ဘဝအတ္ထုပ္ပတ္တိ
ခရစ်တော်ရဲ့ စစ်သားဖြစ်ဖို့ စိတ်ပိုင်းဖြတ်ထား
ကျွန်တော့်အနားမှာ ကျည်ဆန်တွေ ဝဲနေတာမို့ ပဝါဖြူကို ဖြည်းဖြည်းချင်း မြှောက်လိုက်တယ်။ ဒါနဲ့ ပုန်းတဲ့နေရာကနေ ထွက်လာဖို့ စစ်သားတွေ အော်ပြောတယ်။ သေမယ်၊ ရှင်မယ်ဆိုတာ မသိဘဲ သတိနဲ့ သူတို့အနား သွားလိုက်တယ်။ ဘယ်လိုကြောင့် ဒီအဖြစ်မျိုး ရောက်ရတာလဲ။
ဂရိရွာငယ်လေး ကာရိဆာမှာ နေပြီး အလုပ်ကြိုးစားတဲ့ မိဘနှစ်ပါးရဲ့ သားသမီးရှစ်ယောက်ထဲက ခုနစ်ယောက်မြောက်ကလေးအဖြစ် ကျွန်တော် မွေးဖွားလာတယ်။ ၁၉၂၆ ခုနှစ်မှာပေါ့။
အဲဒီနှစ် မတိုင်ခင်မှာ မိဘတွေက ထက်သန်ပြီး စကားပြောကောင်းတဲ့၊ အခု ယေဟောဝါသက်သေလို့ခေါ်တဲ့ ကျမ်းစာကျောင်းသား ဂျွန် ပါပါရီဇိုနဲ့ တွေ့ဆုံခဲ့တယ်။ ဂျွန်ရဲ့ ကျမ်းစာကျိုးကြောင်းဆင်ခြင်ပုံကို မိဘတွေ သဘောကျတဲ့အတွက် ရွာမှာ ကျမ်းစာကျောင်းသားတွေရဲ့ အစည်းအဝေးတွေကို စတက်ခဲ့တယ်။ အမေက စာမတတ်ပေမဲ့ ယေဟောဝါကို အခိုင်အမာ ယုံကြည်တယ်။ အခွင့်အရေးရတိုင်း တခြားသူတွေကို ပြောပြတယ်။ ဝမ်းနည်းစရာကတော့ အဖေက လူတွေရဲ့ မစုံလင်မှုကို အာရုံစိုက်ပြီး အစည်းအဝေးတွေ မတက်တော့ဘူး။
မောင်နှမတွေနဲ့ ကျွန်တော်ဟာ ကျမ်းစာကို လေးမြတ်ပေမဲ့ လူငယ်ဘဝရဲ့ အပျော်အပါးတွေနောက် အာရုံရောက်သွားတယ်။ ၁၉၃၉ ခုနှစ်၊ ဥရောပမှာ ဒုတိယကမ္ဘာစစ် ဖြစ်တယ်။ ကျွန်တော်တို့ရွာကိုလည်း ဂယက်ရိုက်ခဲ့တယ်။ နှစ်ခြင်းခံပြီးခါစ သက်သေခံဖြစ်တဲ့ အစ်ကိုတစ်ဝမ်းကွဲ နီကိုလပ် ဆာရပ်ဟာ ဂရိတပ်မတော်ထဲဝင်ဖို့ ဆင့်ခေါ်ခံရတယ်။ “ကျွန်တော်က ခရစ်တော်ရဲ့ စစ်သားမို့ မတိုက်နိုင်ဘူး” လို့ တပ်အရာရှိတွေကို အသက် ၂၀ အရွယ် နီကိုလပ် သတ္တိရှိရှိ ပြောခဲ့တယ်။ စစ်တရားရုံး တင်ခံရပြီး ထောင်ဒဏ် ဆယ်နှစ်ချမှတ်ခံရတယ်။ ကျွန်တော်တို့ ထိတ်လန့်အံ့ဩသွားတယ်။
၁၉၄၁ ခုနှစ် အစောပိုင်းမှာ မဟာမိတ်တပ်တွေ ဂရိနိုင်ငံထဲ ခဏဝင်လာလို့ နီကိုလပ် ထောင်ကနေ လွတ်လာတယ်။ ကာရိဆာမြို့ကို ပြန်လာတော့ အစ်ကို အီလီယပ်က ကျမ်းစာမေးခွန်းတွေ တရစပ် မေးခဲ့တယ်။ ကျွန်တော်လည်း စိတ်ဝင်တစား နားထောင်ခဲ့တယ်။ အဲဒီနောက် အီလီယပ်ရယ်၊ ကျွန်တော်ရယ်၊ ညီမအငယ်ဆုံး အက်မိုဖီယာရယ် ကျမ်းစာ စလေ့လာပြီး သက်သေခံတွေနဲ့အတူ အစည်းအဝေး ပုံမှန်တက်ခဲ့တယ်။ နောက်နှစ်မှာ သုံးယောက်စလုံး ယေဟောဝါ
ဆီ ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံခဲ့ကြတယ်။ နောက်ပိုင်း နောက်ထပ်မောင်နှမ လေးယောက်လည်း သစ္စာရှိသက်သေခံတွေ ဖြစ်လာကြတယ်။၁၉၄၂ ခုနှစ်တုန်းက ကာရိဆာအသင်းတော်မှာ အသက် ၁၅ နှစ်ကနေ ၂၅ နှစ်အရွယ်ကြား လူငယ်မောင်မယ် ကိုးယောက်ရှိခဲ့တယ်။ ရှေ့မှာ ပြင်းထန်တဲ့ စမ်းသပ်မှုတွေ ကြုံရမယ်ဆိုတာ ကျွန်တော်တို့အားလုံး သိထားကြတယ်။ ဒါကြောင့် ဖြစ်နိုင်တဲ့အခါတိုင်း အတူစုဝေးပြီး ကျမ်းစာ လေ့လာ၊ သီချင်းဆို၊ ဆုတောင်းရင်း အားယူခဲ့ကြတယ်။ ရလဒ်အနေနဲ့ ယုံကြည်ခြင်း ခိုင်မာလာတယ်။
ပြည်တွင်းစစ်
ဒုတိယကမ္ဘာစစ် ပြီးခါနီးမှာ ဂရိအစိုးရကို ကွန်မြူနစ်တွေ ပုန်ကန်တဲ့အတွက် ပြည်တွင်းစစ် ဖြစ်လာတယ်။ ကျေးလက်ဒေသတွေမှာ ကွန်မြူနစ်ပြောက်ကျားတပ်တွေ လှည့်လည်သွားလာပြီး ရွာသားတွေကို သူတို့တပ်ထဲ သိမ်းသွင်းတယ်။ ကျွန်တော်တို့ရွာကို ဝင်စီးတော့ အန်တိုနီယို ဆိုကာရစ္စ၊ အီလီယပ်၊ ကျွန်တော်တို့ သက်သေခံလူငယ် သုံးယောက်ကို ပြန်ပေးဆွဲသွားတယ်။ ခရစ်ယာန်ကြားနေသူတွေပါလို့ တောင်းပန်ပေမဲ့ ရွာကနေ ၁၂ နာရီလောက် သွားရတဲ့ အိုလံပပ်တောင်ကို အတင်းခေါ်သွားကြတယ်။
မကြာခင်မှာပဲ ကွန်မြူနစ်အရာရှိက ပြောက်ကျားတပ် စီတန်းလှည့်လည်ပွဲမှာ ပါဝင်ဖို့ ကျွန်တော်တို့ကို အမိန့်ပေးတယ်။ လူလူချင်းကို သတ်ဖို့ ခရစ်ယာန်စစ်တွေ လက်နက်မကိုင်ကြောင်း ရှင်းပြတဲ့အခါ အရာရှိ စိတ်ဆိုးပြီး ဗိုလ်ချုပ်ဆီ ဆွဲခေါ်သွားတယ်။ ခုနလိုပဲ ထပ်ပြောတော့ ဗိုလ်ချုပ်က “တိုက်ပွဲမှာ ဒဏ်ရာရသူတွေကို မြည်းပေါ်တင်ပြီး ဆေးရုံခေါ်သွား” လို့အမိန့်ပေးတယ်။
“အစိုးရစစ်သားတွေ မိသွားရင်ကော။ ကျွန်တော်တို့ကို တိုက်ပွဲဝင်စစ်သည်တွေလို့ ထင်မယ် မဟုတ်လား” ဆိုပြီး မေးလိုက်တော့ ဗိုလ်ချုပ်က “ဒါဆိုရင် ရှေ့တန်းကို ပေါင်မုန့် ပို့ပေး” လို့ပြောတယ်။ “ဒါပေမဲ့ အရာရှိတစ်ယောက် တွေ့ပြီး ရှေ့တန်းကို လက်နက်တွေ ပို့ခိုင်းရင်ကော” လို့ပြောတော့ ဗိုလ်ချုပ်က အကြာကြီး စဉ်းစားပြီး “ဒါဆိုလည်း သိုးတွေကိုပဲ ကြည့်ပေးတော့။ တောင်ပေါ်မှာနေပြီး သိုးထိန်းပေး” လို့ပြောလိုက်တယ်။
ဒါကြောင့် ပြည်တွင်းစစ်အတွင်း ကျွန်တော်တို့သုံးယောက် အသိစိတ်ခွင့်ပြုတဲ့အတိုင်း သိုးထိန်းခဲ့ကြတယ်။ နောက်တစ်နှစ်မှာ အစ်ကိုကြီး အီလီယပ်ဟာ မိခင်မုဆိုးမကို ကြည့်ရှုဖို့ အိမ်ပြန်ခွင့်ရခဲ့တယ်။ အန်တိုနီယိုကိုလည်း နာမကျန်းဖြစ်လို့ ပြန်လွှတ်ပေးလိုက်တယ်။ ကျွန်တော့်ကိုတော့ ဆက်ဖမ်းထားကြတယ်။
အဲဒီအတောအတွင်း ကွန်မြူနစ်တွေဆီ ဂရိစစ်တပ် တဖြည်းဖြည်း ကပ်လာတယ်။ ကျွန်တော့်ကို ဖမ်းထားတဲ့အုပ်စုက တောင်ပေါ်လမ်းကတစ်ဆင့် အိမ်နီးချင်း အယ်လ်ဘေးနီးယားနိုင်ငံကို ထွက်ပြေးကြတယ်။ နယ်စပ်နားရောက်တော့ ဂရိစစ်သားတွေ ကျွန်တော်တို့ ရုတ်တရက် ဝိုင်းမိသွားတယ်။ သူပုန်တွေ ကြောက်ကြောက်လန့်လန့်နဲ့ ထွက်ပြေးသွားကြတယ်။ လဲနေတဲ့သစ်ပင်နောက်မှာ ကျွန်တော် ပုန်းနေရင်း အစပိုင်းမှာ ပြောခဲ့သလို စစ်သားတွေနဲ့ တွေ့ဆုံခဲ့တာပါ။
ကွန်မြူနစ်တွေ ဖမ်းထားတာပါလို့ ဂရိစစ်သားတွေကို ပြောပြတော့ ရှေးခေတ် ဗေရိမြို့နားက တပ်စခန်းမှာ စစ်ဆေးမေးမြန်းဖို့ ခေါ်သွားကြတယ်။ အဲဒီမှာ စစ်သားတွေအတွက် ကတုတ်ကျင်း တူးပေးဖို့ အမိန့်ပေးခံရတယ်။ ကျွန်တော် ငြင်းဆိုတော့ ကြောက်စရာကောင်းတဲ့ မာကရိုနီဆို (မာကရိုနီဆီ) ကျွန်းကို နယ်နှင်ဒဏ် ပေးလိုက်တယ်။
ကြောက်မက်ဖွယ်ကျွန်း
ရေမရှိ၊ ချစ်ချစ်တောက်ပူပြင်းတဲ့ မာကရိုနီဆို ကျောက်တောင်ဟာ အေသင်မြို့ကနေ မိုင် ၃၀ (ကီလိုမီတာ ၅၀) ကွာဝေးတဲ့ အတ္တီကာကမ်းရိုးတန်းပေါ်မှာ တည်ရှိတယ်။ ကျွန်းဟာ ရှစ်မိုင် (၁၃ ကီလိုမီတာ) ရှည်ပြီး အကျယ်ဆုံးနေရာမှာ ၁.၅ မိုင် (၂.၅ ကီလိုမီတာ) ရှိတယ်။ ၁၉၄၇ ခုနှစ်ကနေ ၁၉၅၈ ခုနှစ်အထိ အကျဉ်းသား ၁၀၀,၀၀၀ ကျော် ရှိခဲ့တယ်။ ကွန်မြူနစ်တွေ၊ ကွန်မြူနစ်အဖြစ် သတ်မှတ်ခံရသူတွေ၊ တော်လှန်ရေးသမားဟောင်းတွေ၊ သစ္စာရှိ ယေဟောဝါသက်သေတွေ ပါဝင်တယ်။
၁၉၄၉ ခုနှစ် အစောပိုင်းမှာ ကျွန်းပေါ်ရောက်တော့ အကျဉ်းသားတွေကို အဖွဲ့အတော်များများအဖြစ် ခွဲထုတ်ထားတယ်။ လုံခြုံရေး မတင်းကျပ်တဲ့နေရာမှာ တခြားလူရာပေါင်းများစွာနဲ့အတူ နေရာကျတယ်။ လူ ၁၀ ယောက်ပဲ ဆံ့တဲ့ ရွက်ဖျင်တဲထဲမှာ ကျွန်တော်တို့ အယောက် ၄၀ လောက် မြေကြီးပေါ် အိပ်ခဲ့ရတယ်။ မသန့်ရှင်းတဲ့ရေ သောက်ရတယ်။ ပဲနဲ့ ခရမ်းသီးပဲ စားရတယ်။ မပြတ်တိုက်နေတဲ့လေနဲ့ ဖုန်တွေကြောင့် စိတ်ပျက်စရာပဲ။ ဒါပေမဲ့ ကျောက်တွေကို ခေါက်တုံ့ခေါက်ပြန် မသယ်ရလို့ တော်သေးတာပေါ့။ အဲဒီရက်ရက်စက်စက် ညှဉ်းပန်းနည်းကြောင့် ထောင်သားများစွာ စိတ်ရောကိုယ်ပါ ထိခိုက်ခဲ့ကြတယ်။
တစ်နေ့၊ ကမ်းခြေမှာ လမ်းလျှောက်နေတုန်း တခြားစခန်းက သက်သေခံများစွာနဲ့ ဆုံမိတယ်။ ဝမ်းသာလိုက်ကြတာ။ တခြားသူတွေ မသိအောင် သတိထားပြီး ဖြစ်နိုင်တဲ့အချိန်တိုင်း စုဝေးခဲ့ကြတယ်။ တခြားထောင်သားတွေကိုလည်း သတိရှိရှိ ဟောပြောခဲ့တယ်။ နောက်ပိုင်းမှာ တချို့ သက်သေခံတွေ ဖြစ်လာကြတယ်။ အဲဒီလုပ်ဆောင်မှုတွေနဲ့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းခြင်းက ယုံကြည်ခြင်း ဆက်ခိုင်မာနေအောင် ကူညီပေးခဲ့တယ်။
မီးပြင်းဖိုထဲသို့
ဆယ်လကြာ “ပြန်လည်ထူထောင်ရေး” အပြီးမှာ စစ်ဝတ်စုံ ဝတ်ဖို့ အချိန်တန်ပြီလို့ ကျွန်တော့်ကို ဖမ်းထားသူတွေ ဆုံးဖြတ်ခဲ့ကြတယ်။ ကျွန်တော် ငြင်းတော့ တပ်စခန်း အုပ်ချုပ်ရေးမှူးဆီ တရွတ်တိုက် ဆွဲခေါ်သွားကြတယ်။ “ခရစ်တော်ရဲ့ စစ်သားပဲ ဖြစ်ချင်တယ်” ဆိုတဲ့စာကို ကျွန်တော် ကမ်းပေးလိုက်တယ်။ အုပ်ချုပ်ရေးမှူးက ကျွန်တော့်ကို ခြိမ်းခြောက်ပြီး ဒုတိယ အုပ်ချုပ်ရေးမှူးဆီ ပို့လိုက်တယ်။ သူက ဝတ်ရုံအပြည့် ဝတ်ထားတဲ့ ဂရိဩသဒေါ့ဂိုဏ်းချုပ် ဘုန်းတော်ကြီး ဖြစ်တယ်။ သူ့မေးခွန်းတွေကို ကျမ်းစာသုံးပြီး ရဲရဲဝံ့ဝံ့ ဖြေတဲ့အခါ “သူ့ကို ခေါ်သွားကြ။ အရူးပဲ” လို့ဒေါသတကြီး အော်ပြောတယ်။
နောက်တစ်နေ့ မနက်မှာ စစ်ဝတ်စုံဝတ်ဖို့ စစ်သားတွေ အမိန့်ပေးပြန်တယ်။ ကျွန်တော် ငြင်းတော့ လက်သီးနဲ့ ထိုးပြီး နံပါတ်တုတ်နဲ့ ရိုက်ကြတယ်။ အဲဒီနောက် အရိုးကျိုးမကျိုး စစ်ဖို့ စခန်းမှာရှိတဲ့ ဆေးခန်းကို ခေါ်သွားပြီး တဲထဲ ပြန်ပို့ပေးကြတယ်။ အဲဒီလိုနေ့တိုင်း နှစ်လဆက်တိုက် လုပ်ခဲ့ကြတယ်။
ယုံကြည်ချက်ကို ကျွန်တော် အလျှော့မပေးလို့ စိတ်ပျက်သွားတဲ့ စစ်သားတွေဟာ နည်းသစ်တစ်မျိုး စမ်းကြည့်ကြပြန်တယ်။ ကျွန်တော့်ကို လက်ပြန်ကြိုးတုပ်ပြီး ခြေဖဝါးကို ကြိုးနဲ့ ရက်ရက်စက်စက် ရိုက်ကြတယ်။ အသည်းခိုက်အောင် နာကျင်ပေမဲ့ “လူတို့၏ ရှုတ်ချခြင်း၊ ညှဉ်းဆဲခြင်း . . . ခံရသည့်အခါ သင်တို့သည် ပျော်ရွှင်ကြ၏။ ကောင်းကင်ဘုံ၌ သင်တို့၏ဆုလာဘ်သည် ကြီးမြတ်သောကြောင့် ပျော်ရွှင်မြူးထူးကြလော့။ သင်တို့ရှေ့က ပရောဖက်များကိုလည်း ထိုနည်းအတိုင်း ညှဉ်းဆဲခဲ့ကြပြီ” ဆိုတဲ့ ယေရှုရဲ့ စကားတွေကို သတိရနေတယ်။ (မ. ၅:၁၁၊ ၁၂) နောက်ဆုံး ကျွန်တော် သတိလစ်သွားတယ်။
ပြန်သတိရလာတော့ ပေါင်မုန့် မရှိ၊ ရေ မရှိ၊ စောင်မရှိတဲ့ အေးစိမ့်နေတဲ့ အကျဉ်းခန်းထဲ ရောက်နေတယ်။ ဒါတောင် စိတ်တည်ငြိမ်အေးဆေးနေတယ်။ ကျမ်းစာမှာ ကတိပေးထားတဲ့အတိုင်း ‘ဘုရားသခင်ရဲ့ ငြိမ်သက်ခြင်း’ က ကျွန်တော့် ‘စိတ်နှလုံးနဲ့ ဉာဏ်ကို စောင့်ရှောက်’ ခဲ့တယ်။ (ဖိ. ၄:၇) နောက်တစ်နေ့မှာ သဘောကောင်းတဲ့ စစ်သားက ပေါင်မုန့်၊ ရေ၊ အနွေးထည် ပေးတယ်။ နောက်စစ်သားတစ်ယောက်က သူ့ရိက္ခာကို ပေးတယ်။ အဲဒီနည်း၊ တခြားနည်းများစွာနဲ့ ယေဟောဝါရဲ့ ဂရုစိုက်စောင့်ရှောက်မှုကို ခံစားခဲ့ရတယ်။
အာဏာပိုင်တွေက ကျွန်တော့်ကို ခေါင်းမာတဲ့သူပုန်လို့ သတ်မှတ်ပြီး စစ်ခုံရုံး တင်ဖို့ အေသင်မြို့ကို ခေါ်သွားကြတယ်။ မာကရိုနီဆိုအရှေ့ဘက် မိုင် ၃၀ (ကီလိုမီတာ ၅၀) လောက်ဝေးတဲ့ ယာရို (ဂိုင်ယာရို) ကျွန်းမှာ သုံးနှစ် ထောင်ဒဏ်ချမှတ်ခံရတယ်။
“ခင်ဗျားတို့ကို ယုံကြည်စိတ်ချလို့ရတယ်”
ယာရိုအကျဉ်းထောင်ဟာ နိုင်ငံရေးအကျဉ်းသား ၅,၀၀၀ ကျော်ကို ထိန်းသိမ်းထားတဲ့ အုတ်နီအဆောက်အဦကြီး ဖြစ်တယ်။ ခရစ်ယာန်ကြားနေမှုကြောင့် ထောင်ချခံရတဲ့ ယေဟောဝါသက်သေ ခုနစ်ယောက်လည်း ရှိတယ်။ ကျွန်တော်တို့ ခုနစ်ယောက်ဟာ တင်းတင်းကျပ်ကျပ် တားမြစ်ထားတဲ့ကြား ကျမ်းစာလေ့လာဖို့ လျှို့ဝှက်စုဝေးကြတယ်။ ခိုးသွင်းတဲ့ ကင်းမျှော်စင်တွေလည်း မှန်မှန်ရတယ်။ အဲဒါကို လက်နဲ့ ကူးရေးပြီး လေ့လာမှုမှာ သုံးကြတယ်။
တစ်နေ့၊ ကျွန်တော်တို့ တိတ်တဆိတ် စုဝေးလေ့လာနေတာကို ထောင်စောင့်တစ်ယောက် မိသွားပြီး စာပေတွေ သိမ်းလိုက်တယ်။ ထောင်ပိုင်ရုံးကို ရောက်သွားတယ်။ ထောင်ဒဏ် တိုးတော့မှာပဲလို့ ထင်ထားတာ။ ဒါပေမဲ့ ထောင်ပိုင်က “ခင်ဗျားတို့ ဘယ်သူတွေမှန်း ကျွန်တော်တို့ သိပါတယ်။ ခင်ဗျားတို့ရဲ့ ရပ်တည်မှုကို လေးစားပါတယ်။ ခင်ဗျားတို့ကို ယုံကြည်စိတ်ချလို့ရတယ်ဆိုတာ သိပါတယ်။ အလုပ်ပြန်လုပ်တော့” လို့ပြောတယ်။ ပိုလွယ်တဲ့ အလုပ်တာဝန်တွေတောင် ရလာတယ်။ ယေဟောဝါကို ကျေးဇူးတင်လိုက်တာ။ ထောင်ထဲမှာတောင် ခရစ်ယာန်သမာဓိကြောင့် ယေဟောဝါကို ချီးမွမ်းမှု ဖြစ်စေနိုင်ခဲ့တယ်။
ကျွန်တော်တို့ရဲ့ သစ္စာတည်ကြည်မှုကြောင့် တခြားရလဒ်ကောင်းတွေလည်း ရရှိခဲ့တယ်။ သင်္ချာပါမောက္ခ ဖြစ်ခဲ့တဲ့ ထောင်သားတစ်ယောက်က ကျွန်တော်တို့ရဲ့ အမူအကျင့်ကောင်းကို ကြည့်ပြီး ယုံကြည်ချက်တွေအကြောင်း မေးမြန်းခဲ့တယ်။ ၁၉၅၁ ခုနှစ်အစောပိုင်းမှာ ကျွန်တော်တို့နဲ့အတူ သူလည်း လွတ်လာတယ်။ နောက်ပိုင်း၊ သူဟာ နှစ်ခြင်းခံပြီးသား သက်သေခံ ဖြစ်လာပြီး အချိန်ပြည့်အမှုဆောင် ဖြစ်လာတယ်။
စစ်သား ဖြစ်နေဆဲပါပဲ
ထောင်ကနေ လွတ်လာပြီးနောက် မိသားစုရှိရာ ကာရိဆာမြို့ကို ပြန်သွားတယ်။ နောက်ပိုင်း နိုင်ငံသားများစွာနဲ့အတူ ဩစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့ကို ပြောင်းရွှေ့ခဲ့တယ်။ အဲဒီမှာ ခရစ်ယာန် ညီအစ်မ ဂျန်းနက်နဲ့ တွေ့ဆုံလက်ထပ်ပြီး သားတစ်ယောက်၊ သမီးသုံးယောက်ကို ခရစ်ယာန်လမ်းစဉ်အတိုင်း ပြုစုစောင့်ရှောက်နိုင်ခဲ့တယ်။
အခု အသက် ၉၀ ကျော်ပြီဖြစ်ပေမဲ့ ခရစ်ယာန် အကြီးအကဲတစ်ယောက်အဖြစ် တက်ကြွနေတုန်းပါပဲ။ အထူးသဖြင့် အမှုဆောင် ထွက်ပြီးတဲ့အခါ ဒဏ်ရာဟောင်းတွေကြောင့် တစ်ခါတလေ ကိုယ်တွေ၊ ခြေထောက်တွေ နာကျင်ကိုက်ခဲတတ်ပေမဲ့ ‘ခရစ်တော်၏ စစ်သား’ ဆက်ဖြစ်နေဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်။—၂ တိ. ၂:၃။