းမ​ထဲ ဝင်ခွင့်မပြုတော့ဘူးလို့ သဘာပတိ ကြေညာ​တယ်။ မနက် ၉:၃၀ မှာ ညီအစ်ကို ရပ်သဖော့​က မဿဲ ၄:၁၇ မှာ ပါတဲ့ “ကောင်းကင်နိုင်ငံတော် တည်လုနီးပြီ” (ယုဒသန်​ကျမ်း) ဆိုတဲ့ ယေရှုရဲ့ စကားနဲ့ ဟောပြောချက်ကို အစပြုတယ်။ အဲဒီ​နိုင်ငံတော်​အကြောင်း လူတွေ ဘယ်လို ကြားမလဲဆိုတာ ဆွေးနွေးချိန်​မှာ “ယေရှု​က မိမိ​ရောက်ရှိ​နေချိန်​အတွင်း ရိတ်သိမ်းခြင်း​လုပ်ငန်း လုပ်ဆောင်မယ်၊ စစ်မှန်တဲ့ သစ္စာရှိသူတွေကို စုသိမ်းမယ်​လို့ ပြောခဲ့တယ်” ဆိုပြီး ညီအစ်ကို ရပ်သဖော့ ပြောတယ်။

“စကားလုံးတိုင်းကို ကျွန်တော်တို့ စူးစိုက်​နားထောင်​ကြတယ်” လို့ ခန်းမ​ထဲ ထိုင်နေ​တဲ့ ညီအစ်ကို ကလော့စ် ပြောတယ်။ ဒါပေမဲ့ ရုတ်တရက် နေမကောင်း ဖြစ်လာလို့ ခန်းမ​ထဲ ပြန်ဝင်​လို့ မရမှန်း သိပေမဲ့ ထွက်သွား​လိုက်ရတယ်။

မိနစ် အနည်းငယ် ကြာတော့ ပြန်သက်သာသွားတယ်။ ခန်းမဘက် ပြန်လျှောက်လာနေတုန်း လက်ခုပ်သံ အကျယ်ကြီး ကြား​လို့ သိပ်စိတ်လှုပ်ရှားသွားတယ်။ ကျန်တဲ့ ဟောပြောချက် ကြားနိုင်ဖို့ ခေါင်မိုးပေါ် တက်ကြည့်မယ်လို့ ဆုံးဖြတ်​လိုက်တယ်။ အဲဒီတုန်းက ၂၃ နှစ်ပဲ ရှိသေးတဲ့ လူငယ်​ညီအစ်ကို ကလော့စ် ခေါင်မိုးပေါ် တက်မယ့်​လမ်း ရှာတွေ့​သွားတယ်။ ခေါင်မိုး ပြတင်းပေါက်​တွေ ဖွင့်ထား​တယ်။ အနားတိုးသွားလေ “ရှင်းရှင်းလင်းလင်း ကြား​ရလေပဲ” လို့ ပြောတယ်။

ဒါပေမဲ့ အာသာ တစ်ယောက်တည်း မဟုတ်ဘူး။ ခေါင်မိုးပေါ်မှာ မိတ်ဆွေ​တချို့​လည်း ရှိနေတယ်။ အဲဒီထဲက တစ်ယောက် ဖြစ်တဲ့ ဖရန့် ဂျွန်ဆင်က အာသာ​ဆီ ပြေးလာပြီး “ခင်ဗျား​မှာ အိတ်ဆောင်​ဓား ပါ​လား” လို့ မေးတယ်။

“ပါတာပေါ့” လို့ အာသာ ဖြေလိုက်တယ်။

“ခင်ဗျား​က ကျွန်တော်တို့ ဆုတောင်းချက်ရဲ့ အဖြေ​ပဲ” လို့ ဖရန့် ပြောတယ်။ “ဒီအလိပ်ကြီးကို တွေ့လား။ အဲဒါ ဒီ​သံချောင်း​တွေ​နဲ့ တွဲချည်ထားတဲ့ စာတန်း။ တရားသူကြီး * ပြောတာကို သေသေချာချာ နားထောင်။ ‘ကြေညာ​ကြ၊ ကြေညာ​ကြ’ လို့ ပြောတာ​နဲ့ ဒီ​ကြိုး​လေးချောင်း​ကို ဖြတ်လိုက်” လို့ သူ ဆက်ပြောတယ်။

ဒါနဲ့ အာသာ​လည်း လက်ထဲမှာ ဓား​ကိုင်ပြီး အချက်ပြ​မယ့်​အချိန်ကို တခြားသူတွေ​နဲ့​အတူ စောင့်နေလိုက်တယ်။ မကြာခင်​မှာ​ပဲ ညီအစ်ကို ရပ်သဖော့​ရဲ့ ဟောပြောချက် အထွတ်အထိပ် ရောက်လာ​တယ်။ “သခင့်​အတွက် သစ္စာရှိတဲ့ သက်သေ​စစ်​တွေ ဖြစ်ကြပါ။ ဗာဗုလုန် လုံးဝ ပျက်စီးသွားတဲ့​အထိ ဆက်တိုက်ပွဲဝင်ကြပါ။ နေရာအနှံ့ သတင်းကောင်း ကြေညာ​ကြ​ပါ။ ယေဟောဝါဟာ ဘုရားသခင် ဖြစ်တယ်၊ ယေရှုခရစ်ဟာ ဘုရင်တကာ​တို့​ရဲ့ ဘုရင်၊ သခင်တကာတို့ရဲ့ သခင် ဖြစ်တယ်ဆိုတာ တစ်လောက​လုံး သိကြရမယ်။ ဒီနေ့ဟာ အထူးမြတ်ဆုံးနေ့ ဖြစ်တယ်။ ကြည့်ပါ၊ ဘုရင် အုပ်စိုး​နေပြီ။ ခင်ဗျားတို့က ကြေညာရေး ကိုယ်စားလှယ်တွေ ဖြစ်တယ်။ ဒါကြောင့် ဘုရင်​နဲ့ နိုင်ငံတော်ကို ကြေညာ​ကြ၊ ကြေညာ​ကြ၊ ကြေညာ​ကြ” လို့ စိတ်​လှုပ်ရှားမှု အပြည့်​နဲ့ အားမာန်ပါပါ ပြောလိုက်တယ်။

အာသာ​နဲ့ တခြား ညီအစ်ကိုတွေလည်း ကြိုး​ဖြတ်လိုက်တော့ စာတန်း​ပါတဲ့ အလိပ်ကြီး ရှောခနဲ ကျလာတယ်။ “ADV” ဆိုတဲ့ စာလုံး​တွေ​အတိုင်း “ဘုရင်​နဲ့ နိုင်ငံတော်ကို ကြေညာ​ကြ” ဆိုတဲ့ စာတန်းလိပ်ကြီး ကျလာတယ်။ “ADV” ဆိုတာ “ကြေညာ​ကြ” လို့ ပြန်ဆို​ထားတဲ့ အင်္ဂလိပ် စကားလုံး “advertise” ရဲ့ အတိုကောက် ဖြစ်တယ်။

အရေးကြီးတဲ့ လုပ်ငန်း

စီဒါပွိုင့်​မြို့ အစည်းအဝေးကြီး​က ပိုအရေးကြီးတဲ့ နိုင်ငံတော်သတင်း ဟောပြောခြင်းကို အာရုံစိုက်​ဖို့ ညီအစ်ကိုတွေကို ကူညီပေးတယ်။ တလိုတလား​စိတ် ရှိသူ​တွေ ဒီလုပ်ငန်းမှာ ဝမ်းမြောက်ဝမ်းသာ ပါဝင်​လာကြတယ်။ အမေရိကန်၊ အိုကလာဟိုးမား​က ကော်ပေါ်တာ (အခုအခေါ် ရှေ့ဆောင်) တစ်ယောက်က “ကျောက်မီးသွေးတွင်း ဒေသမှာ ကျွန်တော်တို့ ဟောပြောကြတာ။ လူတွေ သိပ်ဆင်းရဲကြတယ်” လို့ ရေးတယ်။ ရွှေခေတ် မဂ္ဂဇင်း​မှာ ပါတဲ့ သတင်းကို လူတွေ ဖတ်ရတဲ့အခါ “မျက်ရည်​ပေါက်ပေါက် ကျလေ့ရှိတယ်။” “လူတွေကို နှစ်သိမ့်ပေးခွင့် ရတာ တကယ့်​ကောင်းချီး​ပဲ” လို့ ပြောတယ်။

“စပါးရိတ်စရာ အများကြီး​ရှိတယ်။ လုပ်သားတွေကတော့ နည်းနေတယ်” ဆိုတဲ့ လုကာ ၁၀:၂ ပါ ယေရှု​စကားတွေ​ရဲ့ အရေးကြီးမှုကို အဲဒီ​ကျမ်းစာ​ကျောင်းသားတွေ သိတယ်။ နှစ်ကုန်ပိုင်း ရောက်တော့ နိုင်ငံတော်သတင်းကို အရပ်ရပ် ပျံ့နှံ့စေဖို့ သူတို့ ပိုစိတ်ပိုင်းဖြတ်ထားကြတယ်။

^ ညီအစ်ကို ရပ်သဖော့​ကို တစ်ခါတလေ “တရားသူကြီး” လို့ ခေါ်တယ်။ အမေရိကန်၊ မစ်ဆူရီ​ပြည်နယ်​မှာ တရားသူကြီး လုပ်ခဲ့ဖူး​လို့​ပဲ။